အခန်း ၅၉၄
Vol. 40 Ch. 594
အခန်း (၅၉၄) - ကွင်းစွပ် ဝိညာဉ်ကျောက်စိမ်း ကို ပြန်လည်ပေးအပ်ခြင်းနှင့် ယွီကျူး နှင့်အတူ လမ်းလျှောက်ထွက်ခြင်း
~“ဆရာ ကျွန်မကို ခေါ်လိုက်တာလား”
ယွီကျူး သည် ဧရာမ သန့်စင်သော ဗိမာန်တော်ကြီး ၏ အပြင်ဘက်တွင် မတ်တတ်ရပ်ကာ အတွင်း၌ တံခါးပိတ် ကျင့်ကြံနေပြီး အပြင်သို့ ထွက်မလာသော ကျောင်းယန် ရှေးဟောင်းသူတော်စင် ကို တိုးညင်းသော အသံဖြင့် မေးလိုက်၏။
“အင်း”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
သူက သူ၏ စစ်မှန်သော ရုပ်ခန္ဓာ ကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။
ရှေးဟောင်း သူတော်စင် တစ်ပါးအနေဖြင့် သူသည် လူကိုယ်တိုင် အပြင်ထွက်လေ့ မရှိပေ။ အရေးတကြီး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသောအခါများတွင် ပြင်ပကိုယ်ပွား တစ်ခုကိုသာ ထုတ်လွှတ်၍ ကိုင်တွယ်လေ့ ရှိ၏။
သူ၏ တိုက်ရိုက် တပည့်ဖြစ်သော ယွီကျူး ပင်လျှင် သူ့ကို သုံးကြိမ်သာ မြင်ဖူးသေး၏။
“ဆရာ ..တပည့်ကို ဘာများ ညွှန်ကြားစရာ ရှိလို့လဲရှင်” ယွီကျူး က ခန္ဓာကိုယ်ကို ညွှတ်ကာ ရိုသေစွာ မေးလိုက်၏။
သန့်စင်သောနယ်မြေ ကြီး ကိုးခုအနက် တစ်ခုဖြစ်သည့် ကျောင်းယန် သန့်စင်သောမြေ ၏ သခင်ဖြစ်သော ကျောင်းယန် ရှေးဟောင်းသူတော်စင် သည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းနိုင်သော စွမ်းအားများရှိသည့် သူတော်စင် တစ်ပါး ဖြစ်၏။ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံး၏ အမြင်တွင် သူသည် ပြိုင်ဘက်ကင်းသော တည်ရှိမှုကြီး တစ်ခုပင် ဖြစ်သည်။
ယွီကျူး ကိုယ်တိုင်က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၏ အမြင့်ပိုင်း အလွှာများတွင် ရှိနေသော်လည်း ကျောင်းယန် ရှေးဟောင်းသူတော်စင် နှင့် မျက်နှာချင်းဆိုင်ရသောအခါ ရင်တဒိတ်ဒိတ် ခုန်နေဆဲပင် ဖြစ်၏။
ကျောင်းယန် ရှေးဟောင်းသူတော်စင် သည် နေမင်းကြီးနှင့် တူသည်။
တောက်ပပူပြင်းပြီး ထာဝရကို လင်းလက်စေကာ ကျော်လွန်နိုင်စွမ်း မရှိသော တည်ရှိမှုကြီးပင် ဖြစ်၏။
“ရှန်ကျိုးတိုက်ကြီး ရဲ့ အဝေးက တောင်ပိုင်း နယ်စပ်မှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဆိုတဲ့ နေရာတစ်ခု ရှိတယ်။ မင်း..အဲဒီနေရာကို သိတယ်မလား”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က စတင် မေးမြန်းလိုက်၏။
“တပည့် သိပါတယ်ရှင်” ယွီကျူး က ခေါင်းညိတ်လိုက်သည်။
“လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ထဲမှာ မဟာ ကံကြမ္မာတွေ ဖုံးလွှမ်းနေတဲ့ မြူခိုးဂိုဏ်း ဆိုတဲ့ ကြယ်နှစ်ပွင့်အဆင့် အင်အားစု တစ်ခု ရှိတယ်။ မင်း သွားပြီး ဂိုဏ်းချုပ်ယဲ့ဖုန်း နဲ့ တွေ့လိုက်ပါ။ သူ့ရဲ့ ရည်ရွယ်ချက်တွေကို စမ်းသပ်ကြည့်လိုက်။ အကယ်လို့ ဒီလူက မဆိုးဘူးဆိုရင် ထောက်ပံ့ပေးလို့ ရတယ်”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်၏။
ကံကြမ္မာ ၏ ပံ့ပိုးမှု ရှိနေခြင်းက မြူခိုးဂိုဏ်း သည် အမှန်တကယ်ပင် တိုးတက်လာရန် ဖန်တီးခံထားရကြောင်း ပြသနေခြင်း ဖြစ်သည်။
မြူခိုးဂိုဏ်း အတွင်း၌ သူ၏ ပြင်ပကိုယ်ပွား မကြာသေးမီက လှုပ်ရှားမှုများကို ထည့်တွက်ကြည့်မည်ဆိုလျှင် မြူခိုးဂိုဏ်း သည် အနာဂတ်တွင် အနည်းဆုံး ကြယ်ငါးပွင့်အဆင့် အင်အားစု တစ်ခု ဖြစ်လာနိုင်ပြီး သန့်စင်သောနယ်မြေ များကိုပင် စိန်ခေါ်နိုင်စွမ်း ရှိလာနိုင်သည်ဟု ကျောင်းယန် ရှေးဟောင်းသူတော်စင် ထင်မြင်နေမိသည်။
ထိုကဲ့သို့သော အင်အားစုမျိုးကို အနာဂတ် မဟာမိတ် တစ်ခုအဖြစ် ထောက်ပံ့ပေးသင့်သည် ၊ သို့မဟုတ် ၎င်း၏ ပုခက်ထဲတွင်ပင် စောစီးစွာ ဖျက်ဆီးပစ်သင့်၏။
ယွီကျူး ကို မြူခိုးဂိုဏ်း သို့ စေလွှတ်ခြင်းမှာ ဤဂိုဏ်းက ထောက်ပံ့ပေးရန် ထိုက်တန်မှု ရှိမရှိ သို့မဟုတ် ကြိုတင်၍ ဖျက်ဆီးပစ်ရန် လိုအပ်ခြင်း ရှိမရှိကို သွားရောက် ကြည့်ရှုစေခြင်း ဖြစ်သည်။
“တပည့် နားလည်ပါပြီရှင်”
ယွီကျူး က အလွန် ဉာဏ်ကောင်းလှ၏။
အနည်းငယ် စဉ်းစားကြည့်ရုံမျှဖြင့် သွယ်ဝိုက်သော အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး လှည့်ကာ ကျောင်းယန် နယ်မြေ မှ ထွက်ခွာသွားတော့သည်။
“ဒါက ထောက်ပံ့ပေးဖို့ ထိုက်တန်တဲ့ အင်အားစု တစ်ခု ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်”
ထွက်ခွာသွားသော ယွီကျူး ၏ ပုံရိပ်ကို ကြည့်ရင်း ကျောင်းယန် ရှေးဟောင်းသူတော်စင် က ခပ်တိုးတိုး ရေရွတ်လိုက်၏။
ဖြစ်စဉ်တစ်ခုလုံးတွင် သူ၏ စစ်မှန်သော ရုပ်ခန္ဓာ က လုံးဝ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။
ထိုအခိုက်အတန့်တွင် ဆံပင်ကို ချိုနှစ်ဖက်ပုံစံ စည်းထားပြီး လှပသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ် တစ်ဦးက ခုန်ဆွခုန်ဆွဖြင့် ရောက်ရှိလာ၏။
“ဘိုးဘေးကြီး ..သမီး.. ဘိုးဘေးကြီးကို လွမ်းနေတာ”
“အို.. ဝမ်ဝမ်လေး.. လာခဲ့ပါဦး .. ဘိုးဘေးကြီး ဖက်ထားရအောင်။ မကြာသေးခင်ကများ အရပ်ပိုရှည်လာသေးလား ကြည့်ရအောင်...”
... ... ...
