အခန်း ၉၀၀
Vol. 45 Ch. 900
အပိုင်း(၉၀ဝ) လက်အောက်ခံအဖြစ် သိမ်းသွင်းခြင်း
ရှီလျန်ဟိုင်နှင့် ကွမ်မောက်ချိုင်တို့ နှစ်ဦးက တစ်ယောက်တစ်ပေါက်ဖြင့် လင်းယွမ်နှင့် အပေးအယူလုပ်ရန် ချက်ချင်း ကမ်းလှမ်းကြ၏။
လက်ရှိအခြေအနေအရ မြေဝါနတ်ဘုရားကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့က သူတို့အတွက် တစ်ခုတည်းသော အပေးအယူလုပ်စရာ အရာများဖြစ်နေပြီ ဖြစ်၏။
ထို့ကြောင့် သူတို့က ဤနောက်ဆုံးမျှော်လင့်ချက်ကိုသာ ဆုပ်ကိုင်ထားပြီး လင်းယွမ်နှင့် စကားပြောရတော့မည် ဖြစ်၏။
လင်းယွမ်က ရယ်မောရင်း "ခင်ဗျားတို့က နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို အရမ်း အရေးကြီးတယ်လို့ ထင်နေကြတာလား"
"အခု ကျွန်တော့်လက်ထဲမှာ ရေပေါ်ကျွန်းနဲ့ လေပေါ်ကျွန်း အရေအတွက်က ဂဏန်းနှစ်လုံးအထိတောင် ရှိနေပြီ... မြေဝါနတ်ဘုရားကျွန်းလေးက ကျွန်တော့်ကို တကယ်ပဲ အကြပ်ရိုက်စေမယ်လို့ ခင်ဗျားတို့ ထင်နေတာလား... ခင်ဗျားတို့ရဲ့ ခြိမ်းခြောက်တာကို ခံရမယ်လို့များ ထင်နေလား"
ရှီလျန်ဟိုင်နှင့် ကွမ်မောက်ချိုင်တို့၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွား၏။
မှန်ပေ၏... သူတို့ တွေးတာ မှားသွားခဲ့ပြီ... သူတို့မျက်စိထဲတွင် အလွန်အရေးကြီးသော ရေပေါ်ကျွန်းက လင်းယွမ်အတွက်မူ အလွန်ရိုးရှင်းသော အရာတစ်ခုသာ ဖြစ်နေခဲ့ပြီ ဖြစ်၏။
လင်းယွမ်က ယခုအခါတွင် အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားပြီ ဖြစ်၏။
ရှီလျန်ဟိုင်က ထိုအချက်ကို သဘောပေါက်သွားပြီး သဘောထားကို ချက်ချင်းပြောင်းလဲကာ အလျင်စလို ပြောဆို၏ "ဆရာလင်း... ကျွန်တော်တို့က ဆရာ့ကို ခြိမ်းခြောက်တာ မဟုတ်ပါဘူး... ကျွန်တော်တို့က အသက်ရှင်ချင်ရုံလေးပါ"
"ဒီကပ်ဘေးကြီးထဲမှာ ကျွန်တော်တို့လို လူတွေ အသက်ရှင်ဖို့ဆိုတာ မလွယ်ကူပါဘူး... ဒီလို အခြေအနေအထိ ရောက်လာဖို့ ခဲယဉ်းလွန်းလို့ ဘယ်သူမှ မသေချင်ကြပါဘူး"
"ဆရာသာ အသက်ရှင်ခွင့်ပေးမယ်ဆိုရင်... နှလုံးအမြူတေကို ကြည်ကြည်ဖြူဖြူနဲ့ ဆက်သပါ့မယ်"
ကွမ်မောက်ချိုင်က ရှီလျန်ဟိုင် မျက်နှာပြောင်းမြန်လွန်းသည်ကို တွေ့ရသဖြင့် စိတ်ထဲမှ ကျိန်ဆဲရင်း အလျင်အမြန် ဝင်ပြော၏ "ဆရာလင်း... ခုနက ကျွန်တော် စကားပြောတာ နည်းနည်း ရိုင်းသွားတယ်... တောင်းပန်ပါတယ်... ကျွန်တော်လည်း ဒီသဘောပါပဲ... ကျွန်တော်က အသက်ရှင်ချင်ရုံသက်သက်ပါ... ဆရာ့ကို ခြိမ်းခြောက်ချင်တဲ့ သဘော လုံးဝမရှိပါဘူး"
