အခန်း ၂၀၀၉
Vol. 201 Ch. 2009
အခန်း (၂၀၀၉) မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ခြင်း
"ဝါ့ထျန်ဧကရာဇ် ဟုတ်လား… သူက ဒီနေရာမှာရှိတဲ့ ကျဆုံးမသေမျိုးတွေရဲ့ ခေါင်းဆောင်လား"
ချီယန်သူတော်စင်သည် ဖျင်ရွှီတစ်ပိုင်းသူတော်စင်အား တည်ငြိမ်အေးဆေးစွာဖြင့် တစ်ချက်မျှ ဝှေ့ယမ်းကြည့်ရှုလိုက်၏။ တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကမူ သူ၏ မျက်ဝန်းထဲတွင် ထမင်းစားရေသောက်သကဲ့သို့သာ ဖြစ်ပေသည်။
"မှန်ပါတယ်"
ဖျင်ရွှီတစ်ပိုင်းသူတော်စင်က လက်အုပ်ချီလျက် ရိုသေစွာ ဆိုလိုက်သည်။ ချီယန်သူတော်စင်၏ မျက်ဝန်းအစုံထဲမှ အထင်သေးရုံမျှမကသည့် အရိပ်အယောင်များကို သတိပြုမိလိုက်သော်လည်း၊ သူ၏ ရင်ထဲ၌ မည်သို့သော ဒေါသတရားမျှ ရုန်းကြွပေါ်ပေါက်လာခြင်း မရှိပါချေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ မလာရောက်မီအချိန်ကတည်းကပင် ဝါ့ထျန်ဧကရာဇ်က အလုံးစုံကို ကြိုတင်မှာကြား ညွှန်ကြားထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
"နေဦး… မင်းတို့ ကျဆုံးမသေမျိုး မျိုးနွယ်စုတွေ လျှောက်လှမ်းနေကြတဲ့ လမ်းစဉ်ကတော့… အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ"
ချီယန်သူတော်စင်သည် ရုတ်တရက်ဆိုသကဲ့သို့ တစ်စုံတစ်ရာသော ထူးခြားဆန်းပြားမှုကို ရိပ်မိသွားခဲ့ရချေပြီ။
မိမိ၏ ရှေ့မှောက်တွင် ရှိနေသည့် ပုဂ္ဂိုလ်သည်… လူသားကမ္ဘာ နယ်မြေကိုးခု၌ သူ မြင်တွေ့ခဲ့ရသည့် ကျင့်ကြံသူများနှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေခဲ့သည်။
ဤသူ ခန္ဓာကိုယ်အတွင်း၌ စုစည်းတည်ဆောက်ထားသည့် အတွင်းနယ်မြေသည်… ဝူခေါင်းဆောင် ဆီမှနေ၍ သတင်းပို့လာခဲ့ဖူးသကဲ့သို့ သေဆုံးသွားခဲ့သည့် အတွင်းနယ်မြေများကို လိုက်လံသန့်စင်ပြီးမှ လျှောက်လှမ်းရသည့် ဘေးလွဲလမ်းစဉ်ဆိုးမျိုး လုံးဝမဟုတ်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့်… ဤသူ၏ အတွင်းနယ်မြေက အလွန်တရာ စနစ်ကျပြီး ဖြောင့်မတ်မှန်ကန်လွန်းလှပေသည်။
"ဝါ့ထျန်ဧကရာဇ်ကတော့… အနှိုင်းမဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ပါရမီရှင်ကြီးတစ်ဦးပါပဲ၊ ကျွန်တော်မျိုးတို့အားလုံးအတွက် လမ်းစဉ်သစ်တစ်ခုကို ဖောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်"
ဖျင်ရွှီတစ်ပိုင်းသူတော်စင်က လက်အုပ်ချီလျက် ပြုံးရယ်ကာ ဆိုလိုက်ပြီး -
"ဧကရာဇ်မင်းမြတ်က… မိတ်ဆွေတို့အားလုံး ဒီနေရာဆီ ဧည့်သည်တော်အဖြစ် လာရောက်လည်ပတ်ကြတာကို အာရုံခံမိလိုက်တာကြောင့်၊ ကျွန်တော်မျိုးကို အထူးတလည် ခရီးဦးကြိုပြုပြီး လမ်းပြခိုင်းလိုက်တာ ဖြစ်ပါတယ်ခင်ဗျာ"
"ငါကတော့… မင်းတို့ရဲ့ အဲဒီ ဝါ့ထျန်ဧကရာဇ်ဆိုတဲ့ လူအပေါ်မှာ၊ စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့ပြီပဲ… မင်း လမ်းပြလိုက်တော့"
