အခန်း ၅၉၈
Vol. 40 Ch. 598
အခန်း (၅၉၈) - လေဝိညာဉ် ပုလဲလုံး ထပ်မံ အဆင့်တက်ခြင်း၊ ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ အတွေးများ
~ဟေးရွှမ် ရှေးဟောင်းကြယ် ၏ မြေအောက်ရှိ ဂူကောင်းကင်ကမ္ဘာ တစ်ခု အတွင်းဝယ်၊
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အကြီးအကဲ နှစ်ဦးမှာ အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်လုံးများကို ဖွင့်လိုက်ကြ၏။ ထိုအထဲမှ တစ်ဦးက ရှေးဟောင်းကြယ် ၏ မျက်နှာပြင်သို့ ရောက်ရှိရန် နေရာရွှေ့ပြောင်းခြင်း ကို အသုံးပြုလိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အဆက်မပြတ် စီးဝင်နေသော ရွှေရောင် လှိုင်းလုံးကြီးများကို မြင်လိုက်ရသဖြင့် သူ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့၏။
“တစ်ယောက်ယောက်က ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် တွေကို မျိုချနေတာပဲ”
“ငါတို့ ဟေးရွှမ် ရှေးဟောင်းကြယ် ကနေ အတိတ်မှာရော အနာဂတ်မှာပါ ဘယ်တော့မှ ထပ်ပေါ်လာမှာ မဟုတ်တဲ့ ကောင်းကင်ရဲ့ ရွေးချယ်ခံ တစ်ယောက်များ မွေးဖွားလာတာလား”
“မဟုတ်ဘူး ..အဲဒီလူကို ငါ မသိဘူး။ သွားကြည့်ရအောင်”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အကြီးအကဲ နှစ်ဦးစလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး မျက်နှာပြင်မှ မိုင်ပေါင်း သိန်းချီ ကွာဝေးသော ကြယ်တာရာ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားကြသည်။
ယဲ့ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များကို မျိုချနေသော လေဝိညာဉ် ပုလဲလုံး ကို မျက်နှာအပြည့် အပြုံးများဖြင့် ကြည့်နေ၏။
ဟေးရွှမ် ရှေးဟောင်းကြယ် ၏ ကျယ်ပြောလှသော ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များကြောင့် လေဝိညာဉ် ပုလဲလုံး အတွက် တည်ငြိမ်သော စွမ်းအင် အရင်းအမြစ်တစ်ခု ရှိနေပြီး ရာနှုန်းပြည့် အောင်မြင်စွာ အသွင်ပြောင်းနိုင်မည်မှာ သေချာနေတော့၏။
ယဲ့ဖုန်း အလွန် မျှော်လင့်နေမိတော့၏။
“မင်းက ဘယ်သူလဲ။ ပြီးတော့ ဘာလို့ ငါတို့ ဟေးရွှမ် ရှေးဟောင်းကြယ် ရဲ့ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် တွေကို စုပ်ယူနေရတာလဲ”
ဟေးရွှမ်ဂိုဏ်း မှ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အကြီးအကဲ နှစ်ဦး ကြယ်တာရာ ဟင်းလင်းပြင်ထဲ ရောက်လာကြသည်။