မြူခိုးတောင်ထိပ် အနီးတွင်၊
ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာ၏။
“အောက်ဘက်က မြူခိုးဂိုဏ်း ပဲ မဟုတ်လား။ တကယ်ပဲ ကျယ်ပြောလှတဲ့ ကံကြမ္မာကြီးက ဖုံးလွှမ်းနေတာပဲ။ တကယ်ကို သာမန်မဟုတ်ဘူး”
ယွီကျူး က ကောင်းကင်မျက်လုံး ကို ဖွင့်ကာ မြူခိုးဂိုဏ်း ၏ ထူးခြားမှုကို ကြည့်ရှုလိုက်၏။
ထို ကံကြမ္မာ က လှည့်လည် သွားလာနေသော နဂါးတစ်ကောင်ပမာ မြင့်မားသော ကောင်းကင်ယံတွင် နေရာယူထားသည်။
ဤ ကောင်းကင်နှင့် မြေကြီး တစ်ခွင်ကို လွှမ်းမိုးထားကာ အရပ်မျက်နှာ အသီးသီးမှ ဝိညာဉ်စွမ်းအင်များကို စုဆောင်းနေ၏။ ၎င်း၏ အရှိန်အဝါက ကြယ်သုံးပွင့် နှင့် ကြယ်လေးပွင့်အဆင့် အင်အားစု များစွာထက်ပင် ပိုမို ခမ်းနားထည်ဝါနေသည်။
မြူခိုးတောင်ထိပ် ပေါ်တွင်၊
ယဲ့ဖုန်းက ထွက်ခွာရန် ပြင်ဆင်နေ၏။
သူက ကျောင်းယန် သန့်စင်သော မြို့တော် သို့ သွားရောက်ကာ သန့်စင်သောမြို့တော် ၏ သိုင်းကျမ်းဆောင် အတွင်းသို့ ဝင်ရောက်ပြီး ရှေးဟောင်း စာအုပ်အချို့ကို ငှားရမ်းကာ ကိုယ်ပွားအတတ် ကို တွက်ချက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
“ယဲ့ဖုန်း”
အေးစက်သော အသံတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်သွား၏။
ယဲ့ဖုန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး လှည့်ကြည့်လိုက်ရာ မျက်နှာကို ပုဝါဖုံးထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသော ယွီကျူး ကို တွေ့လိုက်ရသည်။
“သြော်.. ယွီကျူး ပါလား... ဟင် ခင်ဗျား ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အဋ္ဌမအလွှာ ကို တက်လှမ်းသွားပြီပဲ။ ဂုဏ်ယူပါတယ်ဗျာ”
ယဲ့ဖုန်း၏ မျက်လုံးများက အရောင်လက်သွား၏။
'မင်းက ဒီထိုင်ခုံသခင် ရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်တယ်ပေါ့လေ'
ယွီကျူး က ရင်ထဲတွင် အံ့အားသင့်သွားပြီး လက်ကို ဆန့်ထုတ်ကာ ဝိညာဉ်ကျောက်စိမ်း ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ပြောလိုက်၏။
“ဒီပစ္စည်းက ငါ့အတွက် အသုံးမဝင်တော့ဘူး။ အဲဒီ ဂျူနီယာ လီကျောက်ခွန် ကို ပြန်ပေးလိုက်တော့”
“ကောင်းပါပြီ”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်ကျောက်စိမ်း ၏ အထူး စွမ်းအင်များ စုပ်ယူခံလိုက်ရပြီ ဖြစ်ကြောင်း သူ သိမြင်နိုင်၏။ ထိုသို့မဟုတ်ပါက ယွီကျူး သည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အဋ္ဌမအလွှာ သို့ တက်လှမ်းနိုင်မည် မဟုတ်ချေ။
“စီနီယာ တခြားကိစ္စများ ရှိသေးလို့လား”
ယွီကျူး က ထွက်သွားမည့် အရိပ်အယောင် မပြသည်ကို မြင်သောအခါ ယဲ့ဖုန်းက မေးလိုက်၏။
