← Chapters

အခန်း ၉၉၇

Vol. 100 Ch. 997

အခန်း ၉၉၇

Vol. 100 Ch. 997

အခန်း (၉၉၇) လျူယွန်းကျောင်း

​လီယန်ချူသည် လေပြင်းတစ်ချက်ကို ဝအောင်ရှူသွင်းလိုက်ပြီးနောက် မေးလိုက်သည်။

"ဒါကို ဘယ်သူက တွက်ချက်ဖော်ထုတ်ခဲ့တာလဲ"

​မြေခွေးမလေးတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိသော မျက်နှာပိုင်ရှင် ယွန်းချူက ခေါင်းကို ခါယမ်းပြလိုက်ရင်း ပြောသည်။

"ဟိုးအစောပိုင်းတုန်းက ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲကို အရင်ဆုံး ဝင်ရောက်သွားနိုင်ခဲ့တဲ့ မဟာကျင့်ကြံသူကြီးတွေ ‌ပူးပေါင်းပြီး တွက်ချက်ခဲ့ကြတာလေ၊ ဘယ်လိုမှ မမှားနိုင်ဘူး"

​လီယန်ချူက ခေါင်းညိတ်လိုက်သည်။

စောစောကဆိုလျှင် သူသည် ဖုန်းနတ်ဘုရားလေး ကို ထုတ်ယူပြီး ထိုရှေးဟောင်းနတ်ဘုရားကို တစ်ချက် လောက် ပစ်ခတ်လိုက်ရန် တွေးတောမိသေးသော်လည်း၊ အခုကြည့်ရသည်မှာ ထိုသို့လုပ်ရန် သိပ်ပြီး မလိုအပ်တော့ပေ။

​ယွန်းချူက ဆက်လက်ပြောကြားသည်။

"ဒီနေရာမှာ ကပ်ဘေးကြီး ဆိုက်ရောက်တော့မယ့် ကျင့်ကြံသူ တော်တော်များများက သက်တမ်းကုန်ဆုံးမယ့် ဘေးကနေ ရှောင်တိမ်းဖို့ ခိုလှုံနေကြတာလေ၊ ယွမ်ရှောင် လျှို့ဝှက်နယ်မြေရဲ့ ထူးခြားတဲ့ အမှတ်အသားကို အသုံးချပြီး ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားကြတာ၊ ဒီလူတွေက ယွမ်ရှောင်လျှို့ဝှက်နယ်မြေမှာ တစ်ခုခု ပြဿနာတက်သွားမှာကို လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး၊ ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲမှာ လှုပ်ရှားတဲ့အခါ အရမ်းကြီး ထင်ပေါ်အောင် မလုပ်နဲ့၊ လွန်ကဲသွားရင် အဆင်မပြေဖြစ်တတ်တယ်၊ သူတပါးရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို မခံရအောင် သတိထားရမယ်"

​လီယန်ချူ ရုတ်တရက် သဘောပေါက်သွားပြီး ခပ်ဖွဖွလေး ရေရွတ်လိုက်သည်။

"ဒါကြောင့်မို့လည်း မင်း ငါ့ကို ဒီနေရာကို ခေါ်လာခဲ့တာကိုး"

​ယွန်းချူက ခပ်မှိန်မှိန်လေး ပြုံးလိုက်သည်။

​လီယန်ချူက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုလိုက်ရင်း –

"သတိပေးတာ ကျေးဇူးတင်ပါတယ်"

​စောစောက ထိုအမျိုးသမီး၏ မျက်ဝန်းများထဲမှ စစ်မှန်သော စေတနာကို သူ ခံစားလိုက်ရသည်၊ တစ်ဖက်လူက သူ့ကို အရမ်းကြီး ထင်ပေါ်ခြင်းမရှိစေရန် တကယ်ပဲ စေတနာနှင့် ဖျောင်းဖျနေခြင်း ဖြစ်ဟန်တူသည်။

​"ယွမ်ရှောင်လျှို့ဝှက်နယ်မြေရဲ့ ရေအနက်က ငါထင်ထားတာထက်တောင် ပိုပြီး နက်ရှိုင်းနေဦးမှာပဲ"

​………………

​ယခုတစ်ခေါက် ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာရာတွင်၊ လီယန်ချူသည် လောကပြင်ပ မိစ္ဆာအမြောက်အမြားကို ဆက်တိုက်ဆိုသလို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မြှားအတတ်မှာလည်း လေ့ကျင့်မှု အကြိမ်ကြိမ်ကြောင့် အထူးပင် ကျွမ်းကျင်နှံ့စပ်နေပြီဖြစ်ရာ၊ မူလက အနည်းငယ် ပျင်းရိငြီးငွေ့စရာကောင်းသည်ဟု ခံစားနေရခြင်း ဖြစ်သည်။ ယွန်းချူ၏ စကားများကလည်း စေတနာအပြည့်နှင့်မို့ စဉ်းစားကြည့်လျှင် အကြောင်းပြချက် ရှိပေသည်။

​ထို့အပြင် မကြာသေးမီရက်ပိုင်းအတွင်းက လောကပြင်ပမိစ္ဆာများနှင့် တိုးရမည့်အခွင့်အရေးမှာလည်း တဖြည်းဖြည်း နည်းပါးလာပြီး၊ တစ်ကောင်မကျန် အကုန် အသတ်ခံလိုက်ရသည့်အလား ဖြစ်နေသည်။

​သူ ယွမ်ရှောင်လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာချိန်တွင်မူ မြှားအတတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိအောင်မြင်သွားပြီး၊ ပြိုင်ဘက်ကင်း နတ်မြှားရှင် ဖြစ်လာခဲ့ချေပြီ။

​သူသည် ဖေးရှန်ကျောင်းသို့ တစ်ခေါက် သွားရောက်ခဲ့ပြီး ငယ်ရွယ်သော တာအိုဆရာမလေး လင်ယွဲ့နှင့် တွေ့ဆုံခဲ့သည်။

​လင်ယွဲ့သည် ရှီးရွှမ်းနတ်မိမယ်၏ လူဝင်စားဖြစ်ပြီး၊ ဉာဏ်အလင်းပွင့်ပြီးနောက် ကျင့်ကြံဆင့်မှာ ဒုံးပျံကဲ့သို့ အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။ ယခုအခါတွင်မူ ချိတ်ပိတ်ထားမှုများအားလုံး ပွင့်သွားခဲ့ပြီဖြစ်ရာ ခန့်မှန်းရခက်လောက်အောင် အစွမ်းထက်လှပြီး၊ လက်ထဲရှိ ဝိညာဉ်နှုတ်ခရမ်းရောင်ပုတီးစေ့ မှာလည်း လူတို့၏ ဝိညာဉ်ကို နုတ်ယူဖမ်းစားနိုင်သည်။

​ချိုင်ဖုန်းနတ်မိမယ်၏ အခြေအနေနှင့်မတူသည်မှာ၊ သူမ၏ အတိတ်ဘဝ အမှတ်သရုပ်များမှာ များစွာ ချေဖျက်ခြင်း ခံထားရသဖြင့် ယခုအချိန်တွင် ယခုဘဝ၏ လင်ယွဲ့အဖြစ်သာ တည်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ကျောင်းတွင်းကိစ္စရပ်များကို ဦးဆောင်ကိုင်တွယ်နေရသဖြင့် အရှိန်အဝါ သြဇာတိက္ကမမှာ ပိုမို ထက်မြက်လာခဲ့သည်။

​လင်ယွဲ့က ပြုံးရွှင်စွာဖြင့် ပြောဆိုလာသည်။

"တာအိုမိတ်ဆွေက ကျောင်းတော်ကို ရောက်လာမှတော့၊ နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီး မနေချင်ဘူးလား၊ တပည့်တွေကို တာအိုတရား ဟောကြားပေးပါဦး"