"ဦးနှောက်အမြူတေကိုလည်း ကြည်ကြည်ဖြူဖြူနဲ့ ဆက်သပါ့မယ်... ဆရာ့အနေနဲ့ ကျွန်တော်တို့ကို အသက်ရှင်ခွင့်လေး ပေးဖို့ပဲ တောင်းဆိုပါတယ်"
ထိုသူနှစ်ဦး၏ မျက်နှာပြောင်းမြန်လွန်းမှုက လင်းယွမ်ကိုပင် မထင်မှတ်ထားစေလောက်အောင် ဖြစ်သွားစေ၏။
သို့သော် သူက တည်ငြိမ်စွာဖြင့် ပြောဆို၏ "ခင်ဗျားတို့နှစ်ယောက်က အသက်ရှင်ချင်တယ်ပေါ့... ဒါက လွယ်ပါတယ်... အနည်းဆုံးတော့ ကျွန်တော့်ကို အကြောင်းပြချက် တစ်ခုလောက် ပေးရမှာပေါ့"
"အရင်တုန်းက ခင်ဗျားတို့ မြေမိခင်ဂိုဏ်းက လူတွေကို ခေါ်လာပြီး ကျွန်တော့်ရဲ့ ထိုက်ယန်တောင်ကို ဒုက္ခပေးတုန်းကကျတော့... ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးဖို့ မစဉ်းစားခဲ့ကြဘူး မဟုတ်လား"
"အခု ဒီဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေက ကျွန်တော် မဖြစ်မနေ ရယူရမယ့် ပစ္စည်းတွေပဲ... ခင်ဗျားတို့နှစ်ယောက် အသက်ရှင်ချင်တယ်ဆိုရင် ဒီပစ္စည်းနှစ်ခုလောက် ပေးရုံနဲ့တော့ မလုံလောက်ဘူး"
ထိုစကားကို ကြားရသောအခါ ကွမ်မောက်ချိုင်နှင့် ရှီလျန်ဟိုင်တို့က ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားကြ၏။
သူတို့နှစ်ဦးက ဟိုတွေးဒီတွေး လုပ်နေကြပြီး ကွမ်မောက်ချိုင်က ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားကာ အော်ပြော၏ "ဆရာလင်း... ကျွန်တော်တို့က အသုံးဝင်ပါသေးတယ်... ကျွန်တော်တို့က ထိုက်ယန်တောင်ကို သစ္စာခံပြီး ထိုက်ယန်တောင်အတွက် နယ်မြေသစ်တွေ ချဲ့ထွင်ပေးလို့ ရပါတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေပါ... ဆရာ့အနေနဲ့ အလုပ်လုပ်ပေးမယ့်သူ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ လုပ်ပေးနိုင်ပါတယ်"
ရှီလျန်ဟိုင်ကလည်း ချက်ချင်း တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ အလျင်စလို အော်ပြော၏ "ဆရာလင်း... ဝူမုန့်က ကြယ်တံခွန်ကျွန်းကို ယူပြီး ထွက်ပြေးသွားတယ်... အဲဒီ ကြယ်တံခွန်ကျွန်းက ဆရာ ပိုင်ဆိုင်ရမယ့်ဟာပါ... ကျွန်တော်တို့နှစ်ယောက်က အဲဒီ ကြယ်တံခွန်ကျွန်းကို ပြန်လုယူပြီး ဆရာ့ဆီကို ပြန်အပ်နိုင်ဖို့ နည်းလမ်းရှာပေးပါ့မယ်"
