← Chapters

အခန်း ၈၉၇

Vol. 45 Ch. 897

အခန်း ၈၉၇

Vol. 45 Ch. 897

အပိုင်း(၈၉၇) ပညာရှင်ယန်လန်

"ဒုတိယ တန်ဖိုး"

ဝူမုန့်က မျက်မှောင်တစ်ချက်ပင့်လိုက်ပြီး ရှူကျန့်ယွဲ့ကို ကြည့်လိုက်သည်။

ရှူကျန့်ယွဲ့က ပြုံးလိုက်ပြီး "ဟော်ကော်တုန်းကို သိလား"

ဝူမုန့်က ကြောင်သွားပြီး "ဟော်ကော်တုန်း"

သူက သေချာပေါက် သိနေသည်လေ... ဤသူက ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ယခင်က လင်းယွမ်သည် ရေနတ်ဘုရားဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်စဉ်က ရေနတ်ဘုရားဂိုဏ်း၏ အစွမ်းထက်သူ အများစုကို တိုက်ရိုက် သုတ်သင်ခဲ့ခြင်း ဖြစ်သည်။

ဖေးယွမ်ဟူပင်လျှင် စစ်တပ်၏ စစ်စခန်းထဲတွင် ပုန်းအောင်းနေခဲ့၍သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်၏။

ဤသတင်း ထွက်ပေါ်လာချိန်တွင် မြေမိခင်ဂိုဏ်းနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်း နှစ်ခုလုံးမှ လူများမှာ သွေးပျက်မတတ် ထိတ်လန့်သွားခဲ့ကြရသည်။

ထိုနေ့တွင်ပင် ရှီလျန်ဟိုင်မှာ အထုပ်အပိုးသိမ်းကာ ထွက်ပြေးသွားခဲ့ပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်လှသော်လည်း နောက်ပိုင်းတွင် မည်သည့် လှုပ်ရှားမှုမှ ထွက်ပေါ်မလာခဲ့တော့ပေ။

သေချာသည်က သူတို့လည်း ထွက်ပြေးသွားကြခြင်းပင် ဖြစ်လိမ့်မည်။

သို့သော် ရှူကျန့်ယွဲ့က ယခုအချိန်တွင် ဤဝိညာဉ်စွမ်းအင်ဂိုဏ်းချုပ်အကြောင်းကို ထုတ်ပြောလာခြင်းက ဘာသဘောနည်း။

သူက တစ်ဖက်လူကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။

"ဝိညာဉ်စွမ်းအင်ဂိုဏ်းချုပ်ကို ဘယ်လိုလုပ် မသိဘဲနေမလဲ... လင်းယွမ်က ရေနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ကတည်းက ဝိညာဉ်စွမ်းအင်ဂိုဏ်းက မလှုပ်ရှားတော့တာ ကြာပြီလေ... ဘာလဲ... ဟော်ကော်တုန်း ဘယ်မှာရှိလဲဆိုတာ မင်း သိလို့လား"

ရှူကျန့်ယွဲ့က ပြုံးလိုက်ပြီး "သူက နတ်ဘုရားနိုင်ငံတော်မှာ ရှိနေတာ"

"ဘာ"

ဝူမုန့်မှာ ချက်ချင်းပင် လန့်ဖြန့်သွားပြီး အံ့သြသွားလေသည်။

ဟော်ကော်တုန်းက နတ်ဘုရားနိုင်ငံတော်ကို သွားခဲ့တယ်ပေါ့။

"ကျွန်မနဲ့ သူနဲ့က နည်းနည်း ရင်းနှီးတယ်လေ... ဒီတစ်ခေါက် နတ်ဘုရားနိုင်ငံတော်ကို သွားရင် သူ့ကို ဆက်သွယ်လို့ရတယ်... အဲဒီအချိန်ကျရင် အလိုလိုနေရင်း ခြေကုပ်ယူစရာ နေရာရလာမှာပဲ"

ရှူကျန့်ယွဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ဝူမုန့်၏ တုံ့ပြန်မှုကို အလွန် ကျေနပ်နေပုံရသည်။

ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး "မင်းက မြေမိခင်ဂိုဏ်းရဲ့ အထက်ပိုင်းခေါင်းဆောင် တစ်ယောက်ဖြစ်နေရက်နဲ့... ဘယ်လိုလုပ်ပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်းချုပ်နဲ့ ဆက်ဆံရေးက ဒီလောက်ကောင်းနေရတာလဲ"