​ဖေးရှန်ကျောင်း ‌မှ တပည့်များသည် ပြီးခဲ့သည့်အကြိမ်က မိစ္ဆာ များကြောင့် တစ်ကျောင်းလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် လီယန်ချူသည် အပြင်လောကတွင် လှည့်လည်သွားလာရင်း သူတို့ကို စောင့်ရှောက်ကြည့်ရှုပေးခဲ့သည်။ သို့သော် ယခုအခါ လင်ယွဲ့၏ ကျင့်ကြံဆင့်မှာ ဒီရေအလား မြင့်တက်လာခဲ့ပြီဖြစ်ရာ၊ လီယန်ချူက ထိုစကားကို ကြားသောအခါ ရယ်မောကာ ပြန်ပြောလိုက်သည်။

​"မင်းက ဉာဏ်အလင်းပွင့်သွားပြီပဲ၊ နတ်ဘုရားတာအိုအပေါ် နားလည်မှုက ငါ့ထက်တောင် နက်ရှိုင်းနေဦးမယ်၊ ငါက ဘာလို့ ဒီကိုလာပြီး တရားဟောနေဖို့ လိုဦးမှာလဲ"

​တာအိုဆရာမလေး လင်ယွဲ့က ခပ်ဖွဖွလေး ပြုံးလိုက်သည်။

ယခုအခါ သူမ၏ အော်ရာအရှိန်အဝါမှာ သမုဒ္ဒရာကြီးအလား ထုထည်ကြီးမားလှပြီး လျှို့ဝှက်ဆန်းကြယ်လှရာ၊ မကြာမီအချိန်အတွင်းမှာပင် မူလအစွမ်းအားလုံး ပြန်လည် ထွက်ပေါ်လာတော့မည်ဟု ယုံကြည်ရသည်။

​လီယန်ချူသည် သူမနှင့်အတူ ကောင်းကင်လူသား များအကြောင်းကို စကားစပ်မိရာ၊ လင်ယွဲ့သည် ကြားရသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။ သူမနှင့် ချိုင်ဖုန်းနတ်မိမယ်မှာ တစ်ခေတ်တည်းသားများ မဟုတ်ကြချေ၊ ထို့ပြင် အတိတ်ဘဝ၏ မှတ်ဉာဏ်အချို့ ဆုံးရှုံးနေသဖြင့် ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အမှတ်သရုပ်မျှ မရှိချေ။ သို့သော် လီယန်ချူ၏ စကားကို ကြားပြီးနောက်တွင်မူ ကိစ္စရပ်၏ ကြီးလေးမှုကို ချက်ချင်း ခံစားမိသွားသည်။

​"ဒီလိုဆိုရင်တော့၊ အခုအခြေအနေက ကောင်းကင်လူသားတွေနဲ့ အချိန်လုနေရတဲ့ သဘော ဖြစ်နေတာပေါ့"

လင်ယွဲ့က လေးနက်သောလေသံဖြင့် ပြောသည်။

​လီယန်ချူက ဆိုသည်။

"မော်ရှန်းတောင်ပေါ်က တာအိုဆရာက တံဆိပ်ပြားကို အားကိုးပြီး ကောင်းကင်နတ်မင်းကြီးအဆင့်ကို ယာယီ ရောက်ရှိသွားနိုင်တယ်၊ ဒါက အခုလောကကြီးရဲ့ ပျက်စီးယိုယွင်းမှုက ပိုပြီး ပြင်းထန်လာတာကို သက်သေပြနေတာပဲ၊ ကောင်းကင်လူသားတွေရဲ့ စွက်ဖက်မှုကလည်း ပိုပြီး နက်ရှိုင်းလာတယ်"

​လင်ယွဲ့က ခဏမျှ လေးလေးနက်နက် တွေးတောလိုက်ပြီးနောက် ခက်ထန်သောလေသံဖြင့် မိန့်ဆိုသည်။

"ငြင်းပယ်လို့မရတာကတော့ ကောင်းကင်လူသားတွေက တကယ်ပဲ ပိုပြီး အစွမ်းထက်တာပါပဲ၊ ဒါပေမဲ့ လူသားလောကကို ကျွန်ပြုဖို့၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအရှိန်အဝါကို ဖြတ်တောက်ဖို့ ကြိုးစားမယ်ဆိုရင်တော့၊ ကောင်းကင်လူသားပဲဖြစ်ဖြစ် ခုတ်ထစ်ပစ်ရမှာပဲ "

​ဖေးရှန်ကျောင်း ‌သည် မိစ္ဆာများကို နှိမ်နင်းရာတွင် ရှီးရွှမ်းနတ်မိမယ် လက်ထက်ကတည်းက ဤကဲ့သို့သော စိတ်ဓာတ်ကို အမွေဆက်ခံလာခဲ့ခြင်း ဖြစ်သည်။ လင်ယွဲ့သာ ရင့်ကျက်ကြီးထွားလာပါက အလွန်ကောင်းမွန်သော ရဲဘော်ရဲဘက်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

​…………

​ရွှေရောင်ကိုယ်ထည်ပေါ်ရှိ ရှီးရွှမ်းနတ်မိမယ်၏ ဝိညာဉ်အသိအရ လျှို့ဝှက်နယ်မြေများစွာ ရှိမည့်နေရာကို သိရှိထားရာ၊ ယွမ်ရှောင်လျှို့ဝှက်နယ်မြေကိုပင် လီယန်ချူသည် ရှီးရွှမ်းနတ်မိမယ်၏ လမ်းညွှန်မှုကို အခြေခံ၍ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဖေးရှန်ကျောင်း မှ ထွက်ခွာလာပြီးနောက်၊ လီယန်ချူသည် လူသားလောကအတွင်းရှိ လျှို့ဝှက်နယ်မြေ အချို့ကို ထပ်မံ ရှာဖွေခဲ့သေးသည်။

​သို့သော်လည်း ထိုလျှို့ဝှက်နယ်မြေအချို့မှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး၊ အချို့မှာမူ ရှေးလူကြီးများ ချန်ထားရစ်ခဲ့သော ကျင့်စဉ်များနှင့် တန်ခိုးရတနာအချို့သာ ရှိတော့ရာ တန်ဖိုးမှာမူ သိပ်မကြီးလှပေ။

​"ဒီလို ဆက်သွားနေရင်တော့ ငါက ဂူသခင်္ျိုင်းတူးတဲ့သူ နဲ့ တော်တော် တူနေပြီပဲ"

လီယန်ချူက စိတ်ထဲမှ ကျီစယ်လိုက်မိသည်။

​……………………

​ဝူရှန်တောင်

ဤတောင်သည် အလွန်တရာ အန္တရာယ်များပြီး မတ်စောက်လှကာ၊ တောင်ထွတ်ကြီး ခုနစ်ခု ရှိပြီး ဆန်းကြယ်လှပသော ရှုခင်းအများအပြား ကိန်းဝပ်တည်ရှိသည်။ မြို့ပြမှ မင်းညီမင်းသားများနှင့် သူဌေးသား သမီးပျိုလေးများသည် ဤနေရာသို့ လာရောက် အပန်းဖြေလေ့ရှိကြသည်။

​သို့သော်လည်း ဝူရှန်တောင်၏ မြေမျက်နှာသွင်ပြင်က အဆက်မပြတ် သွယ်တန်းနေသဖြင့်၊ သာမန်လူများ လာရောက်လည်ပတ်သည့်နေရာမှာ ရှေ့ပိုင်းရှိ သာယာလှပသော နေရာအချို့သာ ဖြစ်သည်။ နေရာအများစုမှာမူ လူသူအရောက်အပေါက်နည်းပါးသော အရပ်များ ဖြစ်ကြဆဲပင်။ တောင်ပေါ်တွင် တောတိရစ္ဆာန်များနှင့် မိစ္ဆာကောင်များ ပေါများလှပြီး၊ ဝံပုလွေ၊ ကျား၊ သစ်များ ရှိသဖြင့် ဆေးမြစ်ရှာသူများနှင့် မုဆိုးများပင် လွယ်လွယ်ကူကူနှင့် အထဲသို့ မဝင်ရဲကြချေ။

