အခန်း ၉၉၃
Vol. 100 Ch. 993
အခန်း (၉၉၃) ငယ်ရွယ်စဉ်က မရရှိနိုင်ခဲ့သောအရာ
ချိုင်ဖုန်းနတ်သမီးသည် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ပန်းခြင်းတောင်းကြီးဆီမှ နတ်ဘုရားအလင်းတန်းများကို ဆက်တိုက် ကျရောက်စေကာ ပင်လယ်ရေများကို အတင်းအကျပ် ပြန်လည်ဖိနှိပ် သွန်းလောင်းပစ်လိုက်သည်။
သူမသည် မေရှန်းတာအိုဆရာကို တိုက်ခိုက်နှိမ်နင်းရန် လက်ဦးမှုယူ၍ လှုပ်ရှားလိုက်စဉ်မှာပင်... တိမ်တိုက်များအထက်၌ ငါးမျှားနေသော ကောင်းကင်ဘုံမှ နတ်မင်းကြီးသည် ငါးမျှားချိတ်ကို နောက်ထပ်တစ်ကြိမ် အောက်သို့ ဖြတ်ခနဲ လွှဲချလိုက်ပြန်သည်။
ချိုင်ဖုန်းနတ်သမီးသည် မိမိ၏ မျက်ခုံးအစုံကို ရုတ်တရက် တွန့်ချိုးလိုက်မိပြီး စူးစူးရှရှ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရကာ... တစ်ကိုယ်လုံးမှာ ဟင်းလင်းပြင်ထဲ၌ လှုပ်ရှား၍မရအောင် အတင်းအကျပ် ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
မေရှန်းတာအိုဆရာက အေးစက်တည်ငြိမ်စွာဖြင့် -
"ဒီအကြွေးဟောင်းကိုလည်း အခုပဲ တစ်ခါတည်း ရှင်းရမယ့်အချိန် ရောက်ပြီ"
ချိုင်ဖုန်းနတ်သမီး၏ မျက်ဝန်းအစုံ၌ ဒေါသရိပ်များနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသော်လည်း... သူမ၏ ရုပ်ခန္ဓာကမူ မထိန်းချုပ်နိုင်ဘဲ အနည်းငယ် တုန်ရီနေခဲ့ရသည်။
အဆုံးအစမဲ့ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးပေါ်တွင် ကမ္ဘာမြေကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဆန်းပြားဆန်းကြယ်လှသော နတ်ဘုရားကျင့်စဉ် အတတ်ပညာမျိုးစုံက မျက်စိပဟေဠိဖြစ်လောက်အောင်ပင် တောက်ပလင်းထိန်နေတော့သည်။
တစ်ချက်တစ်ချက်တွင် ပင်လယ်ပြင်ကြီးတစ်ခုလုံး ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားလိုက်၊ တစ်ချက်တစ်ချက်တွင် ပင်လယ်ထဲမှ ကြီးမားလှသော လေဆင်နှာမောင်းကြီးများ ရုန်းကြွထွက်ပေါ်လာလိုက် သို့မဟုတ် ပင်လယ်ရေများက စွမ်းအားကြီးမားလှသော နတ်ဘုရားရုပ်ထုကြီးတစ်စုအဖြစ် ပေါင်းစပ်သွားပြီး လက်ထဲတွင် သံခက်ရင်းခွကြီးများကို ကိုင်ဆောင်ထားလိုက်နှင့် အလွန်ပင် ပြင်းထန်လှပေသည်။
……
မော်ရှန်းတောင်
နဂါးချိပ်ပိတ်တွင်းရှေ့
မျက်ခုံး၊ မျက်ကွင်း သန့်ရှင်းစင်ကြယ်ပြီး နှုတ်ခမ်းနီကာ သွားဖွေးလှသော တာအိုဆရာလေးတစ်ယောက်သည် ဟင်းလင်းပြင်ထဲမှ ဖျတ်ခနဲ ပေါ်ထွက်လာခဲ့သည်။
ထိုတာအိုဆရာလေး၏ မျက်ဝန်းများက ကြည်လင်တောက်ပနေပြီး လက်ထဲတွင် အဆောင်စက္ကူတစ်ရွက်ကို ညှပ်ထားရင်း... နဂါးချိပ်ပိတ်တွင်းကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူ၏ မျက်ဝန်းအစုံထဲ၌ ဆန်းကြယ်သော ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာကာ... တစ်ကိုယ်လုံးတွင် ခရမ်းရောင်အရှိန်အဝါများ ဝန်းရံလာသဖြင့် အလွန်ပင် ထူးခြားဆန်းပြားလှပေသည်။
ဤသူသည်ကား ယခင်က ကျင်ကွမ်းကျောင်းတော် မျှော်စင်အောက်ရှိ ရှေးဟောင်းတွင်းကြီးကို စူးစမ်းရှာဖွေခဲ့သော တာအိုဆရာလေးပင် ဖြစ်၏။
သူသည် ယခင်က လီယန်ချူ၏ လက်ချက်ဖြင့် ကိုယ်ပွားတစ်ခု ပျက်စီးဆုံးရှုံးခဲ့ရဖူးပြီး... နောက်ပိုင်းတွင် ရော်ဖူတောင် ဂိုဏ်းချုပ် ရှန်ချန်ချိုးသည် အသက်လုကာ သူပုန်းအောင်းနေသည့် မြက်ပင်တဲအိမ်ဆီသို့ ထွက်ပြေးလာခဲ့သဖြင့်... သူ၏ ဝိညာဉ်မွေးမြူခြင်း ဆေးလုံးကြီး တစ်အိုးလုံးကိုပင် အောင်မြင်အောင် မသွန်းလုပ်နိုင်ခဲ့ဘဲ လွှတ်ထားခဲ့ရကာ သယ်ဆောင်သွားရန်လည်း အချိန်မရခဲ့ချေ။
ယခုအချိန်တွင် ထိုတာအိုဆရာလေးသည် သူ၏လက်ထဲမှ မန္တန်အဆောင်ကို နဂါးချိပ်ပိတ်တွင်းပေါ်သို့ တိုက်ရိုက် ကပ်နှိပ်လိုက်ရာ နဂါးချိပ်ပိတ်တွင်းထက်တွင် အလင်းတန်းများ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဤမန္တန်အဆောင်သည် ဤနေရာရှိ ချိပ်ပိတ်အစီအရင်ကို သီးသန့် ချေဖျက်ရန်အတွက် ဖြစ်ပြီး... အဆောင်စက္ကူ ကပ်နှိပ်လိုက်ပြီးနောက် နဂါးချိပ်ပိတ်တွင်းကြီးသည် တစ်ချက်ပြီးတစ်ချက် ပြင်းထန်စွာ တုန်ခါလာခဲ့ရသည်။
တာအိုဆရာလေး၏ အမူအရာက တည်ငြိမ်နေသော်လည်း လက်များကမူ မထိန်းချုပ်နိုင်ဘဲ အနည်းငယ် တုန်ရီနေခဲ့ရသည်။
ယနေ့တွင် သူကိုယ်တိုင် မိစ္ဆာလောကနှင့် လူ့လောက၏ လမ်းကြောင်း ဝင်ပေါက်ကို ဖွင့်လှစ်ပေးနိုင်တော့မည် ဖြစ်ရာ... ဤကိစ္စက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေခြင်းပင် ဖြစ်၏။
ဤမျှ ကြီးမားလှသော အစီအစဉ်ကြီးကို ကြံစည်နေခဲ့ပြီး ယခုအခါတွင်မူ အရေးကြီးဆုံး အဆင့်ဖြစ်သည့် ချိပ်ပိတ်ခြင်းကို ချေဖျက်ရန်သာ လိုအပ်တော့သည်။
သို့သော်လည်း နဂါးချိပ်ပိတ်တွင်းကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက်တွင်မူ မူလအတိုင်း ပြန်လည်တိတ်ဆိတ်သွားခဲ့ရသည်။
တာအိုဆရာလေး၏ မူလက စိတ်လှုပ်ရှားနေသော မျက်နှာပြင်က ချက်ချင်း တည်ငြိမ်သွားခဲ့ပြီး မျက်ဝန်းထဲတွင် နားမလည်နိုင်ခြင်း ရိပ်များ ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်ဝန်းထဲမှ ဝိညာဉ်အလင်းတန်းများက ပိုမို၍ တောက်ပလာကာ နဂါးချိပ်ပိတ်တွင်းပေါ်သို့ ဖြာကျသွားခဲ့ရာ... နဂါးချိပ်ပိတ်တွင်းထက်တွင် ဆန်းကြယ်လှသော ရွှေရောင်တာအို အက္ခရာစာလုံးများ ပေါ်ထွက်လာခဲ့ပြီး ၎င်းမှာ မိစ္ဆာများကို နှိမ်နင်းသည့် နတ်ဘုရားတာအို စာလုံးများ ဖြစ်နေတော့သည်။
တာအိုဆရာလေး မျက်မှောင်ကြုတ်လိုက်မိပြီး -
