အခန်း ၅၉၀
Vol. 40 Ch. 590
အခန်း (၅၉၀) - ပြင်ပလောက ကြယ်တာရာ ဟင်းလင်းပြင်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းနှင့် သစ်ပင်နတ်ဆိုး နယ်မြေ
~ယဲ့ဖုန်းက လမ်းတွင် အချိန်မဖြုန်းတော့ချေ။
သူက ဟူဖေးဖေး နှင့် အခြားသူများကို နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် ဆီသို့ ဦးရင်ခေါ်ဆောင်သွားသည်။ လျှို့ဝှက်ဆန်းကြယ် မြို့တော် သို့ ပြန်ရောက်သည်။ နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ကို ချေမွလိုက်သည်။ မြူခိုးတောင်ထိပ် သို့ ပြန်လည်ရောက်ရှိသွားသည်။
ထို့နောက် သူတို့လေးယောက်သား မိုင်ပေါင်း သောင်းချီ ကွာဝေးသော ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု ဆီသို့ ရောက်ရှိသွားကြ၏။
“ဂိုဏ်းချုပ်ယဲ့ ရောက်လာပြီပဲ”
ယဲ့ဖုန်းကို မြင်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ သူတော်စင်ကြီး က ဝိညာဉ်ခန္ဓာကိုယ် သောင်းချီကို ဦးဆောင်ကာ ရိုသေလေးစားစွာ အရိုအသေပေးလိုက်ကြ၏။
လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲတွင် ယဲ့ဖုန်းသာ ဝင်မပါခဲ့လျှင် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု သည် သစ်ပင်နတ်ဆိုး ဘိုးဘေး နှင့် ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲကြီး တို့၏ ဖိအားအောက်တွင် လုံးဝ ပျက်သုဉ်းသွားမည်မှာ အသေအချာပင်၊
ထို့ကြောင့် ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု က ယဲ့ဖုန်းအပေါ် ရင်တွင်းအသည်းနှက်မှ လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုနေကြခြင်း ဖြစ်၏။
“အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး။ ငါတို့ မြေအောက်လှိုဏ်ဂူကမ္ဘာ ဆီ သွားကြမယ်”
ယဲ့ဖုန်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။
သူက လူတိုင်းကို မြေအောက်လှိုဏ်ဂူကမ္ဘာ အတွင်းသို့ ခေါ်ဆောင်သွားသည်။ ကျယ်ပြောလှသော ဤဂူကောင်းကင်ကမ္ဘာ ၏ ဗဟိုချက်တွင်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် နန်းတော်ကြီးရှေ့သို့ ရောက်ရှိသွားကြ၏။
လွန်ခဲ့သော အချိန်က သတ်ဖြတ်မှုများကြောင့် မြေအောက်လှိုဏ်ဂူကမ္ဘာ တွင် အစွမ်းထက် ပညာရှင်များ သိပ်မကျန်တော့ချေ။ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု တစ်ခုတည်းနှင့်ပင် သူတို့ကို အလွယ်တကူ ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။
“တွေ့ပြီ”
ကျန်းလင်းဘိုးဘေး က နန်းတော်ကြီး၏ ဗဟိုချက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာရှိ အတွင်းဘက် နံရံပေါ်တွင် အလင်းတံခါး တစ်ပေါက်ကို သူတို့ ရှာတွေ့သွားကြ၏။