​ဝူရှန်တောင်၏ နက်ရှိုင်းသော အစိတ်အပိုင်းတစ်ခုတွင် လျူယွန်းကန် အမည်ရှိ တာအိုကျောင်းလေးတစ်ခု ရှိပြီး၊ ၎င်းမှာ ရှန်ချင်းဂိုဏ်း ၏ ဂိုဏ်းခွဲငယ်လေးတစ်ခု ဖြစ်သည်။ ကျောင်းတွင်း၌ ကျင့်ကြံနေသော တာအိုဆရာမှာ တစ်ဆယ့်နှစ်ပါးသာ ရှိပြီး ဤနေရာတွင် အေးချမ်းစွာ တရားအားထုတ်နေကြခြင်း ဖြစ်ကာ၊ တပည့်များသည် အရေးကိစ္စမရှိပါက တောင်အောက်သို့ ဆင်းလေ့မရှိကြချေ။ ဤလျူယွန်းကန်သည် ရှန်ချင်းဂိုဏ်း၏ အလွန်သေးငယ်သော ဂိုဏ်းခွဲလေးတစ်ခုမျှသာ ဖြစ်သည်။

​ကြီးမားလှသော ကျောက်တုံးစိမ်းကြီးတစ်တုံးပေါ်တွင် လျူယွန်းကန်မှ ဆယ်ကျော်သက် တာအိုဆရာလေး ‌တစ်ယောက်က စောင်းစောင်းလေး လှဲလျောင်းနေပြီး၊ ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားကာ မပီမသ ရေရွတ်နေသည်။ သူသည် ကျမ်းစာများကို ရွတ်ဖတ်နေခြင်းလော သို့မဟုတ် မန္တန်တစ်ခုခုကို ရေရွတ်နေခြင်းလော မသဲကွဲလှပေ။

​မိုးကုပ်စက်ဝိုင်းတစ်ခုလုံး သာယာကြည်လင်နေပြီး၊ နေရောင်ခြည်သည် ထိုတာအိုဆရာလေး ၏ ကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် အလွန်ပင် သက်တောင့်သက်သာရှိလှသော အသွင်ကို ဆောင်နေသည်။

​ထိုစဉ် သန့်ရှင်းစင်ကြယ်ပြီး လောကီအညစ်အကြေးကင်းစင်သော တာအိုဆရာမလေးတစ်ယောက် ရောက်ရှိလာသည်။ အသက် တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး၊ မျက်ဝန်းအိမ်လေးမှာ ကြည်လင်တောက်ပနေကာ ခါးအလှမှာလည်း သေးသိမ်နွဲ့နှောင်းနေသည်။

"ကျန့်ရွှမ်း အစ်ကိုကြီး၊ ညီမလေးရဲ့ ဒီ ပန်းကန်ခုနစ်လုံး ကြယ်တာရာအဆောင် က ဘယ်လိုပဲ ဆွဲဆွဲ ကောင်းကောင်းမထွက်လာဘူးဖြစ်နေလို့၊ နည်းနည်းလောက် သင်ပေးပါဦးလားဟင်"

မိန်းကလေး၏ အသံမှာ ကြည်လင်အေးမြပြီး ဆွဲဆောင်မှုရှိလှသည်။

​တာအိုဆရာလေးက ပျင်းရိပျင်းတွဲဖြင့် တစ်ဖက်သို့ လှည့်လိုက်ပြီး၊ လက်မောင်းကို ခေါင်းအုံးကာ မိန်းကလေးကို မျက်နှာမူလိုက်ရင်း –

"ဒီလောက် ရာသီဥတုကောင်းတာကို၊ ကောင်းကောင်း အနားမယူဘဲ ဘာတွေ လာသင်နေတာလဲ"

​မိန်းကလေး၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးအလား ပြုံးယောင်သန်းသွားကာ ပြောသည်။

"ဆရာက ပြောတယ်လေ၊ တာအိုကျင့်ကြံတဲ့နေရာမှာ ဇွဲလုံ့လအပြည့်နဲ့ တိုးတက်အောင် ကြိုးစားရမယ်၊ တက်ကြွတဲ့ စိတ်ဓာတ်ရှိရမယ်တဲ့၊ ညီမလေးက ဆရာ့စကားကို နားထောင်တာလေ "

​'ကျန့်ရွှမ်း' အမည်ရှိ တာအိုဆရာလေးက ထထိုင်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"တာအိုကျင့်တယ်ဆိုတာ အေးချမ်းတည်ငြိမ်ပြီး ဘာကိုမှ အတင်းအဓမ္မမလုပ်ဘဲ သဘာဝအတိုင်းပဲ ဖြစ်ရမှာ၊ ဆရာပြောတာ မမှန်ဘူး"

​မိန်းကလေးက မျက်လုံးလေး ကလည်ကလည်လုပ်ရင်း

"ဒါဆို ညီမလေးက ဒီစကားကို ဆရာ့ကို သွားတိုင်လိုက်မယ်"

​တာအိုဆရာလေး ချက်ချင်းပင် ထခုန်တော့မတတ် ဖြစ်သွားပြီး –

"ဟော... ညည်းက တခြားဟာကျ မတတ်ဘူး၊ တိုင်တောတဲ့နေရာကျတော့ ချက်ဆို နားခွက်က မီးတောက်နေတာပဲ "

"သွား သွား သွား... မသင်ပေးဘူး၊ မသင်ပေးဘူး"

​မိန်းကလေး၏ မျက်ဝန်းအစုံမှာ အရည်လည်ကာ ဝင်းပနေပြီး၊ တာအိုဆရာလေး၏ ဝတ်စုံစကို ဆွဲကိုင်၍ ချွဲနွဲ့သောလေသံဖြင့် –

"အဆောင် ‌ဆွဲတာ မသင်ပေးရင်လည်း၊ ညီမလေးနဲ့အတူ တောင်ထဲမှာ ဆေးမြစ်သွားရှာပေးမလားဟင်"

​တာအိုကောင်လေးက မျက်ခုံးပင့်လိုက်ရင်း –

"ဘာဆေးမြစ် ရှာမှာလဲ"

​မိန်းကလေးက ပြုံး၍ ပြောသည်။

"ညီမလေးက နှလုံးပွားဆေးလုံး တစ်အိုးလောက် ဖော်စပ်ချင်လို့၊ မြက်သုံးရွက်ပင် တစ်ပင် လိုနေသေးတာ၊ နောက်တောင်ဘက်မှာ ရှိတယ်လို့ ကြားတယ်"

​တာအိုကောင်လေး ခဏမျှ ကြောင်အသွားပြီး –

"မြက်သုံးရွက်ပင် ဟုတ်လား၊ မြက်သုံးရွက်ပင်ရဲ့ ဘေးပတ်ပတ်လည်မှာ မြွေဖြူကြီးတစ်ကောင် စောင့်နေတာလေ"

သူက မိန်းကလေးကို သံသယမျက်လုံးဖြင့် ကြည့်လိုက်ရင်း –

"နင်... ဒီမြွေဖြူကြီးရဲ့ မျက်စိအောက်ကနေ မြက်ပင်ကို ခိုးဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်"

​မိန်းကလေးက ရယ်မောကာ –

"ခိုးတယ်လို့ ဘယ်လိုပြောလို့ရမှာလဲ၊ ပြီးတော့ ညီမလေးက တစ်ပင်ပဲ လိုချင်တာကို"

​တာအိုဆရာလေးက စိတ်ပျက်လက်ပျက်ဖြင့် –

"အဲဒီပေါ်မှာ ရှိတာကလည်း တစ်ပင်တည်းတင် ရှိတာလေဟုက်လား"

​မိန်းကလေးက တောင်းပန်တိုးလျှိုးသော လေသံဖြင့် –

"ဘယ်လိုလဲ... သွားမလား၊ မသွားဘူးလားလို့"

​ကျန့်ရွှမ်းအမည်ရှိ တာအိုကောင်လေးက လက်ခါပြကာ

"မသွားဘူး၊ မသွားဘူး၊ အဲဒီမြွေဖြူကြီးက အနည်းဆုံး နှစ်တစ်ရာ ကျင့်ကြံဆင့် ရှိတာ၊ သူ့ကို သွားပြီး ရန်စစရာ မလိုဘူး"

​မိန်းကလေးက ခါးကို ထောက်လိုက်ပြီး ခဏမျှ တွေးတောကာ လေးနက်သောလေသံဖြင့် ဆိုလာသည်။

"ပြီးခဲ့တဲ့အကြိမ်က အစ်မကြီး ရေချိုးနေတာကို အစ်ကိုကြီး ခိုးကြည့်တဲ့ကိစ္စ……"