"ဒါ့အပြင် ဝူမုန့် ဘယ်သွားလဲဆိုတာကိုလည်း ကျွန်တော်တို့ သိတယ်... သူက နတ်ဘုရားနိုင်ငံတော်ကို သွားမှာပါ... ကျွန်တော်တို့ နတ်ဘုရားနိုင်ငံတော်ကို သွားပြီး ဆရာ့အတွက် မြောက်ပိုင်းအခြေအနေတွေကို စုံစမ်းပေးလို့ ရပါတယ်"
သူတို့နှစ်ဦးက စကားတွေ အများကြီး ပြောလိုက်သော်လည်း အစပိုင်း စကားများကို လင်းယွမ်က အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။
နောက်နေတာလား... ထိုက်ယန်တောင်က ယခုအခါတွင် ဖွံ့ဖြိုးတိုးတက်နေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင်များက များပြားလှ၏။
မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ အင်အားစုနှစ်ခုကို ပြောစရာပင် မလိုတော့ပေ... ထိုအဖွဲ့များတွင်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင်များ အမြောက်အမြား ရှိနေကြ၏။
ထို့ကြောင့် လင်းယွမ်က အစပိုင်းတွင် ဂရုမစိုက်ခဲ့ခြင်း ဖြစ်၏။
သို့သော် ရှီလျန်ဟိုင်က နတ်ဘုရားနိုင်ငံတော်သို့ သွားရောက်ကာ သတင်းအချက်အလက် စုံစမ်းပေးနိုင်ကြောင်း ပြောလာသောအခါ လင်းယွမ်က ချက်ချင်း စိတ်ဝင်စားသွားခဲ့၏။
ယခုအခါ ယွီကျိုးပြည်နယ်ဘက်ရှိ သုံးပုံနှစ်ပုံသော နယ်မြေများက သူ၏ လက်အောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီတွင် နတ်ဘုရားနိုင်ငံတော်နှင့် နယ်နိမိတ်ချင်း ထိစပ်တော့မည် ဖြစ်၏။
မြောက်ပိုင်း ကျင်းကျိုးလည်း ရှိသေး၏... ထိုနယ်မြေများတွင်လည်း အစွမ်းပိုင်ရှင် အများအပြား ရှိနေကြ၏။
လက်ရှိတွင် သူက ထိုဘက်ရှိ အခြေအနေများကို လုံးဝ မသိရှိသေးသဖြင့် အလွန် အန္တရာယ်များလှ၏။
အကယ်၍ တစ်စုံတစ်ယောက်က ကြိုတင် ခိုးဝင်သွားပြီး သတင်းအချက်အလက်များကို စုံစမ်းပေးနိုင်မည်ဆိုလျှင် ထိုအရာက သေချာပေါက် ကောင်းမွန်သော ကိစ္စဖြစ်၏။
ထိုသို့ အန္တရာယ်များသော အချိန်မျိုးတွင် လင်းယွမ်က သူ၏ ကိုယ်ပိုင်လူများကို စေလွှတ်ရန် မသင့်တော်ပေ။
သူ့ရှေ့ရှိ ဤလူနှစ်ယောက် သွားမည်ဆိုလျှင် သူတို့နှစ်ဦး သေဆုံးသွားလျှင်တောင် သူ၏ စိတ်ထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ ရှိမည်မဟုတ်ပေ။
ထိုအချက်ကို တွေးမိပြီးနောက် လင်းယွမ်က ပြုံးရယ်၏ "နတ်ဘုရားနိုင်ငံတော်ကို သွားပြီး ကျွန်တော့်အတွက် သတင်းစုံစမ်းပေးမယ်ဆိုတဲ့ အကြံကတော့ မဆိုးပါဘူး"
"ဒါပေမဲ့ ခင်ဗျားတို့က သွားပြီးပြန်မလာတော့ဘူး ဆိုရင်... ကျွန်တော်က ခင်ဗျားတို့ကို ဘယ်လိုလုပ် ရှာရမလဲ"
