အခန်း ၅၉၆
Vol. 40 Ch. 596
အခန်း (၅၉၆) - ဂိုဏ်း၏ ခွန်အားများ တစ်ဟုန်ထိုး တက်လာခြင်း၊ ရုပ်ခန္ဓာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့်သို့ ရောက်ရှိခြင်း နှင့် တိုက်ပွဲ
~“မူလနေရာကို ပြန်သွား”
ယဲ့ဖုန်း တစ်ယောက်က လက်နှစ်ဖက်ဖြင့် လက်ဟန် ရေးဆွဲလိုက်ရာ သူတို့နှစ်ဦးမှာ ချက်ချင်းဆိုသလို တစ်သားတည်း ပြန်လည် ပေါင်းစပ်သွားပြီး အရှိန်အဝါ အပြောင်းအလဲ အနည်းငယ်မျှပင် မရှိခဲ့ချေ။
“ဒီ မန္တန် ကို သုံးမယ်ဆိုရင် အနာဂတ်မှာ မြူခိုးသခင်လေး က ငါနဲ့ တစ်ချိန်တည်းမှာ အတူတူ ထွက်ပေါ်လာနိုင်ပြီး အတူတူ တိုက်ခိုက်လို့ ရပြီ”
ယဲ့ဖုန်းက ပြုံးကာ ပြောလိုက်၏။
ဤ ကိုယ်ပွား ဖန်တီးခြင်း အတတ် က အလွန် သာမန်မဟုတ်ချေ။
ကိုယ်ပွား ကို ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်စီက သူ၏ အမြင့်ဆုံး ခွန်အားကို ပိုင်ဆိုင်ထား၏။ ပုံမှန် အချိန်များတွင် ၎င်းကို ဝှက်ဖဲ တစ်ခု အနေဖြင့်လည်း အသုံးပြုနိုင်သည်။
ဘာပဲဖြစ်ဖြစ် ၎င်းက နှစ်ဆသော တိုက်ခိုက်ရေးစွမ်းအား များနှင့် ညီမျှသည် မဟုတ်ပါလား။
“အခု ကိုယ်ပွား ဖန်တီးခြင်း အတတ် ကို ကျွမ်းကျင်သွားပြီ။ ဒါပေမဲ့ ပုံမှန် အချိန်တွေမှာတော့ ချွေတာပြီး အရေးကြီးတဲ့ အချိန်တွေကျမှ ဝှက်ဖဲ တစ်ခု အနေနဲ့ သုံးရမယ်”
ယဲ့ဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
နောက်ဆက်တွဲ အချိန်များတွင် သူက စနစ်နေရာလွတ် ကို ဖွင့်ကာ ကောင်းကင်နှင့် မြေကြီး ရတနာ အများအပြားကို ထုတ်ယူလိုက်သည်။ ဂိုဏ်းမှ တပည့်များ အားလုံးကို စုဝေးစေပြီး ၎င်းတို့ကို ဝေငှပေးကာ ကြိုးစားကျင့်ကြံရန် ညွှန်ကြားလိုက်၏။
“သက်တမ်း အနှစ်တစ်ရာ ရှိတဲ့ ကျင့်ကြံရေး ဝိညာဉ်မြက်ပင် တွေ”
“သက်တမ်း သုံးထောင် ရှိတဲ့ သစ်သားစိမ်း အနှစ်သာရ ဝတ်ဆံ တွေ”
“သက်တမ်း နှစ်ထောင် ရှိတဲ့ လင်လုံ ကြက်သွေးရောင် သစ်သီး တွေ”
“သက်တမ်း ရှစ်ရာ ရှိတဲ့ ပျံဝဲနေတဲ့ အစိမ်းရောင် သစ်သီး တွေ”
မြူခိုးဂိုဏ်း တွင် အကြီးအကဲများမှစ၍ အမည်စာရင်းသွင်း တပည့်များ အထိ အားလုံးက ကောင်းကင်နှင့် မြေကြီး ရတနာ အများအပြားကို ကိုင်ဆောင်ထားကြပြီး အလွန် အံ့အားသင့်နေကြတော့၏။
“မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တွေကို မြှင့်တင်ဖို့ ကြိုးစားကျင့်ကြံကြ”
ယဲ့ဖုန်းက သူတို့ကို ထပ်မံ သတိပေးလိုက်၏။
“ဂိုဏ်းချုပ် ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်”
လူတိုင်းက အရိုအသေပေးကာ ပြောလိုက်ကြ၏။