​တာအိုဆရာလေး ဝုန်းကနဲ ထရပ်လိုက်ပြီး –

"သွားမယ် မြွေဖြူအသေးအဖွဲလေးပဲဟာကို၊ သွားပြီး ရှင်းပစ်လိုက်မယ် "

​မိန်းကလေးသည် ထိုတာအိုဆရာလေး၏ နောက်မှ အမြီးကဲ့သို့ တကောက်ကောက် လိုက်ပါသွားတော့သည်။ ၎င်းတို့နှစ်ဦးသည် တာအိုကျောင်းမှ တိတ်တဆိတ် ထွက်ခွာလာပြီး တောင်နက်ထဲသို့ ဦးတည်လိုက်ကြသည်။

​သူတို့နှစ်ဦးစလုံးမှာ လျင်မြန်ဖြတ်လတ်လှပြီး ခြေလှမ်းများမှာ ပေါ့ပါးလှရာ၊ တောတောင်အကြားတွင် ခပ်ဖွဖွလေး ခုန်ပျံသွားလာနေကြသည်။

​ထိုစဉ် တောင်ကုန်းထဲမှ အလွန်အမင်း လေးလံထိုင်းမှိုင်းသော ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။

ဝုန်း

​ချက်ချင်းဆိုသလိုပင် ညှီစော်နံသော လေပြင်းများ တိုက်ခတ်လာပြီး တောတောင်တစ်ခုလုံး တုန်ခါသွားသည်။ သူနှစ်ဦး အပြန်အလှန် ကြည့်လိုက်ကြရာ၊ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားကြသည်။

​"မကောင်းတော့ဘူး၊ တောင်ထဲက မိစ္ဆာအိုကြီး ထွက်လာပြီ"

တာအိုဆရာလေး မျက်နှာပျက်သွားပြီး၊ ညီမလေး၏ လက်ကို ဆွဲကာ နောက်သို့ ချက်ချင်း ဆုတ်ခွာရန် ပြေးလွှားလိုက်သည်။

​ရုတ်တရက်၊ သူတို့နှစ်ဦးသည် တောက်ပလှပသော အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထို့နောက်တွင်မူ ထိုလေးလံလှသော ဟိန်းဟောက်သံကြီးမှာ ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။ ကျန့်ရွှမ်း အမည်ရှိ တာအိုဆရာလေး ကြောင်အသွားပြီး –

"ဟိုမိစ္ဆာအိုကြီး... တစ်ယောက်ယောက်ရဲ့ သတ်တာကို ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"

​မိန်းကလေးမှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာလေး ဖြူလျော်သွားပြီး၊ အရည်လည်နေသော မျက်ဝန်းကြီးနှစ်လုံးတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေကာ –

"မဖြစ်နိုင်တာ၊ မိစ္ဆာအိုကြီးရဲ့ ကျင့်ကြံဆင့်က အင်မတန် နက်ရှိုင်းတာလေ၊ ဆရာကိုယ်တိုင်တောင် သူ့ကို နိုင်ဖို့ မသေချာဘူးလို့ ပြောခဲ့တာကို၊ ဘယ်လိုလုပ် အသတ်ခံရမှာလဲ"

​သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်၊ သက်လတ်ပိုင်းအရွယ် တာအိုဆရာတစ်ဦးသည် လေပြင်းတစ်ချက် တိုက်ခတ်လိုက်သည့်အလား သူတို့၏ ရှေ့မှောက်တွင် ချက်ချင်း ပေါ်လာခဲ့သည်။

​သူနှစ်ဦးစလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

"ဆရာ"

​ထိုသက်လတ်ပိုင်းအရွယ် တာအိုဆရာမှာ အရှိန်အဝါ အလွန် ထူးခြားလှပြီး၊ မိမိ၏ တပည့်နှစ်ဦး ဤနေရာတွင် ရှိနေသည်ကို မြင်သောအခါ –

"မင်းတို့ ဘာလို့ ဒီမှာ ရှိနေတာလဲ"

​မိန်းကလေးက အလျင်အမြန်ပင် –

"သမီးက ဒီဘက်ကို လမ်းလျှောက်ထွက်ချင်လို့၊ ကျန့်ရွှမ်း အစ်ကိုကြီးကို အတင်းဆွဲခေါ်လာတာပါ ဆရာ"

​ကျန့်ရွှမ်းက မိန်းကလေးကို တိတ်တဆိတ် ကြည့်လိုက်သည်။

ဆရာ့၏ စရိုက်က အလွန် စည်းကမ်းကြီးသော်လည်း၊ ဤတပည့်အငယ်မလေးအပေါ်တွင်မူ အနည်းငယ် ပိုပြီး ခွင့်လွှတ်တတ်သည်။ မိမိကမူ စရိုက်က ပျာယာခတ်သဖြင့် မကြာခဏ အပြစ်ပေးခံရလေ့ရှိသည်။ သူသည် စိတ်ထဲမှ ညီမလေးကို တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

"တကယ် တော်တယ်"

​သက်လတ်ပိုင်း တာအိုဆရာက ကျန့်ရွှမ်းကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီး လေးနက်သောလေသံဖြင့် ဆိုသည်။

"တောင်ထဲက မိစ္ဆာအိုကြီးက ဘယ်လိုမှ ထိန်းမရတော့ဘူး၊ မြန်မြန် ကျောင်းတော်ကို ပြန်ကြတော့"

​သူနှစ်ဦးလုံးက ပြိုင်တူ –

"ဟုတ်ကဲ့ပါ ဆရာ"

​ထို့နောက်တွင်မူ ဆရာဖြစ်သူမှာ ရှေ့မှောက်မှ ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။

​…

​သက်လတ်ပိုင်း တာအိုဆရာသည် လေပဉ္စလက်ကျင့်စဉ်ကို အသုံးချကာ တစ်လမ်းလုံး ပျံသန်းလာခဲ့ရာ၊ အိမ်တစ်လုံးခန့် ကြီးမားသော တောဝက်ကြီးတစ်ကောင် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ခေါင်းမှာ ပြတ်တောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုတောဝက်ကြီး၏ တစ်ကိုယ်လုံးမှာ မည်းနက်နေပြီး၊ အမွေးအမှင်များမှာ သံအပ်များအလား ထောင်ထနေကာ၊ အစွယ်ခြောက်ချောင်းမှာလည်း အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည်။

​ယခုအခါ ၎င်းသည် တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံထားရပြီ ဖြစ်သည်။

သူက မော့ကြည့်လိုက်ရာ၊ တည်ငြိမ်ပြီး ခန့်ညားထည်ဝါသော တာအိုဆရာငယ်တစ်ဦးက တောင်နံရံတစ်ခု၏ ရှေ့တွင် ရပ်ကာ သေချာ စစ်ဆေးကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။

​"တာအိုမိတ်ဆွေက ဘယ်သူလဲ"

သက်လတ်ပိုင်း တာအိုဆရာက အသံပြု၍ မေးမြန်းလိုက်သည်။

​တာအိုဆရာငယ်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ထိုအလတ်ပိုင်း တာအိုဆရာကို အေးဆေးစွာ ကြည့်ကာ

"ကျုပ် ရဲ့ အမည်က ချင်ချုံး ပါ၊ ဒီနေရာကို ဖြတ်သန်းလာရင်း မိစ္ဆာကောင်က ဒုက္ခပေးနေတာကို မြင်တာနဲ့ လှုပ်ရှားလိုက်တာပါ"

​သက်လတ်ပိုင်း တာအိုဆရာက ဆိုသည်။

"အော်... ချင်တာအိုမိတ်ဆွေကိုး၊ ဒီမိစ္ဆာအိုကြီးက တောင်ထဲမှာ ပုန်းအောင်းနေတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ကျုပ်မှာ သူ့ကို သတ်နိုင်တဲ့ အစွမ်းမရှိခဲ့ဘူး၊ ဒီနေ့ တာအိုမိတ်ဆွေ လှုပ်ရှားပေးတာဟာ တကယ့်ကို ကံကောင်းခြင်းတစ်ပါးပါပဲ"

​တာအိုဆရာငယ်က ပြုံးလျက် –

"တာအိုမိတ်ဆွေက အားနာတတ်လွန်းပါတယ်၊ တာအိုမိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ မသိဘူး"