ရှီလျန်ဟိုင်က အလျင်အမြန် ကျိန်တွယ်၏ "ဆရာလင်း စိတ်ချပါ... ကျွန်တော် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ရဲပါတယ်... ကျွန်တော်သာ ဆရာ့ကို သစ္စာဖောက်ရဲရင် ကျွန်တော် မွေးလာတဲ့သား အင်္ဂါမစုံဘဲ ဖြစ်ပါစေ... အပြင်ထွက်တာနဲ့ မိုးကြိုးပစ်ခံရပါစေ"
လင်းယွမ်က ထိုစကားကို ကြားရသော်လည်း လက်ခံခြင်း ငြင်းပယ်ခြင်း မပြုပေ။
ကျိန်စာကသာ လူတစ်ယောက်ကို တကယ် ထိန်းချုပ်နိုင်မည်ဆိုလျှင် ရဲတွေက ဘာလုပ်ဖို့ လိုတော့မည်နည်း။
လင်းယွမ်က အပိုစကားတွေ မပြောတော့ဘဲ ကပ်ပါးမျိုးစေ့ နှစ်ခုကို ထုတ်ယူကာ ပြောဆို၏ "အသုံးမဝင်တဲ့ စကားတွေ မပြောနဲ့တော့... ဒီမှာ ထူးခြားတဲ့ ဆေးနှစ်လုံး ရှိတယ်... ခင်ဗျားတို့ ကျွန်တော့်ရှေ့မှာပဲ မျိုချ... ဒါဆိုရင် ကျွန်တော် ခင်ဗျားတို့ကို ယုံကြည်ပေးမယ်"
သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး အချင်းချင်း၏ မျက်လုံးများထဲမှ မတတ်သာသော အရိပ်အယောင်များကို မြင်တွေ့ရ၏။
အခြေအနေက ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ သူတို့သာ မစားလျှင် ဤခန်းမကြီးထဲမှ တကယ်ကို ထွက်သွားနိုင်တော့မည် မဟုတ်ပေ။
စားလိုက်မည်ဆိုလျှင် အသက်ရှင်ခွင့် ရနိုင်လောက်သေး၏။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်အထိ ကျင့်ကြံထားပြီး အာဏာ၏ အမြင့်ဆုံး အရသာကို ခံစားဖူးခဲ့ပြီးဖြစ်ရာ သူတို့က ဤမျှ လွယ်လွယ်ဖြင့် မည်သို့ အသေခံနိုင်မည်နည်း။
ထို့နောက် သူတို့နှစ်ဦးက အသက်ကို ပြင်းပြင်း ရှူသွင်းကြ၏။
"ကောင်းပြီ"
"ကျွန်တော် စားမယ်"
သူတို့နှစ်ဦးက အသီးသီး ပြန်ဖြေကြ၏။
လင်းယွမ်က အနည်းငယ် ပြုံးကာ လက်ချောင်းကို တစ်ချက် ခေါက်လိုက်ရာ ကပ်ပါးမျိုးစေ့များက သူတို့နှစ်ဦးထံသို့ လျှပ်တစ်ပြက် လွင့်စင်သွား၏။
သူတို့နှစ်ဦးက အလျင်အမြန် ဖမ်းယူကြပြီး ဤအစိမ်းရောင် မျိုးစေ့လေးကို သေချာစွာ ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် မျိုချကြတော့၏။
လင်းယွမ်က ဝမ်ယွိအာကို တစ်ချက် ကြည့်ကာ ပြောဆို၏ "သင်္ကေတအစီအရင်ကို ဖြေချလိုက်တော့"
"ဟုတ်ကဲ့ပါ"
သင်္ကေတအစီအရင်ကြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံး၏ သန္ဓေပြောင်းအစွမ်းများ ချက်ချင်း ပြန်လည်ရရှိသွားကြ၏။
သန္ဓေပြောင်းအစွမ်းများ ပြန်လည်ရရှိလာသည်နှင့်အမျှ ထိုကပ်ပါးမျိုးစေ့ နှစ်ခုက ရှီလျန်ဟိုင်တို့ နှစ်ဦး၏ သွေးကြောများထဲသို့ ချက်ချင်း စိမ့်ဝင်သွားပြီး စိတ်ပင်လယ်ထဲတွင် အမြစ်တွယ်သွားတော့၏။
