အခန်း ၈၉၈
Vol. 45 Ch. 898
အပိုင်း(၈၉၈) ခံစားချက်
"ကျွန်တော့်ကို အထဲဝင်ပြီး စမ်းကြည့်ခွင့်ပြုနိုင်မလား"
အချိန်အတော်ကြာ စကားပြောပြီးနောက် လင်းယွမ်က သူ့ရှေ့ရှိ ကိရိယာကို အလွန်သဘောကျသွားပြီး ဤတောင်းဆိုချက်ကို ချက်ချင်း တောင်းဆိုလိုက်သည်။
ယန်လန်က အလျင်အမြန် ပြန်ဖြေသည်။ "ရတာပေါ့... အခုပဲ တံခါးဖွင့်ခိုင်းလိုက်ပါ့မယ်"
သူမက ကျင့်စဉ်အခန်း၏ တံခါးမကြီးကို အလျင်အမြန် ဖွင့်ခိုင်းလိုက်သည်။
လင်းယွမ်က ဤကျင့်စဉ်အခန်းထဲသို့ ဦးစွာ ဝင်ရောက်သွားသည်။
ဤကျင့်စဉ်အခန်းသည် အလွန် ကြီးမားကျယ်ဝန်းပြီး အတွင်းဘက် အပြင်အဆင်က ဟိုတယ်တစ်ခုနှင့်ပင် တူနေသည်။
လင်းယွမ်က မနေနိုင်ဘဲ သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည်။ "ဒီနေရာက ဘာလို့ ဒီလိုမျိုး ပြင်ဆင်ထားတာလဲ"
ယန်လန်က ခါးသီးစွာ ပြုံးလိုက်ပြီး "ဒါက ကျင်းရှီရုံရဲ့ သီးသန့် ကျင့်စဉ်အခန်းပါ... သူကလွဲရင် တခြားဘယ်သူမှ ဝင်ခွင့်မရှိပါဘူး"
လင်းယွမ် မျက်ခုံးပင့်သွားသည်။ "ခင်ဗျား ပြောချင်တာက... ဒီလိုစက်ကြီးကို သူ့တစ်ယောက်တည်းအတွက် သီးသန့် သုံးတာလား"
"ဟုတ်ပါတယ်... သူ နေ့တိုင်း ဒီမှာပဲ နေပြီး ညဘက်လည်း ဒီမှာပဲ အိပ်တာပါ"
"ဒါကြောင့်လည်း သူက ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်နှုန်းက အဟုန်နဲ့ မြင့်တက်လာတာပေါ့"
လင်းယွမ်က မနေနိုင်ဘဲ ထပ်မေးလိုက်သည်။ "ဒါဆို တခြားလူတွေကရော ဘယ်လို ကျင့်ကြံကြလဲ"
"ဒီလိုစက်မျိုး မုန်ယာကုမ္ပဏီမှာ စုစုပေါင်း ဆယ်လုံး ရှိပါတယ်... ကျန်တဲ့ ကိုးလုံးကိုတော့ ကျင်းရှီရုံရဲ့ ကိုယ်ပွားဆယ်ခုက ထိန်းချုပ်ထားတာပါ... သူ မသုံးတဲ့အချိန်ဆိုရင် လက်အောက်က လူတွေကို အလှည့်ကျ သုံးခွင့်ပေးပါတယ်"
"ဒါပေမဲ့ ယေဘုယျပြောရရင် ကျန်တဲ့အချိန်တွေမှာ ဒါရိုက်တာကြီး ဆယ်ယောက် (ဒါမှမဟုတ်) ဌာနမန်နေဂျာ အဆင့်ရှိတဲ့သူတွေပဲ သုံးခွင့်ရှိကြတာပါ"
"ဒါကြောင့် တကယ်တမ်း မုန်ယာကုမ္ပဏီက အထက်ပိုင်းလူကြီးတွေ ဒီလောက်စွမ်းရည်မြင့်နေတာက သူတို့နဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုမယ့်သူ မရှိလို့ပါပဲ... အထက်ပိုင်းက ပိုပိုပြီး စွမ်းလာတော့ အလယ်အလတ်နဲ့ အောက်ခြေကလူတွေက ထိပ်တန်းအစွမ်းပိုင်ရှင်တွေကို ဘယ်လိုမှ မမီနိုင်တော့တာ သဘာဝပါပဲ"
ယန်လန်၏ စကားများကြောင့် လင်းယွမ် သဘောပေါက်သွားသည်။
မုန်ယာကုမ္ပဏီတွင် အစွမ်းပိုင်ရှင်များ ဤမျှများပြားနေရခြင်း၏ အကြောင်းရင်းမှာ ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အများကို သိမ်းပိုက်ထားသောကြောင့် ဖြစ်ပြီး ထိုမှတစ်ဆင့် ဒါရိုက်တာ ဆယ်ဦးနှင့် ဌာနမန်နေဂျာများကဲ့သို့သော အစွမ်းပိုင်ရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းပင်။