​အလတ်ပိုင်း တာအိုဆရာက ပြန်လည်ဖြေကြားသည်။

"ကျုပ်ရဲ့ ဘွဲ့က ဇုန်းယွန်း ပါ၊ ဒီနေရာက လျူယွန်းကန်မှာ ကျင့်ကြံနေတာပါ"

​ထိုတာအိုဆရာငယ်မှာ ဤနေရာသို့ လှည့်လည် ရောက်ရှိလာသော လီယန်ချူ ပင် ဖြစ်သည်။ ရှီးရွှမ်းနတ်မိမယ်၏ လမ်းညွှန်ချက်ကို အခြေခံ၍ ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေများစွာကို ရှာဖွေပြီးနောက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ကာ၊ မူလက လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေရန်ဖြစ်သော်လည်း မိစ္ဆာကောင်တစ်ကောင်နှင့် တိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုမိစ္ဆာကောင်၏ ကိုယ်တွင်းသွေးချီမှာ အလွန်တရာ အစွမ်းထက်လှပြီး ရှေးဟောင်းရိုင်းစိုင်းသော သားရဲကြီးတစ်ကောင်၏ အော်ရာ အငွေ့အသက်များ စွန်းထင်နေသည်။

​လီယန်ချူသည် တာအိုဆရာ ဇုန်းယွန်းကို မျက်တောင်မခတ် စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။

"တောင်နက်ထဲမှာ ဒီလို တာအိုကျောင်း ရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ တာအိုမိတ်ဆွေ အနေနဲ့ ကျုပ်ကို လိုက်လံပြသပေးလို့ ရမလား"

​တာအိုဆရာ ဇုန်းယွန်း ခဏမျှ ကြောင်အသွားပြီးနောက် ပြုံး၍ –

"ဖိတ်ခေါ်ပါတယ်"

​သူတို့နှစ်ဦး ခဏမျှ စကားစမြည်ပြောဆိုကြပြီးနောက်၊ လီယန်ချူသည် ထိုကျောက်နံရံကို ဆက်မကြည့်တော့ဘဲ၊ သက်လတ်ပိုင်း တာအိုဆရာ ဇုန်းယွန်းနှင့်အတူ တောင်ထိပ်ပေါ်ရှိ လျူယွန်းကန်သို့ အတူတူ ပြန်လာခဲ့ကြသည်။ သူသည် ထိုသက်လတ်ပိုင်း တာအိုဆရာနှင့်အတူ ကျောင်းတော်သို့ ဧည့်သည်အဖြစ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ စောစောက သူ ဝိညာဥ်မျက်စိဖြင့် ကြည့်ရှုခဲ့ရာ၊ ထိုသက်လတ်ပိုင်း တာအိုဆရာ၏ အသက်ရှူနှုန်းမှာ အလွန်ရှည်လျားပြီး သန့်ရှင်းသော အလင်းတန်းများ ဖြာထွက်နေသဖြင့် စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိသာသည်။ သို့သော် လီယန်ချူ သူ့ကို ကြည့်ရင်း စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်တစ်ခုကို အမြဲတမ်း ခံစားနေရသည်။

​လျူယွန်းကန် တာအိုကျောင်းထဲသို့ ရောက်ရှိလာသောအခါ၊ သက်လတ်ပိုင်း တာအိုဆရာ ဇုန်းယွန်းကိုယ်တိုင် လီယန်ချူအတွက် လက်ဖက်ရည် ငှဲ့ပေးသည်။ ဤနေရာမှာ ဝါးပင်များဖြင့် ဆောက်လုပ်ထားသော ဝါးအိမ်လေးတစ်လုံးဖြစ်ပြီး အသုံးအဆောင်ပစ္စည်းများမှာ ရိုးရှင်းလှသည်။

​လီယန်ချူက ခွက်ကိုမြှောက်၍ လက်ဖက်ရည် သောက်လိုက်ရာ၊ လက်ဖက်ရည်ထဲတွင် ခပ်မှိန်မှိန်လေးသော ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး ပါးစပ်ထဲတွင် ရနံ့များ သင်းပျံ့ကျန်ရစ်ခဲ့သည်။

"ဝိညာဉ်လက်ဖက်ရည်ရဲ့ အရသာက မဆိုးဘူးပဲ"

​သူသည် လက်ဖက်ရည်အတတ်တွင် ကျွမ်းကျင်မှု မရှိသော်လည်း၊ ဆိုင်ရှင်မ က ဝိညာဉ်လက်ဖက်ပင် အမြောက်အမြား စိုက်ပျိုးဖူးသလို တာအိုဆရာအိုကြီးကလည်း သောက်ရသည်ကို နှစ်သက်သဖြင့် သူလည်း အနည်းငယ် နားလည်သည်။ ဤဝိညာဉ်လက်ဖက်ရည်မှာ ဝိညာဉ်စွမ်းအင် သာမန်မျှသာ ရှိသော်လည်း အရည်အသွေးမှာမူ အထူးကောင်းမွန်လှပြီး မျိုးကောင်းမျိုးသန့် ဖြစ်သည်။

​တာအိုဆရာ ဇုန်းယွန်းက ပြုံး၍ –

"တောတောင်ထဲမှာ အေးအေးချမ်းချမ်း ကျင့်ကြံနေတဲ့သူဆိုတော့ ကောင်းပေ့ဆိုတာတွေ မရှိပါဘူး၊ ချင်တာအိုမိတ်ဆွေကို အားနာမိပါတယ်"

​လီယန်ချူက ရယ်မောကာ –

"ဒီမိစ္ဆာကောင်ရဲ့ အရိုးအဆစ်တွေက အင်မတန် မာကျောပြီး ရှေးဟောင်းရိုင်းစိုင်းတဲ့ သားရဲကြီးရဲ့ အငွေ့အသက်တွေ စွန်းထင်နေတယ်၊ ဇုန်းယွန်း တာအိုမိတ်ဆွေ အနေနဲ့ သူ့ရဲ့ မူလဇစ်မြစ်ကို သိပါသလား"

​တာအိုဆရာ ဇုန်းယွန်းက ခေါင်းခါယမ်းကာ –

"ကျုပ် ဒီနေရာမှာ ကျင့်ကြံတာ အနှစ်ခြောက်ဆယ် ရှိပြီ၊ မိစ္ဆာကောင်နဲ့ တိုက်ခိုက်လာတာလည်း တစ်သက်စာ ရှိပြီ၊ သူ့ရဲ့ မကောင်းမှုတွေကို အဆုံးသတ်ဖို့အတွက် ကျောင်းတော်က စီနီယာတွေ စိတ်ကူးတော်တော်များများ အသုံးချခဲ့ရတယ်"

​လီယန်ချူ ခေါင်းညိတ်လိုက်ရင်း –

"ဒီလို စိတ်ဓာတ်မျိုးကို တကယ် လေးစားမိပါတယ်"

​သူတို့နှစ်ဦး အပြန်အလှန် စကားပြောဆိုကြရာ အဆင်ပြေလှသဖြင့်၊ လီယန်ချူ ချက်ချင်း မထွက်ခွာသေးဘဲ တာအိုဆရာ ဇုန်းယွန်းက လီယန်ချူကို ဤနေရာတွင် တစ်ညတာ တည်းခိုရန် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် တပည့်ဖြစ်သူကို လမ်းပြခိုင်းကာ ဧည့်ခန်းသို့ ပို့ဆောင်ပေးခဲ့သည်။

​လမ်းပြပေးသူမှာ တာအိုဆရာလေးတစ်ယောက် ဖြစ်ပြီး၊ မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် ရိုးသားဖြောင့်မတ်သော ရုပ်ရည်ရှိကာ တာအိုဂိုဏ်းကျင့်ကြံသူတစ်ဦး၏ စံပြအော်ရာအပြည့် ရှိသည်။

"ဒါကတော့ ချင်တာအိုဆရာ နေထိုင်ရမယ့်နေရာပါ၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော်တို့ကို ခေါ်လိုက်ပါ"