အလင်းတံခါး ကို ဖြတ်သန်းသွားပြီးနောက် မြူခိုးများ ဖုံးလွှမ်းနေသော အထူး လျှို့ဝှက်လမ်းကြောင်း တစ်ခုထဲသို့ ရောက်ရှိသွားကြ၏။
“ဒါက ကြယ်တာရာ ဟင်းလင်းပြင် ဆီ သွားတဲ့ လမ်းကြောင်းလား”
မင်းသမီးလေး ဟူဖေးဖေး က လမ်းကြောင်းကို ပေါက်ကွဲစေသော တုတ်တို ဖြင့် ရိုက်ချရန် ပြင်လိုက်သည်။ ယဲ့ဖုန်းက လက်လှမ်းကာ တားလိုက်၏။
“လမ်းကြောင်းက သိပ်မတည်ငြိမ်ဘူး။ ရမ်းမလုပ်နဲ့”
“ဟုတ်ပါပြီ”
သူတို့လေးယောက်သား မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော လမ်းကြောင်းကို ဖြတ်သန်းသွားကြသည်။ နောက်ဆုံးတွင် ကျယ်ပြောလှသော ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာ၌ ပျံဝဲနေသည့် တိုက်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားကြတော့၏။
ဤနေရာတွင် သက်ရှိများ ရှိနေသော်လည်း အောက်ခြေအဆင့် သတ္တဝါများသာ ဖြစ်ကြ၏။
ထိုတိုက်ကြီးပေါ်တွင် မတ်တတ်ရပ်လျက် သူတို့လေးယောက်သား ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။ ရေတွက်၍မရနိုင်သော ကြယ်များဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့ ကြယ်တာရာ ဟင်းလင်းပြင် ဟင်းလင်းပြင်ကြီးကိုသာ မြင်တွေ့ရပြီး သူတို့၏ တည်နေရာကို အတိအကျ မသိနိုင်အောင် ဖြစ်နေတော့၏။
“သစ်ပင်နတ်ဆိုး နယ်မြေ က ဘယ်မှာလဲ”
“ဦးချို မွှေးပွ မျိုးနွယ်စု ကရော ဘယ်မှာလဲ”
ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ သူတို့မှာ လုံးဝ အကန်းပမာ ဖြစ်နေပြီး နောက်ထပ် ဘယ်ကို ဆက်သွားရမည်မှန်း မသိတော့ချေ။
“စိတ်မပူပါနဲ့။ ကျွန်တော် တွက်ကြည့်လို့ ရပါတယ်”
ယဲ့ဖုန်းက ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲကြီး ၏ အစစ်အမှန်ယွမ် သလင်းကျောက် ကို ထုတ်ယူလိုက်သည်။ မင်းသမီးလေး ၏ တပ်မက်နေသော အကြည့်များက ချက်ချင်း ရောက်ရှိလာ၏။
တွက်ချက်မှု အနည်းငယ် ပြုလုပ်ပြီးနောက် ယဲ့ဖုန်းက မျက်ခုံးတစ်ချက် ပင့်လိုက်၏။
“ဂိုဏ်းချုပ်ယဲ့ ဘာဖြစ်လို့လဲ”
ဘိုးဘေးနှစ်ဦးမှာ အခြေအနေက မရိုးရှင်းကြောင်း အာရုံခံမိသွားကြသည်။
“ဦးချို မွှေးပွ မျိုးနွယ်စု က ဒီကနေ အရမ်းဝေးလွန်းတယ်။ အမြန်သွားလို့ မရဘူး။ သစ်ပင်နတ်ဆိုး နယ်မြေ ကရော ဝေးမဝေး ထပ်တွက်ကြည့်လိုက်ဦးမယ်”
ယဲ့ဖုန်းက အတိုချုံး ရှင်းပြလိုက်ပြီး ဆက်လက် တွက်ချက်နေ၏။
သစ်ပင်နတ်ဆိုး ဘိုးဘေး ၏ အကြွင်းအကျန်များကို အားကိုးကာ တွက်ချက်လိုက်ရာ သူ၏ လက်ဝါးထက်တွင် အရှိန်အဝါ တစ်ခုက တဖြည်းဖြည်း ပုံဖော်လာပြီး ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွား၏။
ပုံရိပ်ထဲတွင်၊