ရှူကျန့်ယွဲ့က ပြုံးလိုက်ပြီး ဤမေးခွန်းကို တိုက်ရိုက် မဖြေဘဲ "ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမို့လို့... ရှင့်ကို ပြောပြဖို့ အဆင်မပြေဘူး"

"ဘာပဲဖြစ်ဖြစ် ကျွန်မ နတ်ဘုရားနိုင်ငံတော်ကို သွားရင် နေရာတစ်နေရာတော့ သေချာပေါက် ရမှာပဲ... ရှင်နဲ့ကျွန်မ အတူတူ သွားကြမယ်ဆိုရင် ရှင့်လက်ထဲမှာလည်း ဒီရေပေါ်ကျွန်း ရှိနေတော့ အင်အားက မသေးလှဘူးလေ... နတ်ဘုရားနိုင်ငံတော်ရဲ့ အထက်ပိုင်းအသိုင်းအဝိုင်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်တယ်"

ဝူမုန့်က ခဏတာ စဉ်းစားခန်း ဝင်သွားပြီးနောက် နောက်ဆုံးတွင် ပြုံးလျက် "မင်း ငါ့ကို ဆွဲဆောင်နိုင်သွားပြီ... ငါ သဘောတူတယ်"

ရှူကျန့်ယွဲ့က ချက်ချင်းပင် ရယ်မောလိုက်ပြီး သူမ၏ လက်ကို ကမ်းပေးလိုက်ကာ "ဒါဆိုလည်း... ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေ"

ဝူမုန့်က သူမ ကမ်းပေးလာသော လက်ဖဝါးကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့လက်ကိုပါ ကမ်းပေးလိုက်ကာ ပြုံးလျက် "ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေ"

...

ဟူကွမ်းရေပေါ်ကျွန်း။

လင်းယွမ်က ကျင်းရှီရုံ၏ မိန်းမဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤနေရာတွင် မိန်းမလှလေးများ စုဝေးနေပြီး ပုံစံအမျိုးမျိုးရှိသော အလှမယ်လေးများ အကုန်ရှိနေ၏။

အသက် (၁၃)နှစ်၊ (၁၄)နှစ် အရွယ်မှစ၍ အသက် (၃၀)၊ (၄၀) အရွယ်အထိ အသက်အရွယ်စုံလင်သော မိန်းမချောလေးများ အားလုံး ရှိနေသည်။

ကလေးမလေးများ... အစ်မကြီးများ... အိမ်ထောင်ရှင် အမျိုးသမီးငယ်များ... အိမ်နီးချင်း ကောင်မလေးများ... တက္ကသိုလ်ကျောင်းသူလေးများ... ဆွဲဆောင်မှုရှိသော ဇနီးသည်များ စသည့် အမျိုးအစားစုံလင်စွာ ရှိနေသည်။

လင်းယွမ်က ထိုအမျိုးသမီးများကို ကြည့်ရင်း ကျင်းရှီရုံတစ်ယောက် အပျော်အပါးကို မည်မျှမက်မောကြောင်း ရင်ထဲမှ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

ဤမျှ ကြီးမားလှသော မိန်းမဆောင်ကြီးထဲတွင် လူရာဂဏန်းခန့်ပင် ရှိလောက်ပေမည်။

ဤသည်က တစ်နေ့လျှင် တစ်ယောက်နှင့် အိပ်လျှင်ပင် ရက်ပေါင်း တစ်ရာကျော်မှ တစ်ပတ်ပြည့်မည် ဖြစ်သည်။

ထိုမျှလောက်နှင့်ပင် ကျင်းရှီရုံက မကျေနပ်သေးဘဲ မကောင်းမှုဖြင့် နာမည်ကြီးသော မင်ဟူကျွန်းတွင် သူ၏ ပင်မခန္ဓာကိုယ်ကို ဖွက်ထားပြီး ထိုနေရာ၌ မိသားစုငယ်လေး တစ်ခုကိုပင် တည်ထောင်ထားသေး၏။

တောက်... ဒီကောင်က သြဇာကြီးမားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဘဝကို ရိုးအီသွားလို့ သာမန်လူတွေရဲ့ ဘဝကို သွားပြီး ခံစားကြည့်နေတာလား။

လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်စဉ် ဝမ်လင်းအာက မနေနိုင်ဘဲ "အစ်ကိုလင်းယွမ်... ဒီအမျိုးသမီးတွေကို ဘယ်လို လုပ်ကြမလဲ"