တာအိုဆရာလေးက ဂါရဝပြုပြီးနောက် ထွက်ခွာသွားခဲ့သည်။

​လီယန်ချူသည် စောစောက ဝိညာဉ်အာရုံဖြင့် တစ်ချက် ဖြန့်ကျက်ကြည့်ရှုခဲ့ရာ၊ တာအိုကျောင်းထဲတွင် လူတစ်ဆယ့်နှစ်ယောက် ရှိပြီး အားလုံးမှာ လူငယ်လေး များ ဖြစ်ကြကာ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေကြသည်။ တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်း ပါရမီမှာ အထူးကောင်းမွန်ကြပြီး အနည်းနဲ့အများဆိုသလို ကံကောင်းခြင်း စွမ်းအင်များ ကိုယ်စီ ရှိကြသည်။ သို့သော်လည်း တစ်ကျောင်းလုံးတွင် ဒုတိယအဆင့် ကျင့်ကြံဆင့်ဖြစ်သော ယင်ဝိညာဉ် ကို အောင်မြင်ထားသည့် ကျင့်ကြံသူ တစ်ယောက်မှ မရှိချေ။

​တာအိုဆရာ ဇုန်းယွန်းကမူ ယန်ဝိညာဉ် ကို စုစည်းထားပြီး ဖြစ်ရာ ယင်ဝိညာဉ်မှ ယန်ဝိညာဉ်သို့ ကူးပြောင်းကာ စစ်မှန်သော ယန်စွမ်းအင်များကို ဆောင်ထားသည်။

​"အလယ်မှာ ဒီလောက်ကြီးတဲ့ ကွာဟချက် ရှိနေတာပဲ၊ ကျောင်းတော်ရဲ့ လူငယ်လူလတ်ပိုင်းတွေ ဘယ်ကို ရောက်ကုန်ကြတာလဲ မသိဘူး"

လီယန်ချူသည် ဝိညာဉ်အာရုံကို တစ်ချက် ကြည့်ပြီးနောက် ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ တာအိုဆရာ ဇုန်းယွန်းမှာလည်း တတိယအဆင့် ကျင့်ကြံသူ ဖြစ်သဖြင့် ဤကဲ့သို့ ဝိညာဉ်အာရုံဖြင့် လျှောက်ကြည့်နေခြင်းကို တစ်ဖက်လူက သိရှိသွားပါက ရိုင်းပျရာ ရောက်ပေလိမ့်မည်။

​"တောတောင်ထဲမှာ ဒီလို တာအိုကျောင်းလေး တစ်ကျောင်း ပုန်းအောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး"

လီယန်ချူ စိတ်ထဲမှ ရေရွတ်လိုက်သည်။

​………………

​လမင်းကြီးက သာယာပြီး ကြယ်တာရာများက ကျဲပါးလှကာ ရာသီဥတုက အေးစိမ့်လှသည်။

တာအိုကျောင်း၏ နောက်ကွယ်ရှိ မြေကွက်လပ်တစ်ခုတွင်၊ လူနှစ်ဦးသည် ဓားကျင့်စဉ် ကို လေ့ကျင့်နေကြသည်။ သူတို့ အသုံးပြုနေသည်မှာ အလွန်တရာ အဆင့်မြင့်လှသော ဓားကျင့်စဉ် ဖြစ်သည်။

ရွှပ် ရွှပ် ရွှပ်

​ထက်မြက်လှသော ဓားလှိုင်း အရှိန်အဝါများက လေထုကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။

တာအိုဆရာလေးမှာ တက်ကြွဖြတ်လတ်နေပြီး၊ တာအိုမယ်လေးမှာမူ သန့်ရှင်းစင်ကြယ်လှသည်။

​ညဉ့်နက်သန်းခေါင်တွင် ဓားကျင့်စဉ်ကို ခဏမျှ လေ့ကျင့်ပြီးနောက်၊ မိန်းကလေးက ပင်ပန်းသည်ဟု အော်ဟစ်ကာ နူးညံ့သောအသံဖြင့် –

"အစ်ကိုကြီး၊ ဒီလောက် ညဉ့်နက်တာကို ဘာလို့ ဓားလာကျင့်နေတာလဲ၊ အစ်ကိုကြီးကိုယ်တိုင်ပဲ တာအိုကျင့်တယ်ဆိုတာ အေးချမ်းတည်ငြိမ်ပြီး ဘာမှ အတင်းအဓမ္မမလုပ်ရဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

​တာအိုဆရာလေး ကျန့်ရွှမ်းက ပါးစပ်ကို ဖြဲ၍ ရယ်မောလိုက်ရင်း –

"နင်က မမြင်ဖူးလို့ပါ၊ ဒီနေ့ ရောက်လာတဲ့ ဟိုချင်တာအိုဆရာက ငါ့ထက်တောင် သိပ်မကြီးဘူး၊ ဒါပေမဲ့ ဆရာက သူ့ကို တာအိုမိတ်ဆွေလို့ အပြန်အလှန် ခေါ်ဝေါ်ဆက်ဆံတာ၊ သူ့ရဲ့ ကျင့်ကြံဆင့်က အင်မတန် မြင့်မားတာကို ပြနေတာပဲ၊ ဒီနေ့ သူ့ကို မြင်ပြီးတော့ ငါ့စိတ်ထဲမှာ တိုးတက်ချင်တဲ့စိတ်တွေ ရုတ်တရက် ထွက်ပေါ်လာလို့ပါ၊ ကျင့်ကြံခြင်းမှာလည်း ဇွဲလုံ့လ ရှိရမယ်လေ"

​မိန်းကလေးက နှုတ်ခမ်းကို မဲ့လိုက်ပြီး –

"စကားတွေကို ဇွတ်ပြောနေတာပဲ၊ ချင်တာအိုဆရာက ရုပ်ရည်ထိန်းသိမ်းတဲ့ အတတ်ကို သုံးထားတာလည်း ဖြစ်နိုင်တာပဲ၊ ဆရာကိုယ်တိုင်လည်း အသက် တစ်ရာကျော်နေပြီ မဟုတ်ဘူးလား၊ ဒါပေမဲ့ သက်လတ်ပိုင်းအရွယ် ရုပ်ရည်အတိုင်း ရှိနေသေးတာပဲလေ"

​တာအိုဆရာလေး ကျန့်ရွှမ်း ခဏမျှ ကြောင်အသွားပြီး၊ လက်ထဲတွင် ဝှေ့ယမ်းနေသော ဓားရှည်ကြီးမှာ ရပ်တန့်သွားသည်။

"ငါ... ဒါကို ဘာလို့ မတွေးမိခဲ့တာပါလိမ့်"

​ထို့ကြောင့် သူတို့နှစ်ဦးလုံး ရပ်တန့်လိုက်ကြပြီး၊ အတူတူ ပူးကပ်ကာ စကားပြောဆိုကြသည်။ ကျန့်ရွှမ်းက အနည်းငယ် သက်ပြင်းချရင်း –

"အဋ္ဌမမြောက် အစ်ကိုကြီးသာ ဒီမှာ ရှိနေရင်၊ ဒီနေ့ည ချင်လျူဓားကျင့်စဉ် ကို သူ့ဆီကနေ သင်ယူလို့ ရမှာပဲ"

​လျူယွန်းကန်၏ အဋ္ဌမမြောက် အစ်ကိုကြီးမှာ ပါရမီ အလွန် ထူးချွန်လှသည်။ သူတို့နှစ်ဦး ကျောင်းတော်သို့ ရောက်ရှိလာချိန်တွင် ဤအဋ္ဌမမြောက် အစ်ကိုကြီးတစ်ယောက်သာ ရှိတော့သည်။ ကျန်ရှိသော အစ်ကိုကြီးများအားလုံးမှာ တောင်ထဲတွင် သေဆုံးသွားခဲ့ကြခြင်း သို့မဟုတ် တောင်အောက်သို့ ဆင်း၍ မိစ္ဆာများကို နှိမ်နင်းရာတွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