ချီယန်သူတော်စင်က ပြုံးယောင်သန်းလျက် ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။
သို့သော်လည်း သူ၏ မျက်ဝန်းအစုံ၏ အောက်ခြေ၌မူ… ပြင်းထန်လှသော ထိတ်လန့်အံ့ဩခြင်း အရိပ်အယောင်တစ်ခု စွဲထင်ကျန်ရစ်နေခဲ့ရချေပြီ။
ဖျင်ရွှီတစ်ပိုင်းသူတော်စင်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ… ချီယန်သူတော်စင်အား အနည်းငယ် နားမလည်နိုင်ဖြစ်သွားစေမည့် အပြုအမူတစ်ခုကို လုပ်ဆောင်လိုက်မိသည်၊ ထိုအရာကမူ ခန္ဓာကိုယ်ကို လှည့်ပြန်လျက် ဦးခေါင်းကို ညွှတ်ထားလိုက်ခြင်းပင်။
စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်… ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး တစ်ခုက လူတိုင်း၏ ရှေ့မှောက်ဟင်းလင်ပြင်ထဲမှနေ၍ ရုတ်တရက် ရုန်းကြွပေါ်ပေါက်လာခဲ့ရချေပြီ။
ထိုတံခါးကြီး၏ အတွင်းဘက်တွင်မူ… လူသားတစ်ဦး၏ ရုပ်အသွင်သဏ္ဌာန်က မတ်တတ်ရပ်နေခဲ့ပြီး၊ ချီယန်သူတော်စင်ကို ပြုံးရယ်လျက် ကြည့်ရှုနေကာ
"မိတ်ဆွေက… အဝေးကြီးကနေ လာခဲ့ရတာပဲ၊ ငါ့အနေနဲ့ ကြိုဆိုဖို့ ပျက်ကွက်ခဲ့မိပါတယ်…မိတ်ဆွေအနေနဲ့ အတွင်းထဲကို ဝင်ရောက်ပြီး စကားစမြည် ပြောဆိုကြဖို့ ဖိတ်ခေါ်ပါတယ်၊ တကယ်လို့ ကံကောင်းမယ်ဆိုရင်တော့…မိတ်ဆွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်း အချို့ကိုပါ မြင်တွေ့ရနိုင်မလား မသိဘူးနော်"
"ဒီရနံ့စွမ်းအင်က……"
မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်က ချီယန်သူတော်စင် တစ်ဦးတည်း မဟုတ်ပါချေ။
သူနှင့်အတူ လိုက်ပါလာခဲ့ကြသည့် တစ်ပိုင်းသူတော်စင် ဆယ်ယောက်၊ ကန့်သတ်ချက် ချိုးဖျက်ထားသည့် ကျင့်ကြံသူ နှစ်ထောင်တို့ကပါ… ထိုခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီးဆီမှ ပျံ့နှက်ထွက်ပေါ်လာသည့် ရနံ့စွမ်းအင်များက သာမန်တစ်ပိုင်းသူတော်စင်များထက် အဆပေါင်းများစွာ သာလွန်မြင့်မားနေသည်ကို မသဲမကွဲ ခံစားလိုက်ကြရတော့သည်။
"စွမ်းအင်စုဆောင်းခြင်း ကာလအစောပိုင်း ဟုတ်လား…"
ချီယန်သူတော်စင်၏ မျက်ဝန်းအစုံထဲတွင် ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ ဖြတ်သန်းသွားခဲ့ရချေပြီ။
နတ်ဘုရားလောကကြီးအတွင်း၌… စစ်မှန်သော သူတော်စင်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးကို မြင်တွေ့ရလိမ့်မည်ဟူ၍ သူ ဘယ်လိုနည်းနဲ့မျှ ထင်မှတ်မထားခဲ့မိပါချေ။
တစ်ဖက်လူ၏ ကျင့်ကြံခြင်း အဆင့်အတန်းက စွမ်းအင်စုဆောင်းခြင်း ကာလအစောပိုင်းမျှသာ ရှိသေးသဖြင့်… စွမ်းအင်စုဆောင်းခြင်း ကာလနှောင်းပိုင်းဖြစ်သည့် မိမိ၏ အဆင့်အတန်းကို ဘယ်လိုနည်းနဲ့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်လည်း…။
တစ်ဖက်လူ၏ ကျင့်ကြံခြင်း စွမ်းရည်ကမူ… ဤနေရာအရပ်၌ ဖိနှိပ်ချုပ်ချယ်ခြင်းကို လုံးဝ ခံထားရခြင်းမရှိပါချေ။