သို့သော် လက်အောက်ငယ်သားများကမူ ထိုမျှလောက် မစွမ်းကြပေ။
လင်းယွမ်က မုန်ယာကုမ္ပဏီ၏ သင်္ကေတနည်းပညာများနှင့် ပတ်သက်၍ အနည်းငယ် ထပ်မံ မေးမြန်းလိုက်သည်။
ယန်လန်က လင်းယွမ်အား မုန်ယာကုမ္ပဏီ၏ နည်းပညာထုတ်ကုန်များကို တစ်ခုချင်းစီ ရှင်းပြလေသည်။
မုန်ယာကုမ္ပဏီ တစ်ခုလုံးတွင် အဆင့်မြင့်နည်းပညာနှင့် သင်္ကေတများကို ပေါင်းစပ်ထုတ်လုပ်ထားသော ပစ္စည်းများစွာ ရှိနေသေးသည်။
ထိုအထဲတွင် သင်္ကေတအင်ဂျင်၊ သင်္ကေတစွမ်းအင်စုပ်စက် စသည်တို့သည် ထိပ်တန်း အင်အားသုံး ကိရိယာများ ဖြစ်ကြသည်။
ထို့အပြင် ရေပေါ်ကျွန်းတိုင်းကို လျှပ်စစ်မီး ထောက်ပံ့ပေးနိုင်သည့် စွမ်းအင်ကျောက်တုံး စွမ်းအင်တပ်ဆင်မှုများလည်း ရှိသေးသည်။
အချုပ်အားဖြင့်ဆိုရသော် သင်္ကေတနည်းပညာ ကဏ္ဍတွင် မုန်ယာကုမ္ပဏီသည် ထိုက်ယန်တောင်၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
ယာဉ်ပျံဖြစ်စေ၊ လေယာဉ်တင်သင်္ဘောစုဖြစ်စေ အားလုံးက အလွန်စွမ်းအားကြီးမားသော နည်းပညာအဆင့်အတန်းကို ပြသနေသည်။
လင်းယွမ်သည် ယန်လန်၏ ရှင်းပြချက်ကို နားထောင်ရင်း မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... တကယ့်ကို မုန်ယာကုမ္ပဏီပဲ... ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ရှိနေလိမ့်မယ်လို့ ထင်မထားဘူး"
လင်းယွမ် အလွန်တရာ ဝမ်းသာသွားသည်။ မုန်ယာကုမ္ပဏီ တစ်ခုလုံးတွင် လူဦးရေ အရင်းအမြစ်နှင့် မြေယာအရင်းအမြစ်များအပြင် လင်းယွမ်ကို အစွဲဆောင်နိုင်ဆုံးမှာ ဤလူ့စွမ်းအား အရင်းအမြစ်နှင့် နည်းပညာ အရင်းအမြစ်များပင် ဖြစ်သည်။
ယင်းတို့ကို ထိုက်ယန်တောင်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုပါက ထိုက်ယန်တောင်၏ ယေဘုယျ နည်းပညာအဆင့်အတန်းသည် သေချာပေါက် ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။
"ဒါနဲ့... ခိုက်ရီနည်းပညာကုမ္ပဏီဘက်က သုတေသနဗဟိုဌာနလည်း ရှိသေးတာပဲ... ခိုက်ရီနည်းပညာက မုန်ယာကုမ္ပဏီနဲ့အတူ ယွီကျိုးပြည်နယ်ရဲ့ အင်အားကြီး သုံးစုထဲက တစ်ခု ဖြစ်လာနိုင်တာဆိုတော့ သူတို့ရဲ့ သုတေသနစွမ်းရည်ကလည်း မုန်ယာကုမ္ပဏီထက် နိမ့်ကျနေမှာ မဟုတ်ဘူး"
"မုန်ယာကုမ္ပဏီဘက်က တည်ငြိမ်သွားပြီဆိုရင် ခိုက်ရီနည်းပညာဘက်ကို သွားကြည့်ရမယ်"
လင်းယွမ်သည် မနက်ခင်း တစ်ခုလုံးကို မုန်ယာကုမ္ပဏီ၏ အခြေအနေများကို လေ့လာရာတွင် အချိန်ကုန်ဆုံးခဲ့သည်။
မွန်းလွဲပိုင်း အချိန်ရောက်မှသာ လီတင်းက လူအချို့ ခေါ်ဆောင်လာပြီး တွေ့ခွင့်တောင်းသဖြင့် လင်းယွမ်သည် သုတေသနဌာနမှ ထွက်လာခဲ့သည်။