လင်းယွမ်က ခဏတာ စဉ်းစားလိုက်ပြီး "သူတို့ကို မိသားစုဝင်တွေ ရှိသေးလားလို့ မေးကြည့်လိုက်... မိသားစုရှိတဲ့ သူတွေဆိုရင် ရိက္ခာတချို့နဲ့ အမှတ်တွေ ပေးပြီး အိမ်ပြန်လွှတ်လိုက်ပါ"

"မိသားစု မရှိတော့တဲ့ သူတွေဆိုရင်တော့ သူတို့အတွက် အလုပ်တစ်ခု ရှာပေးပြီး နေရာချပေးလိုက်ပါ"

"အခုဆို ငါတို့ ပိုင်နက်ကလည်း ကြီးလာပြီဆိုတော့ လူအင်အားက အမြဲတမ်း လိုအပ်နေတာပဲ... သူတို့ကို နေရာချပေးဖို့ နေရာမရှိဘူးဆိုတာတော့ မပူရပါဘူး"

ဝမ်လင်းအာက သက်ပြင်းတစ်ချက် ချလိုက်မိသည်... သူမက လင်းယွမ်တစ်ယောက် ဤမျှများပြားသော မိန်းမလှလေးများကို မြင်ပြီး စိတ်မထိန်းနိုင်ဘဲ မဖွယ်မရာ ကိစ္စများ လုပ်မိသွားမည်ကို အနည်းငယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် အမှန်တကယ်တွင်မူ သူမ အလွန်အကျွံ တွေးနေမိခြင်းသာ ဖြစ်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်၏... အစ်ကိုလင်းယွမ်သည် ဖြောင့်မတ်တည်ကြည်သော လူကောင်းတစ်ယောက် ဖြစ်ပေသည်။

သူမက လင်းယွမ်ကို ကြည့်လိုက်သော အကြည့်များမှာ ပို၍ နူးညံ့သိမ်မွေ့သွားလေသည်။

"ဟုတ်ကဲ့ပါ... ကျွန်မ ပြီးတာနဲ့ လူတွေကို စီစဉ်ခိုင်းလိုက်ပါ့မယ်"

"ဒီကိစ္စ ထားလိုက်တော့... မင်းက ငါ့ကို ပစ္စည်းတစ်ခု သွားပြမယ်ဆို... ဘယ်မှာလဲ"

"ရောက်တော့မှာပါ... ကျွန်မနောက်က လိုက်ခဲ့ပါ"

ဝမ်လင်းအာက ရှေ့မှ လမ်းပြခေါ်ဆောင်သွားပြီး မကြာမီ သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဖြင့် နန်းတော်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

ဤအတွင်းပိုင်း နန်းဆောင်ထဲတွင် ဧရာမ စက်ယန္တရားကြီး တစ်ခု လည်ပတ်နေသည်ကို တွေ့လိုက်ရ၏။

စက်ယန္တရားကြီး တစ်ခုလုံးမှာ ဧရာမ လေ့ကျင့်ရေးအခန်းကြီး တစ်ခုနှင့် ဆင်တူနေပြီး အပြင်ဘက်တွင် သင်္ကေတ အစီအရင် ကိရိယာများစွာ ရှိနေသည်။

မလှမ်းမကမ်းတွင် စွမ်းအင်ကိရိယာများနှင့် တူသော အရာတစ်ခု လည်ပတ်နေပြီး ၎င်းအထဲတွင် များပြားလှသော သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးများက တောက်ပနေကြသည်။

"ဒီဟာပါပဲ"

ဝမ်လင်းအာက ပြုံးလျက် ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမက နောက်သို့လှည့်ကာ မလှမ်းမကမ်းရှိ အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးကို လက်လှမ်းပြလိုက်သည်။

ထိုအမျိုးသမီး၏ အသက်မှာ မငယ်တော့ပေ... အသက် (၅၀) ကျော်ခန့် ရှိမည်ဟု ထင်ရပြီး ခေါင်းပေါ်တွင် မီးခိုးရောင် ဆံပင်ဖြူများ ထင်ရှားစွာ ရှိနေကာ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများစွာ ရှိနေသည်။