မိမိကမူ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံထားရသဖြင့်… တစ်ပိုင်းသူတော်စင်အဆင့်၏ စွမ်းရည်များကိုသာ အသုံးပြုနိုင်စွမ်း ရှိတော့သည်။
အကယ်၍ တစ်ဖက်လူကသာ ယခုအချိန်တွင် မိမိတို့အပေါ်၌ မကောင်းသော စိတ်အကြံ ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင်… ထိုနေရာတွင် ရှိနေကြသည့် လူတိုင်း၏ အသက်အန္တရာယ်က တစ်ဖက်လူ၏ စိတ်အကြံတစ်ခုတည်းအပေါ်၌သာ မှီတင်နေခဲ့ရချေပြီ။
"ဘာဖြစ်လို့ ဒီနေရာမှာ… တစ်စုံတစ်ယောက်က သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရတာလဲ။ သူတို့ဆီမှာ သူတော်စင်ကျမ်းစာ လမ်းစဉ်ကျင့်စဉ်တွေလည်း မရှိဘူး၊ အထွတ်ထိပ်အရိုး လည်း မရှိဘူး… သူတို့တွေက ဘယ်လိုမျိုး နည်းလမ်းနဲ့ အဲဒီလိုမျိုး အဆင့်အတန်းကို တက်လှမ်းနိုင်ခဲ့ကြတာလဲ"
ချီယန်သူတော်စင်သည် ဖျင်ရွှီတစ်ပိုင်းသူတော်စင် အစောပိုင်းတုန်းက ပြောဆိုသွားခဲ့သည့် စကားလုံးများကို ရုတ်တရက် ပြန်လည်သတိရသွားခဲ့မိရင်း… ဤ ဝါ့ထျန်ဧကရာဇ် ဆိုသည့် ပုဂ္ဂိုလ်က၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့အတွင်းမှာပင် အလွန်တရာ မြင်တွေ့ရခဲလှသည့် အနှိုင်းမဲ့ ပါရမီရှင်ကြီးတစ်ဦး ဖြစ်နေခဲ့ပြီလားဟူ၍ တွေးတောလိုက်မိတော့သည်။
မျိုးနွယ်စုရဲ့ ပထမဆုံးသော သူတော်စင်လား။
"မိတ်ဆွေ…"
ဝါ့ထျန်ဧကရာဇ်၏ အသံက ချီယန်သူတော်စင်၏ နားစည်ဆီသို့ ပျံ့နှက်ဝင်ရောက်လာခဲ့ရချေပြီ။
ချီယန်သူတော်စင်သည် မိမိ၏ ရင်ထဲမှ ထိတ်လန့်အံ့ဩခြင်းများကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်လိုက်ပြီးနောက်… ဝတ်ရုံလက်အင်္ကျီကို ခါယမ်းလိုက်ရင်း၊ မိမိ၏ လက်အောက်ခံ လူများအားလုံးကို ဦးဆောင်လျက် ထိုခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး၏ အတွင်းဘက်သို့ မျက်နှာတစ်ခုလုံး ကြောက်ရွံ့ထိတ်လန့်ခြင်း အလျဉ်းမရှိဘဲ ဖြောင့်ဖြောင့်ကြီး လှမ်း၍ ဝင်ရောက်သွားခဲ့တော့သည်။
"မိတ်ဆွေရဲ့ အတွင်းနယ်မြေက… စွမ်းအင်စုဆောင်းခြင်း အဆင့်အတန်းဆီကို ရောက်ရှိနေခဲ့ပြီပဲ၊ ဂုဏ်ယူဝမ်းမြောက်စရာ ကောင်းလှပါတယ်"
ချီယန်သူတော်စင်သည် ဝါ့ထျန်ဧကရာဇ်၏ ရှေ့မှောက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီးနောက်… မော့ကြည့်လျက် တစ်ချက်မျှ ဝှေ့ယမ်းကြည့်ရှုလိုက်ရာ၊ ဤနေရာအရပ်၌ အသက်ဇီဝစွမ်းအင်များ စိမ်းလန်းစိုပြည်နေပြီး မြင့်မြတ်လှသော ရနံ့စွမ်းအားများ ပျံ့နှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ချီးကျူးစကား ဆိုလိုက်မိခြင်း ဖြစ်ပေသည်။
သူ၏ အာရုံစိုက်မှုအားလုံးက အတွင်းနယ်မြေအပေါ်၌သာ ကျရောက်နေသကဲ့သို့ ထင်မှတ်ရသော်လည်း… အမှန်စင်စစ်တွင်မူ သူ၏ မျက်ဝန်းအစုံက ဝါ့ထျန်ဧကရာဇ်၏ ခန္ဓာကိုယ်အပေါ်သို့ မရေမတွက်နိုင်အောင် လှမ်း၍ ကြည့်ရှုစစ်ဆေးပြီး ဖြစ်တော့သည်။