လီတင်းကို မြင်လိုက်ရချိန်တွင် လင်းယွမ် အနည်းငယ် အံ့သြသွားသည်။
အဘယ်ကြောင့်ဆိုသော် လီတင်းသည် တစ်ယောက်တည်း လာခြင်းမဟုတ်ဘဲ လျှိုချင်းဟုန်နှင့် လျှပ်စီးဓာတ်အစွမ်းပိုင်ရှင် အဘိုးအို တစ်ဦးလည်း ပါလာသောကြောင့် ဖြစ်သည်။
လီတင်းက လင်းယွမ်ကို တွေ့သည်နှင့် ချက်ချင်း ပြုံးကာ ပြောလိုက်သည်။ "ဆရာလင်း... တာဝန်ကျေပွန်ခဲ့ပါပြီ... ဆရာ့အတွက် မုန်ယာကုမ္ပဏီရဲ့ မိုးကြိုးနတ်မင်းကို ကျွန်မ ခေါ်လာခဲ့ပါပြီ"
"အဘိုးဟုန်လိန်... ဒီပုဂ္ဂိုလ်ကတော့ ထိုက်ယန်တောင်ရဲ့ အရှင်ဆရာလင်း... ဆရာလင်းယွမ်ပါပဲ"
ဟုန်လိန်က အလျင်အမြန် ရှေ့တိုးလာပြီး ပြုံးကာ ပြောလိုက်သည်။ "မင်္ဂလာပါ ဆရာလင်း... ထိုက်ယန်တောင်မှာ သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာတယ်ဆိုတာ အဘိုးကြားနေရတာ ကြာပါပြီ... ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရမှပဲ သူရဲကောင်းဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိရတော့တယ်"
ဟုန်လိန်၏ အမူအရာမှာ အလွန် ယဉ်ကျေးရိုသေမှု ရှိလှပြီး လင်းယွမ်ကလည်း မာနမခံဘဲ အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ "အဘိုးဟုန်လိန်ကိုး... အားနာစရာမလိုပါဘူး... အားလုံး ထိုင်ကြပါဦး"
လူအားလုံး အစဉ်လိုက် ထိုင်လိုက်ကြပြီးနောက် လင်းယွမ်က လျှိုချင်းဟုန်ကို ကြည့်ကာ မေးလိုက်သည်။ "မင်းက ဘယ်လိုလုပ်ပြီး လီတင်းနဲ့ အတူရှိနေတာလဲ... မင်းရဲ့ သူငယ်ချင်းရော"
လျှိုချင်းဟုန်က ခါးသီးစွာ ပြုံးပြီး ပြန်ဖြေသည်။ "ဆရာလင်း... လီယောဟန်က ခေါင်းမာလွန်းပြီး ကျင်းရှီရုံကို အသေအလဲ စွဲလမ်းနေတာပါ... ကျွန်မက လက်နက်ချဖို့ ဖျောင်းဖျတာ မအောင်မြင်တဲ့အပြင် သူ့ရဲ့ ဖမ်းဆီးတာကိုတောင် ခံလိုက်ရပါသေးတယ်"
"အမလီသာ ဝင်မကူညီပေးရင် ကျွန်မ အခု ဆရာလင်းကိုတောင် မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ဘူးထင်တယ်"
"ဟမ်... ဘာတွေ ဖြစ်ခဲ့တာလဲ" လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
လျှိုချင်းဟုန်က လီတင်းကို တစ်ချက်ကြည့်လိုက်ပြီး "အမလီကိုပဲ ပြောပြခိုင်းလိုက်ပါ့မယ်"
သူမက လီတင်းကို ဒါရိုက်တာလီဟု မခေါ်တော့ပေ။ လင်းယွမ်၏ ရှေ့တွင် မုန်ယာကုမ္ပဏီ၏ ယခင် ရာထူးများအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော တိမ်တိုက်များသာ ဖြစ်သွားပြီ မဟုတ်ပါလော။
လီတင်းက ချက်ချင်းပင် သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြောပြလေတော့သည်။