သူတို့နှစ်ဦးက ကပ်ပါးမျိုးစေ့ ရှိနေခြင်းကို ချက်ချင်း ခံစားရသော်လည်း အနည်းငယ်မျှပင် ပြန်လည်ခုခံခြင်း မပြုရဲကြပေ။
လင်းယွမ်က သူတို့နှစ်ဦး၏ မျက်နှာများ သိပ်မကောင်းသည်ကို ကြည့်ကာ ပြုံးရင်း ပြောဆို၏ "ဒါက ကပ်ပါးမျိုးစေ့လို့ ခေါ်တယ်... ခင်ဗျားတို့နှစ်ယောက်က နှစ်စဉ်တိုင်း ကျွန်တော့်ဆီကို တစ်ခေါက် ပြန်လာပြီး သတင်းပို့ရမယ်... အဲဒီအချိန်ကျရင် ဒီကပ်ပါးမျိုးစေ့ကို ကျွန်တော်က ဖိနှိပ်ပေးမယ်"
"အဲဒီလိုမှ မဟုတ်ရင် ကပ်ပါးမျိုးစေ့က ထိန်းချုပ်လို့ မရတော့ဘဲ ခင်ဗျားတို့ရဲ့ သွေးတွေနဲ့ စိတ်စွမ်းအင်တွေကို အာဟာရအဖြစ် စုပ်ယူပြီး ကြီးထွားလာလိမ့်မယ်"
သူတို့နှစ်ဦး၏ မျက်နှာများက ချက်ချင်း ဖြူရော်သွားကြပြီး နောက်ပိုင်းတွင် မိမိတို့နှစ်ဦး၏ အသက်က သူတစ်ပါး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းကို ထင်ရှားစွာ သိကြ၏။
"နားလည်ပါပြီ"
"ကျေးဇူးတင်ပါတယ် ဆရာလင်း"
သူတို့နှစ်ဦးက စိတ်ထဲမှ သက်ပြင်းချကြပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့် လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုရ၏။
လင်းယွမ်က ခပ်ဖွဖွ ရယ်မောရင်း ပြောဆို၏ "ရပြီ... မြေဝါနတ်ဘုရားကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ပေးပြီးတော့ ခင်ဗျားတို့နှစ်ယောက် နတ်ဘုရားနိုင်ငံတော်ကို သွားကြတော့"
သူတို့နှစ်ဦးက မတွန့်ဆုတ်ရဲကြတော့ဘဲ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို အသာတကြည် ပေးအပ်ကြပြီးနောက် အလျင်စလို နှုတ်ဆက်ထွက်ခွာသွားကြ၏။
ဟူကွမ်းကျွန်းမှ လျင်မြန်စွာ ပျံသန်းထွက်ခွာလာပြီးနောက် သူတို့နှစ်ဦးက အနီးအနားရှိ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်သို့ လျင်မြန်စွာ ပုန်းကွယ်ဝင်ရောက်သွားကြ၏။
ကွမ်မောက်ချိုင်က ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ကပ်ပါးမျိုးစေ့ကို အာရုံခံကာ ၎င်းကို ဖယ်ရှားရန် နည်းလမ်းရှာဖွေကြည့်၏။
ရှီလျန်ဟိုင်ကလည်း ထိုနည်းတူပင် သန္ဓေပြောင်းအစွမ်းကို တိုက်ရိုက် လှုံ့ဆော်ကာ မြေဒြပ်စင်အဖြစ် ပြောင်းလဲလိုက်ပြီး ဤထူးဆန်းသော အရာဝတ္ထုကို ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်ပစ်နိုင်မည်လားဟု စမ်းသပ်ကြည့်၏။
