အခန်း ၈၉၄
Vol. 45 Ch. 894
အပိုင်း(၈၉၄) မင်းက ဝူမုန့်လား
ဟုန်လိန်က မျက်မှောင်ကြုတ်လိုက်သည်။ "မြေဓာတ်အစွမ်းပိုင်ရှင်ဖြစ်နေတာပဲ... တော်တော် ဒုက္ခပေးမယ့်ကောင်"
သူ၏ လျှပ်စီးအစွမ်းက ရန်သူတော်တော်များများကို အသာစီးရနိုင်သည်။ အထူးသဖြင့် ရေ... သစ်သားနှင့် ရေခဲစသည့် ဒြပ်စင်များအားလုံးကို လျှပ်စီးဓာတ်က အလွယ်တကူ နှိမ်နင်းနိုင်ပေသည်။
သို့သော် မြေဓာတ်ကတော့ ထိုအထဲတွင် မပါဝင်ပေ။
ဤမြေဓာတ် အစွမ်းပိုင်ရှင်များ၏ အင်အားအကြီးမားဆုံး အချက်မှာ သူတို့၏ ခိုင်မာလှသော အကာအကွယ်ပင် ဖြစ်သည်။
သာမန်လူတွေအနေဖြင့် သူတို့၏ အကာအကွယ်ကို ချိုးဖျက်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
ပို၍ ဆိုးသည်မှာ ဤမြေဓာတ် အစွမ်းပိုင်ရှင်က သူ့လျှပ်စီးဓာတ်ကိုပင် အတန်အသင့် ပြန်လည် ဖိနှိပ်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
"ငါ့လျှပ်စီးဓာတ်က အလျင်မြန်လို့ တော်သေးတာပေါ့... မဟုတ်ရင် တကယ် အရှက်ကွဲတော့မှာ"
ဟုန်လိန်က စိတ်ထဲမှ ကြိတ်တွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ လျှပ်တစ်ပြက် ရွေ့လျားသွားကာ အနောက်မှ ရောက်လာသော ကွမ်မောက်ချိုင်ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်လေသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကွမ်မောက်ချိုင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
သို့သော်လည်း သူက ကြောက်ရွံ့သွားသည့် အရိပ်အယောင်ကိုတော့ အနည်းငယ်မျှ ထုတ်ဖော်ပြသခြင်း မရှိပေ။
သူက အစွမ်းကို ချက်ချင်း အသုံးပြုလိုက်ရာ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ဖော်လှိုင်းထားသော အသားအရေများမှာ မျက်စိတစ်မှိတ်အတွင်း ရွှေရောင်အဖြစ်သို့ ကူးပြောင်းသွားလေသည်။
ရွှေရောင်အလင်းများ တောက်ပနေစဉ် သူက ဟုန်လိန်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ "လာစမ်း"
သူက လက်ကို အားကုန် ခါယမ်းလိုက်သည်။ "ရွှစ်"
ရွှေရောင် ဓားပျံများက အရှိန်အဟုန်ပြင်းစွာဖြင့် ပစ်လွှတ်ထွက်ခွာသွားကြသည်။
ထိုဓားပျံများက ပတ်ဝန်းကျင်တစ်ခွင်တွင် လျင်မြန်စွာ ဝဲပျံသွားကြပြီး သတ္တုမုန်တိုင်းတစ်ခုအလား ဖြစ်ပေါ်လာလေသည်။
"ဝုန်း"
လျှပ်စီးတန်းများက ဓားပျံများကို အဆက်မပြတ် ဝင်ရောက် ဗုံးကြဲတိုက်ခိုက်လိုက်သည်။ သို့ရာတွင် ထိုဓားပျံများထံမှ လျှပ်စီးပွားများသာ ထွက်ပေါ်လာပြီး ပျက်စီးသွားခြင်းတော့ မရှိပေ။
သို့သော်လည်း ၎င်းတို့၏ ပျံသန်းမှုအလျင်ကတော့ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ထိုစဉ် ဧရာမ လျှပ်စီးတန်းကြီးတစ်ခုက "ဝုန်း" ဟူသော အသံနှင့်အတူ ကွမ်မောက်ချိုင်၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်ကို တွေ့လိုက်ရ၏။