သူမသည် စကားပြော အလွန်ကျွမ်းကျင်ပြီး အောင်မြင်မှုများကို ခွဲဝေယူတတ်ကာ လျှိုချင်းဟုန်နှင့် ဟုန်လိန်တို့ကိုလည်း အနှိမ်အချမခံရအောင် ပြောဆိုနိုင်စွမ်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဤအမျိုးသမီးသည် ကပ်ဘေးမတိုင်မီကတည်းက ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဋ္ဌအဆင့်ရှိသူ ဖြစ်ရာ စကားပြောစွမ်းရည်အပိုင်းတွင်မူ သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်လှပေသည်။
သူတို့က ကြယ်တံခွန်ကျွန်းသို့ သွားခဲ့ကြသည့်အပြင် ဆင်တောင်ကျွန်းနှင့် အိုအေစစ်ကျွန်းဟူသော ကျွန်းနှစ်ကျွန်းကိုပါ သိမ်းသွင်းနိုင်ခဲ့ကြောင်း လင်းယွမ် ကြားလိုက်ရသောအခါ ချက်ချင်း အံ့သြသွားသည်။
"ဒီပုဂ္ဂိုလ်က ဆင်တောင်ကျွန်းရဲ့ ကျွန်းဆရာလင်း လျှိုရှီရှန်းပါ... ဒီတစ်ယောက်ကတော့ အိုအေစစ်ကျွန်းရဲ့ ကျွန်းဆရာလင်းမ လင်းချိုးယွဲ့ပါ"
လီတင်းက သူမ၏ အနောက်တွင်ရှိသော လူနှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။
လျှိုရှီရှန်းနှင့် လင်ချိုးယွဲ့တို့က အလျင်အမြန် ရှေ့ထွက်လာကြပြီး နှစ်ယောက်စလုံးက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။
"မင်္ဂလာပါ ဆရာလင်း... ဆင်တောင်ကျွန်းက လျှိုရှီရှန်း အရိုအသေပေးပါတယ်... ဆရာ့အနေနဲ့ ကျွန်တော်တို့ ဆင်တောင်ကျွန်းကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
"မင်္ဂလာပါ ဆရာလင်း... ကျွန်မတို့ အိုအေစစ်ကျွန်းကလည်း ထိုက်ယန်တောင်ကို သစ္စာခံပြီး ဒီကနေ့ကစလို့ ထိုက်ယန်တောင်နဲ့ အတူတူ အကောင်းအဆိုး ရင်ဆိုင်သွားဖို့ ဆန္ဒရှိပါတယ်" ဟု လင်ချိုးယွဲ့ကလည်း ဝင်ပြောလိုက်သည်။
သူတို့နှစ်ဦးစလုံးက အလွန် နှိမ့်ချသော အနေအထားဖြင့် ရှိနေကြသည်။ ယခုလက်ရှိ ထိုက်ယန်တောင်သည် အင်အားကြီးမားသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ ဤအချိန်တွင် မိမိတို့၏ နေရာကို မှန်ကန်စွာ ထားရှိရမည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
လင်းယွမ်က ထရပ်ကာ အသံထွက်၍ ရယ်မောလိုက်သည်။ "ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ထိုက်ယန်တောင်ဆိုတာ မိသားစုကြီး တစ်ခုပါပဲ... ကျွန်တော်တို့ ခိုလှုံရေးစခန်းရဲ့ ခံယူချက်ကို သဘောတူလက်ခံတဲ့ မိတ်ဆွေအားလုံး ပူးပေါင်းဝင်ရောက်လာတာကို ကြိုဆိုပါတယ်"
"ကျွန်တော်က ထိုက်ယန်တောင် တစ်ခုလုံးကိုယ်စား ခင်ဗျားတို့ နှစ်ယောက်ကို ကြိုဆိုပါတယ်"
လျှိုရှီးရှန်းနှင့် လင်ချိုးယွဲ့တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြသည်။
လင်းယွမ်က ဤမျှ စကားပြောရ လွယ်ကူလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြောင်း သိသာလှသည်။
အနည်းငယ်မျှပင် အနိုင်ကျင့် ဗိုလ်ကျမည့်ပုံ မပေါ်ပေ။