ထို့နောက် အချို့က ကောင်းကင်နှင့် မြေကြီး ရတနာ များကို သန့်စင်ရန် ကျင့်ကြံရေးမျှော်စင် အတွင်းသို့ ဝင်ရောက်သွားကြသည်။ အချို့က ဝိညာဉ်ရေကန် ကမ်းစပ်တွင် တရားထိုင်ကြပြီး အချို့က ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင် အတွင်းသို့ ဝင်ရောက်သွားကြ၏။
ကျန်သောသူများမှာမူ သူတို့၏ အခန်းများသို့ ပြန်သွားကြပြီး တံခါးများကို တင်းကျပ်စွာ ပိတ်ကာ ကောင်းကင်နှင့် မြေကြီး ရတနာ များကို စတင် သန့်စင်ကြတော့သည်။
ခဏတာမျှ မြူခိုးဂိုဏ်း မှ လူတိုင်းမှာ ပြင်းထန်သော ကျင့်ကြံခြင်းများတွင် နစ်မြုပ်နေကြပြီး အပြင်ထွက်သူ အလွန် နည်းပါးကာ အားလုံးက သူတို့၏ ကျင့်ကြံခြင်းအဆင့် များကို မြှင့်တင်ရန် ကြိုးပမ်းနေကြ၏။
ယဲ့ဖုန်းက ဤအရာအတွက် အလွန် ကျေနပ်နေတော့သည်။
လျှို့ဝှက်ဆန်းကြယ် မြို့တော် တွင်၊
“ဘိုးဘေး တကယ်ပဲ တခြားကမ္ဘာ တစ်ခုဆီကို နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု ဖွင့်လိုက်ပြီလား” ထိုသတင်းကို ရရှိသောအခါ လင်မြောင် ဧကရာဇ် မှာ မယုံနိုင်လောက်အောင် တုန်လှုပ်သွားရ၏။
“မှန်တာပေါ့ အဲဒါက ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် ဖွင့်လှစ်ခဲ့တဲ့ လမ်းကြောင်း တစ်ခုပဲ။ သစ်ပင်နတ်ဆိုး နယ်မြေ တစ်ခုလုံးက မြူခိုးဂိုဏ်း ပိုင်တယ်။ သူတို့ ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေ တစ်ခုလို့ သတ်မှတ်လို့ ရတာပေါ့။ ဒါပေမဲ့ ငါတို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ တော်ဝင်မိသားစု က သစ်ပင်နတ်ဆိုး နယ်မြေ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ကူညီပြီး အကျိုးအမြတ်တွေကို ခွဲဝေယူလို့ ရတယ်”
လင်မြောင်ဘိုးဘေး က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟိုက်”
လင်မြောင် ဧကရာဇ် မှာ အတိုင်းမသိ အံ့အားသင့်သွားရတော့၏။
မိုင်တစ်သန်း ကျယ်ဝန်းသော သစ်ပင်နတ်ဆိုး နယ်မြေ သည် ကောင်းကင်နှင့် မြေကြီး ရတနာ အများစု လုယက်ခံထားရသော်လည်း လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဆယ်ခုထက် ကြီးမားကာ ကျယ်ပြောလှသေး၏။ ၎င်းထံမှ ဝေစုတစ်ခု ရရှိခြင်းက ကြီးမားသော ကံကောင်းမှုကြီး တစ်ခု ဖြစ်ပေလိမ့်မည်။
“စိတ်ချပါ ဘိုးဘေး။ သစ်ပင်နတ်ဆိုး နယ်မြေ ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ မြူခိုးဂိုဏ်း ကို ကူညီဖို့ ရေပေါ်ဖြူ မြို့တော် ဆီ လူတွေ ချက်ချင်း စေလွှတ်ဖို့ ကျွန်တော် စီစဉ်လိုက်ပါ့မယ်”
“အင်း သွားတော့”
... ... ...