​အဋ္ဌမမြောက် အစ်ကိုကြီးသည် လူတိုင်းအပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံတတ်ပြီး စိတ်ရှည်သည်းခံတတ်သူ ဖြစ်သည်။ သူတို့၏ ကျင့်စဉ်အများစုမှာ ဤအစ်ကိုကြီး သင်ကြားပေးခဲ့ခြင်း ဖြစ်သဖြင့်၊ မကြာခဏ သူ့ထံတွင် လာရောက် မေးမြန်းလေ့ရှိကြသည်။ နောက်ပိုင်းတွင် အဋ္ဌမမြောက် အစ်ကိုကြီး သေဆုံးသွားခဲ့ရာ၊ ဆရာဖြစ်သူက သူ့၏ အရိုးပြာကိုသာ ပြန်လည် သယ်ဆောင်လာနိုင်ခဲ့သည်။

​ကောင်လေး၏ စရိုက်က ပျာယာခတ်သော်လည်း၊ အဋ္ဌမမြောက် အစ်ကိုကြီးအပေါ်တွင်မူ သံယောဇဉ် အလွန် နက်ရှိုင်းလှသည်။ ယခုအခါ အဋ္ဌမမြောက် အစ်ကိုကြီး အသုံးပြုခဲ့သော ချင်လျူဓားကျင့်စဉ်ကို လေ့ကျင့်ရင်း စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။

​ထိုစဉ် လရောင်အောက်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ မျက်နှာမှာ တည်ကြည်ပြီး အရှိန်အဝါ ထည်ဝါလှရာ၊ ၎င်းမှာ လျူယွန်းကန်၏ ကျောင်းထိုင်ဆရာ တာအိုဆရာ ဇုန်းယွန်း ပင် ဖြစ်သည်။ သက်လတ်ပိုင်း တာအိုဆရာက အေးစက်စွာဖြင့် –

"ညဉ့်နက်သန်းခေါင် အနားမယူဘဲ၊ ဒီမှာ ဓားလာကျင့်နေကြတယ်"

​ကျန့်ရွှမ်းက လျှာလေးထုတ်ကာ –

"ဆရာ၊ ဒီနေ့ည တပည့်တော် ကျင့်ကြံရင်းနဲ့ အသိတရား တော်တော်များများ ရခဲ့ပါတယ်၊ တစ်ကိုယ်လုံးလည်း ပေါ့ပါးနေသလို ခံစားရတယ်၊ ဆရာပြောတဲ့ ယင်ဝိညာဉ်ကို စုစည်းနိုင်မယ့် အဆင့်ကို ရောက်တော့မယ် ထင်တယ်"

​တာအိုဆရာ ဇုန်းယွန်း၏ စရိုက်က အမြဲတမ်း အေးစက်လှသဖြင့်၊ အခြေအနေ မကောင်းသည်ကို မြင်သောအခါ ကျန့်ရွှမ်းက ချက်ချင်းပင် သတင်းကောင်းကို အရင်တင်ပြလိုက်ခြင်း ဖြစ်သည်။ တာအိုဆရာ ဇုန်းယွန်းက မျက်ခုံးကို အနည်းငယ် တွန့်လိုက်ရင်း –

"ယင်ဝိညာဉ်ကို စုစည်းနိုင်တော့မယ် ဟုတ်လား"

​ကျန့်ရွှမ်းက မျှော်လင့်ချက်အပြည့်ဖြင့် ဆရာ့ကို ကြည့်လိုက်ပြီး ချီးမွမ်းခြင်းကို ရယူချင်နေသည်။ သို့သော် တာအိုဆရာ ဇုန်းယွန်းကမူ အေးစက်စွာဖြင့်သာ –

"မဆိုးပါဘူး၊ ဆက်ပြီး လေ့ကျင့်ထားပါ၊ ဧည့်သည် ထွက်ခွာသွားတာနဲ့၊ ဆရာကိုယ်တိုင် မင်းအတွက် စောင့်ပေးပြီး၊ ယင်ဝိညာဉ် ကိုယ်ခွဲထွက်နိုင်အောင် ကူညီပေးမယ်"

​ကျန့်ရွှမ်းက ပြုံး၍ ခေါင်းညိတ်ကာ –

"ဟုတ်ကဲ့ပါ ဆရာ"

​သူတို့နှစ်ဦး ထွက်ခွာသွားကြပြီးနောက်၊ တာအိုဆရာ ဇုန်းယွန်းသည် မိမိ၏ အခန်းထဲသို့ ပြန်လာခဲ့သည်။ အဝေးတစ်နေရာတွင်မူ၊ ပျံသန်းနေသော ပိုးကောင်လေးတစ်ကောင်သည် ကျောက်စင်္ကြံပေါ်သို့ ခပ်ဖွဖွလေး နားလိုက်ပြီး အတောင်ပံဖြန့်ကာ ပြန်လည် ပျံသန်းသွားခဲ့သည်။ အခန်းထဲသို့ ရောက်ရှိသွားသောအခါ၊ ထိုပိုးကောင်လေး၏ ကိုယ်ပေါ်မှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး၊ ခန့်ညားထည်ဝါသော တာအိုဆရာငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

​သူ့မျက်ဝန်းထဲတွင် တွေးတောမြော်မြင်မှုများ ပြည့်နှက်နေသည်။

​…………

​တစ်ညလုံး စကားတစ်ခွန်းမျှ မရှိဘဲ၊ လေပြေလေညင်းများ ငြိမ်သက်နေခဲ့သည်။

နောက်တစ်နေ့တွင်၊ လီယန်ချူသည် ထရပ်ကာ ထွက်ခွာခဲ့သည်။ လေကိုစီး၍ ပျံသန်းသွားရာ၊ ဝတ်စုံစများ တဖျတ်ဖျတ် လွင့်ပျံနေသည်မှာ နတ်ဘုရားတစ်ပါးအလား ဖြစ်နေသည်။ လျူယွန်းကန်မှ တာအိုဆရာလေး အများအပြားမှာ အားကျစိတ်ဖြင့် ကြည့်ရှုရင်း အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

​"ဒါ... ဒါက တတိယအဆင့် ကျင့်ကြံသူကြီးရဲ့ အစွမ်းလား၊ လေထဲမှာ လမ်းလျှောက်နေတာပဲ "

"ငါလည်း ဒီအဆင့်အထိ လေ့ကျင့်ချင်တယ်၊ မိစ္ဆာတွေကို နှိမ်နင်းနိုင်တဲ့ တာအိုဆရာစစ်စစ်တစ်ယောက် ဖြစ်ချင်တယ်"

​…

​လီယန်ချူသည် ထိုကျောက်နံရံပေါ်တွင် ထူးခြားသော ဟင်းလင်းပြင် အငွေ့အသက် အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှီးရွှမ်းနတ်မိမယ်က သူ့ကို ဤလျှို့ဝှက်နယ်မြေ၏ အကြမ်းဖျင်းနေရာကိုသာ အသိပေးခဲ့ခြင်း ဖြစ်ပြီး၊ အသေးစိတ်ကိုမူ သူကိုယ်တိုင် ရှာဖွေရခြင်း ဖြစ်သည်။ လီယန်ချူသည် ကျောက်နံရံရှေ့တွင် ရပ်တန့်လိုက်ပြီး၊ နံရံ‌ဖောက်ကျင့်စဉ်ကို အသုံးပြုခဲ့သော်လည်း တံဆိပ်ခတ်နှိပ်မှုကို မဖျက်ဆီးနိုင်ခဲ့ပေ။

​သူသည် မြေလျှိုးကျင့်စဉ်ကို အသုံးပြု၍ ကျောက်နံရံနောက်သို့ ဝင်ရောက်ခဲ့သော်လည်း၊ အထဲတွင် ဘာမှမရှိဘဲ သာမန် ကျောက်တုံးများအတိုင်းသာ ဖြစ်နေသဖြင့် လက်စွမ်းပြစရာ မရှိခဲ့ချေ။

​လီယန်ချူ ထွက်ခွာသွားသော ထိုညတွင်၊ တာအိုဆရာလေး ကျန့်ရွှမ်းသည် ကျောင်းတော်ထဲ၌ တစ်ယောက်တည်း ထိုင်ကာ အသက်ရှူကျင့်စဉ်ကို ကျင့်ကြံနေသည်။ သူ၏ စရိုက်က ပျာယာခတ်ပြီး ထင်ပေါ်လိုသော်လည်း၊ လက်တွေ့တွင်မူ စိတ်ထဲ၌ အရှုံးမပေးလိုသော ဇွဲ ရှိသည်။

ပါးစပ်ကသာ အေးချမ်းတည်ငြိမ်ပြီး ဘာမှ အတင်းမလုပ်ရဘူးဟု ပြောနေသော်လည်း၊ လက်တွေ့တွင်မူ စိတ်ထဲ၌ မာန ရှိပေသည်။

​သူသည် ကြိုးစားပမ်းစား ကျင့်ကြံနေစဉ်၊ ရုတ်တရက် တံခါးဝမှ ဖွဖွလေး လျှောက်လှမ်းလာသော ခြေသံကို ကြားလိုက်ရသည်။

ဒေါက် ဒေါက် ဒေါက်

​တံခါးခေါက်သံ ထွက်ပေါ်လာသဖြင့်၊ ကျန့်ရွှမ်းသည် ဝတ်စုံကို သေချာဝတ်ဆင်ကာ တံခါးသွားဖွင့်ပေးလိုက်သည်။ တံခါးဝတွင် သက်လတ်ပိုင်း တာအိုဆရာတစ်ဦး ရပ်နေပြီး အရှိန်အဝါမှာ အလွန် ထည်ဝါလှသည်။

​ကျန့်ရွှမ်းက ရိုသေစွာဖြင့် –

"ဆရာ..."