သို့တိုင် ကွမ်မောက်ချိုင်က ရက်စက်စွာ ပြုံးလိုက်ပြီး မည်သည့် နာကျင်မှု အရိပ်အယောင်ကိုမျှ မပြသခဲ့ချေ။
ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ကောင်းတယ်ဟေ့"
သူက ကိုယ်ကိုလှည့်ကာ လက်ဝါးဖြင့် အားကုန် ရိုက်ထုတ်လိုက်သည်။ ဤလက်ဝါးရိုက်ချက်က မလှမ်းမကမ်းမှ ဝင်ရောက်တိုက်ခိုက်လာသော လီထင်းထံသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
လီထင်းက သူမ၏ စိတ်အဝေးထိန်းအစွမ်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး စိတ်စွမ်းအင် စက်ကွင်းတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်၏။
သို့သော် ထင်မှတ်မထားစွာပင် ကွမ်မောက်ချိုင်၏ လက်ဝါးရိုက်ချက်ထဲမှနေ၍ လျှပ်စီးတန်း အမြောက်အမြား ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ဝုန်း"
လျှပ်စီးတန်းများနှင့် စိတ်စွမ်းအင် စက်ကွင်းတို့ ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး စိတ်စွမ်းအင် စက်ကွင်းမှာ ချက်ချင်း ပြိုကွဲသွားတော့သည်။
လီထင်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရသည်။
လျှိုချင်းဟုန်က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဝိညာဉ်ဆင့်ခေါ်"
နောက်တစ်ခဏတွင် အောက်ဘက်ရှိ ရေလွှမ်းမိုးနေသော ပင်လယ်ပြင်အောက်မှ ဧရာမ ဝိညာဉ်ကိုယ်ထည်ကြီးတစ်ခု ခုန်ထွက်လာခဲ့လေသည်။
ထိုပင်လယ်ထဲမှ ဧရာမ ဝိညာဉ်ကိုယ်ထည်ကြီးက လက်ကို အားကုန် ဆန့်ထုတ်လိုက်ပြီး လျှိုချင်းဟုန်နှင့် လီထင်းတို့၏ အရှေ့မှ ဝင်ရောက် ကာကွယ်ပေးလိုက်၏။
"ဝုန်း" ဟူသော အသံနှင့်အတူ လျှပ်စီးများ ပေါက်ကွဲသွားပြီး ဧရာမ ဝိညာဉ်ကိုယ်ထည်ကြီးမှာ ချက်ချင်း အပိုင်းပိုင်းအစစ ပြိုကွဲကာ ပေါက်ကွဲထွက်သွားတော့သည်။
လျှိုချင်းဟုန်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ဒီနေရာမှာ ငါ့ဝိညာဉ်အဖြစ် သုံးဖို့ သင့်တော်တဲ့ သတ္တဝါ မရှိဘူး... မြန်မြန် ဆုတ်ကြ"
လီထင်းက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်၏။ "ဒီကောင်က ဘယ်လိုလုပ် လျှပ်စီးတွေ ထုတ်လွှတ်နိုင်ရတာလဲ"
ထိုအချိန်တွင် ဆင်တောင်ကျွန်းမှ လျှိုရှီဆန်းနှင့် အိုအေစစ်ကျွန်းမှ လင်းချိုးယွဲ့တို့လည်း ဝင်ရောက် တိုက်ခိုက်လာကြသည်။
လျှိုရှီဆန်းက လက်တစ်ဖက်တွင် တူမည်းကြီးကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် ဒိုင်းကာကြီးကို ကိုင်ထားလျက် အော်ပြောလိုက်သည်။ "ထုတ်လွှတ်တာ မဟုတ်ဘူး... လမ်းကြောင်း လွှဲလိုက်တာ"