လင်းယွမ်က မုန်ယာကုမ္ပဏီကို ယခုမှ သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ရာ သေချာပေါက် မာနထောင်လွှားနေမည့် အချိန်ဖြစ်မည်ဟု သူတို့ ထင်ထားခဲ့ကြခြင်းပင်။
သူတို့နေရာတွင်သာဆိုလျှင်လည်း ဘဝင်မြင့်နေကြမည် ဖြစ်သော်လည်း သူတို့ရှေ့ရှိ ဆရာလင်းသည် မာနကြီးပြီး ဘဝင်မြင့်နေသည့် ခံစားချက်မျိုး လုံးဝ မပေးစွမ်းဘဲ နွေဦးလေညင်းလေးကဲ့သို့ နွေးထွေးကာ ရင်းနှီးဖော်ရွေလှသည်။
သူတို့နှစ်ဦးစလုံး စိတ်အေးသွားကြသည်။ ကြည့်ရသည်မှာ ဤဆရာလင်းသည် ကျင်းရှီရုံထက် များစွာ ပိုကောင်းမည့်ပုံ ပေါ်သည်။
ထိုက်ယန်တောင်သို့ ဝင်ရောက်ခြင်းသည် မဆိုးလှသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။
သူတို့နှစ်ဦး အပြန်အလှန် ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ပြန်ထိုင်လိုက်ကြသည်။
ထိုအချိန်တွင် လီတင်းက ပြုံးကာ ပြောလိုက်သည်။ "ဆရာလင်း... ကျွန်မတို့ ဒီကိုလာတဲ့လမ်းမှာ ကြယ်တံခွန်ကျွန်းကိုလည်း ဝင်ခဲ့သေးတယ်"
"ကျွန်မက ကြယ်တံခွန်ကျွန်းရဲ့ ကျွန်းဆရာလင်း ဝူမုန့်ကို လက်နက်ချဖို့ ဖျောင်းဖျချင်ခဲ့တာပါ... ဒါပေမဲ့ သူက အကောင်းအဆိုး နားမလည်ဘဲ ထိုက်ယန်တောင်ကို ဝင်ရောက်မယ့်အစား နတ်ဘုရားနိုင်ငံတော်ဆီပဲ သွားဖို့ ရွေးချယ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
လင်းယွမ်က ဝူမုန့်ဆိုသည့် လူအကြောင်းကို ပြန်တွေးကြည့်မိသည်။ ယခင်က ထိုက်ယန်တောင်တွင် ရှိစဉ်ကတည်းက ဝူမုန့်သည် မာနကြီးသောသူ တစ်ယောက်ဖြစ်ခဲ့သည်။ အချိန်တွေ ဒီလောက်ကြာသွားပြီး မြေမိခင်ဂိုဏ်း၏ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရပြီးနောက်မှာပင် သူ့ထံ၌ ဤမာနမျိုး ရှိနေသေးလိမ့်မည်ဟု လင်းယွမ် ထင်မထားခဲ့ပေ။
ထို့ကြောင့် လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "ဘယ်လိုလဲ... ခင်ဗျားတို့ တိုက်ခိုက်ခဲ့ကြသေးလား"
"ဟုတ်ပါတယ်"
"ရလဒ်က ဘယ်လိုနေလဲ" လင်းယွမ်က အနည်းငယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။
စဉ်းစားကြည့်လျှင် သူ့ရှေ့ရှိ လူများသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။ သူတို့သာ အတူတကွ တိုက်ခိုက်ပါက ဝူမုန့်အနေဖြင့် ခုခံနိုင်ပါမည်လော။
သို့မဟုတ် ဤကြယ်တံခွန်ကျွန်းတွင် ဝူမုန့်ကို ကူညီပေးမည့် အစွမ်းပိုင်ရှင်များ များစွာ ရှိနေသေးသည်လား။
လီတင်းက သက်ပြင်းချကာ "ဝူမုန့်ရဲ့ တိုက်ခိုက်စွမ်းရည်က တော်တော်ကို မြင့်တယ်... သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုက (၆၀) ရာခိုင်နှုန်း ဝန်းကျင်လောက်မှာ ရှိနေပြီ... ကျွန်မတို့အထဲမှာ အဘိုးဟုန်လိန် တစ်ယောက်တည်းပဲ သူနဲ့ ယှဉ်တိုက်နိုင်တာ"