မျက်တောင်တစ်ခတ်အတွင်း သုံးရက် ကုန်လွန်သွားတော့သည်။
လင်မြောင် ဧကရာဇ် ၏ ညွှန်ကြားမှုအောက်တွင် ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာသည် ရေပေါ်ဖြူ မြို့တော် တွင် တပ်ဆင်ထားသော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ဖြတ်သန်းကာ သစ်ပင်နတ်ဆိုး နယ်မြေ အတွင်းသို့ ဝင်ရောက်လာကြ၏။
သူတို့က မြို့လေး၏ အနီးတစ်ဝိုက်တွင် စတင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြပြီး ကျင့်ကြံသူ ပိုမိုများပြားစွာ နေထိုင်နိုင်မည့် မြို့သစ် တစ်ခုကို တည်ဆောက်ကြတော့သည်။
ယဲ့ဖုန်းသည်လည်း ဤအရာကို သိရှိထား၏။
သို့သော် သူက ၎င်းကို ဝင်ရောက်စွက်ဖက်ရန် အချိန်မပေးနိုင်တော့ချေ။
ဂိုဏ်းတစ်ခုလုံးက ကောင်းကင်နှင့် မြေကြီး ရတနာ များကို သန့်စင်နေကြ၏။ နေ့စဉ်နှင့်အမျှ တပည့် အများအပြားက အဆင့်တက်နေကြ၏။ သူတို့၏ ကျင့်ကြံခြင်းကို ခိုင်မာစေရန်နှင့် အခြေခံအုတ်မြစ် အပြစ်အနာအဆာ မရှိစေရန် သေချာစေရန်အတွက် ကျင့်ကြံရေးမျှော်စင် ရှိ ဆွဲအားနယ်ပယ် အတွင်းသို့ ဝင်ရောက်နေကြသည်။
“ဝှီး... ”
မြူခိုးတောင်ထိပ် ပေါ်တွင် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး မိုယင် က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ၏ အထွတ်အထိပ် သို့ တက်လှမ်းသွား၏။
မကြာမီမှာပင် လုံထျန်းရှင်း၊ ဟိုယွင်ကျဲ၊ ရှီလေ့ နှင့် အခြားသူများလည်း အဆင့်တက်လှမ်းသွားကြပြီး သူတို့၏ အရှိန်အဝါများက ပိုမို အစွမ်းထက်လာကြတော့သည်။
“ဒီလောက် အစွမ်းထက်တဲ့ သွေးကြော”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သစ်ပင်နတ်ဆိုး သုံးကောင်၏ ဝိညာဉ်သွေး များကို စုပ်ယူပြီးနောက် ထင်းရှူးအိုကြီး သည် ခိုင်မာသော အခြေခံအုတ်မြစ် တစ်ခုကို ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က တစ်ဟုန်ထိုး မြင့်တက်လာကာ ပိတ်ဆို့မှုများကို ဖောက်ထွက်၍ အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် ၏ အထွတ်အထိပ် သို့ ရောက်ရှိသွား၏။
“နည်းနည်းတော့ နှေးနေသေးတယ်”
ယဲ့ဖုန်းက တီးတိုးရေရွတ်လိုက်၏။
၎င်းက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သစ်ပင်နတ်ဆိုး သုံးကောင်၏ ဝိညာဉ်သွေး များ ဖြစ်သော်လည်း နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် ကို အသေးစား နယ်ပယ်တစ်ခုသာ တက်လှမ်းနိုင်စေခဲ့၏။
သို့သော်လည်း ကျင့်ကြံခြင်း တိုးတက်မှုက မသိသာသော်လည်း ၎င်း၏ ပါရမီ က မြင့်တက်လာပြီး အသွင်ပြောင်းသွားကာ ၎င်း၏ ရွယ်တူများကြားတွင် ထိပ်တန်း အစွမ်းထက် ပညာရှင် တစ်ဦး ဖြစ်လာစေခဲ့သည်။
ကျယ်ပြောလှသော ကောင်းကင်ယံတွင်၊
ယဲ့ဖုန်းသည် သူ၏ ရုပ်ခန္ဓာ ၏ ကြီးမားသော ခွန်အားကို ခံစားရင်း ဟင်းလင်းပြင်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ကာ ချေမွလိုက်ပြီး ကွဲအက်သွားသော နေရာလွတ်အတွင်းသို့ လက်ကို ဆန့်ထုတ်ကာ အရိုးကွဲမတတ် အေးစက်မှုကို ခံစားလိုက်၏။