"ဘယ်သူက ဒီနေရာက နတ်ဘုရားတာအို စာလုံးတွေကို ပြန်ပြီး ပြင်ဆင်ထားရုံတင်မကဘူး... ပိုပြီးတော့တောင် ခိုင်မာအောင် လုပ်ထားတာလဲ"
သူသည် အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ထိုနေရာရှိ မိစ္ဆာနှိမ်နင်းရေး နတ်ဘုရားတာအို စာလုံးများသည် ယခင်ကအရာများနှင့် အနည်းငယ် ကွဲပြားနေကြောင်း သတိပြုမိလိုက်သည်။
"ဒါက ချိုင်ဖုန်းနတ်သမီးရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ သူမမှာ ဒီလိုမျိုး ကောင်းကင်အထိ ထိုးဖောက်နိုင်တဲ့ နည်းလမ်းမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး အက္ခရာစာလုံးများသည် သာမန်တားမြစ်ချက် ချိပ်ပိတ်ခြင်းများထက် များစွာ ကျော်လွန်လှပြီး... ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ သို့မဟုတ် အခြားသော စနစ်ကျင့်စဉ်များထဲတွင်ပင် ဤမျှ နက်နဲဆန်းကြယ်လှသော မန္တန်အဆောင်မျိုး မရှိခဲ့ချေ။
ထို့ကြောင့် ကျင့်ကြံရန်လည်း အလွန်ပင် ခက်ခဲလှပြီး ၎င်းမှာ လုံးဝကို မြင့်မားလှသော နယ်ပယ်တစ်ခု၏ အရာပင် ဖြစ်သည်။
တာအိုဆရာလေးသည် ချိုင်ဖုန်းနတ်သမီး၏ ပါရမီအပေါ်၌ များစွာ ချီးကျူးမိသော်လည်း... ယခုအချိန်တွင် သူ၏ ကိုယ်ပေါ်၌ ကြီးမားလှသော တာဝန်ဝတ္တရားများ ရှိနေသဖြင့် လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ တို့ထိလိုက်ရာ... သူ၏ ဘေးပတ်ဝန်းကျင်မှ တာအို၏ ဆန်းကြယ်လှသော အလင်းကွင်းများ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
သူ၏ ခြေအောက်တွင် အာကာသသဘောတရား ပုံရိပ်များ ပေါ်ထွက်လာခဲ့ပြီး အရပ်မျက်နှာတစ်ခုချင်းစီတိုင်းတွင် လူရိပ်တစ်ခုစီ ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်ထဲမှ အဆက်မပြတ် ပစ်လွှတ်လိုက်သော ဆန်းကြယ်လှသော အလင်းတန်းများသည် ထိုနတ်ဘုရားတာအို အက္ခရာစာလုံးများပေါ်သို့ ကျရောက်သွားခဲ့သည်။
နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး အက္ခရာစာလုံးများသည် ချေဖျက်ရန် အလွန်ပင် ခက်ခဲလှသော်လည်း လုံးဝကို နည်းလမ်းမရှိတာတော့ မဟုတ်ချေ။
အထူးသဖြင့် သူ့အတွက်မူ ထိုမန္တန်အဆောင်စက္ကူသည် ဤကဲ့သို့သော အက္ခရာစာလုံးများကို ချေဖျက်နိုင်သည့် လျှို့ဝှက်နည်းလမ်းပင် ဖြစ်သည်။
ဆန်းကြယ်လှသော နတ်ဘုရားအလင်းတန်းများက အဆက်မပြတ် ထိမှန်ပေါက်ကွဲနေခဲ့ပြီး တာအိုမောင်ရင်လေး၏ ဤမျှ မြင့်မားလှသော ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် သူ၏ မျက်ခုံးကြားမှ ချွေးစက်များ စီးကျလာခဲ့ရသည်။
ထိုသို့ လုပ်ဆောင်နေရင်းနှင့် သူသည် မိမိ၏ ရင်ခွင်ထဲမှ ဝါးရောင်သန်းနေသော အဆောင်တစ်ရွက်ကို ထပ်မံထုတ်ယူလိုက်သည်။ ဤအဆောင်စက္ကူပေါ်တွင် ဟင်္သာပြဒါးများဖြင့် ရေးဆွဲထားပြီး ကြည့်ရသည်မှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်ပုံရသော်လည်း... ဤမျှ သာမန်ဖြစ်နေသော အဆောင်စက္ကူသည် နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး အက္ခရာစာလုံးများပေါ်သို့ ကျရောက်သွားချိန်တွင်မူ ရွှေရောင်အလင်းတန်းများက ချက်ချင်း မှေးမှိန်သွားခဲ့ရသည်။
"ကံကောင်းလို့ ကြိုတင်ပြင်ဆင်ထားခဲ့တာ၊ ဒါမှမဟုတ်ရင် ဒီကိစ္စက ငါ့လက်ထဲမှာ ပျက်စီးသွားရတော့မှာပဲ"
တာအိုမောင်ရင်လေးသည် အဆောင်စက္ကူနှင့် အစီအရင်ချေဖျက်ခြင်း နည်းလမ်းများကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။
…………
ကျိုဖုန်းတောင်
လူတစ်ယောက်သည် တိမ်တိုက်ကို စီးနင်းကာ ရောက်ရှိလာခဲ့ပြီး ဝတ်ဆင်ထားသော တာအိုဝတ်စုံက ဖျော့တော့သော အစိမ်းနုရောင် ဖြစ်ပြီး ဦးခေါင်းပေါ်တွင် သစ်သားဆံထိုးတစ်ချောင်းကို စည်းနှောင်ထားကာ မျက်ခုံးကြားတွင် ရဲရင့်သော အရှိန်အဝါများ ပြည့်နှက်နေပြီး ရုပ်ရည်ကမူ ခန့်ညားထည်ဝါလှသည်။
ဤကျိုဖုန်းတောင်ကို ကြည့်ရင်း လီယန်ချူက မနေနိုင်ဘဲ ခပ်ဖွဖွလေး ပြုံးလိုက်မိပြီး -
"လျှို့ဝှက်နယ်မြေတစ်ခုခုထဲကို ဝင်ပြီးတော့... တစ်ချက်က လေးပစ်အတတ်ကို လေ့ကျင့်မယ်၊ ဒုတိယကတော့ ရတနာအချို့ကို ရှာဖွေရမှာပေါ့"
ဟူထျန်းဟင်းလင်းပြင် နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံပြီးနောက် လီယန်ချူသည် ဟင်းလင်းပြင်နှင့် ပတ်သက်၍ အလွန်ပင် အာရုံခံစားမှု မြန်ဆန်လှပေသည်။
သူသည် ဤနေရာ၌ ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့ပြီး အလျင်မလိုခဲ့ချေ။ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်သည် ကျောက်တုံးကြီးတစ်ခုခု၏ အနောက်မှာ ဖြစ်နိုင်သလို သစ်ပင်တစ်ပင်၏ ဘေးမှာလည်း ဖြစ်နိုင်သဖြင့် ပုံသေတွက်၍ မရချေ။
လီယန်ချူ ဤနေရာသို့ ရောက်ရှိပြီး မကြာမီမှာပင် ရုတ်တရက် မျက်ခုံးကို ပြင်းထန်စွာ တွန့်ချိုးလိုက်မိပြီး -
"တစ်ယောက်ယောက်က ငါ့ရဲ့ ချိပ်ပိတ်ခြင်းကို လာပြီး ထိတွေ့နေတယ်"
သူသည် အသေးစိတ် အာရုံခံကြည့်လိုက်ရာ မော်ရှန်းတောင် နဂါးချိပ်ပိတ်တွင်းရှိ နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး လျှို့ဝှက်ကျင့်စဉ်ကို တစ်စုံတစ်ဦးက ချေဖျက်နေခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့်... ဤကျင့်စဉ်ကို စီရင်ခဲ့သူ ဖြစ်သည့် သူသည် သဘာဝအတိုင်း အာရုံခံမိခြင်းပင် ဖြစ်၏။
"ဒီလူတွေက တကယ်ပဲ စိတ်မပျက်သေးပါလား"
လီယန်ချူသည် ယခင်တစ်ခေါက်တုန်းကလည်း နဂါးချိပ်ပိတ်တွင်း၏ ချိပ်ပိတ်အစီအရင်သည် အပြင်လူတစ်ယောက်ယောက်၏ လက်ချက်ဖြင့် ပျက်စီးခြင်း ခံခဲ့ရသည်ဟု ခံစားမိခဲ့သည်။