ယဲ့ဖုန်းကို မြင်ကြသည်။
သူ့တွင် ကျင့်ကြံခြင်းအဆင့် လုံးဝမရှိကြောင်း တွေ့ကြသည်။
သို့သော် သူ့ကို အထင်မသေးရဲကြချေ။
“ငါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပဲ”
ယဲ့ဖုန်းက ဖုံးကွယ်မထားခဲ့ချေ။
သူ၏ ဂိုဏ်း နာမည်ကို ထုတ်ဖော်ပြောကြားမှသာ ဂုဏ်သတင်း တန်ဖိုး များ ပိုမို ရရှိနိုင်မည် ဖြစ်ရာ သူ၏ ဇာစ်မြစ်ကို ထုတ်ဖော်ရန် မစိုးရိမ်တော့ပေ။
“မြူခိုးဂိုဏ်း”
“တစ်ခါမှ မကြားဖူးဘူး”
ဟေးရွှမ်ဂိုဏ်း အကြီးအကဲ နှစ်ဦး၏ မျက်မှောင်များက "မြစ်" (川) ပုံစံ တွန့်ကွေးသွားကြသည်။
“မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ဟေးရွှမ် ရှေးဟောင်းကြယ် က လူ မဟုတ်ရင် ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် တွေကို စုပ်ယူခွင့် မရှိဘူး။ အခုချက်ချင်း ထွက်သွားစမ်း”
မည်းနက်သော ဓားကျိုးတစ်လက် ကို ကိုင်ဆောင်ထားသည့် အကြီးအကဲက လေးနက်သော လေသံဖြင့် ပြောလိုက်၏။
ထိုအခါ၊ ယဲ့ဖုန်းက မှာကြားလိုက်သည်။
“ဖေးဖေး သူတို့ ငါ့ကို လာမနှောင့်ယှက်စေနဲ့”
ဓားကျိုးကို ကိုင်ဆောင်ထားသော ဟေးရွှမ်ဂိုဏ်း အကြီးအကဲသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ၏ အထွတ်အထိပ် တွင် ရှိပြီး နှုတ်ဆိတ်နေသော အခြားတစ်ဦးမှာမူ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာ သို့ ရောက်ရှိနေပြီလေ။
ထိုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုလျှင် သူ၏ ရုပ်ခန္ဓာ ခွန်အားကိုသာ အားကိုးပါက သူတို့ကို ယှဉ်နိုင်မည် မဟုတ်။
ထို့ကြောင့် ထိုတာဝန်ကို ဟူဖေးဖေး ထံသို့ ပေါ့ပေါ့ပါးပါး လွှဲပေးလိုက်ခြင်းပါ။
“အမိန့်အတိုင်းပါပဲ”
ဟူဖေးဖေး ၏ အရှိန်အဝါက တုန်ခါသွားသည်။
သူမ ခန္ဓာကိုယ်မှ ပန်းရောင် အလင်းတန်း နှစ်ချက် လက်သွား၏။
ဒုတိယ တိုက်ခိုက်ရေးပုံစံ သို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။
“ဟွမ်ယွမ် တုတ်ကွက်”
သူမ၏ ပထမဆုံး လှုပ်ရှားမှုကပင် သတ်ဖြတ်ခြင်း တိုက်ကွက် ဖြစ်နေတော့၏။
“ဒိုင်း... ”
ဟေးရွှမ်ဂိုဏ်း အကြီးအကဲ နှစ်ဦးမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ တစ်စစီ ပေါက်ကွဲထွက်သွားကြပြီး မိုင်တစ်သောင်းကျော် ကျယ်ဝန်းသော ကြယ်စုတန်းချပ်ပြား ငယ်လေး နှစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေတော့၏။
“ဟိုက်...”