သူမ၏ ဘေးတွင် အမျိုးသား၊ အမျိုးသမီး ပါဝင်သော လူအုပ်စု တစ်စုလည်း ရှိနေပြီး အားလုံးက အတူတူပင်ဖြစ်သော အဖြူရောင် ဝတ်စုံရှည်များကို ဝတ်ဆင်ထားကြသည်။

လင်းယွမ်က သူတို့၏ ဝတ်စားဆင်ယင်မှုကို တစ်ချက် ကြည့်လိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားပြီး မျက်နှာပေါ်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာကာ "ဒါက"

သူ အတော်အသင့် ခန့်မှန်းမိနေပြီ ဖြစ်သည်... ဤအဖွဲ့သည် ကျင်းရှီရုံ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့ ဖြစ်ရန် ရာခိုင်နှုန်း အလွန်များပေသည်။

ထင်ထားသည့်အတိုင်းပင် ဝမ်လင်းအာက ပြုံးလျက် "အစ်ကိုလင်းယွမ်... ဒီလူတွေက မုန်ယာကုမ္ပဏီရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး ဌာနကပါ... ဒီတစ်ယောက်ကတော့ မုန်ယာ သုတေသနဌာနရဲ့ ဌာနမှူး ပညာရှင်ယန်လန်ပဲ"

ထိုသို့ပြောရင်း လင်းယွမ်ဘက်မှ အလေးအနက် မထားမည်ကို စိုးရိမ်သဖြင့် သူမက လေသံတိုးတိုးဖြင့် "အစ်ကိုလင်းယွမ်... ပညာရှင်ယန်လန်ရဲ့ နောက်ခံက သာမန်မဟုတ်ဘူးနော်... ကပ်ဘေးမတိုင်ခင်က သူမက နိုင်ငံတော်ရဲ့ နာမည်ကြီး မျိုးရိုးဗီဇ ပညာရှင်တစ်ယောက် ဖြစ်ခဲ့ပြီး ဗဟိုသိပ္ပံအကယ်ဒမီမှာ တာဝန်ယူခဲ့တဲ့ သုတေသီ တစ်ယောက်လည်း ဖြစ်တယ်"

"သူက နိုင်ငံတော်အဆင့် စီမံကိန်း အများအပြားကို ဦးဆောင်ခဲ့ဖူးပြီး အဲဒီအထဲက အများစုက ဇီဝမျိုးရိုးဗီဇ အင်ဂျင်နီယာပညာနဲ့ ပတ်သက်နေတာတွေပါ"

"အခု မျက်စိရှေ့က ဒီစက်ယန္တရားက သူနဲ့ သူ့ရဲ့အဖွဲ့သားတွေ အတူတူ သုတေသနပြုလုပ်ပြီး တီထွင်ထားတာပါ... မုန်ယာရဲ့ အထက်ပိုင်းခေါင်းဆောင်တွေ သီးသန့် အသုံးပြုတဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လေ့ကျင့်ရေး ကိရိယာ တစ်ခုလည်း ဖြစ်တယ်"

လင်းယွမ်က ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ရင်ထဲ၌ အလေးအနက် ထားသွားမိသည်။

မျက်စိရှေ့ရှိ ဤစက်ယန္တရားက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လေ့ကျင့်ရေး ကိရိယာ ဖြစ်နေတယ်ပေါ့။

လင်းယွမ်က ယန်လန်ဟုခေါ်သော ထိုလူလတ်ပိုင်း အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။

ယန်လန်၏ မျက်နှာပေါ်တွင် အနည်းငယ် ရိုသေကြောက်ရွံ့နေသည့် အရိပ်အယောင်များဖြင့် လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး တုန်ယင်သော အသံဖြင့် "မင်္ဂ... မင်္ဂလာပါရှင်"

သူမက သုတေသန ပညာရှင်တစ်ဦး ဖြစ်ပြီး သန္ဓေပြောင်းအစွမ်းကို နိုးထလာခဲ့သော်လည်း တိုက်ခိုက်ရေးဘက်တွင်မူ ကျွမ်းကျင်မှု မရှိပေ။

ယခင် ရေကြီးမှုကြီး စတင်ခဲ့သည့် အစောပိုင်းကာလကတည်းက သူမသည် လူ့သဘာဝ၏ ရက်စက်ယုတ်မာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ခေတ်ပျက်ကြီး ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို ပို၍ပင် သိရှိထားခဲ့သည်။

အကြမ်းဖက်မှုကို ပိုင်ဆိုင်ထားသော အစွမ်းပိုင်ရှင်များသည် မိမိတို့၏ ဆန္ဒများကို အားနည်းသူများအပေါ်သို့ ရမ်းကားစွာ အတင်းအဓမ္မ ဖိအားပေး ကျင့်သုံးနိုင်ကြသည်။

အထူးသဖြင့် မုန်ယာကဲ့သို့သော နေရာမျိုးတွင် ပို၍ပင် ဆိုးရွားလှ၏။

ထို့ကြောင့် သူမ၏ အဆင့်အတန်း မြင့်မားပြီး ကျင်းရှီရုံက သူမကို အလွန် အလေးထားခဲ့သော်လည်း...

