အခန်း ၂၀၁၀
Vol. 201 Ch. 2010
အခန်း (၂၀၁၀) အတွင်းနယ်မြေကို စုစည်းတည်ဆောက်ခြင်း
"ကျိုရွှမ်နယ်မြေတုန်းက လေ့ကျင့်ခဲ့ရတဲ့ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားထက် အဆပေါင်း ရာချီပြီး ပိုမို အင်အားကြီးမားလွန်းလှပါလား……"
ဖန့်ချန်၏ ရင်ထဲ၌ အတိုင်းထက်အလွန် ခံစားချက်အမျိုးမျိုး ပေါ်ပေါက်နေခဲ့ရသည်။
ကျိုရွှမ်နယ်မြေ၌ ရှိနေခဲ့စဉ်တုန်းက… သူသည် သူတော်စင်ကျမ်းစာ လမ်းစဉ်ကျင့်စဉ်ကို လျှောက်လှမ်းခဲ့ရခြင်း ဖြစ်ပေသည်။
လဲ့ကျူလက်သီးသိုင်း ကို အခြေခံပြီး အုတ်မြစ်ချခဲ့ကာ၊ သူတော်စင်လမ်းစဉ် ကို လျှောက်လှမ်းခဲ့ရသည်။
ထိုအချိန်တုန်းက သူ၏ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားသည်… ယခုအချိန်ကဲ့သို့ ဘယ်လိုနည်းနဲ့မျှ အင်အားကြီးမားခြင်း မရှိခဲ့ပါချေ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက သူသည်… မူလဝိညာဉ်စွမ်းအား ကို မိမိကိုယ်ပိုင်အတွက် အသုံးပြုနိုင်ရန် သန့်စင်နိုင်စွမ်း မရှိခဲ့သောကြောင့်ပင်။
"မူလဝိညာဉ်စွမ်းအားက… ငါ့ဆီမှာ အထွတ်ထိပ်အရိုး မရှိတဲ့ ချို့ယွင်းချက်ကို ဖြည့်ဆည်းပေးလိုက်တာပဲ၊ ဒါကြောင့်မို့လို့ ဒီတစ်ကြိမ် ငါ့ရဲ့ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားက အတိတ်တုန်းကထက် အများကြီး ပိုပြီး အင်အားကြီးမားနေရတာ ဖြစ်တယ်"
"ဒါပေမဲ့ ငါ့ရဲ့ မူလဝိညာဉ်စွမ်းအားက… အထွတ်ထိပ်အရိုး ဘယ်နှချောင်းစာနဲ့ ညီမျှနေမလဲဆိုတာကိုတော့ မသိနိုင်သေးဘူးပဲ……"
ကန့်သတ်ချက်ချိုးဖျက်ခြင်း ကာလအတွင်း၌… အထွတ်ထိပ်အရိုး၏ အခန်းကဏ္ဍနှင့် အသုံးဝင်ပုံများကို သိရှိသွားခဲ့ပြီ ဖြစ်သဖြင့်၊ ဖန့်ချန်သည်လည်း ထိုအင်အားကြီးမားလှသော မျိုးနွယ်စုကြီးများက အဘယ်ကြောင့် နှစ်ပေါင်းများစွာတိုင်အောင် ထာဝရ စည်ပင်ဝပြောနေခဲ့ကြပြီး ဆုတ်ယုတ်ပျက်စီးသွားရန် ခဲယဉ်းလွန်းလှသလဲဆိုသည့် အချက်ကို နားလည်သဘောပေါက်သွားခဲ့ရချေပြီ။
အတိတ်တုန်းက နတ်ဘုရားမျိုးနွယ်စုကြီး ကြုံတွေ့ခဲ့ရဖူးသည့် အဖြစ်အပျက်မျိုးနှင့် ဆုံတွေ့ခဲ့ရခြင်း မရှိခဲ့လျှင်ပေါ့။
ဥပမာအားဖြင့် အတိတ်တုန်းက နတ်ဘုရားမျိုးနွယ်စုအတွင်း၌ သူတော်စင် ရှစ်ရာကျော် ရှိခဲ့ဖူးပြီး… အထွတ်ထိပ်အရိုး၌ အမြင့်ဆုံး ကန့်သတ်ချက် ရှိနေခဲ့လျှင်ပင်၊ နတ်ဘုရားမျိုးနွယ်စုမှ ကျင့်ကြံသူများသည် ကန့်သတ်ချက်ချိုးဖျက်ခြင်း ကာလအတွင်း၌ အင်အားနည်းသော မျိုးနွယ်စုငယ်များထက် အဆပေါင်းများစွာ ပိုမိုအင်အားကြီးမားလှသည့် ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများကို ရရှိပိုင်ဆိုင်နိုင်ကြမည် ဖြစ်ပေသည်။
"ဒါက အခြေခံ အုတ်မြစ်ပဲ… ဒီနောက်ပိုင်းမှာ ချို့ယွင်းချက်တွေကို ပြန်ပြီး ဖြည့်ဆည်းပေးနိုင်မယ့် ကျင့်ကြံခြင်း အဆင့်အတန်းအချို့ ရှိနေနိုင်သေးပေမဲ့၊ အနည်းဆုံးတော့ စတင်ပြီး တစ်ပိုင်းသူတော်စင်အဆင့်ကို ရောက်ရှိခါစ ကာလအတွင်းမှာတော့… အဆပေါင်း ရာချီပြီး ပိုမိုအားကောင်းလာတဲ့ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ ရေတွက်လို့တောင် ကုန်နိုင်မှာ မဟုတ်တော့ဘူး"