ထိုစဉ်က မဟာရှမင်းဆက်၏ ကျင့်ကြံသူတစ်ဦးသည် မော်ရှန်းတောင် ဂိုဏ်းချုပ်၏ ရုပ်ခန္ဓာကို သိမ်းပိုက်ကာ မော်ရှန်းတောင် တပည့်များ၏ အသက်ဝိညာဉ်များကို ရိတ်သိမ်းခဲ့သော်လည်း ၎င်းမှာ ထိုသူ၏ လက်ချက် မဟုတ်လောက်ချေ။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာလောက၏ ကျွမ်းကျင်သူများ ထွက်ပေါ်လာပါက မော်ရှန်းတောင်၏ အခြေခံအုတ်မြစ်တစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သဖြင့်... အပြင်လူတစ်ယောက်ယောက် ခိုးယူဝင်ရောက်ခဲ့ခြင်း ဖြစ်ရပါမည်။
လီယန်ချူသည် လွန်းပျံ ကို ထုတ်ယူလိုက်ရာ နတ်ဘုရားလွန်းပျံထံမှ ဖျော့တော့သော အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး... သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ၎င်းထဲသို့ ဝင်ရောက်လိုက်ပြီး... လေပြင်းမုန်တိုင်းအလား အဟုန်ပြင်းစွာဖြင့် မော်ရှန်းတောင်ဆီသို့ ဦးတည်မောင်းနှင်သွားတော့သည်။
သူ မော်ရှန်းတောင်သို့ ရောက်ရှိလာချိန်တွင်မူ ချိုင်ဖုန်းနတ်သမီး၏ ပုံရိပ်ကို မမြင်တွေ့ရဘဲ... တွင်းဝရှေ့တွင် မျက်ခုံး၊ မျက်ကွင်း သန့်ရှင်းစင်ကြယ်သော တာအိုဆရာလေးတစ်ယောက် ရှိနေပြီး... တစ်ကိုယ်လုံးတွင် အစီအရင်ကြီး ရှိနေကာ နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး အက္ခရာစာလုံးများကို ကျင့်စဉ်ထုတ်ဖော်၍ ချေဖျက်နေသည်ကို မြင်တွေ့လိုက်ရသည်။
လီယန်ချူ မျက်ခုံးပင့်လိုက်မိပြီး -
"သူကိုး..."
ဤကဲ့သို့သော ရှေးဟောင်းကျင့်ကြံသူ အများစုတွင် ကိုယ်ပွားများ ရှိတတ်ကြသလို သို့မဟုတ် အသက်အစားထိုး သေဆုံးခြင်း နည်းလမ်းမျိုးစုံ ရှိကြသဖြင့် ၎င်းတို့၏ နည်းလမ်းများက အလွန်ပင် ရှုပ်ထွေးလှပေသည်။
လီယန်ချူ၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး လက်ဖဝါးထဲတွင် မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ -
"မိုးကြိုးနတ်မင်း ငါးရာ ငါ့လက်ဖဝါးထဲမှာ ရှိတယ်၊ တွန်းထုတ်လိုက်ရင် မြေပြင်ကွဲအက်ပြီး ကောင်းကင်ဘုံပါ ပြိုပျက်စေရမယ်၊ မိစ္ဆာနတ်ဆိုးတွေသာ ဒါနဲ့ ကြုံရင် ခဏချင်းအတွင်းမှာပဲ မြူမှုန်အဖြစ် ပြောင်းလဲစေရမယ်... မိုးကြိုးလက်ဖဝါးမန္တန်... ဖွင့် "
သူ၏ ခပ်တိုးတိုး အော်ဟစ်လိုက်သံနှင့်အတူ ပြင်းထန်လှသော ကောင်းကင်မိုးကြိုးကြီးများ ရိုက်ချလိုက်တော့သည်။
မိုးကြိုးအလင်းတန်းများသည် ခရမ်းရောင်အဆင်း ရှိပြီး ရေပုံးတစ်ပုံးမျှ တုတ်ခိုင်လှပေရာ...
"ဝုန်း... ဝုန်း... ဝုန်း..."
မိုးကြိုးအလင်းတန်းများက ဦးခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားတော့သည်။
တာအိုဆရာလေးသည် နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး အက္ခရာစာလုံးများကို စိတ်ရောကိုယ်ပါ အာရုံစိုက်၍ ချေဖျက်နေရင်းမှ... ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ တောက်ပလင်းထိန်လှသော ကောင်းကင်မိုးကြိုးကြီး ကျရောက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။
"………………"
စဉ်းစားတွေးတောရန် အချိန်မရတော့ဘဲ သူသည် ကြေးညို ရှေးဟောင်းမှန်တစ်ချပ်ကို ချက်ချင်း ထုတ်ဖော်လိုက်ရာ ထိုမှန်ချပ်ကြီးသည် လေထုထဲ၌ ချက်ချင်းပင် ကြီးမားကျယ်ပြန့်သွားခဲ့သည်။
မှန်ချပ်ထဲမှ တောက်ပလှသော နတ်ဘုရားအလင်းတန်းများ ကောင်းကင်ယံသို့ ထိုးဖောက်ထွက်ပေါ်သွားတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ကောင်းကင်မိုးကြိုးနှင့် နတ်ဘုရားအလင်းတန်းများ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ ရိုက်ခတ်မိရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပွင့်ထွက်သွားသော စွမ်းအင်လှိုင်းတံပိုးများ ဖြစ်ပေါ်လာခဲ့ပြီး... ပူပြင်းတောက်ပလှသော မိုးကြိုးအလင်းတန်းများ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ မော်ရှန်းတောင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
မော်ရှန်းတောင်မှ ကျွမ်းကျင်သူ အမြောက်အမြား ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြရကာ -
"ဘာဖြစ်တာလဲ"
"နဂါးချိပ်ပိတ်တွင်းဘက်ကပဲ"
ပုံရိပ်အချို့ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး အစွမ်းကုန် ကျင့်စဉ်များ ထုတ်ဖော်ကာ ေလကိုစီးခြင်း အတတ် သို့မဟုတ် ဓားပျံစီးခြင်း အတတ်ပညာများဖြင့် နဂါးချိပ်ပိတ်တွင်းရှိရာ နေရာဆီသို့ အပြေးအလွှား ရောက်ရှိလာကြတော့သည်။
မော်ရှန်းတောင် တပည့်များသည် နဂါးချိပ်ပိတ်တွင်းကိုစောင့်ကြပ်ထိန်းသိမ်း ရန် တာဝန်ရှိကြပြီး... ယခုအချိန်တွင် ဂိုဏ်းကြီးက ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း မိမိတို့၏ တာဝန်ဝတ္တရား ရှိနေသဖြင့် နောက်မဆုတ်တမ်း လာရောက်ကြခြင်းပင်။
အတိတ်က စိတ်နှလုံး မဖြောင့်မတ်သူများ အားလုံးသည် ထိုမဟာရှမင်းဆက် ကျင့်ကြံသူ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော်လည်း... ကျန်ရှိနေခဲ့သူများမှာမူ မြူဆွယ်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြသဖြင့် မော်ရှန်းတောင်၏ မိစ္ဆာနှိမ်နင်းရေးတွင် စိတ်ဓာတ်များ ပြည့်ဝကြသူများ ဖြစ်ကြသည်။
ကြေးညို ရှေးဟောင်းမှန်ကြီးသည် မျက်စိတစ်မှိတ်အတွင်းသာ ခုခံနိုင်ခဲ့ပြီး ချက်ချင်းပင် အက်ကွဲကြောင်းများ ပေါ်ထွက်လာကာ တာအိုဆရာလေး၏ လက်ထဲသို့ ပြန်လည်ကျရောက်သွားခဲ့သည်။
သူသည် ရွှေရောင်လွန်းပျံထဲမှ ထွက်ပေါ်လာသော လူရိပ်တစ်ဦးကို လှမ်းကြည့်လိုက်ရာ...