“မဆိုးပါဘူး”
ယဲ့ဖုန်းက ပြုံးလိုက်၏။
ဤအဆင့်တွင် သူ၏ ရုပ်ခန္ဓာ ခွန်အားက နောက်ဆုံးတွင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာ ကိုသာ အားကိုးမည်ဆိုလျှင် သူက ကြောက်မက်ဖွယ်ကောင်းသော ရန်သူ အများအပြားကို တံမြက်လှည်းသလို ရှင်းလင်းပစ်နိုင်သည်။
“သန့်စင်သော နတ်ဘုရားပုံစံ ရဲ့ ပြန်လည်အသုံးပြုနိုင်မယ့် အချိန်ကလည်း ပြည့်တော့မယ်။ ဦးချို မွှေးပွ မျိုးနွယ်စု၊ ထျန်းကျီးစံအိမ်၊ ဟေးရွှမ်ဂိုဏ်း နဲ့ ကျင်းမေနန်းတော် ဆိုတဲ့ ဒီ ကြယ်တာရာ ဟင်းလင်းပြင် အင်အားစု လေးခုကို သွားတိုက်ခိုက်ဖို့ အချိန်ကျပြီ”
ယဲ့ဖုန်းက ကြယ်တာရာ ဟင်းလင်းပြင် ဘက်သို့ အကြည့်ပို့လွှတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွား၏။
သူက ဟူဖေးဖေး ကို ခေါ်လိုက်ပြီး သစ်ပင်နတ်ဆိုး နယ်မြေ ထဲသို့ ဝင်ရောက် တိုက်ခိုက်လေသည်။
“ဂိုဏ်းချုပ်ယဲ့ ကို နှုတ်ဆက်ပါတယ်ဗျာ”
သစ်ပင်နတ်ဆိုး နယ်မြေ သို့ ရောက်ရောက်ချင်းမှာပင် ယဲ့ဖုန်းက မြေပြင်ပေါ်ရှိ တိုးချဲ့နေသော မြို့လေးကို မြင်လိုက်ရပြီး ယခုအခါ မြို့ထဲတွင် သာမန် ကျင့်ကြံသူ တစ်ထောင်ကျော်ခန့် ဆိုင်ခန်းများ ဖွင့်လှစ်ကာ သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ် ရောင်းချနေကြသည်ကို တွေ့ရှိလိုက်ရ၏။
ယဲ့ဖုန်းကို မြင်သောအခါ သူတို့က ချက်ချင်း အရိုအသေပေးလိုက်ကြသည်။
“ယဉ်ကျေးမှုတွေ မလိုပါဘူး”
ယဲ့ဖုန်းက ဂရုမစိုက်သလို လက်ကာပြလိုက်သည်။
“အချိန် သိပ်မကြာသေးဘူး တော်ဝင်မိသားစု က လူတွေ ဒီလောက် အများကြီး ခေါ်လာနိုင်ပြီပဲ။ သူတို့ တကယ်ကို အလုပ်လုပ်တာ မြန်တာပဲ”
“ဝှီး... ဝှီး... ”
ခဏတာမျှသာ နေထိုင်ပြီးနောက် သူနှင့် ဟူဖေးဖေး တို့က ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာသို့ ပျံသန်းသွားကြပြီး အနီးဆုံးဖြစ်သော ကျင်းမေနန်းတော် ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့၏။
“ဂိုဏ်းချုပ်.. သမီးတို့ နေရာရွှေ့ပြောင်းခြင်း အကြိမ် သုံးရာ့ငါးဆယ် လုပ်ဖို့ လိုတယ်” ဟူဖေးဖေး က ပြုံးကာ ပြောလိုက်သည်။
သူမက ယဲ့ဖုန်းကို လှမ်းဆွဲလိုက်၏။ တစ်ကြိမ် ရွှေ့ပြောင်းတိုင်း မိုင်တစ်သိန်းကျော် ခုန်ကျော်သွားနိုင်၏။
ရွှေ့ပြောင်းခြင်း အကြိမ် သုံးရာ့ငါးဆယ် ကျော်ဆိုလျှင် မိုင်သန်းပေါင်း သုံးဆယ်ကျော် ရှိပေမည်။
“ဒါ တကယ်ကို ဝေးတာပဲ”
အကြီးအကဲ ဟေးရွှမ် ၏ သိုလှောင်လက်စွပ် ထဲမှ ရရှိခဲ့သော ကြယ်မြေပုံ ကို ဆက်လက် စစ်ဆေးနေရင်း ယဲ့ဖုန်းမှာ အတော်လေး စကားပြောရခက်သွားတော့၏။
ဤမြေပုံက သိပ်မကျယ်ပြန့်သော ဧရိယာကိုသာ ဖုံးလွှမ်းထားပြီး အချင်း မိုင် တစ်သန်း ခန့်သာ ရှိသည်။