ဤနေရာသို့ ရောက်ရှိလာခဲ့သည့်အခါတွင်မူ… ဖန့်ချန်သည် မိမိ၏ ရင်ထဲမှ အတွေးများကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်လိုက်ပြီးနောက်၊ ကန့်သတ်ချက်ကျော်လွန်ခြင်းကျင့်စဉ်ကို စိတ်ဝိညာဉ်အာရုံစိုက်လျက် တရစပ် လှုံ့ဆော်လိုက်မိရင်း… ကန့်သတ်ချက်ချိုးဖျက်ခြင်း ပြီးပြည့်စုံခြင်း အဆင့်အတန်းဆီသို့ စောစီးစွာ ဆိုက်ရောက်နိုင်ရန်နှင့် အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်လိုက်တော့သည်။
အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်စုနှစ်တစ်ခုကျော်မျှ ကုန်လွန်သွားခဲ့ရချေပြီ။
ထိုဆယ်နှစ်တာ ကာလအတွင်း၌… ချီယန်သူတော်စင်သည် ဝါ့ထျန်ဧကရာဇ်၏ ကူညီစောင့်ရှောက်မှုအောက်တွင်၊ မိမိ၏ လက်အောက်ခံ လူများကို ဦးဆောင်လျက် ကြီးမားကျယ်ပြန့်လှသော နတ်ဘုရားလောကကြီး တစ်ခုလုံးကို နှံ့စပ်အောင် လိုက်လံရှာဖွေခဲ့သော်လည်း… မော်ထျန်းတီကျန့် ၏ ခြေရာလက်ရာကို ဘယ်လိုနည်းနဲ့မျှ ရှာမတွေ့ခဲ့ရသလို၊ ထို ဖန့်ငရဲမင်း ဆိုသည့် ပုဂ္ဂိုလ်၏ ခြေရာလက်ရာကိုလည်း လုံးဝ ရှာဖွေနိုင်ခြင်း မရှိခဲ့ပါချေ။
ယနေ့တွင်မူ… သူသည် မိမိ၏ လူများကို ဦးဆောင်လျက် ဝါ့ထျန်ဧကရာဇ်၏ အတွင်းနယ်မြေဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ရတော့သည်။
"ဝါ့ထျန်ဧကရာဇ်… မင်းက ယခုအချိန်မှာ သူတော်စင်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီဆိုတော့၊ မင်းရဲ့ မျိုးနွယ်စုတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်စွမ်း ရှိနေခဲ့ပြီပဲ… ဒါပေမဲ့ သခင်ငယ်လေးရဲ့ အဆင့်အတန်းကတော့ အသေးအဖွဲ မဟုတ်ဘူးဆိုတာ မင်းလည်း သိပါတယ်၊ မင်းအနေနဲ့ ငါနဲ့အတူ အောက်ဘက်လောကဆီကို အတူတကွ လိုက်ပါပြီးတော့… သခင်ငယ်လေးနဲ့ ဆုံတွေ့နှုတ်ဆက်ဖို့ စိတ်ကူးမရှိဘူးလား"
ချီယန်သူတော်စင်က ပြုံးရယ်လျက် လက်အုပ်ချီကာ မေးမြန်းလိုက်၏။
ဝါ့ထျန်ဧကရာဇ်က အသာအယာ ပြုံးလိုက်ရင်း -
"ကျုပ်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက ခိုင်မာမှု မရှိသေးတာမို့လို့… အချိန်ကာလ အနည်းငယ်လောက် ကောင်းကောင်းမွန်မွန် အနည်ထိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်၊ ဒါကြောင့်မို့လို့ လောလောဆယ်တော့ နတ်ဘုရားလောကကြီးထဲကနေ ယာယီထွက်ခွာဖို့ စိတ်ကူးမရှိသေးပါဘူး "
သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးနောက်… လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များကို လက်ညှိုးထိုးပြလိုက်မိရင်း -
"သူတို့ကလည်း မင်းတို့ရဲ့ သခင်ငယ်လေးနဲ့ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်ကြတာပဲဆိုတော့… သူတို့ထဲက တစ်ယောက်ယောက်က ကျုပ်ကိုယ်စား မင်းတို့ရဲ့ သခင်ငယ်လေးဆီကို သွားရောက်တွေ့ဆုံရင်ကော ဘယ်လိုလဲ"