ထိုသူသည် ကိုယ်ဟန်ကြံ့ခိုင်ပြီး ဖျော့တော့သော အစိမ်းနုရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ရဲရင့်ကျော့ရှင်းလှပြီး ခါးတွင် ရှေးဟောင်းဆန်းပြားလှသော ဓားရှည်တစ်စင်းကို ဆွဲချိတ်ထားသည်။
တာအိုဆရာလေး ချက်ချင်းပင် မျက်နှာပျက်သွားရကာ -
"မင်းပဲ"
လီယန်ချူက ခပ်အေးအေးပင် -
"မင်းတို့လို လူမျိုးတွေက တကယ်ပဲ အလုပ်ရှုပ်ဖို့ ကောင်းတာပဲ"
တာအိုဆရာလေးသည် အလွန်အမင်း ဒေါသထွက်သွားရသဖြင့် ရယ်မောလိုက်မိပြီး -
"လူတစ်ယောက်နဲ့ မတွေ့ရတာ သုံးရက်ရှိရင် မျက်လုံးကို ပွတ်ပြီး အသစ်တစ်ဖန် ပြန်ကြည့်ရမယ်တဲ့...မင်းက နတ်ဘုရားအဆင့်အောက်မှာ ပြိုင်ဘက်မရှိ ဖြစ်နေရင်ကော ဘာဖြစ်လဲ"
စကားဆုံးသည်နှင့် သူသည် တန်ခိုးစွမ်းအားကြီးမားလှသော အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ပင့်တင်လိုက်သည်။
ဤအမိန့်ပေးတံဆိပ်ပြားတစ်ခုလုံး နီမြန်းနေပြီး ရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်၊ သစ်သားလည်း မဟုတ်ဘဲ... ၎င်းထက်တွင် ဆန်းကြယ်လှသော တာအိုအက္ခရာစာလုံးများ ပြည့်နှက်နေတော့သည်။
တာအိုဆရာလေး ဤအရာကို ထုတ်ဖော်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားကျယ်ပြန့်လှသော စွမ်းအားကြီးတစ်ခု သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါက တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကိုယ်လုံး ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ... ထိုနေရာ၌ မတ်တတ်ရပ်နေရုံမျှဖြင့် ထွက်ပေါ်နေသော အရှိန်အဝါက တောင်တန်းကြီးများအလား ခိုင်မာလှပြီး... ကြီးမားလှသော ကောင်းကင်နတ်မင်းကြီးတစ်ပါးအလား ဖြစ်နေတော့သည်။
တာအိုဆရားလေးက ခပ်အေးအေးပင် -
"ဒီနေ့တော့... မင်း ငါ့ရဲ့ လက်ထဲမှာ သေရမှာပဲ"
ဤသစ်သားတံဆိပ်ပြားသည် ကောင်းကင်နတ်မင်းကြီး၏ စွမ်းအားကို ချေးယူနိုင်ပြီး အချိန်တိုအတွင်း ကောင်းကင်နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိစေကာ ကမ္ဘာမြေနှင့် ထပ်တူကျစေနိုင်ခြင်းပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မော်ရှန်းတောင်တစ်ခုလုံး မြေပြင်တုန်ခါကာ လေပြင်းများ တိုက်ခတ်လာပြီး...
ကောင်းကင်ယံထက်တွင် တိမ်တိုက်များက ပြင်းထန်စွာ ဆူပွက်လာခဲ့ကာ ဆန်းပြားလှသော နတ်သားရဲကြီးများ၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအချိန်တွင် မော်ရှန်းတောင် နဂါးချိပ်ပိတ်တွင်းဆီသို့ အပြေးအလွှား လာရောက်နေကြသော မော်ရှန်းတောင် တပည့်များအားလုံး ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားကြရပြီး မျက်နှာထက်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာကာ -
"တောင်နောက်ဘက်မှာ တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ"
"ဒီအရှိန်အဝါက တကယ့်ကို ပြင်းထန်လွန်းတယ်"
ဤလူများ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့တုန်လှုပ်ခြင်း အရိပ်အယောင်များ ထွက်ပေါ်နေတော့သည်။
မော်ရှန်းတောင်သည် နှစ်ပေါင်းထောင်ချီအတွင်း မကြုံဖူးသေးသည့် ဘေးဒုက္ခကြီးနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဂိုဏ်းထဲရှိ ကျွမ်းကျင်သူ ဆယ်ယောက်တွင် တစ်ယောက်မျှပင် မကျန်ရှိတော့ဘဲ ဖြစ်နေချိန်တွင်... ယခုအခါတွင်မူ နောက်ထပ် ဘေးဒုက္ခကြီးတစ်ခု ထပ်မံကျရောက်လာပြန်ခြင်းပင်။
လီယန်ချူ အနည်းငယ် အံ့အားသင့်သွားပြီး တာအိုဆရာလေး၏ လက်ထဲမှ သစ်သားတံဆိပ်ပြားကို စိုက်ကြည့်လိုက်သည်။
သူ အံ့အားသင့်ရခြင်းမှာ ဤတာအိုဆရာလေး၏ စွမ်းအား တိုးတက်လာခြင်းကြောင့် မဟုတ်ဘဲ... ယခုအချိန်တွင် ကောင်းကင်ဘုံမှ နတ်မင်းကြီးများသည် လူ့လောက၏ ကိစ္စရပ်များထဲသို့ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်နေကြခြင်းကြောင့်ပင်။
"ကြည့်ရတာ... လောကကြီးရဲ့ သံကြိုးအတားအဆီးတွေ ပြယ်လွင့်သွားတာက တကယ်ပဲ အကောင်းကြီးတော့ မဟုတ်လောက်ဘူး"
ဤသံကြိုးအတားအဆီးသည် ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားခြင်း ဖြစ်သလို... အပြင်လူများ ဝင်ရောက်လာခြင်းကိုလည်းပိတ်ဆို့တားဆီး ပေးထားခြင်းပင်။
အကယ်၍ ဤသံကြိုးအတားအဆီးသည် လူတစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်ပါက... ၎င်းမှာလည်း မတတ်သာသည့် နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
တာအိုဆရာလေး၏ အရှိန်အဝါက ကြီးမားကျယ်ပြန့်လှပြီး ဝတ်စုံလက်အင်္ကျီကို ခါယမ်းလိုက်ရာ... မရေမတွက်နိုင်သော နက်မှောင်လှသော မိစ္ဆာလေပြင်းများ ထွက်ပေါ်လာခဲ့ပြီး သံမဏိဓားရှည်ကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။
လီယန်ချူသည် ၎င်း၏ အလယ်ဗဟိုတွင် ရှိနေပြီး အရပ်မျက်နှာ အဖုံဖုံတွင် ရုပ်ခန္ဓာကို ဖြတ်တောက်ပစ်နိုင်သည့် လေပြင်းဓားမြှားများ ဝန်းရံနေသော်လည်း... သူသည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး လက်သီးတစ်ချက် တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ စွမ်းအားက ယခင်ကထက် များစွာ ပိုမို၍ တိုးတက်မြင့်မားလာခဲ့ပြီ ဖြစ်သည်။
ဖုန်းနတ်ဘုရားလေးမြှားထဲတွင် ရှေးဟောင်းဆန်းပြားလှသော သိုင်းပညာကျင့်စဉ်များ ပါဝင်နေသဖြင့် သူ၏ စွမ်းအားကို မြင့်တက်စေရန်အတွက် ကြီးစွာသော အကျိုးကျေးဇူး ရှိနေခြင်းပင်။
လီယန်ချူ လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ သူ၏ နောက်ကွယ်တွင် ကြီးမားလှသော သိုင်းပညာ နတ်ဘုရားပုံရိပ်ကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး... ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ မျက်နှာကမူ ဝေဝါးနေတော့သည်။
"ဝုန်း..."