ယဲ့ဖုန်းမှာ ဆွံ့အသွားရသည်။
သူက ဟူဖေးဖေး ကို ဟေးရွှမ်ဂိုဏ်း အကြီးအကဲ နှစ်ဦးကို ထိန်းထားပေးရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး သူတို့ကို သတ်ရန် မဟုတ်ချေ။ သို့သော် သူမက သူတို့ကို တစ်ချက်တည်းနှင့် သေအောင် ရိုက်သတ်လိုက်သည်မှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
“ထားလိုက်ပါတော့လေ ဟေးရွှမ်ဂိုဏ်း က လူတွေ သေလည်း... သေပါစေပေါ့”
ယဲ့ဖုန်းက ခေါင်းခါမ်းယမ်းလိုက်၏။
သူက စနစ် ကို မေးမြန်းပြီးဖြစ်ရာ ဤလူနှစ်ဦးကို လက်အောက်ခံပြု၍ မရနိုင်သဖြင့် သူတို့ကို အသက်ရှင်ခွင့် ပေးထားရန် မလိုအပ်တော့ချေ။
ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊
လေဝိညာဉ် ပုလဲလုံး က ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များကို ဆက်လက် မျိုချနေသည်။ ၎င်း၏ မျက်နှာပြင်က ရွှေရောင်ရင့်ရင့် အဖြစ် လုံးဝ ပြောင်းလဲသွားပြီး အတွင်းရှိ သူရဲကောင်း ဝိညာဉ်စွမ်းအား များက အငွေ့ အခြေအနေမှ အရည် အခြေအနေသို့ ပြောင်းလဲသွား၏။
ပထမဆုံး အမြင်တွင်၊
အရည်အဖြစ် ပြောင်းလဲသွားသော ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များသည် အရည်ပျော်နေသော ရွှေများနှယ်.. လေဝိညာဉ် ပုလဲလုံး အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားကာ ၎င်းကို ရွှေစင်ရောင် အဖြစ် ပြောင်းလဲသွားစေတော့၏။
“ဝှီး... ”
နောက်ဆုံးတွင် လေဝိညာဉ် ပုလဲလုံး သည် ၎င်း၏ အသွင်ပြောင်းခြင်းကို အဆုံးသတ်လိုက်၏။ အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းသွားကာ လိမ့်တက်လာသော ကပ်ဘေးတိမ်တိုက် များကို ခေါ်ယူလိုက်သည်။
“ဒိုင်း... ”
ရေတွက်၍ မရနိုင်သော နီရွှေရောင် နတ်ဘုရား မိုးကြိုးများက ဗုံးကြဲတိုက်ခိုက်လာကြကာ လေဝိညာဉ် ပုလဲလုံး ၏ မျက်နှာပြင်ပေါ်သို့ ရိုက်ချလိုက်သော်လည်း စုပ်ယူခံလိုက်ရကာ မည်သည့် ထိခိုက်ပျက်စီးမှုမျှ မဖြစ်ပေါ်ခဲ့ချေ။
ဟေးရွှမ် ရှေးဟောင်းကြယ် ပေါ်တွင်၊
သတ္တဝါ အမြောက်အမြားက အေးခဲနေသော နှင်းတောထဲတွင် မတ်တတ်ရပ်လျက် ကြယ်တာရာ ဟင်းလင်းပြင်သို့ မော့ကြည့်နေကြသည်။
ကမ္ဘာမြေ ပျက်သုဉ်းမည့်အလား ကောင်းကင်ကပ်ဘေး ခံယူနေသော်လည်း ထိုင်တောင်ကြီးပမာ မတုန်မလှုပ် ရပ်တည်နေပြီး နေမင်းကြီးထက်ပင် ပိုမို တောက်ပနေသော ရတနာ တစ်ခုကို သူတို့ မြင်တွေ့နေရ၏။
အသွင်ပြောင်းခြင်း လုပ်ငန်းစဉ် တစ်ခုလုံးက တစ်ရက်ဝက်ခန့် ကြာမြင့်ခဲ့လေသည်။
ကပ်ဘေးတိမ်တိုက် များ လွင့်စင်သွားသောအခါ လေဝိညာဉ် ပုလဲလုံး က လိမ့်ဆင်းလာပြီး ယဲ့ဖုန်း၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာ၏။