ချီယန်သူတော်စင်နှင့်အတူ လိုက်ပါလာခဲ့ကြသည့် တစ်ပိုင်းသူတော်စင် ဆယ်ယောက်ကမူ… လက်အောက်ခံ လူများအားလုံးကို ဦးဆောင်လျက် ပတ်ဝန်းကျင် အရပ်ရပ်တွင် လုံခြုံရေးများကို တင်းကျပ်စွာ ချထားလိုက်ကြပြီး၊ မိမိတို့၏ ရင်ထဲမှ သတိကြီးစွာ ထားနေခြင်းများကိုလည်း အလျဉ်းဖုံးကွယ်ထားခြင်း မရှိပါချေ။
"စွမ်းအင်စုဆောင်းခြင်း ဟုတ်လား…"
ဝါ့ထျန်ဧကရာဇ်က ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်… နှိမ့်ချလှသော ဟန်ပန်ဖြင့် လက်အုပ်ချီလျက် မေးမြန်းလိုက်သည်။
"မိတ်ဆွေ ပြောဆိုလိုက်တဲ့ စွမ်းအင်စုဆောင်းခြင်း ဆိုတာက… ဘာကို ဆိုလိုတာလဲဆိုတာကို ကျုပ် မသိနိုင်လို့ ရှင်းပြပေးပါဦး"
"မင်းက ဒီနေရာမှာပဲ မွေးဖွားကြီးပြင်းခဲ့ရတာဆိုတော့… စွမ်းအင်စုဆောင်းခြင်းရဲ့ အဓိပ္ပာယ်ကို နားမလည်တာကလည်း သဘာဝကျပါတယ်၊ ဒီနေ့ မင်းနဲ့ငါ ဒီနေရာမှာ ဆုံတွေ့ကြရတာကလည်း… ရေစက်အနည်းငယ် ရှိတယ်လို့ ပြောရမှာပဲ၊ ဒါကြောင့် သေသေချာချာ နားထောင်ထားလိုက်တော့"
ချီယန်သူတော်စင်က မိမိ၏ မျက်နှာထက်မှ ပြုံးရယ်ခြင်းများကို ရုပ်သိမ်းလိုက်ရင်း တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
"သူတော်စင်အဆင့်မှာ… အဓိက အဆင့်ကြီး ငါးဆင့် ရှိတယ်၊ ပထမဆုံး အဆင့်ကတော့ ကမ္ဘာငယ်သူတော်စင် လို့ ခေါ်တယ်…။
ဒီအဆင့်ရဲ့ အတွင်းထဲမှာမှ… အဆင့်ငယ် သုံးဆင့် ထပ်ပြီး ကွဲပြားသွားသေးတယ်၊ အဲဒါတွေကတော့ စွမ်းအင်စုဆောင်းခြင်း ၊ သက်စောင့်စွမ်းအင် ၊ ကမ္ဘာတည်ဆောက်ခြင်း ဆိုပြီးတော့ပဲ။
ဒီအဆင့်ငယ် သုံးဆင့်က… မင်းရဲ့ ကမ္ဘာငယ်သူတော်စင် အဆင့်အတန်းအတွင်းမှာ ရှိနေတဲ့ ကျင့်ကြံခြင်း အနိမ့်အမြင့်ကို ကိုယ်စားပြုတာ ဖြစ်တယ်…။
မင်းက လက်ရှိအချိန်မှာတော့… စွမ်းအင်စုဆောင်းခြင်း ကာလအစောပိုင်း အဆင့်အတန်းဆီကို စတင်ပြီး တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို၊ သူတော်စင်အဆင့်ကိုလည်း သက်သေပြနိုင်ခဲ့ပြီလို့ ဆိုရမှာပေါ့…။
ငါနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့… အဆင့်ငယ် နှစ်ဆင့်လောက်ပဲ နိမ့်ကျနေသေးတာပါ"
ဝါ့ထျန်ဧကရာဇ်၏ မျက်နှာအမူအရာက အနည်းငယ် လှုပ်ရှားသွားခဲ့ရပြီးနောက်… ချက်ချင်းပင် လက်အုပ်ချီလျက် သက်ပြင်းချရင်း ဆိုလိုက်တော့သည်။
"ဒါဆိုရင်တော့…မိတ်ဆွေက စွမ်းအင်စုဆောင်းခြင်း ကာလနှောင်းပိုင်း အဆင့်အတန်းကို ရောက်ရှိနေခဲ့တာပေါ့၊ ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက မိတ်ဆွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့… ကွာခြားချက်က အလွန်တရာ ကြီးမားလွန်းလှပါတယ်"
"မင်းကလည်း နောက်ပြောင်နေပြန်ပြီ… စွမ်းအင်စုဆောင်းခြင်း ကာလနှောင်းပိုင်း ဖြစ်နေရင်ကော ဘာတတ်နိုင်ဦးမှာလဲ။ ဒီနေရာကို ရောက်လာခဲ့တဲ့ အချိန်မှာတော့… ကျင့်ကြံခြင်း စွမ်းရည်တွေ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံလိုက်ရတာပဲ မဟုတ်လား…။