“ဘာလဲ.. မင်းက.. ငါ့ကို နှင်ထုတ်နေတာလား”
ယွီကျူး က ရုတ်တရက် ထိုစကားကို ပြောလိုက်ရာ ယဲ့ဖုန်းမှာ ဆွံ့အသွားရတော့၏။
“ငါ အခုလေးတင် အဆင့်တက်ထားတာဆိုတော့ စိတ်တွေ လှုပ်ရှားနေတယ်။ စကားပြောဖော် တစ်ယောက်ယောက်ကို ရှာချင်နေတာ။ ဒီနေ့.. ဝိညာဉ်ကျောက်စိမ်း ကို ပြန်ပေးဖို့ ဖြတ်သွားရင်းနဲ့ ဝင်လာတာဆိုတော့ ငါနဲ့အတူ လမ်းလျှောက်ထွက်ရအောင် လိုက်ခဲ့”
ယွီကျူး က ယဲ့ဖုန်းကို ငြင်းဆန်ခွင့် မပေးဘဲ သူ၏ ပခုံးကို ဆွဲကိုင်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးစလုံး ပျောက်ကွယ်သွားကြတော့သည်။
ကျောင်းယန် သန့်စင်သော မြို့တော် တွင်၊
ယဲ့ဖုန်းနှင့် ယွီကျူး တို့သည် ခပ်ပါးပါး မြူခိုးများ ဖုံးလွှမ်းလျက် လူစည်ကားသော လမ်းမများပေါ်တွင် လမ်းလျှောက်နေကြ၏။
လမ်း၏ တစ်ဖက်တစ်ချက်စီတွင် သာမန်လူ တစ်ယောက်ကိုမျှ မတွေ့ရချေ။
ဤနေရာတွင် အားအနည်းဆုံးသူများပင်လျှင် ချီကျင့်ကြံခြင်းအဆင့် တွင် ရှိကြပြီး ခွန်အား အနည်းငယ် ပိုရှိသူများမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် နှင့် ဝိညာဉ်ပင်လယ် အဆင့် တို့တွင် ရှိကြသည်။
“ကျောင်းယန် သန့်စင်သော မြို့တော် က နာမည်နဲ့ လိုက်ပါပေတယ်။ လမ်းဘေးက ပေါက်စီ ရောင်းတဲ့ ဈေးသည်တွေတောင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် မှာ ရှိနေကြတာ ကြောက်စရာ ကောင်းလိုက်တာ”
ထိုအခိုက်အတန့်တွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော လူတစ်ယောက်က သေတ္တာကြီး တစ်လုံးကို ပိုက်ကာ ကောင်းကင်ယံရှိ ဓားပျံ တစ်လက်ပေါ်တွင် မတ်တတ်ရပ်လျက် အဝေးဆီသို့ အသံလွှင့်ကာ ပြောလိုက်၏။
“အကြီးအကဲ ဝမ် ခင်ဗျား ကျွန်တော်တို့ စားသောက်ဆိုင်မှာ မှာထားတဲ့ ဟင်းပွဲ ဆယ်ပွဲ ရပါပြီ။ ကျွန်တော် အခု လာပို့နေပါပြီဗျ”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားရတော့၏။
“အဲဒါက... တခြားကမ္ဘာက 'ဗိုက်ဆာနေပြီလား အက်ပ် (Are you hungry - delivery app အမည်)' ပုံစံမျိုးလား”
သူက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ကျောင်းယန် သန့်စင်သော မြို့တော် က တော်တော်လေး ခေတ်မီနေသည်ဟု ခံစားလိုက်ရ၏။
ဤနေရာရှိ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းအတွက် ဆေးလုံးများ၊ ကျင့်စဉ်များ၊ ကောင်းကင်နှင့် မြေကြီး ရတနာ များ နှင့် ဝိညာဉ်ကိရိယာ များကို ပိုမို ဝယ်ယူနိုင်ရန် ဝိညာဉ်ကျောက်တုံး များ ပိုမို ရှာဖွေနိုင်ရန်အတွက် သူတို့၏ ထူးခြားသော စွမ်းရည်များကို အသုံးပြုနေကြခြင်း ဖြစ်သည်။
“ကြီးမားတဲ့ ကမ္ဘာကြီးမှာ ဘာမှ မဖြစ်နိုင်တာ မရှိဘူးပဲ”
ထိုအချိန်တွင် ယွီကျူး က စကားစလိုက်သည်။