ရှေးဟောင်း သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခု ဖြစ်သည်။ ၎င်း၏ ဗဟိုချက်တွင် ကောင်းကင်အထိ ထိုးထွက်နေသော ခြောက်သွေ့နေသည့် သစ်ပင်မိစ္ဆာကြီး တစ်ပင် ပေါက်ရောက်နေ၏။ ထိုရင်းနှီးနေသော အရှိန်အဝါက လူကို လန်းဆန်းသွားစေသည်။
“ဒါ သစ်ပင်နတ်ဆိုး နယ်မြေ ပဲ”
လူတိုင်း ဝမ်းသာသွားကြ၏။
“ဂိုဏ်းချုပ်ယဲ့ အကွာအဝေးက ဘယ်လောက်လောက် ရှိလဲ” ကျန်းလင်းဘိုးဘေး က မေးလိုက်သည်။
“ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရဲ့ ခြေလှမ်းကို အသုံးပြုမယ်ဆိုရင် အကြိမ် သုံးထောင် ကိုးရာ လောက် နေရာရွှေ့ပြောင်းလိုက်တာနဲ့ ရောက်ပါပြီ” ယဲ့ဖုန်းက တွက်ချက်ပြီးနောက် ပြန်ဖြေလိုက်၏။
“ဟိုက်”
“အကြိမ် သုံးထောင် ကိုးရာ လောက် နေရာရွှေ့ပြောင်းရမယ် ဟုတ်လား။ အဲဒါက မိုင်သုံးဆယ့်ကိုးသန်း ကျော်လောက် မဝေးဘူးလား”
ဘိုးဘေးနှစ်ဦး၏ နှုတ်ခမ်းထောင့်များပင် တွန့်ကွေးသွားတော့၏။
“တကယ်တော့ ဒါက တော်တော် နီးနေပါပြီ။ အကယ်လို့ ဦးချို မွှေးပွ မျိုးနွယ်စု ဆီ သွားမယ်ဆိုရင် ဒီအကွာအဝေးထက် အဆတစ်ရာလောက် ပိုများသွားဦးမှာ” ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
“ကောင်းပါပြီဗျာ”
လူတိုင်းမှာ အနည်းငယ် လက်မြှောက် အရှုံးပေးချင်သွားကြ၏။ သို့သော် သစ်ပင်နတ်ဆိုး နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ ရတနာများ ရှာဖွေနိုင်ရန်အတွက် သူတို့ ချက်ချင်း ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြ၏။
“ဝှီး... ”
သူတို့အဖွဲ့ နေရာစတင် ရွှေ့ပြောင်းလိုက်ကြတော့၏။
အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းသွားပြီးကတည်းက မင်းသမီးလေး သည်လည်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၏ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်လာခဲ့သည်။ တစ်ကြိမ် ရွှေ့ပြောင်းတိုင်း အနည်းဆုံး မိုင်တစ်သောင်းခန့် အထိ ရောက်ရှိနိုင်၏။ သူမက ဦးဆောင်သွားသဖြင့် ယဲ့ဖုန်းအတွက် အလွန် လွယ်ကူနေတော့၏။
(၁) နာရီ ကြာပြီးနောက်၊
သူတို့အဖွဲ့သည် မှောင်မိုက်နေသော ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကြသည်။ နောက်ဆုံးတွင် ကြယ်တာရာ ဟင်းလင်းပြင်၌ ပျံဝဲနေကာ မိုင်တစ်သန်းခန့် ကျယ်ဝန်းသော ကြီးမားသည့် တိုက်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားကြတော့၏။
“ရောက်ပြီဟေ့”
“ဒါက သစ်ပင်နတ်ဆိုး နယ်မြေ ပဲ”
“ဟင် ဒီနေရာက ဘာလို့ ပျက်စီးနေရတာလဲ”
ယဲ့ဖုန်း၊ ဟူဖေးဖေး၊ ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့ လေးယောက်သား သစ်ပင်နတ်ဆိုး နယ်မြေ အနီးသို့ ရောက်ရှိလာကြသည်။ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အံ့အားသင့်စရာ ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