သို့သော် လက်ရှိ မုန်ယာကမူ ကျင်းရှီရုံ ထိန်းချုပ်ထားသော မုန်ယာ မဟုတ်တော့ပေ။

ကျင်းရှီရုံကို အနိုင်ယူနိုင်ခဲ့သော သူမ မျက်စိရှေ့ရှိ ဤလူငယ်လေးတွင် မည်ကဲ့သို့သော စွမ်းရည်များ ရှိနေသနည်း ဆိုသည်ကို သူမ မသိရှိပေ။

သို့သော် မုန်ယာကတော့ ခေတ်ပြောင်းသွားပြီ ဆိုသည်ကို သူမ အလွန် ရှင်းလင်းစွာ သိရှိထားသည်။

သူမ အနေဖြင့် ယခု မျက်စိရှေ့ရှိ ဤလူငယ်လေး၏ စကားကို နားထောင်ရမည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက...

ဤအကြောင်းကို တွေးမိလိုက်သည်နှင့် သူမ၏ ရင်ထဲတွင် တစ်ချက် တုန်လှုပ်သွားရသည်။

ကပ်ဘေး စတင်ခါစက ကြုံတွေ့ခဲ့ရသော အမှောင်မိုက်ဆုံး အတွေ့အကြုံများက သူမ၏ ခေါင်းထဲတွင် မရပ်မနား ပြန်လည် ပေါ်လာခဲ့သည်။

ထို့ကြောင့် သူမက မျက်စိရှေ့ရှိ လူငယ်လေးအပေါ် ကြောက်ရွံ့သည့် စိတ်ဓာတ်သာ ရှိနေပြီး လေးစားကြည်ညိုသည့် စိတ်ထားမျိုး ရှိမနေခြင်း ဖြစ်သည်။

သူမက ကျင်းရှီရုံအပေါ် ကြောက်ရွံ့ခဲ့သကဲ့သို့ပင် ဖြစ်၏။

လင်းယွမ်က မျက်စိရှေ့ရှိ အသက်ငါးဆယ်ကျော် အရွယ် အမျိုးသမီးကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ မနေနိုင်ဘဲ လေးနက်သွားလေသည်။

သူက ချက်ချင်းပင် လက်ကို ကမ်းပေးလိုက်ပြီး ရိုးသားပွင့်လင်းစွာဖြင့် "မင်္ဂလာပါ ပညာရှင်ယန်လန်... ကျွန်တော်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် လင်းယွမ်ပါ... ခင်ဗျားကို တွေ့ရတာ အရမ်း ဝမ်းသာပါတယ်"

"ကျွန်တော်တို့ ထိုက်ယန်တောင်မှာလည်း ကိုယ်ပိုင် သုတေသနနဲ့ ဖွံ့ဖြိုးရေး ဌာန ရှိပါတယ်... လက်ရှိ ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ သုတေသန လုပ်ငန်းတွေကို တာဝန်ယူထားတာက ပါမောက္ခ လီဟန်ကျုံးပါ... ခင်ဗျား သူ့ကိုများ သိမလား မသိဘူး"

သိပ္ပံပညာလောက ဆိုသည်မှာ အမှန်တကယ်တွင် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပြီး ဤအသိုင်းအဝိုင်းမှာ သာမန်လူများ ထင်မှတ်ထားသည်ထက် ပို၍ ကျဉ်းမြောင်းပေသည်။

ယေဘုယျအားဖြင့် နာမည်ကြီးသော သိပ္ပံပညာရှင်များသည် တစ်ဦးနှင့်တစ်ဦး အနည်းနှင့်အများ သိကျွမ်းတတ်ကြပြီး မသိလျှင်တောင်မှ သေချာပေါက် ကြားဖူးတတ်ကြစမြဲပင်။