“မင်း.. အခု.. မြင်နေရတာက ရေတွက်လို့ မရနိုင်တဲ့ အရာတွေထဲက ရေခဲတောင် ရဲ့ ထိပ်စွန်းလေး တစ်ခုပဲ ရှိသေးတယ်”
ယဲ့ဖုန်းက ထိုအချက်ကို အလွန် သဘောတူ၏။
ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် သူသည်လည်း ထိုကဲ့သို့သော အရာများကို ကြုံတွေ့ခဲ့ဖူးသည်။
ဥပမာအားဖြင့်ဆိုရသော် ပူပြင်းသော နေရောင်အောက်တွင် အလုပ်ကြမ်းလုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပြုခြင်း သို့မဟုတ် လက်ကမ်းစာစောင်များ ဝေငှခြင်း နှင့် အချိန်ပိုင်း အလုပ်များ လုပ်ခြင်း စသည်တို့ ပင် ဖြစ်၏။
အတိတ်ကို ထားလိုက်ပါ။ ယခုအချိန်တွင်ပင် သူသည် ရေတွက်၍ မရနိုင်သော သတ္တဝါများထဲမှ တစ်ဦး ဖြစ်နေဆဲပါပင်။
“တကယ်လို့.. မင်းမှာ အလုံအလောက် ခွန်အားတွေ ရှိလာမယ်ဆိုရင် ဘာလုပ်ချင်လဲ” ယွီကျူး က မေးလိုက်သည်။
ယဲ့ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး သူမက ဘာကြောင့် ဤမေးခွန်းကို မေးရသနည်း ဆိုသည်ကို သေချာ မသိတော့ချေ။
“ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ အကုန် ပျောက်ကွယ်သွားပြီလေ။ အဲဒီလို နေ့ရက်တွေက ကျွန်တော့်အတွက် မဖြစ်နိုင်တော့ပါဘူး” ယဲ့ဖုန်းက ကူကယ်ရာမဲ့နေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ငါက ဥပမာ ပေးပြီး မေးနေတာ” ယွီကျူး က အလေးအနက် ပြောလိုက်၏။
“ဥပမာ ဟုတ်လား”
ယဲ့ဖုန်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး ပြန်ပြောလိုက်၏။
“အကယ်လို့ ကျွန်တော့်ဆီမှာ အဲဒီလို ခွန်အားမျိုး တကယ် ရှိလာမယ်ဆိုရင် ဂိုဏ်းမှာ အေးအေးဆေးဆေး အိပ်နေမှာ သေချာတယ်”
“ဟင်”
ယွီကျူး မှာ မှင်သက်သွားရတော့၏။
အိပ်နေမယ် ဟုတ်လား။
လောကကြီးကို ကြီးစိုးဖို့၊ စကြဝဠာ တစ်ခွင်ကို လွှမ်းမိုးဖို့၊ ရေတွက်လို့ မရနိုင်တဲ့ အစွမ်းထက် ပညာရှင်တွေက ကောင်းကင်ဆရာကြီး၊ တာအို ဘိုးဘေးကြီး အဖြစ် ရိုသေလေးစားတာ ခံရဖို့ကို သူ အိပ်မက်မက်နေသင့်တာ မဟုတ်ဘူးလား။
ဘာလို့ သူက အိပ်ချင်နေရတာလဲ။
ယွီကျူး လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရ၏။
ယဲ့ဖုန်းတွင် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်များ ရှိမရှိ သိချင်သောကြောင့် သူမက ဤသို့ မေးမြန်းခဲ့ခြင်းပါ။
အကယ်၍ ရှိနေခဲ့မည်ဆိုလျှင် သူက ကျောင်းယန် သန့်စင်သောမြေ ၏ ရန်သူ ဖြစ်လာနိုင်ချေ ရှိသည်။
သို့သော် ယခု အဖြေအရမူ ယဲ့ဖုန်းက ပျင်းရိသော ငါးဆားနယ် တစ်ကောင် ဖြစ်ရန် ရွေးချယ်လိုက်ခြင်းပင်၊