အလွန် သေးငယ်သော ကြယ်စုတန်း တစ်ခုဖြစ်ပြီး ၎င်းအတွင်း၌ သစ်ပင်နတ်ဆိုး နယ်မြေ၊ ဟေးရွှမ်ဂိုဏ်း၊ ထျန်းကျီးစံအိမ် နှင့် ကျင်းမေနန်းတော် ဟူသော အဓိက အင်အားစုကြီး လေးခု ရှိ၏။
ဦးချို မွှေးပွ မျိုးနွယ်စု ကမူ သစ်ပင်နတ်ဆိုး နယ်မြေ မှ မိုင်သန်း သောင်းချီ ကွာဝေးပြီး အခြား သေးငယ်သော ကြယ်စုတန်း တစ်ခု အတွင်း၌ တည်ရှိသည်။
“ဟေးရွှမ်ဂိုဏ်း၊ ထျန်းကျီးစံအိမ် နဲ့ ကျင်းမေနန်းတော် ကို အရင် သိမ်းပိုက်ရမယ်။ ဦးချို မွှေးပွ မျိုးနွယ်စု ကိုတော့ မျိုးပြောင်းသားရဲ တွေရဲ့ ကြယ်ပေါ်မှာ ငါ ချန်ထားခဲ့တဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်း ကနေတစ်ဆင့် နောက်မှ သွားတိုက်မယ်”
ယဲ့ဖုန်းက တိတ်တဆိတ် စီစဉ်လိုက်၏။
(၁) နာရီ ကြာပြီးနောက်၊
သူတို့၏ ရှေ့တွင် အချင်း မိုင်တစ်သန်းခန့် ရှိသော အပြာဖျော့ရောင် စက်လုံးပုံသဏ္ဌာန် အကာအကွယ်ကြီး တစ်ခု ပေါ်လာသည်။ အတွင်းရှိ လေထုကို ပိတ်လှောင်ထားကာ ကြီးငယ်မဟူ ပျံဝဲနေသော ကျွန်းပေါင်း ရေတွက်၍မရအောင် အထက်အောက် လွင့်မျောနေသည်။
ဤနေရာက အခြားမဟုတ် ထျန်းကျီးစံအိမ် ပင် ဖြစ်၏။
“ဗြိ”
ယဲ့ဖုန်းက အကာအကွယ်ကြီး ကို လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်ရာ ပြင်းထန်သော အားဖြင့် ဆွဲဖြဲလိုက်မှုကြောင့် အက်ကွဲကြောင်း တစ်ခု ပွင့်သွားပြီး ဟူဖေးဖေး ကို ခေါ်ဆောင်ကာ ဝင်ရောက်သွားတော့၏။
“ရဲတင်းလှချည်လား.. ငါတို့ ထျန်းကျီးစံအိမ် ကို လာစော်ကားရဲတာ.. သေချင်နေတာလား”
ယဲ့ဖုန်းနှင့် ဟူဖေးဖေး တို့ ထျန်းကျီးစံအိမ် အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲတွင် တစ်ခုလျှင် ပေတစ်သောင်း မြင့်သော နတ်ဘုရားပုံစံ ကြီး နှစ်ခု ကောင်းကင်သို့ ထိုးတက်လာ၏။
သူတို့နှစ်ဦးစလုံးသည် ထျန်းကျီးစံအိမ် ၏ ထိပ်တန်း အကြီးအကဲ များ ဖြစ်ကြသည်။
အကြီးအကဲ ထျန်းကျီး က ဝိညာဉ်မီးအိမ် ချန်ထားခဲ့ခြင်း မရှိသဖြင့် သူ ကျဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ထျန်းကျီးစံအိမ် မှ လူများက ဘာမှ မသိကြသေးချေ။
“ဖေးဖေး.. ငါပဲ ရှင်းလိုက်မယ်”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ နတ်ဘုရားပုံစံ နှစ်ခုက ရန်လိုစွာ ပြေးဝင်လာသည်ကို ကြည့်ရင်း ယဲ့ဖုန်းက ပြုံးလိုက်၏။
ယဲ့ဖုန်း လက်သီးဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော စွမ်းအားနယ်ပယ် တစ်ခု သူ၏ အနောက်တွင် ဖွဲ့တည်လာသည်။ ဟင်းလင်းပြင်ကို ကွေးညွတ်သွားစေကာ ယဲ့ဖုန်းနှင့် အနည်းငယ် ဆင်တူသော ပေသောင်းချီ မြင့်သည့် ထက်ဝက် ကြည်လင်နေသော ပုံရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။
“ဝုန်း”
သူ လေထုကို ထိုးခွဲလိုက်သည်။
အနောက်က အရိပ်ကြီးက လိုက်ပါ ထိုးခွဲသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ထျန်းကျီးစံအိမ် ၏ ထိပ်တန်း အကြီးအကဲ နှစ်ဦး ဖန်တီးထားသော နတ်ဘုရားပုံစံ များ တစ်စစီ ကြေမွသွားတော့၏။