သေချာသည်မှာ... နယ်ပယ်တစ်ခုတည်း မဟုတ်လျှင်တော့ သေချာပေါက် သိချင်မှ သိပေလိမ့်မည်။

သင်္ဘောနယ်ပယ်မှ ထိပ်သီးပညာရှင်ဖြစ်သော လီဟန်ကျုံး တစ်ယောက် ဗဟိုသိပ္ပံအကယ်ဒမီမှ ထွက်ပေါ်လာသော မျက်စိရှေ့ရှိ ဤပညာရှင်ကို သိ၊ မသိ ဆိုသည်ကိုတော့ လင်းယွမ် အတိအကျ မသိရှိပေ။

ယန်လန်က ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာအမူအရာ ကြောင်သွားပြီး အံ့သြတကြီး ခေါင်းမော့ကြည့်ကာ "လီဟန်ကျုံး... လင်ကျောင်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေး ကောလိပ်က တစ်ယောက်လား"

လင်းယွမ်က ပြုံးလျက် "ဟုတ်ပါတယ်... ခင်ဗျား သူ့ကို သိလို့လား"

ယန်လန်က ချက်ချင်းပင် ရယ်မောလိုက်ပြီး "သိတာပေါ့... သိတာပေါ့... ပါမောက္ခ လီဟန်ကျုံးက နိုင်ငံတော်အကယ်ဒမီ ပညာရှင်အဖြစ် အကြိမ်ကြိမ် လျှောက်ထားခဲ့ပြီး ဗဟိုသိပ္ပံအကယ်ဒမီကို ဝင်ချင်နေခဲ့တာလေ... သူနဲ့ ကျွန်မ အကြိမ်ပေါင်းများစွာ တွေ့ဖူးပါတယ်"

လင်းယွမ်က ပြုံးလျက် "ဒီလိုကိုး... တကယ်ကို စွမ်းရည်ရှိတဲ့ လူတွေက စွမ်းရည်ရှိတဲ့ လူတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံကြတာပဲ"

"ဆရာလင်းယွမ်က မြှောက်ပင့်လွန်းပါပြီ" ယန်လန်က အလျင်အမြန် နှိမ့်ချကာ ပြောလိုက်သည်။

လင်းယွမ်က "ပညာရှင်ယန်လန်... ဒီစက်က ဘာလုပ်တာလဲ... ကျွန်တော့်ကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား" ဟု မေးလိုက်သည်။

"ရတာပေါ့... ရတာပေါ့"

ယန်လန်က မျက်စိရှေ့ရှိ ဧရာမ စက်ယန္တရားကြီးအကြောင်းကို လင်းယွမ်အား အလျင်အမြန် စတင် ရှင်းပြလေတော့သည်။

"ဒါက အကူအညီပေးတဲ့ လေ့ကျင့်ရေးအခန်း တစ်ခုပါ... အဓိက လုပ်ဆောင်ချက်က သီးခြား မျိုးရိုးဗီဇတွေကို ခွဲခြားသိမြင်ဖို့နဲ့ သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို တိုးမြှင့်ပေးဖို့ပါပဲ"

"သီးခြား မျိုးရိုးဗီဇတွေကို ခွဲခြားသိမြင်တယ်... အဲဒါကို ဘယ်လိုလုပ်တာလဲ" လင်းယွမ်က ကြားသည်နှင့် ချက်ချင်း မေးလိုက်သည်။

မျက်စိရှေ့ရှိ ဤလေ့ကျင့်ရေးအခန်းသည် အမှန်တကယ်တော့ အခြေခံအားဖြင့် ထိုက်ယန်တောင်ရှိ စွမ်းအင်စုဝေးအဆောက်အအုံနှင့် ဆင်တူပေသည်။

သို့သော် စွမ်းအင်စုဝေးအဆောက်အအုံက မျိုးရိုးဗီဇ အကူအညီပေး လေ့ကျင့်ခြင်းနှင့် သန္ဓေပြောင်းစွမ်းအင် နယ်ပယ်ကို အားဖြည့်ပေးခြင်း ဟူသော လုပ်ဆောင်ချက် နှစ်ခုကို သီးခြားစီ ခွဲထုတ်ထားခြင်း ဖြစ်သည်။

မျက်စိရှေ့ရှိ ဤလေ့ကျင့်ရေးအခန်းကမူ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်း ဖြစ်၏။