“အကယ်လို့ ကျွန်တော့်ဆီမှာ အဲဒီလို ကြီးမားတဲ့ ခွန်အားတွေ ရှိလာမယ်ဆိုရင် ဘယ်သူကမှ ကျွန်တော့်ကို ဆန့်ကျင်နိုင်မှာ မဟုတ်တော့ဘူးလေ။ အဲဒီအခါကျရင် ဂိုဏ်းမှာ သက်သောင့်သက်သာနဲ့ အိပ်နေလို့ ရပြီ မဟုတ်ဘူးလား” ယဲ့ဖုန်းက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ယွီကျူး မှာ ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ချေ။
ယဲ့ဖုန်းသည် လောကကြီးနှင့် ယှဉ်ပြိုင်လိုစိတ် မရှိဘဲ ပူပင်သောက ကင်းမဲ့ကာ လွတ်လပ်ပေါ့ပါးစွာ နေထိုင်သွားရန်သာ ဆန္ဒရှိသူ တစ်ဦး ဖြစ်ပုံရသည်။
“ငါ နားလည်ပြီ” ယွီကျူး က သူမဘာသာ တီးတိုးရေရွတ်လိုက်၏။
သူမ ကောက်ချက်တစ်ခု ချလိုက်တော့၏။
ယဲ့ဖုန်းသည် ကျောင်းယန် သန့်စင်သောမြေ ကို ဆန့်ကျင် လှုပ်ရှားမည် မဟုတ်သလို သူ ဦးဆောင်သော မြူခိုးဂိုဏ်း သည်လည်း သန့်စင်သောနယ်မြေ ၏ ရန်သူ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
“ဒါက ငါ့ရဲ့ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား 'ခရမ်းရောင် ဝါးတံဆိပ်' ပဲ။ အဲဒါလေး ပါရင် ကျောင်းယန် သန့်စင်သော မြို့တော် ရဲ့ မြို့စားမင်း တောင် မင်းကို မျက်နှာသာ ပေးလိမ့်မယ်” ယွီကျူး က ရနံ့ မွှေးကြိုင်သော ရှေးဟောင်း တံဆိပ်ပြား တစ်ခုကို ချပေးရင်း ပြောလိုက်၏။
ယဲ့ဖုန်းက လှမ်းဖမ်းလိုက်သည်။
ထို့နောက် ယွီကျူး ပျောက်ကွယ်သွားသည်ကို သူ သတိထားမိလိုက်၏။
“ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ် နေရတာလဲ”
ယဲ့ဖုန်းက ရင်ထဲတွင် ညည်းညူရင်း ရှေးဟောင်း တံဆိပ်ပြား ကို စစ်ဆေးကြည့်လိုက်သည်။ ၎င်း၏ ကုန်ကြမ်းမှာ ခရမ်းရောင် ဝါး တစ်မျိုးဖြစ်သည်။ ၎င်းနှင့် ထုထည်တူညီသော ရွှေထက်ပင် ပိုလေးကာ အတွင်း၌ အထူး ဝင်္ကပါ တစ်ခု ပါရှိပြီး အလွန် မာကျောကြောင်း တွေ့ရှိလိုက်ရသည်။
ယွီကျူး က သူ့ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဤပစ္စည်းကို ဘာကြောင့် ပေးရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေတော့၏။
သို့သော် သူမက ပေးလာပြီ ဖြစ်ရာ လက်ခံထားလိုက်မည်ဟုသာ သူ တွေးလိုက်ပါသည်။
“အို ဂိုဏ်းချုပ်ယဲ့ ပါလား” ထိုအခိုက်အတန့်တွင် အနည်းငယ် ရင်းနှီးနေသော အသံတစ်ခုက သူ၏ အနောက်မှ ထွက်ပေါ်လာ၏။
ယဲ့ဖုန်းက လှည့်ကြည့်လိုက်သော်လည်း ထိုနေရာတွင် ဘယ်သူမှ မရှိကြောင်း တွေ့လိုက်ရသည်။
“ငါ ဒီမှာလေ”
ဘယ်ဆီကမှန်းမသိ လက်တစ်ဖက်က သူ၏ မြင်ကွင်းထဲသို့ ရောက်လာပြီး ယဲ့ဖုန်း ငုံ့ကြည့်လိုက်သောအခါ အရပ်တစ်မီတာပင် မပြည့်သော ရတနာစုံ တာအိုသခင် က သူ၏ ရှေ့တွင် မတ်တတ်ရပ်လျက် ဝတုတ်တုတ် လက်ကလေးကို ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရ၏။
“တာအိုရောင်းရင်း ရတနာစုံ ပါလား တိုက်ဆိုင်လိုက်တာဗျာ”
ယဲ့ဖုန်းက သူ့ကို နှုတ်ဆက်လိုက်၏။
--