"တကယ်တော့ ချင်းဟုန်ကလည်း တစ်ဖက်လူကို မနည်း ထိန်းထားနိုင်ပေမဲ့ သူ့မှာ အင်အားကြီးတဲ့ တက်တူးဝိညာဉ် မရှိတာကြောင့် ဘာမှ မကူညီပေးနိုင်ခဲ့ဘူး"
လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ "ဘာပြောလိုက်တယ်... ဝူမုန့်ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုက (၆၀) ရာခိုင်နှုန်းတောင် ရောက်နေပြီ ဟုတ်လား"
သူ တကယ်ကို အံ့သြသွားခြင်း ဖြစ်သည်။ တွေးကြည့်လျှင် အစောပိုင်း တွင်းနက်အရိပ်ရေပေါ်ကျွန်းကို လုယက်စဉ်က သူ ဝူမုန့်ကို မြင်တွေ့ခဲ့ဖူးသည်။ ထိုအချိန်က ဝူမုန့်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို မဆိုထားနှင့်၊ မျိုးရိုးဗီဇ မျိုးစေ့အဆင့်၌ပင် သိပ်မစွမ်းလှသေးပေ။
ထိုစဉ်က သူသည် မြေမိခင်ဂိုဏ်း၏ အဖွဲ့ခေါင်းဆောင် အဆင့်ရှိသူ တစ်ဦးမျှသာ ဖြစ်နေသေးသည် မဟုတ်ပါလော။
အချိန်သိပ်မကြာသေးခင်မှာပင် ဤကောင်က ဤမျှလောက်အထိ အဟုန်နှင့် တိုးတက်လာလိမ့်မည်ဟု လင်းယွမ် လုံးဝ ထင်မထားခဲ့ပေ။
စဉ်းစားကြည့်လျှင် ကျောက်ခိုင်၊ တင်းယန်တို့ ဆိုလျှင်ပင် ယခုအချိန်အထိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုမှာ (၄၀) ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသေးသည်။
ဆိုလိုသည်မှာ ဝူမုန့်၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် သူတို့ထက် တစ်ဆ ပိုမြန်နေခြင်းပင်။
ဤအချက်က လင်းယွမ်ကို အံ့သြမယုံနိုင် ဖြစ်သွားစေသည်။
မည်သို့ပင်ဆိုစေ ကျောက်ခိုင်၊ တင်းယန်တို့သည် ထိုက်ယန်တောင်၌ ရှိနေစဉ်က ထိုက်ယန်တောင်၏ ကျင့်ကြံခြင်း အရင်းအမြစ်များ၏ အကူအညီကို ရရှိခဲ့ကြသည် မဟုတ်ပါလော။
ဝူမုန့်က ဘာကို အားကိုးခဲ့ရသနည်း။
ထိုကြယ်တံခွန်ကျွန်းသည် ရေပေါ်ကျွန်းငယ်လေး တစ်ခုသာ ဖြစ်သည်။ သူတို့ဆီမှာ ထိပ်တန်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နည်းပညာများများ ရှိနေသလား။
ဟုန်လိန်က ဤအချိန်တွင် ဝင်ပြောလိုက်ပြီး သက်ပြင်းချကာ "ပြောရမှာတော့ ရှက်စရာပဲ... အဘိုးလည်း သူ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး"
လင်းယွမ် ထပ်မံ အံ့သြသွားပြီး ဟုန်လိန်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ကျွန်တော် မှတ်မိသလောက် မမှားဘူးဆိုရင် သူ့အစွမ်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား မဟုတ်ဘူးလား... သွေးသားကြီးထွားခြင်းအစွမ်းက လျှပ်စီးဓာတ်အစွမ်းကို မယှဉ်နိုင်ဘူးမလား"
ဟုန်လိန်က ခါးသီးစွာ ပြုံးလိုက်ပြီး "ဆရာလင်း မသိသေးလို့ပါ... ဒီဝူမုန့်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်ဆိုတာ မှန်ပေမဲ့ သူ့ရဲ့ မျိုးရိုးဗီဇ ပုံစံက အရမ်းကို ထူးခြားတယ်"