လင်းယွမ် ပို၍ သိချင်နေသည်မှာ ဤအကူအညီပေး လေ့ကျင့်ရေးအခန်းက မည်သည့်နည်းလမ်းကို အသုံးပြု၍ သီးခြား မျိုးရိုးဗီဇများကို ခွဲခြားသိမြင်သနည်း ဆိုသည်ကိုပင်။

ယန်လန်က အလျင်အမြန် ရှင်းပြလိုက်သည်။ "ဒီလေ့ကျင့်ရေးအခန်းရဲ့ မျိုးရိုးဗီဇ ခွဲခြားသိမြင်မှုက အဓိကအားဖြင့် မျိုးရိုးဗီဇ အစီအစဉ်တွေအပေါ် အခြေခံပြီး စိစစ်တာပါ"

"ကျွန်မတို့ လူ့ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇတိုင်းမှာ အမှန်တကယ်တော့ သီးခြား မျိုးရိုးဗီဇ စုံတွဲတွေ ရှိကြပြီး မျိုးရိုးဗီဇ အစီအစဉ်တွေကလည်း တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး"

"ကျွန်မတို့က မတူညီတဲ့ မျိုးရိုးဗီဇ နမူနာတွေကို ကြိုတင်စုဆောင်းပြီး နမူနာ သိမ်းဆည်းခန်းကို တည်ဆောက်ထားပါတယ်"

"မျိုးရိုးဗီဇ တစ်ခုချင်းစီရဲ့ ထူးခြားချက်တွေကို အမှတ်အသား ပြုလုပ်ထားပြီး လေ့ကျင့်သူက အခန်းထဲကို ဝင်ရောက်လာတဲ့အခါ မျိုးရိုးဗီဇကို စစ်ဆေးဖို့၊ မျိုးရိုးဗီဇ နမူနာတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့နဲ့ လေ့ကျင့်သူရဲ့ မျိုးရိုးဗီဇ အမျိုးအစားကို အတည်ပြုဖို့ လိုအပ်ပါတယ်"

"အတည်ပြုပြီးသွားတဲ့အခါ လေ့ကျင့်ရေးအခန်း တစ်ခုလုံးမှာရှိတဲ့ သင်္ကေတတွေက အစီအရင်ကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပတ်ဝန်းကျင်အပေါ်မှာရှိတဲ့ သီးခြား မျိုးရိုးဗီဇ တစ်မျိုးမျိုးရဲ့ အာရုံခံစားနိုင်စွမ်းကို အထူး တက်ကြွလာစေမှာပါ"

"ဒီလိုဆိုရင် လေ့ကျင့်ရေးအခန်းထဲမှာ ရှိနေတဲ့ အစွမ်းပိုင်ရှင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ လိုအပ်နေတဲ့ မျိုးရိုးဗီဇက ဘာလဲဆိုတာကို ပိုပြီး ထက်မြက်စွာ ခံစားသိရှိနိုင်မှာဖြစ်ပြီး လေ့ကျင့်တဲ့အခါမှာ မှားယွင်းတဲ့ မျိုးရိုးဗီဇတွေနဲ့ တိုက်ဆိုင်မိတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး"

"လေ့ကျင့်ရေးအခန်း အတွင်းပိုင်းက သန္ဓေပြောင်းစွမ်းအင် ပြင်းအားကို ဘယ်လို တိုးမြှင့်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့မှာ အားဖြည့်ဖို့အတွက် အစီအစဉ် သုံးခု ထပ်ရှိပါတယ်"

"ပထမတစ်နည်းကတော့ အတွေ့ရအများဆုံး နည်းလမ်းဖြစ်ပြီး စွမ်းအင်စုဝေးတဲ့ အစီအရင် အမျိုးအစားကို အသုံးပြုတာပါ..."