ဒါကြောင့်မို့လို့… ငါက ဒီနေရာရဲ့ ဧည့်သည်တော်မျှသာ ဖြစ်ပြီး၊ မိတ်ဆွေကမှ ဒီနေရာရဲ့ စစ်မှန်တဲ့ အရှင်သခင် ဖြစ်ပါတယ်…။
နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ကိစ္စရပ်အချို့အတွက်…မိတ်ဆွေရဲ့ ကူညီစောင့်ရှောက်မှုကို အနည်းငယ် လိုအပ်လိမ့်ဦးမယ် ထင်တယ်နော်"
ချီယန်သူတော်စင်က လက်အုပ်ချီလျက် ပြုံးရယ်ကာ ဆိုလိုက်၏။
"မိတ်ဆွေ ဘာများ လိုအပ်ပါသလဲ…ဒါပေမဲ့ အဲဒီကိစ္စ မတိုင်ခင်မှာ… ကျုပ်အနေနဲ့ မိတ်ဆွေကို မိတ်ဟောင်းဆွေဟောင်း အချို့နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်…။
သူတို့တွေက မိတ်ဆွေ ဒီနေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရတဲ့ အချိန်တုန်းက… အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ကြတာပါ"
ဝါ့ထျန်ဧကရာဇ်က လက်အုပ်ချီလျက် ဆိုလိုက်သည်။
"မိတ်ဟောင်းဆွေဟောင်း ဟုတ်လား…"
ချီယန်သူတော်စင်၏ မျက်ဝန်းအစုံက လှုပ်ရှားသွားခဲ့ရပြီး… ရင်ထဲ၌ အနည်းငယ် တွေဝေဆန်းပြားစွာဖြင့် တွေးတောနေခဲ့သည့် အချိန်မှာပင်၊ လူ့လောကသူတော်စင်ကြီး လော့ရွှယ် နှင့် အခြားသော ပုဂ္ဂိုလ်များ အတူတကွ လျှောက်လှမ်းလာကြသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရတော့သည်။
ချီယန်သူတော်စင်သည် ၎င်းတို့အားလုံးကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ… အနည်းငယ် ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားလိုက်ရသော်လည်း၊ မည်သည့်နေရာတွင် မြင်တွေ့ခဲ့ဖူးသလဲဆိုသည်ကိုမူ ချက်ချင်း မမှတ်မိနိုင်သေးပါချေ။
"ချီယန်သူတော်စင်… ကျွန်မတို့အားလုံးရဲ့ ရုပ်အသွင်သဏ္ဌာန်တွေက အတိတ်တုန်းကနဲ့ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်လို့၊ မမှတ်မိတော့ဘူး မဟုတ်လား"
လော့ရွှယ်သူတော်စင်က လက်အုပ်ချီလျက် ပြုံးရယ်ကာ ဆိုလိုက်၏။
"မိန်းကလေးက… ဘယ်သူလဲ…"
"လော့ရွှယ် ပါ"
"ကျုပ်ကတော့ ဟေးဖော် ပါ"
"ချန်ရှန်း ပါ"
"ကျွန်မရဲ့ ဆရာသခင်ကတော့ ကျန်းရန် ဖြစ်ပြီး… ကျွန်မကတော့ ကျန်းဝူတစ်ပိုင်းသူတော်စင် ဖြစ်ပါတယ်"
ချီယန်သူတော်စင်၏ ဦးနှောက်အတွင်း၌ အတိတ်က မှတ်ဉာဏ်များက တရစပ် ရုန်းကြွပေါ်ပေါက်လာခဲ့ရပြီးနောက်… နောက်ဆုံးတွင်မူ ထိုအမည်နာမများကို သေသေချာချာ မှတ်မိသွားခဲ့ရချေပြီ။
"လော့ရွှယ်သူတော်စင်… မင်းတို့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်အတန်းကတော့… အတိတ်တုန်းကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့၊ အဆပေါင်းများစွာ နိမ့်ကျနေသေးတာပဲနော်"
ချီယန်သူတော်စင်က အနည်းငယ်မျှ လှောင်ပြုံးအရိပ်အယောင်ဖြင့် ဆိုလိုက်မိ၏။