လီယန်ချူသည် တာအိုဆရာလေး၏ ရှေ့မှောက်ရှိ ကာကွယ်ရေး အလင်းအကာအကွယ်ပေါ်သို့ လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
တာအိုဆရာလေး၏ ကိုယ်ပေါ်တွင် ဖျော့တော့သော အစိမ်းရောင် အလင်းတန်းတစ်ခု ရှိနေပြီး ၎င်းမှာ ကြီးမားလှသော ခေါင်းလောင်းကြီးတစ်လုံးအလား ဖြစ်သော်လည်း...
ယခုအချိန်တွင် တာအိုဆရာလေးသည် ခေါင်းလောင်းကြီးပေါ်တွင် ပေါ်ထွက်လာသော အက်ကွဲကြောင်းများနှင့် ပြင်းထန်စွာ တုန်ခါနေမှုကို ကြည့်ရင်း... မျက်ဝန်းထဲတွင် မနေနိုင်ဘဲ အံ့အားသင့်ရိပ်များ ထွက်ပေါ်လာကာ -
"သိုင်းသမားလူရိုင်းရဲ့ လက်သီးတစ်ချက်က ဒီေလာက်အထိ ပြင်းထန်လှတာလား"
သူ၏ ရင်ထဲ၌ များစွာ အံ့အားသင့်သွားရသည်။ အချိန်တိုအတွင်း ကောင်းကင်နတ်မင်းကြီး နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ များစွာ ယုံကြည်မှု ရှိနေခြင်းပင်။
သူသည် မူလကပင် ဤတံခါးကို ခြေတစ်ဖက် လှမ်းထားနိုင်ခဲ့သူ ဖြစ်သဖြင့် ယခုအခါတွင် တံခါးနောက်ကွယ်ရှိ ရှုခင်းများကို မြင်တွေ့လိုက်ရရာ မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး အားကောင်းလှသည်။
သူ သိရှိလိုက်သည်မှာ လီယန်ချူကဲ့သို့သော ရုပ်ခန္ဓာ သန်မာကြံ့ခိုင်လှသည့် သိုင်းပညာရှင် လူရိုင်းနှင့် ရင်ဆိုင်ရပါက ထိပ်တိုက်ရင်ဆိုင်ရန် မသင့်တော်ချေ။
သူသည် လက်ကို ခပ်ဖွဖွလေး ခါယမ်းလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်း ပြောင်းလဲသွားတော့သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် စည်ကားလှသော မြို့ပြတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ပြီး... မြင်းရထားများ၊ လူအမျိုးမျိုး၊ ကုန်သည်များနှင့် လမ်းဘေးဈေးသည်များဖြင့် အလွန်ပင် စည်ကားလှသော ရှုခင်းကြီးတစ်ခု ဖြစ်ပေါ်နေတော့သည်။
တာအိုဆရာလေးနှင့် လီယန်ချူတို့နှစ်ဦးသည် လမ်းမကြီးပေါ်တွင် ရှိနေကြပြီး... ဤနေရာရှိ ရှုခင်းများက အစစ်အမှန်လိုလို၊ အတုလိုလိုနှင့် အစစ်နှင့်အတုကို ခွဲခြားရန် ခက်ခဲလှပေသည်။
အကယ်၍ လီယန်ချူသည် ဤနေရာ၌ တိုက်ခိုက်ပြီး သက်ရှိဝိညာဉ်များကို သတ်ဖြတ်မိပါက... စိတ်နှလုံး ဘေးဒုက္ခကို မလွဲဧကန် ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။
ဤနည်းလမ်းဖြင့် သူ၏ ပြိုင်ဘက်မရှိသော စိတ်နှလုံး အခြေအနေကို ဖိနှိပ်ထားနိုင်ပြီး... စိတ်နှလုံးထဲတွင် အားနည်းချက်တစ်ခု ပေါ်ထွက်လာသည်နှင့် သူ၏ တာအိုကျင့်စဉ်တစ်ခုလုံး ပျက်စီးသွားရတော့မည် ဖြစ်သည်။
"ရုပ်ခန္ဓာ သန်မာတော့ကော ဘာဖြစ်လဲ"
တာအိုဆရာလေးက ခပ်အေးအေးပင် ပြုံးလိုက်သည်။
ထင်ယောင်ထင်မှား အတတ်ကို ထုတ်ဖော်ပြီး ဤသိုင်းပညာရှင် လူရိုင်းကို ပိတ်လှောင်ထားကာ အမောဆို့ပြီး သေသွားအောင် လုပ်ပစ်မည်။
သို့သော်လည်း သူသည် လီယန်ချူ ၎င်းထဲ၌ ရုန်းကန်နေရသည်ကို မြင်တွေ့ရရန် အချိန်မရလိုက်ဘဲ...
လီယန်ချူသည် ရှူယီဘူးသီး ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
ရှူယီဘူးသီး၏ ဝိညာဉ်အိုးဝမှ ခပ်ဖွဖွလေး မှုတ်ထုတ်လိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ ရှုခင်းများက နောက်ထပ်တစ်ကြိမ် ထပ်မံပြောင်းလဲသွားပြန်သည်။
တာအိုဆရာလေးသည် ရုတ်တရက် သတိပြုမိလိုက်သည်မှာ... မူလက ဤလမ်းမပေါ်ရှိ ဈေးသည်များနှင့် လမ်းဘေးလူများသည် သူနှင့် ရင်းနှီးကျွမ်းဝင်လှသော မျက်နှာများအဖြစ် ပြောင်းလဲသွားခဲ့ပြီး... ၎င်းတို့အားလုံးမှာ အတိတ်က သူကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးသော လူများ ဖြစ်နေခြင်းပင်။
ထို့ပြင် သူ၏ အတိတ်က ဆရာတူ ညီအစ်ကိုများပါ ၎င်းထဲတွင် ပါဝင်နေခဲ့သည်။
ထိုစဉ် လမ်းမကြီးပေါ်ရှိ လူအားလုံးက ဆန်းကြယ်စွာဖြင့် ရပ်တန့်သွားကြပြီး... လူအားလုံး၏ မျက်ဝန်းများက တာအိုဆရာလေးဆီသို့ တညီတညွတ်တည်း စိုက်ကြည့်လာကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တာအိုဆရာလေး၏ စိတ်ထဲတွင် နောင်တရခြင်း၊ စိတ်မကောင်းခြင်း၊ ကြောက်ရွံ့ခြင်း... စသည့် မကောင်းသော စိတ်ခံစားမှုမျိုးစုံ ပေါ်ထွက်လာခဲ့သည်။
ဤစိတ်ခံစားမှုများသည် သူ၏ ခန္ဓာကိုယ်ထဲမှ အလိုအလျောက် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ရှူယီဘူးသီး၏ စွမ်းပကားကြောင့် ဖြစ်ပြီး... စိတ်နှလုံး မိစ္ဆာကို ထိန်းချုပ်လိုက်ခြင်းပင်။
နတ်ဘုရားပန်းချီကားနှင့် ပေါင်းစပ်ပြီးနောက် ရှူယီဘူးသီး၏ စွမ်းပကားက များစွာ မြင့်တက်လာခဲ့ပြီး ဂုဏ်သတ္တိအသစ်အချို့ ထပ်မံတိုးပွားလာခဲ့ရာ...