ချီယန်သူတော်စင်၏ မျက်ဝန်းအစုံထဲ၌ မထင်မရှား လှောင်ပြုံးအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရပြီး… ဝါ့ထျန်ဧကရာဇ်သည် အောက်ဘက်လောကဆီသို့ ဆင်းသက်သွားခဲ့ပြီးနောက် မမျှော်လင့်ထားသည့် မတော်တဆ အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်ဆိုသည့် အချက်ကို ကောင်းစွာ ရိပ်မိလိုက်သော်လည်း၊ တစ်ဖက်လူကို မျက်နှာပျက်အောင် မလုပ်ဆောင်တော့ဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်မိပြီး -
"အဲဒီလိုဆိုရင်လည်း… ကောင်းတာပေါ့"
"ကျွန်မ သွားလိုက်ပါ့မယ်"
လော့ရွှယ်သူတော်စင်က ရှေ့သို့ တစ်လှမ်းတိုး လျှောက်လှမ်းလာခဲ့ပြီး -
"ဒါကပဲ… ကျွန်မအနေနဲ့ ချင်သခင်ငယ်လေးကို၊ ကျွန်မရဲ့ တပည့်ဖြစ်သူက ချန်းရွှေနတ်ဘုရားနယ်မြေ မှာ ဘယ်လိုမျိုး အခြေအနေတွေ ရှိနေသလဲဆိုတာကို တစ်ခါတည်း မေးမြန်းလို့ရတာပေါ့"
ချီယန်သူတော်စင်၏ မျက်ဝန်းအောက်ခြေ၌မူ မသိမသာ တွန့်ဆုတ်ရွံ့ရှာခြင်း အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရပြီးမှ… ပြုံးရယ်လျက် ခေါင်းညိတ်ပြလိုက်မိကာ -
"မှန်ပါတယ်… ဒီလိုမျိုး ဖြစ်သင့်တာပေါ့"
ချီယန်သူတော်စင်က အားလုံးကို ပြင်ဆင်ပြီးစီးသွားခဲ့ပြီ ဖြစ်သဖြင့်… လော့ရွှယ်သူတော်စင်နှင့်အတူနတ်ဘုရားလောကကြီးအတွင်းမှနေ၍ အတူတကွ ထွက်ခွာရန် ပြင်ဆင်လိုက်မိသည့် အချိန်မှာပင်၊ ဖျင်ရွှီတစ်ပိုင်းသူတော်စင်က အတွင်းနယ်မြေထဲသို့ ရုတ်တရက် အပြေးအလွှား ရောက်ရှိလာခဲ့ပြီး… မျက်နှာတစ်ခုလုံး ထူးဆန်းဆန်းပြားလှသော အမူအရာများဖြင့်၊ ဝါ့ထျန်ဧကရာဇ် အား လှမ်း၍ သတင်းပို့လိုက်တော့သည်။
"ဧကရာဇ်မင်းမြတ်… မသေမျိုးသန့်စင်ကန် ထဲမှာ၊ အနည်းငယ် ထူးဆန်းတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်နေပါတယ်"
မသေမျိုးသန့်စင်ကန် ထဲမှာ ထူးဆန်းတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်နေတယ် ဟုတ်လား။
လူတိုင်းက ခဏမျှ မှင်တက်သွားခဲ့ရပြီးနောက်… ချီယန်သူတော်စင်မှတစ်ပါး၊ ကျန်ရှိနေခဲ့ကြသည့် လူတိုင်း၏ မျက်ဝန်းအစုံထဲတွင်မူ လေးနက်တည်ကြည်ခြင်း အရိပ်အယောင်များ ပိုမို၍ စွဲထင်ကျန်ရစ်နေခဲ့ရချေပြီ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားစွန့်လွှတ်ခြင်းကျင့်စဉ် လမ်းစဉ်အတိုင်း လျှောက်လှမ်းကြမည့် ကျင့်ကြံသူများအတွက်… မသေမျိုးသန့်စင်ကန်သည် အလွန်တရာ ကြီးမားလှသော အကျိုးသက်ရောက်မှုများကို ပေးစွမ်းနိုင်သောကြောင့်ပင်။
အကယ်၍ မသေမျိုးသန့်စင်ကန်သာ တကယ်ပဲ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့မည်ဆိုလျှင်… နောက်ပိုင်းကျမှ ဖြစ်ပေါ်လာမည့် ကျဆုံးမသေမျိုး မျိုးနွယ်စုများအတွက်၊ ထိုကဲ့သို့ များပြားလှသော ကိုယ်ခန္ဓာအစားထိုး များကို မည်သို့သော နည်းလမ်းဖြင့် ဖန်တီးယူနိုင်စွမ်း ရှိတော့မည်နည်း။
….