ထိုအခိုက်အတန့်တွင် သစ်ပင်နတ်ဆိုး နယ်မြေ တစ်ခုလုံး ပြင်းထန်သော တိုက်ပွဲကြီးထဲ ကျရောက်နေသည်။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာရှိ သစ်ပင်နတ်ဆိုး အနည်းငယ်က ရုန်းကန်နေရသည်။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာရှိ ဝတ်ရုံနက်ဝတ် လူတစ်ယောက်က အပြင်းအထန် တိုက်ခိုက်နေ၏။
နယ်မြေအတွင်းတွင် ပြင်ပလောကမှ ဝတ်ရုံနက် ကျင့်ကြံသူ တစ်စုက အခြား သစ်ပင်နတ်ဆိုး များကို တံမြက်လှည်းသလို ရှင်းလင်းနေသည်။
ရေတွက်၍မရသော သစ်ပင်နတ်ဆိုး များ အသတ်ခံရသည်။
တန်ဖိုးကြီး ရတနာအားလုံး လုယက်ခံနေရ၏။
“မင်းတို့ရဲ့ သစ်ပင်နတ်ဆိုး ဘိုးဘေး ထူးထူးဆန်းဆန်း သေသွားတာကို ငါ သိပြီးသားကွ။ မင်းတို့ အားလုံးကို ဖိနှိပ်ပြီးတာနဲ့ ဒီ သစ်ပင်နတ်ဆိုး နယ်မြေ ကို ငါ သိမ်းမယ်။ ငါတို့ ဟေးရွှမ်ဂိုဏ်း ရဲ့ ဝိညာဉ်ဆေးဥယျာဉ် အဖြစ် ပြောင်းလဲပစ်မယ်”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဝတ်ရုံနက်လူက သရော်လိုက်သည်။
“အကြီးအကဲ ဟေးရွှမ် မင်းက တကယ့်ကို အောက်တန်းကျပြီး အရှက်မရှိတဲ့ကောင်ပဲ”
“ငါတို့ သစ်ပင်နတ်ဆိုး ဘိုးဘေး သက်ရှိထင်ရှား ရှိနေတုန်းက မင်းတို့ ဟေးရွှမ်ဂိုဏ်း က အသံတောင် မထွက်ရဲဘူးလေ။ အခု.. သူ မရှိတော့ဘူး ဆိုတာနဲ့ ချေးနံ့ရတဲ့ ခွေးတွေလို ဝိုင်းအုံလာကြတာ ရွံစရာကောင်းလိုက်တာ”
“ဟေးရွှမ်ဂိုဏ်း ကောင်တွေ အသေဆိုးနဲ့ သေပါစေကွာ”
သစ်ပင်နတ်ဆိုး နယ်မြေ မှ ဘိုးဘေးအချို့က ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်ကြ၏။
သစ်ပင်နတ်ဆိုး နယ်မြေ သည် သစ်ပင်နတ်ဆိုး မျိုးနွယ်စု ၏ အမာခံစခန်း ဖြစ်၏။ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ်တွင် ရှိသော ဘိုးဘေးအပြင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာရှိ အကြီးအကဲ သုံးဦးလည်း ရှိနေသေး၏။
ပတ်ဝန်းကျင် တစ်ဝိုက်တွင် ကမ္ဘာငယ်လေးများ အများအပြား ရှိနေပြီး ၎င်းတို့အားလုံးကို ဟေးရွှမ်ဂိုဏ်း ကဲ့သို့သော ကြယ်လေးပွင့်အဆင့် အင်အားစု များက အုပ်စိုးထားကြ၏။
သစ်ပင်နတ်ဆိုး ဘိုးဘေး သက်ရှိထင်ရှား ရှိနေစဉ်က ပတ်ဝန်းကျင်ရှိ အင်အားစုကြီးများက မရမ်းကားဝံ့ခဲ့ကြချေ။ သို့သော် သူ သေဆုံးသွားသည်နှင့် သတင်းကြားသော အင်အားစု အသီးသီးမှ သိုင်းပညာရှင်များက ချက်ချင်း လှုပ်ရှားလာကြတော့သည်။
“အကြီးအကဲ ဟေးရွှမ်.. အကုန်မယူနဲ့ဟေ့”
ထိုအခိုက်အတန့်တွင် ကြယ်တာရာ ဟင်းလင်းပြင်ထဲမှ ပျံသန်းရေးလှေ များကို စီးနင်းလာသော နောက်ထပ် အင်အားစုကြီး တစ်ခု ရောက်ရှိလာပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