သို့သော် သူတို့နှစ်ဦးက နည်းလမ်းပေါင်းစုံဖြင့် စမ်းသပ်ကြည့်သော်လည်း နောက်ဆုံးတွင် ကပ်ပါးမျိုးစေ့ကို ခန္ဓာကိုယ်အပြင်ဘက်သို့ လုံးဝ ထုတ်မပစ်နိုင်ခဲ့ပေ။
ခဏချင်းအတွင်း သူတို့နှစ်ဦး၏ မျက်နှာများက ရေများ အစက်ချနိုင်လောက်အောင် မှောင်မိုက်သွားကြ၏။
"ဘယ်လိုလဲ... မင်း ထုတ်လို့ရလား"
"မရဘူး... ဒြပ်စင်ပြောင်းလဲပြီး စမ်းကြည့်တာတောင် လုံးဝ မရဘူး"
"တောက်... ဒီကပ်ပါးမျိုးစေ့ဆိုတာက ဘာသောက်ကျိုးနည်း အရာကြီးလဲကွာ"
"သစ်ဓာတ် သန္ဓေပြောင်းအစွမ်းနဲ့ တူတယ်... ကျစ်... ငါတို့က တကယ်ပဲ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ တစ်သက်လုံး နေသွားရတော့မှာလား" ရှီလျန်ဟိုင်က မနေနိုင်ဘဲ ကျိန်ဆဲ၏။
ကွမ်မောက်ချိုင်ကလည်း ထိုနည်းတူ မျက်နှာများ ဖြူရော်နေပြီး ပြောဆို၏ "အခုလောလောဆယ်တော့ တစ်ဆင့်ချင်းပဲ သွားရတော့မှာပဲ... အနည်းဆုံးတော့ ငါတို့ အသက်ရှင်နေသေးတယ် မဟုတ်လား"
"ဒါနဲ့... ခုနက ဘယ်လိုဖြစ်သွားတာလဲ... ဝူမုန့်က ထွက်မကူဘူးလား"
ကွမ်မောက်ချိုင်က ယခင်တိုက်ပွဲကို ပြန်လည်တွေးတောမိပြီး အလျင်စလို မေးမြန်း၏။
ရှီလျန်ဟိုင်က ထိုစကားကို ကြားရသောအခါ ချက်ချင်း ကျိန်ဆဲ၏ "သောက်ခွေးကောင်... သူက ငါတို့ကို ကူဖူးလို့လား"
ထိုအချိန်က ကွမ်မောက်ချိုင်က အရိုက်ခံရ၍ သတိလစ်နေပြီဖြစ်ပြီး ဝူမုန့် ဝင်ရောက်တိုက်ခိုက်ချိန်တွင် သူ၏ ဦးနှောက်များပင် မကြည်လင်တော့ပေ။
ရှီလျန်ဟိုင်၏ စကားကို ကြားရသောအခါ သူက ဘာတွေဖြစ်ခဲ့သည်ကို အလျင်အမြန် မေးမြန်း၏။
ရှီလျန်ဟိုင်က ဝူမုန့်က သူတို့နှစ်ဦးကို သစ္စာဖောက်ရောင်းစားသွားခဲ့သည့် အကြောင်းကို ချက်ချင်း ပြောပြ၏။
ကွမ်မောက်ချိုင်က ထိုစကားကို ကြားရသည်နှင့် ချက်ချင်း ဒေါသများ ပေါက်ကွဲထွက်လာ၏ "ဝူမုန့်ဆိုတဲ့ သောက်ရူးကောင်... ဒီကောင် ရူးသွားပြီလား"
"ငါတို့တွေ အတူတူ နတ်ဘုရားနိုင်ငံတော်ကို သွားရင် အချင်းချင်း ကူညီဖေးမလို့ ရသေးတယ်... သူက ငါတို့ကို အလျင်စလို ရောင်းစားတာ ဘာအကျိုးရှိမှာမို့လို့လဲ"
"ဒါမှမဟုတ်... သူက ငါတို့ကို ရောင်းစားရင် လင်းယွမ်ဆီကနေ မျက်နှာသာရမယ်လို့များ ထင်နေတာလား"
ရှီလျန်ဟိုင်က ခေါင်းခါရင်း ပြောဆို၏ "မဟုတ်ဘူး... ငါထင်တာတော့ ဒီကောင်က လင်းယွမ် သူ့ကို ဆက်မလိုက်နိုင်အောင် ငါတို့ကို ရောင်းစားခဲ့တာ ဖြစ်မယ်"