လျှိုရှီဆန်းက မျက်နှာချင်းဆိုင်သို့ ပြေးဝင်သွားရာ ကွမ်မောက်ချိုင်ကလည်း လက်သီးဖြင့် အားကုန် ထိုးချလိုက်လေသည်။
သူက ဒိုင်းကာကို မြှောက်ကာ အရှေ့မှနေ၍ ကာကွယ်လိုက်၏။
"ဒေါင်"
ကျယ်လောင်လှသော သတ္တုချင်း ရိုက်ခတ်သံကြီး ထွက်ပေါ်လာပြီး ဧရာမ အသံလှိုင်းရိုက်ခတ်မှုကြီးတစ်ခု ပြန့်ထွက်သွားတော့သည်။
လျှိုရှီဆန်းက မတိမ်းမယိမ်း ရပ်တည်နေနိုင်သော်လည်း တစ်ဖက်ရှိ ကွမ်မောက်ချိုင်မှာမူ တုန်ခါမှုကြောင့် အနောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရလေသည်။
လျှိုရှီဆန်းက ဒိုင်းကာအနောက်မှ ခေါင်းပြူထွက်လာပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "အကာအကွယ်ဆိုရင်တော့ ငါက မင်းလောက် မကောင်းဘူး... ဒါပေမဲ့ ခွန်အားဆိုရင်တော့ မင်းက ငါ့ထက် သာချင်မှ သာမှာကွ"
ကွမ်မောက်ချိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ အကြည့်များက အေးစက်ခက်ထန်လာသည်။ "ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး... ဟက်ဟက်... ရယ်စရာပဲ... ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်တွေ တိုက်ခိုက်နေတာကို မင်းတို့လို အမှိုက်ကောင်တွေက ဘယ်အချိန်က ဝင်ပါရဲသွားတာလဲ"
လျှိုရှီဆန်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာထား အေးစက်သွား၏။
"ဒြပ်စင်အမျိုးအစား ဖြစ်တော့ကော ဘာဖြစ်လဲ... အစွမ်းပိုင်ရှင်တွေကို အထက်တန်းလွှာ၊ အောက်တန်းလွှာ ခွဲခြားရဦးမှာလား"
"မင်းလည်း ငါ့ရဲ့ တားဆီးတာကို ခံလိုက်ရတာပဲ မဟုတ်ဘူးလား"
ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်များက ခွန်အားနှင့် အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များကို အထင်သေးလေ့ရှိကြသည်မှာ သာမန်ကိစ္စတစ်ခုပင် ဖြစ်သည်။
ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်များ၏ အမြင်တွင် ထိုအမျိုးအစားနှစ်ခုလုံးမှာ ခွန်အားကိုသာ အားကိုးသော လူမိုက်များသာ ဖြစ်ကြသည်။
စွမ်းအင်ကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ရန်သူကို ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်သူများက ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်များနှင့် ယှဉ်ပြိုင်နိုင်ရန် မည်သည့် အရည်အချင်းမှ မရှိပေ။
"တားဆီးတယ်... ဟားဟားဟား... မင်းက ငါ့ကို တားနိုင်တယ်လို့များ ထင်နေတာလား"
"ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်ကများ ဒီလိုစကားမျိုး ပြောထွက်ရဲသေးတယ်... စောစောက မင်း ကြားဖြတ်ဝင်ပါလို့သာ အခွင့်အရေး ရသွားတာ... မင်းက ငါ့ကို တကယ်ပဲ တားနိုင်မယ်လို့ ထင်နေတာလား"