"သူ့ရဲ့ မျိုးရိုးဗီဇ ပုံစံက ပြင်ပအရိုးစုပုံစံမျိုးအဖြစ် ဆင့်ကဲပြောင်းလဲသွားတာ... အကာအကွယ် စွမ်းအား အလွန်ကြီးမားလာတဲ့အပြင် အရိုးဓားတွေ... အရိုးဆူးတွေနဲ့ အရိုးလက်သည်းတွေလို တိုက်ခိုက်ရေး လက်နက်တွေကိုပါ အလျင်အမြန် ထွက်ပေါ်လာအောင် လုပ်နိုင်သေးတယ်"
"ဘာကြောင့်လဲတော့ မသိဘူး... သူ့ရဲ့ ပြင်ပအရိုးစု မာကျောမှုက အလွန် မြင့်မားတယ်... အထူးသဖြင့် အားဖြည့်ထားတဲ့ ပုံစံမျိုးပဲ"
"ဒါ့အပြင် သူ့အစွမ်းကို ဖော်ထုတ်အသုံးချနိုင်မှု အဆင့်ကလည်း အရမ်းမြင့်ပြီး တိုက်ခိုက်ရေး နည်းလမ်းသစ်တွေကိုပါ တီထွင်ထားသေးတယ်"
"တိုက်ခိုက်ရေး နည်းလမ်းသစ်တွေ..."
"ဟုတ်ပါတယ်... အဘိုးကို အနိုင်ယူသွားတဲ့ သူ့ရဲ့ အဲဒီတိုက်ကွက်က ရော်ဘာလိုမျိုးပဲ... လက်မောင်းကို အရှည်ကြီး ဆွဲဆန့်ပြီး အဝေးကြီးကနေ အဘိုးကို ဖမ်းဆွဲနိုင်ခဲ့တာ"
"အဘိုးက အဲဒီတိုက်ကွက်ကြောင့် ကြိုတင်မကာကွယ်နိုင်ဘဲ သူ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ"
လင်းယွမ် ကြောင်သွားသည်။ ရော်ဘာအစွမ်း...
ယခင်က ထိုက်ယန်တောင်ရှိ လီယွဲ့ဖုန်းက ဤအစွမ်းမျိုးကို အသုံးပြုခဲ့သည်ကို သူ မှတ်မိသည်။
ဒါပေမဲ့ ဝူမုန့်၏ သွေးသားကြီးထွားခြင်းအစွမ်းက ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းရည်မျိုးကိုပါ ပိုင်ဆိုင်သွားရတာလဲ။
"သူ ဘယ်လိုလုပ်လိုက်တာလဲ"
လင်းယွမ် နားမလည်နိုင်သဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
ဟုန်လိန်က ရှင်းပြလေသည်။ "အဘိုး သေချာ အကဲခတ်ကြည့်မိတယ်... သူ လက်ကို ဆန့်ထုတ်လိုက်တဲ့ အခိုက်အတန့်မှာ ကျိုးပဲ့ကွဲအက်သွားတဲ့ သူ့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေကို လက်မောင်းသွေးကြောတွေကနေ ဆွဲဆန့်ပြီး အရှည်အတို လုပ်နိုင်တဲ့ ရည်ရွယ်ချက်ကို ရောက်သွားအောင် လုပ်တာပါ"
"ပြီးတော့ သူ့မှာ အစွမ်းထက်တဲ့ ပြန်လည်ကုသနိုင်စွမ်း ရှိတာကြောင့် လက်ကို ဆန့်ထုတ်ပြီးသွားရင် အဲဒီ ကြေမွသွားတဲ့ အရိုးနဲ့ အသားတွေက အလျင်အမြန် ပြန်လည် ကောင်းမွန်လာတာပါ"
"ဒီလိုနည်းနဲ့ လက်မောင်းကို အရှည်အတို လုပ်နိုင်တဲ့ စွမ်းရည်ကို ရရှိသွားတာပေါ့"
ဟုန်လိန်က စကားပြောပြီးနောက် မနေနိုင်ဘဲ သက်ပြင်းချကာ "ဒီလူက တကယ်ကို ကြောက်စရာကောင်းတယ်... ပြန်လည်ကုသခြင်း အမျိုးအစား အစွမ်းကို ဒီလိုမျိုး သုံးတဲ့သူကို အဘိုး အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ဒီလို တိုက်ခိုက်ရေးနည်းလမ်းမျိုးကို စဉ်းစားနိုင်တာက တကယ်ကို... တကယ်ကို..."