လှေဦးပိုင်းတွင် ဆံပင်အနက်ရောင်နှင့် ရွှေရောင် မျက်ခုံးမွှေးများ ရှိသော လူတစ်ယောက် မတ်တတ်ရပ်နေသည်။ သူ့ကို အကြီးအကဲ ကျင်းမေ ဟု ခေါ်ကြ၏။
“မင်းတို့ကောင်တွေ အရမ်း လောဘကြီးတာပဲ။ သစ်ပင်နတ်ဆိုး နယ်မြေ ကို ထျန်းကျီးစံအိမ် ကို တစ်ဝက် မခွဲပေးဘူးလား”
တတိယမြောက် အင်အားစု တစ်ခု ထပ်မံ ရောက်ရှိလာပြန်သည်။
မျက်တောင်တစ်ခတ်အတွင်း၊ ကြယ်လေးပွင့်အဆင့် အင်အားစု သုံးခု သစ်ပင်နတ်ဆိုး နယ်မြေ ထဲ အတင်း ဝင်ရောက်လာသည်။
သစ်ပင်နတ်ဆိုး မျိုးနွယ်စု ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်။
နယ်မြေ၏ အဓိက အနှစ်သာရများကို လုယက်ယူငင်ကြသည်။
“မင်းတို့ကောင်တွေက ဒီဂိုဏ်းချုပ် ဆီက ရတနာတွေကို လုရဲတယ်ပေါ့လေ”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းမှာ ဒေါသထွက်သွားတော့၏။
သစ်ပင်နတ်ဆိုး ဘိုးဘေး နှင့် ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲကြီး တို့ နှစ်ဦးစလုံးကို သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ တရားဝင် ပြောရလျှင် သစ်ပင်နတ်ဆိုး နယ်မြေ နှင့် ဦးချို မွှေးပွ မျိုးနွယ်စု တို့မှာ မြူခိုးဂိုဏ်း ပိုင် ဖြစ်သင့်သည်။
သို့သော် ဘယ်ဆီကမှန်းမသိ ပေါ်လာသော ကြယ်အဆင့် အင်အားစု သုံးခုက သူ၏ မျက်စိရှေ့တွင်ပင် သစ်ပင်နတ်ဆိုး နယ်မြေ မှ ကောင်းကင်နှင့် မြေကြီး ရတနာ များကို လုယူနေကြတော့၏။
ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
ယဲ့ဖုန်း၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်သွားသည်။ တစ်ခွင်လုံး တိတ်ဆိတ်သွား၏။
လူတိုင်းက ယဲ့ဖုန်းကို လှည့်ကြည့်လိုက်ကြသည်။ သူ့တွင် ကျင့်ကြံခြင်းအဆင့် လုံးဝမရှိကြောင်း သတိထားမိသွားသောအခါ သူ့ကို အရေးမစိုက်တော့ဘဲ ကျန်းလင်းဘိုးဘေး ထံသို့သာ အကြည့်များ ခေတ္တမျှ ရောက်ရှိသွားကြ၏။
သူသည်လည်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာတွင် ရှိနေကြောင်း မြင်သောအခါ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာ ဘိုးဘေးများ ဖြစ်ကြသည့် အကြီးအကဲ ဟေးရွှမ်၊ အကြီးအကဲ ကျင်းမေ နှင့် အကြီးအကဲ ထျန်းကျီး တို့ သုံးဦးစလုံးက လှောင်ရယ်လိုက်ကြ၏။
“တာအိုရောင်းရင်း ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် သစ်ပင်နတ်ဆိုး နယ်မြေ ကို ခွဲဝေယူကြတာလေ။ တစ်ယောက်တည်း အကုန်သိမ်းပိုက်ဖို့ ကြိုးစားတာက သိပ်ပြီး တရားလွန်ရာ မကျလွန်းဘူးလား”
သူတို့က ယဲ့ဖုန်းနှင့် သူ၏ အဖွဲ့ကို မသိကြချေ။ ထို့ကြောင့် ဤကြယ်တာရာ ဟင်းလင်းပြင် နယ်မြေထဲမှ ကြယ်လေးပွင့်အဆင့် အင်အားစု တစ်ခုဟုသာ သတ်မှတ်ထားကြ၏။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့၏။