​တာအိုဆရာ ဇုန်းယွန်းက ပြုံး၍ –

"ညဉ့်နက်သန်းခေါင်အထိ ကြိုးစားပမ်းစား ကျင့်ကြံနေတာပဲ၊ ဆရာက မင်းအတွက် တရားစောင့်ပေးပြီး၊ မူလဝိညာဉ် ကိုယ်ခွဲထွက်နိုင်အောင်၊ ယင်ဝိညာဉ် စုစည်းနိုင်အောင် ကူညီပေးမယ်"

​ကျန့်ရွှမ်း၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး –

"ဟုတ်ကဲ့ပါ"

​သူသည် ဆရာဖြစ်သူ တာအိုဆရာ ဇုန်းယွန်း၏

နောက်မှ လိုက်ပါကာ ကျောင်းတော်တွင်းရှိ တရားအားထုတ်ရာ အခန်းငယ် သို့ ရောက်ရှိလာခဲ့သည်။ အလယ်တွင် ရှေးဟောင်း ဆေးဖော်စပ်သည့် မီးဖိုကြီးတစ်ခု ရှိပြီး၊ ယခုအချိန်တွင် မီးတောက်များ ငြိမ်းသတ်ထားသည်။ ထို့အပြင် တာအိုဆရာတစ်ဦး၏ ပုံတူပန်းချီကားတစ်ချပ် ရှိပြီး၊ ၎င်းမှာ လျူယွန်းကန်၏ တည်ထောင်သူ ဘိုးဘေး ဖြစ်သည်။ ပန်းချီကားထဲက တာအိုဆရာမှာ မျက်နှာသွင်ပြင်က တစ်မျိုးဖြစ်နေပြီး တစ်ကိုယ်လုံးတွင် အမာရွတ်များ ရှိကာ မျောက်မျက်နှာနှင့် တူလှသည်။

လက်ထဲတွင် မက်မွန်သစ်သားဓားတစ်စင်းကို ကိုင်ဆောင်ထားရာ လောကီမှ အောက်လမ်းဆရာများနှင့် အလွန်တူလှသည်။ သို့သော် သေချာ စိုက်ကြည့်လိုက်ပါက ထိုသူ၏ ခန္ဓာကိုယ်တွင် နတ်ဘုရား အငွေ့အသက်များ ခပ်မှိန်မှိန်လေး ဖြာထွက်နေသည်ကို တွေ့ရသည်။

​တာအိုဆရာလေး ကျန့်ရွှမ်း အနည်းငယ် ရင်ခုန် စိတ်လှုပ်ရှားနေသည်။ ဤသည်မှာ သူ ဤတရားအားထုတ်ရာ အခန်းငယ်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သည်။ ဤအခန်းသည် များသောအားဖြင့် ဆရာဖြစ်သူ တရားထိုင်ခြင်း၊ ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း ပြုလုပ်ရာ နေရာဖြစ်ပြီး၊ တပည့်များကို ဝင်ရောက်ခွင့် လုံးဝ ပိတ်ပင်ထားသည်။

​တာအိုဆရာ ဇုန်းယွန်းသည် ယင်ဝိညာဉ် စုစည်းနည်းကို သူတို့ကို သင်ကြားပေးထားပြီး ဖြစ်သဖြင့်၊ ကျန့်ရွှမ်းလည်း မကြာခဏ လေ့ကျင့်လေ့ရှိသည်။ သို့သော်လည်း တပည့်များကို သီးသန့် ဝိညာဉ်ကိုယ်ခွဲထွက်ခြင်းကို လုံးဝ တားမြစ်ထားပြီး၊ ဖောက်ဖျက်ပါက ပြင်းထန်စွာ အပြစ်ပေးလေ့ရှိသည်။

​ကျန့်ရွှမ်းအတွက်မူ ဤသည်မှာ ပထမဆုံးအကြိမ် ယင်ဝိညာဉ် ကိုယ်ခွဲထွက်ရန် ကြိုးစားခြင်း ဖြစ်သည်။ ဂိုဏ်းမှ သင်ကြားပေးထားသော ကျင့်စဉ်အတိုင်း လုပ်ဆောင်ရာ၊ မကြာမီမှာပင် လျှို့ဝှက်ချက်ကို သဘောပေါက်သွားပြီး မိမိ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားကာ အပေါ်သို့ ပျံသန်းထွက်ခွာသွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း ပျံသန်းထွက်ခွာသွားခါစမှာပင်၊ အေးစိမ့်သော လေပြင်းတစ်ချက်ကို ခံစားလိုက်ရသည်။ လေထုထဲက အေးစိမ့်သော လေပြင်းသာမက၊ အခန်းထဲက ဆီမီးတောက်များကပင် သူ့အတွက် အလွန်တရာ အန္တရာယ်ကြီးမားလှသဖြင့် သူ့ကို တုန်တုန်ရင်ရင် ဖြစ်သွားစေသည်။ နောက်တစ်စက္ကန့်တွင်မူ၊ သူသည် တစ်စုံတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လက်ဖဝါးထဲသို့ ရောက်ရှိသွားတော့သည်။

​ကျန့်ရွှမ်း မော့ကြည့်လိုက်ရာ၊ မိမိကိုယ်ကို လူတစ်ယောက်၏ လက်ဖဝါးထဲတွင် ဖမ်းချုပ်ခံထားရသည်ကို တွေ့လိုက်ရသည်။ ရှေ့မှောက်တွင် ကြီးမားလှသော လူ့မျက်နှာကြီးတစ်ခု ရှိနေပြီး ၎င်းမှာ သူ၏ ဆရာပင် ဖြစ်သည်။ အမြဲတမ်း ဖြောင့်မတ်မှန်ကန်လှသော ဆရာဖြစ်သူ၏ မျက်ဝန်းထဲတွင်မူ ယခုအခါ အလွန်တရာ လောဘဇောတိုက်နေသော အရိပ်အယောင်များ ထွက်ပေါ်နေသဖြင့်၊ သူ့ကို ချက်ချင်းပင် စိမ်းသက်သွားစေသည်။

​တစ်ခဏအတွင်းမှာပင်၊ တာအိုဆရာလေး ကျန့်ရွှမ်းသည် ရေခဲတိုက်ထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး၊ မူလဝိညာဉ်မှာ တုန်တုန်ရီရီ ဖြစ်နေကာ မပီမသဖြင့် –

"ဆ... ဆ... ဆရာ၊ ဘာ... ဘာဖြစ်လို့လဲဟင်"

​တာအိုဆရာ ဇုန်းယွန်းက ကျန့်ရွှမ်းကို ပြုံး၍ ကြည့်ကာ

"ဘာမှမဖြစ်ပါဘူး၊ ဆရာက ဒီနေ့ မင်းကို ကျင့်စဉ်အသစ်တစ်ခု သင်ပေးမလို့ပါ"

​တာအိုကောင်လေး ကျန့်ရွှမ်း အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားပြီး –

"ဘာ... ဘာကျင့်စဉ်လဲဟင်"

All Chapters