ယန်လန်သည် သူမ၏ ကျွမ်းကျင်ရာ နယ်ပယ်အကြောင်းကို ပြောဆိုလာသည့်အခါ တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာပြီး ဤစက်ကိရိယာအစုံကို တီထွင်ခဲ့သည့် သူမ၏ သဘောတရားများကို စိတ်အားထက်သန်စွာ စတင် ပြောဆိုလာလေသည်။

လင်းယွမ်ကလည်း သူမ၏ ပြောပြချက်များကို သေချာစွာ နားထောင်နေခဲ့သည်။

ဘေးနားရှိ ဝမ်လင်းအာမှာ အမှန်တကယ်ပင် နားမလည်နိုင်ဘဲ မူးဝေဝေပင် ဖြစ်လာခဲ့သည်။

သို့သော် လင်းယွမ်ကတော့ မတူညီပေ... လင်းယွမ်သည် မျိုးရိုးဗီဇ ကိရိယာများကို လဲလှယ်ခဲ့ဖူးပြီး သူကိုယ်တိုင်ပင် သင်္ကေတများကို သုတေသန ပြုလုပ်နေခဲ့ဖူးသဖြင့် သူ့ထံတွင် အတိုင်းအတာ တစ်ခုအထိ အခြေခံ ရှိနေခဲ့သည်။

သူက ယန်လန်၏ စဉ်းစားတွေးခေါ်မှုများကို အမှန်တကယ် လိုက်မီနေခဲ့သည်။

ယန်လန်ကလည်း ဤအချက်ကို တဖြည်းဖြည်း သတိထားမိလာပြီး သူမ၏ မျက်နှာပေါ်ရှိ အံ့သြဝမ်းသာသည့် အရိပ်အယောင်များမှာ ပို၍ပင် ထင်ရှားလာခဲ့သည်။

ကျင်းရှီရုံကို အနိုင်ယူနိုင်ခဲ့သော လူတစ်ယောက်က သုတေသနပိုင်းနှင့် ပတ်သက်၍လည်း ဤမျှ နက်ရှိုင်းသော အသိပညာ ရှိနေလိမ့်မည်ဟု သူမ မည်သို့မျှ တွေးမထားခဲ့မိပေ။

သိထားရမည်မှာ... ယခင်က ကျင်းရှီရုံသည် ဤနယ်ပယ်နှင့် ပတ်သက်၍ လုံးဝနီးပါး စိတ်ဝင်စားမှု မရှိခဲ့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းတွင် အသုံးပြုနိုင်မည့် ကိရိယာတန်ဆာပလာများကို တီထွင်နိုင်ရန်အတွက် ယန်လန်နှင့် သုတေသနအဖွဲ့ကို မျက်ကန်းတမ်းရမ်း ဖိအားပေးရန်သာ သိရှိခဲ့ခြင်း ဖြစ်သည်။

နားမလည်သောကြောင့် ကျင်းရှီရုံသည် အလွန်အမင်း ယုတ္တိမတန်သော တောင်းဆိုမှုအချို့ကို မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဤအရာက ယန်လန်အတွက် လုံးဝ အကောင်အထည် မဖော်နိုင်သည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့ပြီး ထို့နောက်တွင် ကျင်းရှီရုံ၏ ပြင်းထန်သော ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်စေခဲ့သည်။

ယန်လန်မှာ ဤကိစ္စအတွက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး မည်သည့်နေ့တွင် ခေါင်းပြုတ်သွားမည်ကို အလွန် ကြောက်ရွံ့နေခဲ့ရသည်။

ယခုအခါ လင်းယွမ် ပြသလိုက်သော ကျွမ်းကျင်မှု အရည်အသွေးများက သူမကို အံ့သြဝမ်းသာ ဖြစ်သွားစေခဲ့သည်။

အံ့သြရခြင်းမှာ မျက်စိရှေ့ရှိ ဤလူက များစွာ နားလည်သဘောပေါက်နေသဖြင့် သူမအနေဖြင့် တစ်ဖက်လူကို လှည့်စားချင်လျှင်တောင် လှည့်စား၍ ရနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ဝမ်းသာရခြင်းမှာ ဤကဲ့သို့သော လူက သူတို့ကို လာရောက် ဦးဆောင်ခြင်းဖြစ်ရာ လုံးဝ အကောင်အထည် မဖော်နိုင်သော နည်းပညာအချို့ကို တောင်းဆိုလာမည် မဟုတ်လောက်သောကြောင့် ပင်တည်း။

သူတို့၏ လုပ်ငန်းခွင်တွင် အကြောက်ဆုံးအရာမှာ အပြင်လူက ကျွမ်းကျင်သူကို လာရောက် ဦးဆောင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သူမ၏ ရင်ထဲတွင် လင်းယွမ်သည် ဒုတိယမြောက် ကျင်းရှီရုံ ဖြစ်လာမည်ကို အမှန်တကယ် စိုးရိမ်နေခဲ့မိခြင်း ဖြစ်လေသည်။

ဆက်ရန်...

All Chapters