'တရားလွန်တယ် ဟုတ်လား'
'ကောင်းပြီလေ'
'ဒါဆိုရင် တကယ့်ကို တရားလွန်တယ် ဆိုတာ ဘယ်လိုမျိုးလဲ ဒီဂိုဏ်းချုပ် ကိုယ်တိုင် ပြပေးရတာပေါ့'
“မင်းသမီးလေး သူတို့အားလုံးကို ရိုက်ခွဲပစ်လိုက်။ ဝိညာဉ်ရတနာ တစ်ခုမှ အကျန်မခံနဲ့။ အကုန်လုပစ်”
ယဲ့ဖုန်းက မျက်နှာကြောတင်းတင်းဖြင့် အမိန့်ပေးလိုက်၏။
“အမိန့်အတိုင်းပါပဲ”
ဟူဖေးဖေး က ဤကဲ့သို့သော ကိစ္စမျိုးကို အလွန် သဘောကျလှရာ သူမ၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားတော့၏။
“ဂိုဏ်းချုပ်ယဲ့.. တာအိုရောင်းရင်း မြေခွေးမလေး က သူတို့ကို ယှဉ်နိုင်ပါ့မလား”
ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့က အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး ကပျာကယာ လှမ်းတားလိုက်ကြ၏။
“စိတ်မပူနဲ့ ဆယ်ယောက်လာလည်း ချမယ်”
ဟူဖေးဖေး သူမနှာခေါင်းကို ပွတ်လိုက်သည်။
တဆက်တည်း၌၊ ပေါက်ကွဲစေသော တုတ်တို ကို ကိုင်ဆောင်လိုက်၏။
သစ်ပင်နတ်ဆိုး နယ်မြေ ဗဟိုချက်ဆီ ပျံသန်းသွားသည်။
သူမ ခန္ဓာကိုယ်မှ ပန်းရောင်အလင်းတန်း နှစ်ချက် လက်သွား၏။
ဒုတိယ တိုက်ခိုက်ရေးပုံစံ သို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဤအခြေအနေတွင် သူမ၏ တိုက်ခိုက်ရေးစွမ်းအားက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ် နှင့် ယှဉ်နိုင်စွမ်း ရှိသွားတော့၏။
“ဒီ အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး က ဘယ်က ရောက်လာတာလဲ။ ငါတို့ဆီက ရတနာတွေကို သေချင်နေလို့ လုရဲတာလား”
ဒေါသအကြီးဆုံး ဖြစ်သည့် အကြီးအကဲ ကျင်းမေ က အေးစက်စက် နှာမှုတ်လိုက်သည်။
သူ လက်တစ်ဖက် ဆန့်ထုတ်လိုက်၏။
ပေတစ်သောင်း မြင့်သော နတ်ဘုရား ပုံရိပ်ကြီး.. သူ၏ အနောက်တွင် ပေါ်လာသည်။
ထိုပုံရိပ်က သူ၏ လှုပ်ရှားမှုအတိုင်း လိုက်လုပ်နေ၏။
ဧရာမ လက်ကြီးက ဟူဖေးဖေး ဆီသို့ လှမ်းဆွဲလိုက်သည်။
“ဟွမ်ယွမ် တုတ်ကွက်”
ဟူဖေးဖေး ၏ သိုင်းကွက်က နောက်ဆုံးတွင် အဆင့်မြင့်သွားတော့၏။
သူမ ပေါက်ကွဲစေသော တုတ်တို ကို ခွန်အားအပြည့်ဖြင့် ဝှေ့ယမ်းလိုက်သည်။
ပေတစ်သောင်း ရှည်လျားသော ပန်းရောင် တုတ်ရိပ်ကြီး ကောင်းကင်ကို ဖြတ်သန်းသွားသည်။
လူအများ ထိတ်လန့်တကြား ကြည့်နေကြသည်။
အကြီးအကဲ ကျင်းမေ ၏ နတ်ဘုရားပုံစံ ကြီး တစ်စစီ ရိုက်ခွဲခံလိုက်ရသည်။
“ဟိုက်.. ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ် ပါလား”
“ပြေးကြဟေ့”
ကျန်ရစ်သော အကြီးအကဲ ဟေးရွှမ် နှင့် အကြီးအကဲ ထျန်းကျီး တို့ မျက်နှာပျက်သွားကြသည်။
ချက်ချင်း ထွက်ပြေးကြတော့သည်။
သူတို့တတွေ..သံမဏိပြားကို သွားကန်မိပြီမှန်း သဘောပေါက်သွားကြတော့၏။
--