[လေဝိညာဉ် ပုလဲလုံး - အဆင့်မြင့် ဝိညာဉ်ရတနာ]
[မိတ်ဆက် - လေဓာတ် ဝိညာဉ်စွမ်းအင် အမျှင်တစ်ရာ ပါဝင်သော ဘက်စုံသုံး ဝိညာဉ်ရတနာ။ ၎င်းတွင် လေကို ထိန်းချုပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အသက်ကယ်ခြင်း၊ ထွက်ပြေးခြင်း၊ အားဖြည့်ပေးခြင်း၊ တွက်ချက်ခြင်း၊ ခြေရာခံခြင်း နှင့် အခြားသော လုပ်ဆောင်ချက် အသီးသီး ပါရှိသည်။ လေဓာတ် ဝိညာဉ်စွမ်းအင် များကို အသုံးပြုပြီးနောက် အပြည့်အဝ ပြန်လည် ပြည့်ဖြိုးရန် ခြောက်နာရီ ကြာမြင့်ပါသည်။]
[မှတ်ချက် ၁ - လေဝိညာဉ် ပုလဲလုံး သည် ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီးမှ ပိုင်ရှင်မဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအား များကို စုပ်ယူနိုင်ပြီး ၎င်းတို့ကို သန့်စင်ပြီးနောက် အသုံးပြုသူအား ပေးအပ်နိုင်ပါသည်။]
[မှတ်ချက် ၂ - ၎င်းသည် ပတ်ဝန်းကျင်ရှိ စွမ်းအားများကို တက်ကြွစွာ စုပ်ယူနိုင်ပြီး ၎င်းတို့ကို ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား များအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။ သုံးရက်လျှင် တစ်ကြိမ် အသေးစား ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း အခွင့်အရေး တစ်ကြိမ် ပေးအပ်ပြီး ၎င်းတို့ကို စုဆောင်းထားနိုင်ပါသည်။]
[မှတ်ချက် ၃ - ၎င်းသည် ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင် များကို အလိုအလျောက် စုပ်ယူနိုင်ပြီး ၎င်းတို့ကို သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ် ပြောင်းလဲကာ အသုံးပြုသူအား ပေးအပ်နိုင်ပါသည်။]
[ချိတ်ဆက်ထားသူ - ယဲ့ဖုန်း (သီးသန့်)]
အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ အသွင်ပြောင်းသွားပြီးနောက် လေဓာတ် ဝိညာဉ်စွမ်းအင် ပမာဏက ဆယ်ဆ မြင့်တက်သွားသော်လည်း ပြန်လည် ပြည့်ဖြိုးရန် ကြာချိန်ကလည်း သုံးဆ မြင့်တက်သွား၏။
ဤအချက်ကို ယဲ့ဖုန်း သိပ်ဂရုမစိုက်ချေ။
သူ့ကို တကယ် ဝမ်းသာအားရ ဖြစ်စေခဲ့သည့်အရာမှာ ယခုအခါ လေဝိညာဉ် ပုလဲလုံး သည် ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား များကို ပိုမို စုဆောင်းထားနိုင်ပြီ ဖြစ်သည့်အတွက်ပင်။
အရင်ကဆိုလျှင် ၎င်းက ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း စွမ်းအား များကို အများဆုံး သုံးလအထိသာ စုဆောင်းထားနိုင်ပြီး အကြီးစား ကမ္ဘာမြေ ပြန်လည် ပုံဖော်ခြင်း အခွင့်အရေး တစ်ကြိမ် ပေးအပ်နိုင်၏။