ယခုအခါတွင်မူ ဤတာအိုဆရာလေးအပေါ်၌ သက်ရောက်မှု ပေးနိုင်စွမ်း ရှိသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ စိတ်အာရုံကို လွှမ်းမိုးသွားစေခဲ့သည်။
တာအိုဆရာလေး၏ မျက်ဝန်းအစုံတွင် ရုတ်တရက် သွေးကြောများ ယှက်သန်းလာခဲ့ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါ်ထွက်လာကာ -
" မင်းတို့အားလုံးကို ငါ သတ်ခဲ့ပြီးပြီပဲဥစ္စာ၊ တစ်ခေါက် သတ်နိုင်ခဲ့ရင် ဒုတိယအကြိမ်လည်း ထပ်ပြီး သတ်နိုင်သေးတာပေါ့ "
စကားဆုံးသည်နှင့် သူသည် လက်ညှိုးကို ဓားအလား ပြုလုပ်၍ အုန်းခနဲ လွှဲခုတ်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်း လမ်းမကြီးပေါ်တွင် လီယန်ချူမှလွဲ၍ အခြားသော လူအားလုံး သေဆုံးသွားခဲ့ကြရပြီး ခါးမှ ဖြတ်တောက်ခြင်း ခံလိုက်ရကာ သွေးများနှင့် အူများ မြေပြင်ပေါ်သို့ စီးကျလာခဲ့သည်။
သို့သော်လည်း ဤလူများသည် လုံးဝဥဿုံ သေဆုံးသွားခြင်း မရှိသေးဘဲ... တစ်ယောက်ပြီးတစ်ယောက် ရုန်းကန်လှုပ်ရှားကာ မြေပြင်ပေါ်၌ တွားသွားနေကြဆဲပင်။
၎င်းတို့၏ အော်ဟစ်သံများက ဟိန်းထွက်နေပြီး တာအိုဆရာလေး၏ လုပ်ရပ်များနှင့် သူ၏ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ဒေါသတကြီး အော်ဟစ်ဆဲဆိုနေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း တာအိုဆရာလေး၏ နားထဲတွင် လူပေါင်းသောင်းချီတို့၏ အော်ဟစ်သံများ တပြိုင်နက်တည်း ဗုံးပေါက်ကွဲသလို ဝင်ရောက်လာခဲ့သဖြင့်...
စိတ်ထဲတွင် မကောင်းသော စိတ်ခံစားမှုများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး နောင်တရခြင်းနှင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ပေါ်လာကာ -
"ငါက တကယ်ပဲ ဒီလောက်တောင် အပြစ်ကြီးမားတဲ့လူ ဖြစ်နေရတာလား... ထာဝရအသက်ကို ရဖို့အတွက် ငါက လူအများကြီးကို သတ်ခဲ့မိတာလား"
တာအိုဆရာလေး၏ စိတ်ထဲတွင် မကောင်းသော စိတ်ခံစားမှုများ ဖြစ်ပေါ်လာသဖြင့် သူ၏ တာအိုစိတ်နှလုံး ထိခိုက်ပျက်စီးသွားခဲ့ရသည်။
သူသည် နောက်ထပ်တစ်ကြိမ် မော့ကြည့်လိုက်ရာ ထိုခန့်ညားထည်ဝါလှသော တာအိုဆရာငယ်လေးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ပြီး...
ဤနေရာ၌ သူမှလွဲ၍ သူကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးသော လူများသာ မြေပြင်အပြည့် ရှိနေတော့သည်။
တာအိုဆရာလေးသည် ပိုမို၍ ရူးသွပ်လာခဲ့ပြီး စိတ်နှလုံး အခြေအနေ ပျက်စီးသွားသဖြင့် ကိုယ်ပေါ်ရှိ အရှိန်အဝါက အကြီးအကျယ် လှုပ်ခတ်လာခဲ့ကာ...
ရုတ်တရက်...
သူ၏ အမူအရာက အေးစက်သွားခဲ့ပြီး ဆံပင်ရှည်များ လေထဲ၌ ပျံလွင့်နေကာ နတ်ဘုရားအလား၊ မိစ္ဆာအလား ဖြစ်နေတော့သည်။
"လူဆိုတာ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ရှိကြတာပဲဥစ္စာ... ကျင့်ကြံသူက ထာဝရအသက်ကို ရဖို့အတွက် လုပ်တာက မူလကတည်းက ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲ၊ လူတစ်ယောက်ကို သတ်တာလည်း သတ်တာပဲ... လူသန်းပေါင်းများစွာကို သတ်တာလည်း သတ်တာပဲ... ထာဝရအသက်ကို ရဖို့အတွက် ငါလုပ်တာ ဘာမှမမှားဘူး "
စကားဆုံးသည်နှင့် သူ၏ ကျင့်စဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ...
"ဒိုင်း... ဒိုင်း... ဒိုင်း..."
လူရိပ်များ တစ်ယောက်ပြီးတစ်ယောက် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။
လမ်းမကြီးတစ်ခုလုံး ရှင်းလင်းသွားခဲ့သော်လည်း...
သူ၏ မျက်ဝန်းများက ရုတ်တရက် ရပ်တန့်သွားခဲ့ရပြန်သည်။
သူ၏ ရှေ့မှောက်တွင် လှပကျော့ရှင်းလှသော အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးငယ်လေးတစ်ဦး ပေါ်ထွက်လာခဲ့သည်။
ဤအမျိုးသမီးငယ်လေး၏ အရှိန်အဝါက နူးညံ့သိမ်မွေ့လှပြီး ဆောင်းဦးရာသီက ရေပြင်အလား တည်ငြိမ်ကာ အသက် တစ်ဆယ်ခွန်၊ တစ်ဆယ်ရှစ် အရွယ်မျှသာ ရှိသေးပြီး... စင်ကြယ်သန့်ရှင်းလှပေသည်။
တာအိုဆရာလေး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပြီး...
ဤအမျိုးသမီးငယ်လေးသည် သူ၏ ဆရာတူ ညီမလေး ဖြစ်သလို... သူ၏ တစ်သက်တာလုံးတွင် တစ်ဦးတည်းသော ချစ်မြတ်နိုးခဲ့ရသူလည်း ဖြစ်၏။
အတိတ်တုန်းက သူသည် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံကာ သက်ရှိဝိညာဉ်များကို သတ်ဖြတ်ခဲ့သဖြင့်...