လျှိုရှီဆန်းက ထိုစကားကို ကြားသောအခါ ညာလက်ရှိ တူကြီးကို မြှောက်၍ ဒိုင်းကာကို ပုတ်လိုက်ရာ တူနှင့် ဒိုင်းကာတို့ ထိခိုက်မိပြီး "ဒေါင်" "ဒေါင်" "ဒေါင်" ဟူသော သတ္တုရိုက်ခတ်သံများ ထွက်ပေါ်လာလေသည်။
သူက ခပ်အေးအေးပင် ပြောလိုက်သည်။ "ငါက မင်းကို တားနိုင်ရုံတင် မကဘူး... သတ်ပါ သတ်နိုင်သေးတယ်"
"ဟားဟားဟား... မင်း အဆင့်နဲ့များ"
ကွမ်မောက်ချိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နောက်တစ်ခဏတွင် လျှိုရှီဆန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ကြေးဝါပုံသွင်းထားသည့်အလား သူ၏ ခန္ဓာကိုယ်ကြီးက လျင်မြန်စွာ နီးကပ်လာသည်ကို တွေ့လိုက်ရ၏။
လျှိုရှီဆန်းအနီးသို့ ရောက်ခါနီးတွင် သူက ရုတ်တရက် လက်ကို ခါယမ်းလိုက်ရာ သူ၏ သတ္တုလက်ချောင်းများပေါ်မှ သတ္တုအပိုင်းအစ အမြောက်အမြား ကွာကျသွားပြီး ထက်မြက်လှသော ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားကာ လျှိုရှီဆန်းထံသို့ တဝီဝီ မြည်ဟည်းလျက် ပစ်လွှတ်သွားလေသည်။
လျှိုရှီဆန်းက ချက်ချင်း ဒိုင်းကာကို မြှောက်ကာ သူ၏ မျက်နှာနှင့် အသက်အန္တရာယ်ရှိသော နေရာများကို ဖုံးကွယ်လိုက်ပြီးနောက် ဒေါသထွက်နေသော ဝက်ဝံထီးကြီးတစ်ကောင်အလား ကွမ်မောက်ချိုင်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သည်။
ကွမ်မောက်ချိုင်က လှောင်ပြုံးပြုံးလိုက်၏။ "ငတုံးကောင်"
သူ၏ လက်သီးက ဒိုင်းကာကို အားကုန် ထိုးချလိုက်ပြီးနောက် ဒိုင်းကာကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
အံ့ဩစရာကောင်းစွာပင် ထိုဒိုင်းကာကြီးက ကွမ်မောက်ချိုင်၏ လက်ဝါးနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်ကို မြင်လိုက်ရသည်။
လျှိုရှီဆန်း မျက်မှောင်ကြုတ်သွားပြီး ညာလက်ရုံးကို အားကုန် မြှောက်ကာ လက်ထဲရှိ တူကြီးဖြင့် ပြင်းထန်စွာ ထုချလိုက်တော့သည်။
"ဒုန်း"
"ဒုန်း"
"ဒုန်း"
တူကြီးက ကွမ်မောက်ချိုင်၏ လက်မောင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
ကွမ်မောက်ချိုင်၏ လက်မောင်းကြီးမှာ ထုချခံရမှုကြောင့် မျက်စိရှေ့တွင်ပင် ကွေးကောက်သွားခဲ့ပြီး ဒိုင်းကာနှင့် ပေါင်းစပ်နေသော လက်ဝါးကြီးမှာလည်း ပုံစံပျက်ယွင်းသွားတော့သည်။
သို့ရာတွင် ကွမ်မောက်ချိုင်၏ သတ္တုကိုယ်ထည်ကြီးက ရက်စက်စွာ ပြုံးဖြီးလျက် ပြောလိုက်သည်။
"သေလိုက်စမ်း"
"ဝှစ်"
လျှိုရှီဆန်း၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး သူ၏ အနောက်ဘက်မှ လေကိုခွဲကာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသော အသံများကို ရုတ်တရက် သတိထားမိလိုက်၏။
သူ ရိုက်ထုတ်လိုက်သော ထိုဓားပျံများမှာ တစ်ပတ်ပြန်လှည့်လာပြီး သူ၏ နောက်စေ့ဆီသို့ အပြေးအလွှား ဝင်ရောက် တိုက်ခိုက်လာခြင်း ဖြစ်နေသည်။