"မင်း သတိမထားမိဘူးလား... လင်းယွမ်က ကြယ်တံခွန်ကျွန်း ဘယ်ရောက်သွားလဲဆိုတာကို လုံးဝ ဂရုမစိုက်ဘူး... ငါက ကြယ်တံခွန်ကျွန်းကို ပြန်လုပေးမယ်လို့ ပြောတာတောင် သူက ဘာမှ ထူးခြားတဲ့ပုံ မပြဘူး"
"ဝူမုန့်က အရင်တုန်းက ထိုက်ယန်တောင်ကနေ ထွက်လာတာလို့ ငါ ကြားဖူးတယ်... သူနဲ့ လင်းယွမ်ကများ အရင်က ရင်းနှီးခဲ့ကြတာလား" ကွမ်မောက်ချိုင်က သံသယဖြင့် မေးမြန်း၏။
ရှီလျန်ဟိုင်က ခေါင်းခါ၏ "မဖြစ်နိုင်လောက်ဘူး... တကယ်လို့သာ ရင်းနှီးခဲ့ရင် အရင်တုန်းက ငါတို့ ဂိုဏ်းကြီးသုံးခု ထိုက်ယန်တောင်ကို ဝင်တိုက်တုန်းက ဝူမုန့်က ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
"ဟက်... သူ့ရဲ့ အဲဒီတုန်းက အစွမ်းအစနဲ့ ဘာလုပ်လို့ ရမှာလဲ" ကွမ်မောက်ချိုင်က လှောင်ပြုံး ပြုံး၏။
"အရင်တုန်းက လင်းယွမ် အဲဒီလောက် မြန်မြန် ပြန်ရောက်လာတာကများ... သူ သွားပြီး သတင်းပေးလို့များလားဆိုတာ ငါ အခုထိ သံသယဖြစ်နေတုန်းပဲ"
ရှီလျန်ဟိုင်က ထိုစကားကို ကြားရသောအခါ အနည်းငယ် သံသယ ဝင်သွားမိ၏။
သို့သော် သူက ချက်ချင်း ခေါင်းခါရင်း ပြောဆို၏ "အခုက ဒါတွေကို စဉ်းစားနေရမယ့် အချိန်မဟုတ်ဘူး... ငါတို့ ရှေ့ဆက် ဘာလုပ်ကြမလဲ"
"မင်းနဲ့ငါ အခု သူတစ်ပါးရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီဆိုတော့... လင်းယွမ် စကားကိုနားထောင်ပြီး နတ်ဘုရားနိုင်ငံတော်ဘက်ကို လျှို့ဝှက်သတင်းပေးအဖြစ် သွားရတော့မှာလား"
ကွမ်မောက်ချိုင်ကလည်း မျက်မှောင်ကြုတ်သွားပြီး ပြောဆို၏ "လောလောဆယ် မင်းမှာ တခြားနည်းလမ်း ရှိသေးလို့လား"
"ဒီကပ်ပါးမျိုးစေ့က မင်းနဲ့ငါ့ ခန္ဓာကိုယ်ထဲမှာ ရှိနေသရွေ့ ငါတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး"
"ပြီးတော့ ဝူမုန့်ဆီ သွားပြီး စာရင်းရှင်းရဦးမယ်... တောက်... သူက ငါတို့ကို သစ္စာဖောက်ခဲ့တာ... ဒီကိစ္စအတွက် သူ့ကို သေချာပေါက် ပေးဆပ်ခိုင်းရမယ်"
ကွမ်မောက်ချိုင်၏ စကားကြောင့် ရှီလျန်ဟိုင်က ချက်ချင်း ခေါင်းညိတ်ကာ ဒေါသတကြီးဖြင့် ပြောဆို၏ "ဒီခွေးကောင်က တကယ်ကို သေသင့်တာ... ကြည့်ရတာ ဒီနတ်ဘုရားနိုင်ငံတော်ကို ငါတို့ သေချာပေါက် သွားရတော့မယ် ထင်တယ်"
ထိုသို့ပြောပြီးနောက် ရှီလျန်ဟိုင်က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ ကွမ်မောက်ချိုင်ကို ကြည့်ပြီး ပြောဆို၏ "မင်း အရင်က ဟိုဘက်က လူတွေနဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာမယ်လို့ ပြောထားတယ် မဟုတ်လား"