ဤအမျိုးသမီးငယ်လေးသည် ရင်ကွဲနာကျကာ သူ၏ ရှေ့မှောက်၌ပင် မိမိ၏ ဝိညာဉ်ကို မိမိကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သည်။ ၎င်းမှာ တာအိုဆရာလေး၏ တစ်သက်တာလုံးတွင် အကြီးမားဆုံးသော နာကျင်မှု ဖြစ်သလို... သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးထဲက အခြားသူများ မသိနိုင်သည့် လျှို့ဝှက်ချက်လည်း ဖြစ်သည်။
ဤအမျိုးသမီးငယ်လေးကို နောက်ထပ်တစ်ကြိမ် မြင်တွေ့လိုက်ရသောအခါ တာအိုဆရာလေး၏ မျက်ဝန်းအစုံ နီမြန်းသွားခဲ့ရပြီး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်။
ကျင့်ကြံလာခဲ့သည်မှာ ယနေ့တိုင်အောင် သူ၏ စိတ်နှလုံးက နတ်ဘုရားအလား၊ မိစ္ဆာအလား ခိုင်မာနေခဲ့သော်လည်း... ယခုအခါတွင်မူ ငယ်စဉ်က ချစ်မြတ်နိုးခဲ့ရသူကို ပြန်လည်မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ စိတ်နှလုံးထဲ၌ လှိုင်းတံပိုးများ ထွက်ပေါ်လာခဲ့ရပြန်သည်။
၎င်းမှာ ယခင်က ရှူယီဘူးသီး၏ လွှမ်းမိုးခြင်း ခံခဲ့ရ၍လား သို့မဟုတ် သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးထဲတွင် ဤမျှ ကြီးမားလှသော အားနည်းချက်တစ်ခု ဖုံးကွယ်နေခဲ့၍လား ဆိုတာကိုမူ မခွဲခြားနိုင်တော့ချေ။
တာအိုဆရာလေး နှုတ်ခမ်းကို ဟကာ စကားပြောရန် ပြင်လိုက်သော်လည်း... ဤအစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးငယ်လေးသည် သူ့ကို သနားစဖွယ် တစ်ချက် ကြည့်လိုက်ပြီး မျက်ရည်များ ဝဲထွက်လာကာ -
"ဒီလိုမျိုး ထာဝရအသက်ကို ရလို့... အကယ်၍ နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့ရင်တောင် ဘာအသုံးဝင်မှာလဲ"
အမျိုးသမီးငယ်လေးက သနားစဖွယ် ပြောဆိုလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ခြေအောက်တွင် မီးလျှံများ ပေါ်ထွက်လာခဲ့ပြီး သူမ၏ တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့ရာ... ရုပ်ခန္ဓာနှင့် ဝိညာဉ်နှစ်ခုစလုံး မီးလျှံများထဲ၌ နစ်မြုပ်သွားတော့သည်။
တာအိုဆရာလေး ရုတ်တရက် ရင်ထဲ၌ စူးစူးရှရှ နာကျင်သွားခဲ့ရသဖြင့် -
"မလုပ်နဲ့"
သူသည် ချက်ချင်းပင် နတ်ဘုရားကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင်ထဲမှ ရေစီးကြောင်းကြီးများ ပေါ်ထွက်လာခဲ့ပြီး ဤစစ်မှန်သော မီးလျှံများပေါ်သို့ ကျရောက်သွားတော့သည်။
သူ၏ လက်ရှိ နတ်ဘုရားကျင့်စဉ်ဖြင့်ဆိုပါက မြစ်ကြီးသုံးစင်းစာမျှရှိသော ရေထုကို ဆွဲယူနိုင်သော်လည်း... ဤမီးလျှံများကမူ ဘယ်လိုနည်းနဲ့မှ ငြိမ်းသတ်၍ မရခဲ့ချေ။
သူသည် မိမိ၏ အချစ်ဆုံးသူ ဤမီးလျှံများထဲ၌ နောက်ထပ်တစ်ကြိမ် ပျက်စီးဆုံးရှုံးသွားရသည်ကို မျက်စိစုံမှိတ် ကြည့်နေခဲ့ရုံမှတစ်ပါး အခြားနည်းလမ်း မရှိခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားအမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသော တာအိုဆရာလေးသည် အိုမင်းရင့်ရော်သွားသည့် ခံစားချက်မျိုး ပေါ်ထွက်လာခဲ့ပြီး မျက်ဝန်းများက ဗလာကျင်းနေကာ ထိုနေရာ၌ တောင့်တောင့်ကြီး မတ်တတ်ရပ်နေမိသည်။
အတိတ်တုန်းက တောင်ပေါ်၌ သူတို့နှစ်ဦး အတူတူ ဖြတ်သန်းခဲ့ကြသည့် ပုံရိပ်များက စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်း သူ၏ ခန္ဓာကိုယ်က မြင့်မားလာခဲ့ပြီး လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားကာ၊ ထို့နောက်တွင်မူ လူလတ်ပိုင်း၊ ထိုမှတစ်ဆင့် သက်ကြီးရွယ်အို... အဆုံးတွင်မူ လုံးဝကို ဇရာဖိစီးနေသော အဖိုးအိုကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
သွားကျိုး၊ ခါးကုန်းကာ မျက်ဝန်းများကလည်း မှုန်ဝါးနေပြီး... စောစောက နတ်ဘုရားအလား ခန့်ညားထည်ဝါနေသော၊ အားမာန်ပြည့်နှက်နေသော ပုံစံမျိုး လုံးဝ မရှိတော့ချေ။
သူသည် စိတ်နှလုံး မိစ္ဆာကမ္ဘာထဲ၌ ပိတ်မိသွားခဲ့ခြင်းပင်။
ကျင့်ကြံသူများ ဘေးဒုက္ခကို ကျော်ဖြတ်ရသည့်အခါ ကောင်းကင်ဘေးဒုက္ခ၊ လူသားဘေးဒုက္ခများ ရှိကြသလို... စိတ်နှလုံး မိစ္ဆာဘေးဒုက္ခလည်း ရှိကြပေသည်။
စိတ်နှလုံး အနက်ရှိုင်းဆုံးထဲက မှတ်ဉာဏ်များနှင့် စွဲလမ်းမှုများကို ထိမိသွားခဲ့ပါက အကယ်၍ မကျော်ဖြတ်နိုင်လျှင်... ဝိညာဉ်ပျက်စီးကာ အသက်ပျောက်ကွယ်သွားရတတ်သည်။
ယခုအခါတွင်မူ ရှူယီဘူးသီးသည် ဆိုင်ရှင်မ၏ အကြိမ်ကြိမ် ပြန်လည်သွန်းလုပ်ပေးခဲ့မှုကြောင့် ဤကဲ့သို့သော စွမ်းပကားမျိုးကိုလည်း ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။
လီယန်ချူ ပေါ်ထွက်လာခဲ့ပြီး... သူသည်လည်း စောစောက ဤပုံရိပ်ကို မြင်တွေ့ခဲ့ရသော်လည်း ဤမျှ လူ့အသက်ကို မြက်ပင်အလား သဘောထားပြီး လူအမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသည့် ကျွမ်းကျင်သူတစ်ဦးက ဤအမျိုးသမီးငယ်လေးအပေါ်၌ ဤမျှအထိ ထိခိုက်ခံစားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်အလင်းတန်းများ ပျယ်လွင့်သွားခဲ့ပြီး မျက်ခုံး၊ မျက်ကွင်း သန့်ရှင်းစင်ကြယ်သော တာအိုဆရာလေးသည် လုံးဝကို ဇရာဖိစီးနေသော အဖိုးအိုကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုကြီးမားကျယ်ပြန့်လှသော ကောင်းကင်နတ်မင်းကြီး နယ်ပယ် စွမ်းအားများ ပျယ်လွင့်သွားခဲ့ရပြီး ရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်သည့် သစ်သားတံဆိပ်ပြားကြီးမှာလည်း အုန်းခနဲ ပွင့်ထွက်ကာ ပျက်စီးသွားတော့သည်။
သူသည် သာမန်လူများကို ပုရွက်ဆိတ်အလား သဘောထားခဲ့ပြီး ဤလောကကြီးကို စတုရန်းကွက် ကစားပွဲတစ်ခုအလား သဘောထားကာ စိတ်ရောကိုယ်ပါ တာအိုကျင့်စဉ်ကို ကျင့်ကြံ၍ ထာဝရအသက်ကို ရရှိရန်နှင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့သော်လည်း...