သူသည် ချက်ချင်းပင် မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကို မသိတော့ပေ။
"ရူးသွပ်တာ"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ရူးသွပ်တာပဲ"
"အရမ်းကို ရူးသွပ်လွန်းတယ်" ဟုန်လိန်က အော်ပြောလိုက်သည်။
လင်းယွမ် ရယ်မောလိုက်သည်။ ဝူမုန့်၏ တိုက်ခိုက်ရေးနည်းလမ်းကို သူ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလော။
ဟုန်လိန် ဤသို့ ပြောလိုက်သည်နှင့် ဒါက ဝူမုန့်၏ တိုက်ခိုက်ရေးနည်းလမ်းပင် ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
ယခင်က ထိုက်ယန်တောင်၌ သူနှင့် ဝူမုန့်တို့ ယှဉ်ပြိုင်တိုက်ခိုက်စဉ်ကလည်း ဝူမုန့်သည် ဤရူးသွပ်မှုမျိုးကို ပြသခဲ့ဖူးသည်။
ထိုစဉ်က မိမိ၏ စိတ်စွမ်းအင်ဖြင့် တစ်ဖက်လူကို တိုက်ခိုက်ကာ တစ်ဖက်လူ၏ စိတ်ပင်လယ်ကို ဖြိုခွဲရန် ကြိုးစားခဲ့စဉ်ကပင် ဝူမုန့်က ကြောက်စရာကောင်းလောက်အောင် စိတ်ပိုင်းဆိုင်ရာ ခုခံမှုကို တိုက်ရိုက် စွန့်လွှတ်ခဲ့သေးသည်။
သူက ခန္ဓာကိုယ်၏ ပင်ကိုယ်အသိစိတ်ကို အားကိုးပြီး တိုက်ခိုက်နိုင်ခဲ့သေးသည်။
အမှန်အတိုင်း ပြောရလျှင် အစွမ်းများသည် ဓာတ်သဘာဝ အမျိုးအစား ထိပ်တန်းအစွမ်းပိုင်ရှင်များ ပေါ်ထွက်လာသည့်အထိ ဆင့်ကဲပြောင်းလဲလာခြင်း မရှိခဲ့လျှင်...
ဝူမုန့်ကဲ့သို့သော လူမျိုးကသာ အမှန်တကယ် ထိပ်တန်း အစွမ်းပိုင်ရှင် ဖြစ်လာပေလိမ့်မည်။
နှိုင်းယှဉ်ကြည့်လျှင် ကျင်းရှီရုံ၊ ဝူယောင်ပန်း တို့ကဲ့သို့သော လူများကို အစွမ်းပိုင်ရှင်များဟုပင် သတ်မှတ်၍ မရနိုင်ပေ။
သူတို့တွင် သာမန်ထက်လွန်ကဲသော အစွမ်းများ ရှိနေသော်လည်း တိုက်ခိုက်ရေး ပင်ကိုယ်အသိစိတ်၊ မိမိ၏ အစွမ်းကို ဖော်ထုတ်အသုံးချနိုင်မှုတို့နှင့် ပတ်သက်လာလျှင် သူသိသော လူများထဲတွင် ဝူမုန့်သည် ထိုက်တန်စွာဖြင့် ပထမနေရာ၌ ရပ်တည်နေကြောင်း လင်းယွမ် ခံစားမိသည်။
နှမြောစရာကောင်းသည်မှာ ဝူမုန့်သည် နောက်ဆုံးတွင် အစွမ်း၏ ကန့်သတ်ခြင်းကို ခံလိုက်ရခြင်းပင်။
သွေးသားကြီးထွားခြင်းအစွမ်းသည် အဆုံးတွင်တော့ အလားအလာ အလွန် နိမ့်ကျလွန်းလှသည်။
ဆက်ရန်...