သို့သော် ယခုအခါ အများဆုံး စုဆောင်းနိုင်သော ကာလက ခြောက်လအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"အလွန် ကြီးမားသော" ဝိညာဉ်ကြော တစ်ခုကို မဖန်တီးနိုင်သေးသော်လည်း အထွတ်အထိပ် အကြီးစား ဝိညာဉ်ကြော တစ်ခုကိုတော့ သူ ဖန်တီးနိုင်တော့၏။
“တစ်ချိန်ချိန်ကျရင် လေဝိညာဉ် ပုလဲလုံး က အမြင့်ဆုံးအဆင့် ကို တက်လှမ်းသွားတဲ့အခါ အလွန် ကြီးမားတဲ့ ဝိညာဉ်ကြော တစ်ခုကို ငါ ဖန်တီးနိုင်လာမှာ သေချာတယ်”
ယဲ့ဖုန်း..တကိုယ်တည်း တွက်ချက်လိုက်သည်။
အလွန် ကြီးမားသော ဝိညာဉ်ကြော များသည် ကြယ်ငါးပွင့်အဆင့် အင်အားစု များနှင့် ညီမျှပြီး ပုံမှန် အခြေအနေများအောက်တွင် ကျောင်းယန် သန့်စင်သော မြို့တော် ကဲ့သို့သော ကြယ်ငါးပွင့်အဆင့် အင်အားစု များကသာ ပိုင်ဆိုင်သည့် ထိပ်တန်း ဝိညာဉ်ကြောများသာ ဖြစ်ကြ၏။
ထိုကဲ့သို့သော ဝိညာဉ်ကြောများသည် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး များကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်သည်။
အလွန် ကြီးမားသော ဝိညာဉ်ကြော တစ်ခုကို ပိုင်ဆိုင်ထားသည့် မည်သည့် အင်အားစုမဆို အခြေခံအားဖြင့် မကုန်ခမ်းနိုင်သော၊ အဆုံးအစမရှိသော ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။
“တော်တော် မိုက်တာပဲ။ ဒီတစ်ခေါက် ခရီးထွက်ရတာ တကယ့်ကို အကျိုးအမြတ် အများကြီး ရတာပဲ”
ယဲ့ဖုန်းက လေဝိညာဉ် ပုလဲလုံး ကို သိမ်းဆည်းလိုက်သည်။
ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များက အရည် အခြေအနေသို့ ပြောင်းလဲသွားသည်နှင့်အမျှ သူရဲကောင်း ဝိညာဉ်စွမ်းအား တစ်ခုတည်းကိုသာ အားကိုးမ ည်ဆိုလျှင်ပင် သူက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ နှင့် ယှဉ်နိုင်တော့၏။
လက်ရှိ အဆင့်တွင် ရုပ်ခန္ဓာ ခွန်အား၊ သူရဲကောင်း ဝိညာဉ်စွမ်းအား၊ သတ်ဖြတ်ခြင်း အရှိန်အဝါ၊ နတ်ဘုရားအာရုံ စွမ်းအား၊ ယုံကြည်မှု စွမ်းအား ဟူသော စွမ်းအားငါးမျိုး အနက် နှစ်မျိုးက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သူက အစစ်အမှန်ယွမ် စွမ်းအား အခြေအနေသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံမှန် အခြေအနေတွင်ပင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာ ကို မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်သည်။
ဆယ်ဆ တိုးမြှင့်ထားသော အခြေအနေတွင်ဆိုလျှင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပဉ္စမအလွှာ သို့ ရောက်ရှိရန်မှာ အိပ်မက် မဟုတ်တော့ချေ။
“ငါ့ရဲ့ ခွန်အားတွေက ပိုပိုပြီး အစွမ်းထက်လာနေပြီ...”