မသေမျိုးသန့်စင်ကန်
ကျဆုံးမသေမျိုး မျိုးနွယ်စုမှ တစ်ပိုင်းသူတော်စင် အနည်းငယ်က ထိုနေရာတွင် မတ်တတ်ရပ်နေခဲ့ကြပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။
မူလအစတုန်းက အလွန်တရာ တည်ငြိမ်အေးဆေးလှသော မသေမျိုးသန့်စင်ကန်သည်… ယခုအချိန်တွင်မူ ရေပူဖောင်းများ တရစပ် ပေါက်ကွဲထွက်ပေါ်နေခဲ့ရချေပြီ။
ထိုမျှသာမကသေးဘဲ… ကန်ရေပြင်၏ အလယ်ဗဟို ချက်မတည့်တည့်၌ ကြီးမားလှသော ရေဝဲကြီး တစ်ခု ပေါ်ပေါက်လာခဲ့ရပြီး၊ ကန်ရေပြင် တစ်ခုလုံးက ထိုရေဝဲကြီး၏ အတွင်းဘက်သို့ တရစပ် စီးဆင်းဝင်ရောက်နေခဲ့ကြရာ… အတွင်းထဲ၌ မည်သို့သော ကိစ္စရပ်မျိုး ပေါ်ပေါက်နေသလဲဆိုသည်ကို မည်သူမျှ သိရှိနိုင်ခြင်း မရှိကြပါချေ။
"နတ်ဘုရားလောကကြီး စတင်ပြီး ပေါ်ပေါက်လာခဲ့တဲ့ အချိန်ကတည်းက… မသေမျိုးသန့်စင်ကန်ထဲမှာ ဘယ်လိုမျိုး ထူးဆန်းတဲ့ ဖြစ်စဉ်မျိုးမှ ပေါ်ပေါက်ခဲ့ဖူးတာ မဟုတ်ဘူး၊ အဲဒါက သေဆုံးနေတဲ့ ရေအိုင်တစ်ခုလိုမျိုး ဖြစ်နေခဲ့ပြီး… အတွင်းထဲကို ဝင်ရောက်သွားတဲ့ ကျင့်ကြံသူမှန်သမျှက မိမိတို့ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းအားလုံး ဖျက်ဆီးခြင်း ခံကြရတာပဲ မဟုတ်လား၊ ဒါပေမဲ့ ဒီနေ့မှာတော့… ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"
"ဒါမှမဟုတ်ရင်… နယ်မြေကိုးခုရဲ့ ပြောင်းလဲမှုတွေကြောင့်၊ နတ်ဘုရားလောကကြီးအတွင်းမှာပါ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာခဲ့ရတာလား"
"ဝါ့ထျန်ဧကရာဇ် ရောက်လာတဲ့အထိ စောင့်ဆိုင်းလိုက်ကြတာပေါ့… ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်စဉ်တွေကို၊ ငါတို့ရဲ့ စွမ်းရည်နဲ့တော့ ဘယ်လိုမှ ဝင်ရောက်ပြီး မစီမံနိုင်ဘူး"
တစ်ပိုင်းသူတော်စင် အနည်းငယ်က တီးတိုးရေရွတ်လျက် ဆွေးနွေးနေခဲ့ကြသည်။
၎င်းတို့၏ လက်ရှိ အင်အားစွမ်းရည်များအရမူ… မသေမျိုးသန့်စင်ကန်၏ အတွင်းဘက်သို့ ဝင်ရောက်ရန် သတ္တိမရှိကြပါချေ၊ အကယ်၍ မတော်တဆ ဝင်ရောက်သွားခဲ့မိလျှင်… မိမိတို့၏ တစ်ပိုင်းသူတော်စင်အဆင့် ကျင့်ကြံခြင်းများအားလုံး ဖျက်ဆီးခြင်း ခံလိုက်ရမည်ကို စိုးရိမ်ပူပန်နေခဲ့ကြခြင်း ဖြစ်ပေသည်။
ဟင်းလင်ပြင်ထဲမှနေ၍ ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီးက ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ရချေပြီ။
ဝါ့ထျန်ဧကရာဇ်နှင့် အတူလိုက်ပါလာခဲ့ကြသည့် လူများအားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြတော့သည်။
"ဧကရာဇ်မင်းမြတ်… ဒီမသေမျိုးသန့်စင်ကန်ကို ကြည့်ရှုလိုက်ပါဦး၊ အတွင်းထဲမှာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်နေခဲ့တာလား မသိဘူးနော်"