ထင်မှတ်မထားဘဲ စိတ်နှလုံး မိစ္ဆာဘေးဒုက္ခထဲ၌ ပိတ်မိသွားခဲ့ရသဖြင့် ချေးယူထားသော ကောင်းကင်နတ်မင်းကြီး နယ်ပယ် စွမ်းအားများ ပျက်စီးသွားခဲ့ရခြင်းပင်။
တာအိုဆရာလေးသည် ယခုအချိန်တွင် ဇရာဖိစီးနေသော အဖိုးအိုကြီးတစ်ဦးအလား ဖြစ်နေပြီး မှုန်ဝါးလှသော မျက်ဝန်းအစုံဖြင့် လီယန်ချူကို စိုက်ကြည့်ကာ -
"မင်းနဲ့ငါက ရန်သူတွေ ဖြစ်ကြလို့... မူလကတည်းက ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေ့တော့ ငါက မင်းကို ကျေးဇူးတင်စကား တစ်ခွန်း ပြောရလိမ့်မယ်"
လီယန်ချူ မျက်ခုံးပင့်လိုက်မိပြီး...
ဤလူသည် ကောင်းကင်နတ်မင်းကြီး နယ်ပယ်ထဲမှ ပြုတ်ကျသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။ သို့သော် ဤအချိန်တွင် ဘာဖြစ်လို့ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုနေရတာလဲ ဆိုတာကိုမူ မသိရချေ။
သူ၏ အမူအရာက အေးစက်တည်ငြိမ်နေပြီး စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
ဇရာဖိစီးနေသော အဖိုးအိုကြီးအလား ဖြစ်နေသည့် တာအိုဆရာလေးက အက်ကွဲလှသော လေသံဖြင့် -
"ငါအဖိုးကြီး တစ်သက်လုံး ကျင့်ကြံလာခဲ့ပြီး... သံယောဇဉ်တွေကို ဖြတ်တောက်ကာ စိတ်ဝိညာဉ်တွေကို ဖျက်ဆီးခဲ့ပေမဲ့... ထင်မှတ်မထားဘဲ သူမကို နောက်ထပ်တစ်ကြိမ် ပြန်တွေ့ရတာက ရန်သူ့လက်ထဲမှာ ဖြစ်နေလိမ့်မယ်လို့ မတွေးမိခဲ့ဘူး"
သူ၏ နတ်ဘုရားကျင့်စဉ် အပြောင်းအလဲများဖြင့်ဆိုပါက ဤအမျိုးသမီးငယ်လေးကို ပြန်လည်ဖန်တီးရန် အလွန်ပင် လွယ်ကူလှပေသည်။ ပန်းချီကား အတတ်ပညာဖြင့် ဖြစ်စေ၊ စက္ကူရုပ် အတတ်ပညာဖြင့် ဖြစ်စေ သို့မဟုတ် မိစ္ဆာသားရဲများကို အသွင်ပြောင်းလဲစေ၍ ဖြစ်စေ နည်းလမ်းမျိုးစုံ ရှိသော်လည်း...
တာအိုဆရာလေးသည် ဘယ်တုန်းကမှ မလုပ်ဆောင်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် မိမိကိုယ်မိမိ မှားယွင်းခြင်း မရှိဟု တွေးထင်နေခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယနေ့တွင်မူ စိတ်နှလုံး မိစ္ဆာ၏ လက်ချက်ဖြင့် စိတ်ထဲက အနက်ရှိုင်းဆုံး မှတ်ဉာဏ်များကို ထိမိသွားခဲ့ရသဖြင့် သူ၏ စိတ်နှလုံး အခြေအနေတစ်ခုလုံး မှုန်ဝါးပျက်စီးသွားခဲ့ရကာ -
"တစ်သက်လုံး တာအိုကို ရှာဖွေခဲ့ပေမဲ့... အဖိုးတန်ဆုံးအရာကိုတော့ မူလကတည်းက ဆုံးရှုံးခဲ့ရပြီးပြီကိုး"
တာအိုဆရာလေး၏ လေသံက များစွာ လွမ်းမောအားငယ်ဆိတ်ငြိမ် နေတော့သည်။
လီယန်ချူ ဆိတ်ဆိတ်နေလိုက်မိပြီး...
ဤလူသည် ဤမျှအထိ သံယောဇဉ်ကြီးမားသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ၎င်းမှာ သူ၏ ထင်မှတ်မထားခြင်းပင် ဖြစ်၏။
သူသည် ရဇူယီဘူးသီးကို ခပ်အေးအေးပင် တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်ဝန်းများကို ပြန်လည်ရုပ်သိမ်းကာ တာအိုဆရာလေးကို စိုက်ကြည့်လိုက်သည်။
ဟင်းလင်းပြင်ထဲသို့ လက်တစ်ချက် လှမ်းဆွဲလိုက်ရာ လက်ထဲတွင် ဓားရှည်တစ်စင်း ပေါ်ထွက်လာခဲ့ပြီး အလွန်ပင် ရှေးဟောင်းဆန်းပြားလှကာ အရှည်က သုံးပေခုနစ်လက်မ ရှိပေသည်။
၎င်းမှာ မိုရှဲ့ရတနာဓား ပင် ဖြစ်၏။
ဖြူဖွေးလှသော ဓားအလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းထိန်သွားခဲ့ပြီး တာအိုဆရာလေး၏ ဦးခေါင်း မြေပြင်ပေါ်သို့ ပြတ်ကျသွားခဲ့ကာ သွေးများ ပန်းထွက်လာတော့သည်။
သို့သော် လီယန်ချူကို အနည်းငယ် အံ့အားသင့်သွားစေသည်မှာ... ဤတာအိုဆရာလေး၏ စိတ်နှလုံး ပျက်စီးသွားမှုက သူ ထင်မှတ်ထားခဲ့သည်ထက် များစွာ ပိုမို၍ ပြင်းထန်လှခြင်းပင်။
ကုသိုလ်မှတ် တစ်သိန်း
ရင်းနှီးကျွမ်းဝင်လှသော မဟာတာအို၏ အသိအာရုံကို ခံစားလိုက်ရသဖြင့် လီယန်ချူသည် တာအိုဆရာလေး လုံးဝဥဿုံ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
သူ၏ ကိုယ်ပေါ်တွင် ထိုကြေးညို ရှေးဟောင်းမှန်မှလွဲ၍ အခြားမည်သည့် နတ်ဘုရားလက်နက်မျှ မရှိတော့ဘဲ... ရွှေလည်းမဟုတ်၊ ကျောက်စိမ်းလည်းမဟုတ်သည့် သစ်သားတံဆိပ်ပြားမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"ဝူး..."
လီယန်ချူ နှုတ်ခမ်းကို ဟကာ မီးလျှံများကို မှုတ်ထုတ်လိုက်ပြီး တာအိုဆရာလေး၏ ရုပ်ခန္ဓာကို ပြာအဖြစ် တိုက်ရိုက် မီးရှို့ဖျက်ဆီးပစ်လိုက်တော့သည်။
သူသည် နဂါးချိပ်ပိတ်တွင်းရှေ့က ချိပ်ပိတ်အစီအရင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ဤနေရာရှိ ချိပ်ပိတ်ခြင်းများမှာ အများစု ချေဖျက်ခြင်း ခံထားရပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့်...
"နတ်ဘုရားတာအို မိစ္ဆာနှိမ်နင်းရေး မန္တန်စာလုံးတွေကိုတောင် ချေဖျက်နိုင်တာဆိုတော့... ဒီလူတွေရဲ့ အစီအစဉ်က တကယ်ပဲ မသေးလှပါလား"
လီယန်ချူ ရင်ထဲ၌ တွေးမိလိုက်တော့သည်။