ယခုအချိန်တွင် ဒိုင်းကာမှာ တစ်ဖက်လူ၏ လက်ထဲ၌ ပေါင်းစပ်မိနေပြီ ဖြစ်ရာ သူ့အနေဖြင့် ကာကွယ်ရန် နည်းလမ်း မရှိတော့သကဲ့သို့ ဖြစ်နေလေသည်။
သို့သော်လည်း လျှိုရှီဆန်းက ရုတ်တရက် သွားဖြီးကာ ပြုံးလိုက်၏။
သူက မိမိ၏ ရင်ဘတ်ကို တစ်ချက် ပုတ်လိုက်သည်ကို တွေ့လိုက်ရသည်။
"ဂျလောက်"
"ဂျလောက်"
"ဂျလောက်"
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာ တစ်ခုလုံးမှ ထူးဆန်းသော အလင်းရောင်များ ရုတ်တရက် တောက်ပလာပြီး နောက်တစ်ခဏတွင် တစ်ကိုယ်လုံး စွမ်းအင်ဒိုင်းကာဖြင့် လွှမ်းခြုံသွားလေသည်။
ထို့နောက် လျှိုရှီဆန်း၏ လက်ထဲရှိ တူကြီးက အပေါ်သို့ အားကုန် မြင့်တက်သွားပြီး ထိုတူခေါင်းပေါ်တွင်လည်း ထူးခြားသည့် သင်္ကေတ အလင်းရောင်များ တောက်ပလာတော့သည်။
"ဒုန်း"
ဧရာမ တူခေါင်းကြီးက ကွမ်မောက်ချိုင်၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
သတ္တုသားဖြင့် ဖွဲ့စည်းထားသော ကွမ်မောက်ချိုင်၏ ခေါင်းကြီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပုံစံပျက်ယွင်းသွားတော့၏။
"အား"
ကွမ်မောက်ချိုင်ထံမှ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု သက်သက်သာ ဆိုလျှင် ခေါင်းကြီး ပုံစံပျက်သွားသည်အထိ ထုရိုက်ခံရလျှင်ပင် သူ့ကို ထိခိုက်နာကျင်စေနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဤတူကြီးပေါ်ရှိ သင်္ကေတ အလင်းရောင်သည် ကြီးမားလှသော ခွန်အားများ ပေါင်းထည့်ပေးရုံသာမက ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် ရိုက်ခတ်မှုပါ ပါဝင်လာခြင်း ဖြစ်သည်။
ထိုသင်္ကေတမှာ စိတ်စွမ်းအင် သင်္ကေတပင် ဖြစ်သည်။
ကွမ်မောက်ချိုင် အနည်းငယ် ပေါ့ဆသွားချိန်တွင် တူကြီးနှင့်အတူ ပါလာသော စိတ်စွမ်းအင် တိုက်ခိုက်မှု၏ ရိုက်ခတ်မှုကြောင့် သူ၏ ဦးနှောက်ထဲတွင် ပြင်းထန်စွာ တုန်ခါသွားပြီး မေ့လဲလုမတတ် နာကျင်မှုကို ခံစားလိုက်ရလေသည်။
သူက အလျင်အမြန် အစွမ်းကို အသုံးပြုကာ ဒိုင်းကာကို အမြန်လွှတ်ပြီး နောက်သို့ ဆုတ်ခွာလိုက်၏။
သို့ရာတွင် အခွင့်အရေးရသွားသော လျှိုရှီဆန်းက သူ့ကို အလွတ်ပေးလိုက်ပါတော့မည်လား။
သူက ဒိုင်းကာကို ရုတ်တရက် လှုပ်ခါလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒိုင်းကာ မျက်နှာပြင်မှာ လျင်မြန်စွာ ပွင့်ဟသွားပြီး အထဲမှ အနက်ရောင် သင်္ကေတ အလင်းရောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဝုန်း"
သူ၏ အစွမ်း ထောက်ပံ့မှုအောက်တွင် သင်္ကေတ အလင်းရောင်မှာ ချက်ချင်း တောက်ပလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