ဖျင်ရွှီတစ်ပိုင်းသူတော်စင်က လက်အုပ်ချီလျက် တင်ပြလိုက်၏။
ဝါ့ထျန်ဧကရာဇ်သည် မသေမျိုးသန့်စင်ကန်ကို သေသေချာချာ စိုက်ကြည့်လိုက်မိရင်း… ကန်ရေပြင်ထက်မှ ပေါ်ပေါက်နေသည့် ရေပူဖောင်းများနှင့် အလယ်ဗဟိုချက်မမှ ကြီးမားလှသော ရေဝဲကြီးကို ကြည့်ရှုလျက်၊ အချိန်အတော်ကြာသည်အထိ မည်သည့် စကားတစ်လုံးမျှ မဆိုဘဲ တိတ်ဆိတ်နေခဲ့ရတော့သည်။
လော့ရွှယ်သူတော်စင်နှင့် အခြားသော ပုဂ္ဂိုလ်များ၏ ရင်ထဲ၌လည်း ပြင်းထန်လှသော စူးစမ်းချင်စိတ်များ ပေါ်ပေါက်လာခဲ့ရချေပြီ။
၎င်းတို့သည် နတ်ဘုရားလောကကြီးအတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြဖူးသဖြင့်… မသေမျိုးသန့်စင်ကန်နှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှုများကလည်း အတိတ်တုန်းကထက် အဆပေါင်းများစွာ ပိုမို၍ နက်ရှိုင်းလွန်းလှပေသည်။
မသေမျိုးသန့်စင်ကန် ဆိုသည်မှာ… ဤအတွင်းနယ်မြေကို စတင်ပြီး စုစည်းတည်ဆောက်ခဲ့စဉ် ကတည်းကပင် တည်ရှိနေခဲ့သည့် ဖြစ်တည်မှုတစ်ခု ဖြစ်ပေသည်။
အတိတ်တုန်းက နတ်ဘုရားလောက၏ ဧကရာဇ်များသည်… မသေမျိုးသန့်စင်ကန်ကို အပြစ်ပေးသည့် နေရာတစ်ခုအဖြစ်သာ ပုံမှန်အသုံးပြုခဲ့ကြဖူးသည်။
ဧကရာဇ်မင်းမြတ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ကောင်းကင်ဘုံဥပဒေများကို ချိုးဖောက်ခဲ့ကြသည့် ပြစ်မှုကျူးလွန်သူ မှန်သမျှကို… မသေမျိုးသန့်စင်ကန်၏ အတွင်းထဲသို့ ပစ်ချလိုက်ကြပြီး၊ ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီးသည့် အခါကျမှသာ… ယင်လောကဆီသို့ ပို့ဆောင်လိုက်ကြပြီး၊ ယင်လောက ငရဲမင်း ၏ စီစဉ်ညွှန်ကြားမှုအောက်တွင် သံသရာ လည်ပတ်စေခဲ့ခြင်း ဖြစ်ပေသည်။
ကျင့်ကြံခြင်း အဆင့်အတန်းများ လုံးဝမရှိတော့သည့် အခြေအနေမျိုးတွင် သံသရာ လည်ပတ်ပြီး ပြန်လည်မွေးဖွားလာခဲ့ရသည့် အခါတွင်မူ… မွေးကင်းစ ကာလ၏ မှတ်ဉာဏ်ပိတ်ဆို့ခြင်းများကို ချိုးဖျက်နိုင်ရန် အလွန်တရာ ခဲယဉ်းလွန်းလှသဖြင့်၊ ကံကောင်းထောက်မစွာဖြင့် ကြီးမားလှသော အခွင့်အရေးများနှင့် ဆုံတွေ့ရခြင်း မရှိခဲ့လျှင်မူ… နောက်ပိုင်း သံသရာ ကာလတစ်လျှောက်လုံးတွင် မသေမျိုးလမ်းစဉ်နှင့် လုံးဝဥဿုံ ကင်းကွာသွားခဲ့ရတော့မည် ဖြစ်ပေသည်။
ဤမျှလောက် ကြာမြင့်လှသော အချိန်ကာလ တစ်လျှောက်လုံး တည်ရှိနေခဲ့သည့် ရှေးဟောင်းအရာဝတ္ထုကြီး တစ်ခုက… ယခုအချိန်တွင် ရုတ်တရက် ထူးဆန်းသော အခြေအနေများ ပေါ်ပေါက်လာခဲ့ရခြင်းသည်၊ တစ်စုံတစ်ရာသော နိမိတ်လက္ခဏာကို ဖော်ပြနေခဲ့ခြင်းများ ဖြစ်နေခဲ့ပြီလား။