ယဲ့ဖုန်းမှာ အတော်လေး ဝမ်းသာနေတော့၏။
သူက လေဝိညာဉ် ပုလဲလုံး ကို သိမ်းဆည်းလိုက်ပြီး ဟူဖေးဖေး နှင့်အတူ ဟေးရွှမ် ရှေးဟောင်းကြယ် အတွင်းသို့ ဝင်ရောက်ကာ ဟေးရွှမ်ဂိုဏ်း ၏ ပင်မ အမာခံစခန်း ကို ရှာဖွေလိုက်သည်။
မြေအောက်ရှိ လျှို့ဝှက် ဂူကောင်းကင်ကမ္ဘာ တစ်ခုတွင် တည်ရှိသော်လည်း ယဲ့ဖုန်းက ၎င်းကို ရှာတွေ့အောင် ရှာနိုင်ခဲ့ပြီး အတင်း ဝင်ရောက်သွားတော့၏။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်များ၏ ဟန့်တားမှု မရှိသဖြင့် သူတို့နှစ်ဦးမှာ လူသူကင်းမဲ့နေသော နေရာတစ်ခုလို အလွယ်တကူ ဖြတ်သန်းသွားနိုင်ခဲ့ကြသည်။
သိပ်မကြာခင်မှာပင် ထိုနေရာရှိ ရတနာအားလုံးကို ယဲ့ဖုန်းက သိမ်းပိုက်လိုက်ပြီး ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ တစ်ခု ချန်ရစ်ထားခဲ့ကာ သူနှင့် ဟူဖေးဖေး တို့က မောက်မာစွာဖြင့် ထွက်ခွာလာခဲ့ကြသည်။
တစ်ရက်ဝက် ကြာပြီးနောက် မြူခိုးတောင်ထိပ် ပေါ်တွင်၊
ယဲ့ဖုန်းက ဝါးကုလားထိုင် တစ်လုံးပေါ်တွင် လဲလျောင်းရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထဲတွင် ရေးခြစ်နေ၏။
ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ၏ အခြေခံ သဘောတရားများအပေါ် အခြေခံ၍ အချိန်မရွေး နေရာမရွေး ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ကို ပြုလုပ်နိုင်သော ဝင်္ကပါ တစ်ခုကို စတင် တွက်ချက်ဖန်တီးနေလေသည်။
... ... ...
ကျောင်းယန် နယ်မြေ တွင်၊
ကိစ္စအချို့ကို ဖြေရှင်းပြီးနောက် ယွီကျူး သည် သန့်စင်သော ဗိမာန်တော် ရှေ့သို့ ရောက်ရှိလာ၏။
“ဆရာ ..ကျွန်မ.. ယဲ့ဖုန်း နဲ့ စကားပြောခဲ့ပြီးပါပြီ။ သူက သဘာဝအတိုင်း ပွင့်လင်းရိုးသားပြီး လောကကြီးနဲ့ အေးအေးချမ်းချမ်း နေထိုင်တတ်သူပါ။ သူက ကျွန်မတို့ ထောက်ပံ့ပေးဖို့ ထိုက်တန်ပါတယ်”
ယွီကျူး က တိုးညင်းသော အသံဖြင့်
အစီရင်ခံလိုက်သည်။
“ဪ”
သန့်စင်သော ဗိမာန်တော် အတွင်းရှိ ကျောင်းယန် ရှေးဟောင်းသူတော်စင် မှာ အနည်းငယ် အံ့အားသင့်သွားပြီး လက်တစ်ချက် လှုပ်ရှားကာ အနာဂတ်ကို တွက်ချက်ကြည့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း မြူခိုးဂိုဏ်း နှင့် ပတ်သက်သော မည်သည့် အနာဂတ်ကိုမျှ သူ မမြင်တွေ့နိုင်သေးကြောင်း တွေ့လိုက်ရ၏။
“ထားလိုက်ပါတော့.. ငါ ..မင်းရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပါတယ်။ အခုကစပြီး မြူခိုးဂိုဏ်း ကို ငါတို့ ထောက်ပံ့ပေးမယ့် စာရင်းထဲမှာ ထည့်ထားလိုက်ပါ။ အကယ်လို့ အနာဂတ်မှာ သူတို့ အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့လာခဲ့ရင် မင်း ကူညီပေးလို့ ရတယ်။ ကောင်းတဲ့ အကျိုးဆက် တစ်ခုကို စိုက်ပျိုးထားတယ်လို့ပဲ သတ်မှတ်လိုက်တာပေါ့”
“ဟုတ်ကဲ့ပါရှင်”
ယွီကျူး က ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်၊ ကျောင်းယန် ရှေးဟောင်းသူတော်စင် ကို ကျင့်ကြံခြင်းနှင့် ပတ်သက်သော မေးခွန်းအချို့ မေးမြန်းပြီးနောက် ယွီကျူး က ကျောင်းယန် နယ်မြေ မှ ထွက်ခွာသွားတော့သည်။
--