ကွမ်မောက်ချိုင်၏ ခန္ဓာကိုယ်ကြီးမှာ ထိန်းချုပ်မရတော့ဘဲ လျှိုရှီဆန်းရှေ့သို့ လွင့်စင်သွားရလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆွဲငင်စုပ်ယူခံလိုက်ရပြီး ဒိုင်းကာပေါ်တွင် တင်းကြပ်စွာ ကပ်ငြိသွားတော့၏။
ဤအချိန်တွင် ကွမ်မောက်ချိုင်၏ ဦးနှောက်တစ်ခုလုံး ထူပူနေဆဲ ဖြစ်သည်။
လျှိုရှီဆန်းက ရက်စက်စွာ ပြုံးဖြီးလျက် ပြောလိုက်သည်။ "ငတုံးကောင်... အခု ဘယ်ခေတ် ရောက်နေပြီလဲ... ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်တွေကို အမှိုက်တွေလို့ ထင်နေတုန်းပဲလား"
"အခုက သင်္ကေတနည်းပညာ ခေတ်ကြီး ရောက်နေပြီကွ"
"သေလိုက်စမ်း"
လျှိုရှီဆန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သံတူကြီးကို မြင့်မားစွာ မြှောက်လိုက်ရာ အပေါ်ရှိ စွမ်းအင် အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး သင်္ကေတများ တောက်ပလာလေသည်။
သူက အားကုန် ထုရိုက်ချလိုက်တော့သည်။
"ဒုန်း"
"ဒုန်း"
"ဒုန်း"
တစ်ချက်... နှစ်ချက်... သုံးချက်...
အကြိမ်မည်မျှ ထုရိုက်လိုက်သည်ကိုပင် မသိနိုင်တော့ပေ။ ကွမ်မောက်ချိုင်၏ ခေါင်းကြီးမှာ ပြားကပ်လုမတတ် ဖြစ်သွားတော့သည်။
ဤအချိန်တွင် သူ၏ အသိစိတ်များလည်း စတင် ပျောက်ကွယ်လာပြီး ဒြပ်စင်အသွင်ပြောင်းထားသည့် ပုံစံကို ဆက်လက် မထိန်းသိမ်းနိုင်တော့သကဲ့သို့ ခန္ဓာကိုယ်၏ သတ္တုအရောင်များပင် တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။
ဤသည်မှာ သူ၏ စိတ်ပင်လယ်ကြီးက တူကြီးနှင့်အတူ ပါလာသော စိတ်စွမ်းအင် တိုက်ခိုက်မှုကြောင့် ပြိုကွဲလုမတတ် ဖြစ်သွားသောကြောင့်ပင်တည်း။
"အစ်ကိုကွမ်"
ရှီလျန်ဟိုင်မှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ကိုယ်ကို အမြန်လှည့်ကာ သွားရောက် ကူညီရန် ပြင်လိုက်သည်။
သို့သော် သူ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် လေထဲမှ နွယ်ပင် အမြောက်အမြား ရုတ်တရက် ဝင်ရောက်လာလေသည်။
"ရွှစ်"
"ရွှစ်"
"ရွှစ်"
ထိုနွယ်ပင်များက မြွေဟောက်များအလား ရှီလျန်ဟိုင်ကို ချက်ချင်း ရစ်ပတ်သွားကြတော့၏။
အရှေ့သို့ တိုးဝင်သွားသော ရှီလျန်ဟိုင်၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် ရပ်တန့်သွားပြီး ဧရာမ နွယ်ပင်ကြီးများမှာ တင်းကြပ်စွာ ဆွဲဆန့်ခံလိုက်ရသည်။
ကျောက်လူသား အသွင်ပြောင်းထားသော သူက အကြီးအကျယ် ဒေါသထွက်သွားပြီး နွယ်ပင်များ၏ အဆုံးသတ်နေရာဆီသို့ လှည့်ကြည့်လိုက်သည်။
ထိုနွယ်ပင်များ၏ အဆုံးတွင်မူ လင်းချိုးယွဲ့က ခန္ဓာကိုယ်တစ်ခုလုံး ဆူးနွယ်များ ရစ်ပတ်လျက် မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထားသည်ကို မြင်တွေ့လိုက်ရ၏။