၎င်းတို့၏ တွေးတောချက်များသည်လည်း ထိုတစ်ပိုင်းသူတော်စင် အနည်းငယ်နှင့် ထပ်တူညီမျှနေခဲ့ကြပြီး… နယ်မြေကိုးခု၏ ပြောင်းလဲမှုများကြောင့်သာ၊ မသေမျိုးသန့်စင်ကန်တွင် ဤကဲ့သို့သော ထူးခြားဆန်းပြားမှုများ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်လိမ့်မည်ဟူ၍ ထင်မှတ်နေခဲ့ကြမိသည်။
သို့သော်လည်း နောက်ထပ် စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်တွင်မူ… လူတိုင်း၏ တွေးတောချက်များအားလုံး လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ရချေပြီ။
အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်လှသော ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများက… မသေမျိုးသန့်စင်ကန်၏ အောက်ခြေအရပ်ဆီမှနေ၍ ရုတ်တရက် ရုန်းကြွထွက်ပေါ်လာခဲ့ရတော့သည်တကား။
အောက်ခြေကို မမြင်ရနိုင်သည့် မသေမျိုးသန့်စင်ကန်၏ အနက်ရှိုင်းဆုံး နေရာအရပ်ထဲ၌မူ… ခန့်ညားထည်ဝါလှသော နတ်ဘုရားတံခါးကြီး တစ်ခုက၊ မသဲမကွဲ အရိပ်အယောင်အဖြစ် ထွက်ပေါ်လာခဲ့ရချေပြီ။
မရေမတွက်နိုင်အောင် များပြားလှသော မသေမျိုးသန့်စင်ကန်၏ ကန်ရေပြင်များ အားလုံးကလည်း… ထိုနတ်ဘုရားတံခါးကြီး၏ အတွင်းဘက်သို့ တရစပ် စီးဆင်းဝင်ရောက်နေခဲ့ကြတော့သည်။
"ဒါက… အတွင်းနယ်မြေ ဟုတ်လား……"
ကျိန်းဝူတစ်ပိုင်းသူတော်စင်က အလွန်တရာ ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာဖြင့် ရေရွတ်လိုက်မိပြီး -
"မသေမျိုးသန့်စင်ကန်ရဲ့ အောက်ခြေမှာ… ဘာဖြစ်လို့ အတွင်းနယ်မြေ တစ်ခု ပေါ်ပေါက်လာခဲ့ရတာလဲ။ မသေမျိုးသန့်စင်ကန်ရဲ့ ရေတွေက ဘာဖြစ်လို့ ပြောင်းပြန် စီးဆင်းနေရတာလဲ… ဘယ်သူက အောက်ခြေမှာ အတွင်းနယ်မြေကို စုစည်းတည်ဆောက်နေခဲ့တာလဲ"
"ဒါမှမဟုတ်… တစ်စုံတစ်ယောက်က မသေမျိုးသန့်စင်ကန်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ကျင့်ကြံနေခဲ့တာ ဖြစ်နိုင်မလား"
ချန်ရှန်းသူတော်စင်က မိမိ၏ စိတ်အာရုံခံစားမှုအရ ဝါ့ထျန်ဧကရာဇ် ထံသို့ လှမ်း၍ ကြည့်ရှုစစ်ဆေးလိုက်မိသည်။
ချီယန်သူတော်စင်ကပင် ဤကိစ္စရပ်အပေါ်၌ စိတ်ဝင်စားမှု ပြင်းထန်လာခဲ့ရပြီး… သူ၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရကာ၊ ရုတ်တရက် အေးစက်စက် လေသံဖြင့် ဆိုလိုက်တော့သည်။
"ဒီအောက်ခြေမှာ ပုန်းအောင်းနေတာက… အဲဒီ မော်ထျန်းတီကျန့် ဆိုတဲ့ မိစ္ဆာမများ ဖြစ်နေခဲ့ပြီလား…။
မင်းတို့တွေက အဲဒီအချက်ကို ကြိုတင်ပြီး သိရှိထားကြပါလျက်နဲ့ တမင်သက်သက် ကွယ်ဝှက်ဖုံးအုပ်ထားခဲ့ကြတာဆိုရင်တော့… သခင်ငယ်လေးကတော့ ဒေါသတရား ပြင်းထန်သွားလိမ့်မယ် ထင်တယ်နော်"
"မော်ထျန်းတီကျန့်ရဲ့ လမ်းစဉ် သက်သေပြခြင်းက… နယ်မြေကိုးခုကို အခြေခံပြီး အတွင်းနယ်မြေအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်လို့၊ ဒီနေရာအရပ်မှာ လမ်းစဉ်ကို သက်သေပြဖို့ဆိုတာ… ဘယ်လိုနည်းနဲ့မျှ မဖြစ်နိုင်ပါဘူး"