“ရုပ်ခန္ဓာ နဲ့ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကို ဝင်ရောက်လာတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထျန်းကျီးစံအိမ် ၏ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ထိပ်တန်း အကြီးအကဲ နှစ်ဦးစလုံးမှာ အံ့အားသင့်ကာ မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။
အဆင့်တူ တိုက်ပွဲတစ်ခုတွင် ခန္ဓာကိုယ် ကျင့်ကြံသူ များကို ဘုရင်များ ဟုပင် ခေါ်ဆိုနိုင်သည်။
သူတို့ အတူတူ ရှိနေသော်လည်း ယှဉ်နိုင်မည် မဟုတ်ဟု ခံစားရသဖြင့် အခြေအနေကို အရင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်ကြပြီး အကြီးအကဲ ထျန်းကျီး ပြန်လာမည့် အချိန်ကို စောင့်ဆိုင်းကာ ဤကျူးကျော်သူ ရန်သူကို အပြတ်အသတ် ချေမှုန်းရန် ရည်ရွယ်လိုက်ကြ၏။
“တာအိုရောင်းရင်း .. ဒီမှာ နားလည်မှုလွဲတာလေးများ ရှိနေမလား”
ထျန်းကျီးစံအိမ် ၏ ထိပ်တန်း အကြီးအကဲ များထဲမှ တစ်ဦးက ကပျာကယာ စကားပြောလိုက်ပြီး အကြီးအကဲ ထျန်းကျီး ထံ အကူအညီတောင်းရန် နည်းလမ်းရှာရင်း ယဲ့ဖုန်းကို ချော့မော့ပြောဆိုရန် ကြိုးစားလိုက်၏။
ယဲ့ဖုန်းက အသံလာရာဆီသို့ အကြည့်ပို့လွှတ်လိုက်၏။
မိုင်တစ်သောင်း ကျယ်ဝန်းသော ပျံဝဲနေသည့် ကျွန်းတစ်ကျွန်း ပေါ်တွင် နှင်းထက် ဖြူသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူ အဘိုးအို နှစ်ဦး မတ်တတ်ရပ်နေသည်။
သူတို့သည် ထျန်းကျီးစံအိမ် ၏ ထိပ်တန်း အကြီးအကဲ နှစ်ဦး ပင် ဖြစ်ကြ၏။
“နားလည်မှုလွဲတာ ဟုတ်လား”
ယဲ့ဖုန်းက ရယ်မောလိုက်ပြီး
ဟုမေးလိုက်၏။
“ဒီနေရာက ထျန်းကျီးစံအိမ် မဟုတ်ဘူးလား။ ပြီးတော့ အကြီးအကဲ ထျန်းကျီး က ခင်ဗျားတို့ရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား”
ထိုသို့ ပြောပြီးနောက် သူက အကြီးအကဲ ထျန်းကျီး ၏ သိုလှောင်လက်စွပ် ကို ပြသလိုက်၏။
“မင်းက အကြီးအကဲ ကို သတ်လိုက်တာလား”
“မဖြစ်နိုင်ဘူး..မင်းရဲ့ ရုပ်ခန္ဓာ က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကို အခုမှ ဝင်ရောက်လာတာ။ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ထိပ်တန်း အကြီးအကဲ နှစ်ဦး၏ မျက်ခွံများ တွန့်ကွေးသွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရတော့သည်။
“တကယ်တော့ လူကို ငါ သတ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်တော့ မကွာခြားပါဘူးလေ”
ယဲ့ဖုန်းက ပြုံးလိုက်သည်။
သူ ရှေ့သို့ ခုန်ထွက်လိုက်၏။
ဟင်းလင်းပြင်ကို ထိုးခွဲလိုက်သည်။
ထျန်းကျီးစံအိမ် ၏ ထိပ်တန်း အကြီးအကဲ နှစ်ဦးရှေ့ ချက်ချင်း ရောက်ရှိသွား၏။
ကမ္ဘာကြီး တစ်ခုလုံးလောက် လေးလံသော လက်သီးချက် ရုတ်တရက် ရိုက်ချလိုက်သည်။
ထိုအခိုက်အတန့်တွင်၊
ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားတော့၏။
--