အဝေးမှ ကြည့်လိုက်လျှင် ဆူးနွယ်များကြားတွင် ပွင့်လန်းနေသော နှင်းဆီပန်းတစ်ပွင့်အလား လှပနေလေသည်။
သူမက ပြုံးလျက် ပြောလိုက်သည်။ "တစ်ယောက်ချင်း တိုက်နေတာကို ဝင်ကူဦးမလို့လား... ရှင် ငြိမ်ငြိမ်လေး နေလိုက်တာကောင်းမယ်"
"မင်းအမေကို သွားငြိမ်ခိုင်းလိုက်"
ရှီလျန်ဟိုင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ချက်ချင်း အသက်သွင်းလိုက်တော့သည်။
"ဝုန်း"
သူ၏ ခန္ဓာကိုယ်ကြီးက လျင်မြန်စွာ ကြီးထွားလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျောက်တုံးများဖြင့် စီစီရီရီ တည်ဆောက်ထားသော တောင်တန်းကြီးတစ်ခုအလား ဖြစ်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ (၁၆၀) ကျော်အထိ မြင့်မားလာခဲ့သည်။
ဤအမြင့်ကို ကြည့်ခြင်းအားဖြင့် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုက ၅၀% နီးပါး ရှိနေပြီ ဆိုသည်ကို သိသာထင်ရှားစေသည်။
ရှီလျန်ဟိုင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ရောက်ရှိသွားသည်နှင့်အမျှ...
တစ်ဖက်ရှိ ကွမ်မောက်ချိုင်မှာလည်း နောက်ဆုံး အသိစိတ်များ မလွတ်ထွက်သွားမီတွင် သွားကိုက်ကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ ကူးပြောင်းလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်း သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း အလျင်အမြန် ကြီးထွားလာတော့၏။
သို့သော်လည်း သူ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်သို့ အပြည့်အဝ မရောက်ရှိနိုင်ခင်မှာပင်...
အနောက်ဘက်မှ ဧရာမ ခြေသည်းကြီးတစ်ခုက သူ၏ နောက်စေ့ပေါ်သို့ ရုတ်တရက် ပြင်းထန်စွာ ဖိချလိုက်သည်။
"အိပ်နေလိုက်စမ်း"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ကွမ်မောက်ချိုင်၏ မျက်လုံးထဲတွင် ကြယ်တွေလပွေသွားပြီး မျက်လုံးထောင့်မှနေ၍ ကောင်းကင်ယံတွင် ရေပေါ်လွင့်မျောနေသော ရေခူဖြူကြီးအလား ဧရာမ သတ္တဝါကြီးတစ်ခုကို ဝေဝါးစွာ မြင်လိုက်ရ၏။
ထိုခြေသည်းဆိုသည့် အရာမှာ အမှန်တော့ ရေခူလက်တံတစ်ခုသာ ဖြစ်သည်။
ဤရေခူမှာ လီထင်း၏ မျိုးရိုးဗီဇအသွင် ဖြစ်သော [ဝိညာဉ်ပုံရိပ်ယောင် ရေခူ] ပင် ဖြစ်ပေသည်။
ယေဘုယျအားဖြင့်ဆိုလျှင် ရေခူများမှာ ရေဓာတ်ဖြစ်သည်က များသော်လည်း ဝိညာဉ်ပုံရိပ်ယောင် ရေခူမှာမူ ခြားနားလေသည်။
ဤရေခူမျိုးက စိတ်စွမ်းအင်ကို အဓိကထား အသုံးပြုပြီး ရေဓာတ်မှာ သာမန် တွဲဖက်အနေဖြင့်သာ ပါဝင်ခြင်း ဖြစ်သည်။