ဝါ့ထျန်ဧကရာဇ်က လက်ကို ယမ်းပြလိုက်ရင်း… သူ၏ မျက်ဝန်းအစုံက ပိုမို၍ နက်ရှိုင်းလွန်းလှသဖြင့်၊ မသေမျိုးသန့်စင်ကန်၏ အနက်ရှိုင်းဆုံး နေရာအရပ်ထဲမှ မြင်ကွင်းများကို အလုံးစုံ ထိုးဖောက်ကြည့်ရှုနိုင်စွမ်း ရှိနေခဲ့သည့်အလား ထင်မှတ်ရပေသည်။
"အဲဒီလိုဆိုရင်… အဲဒီအောက်ထဲမှာ ရှိနေတာက ဘယ်သူလဲ"
ချီယန်သူတော်စင်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။
လူတိုင်းက ဝါ့ထျန်ဧကရာဇ် အနေဖြင့် ဤကိစ္စရပ်အပေါ်၌ တစ်စုံတစ်ရာသော အမြင်များ ရှိနေလိမ့်မည်ဟူ၍ ထင်မှတ်ထားခဲ့မိကြသော်လည်း… မမျှော်လင့်ထားဘဲ တစ်ဖက်လူက ဦးခေါင်းကိုသာ ခါယမ်းပြလိုက်မိရင်း -
"ကျုပ်လည်း မသိနိုင်ပါဘူး… မသေမျိုးသန့်စင်ကန်ရဲ့ ထူးခြားဆန်းပြားမှုကတော့၊ သူတော်စင်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်သွားခဲ့မယ်ဆိုရင်တောင်မှ… မိမိရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းအားလုံး ဖျက်ဆီးခြင်း ခံရမှာကို စိုးရိမ်ရတာ ဖြစ်လို့၊ ဘယ်သူကများ အဲဒီအတွင်းထဲမှာ ကျင့်ကြံနိုင်စွမ်း ရှိနေရုံတင်မကဘဲ… အတွင်းနယ်မြေကိုပါ စုစည်းတည်ဆောက်နိုင်ရတာလဲ"
"ဧကရာဇ်မင်းမြတ်… အဲဒါက မိစ္ဆာကောင်တွေ ပုန်းအောင်းရာ အရပ် ဘက်က ဖြစ်နေနိုင်မလား……"
တစ်စုံတစ်ယောက်က သတိပေး စကားဆိုလိုက်၏။
ဝါ့ထျန်ဧကရာဇ်၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရပြီးနောက်… ချက်ချင်းပင် ချီယန်သူတော်စင် ဘက်သို့ လှည့်ကြည့်လိုက်မိရင်း လက်အုပ်ချီကာ ဆိုလိုက်သည်။
"ချီယန်သူတော်စင်… ကျုပ်အနေနဲ့ မိစ္ဆာကောင်တွေ ပုန်းအောင်းရာ အရပ်ဘက်ကို တစ်ခေါက်လောက် သွားရောက်ကြည့်ရှုဖို့ လိုအပ်နေလို့၊ အရင်ဆုံး ခွင့်ပြုပါဦး"
"ဝါ့ထျန်ဧကရာဇ် သွားစရာရှိတာ သွားပါ… ဒီဘက်က လှုပ်ရှားမှုတွေကိုတော့၊ ကျုပ်အနေနဲ့ မိတ်ဆွေကိုယ်စား အနည်းငယ် စောင့်ကြပ်ကြည့်ရှုပေးထားလိုက်ပါ့မယ်"
ချီယန်သူတော်စင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။
သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းက ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရသော်လည်း… သူကိုယ်တိုင်ကမူ စွမ်းအင်စုဆောင်းခြင်း ကာလနှောင်းပိုင်း အဆင့်အတန်းရှိသည့် အနှိုင်းမဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့်၊ သူ၏ စကားပြောဆိုမှု ဟန်ပန်များအတွင်း၌မူ… မိမိကိုယ်မိမိ ဤနေရာ၏ စစ်မှန်သော အရှင်သခင်ကြီး တစ်ဦးအလား သဘောထားနေခဲ့ခြင်းများကို အလျဉ်းဖုံးကွယ်ထားခြင်း မရှိပါချေ။