၎င်းတို့အားလုံးကလည်း ချီယန်သူတော်စင်၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိနားလည်ထားကြသဖြင့်… သူနှင့် ဆက်လက်၍ အငြင်းပွားရန် စိတ်ကူးမရှိကြပါချေ၊ ၎င်းတို့ အာရုံအစိုက်ဆုံး ကိစ္စရပ်ကမူ… ထိုသခင်ငယ်လေးကော ဤနေရာသို့ ရောက်ရှိလာခဲ့ပြီလား ဆိုသည့် အချက်ပင် ဖြစ်တော့သည်။
"ချီယန်သူတော်စင်… ကျွန်မတို့အားလုံး ပြည်နှင်ဒဏ်မခံရမီ အချိန်ကတည်းက ချင်သခင်ငယ်လေး နဲ့ ဆက်သွယ်မှု ရှိနေခဲ့ကြတာပါ…။
ဒီနှစ်တွေအတွင်းမှာလည်း ရှေးဟောင်းမိစ္ဆာ ကတစ်ဆင့်… သခင်ငယ်လေးနဲ့ အမြဲတမ်း ဆက်သွယ်မှု လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်…။
ယခုအချိန်မှာ ရှင်က နယ်မြေကိုးခုဆီကို ဆိုက်ရောက်လာခဲ့ပြီ ဖြစ်လို့… ချင်သခင်ငယ်လေးကော ရောက်ရှိနေခဲ့ပြီလား ဆိုတာကို သိချင်ပါတယ်"
လော့ရွှယ်သူတော်စင်က လက်အုပ်ချီလျက် မေးမြန်းလိုက်၏။
ချီယန်သူတော်စင်သည် မိမိ၏ အရှိန်အဝါကို အနည်းငယ် ထုတ်ဖော်ပြသရန် ပြင်ဆင်လိုက်မိသော်လည်း… လော့ရွှယ်သူတော်စင်၏ တပည့်ဖြစ်သူ ဇန်ရွှယ်သူတော်စင် သည်၊ ယခုအချိန်တွင် ဟော်ဆွေ့မျိုးနွယ်စုမှ ကြီးမားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အိမ်ထောင်ဖက် ဖြစ်နေခဲ့ပြီဆိုသည့် အချက်ကို ရုတ်တရက် သတိရသွားခဲ့သဖြင့်… ချက်ချင်းပင် သူ၏ အပြုအမူကို ပြောင်းလဲလိုက်ရင်း၊ ပြုံးရယ်လျက် ဆိုလိုက်တော့သည်။
"ချင်သခင်ငယ်လေးကတော့… နယ်မြေကိုးခုဆီကို ရောက်နေပါပြီ၊ လက်ရှိအချိန်မှာတော့… မင်းတို့ရဲ့ အမြင်မှာ အလွန်တရာ အင်အားကြီးမားလွန်းလှပါတယ်ဆိုတဲ့ ဖြစ်တည်မှု အချို့ကတော့၊ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရပြီ…
ဥပမာအနေနဲ့ နတ်ဘုရားမျိုးနွယ်စုမှ လန်တောက်ချွန်း၊ ရှန်ပိစစ်တပ် ရဲ့ ရှောက်မုန့်ယွမ် ၊ ယင်လောက လျှိုဝှက်စောင့်ရှောက်ရေးဌာန ရဲ့ အကြီးအကဲ ရှကျီ……"
သူသည် အမည်နာမ ပေါင်းများစွာကို စီကာပတ်ကုံး ရွတ်ဆိုပြလိုက်မိရာ…။
ကျန်းဝူတစ်ပိုင်းသူတော်စင်သည် ထိုစကားလုံးများကို ကြားသိလိုက်ရသည့် အခါတွင်မူ… ရင်ထဲ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပြီး -
"ချီယန်သူတော်စင်… ဒါဆိုရင် အဲဒီ ဖန့်ချန် ကော အသတ်ခံလိုက်ရပြီလား "
"ဖန့်ချန် ဟုတ်လား… မင်း ပြောတာက လက်ရှိ ယင်လောက်ရဲ့ ဖန့်ငရဲမင်း ကို ပြောတာလား…။
သူကတော့ အသတ်မခံရသေးပါဘူး၊ လောလောဆယ်အထိတော့ သူ့ရဲ့ ခြေရာလက်ရာကို ရှာမတွေ့သေးဘူး… ဖြစ်နိုင်တာကတော့ ယင်လောကရဲ့ အနက်ရှိုင်းဆုံး နေရာတစ်ခုမှာ ပုန်းအောင်းနေတာ ဖြစ်လိမ့်မယ်…။
အဲဒီလိုဆိုရင်တော့… ငါတို့နဲ့အတူ လိုက်ပါလာခဲ့တဲ့ ဝိညာဉ်မျိုးနွယ်စု ရဲ့ ဝိညာဉ်ဖမ်းတမန် အကြီးအကဲ ရွှမ်အယ် ကိုပဲ လွှဲပြောင်းပြီး စီမံခိုင်းရလိမ့်မယ်"