လီထင်းက မျိုးရိုးဗီဇအသွင်သို့ တိုက်ရိုက် ကူးပြောင်းကာ ကွမ်မောက်ချိုင်ကို နောက်ဆုံး ပိတ်သိမ်းချက်အဖြစ် ဝင်ရောက် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ဤမျှ ပြင်းထန်သော စိတ်စွမ်းအင် တိုက်ခိုက်မှုအောက်တွင် ကွမ်မောက်ချိုင်မှာ ချက်ချင်း မေ့မျောသွားပြီး "ဝုန်း" ခနဲ အသံနှင့်အတူ ရေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ လဲကျသွားသည်နှင့်အတူ ကွမ်မောက်ချိုင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးငယ်လာပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်မှ လူသားအသွင်သို့ ပြန်လည် ရောက်ရှိသွားလေသည်။
လျှိုရှီဆန်းက တူကြီးကို ကိုင်ဆောင်လျက် ပျံသန်းလာပြီး ကွမ်မောက်ချိုင်ကို ကြည့်ကာ အသေထုသတ်ရန် လက်ကို မြှောက်လိုက်သည်။
သို့ရာတွင် ထိုအချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာ၏။
"ငါသာ မင်းနေရာမှာဆိုရင် သူ့ကို သတ်မှာ မဟုတ်ဘူး"
လျှိုရှီဆန်းက ခေါင်းကို အမြန် လှည့်ကြည့်လိုက်သည်။
မလှမ်းမကမ်းရှိ လေဟာပြင်ထဲတွင် ရိုးရိုး တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအမျိုးသား၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး လျှိုရှီဆန်းကို ကြည့်ကာ ပြောလိုက်သည်။ "ဒီလူနာမည်က ကွမ်မောက်ချိုင်... အရင်က မြေမိခင်ဂိုဏ်းရဲ့ အရေးပါတဲ့ လူတစ်ယောက်... သူ့ခန္ဓာကိုယ်ထဲမှာ နှလုံးအမြူတေ တစ်ခု ရှိတယ်"
လျှိုရှီဆန်း ကြောင်သွားပြီး ချက်ချင်း မေးလိုက်၏။ "ကြယ်ကြွေကျွန်းရဲ့ နှလုံးအမြူတေလား"
ထိုအမျိုးသားက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ "မြေဝါနတ်ဘုရားကျွန်းရဲ့ နှလုံးအမြူတေပါ"
"မြေဝါနတ်ဘုရားကျွန်း"
လျှိုရှီဆန်း၏ ခေါင်းထဲတွင် ချက်ချင်း သဘောပေါက်သွားပြီး အံ့ဩဝမ်းသာစွာဖြင့် မေးလိုက်သည်။ "မြေမိခင်ဂိုဏ်းရဲ့ အရင် ရေပေါ်ကျွန်း... မြေဝါနတ်ဘုရားကျွန်းလား"
အမျိုးသားက ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။ "လူကို မင်းတို့ ခေါ်သွားလို့ ရတယ်... ဟိုဘက်က ရှီလျန်ဟိုင်ကိုလည်း မင်းတို့ ခေါ်သွား... ဒါပေမဲ့ ကြယ်ကြွေကျွန်းက ငါ့ဟာ... အဲ့ဒါကို ငါ ယူသွားမယ်"
လျှိုရှီဆန်းက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ရောက်လာသူကို အထက်အောက် အကဲခတ်ကာ မေးလိုက်သည်။ "မင်းက... ဘာအရည်အချင်းရှိလို့လဲ"
အမျိုးသားက ပြုံးလိုက်၏။ "ငါ့နာမည်က ဝူမုန့် ဖြစ်နေလို့ပဲ"
"ဝူမုန့်"
"မင်းက ဝူမုန့်လား"
လျှိုရှီဆန်း၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး သူ၏ အရှေ့ရှိ လူကို စူးစိုက် ကြည့်လိုက်တော့သည်။
မလှမ်းမကမ်းရှိ ရေခူဖြူအသွင်နှင့် လီထင်းကလည်း ပျံသန်းလာပြီး အော်ပြောလိုက်သည်။ "ရှင်က ဝူမုန့်ကိုး... အတော်ပဲ... ရှင့်ကိုပါ တစ်ခါတည်း ဖမ်းပြီး ဆရာလင်းဆီ ပို့ပေးလိုက်မယ်"
ဆက်ရန်...