ဝါ့ထျန်ဧကရာဇ်ကလည်း ထိုအချက်ကို စိတ်ထဲ၌ ထားနေခြင်းမရှိဘဲ… ခန္ဓာကိုယ်ကို လှည့်ပြန်လိုက်ရင်း အတွင်းနယ်မြေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ရချေပြီ။
ထိုအချိန်အတောအတွင်းမှာပင်…
ဖန့်ချန်၏ ခန္ဓာကိုယ် နောက်ကျောဘက်၌မူ… အတွင်းနယ်မြေ၏ ကနဦး အကြမ်းထည် ပုံစံသဏ္ဌာန်တစ်ခုက ရုန်းကြွထွက်ပေါ်လာခဲ့ရချေပြီ၊ ထိုမျှသာမကသေးဘဲ ထိုအတွင်းနယ်မြေကြီးက… မသေမျိုးသန့်စင်ကန်အတွင်းမှ မသေမျိုးသန့်စင် ကန်ရေများကို တရစပ် ဝါးမြိုဖျက်ဆီးပစ်နေခဲ့ရချေပြီ။
ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို… ဖန့်ချန်အနေဖြင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လွန်းလှပေသည်။
ဤအရာကမူ… အတွင်းနယ်မြေကို စတင်ပြီး စုစည်းတည်ဆောက်ခါစ ကာလ၏ အခြေအနေမျိုး ဖြစ်ပြီး၊ ထိုအတွင်းနယ်မြေအတွင်းမှ အရှိန်အဝါများ တည်ငြိမ်အနည်ထိုင်သွားခဲ့ပြီ ဆိုလျှင်မူ… အတွင်းနယ်မြေ တစ်ခုလုံးက စစ်မှန်စွာဖြင့် အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့ပြီ ဖြစ်တော့သည်။
ထိုအချိန်ကျမှသာ အတွင်းနယ်မြေအတွင်းမှနေ၍… သူ့အတွက် ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများကို တရစပ် ရုန်းကြွထွက်ပေါ်လာစေလျက် ထောက်ပံ့ပေးနိုင်တော့မည် ဖြစ်ပေသည်။
"ဒါပေမဲ့ ငါ့ရဲ့ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားကတော့… အတွင်းနယ်မြေဆီကနေ ထောက်ပံ့ပေးဖို့ လိုအပ်နေပုံမရဘူးပဲ……"
ဖန့်ချန်၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရပြီး… မိမိ၏ ခန္ဓာကိုယ်အတွင်းမှ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများက၊ ထိုအတွင်းနယ်မြေ၏ အတွင်းဘက်သို့ တရစပ် စီးဆင်းဝင်ရောက်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားများ အလုံးစုံ ခမ်းခြောက်သွားခဲ့သည့် အချိန်တွင်မူ… အနိမ့်ဆုံး ကန့်သတ်ချက်ဆီသို့ ဆိုက်ရောက်သွားခဲ့ရပြီးမှ ပြောင်းပြန်ရုန်းကန်လှုပ်ရှားလာခဲ့ရကာ၊ ယခင်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှသော နှုန်းထားဖြင့် ပြန်လည်ပြည့်ဖြိုးလာခဲ့ရချေပြီ။
"အကယ်၍ ငါ့ရဲ့ ကန့်သတ်ချက်ချိုးဖျက်ခြင်း စွမ်းအားသာ တရစပ် ခမ်းခြောက်သွားခြင်း မရှိဘဲ ပေါ်ပေါက်နေခဲ့မယ်ဆိုရင်တော့… ဒီအတွင်းနယ်မြေရဲ့ အဆင့်အတန်း ကန့်သတ်ချက်ကလည်း၊ သဘာဝကျကျပဲ အလွန်တရာ မြင့်မားတဲ့ နေရာတစ်ခုဆီကို ရောက်ရှိသွားနိုင်မှာ သေချာတယ်… အတိတ်တုန်းက ကျိုရွှမ်နယ်မြေအတွင်းမှာ ကြုံတွေ့ခဲ့ရသလိုမျိုး၊ အဆင့်အတန်း နိမ့်ကျလွန်းလှတာကြောင့် အတွင်းနယ်မြေတစ်ခုလုံး ချက်ချင်း ပေါက်ကွဲပျက်စီးသွားရမယ့် အခြေအနေမျိုးနဲ့တော့ ဘယ်လိုမှ ဆုံတွေ့ရစရာ အကြောင်းမရှိတော့ဘူးပဲ"