ချီယန်သူတော်စင်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်မိရင်း… သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ၊ ရုတ်တရက် မျက်မှောင်ကြုတ်လျက် စိုက်ကြည့်လိုက်မိပြီး -
"ကျန်းဝူတစ်ပိုင်းသူတော်စင်… ငါ မှတ်မိသလောက်ဆိုရင်တော့၊ အတိတ်တုန်းက မင်းက ယောက်ျားတစ်ယောက် မဟုတ်လား……"
ကျန်းဝူတစ်ပိုင်းသူတော်စင်က ချစ်စနိုးဖြင့် ပြုံးရယ်လိုက်ရင်း -
"သံသရာ လည်ပတ်ပြီး ပြန်လည်မွေးဖွားလာခဲ့တဲ့ အချိန်မှာတော့… အစကနေ ပြန်ပြီး စတင်ရတာ ဖြစ်လို့၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘာမျှ အရေးမကြီးပါဘူးရှင်"
ချီယန်သူတော်စင်က ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်… ခေါင်းကို အသာအယာ ညိတ်ပြလိုက်မိရင်း နားလည်ပေးလိုက်ကာ၊ ဝါ့ထျန်ဧကရာဇ် ဘက်သို့ လှည့်ကြည့်လိုက်ပြီး -
"ဝါ့ထျန်မိတ်ဆွေ… မင်းက ယခုအချိန်မှာ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လို့၊ ကျဆုံးမသေမျိုး မျိုးနွယ်စုတွေကို မင်းအနေနဲ့ စောင့်ရှောက်နိုင်စွမ်း ရှိနေခဲ့ပြီပဲ… ဒီတစ်ကြိမ်မှာတော့ သခင်ငယ်လေးနဲ့အတူ ဟင်းလင်းအဆင့်မြင့် မဟာမိတ်ဖွဲ့ ဆီကို အတူတကွ လိုက်ပါလို့ရပြီ…။
မီးနတ်ဘုရားနယ်မြေ ရဲ့ အတွင်းထဲမှာလည်း… မင်းတို့ရဲ့ ကျဆုံးမသေမျိုး မျိုးနွယ်စုတွေအတွက် ခြေကုပ်ယူနိုင်မယ့် နေရာအရပ်တစ်ခု သေချာပေါက် ရှိနေစေရမယ်"
သူက စကားကို ခဏမျှ ရပ်တန့်လိုက်ရင်း… လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များကို လက်ညှိုးထိုးပြလိုက်မိပြီး -
"ဒါပေမဲ့ သူတို့ကတော့… အခုအချိန်အထိ ရှန်းဟုန်းမျိုးဆက် အကြွင်းအကျန် ဖြစ်နေကြသေးတာမို့၊ ငါတို့ရဲ့ လက်အောက်မှာ ဝင်ရောက်ပြီး စောင့်ကြည့်ခြင်းကို ခံကြရမယ်… နောက်ပိုင်းကျမှပဲ သခင်ငယ်လေးရဲ့ ဆုံးဖြတ်ချက်ကို ခံယူကြရတာပေါ့"
၎င်းတို့အားလုံး၏ မျက်နှာအမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရပြီးနောက်… တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်မိကြတော့သည်။
လော့ရွှယ််သူတော်စင်ကမူ -
"ကျွန်မတို့အားလုံးကလည်း… လက်ရှိအချိန်မှာ ကျဆုံးမသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းနေကြပြီ ဖြစ်လို့၊ မသေမျိုးလောကရဲ့ အကြွင်းအကျန် မိစ္ဆာကောင်တွေလို့ မဆိုနိုင်တော့ပါဘူး… ဝါ့ထျန်ဧကရာဇ်က သူတော်စင်အဆင့်ကို တက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်၊ ဟင်လင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ ဥပဒေအရ… ကျွန်မတို့ မျိုးနွယ်စုက အဖွဲ့အစည်းကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံယူပိုင်ခွင့် ရှိနေပြီ ပုရွက်ဆိတ်တွင်းတစ်ခုလိုစိတ်ကြိုက် နှင်းချေဖျက်ဆီးလို့ မရတော့ပါဘူး"
"ဟင်… မင်းတို့အားလုံးကပါ ကျဆုံးမသေမျိုးတွေ ဖြစ်သွားကြပြီ ဟုတ်လား"