"အခု ဆက်သွယ်လို့ ရသေးလား"
ကွမ်မောက်ချိုင်က သက်ပြင်းချ၏ "အရင်တုန်းကတော့ ငါတို့ဆီမှာ ရေပေါ်ကျွန်း တစ်ကျွန်းနဲ့ လူဦးရေ အရင်းအမြစ်တွေ အများကြီး ရှိသေးတယ်... အဲဒါတွေက အပေးအယူလုပ်ဖို့အတွက် အရင်းအနှီးတွေပဲ"
"အခုတော့ မင်းနဲ့ငါ နှစ်ယောက်တည်းပဲ ကျန်တော့တယ်... အရင်က ဆက်သွယ်ထားတဲ့ ကောင်ကများ စကားပြောင်းသွားမလားလို့ ငါ စိုးရိမ်နေတာ"
"ဟင်... မင်းက ဘယ်သူ့ကို ဆက်သွယ်ထားတာလဲ" ရှီလျန်ဟိုင်က မေးမြန်း၏။
"ရေနတ်ဘုရားဂိုဏ်းက လူတွေကိုလေ" ကွမ်မောက်ချိုင်က သက်ပြင်းချရင်း ဖြေ၏။
ရှီလျန်ဟိုင်က ချက်ချင်း အံ့သြသွား၏ "ရေနတ်ဘုရားဂိုဏ်း ဟုတ်လား... သူတို့ကို လင်းယွမ်က ဖျက်ဆီးပစ်လိုက်ပြီ မဟုတ်ဘူးလား... အဲဒီတုန်းက ရေနတ်ဘုရားဂိုဏ်းရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေကို လင်းယွမ်က ဖမ်းရင်ဖမ်း... မဖမ်းရင်လည်း ပွဲချင်းပြီး သတ်ပစ်လိုက်တယ်လို့ ငါ ကြားထားတယ်နော်"
ကွမ်မောက်ချိုင်က သူ့ကို တစ်ချက်ကြည့်ရင်း ပြောဆို၏ "မင်း မေ့နေပြီလား... ရေနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မသေသေးဘူးလေ"
ရှီလျန်ဟိုင်က ချက်ချင်း ကြောင်သွားပြီးနောက် ချက်ချင်း သဘောပေါက်သွား၏ "ဖိန်ယွမ်ဟူလား"
"နေဦး... အဲဒီကောင်က စစ်တပ်ရဲ့သိမ်းငှက်အုပ်စုထဲ ဝင်သွားပြီး... ကောင်းကင်ပေါ်က လေပေါ်ကျွန်းတွေကို တစ်ချိန်လုံး လေ့လာနေခဲ့တာ မဟုတ်ဘူးလား"
"ဒါပေမဲ့... သိမ်းငှက်အုပ်စုလည်း လင်းယွမ်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီလေ"
ရှီလျန်ဟိုင်က ချက်ချင်း မှတ်မိသွား၏။ သိမ်းငှက်အုပ်စု ပျက်စီးသွားရုံသာမက သိမ်းငှက်အုပ်စု၏ ခေါင်းဆောင်ဖြစ်သူ ယွမ်ရှီကျဲပင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
သူက အရင်တုန်းက ဤကိစ္စကို တကယ်ကို ဂရုမစိုက်မိခဲ့ပေ။ ယခု ပြန်စဉ်းစားကြည့်မှသာ သိမ်းငှက်အုပ်စုက ထိုအချိန်က သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ခဲ့ကြပြီး လင်းယွမ်က စစ်တပ်မှ လူအမြောက်အမြားကို အတင်းအဓမ္မ သိမ်းသွင်းသွားခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုအချိန်က သူကိုယ်တိုင်မှာ အသက်လု၍ ထွက်ပြေးနေရသဖြင့် ဖိန်ယွမ်ဟူ၏ လှုပ်ရှားမှုကို သတိမထားမိခဲ့ပေ။
ဆက်ရန်...