ချီယန်သူတော်စင်၏ ရင်ထဲ၌ အနည်းငယ်မျှ အံ့ဩတုန်လှုပ်သွားခဲ့ရချေပြီ။
အချိန်အတော်ကြာသည်အထိ… သူက လူတိုင်း၏ လက်ရှိ ဖြစ်တည်မှု အဆင့်အတန်းများကို သေသေချာချာ စုံစမ်းစစ်ဆေးလိုက်ပြီးသည့် အချိန်ကျမှသာ၊ ခေါင်းကို ညိတ်ပြလိုက်မိပြီး -
"ဒါဆိုရင်တော့… ဒီကိစ္စကို ခဏ ဆိုင်းငံ့ထားလိုက်ကြတာပေါ့၊ ဒီနေ့ ငါ ဒီနေရာကို လာခဲ့ရတဲ့ အကြောင်းအရင်းကတော့… အဲဒီ မော်ထျန်းတီကျန့် ရဲ့ ပုန်းအောင်းနေတဲ့ နေရာအရပ်ကို ရှာဖွေချင်လို့ပဲ ဖြစ်တယ်… သူမအနေနဲ့ လမ်းစဉ်ကို သက်သေပြဖို့အတွက် အခွင့်အရေးကို ရှာဖွေဖို့၊ နတ်ဘုရားလောကကြီးရဲ့ အတွင်းထဲကို ပုန်းအောင်းဝင်ရောက်သွားခဲ့ပြီလား ဆိုတာကို သိချင်တယ်"
"မော်ထျန်းတီကျန့် ဟုတ်လား…တကယ်လို့ သူမသာ နတ်ဘုရားလောကကြီးထဲကို တကယ်ပဲ ရောက်လာခဲ့မယ်ဆိုရင်တော့၊ ကျုပ်ကို ဘယ်လိုနည်းနဲ့မျှ ဖုံးကွယ်ထားနိုင်စရာ အကြောင်းမရှိပါဘူး"
ဝါ့ထျန်ဧကရာဇ်က ပြုံးရယ်လျက် ခေါင်းကို ခါယမ်းပြလိုက်ပြီး -
"ဒါပေမဲ့ အဲဒီ ဖန့်ငရဲမင်း ကတော့… လက်ရှိအချိန်အထိ ဒီနေရာထဲမှာ ရှိနေနိုင်သေးတယ်လို့ ထင်တယ်နော်… သူတို့နှစ်ယောက်ထဲက တစ်ယောက်မှာ ငရဲမင်းတံဆိပ် ရှိနေသလို၊ အခြားတစ်ယောက်မှာလည်း ငရဲကြင်ယာတော်တံဆိပ် ရှိနေခဲ့တာ ဖြစ်ပါတယ်…။
အဲဒီ ဖန့်ငရဲမင်းကို ဖမ်းဆီးချုပ်နှောင်နိုင်ခဲ့မယ်ဆိုရင်တော့… မော်ထျန်းတီကျန့်ကို ဖမ်းဆီးနိုင်ခဲ့တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်"
"ဖန့်ငရဲမင်း ဟုတ်လား…"
ချီယန်သူတော်စင်သည် တွေးတောမိလိုက်ရင်း အတိတ်မှတ်ဉာဏ်များထဲသို့ နစ်မြုပ်သွားခဲ့ရတော့သည်။
…..
နက်ရှိုင်းလွန်းလှသဖြင့် အောက်ခြေကို မမြင်ရနိုင်သည့် မသေမျိုးသန့်စင်ကန် ကြီး၏ အတွင်းထဲ၌မူ…။
ဖန့်ချန် ၏ ခန္ဓာကိုယ်ကြီးက အောက်ဘက်သို့ တရစပ် နစ်မြုပ်နေဆဲပင် ဖြစ်သည်၊ နှစ်ပေါင်း ရာချီမျှ ကြာမြင့်အောင် နစ်မြုပ်နေခဲ့ရသော်လည်း အောက်ခြေဆီသို့ ဆိုက်ရောက်ခြင်း အလျဉ်းမရှိသေးပါချေ။
သူ့အနေဖြင့်… ပြင်ပလောကကြီး၏ အချိန်ကာလ ကုန်ဆုံးသွားမှုများကိုပါ လုံးဝ အာရုံခံနိုင်စွမ်း မရှိတော့ပါချေ။
ကန့်သတ်ချက်ကျော်လွန်ခြင်းကျင့်စဉ် ၏ စွမ်းအားများ ထောက်ပံ့ပေးမှုအောက်တွင်မူ… သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသည့် ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများကမူ၊ တဖြည်းဖြည်းချင်း ပိုမို၍ သိပ်သည်းကျစ်လျစ်လာခဲ့ရချေပြီ။
ကျိုရွှမ်နယ်မြေ အတွင်း၌ ကြုံတွေ့ခဲ့ဖူးသည့် အတွေ့အကြုံများအရ… သူ၏ လက်ရှိ ခန္ဓာကိုယ်အတွင်းမှ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများသည်၊ ကျိုရွှမ်နယ်မြေအတွင်း၌ ကန့်သတ်ချက်ချိုးဖျက်ခြင်း တတိယအဆင့်တွင် ရှိနေခဲ့စဉ်တုန်းကထက်ပင် အဆပေါင်း ရာချီနီးပါးမျှ ပိုမို၍ သိပ်သည်းကျစ်လျစ်လွန်းလှသည်ကို ရိပ်မိလိုက်တော့သည်။