← Chapters

အခန်း ၄၅၂

Vol. 31 Ch. 452

အခန်း ၄၅၂

Vol. 31 Ch. 452

အခန်း (၄၅၂) ပညာ အမွေပေးခြင်း အပိုင်း (၃)

သွမ့်ဆုန် တစ်ယောက် လေအေးများကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။

သူက ဆုမိုကို နောက်တစ်ကြိမ် အကြည့်ပို့လွှတ်လိုက်ပြီး ဤအရာက လုံးဝ ယုံကြည်နိုင်စရာ မရှိဟု ခံစားလိုက်ရ၏။

သူသည် ဆုမိုကို အစောကြီးကတည်းက အထင်ကြီးလေးစား နေခဲ့ပြီး၊ အနည်းဆုံးတော့ ဆုထျန်းယန် ရောက်ရှိခဲ့ဖူးသော အဆင့်တစ်ခုသို့ သူ ရောက်ရှိနေပြီဟု ထင်မှတ်ထားခဲ့သော်ငြားလည်း။

ဇီယန်ဂိုဏ်း တစ်ခုလုံး လက်မှိုင်ချနေရသော နတ်ဆိုးတစ္ဆေငါးပါး ချီ ကို လီကျန်းယွမ် ၏ သန့်စင်သော ယန် အတွင်းအား ဖြင့် အသည်းအသန် ခုခံနေရပြီး၊ သန့်စင်သော ယန် ကောင်းကင်ဘုံ ရေကန် ၏ အကူအညီ ပါမှသာ ထို အတွင်းဒဏ်ရာများကို မသေရုံတမယ် တောင့်ခံနိုင်ခဲ့သည် မဟုတ်ပါလော။

သို့သော် ဆုမို က အထဲသို့ ဝင်သွားပြီး တစ်ရက်ပင် မပြည့်သေးသော အချိန်လေး အတွင်းမှာပင် တကယ်ကြီး ကုသပေးနိုင်ခဲ့သည် ဟူသလော။

ဒီကလေးက ဘယ်လို အင်မော်တယ် တပည့် မျိုးများ ဖြစ်နေပါသနည်း။

"အရာအားလုံးက ဆရာအဘိုး ရဲ့ နက်ရှိုင်းတဲ့ အတွင်းအား တွေ ကျေးဇူးကြောင့်ပါ... မဟုတ်ရင် ကျွန်တော့်ရဲ့ အသေးအမွှား လှည့်ကွက်လေး တွေနဲ့ဆိုရင် ဒီ နတ်ဆိုးတစ္ဆေငါးပါး ချီ တွေကို ဒီလောက် မြန်မြန်ဆန်ဆန် ဖယ်ရှားနိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"

ဆုမို က ချက်ချင်းပင် နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

"ဟား ဟား ဟား"

ထိုအခါ သွမ့်ဆုန် က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

"မင်း အဲဒီလောက်ထိ နှိမ့်ချနေစရာ မလိုပါဘူး... ဒီလို စွမ်းရည်မျိုး နဲ့ဆိုရင် မင်းမှာ ဂုဏ်ယူဝင့်ကြွားခွင့် အပြည့်အဝ ရှိပါတယ်"

"အဲဒါ တကယ်ပဲ"

လီကျန်းယွမ် က ဆုမိုကို ကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"မင်းရဲ့ အတွင်းအား တွေက ငါကိုယ်တိုင်တောင် ရှက်သွားရလောက်အောင် အစွမ်းထက်လွန်းပါတယ်"

"..."

သွမ့်ဆုန် တစ်ယောက် နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားရပြန်သည်။

အခြားသူများ မသိသော်ငြားလည်း၊ လီကျန်းယွမ် ၏ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် သည် တတိယမြောက် ခရမ်းရောင် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ သိထားပေသည်။

ဤသိုင်းပညာကို ခရမ်းရောင် အဆင့် (၉) ဆင့် ဖြင့် ခွဲခြားထားသည်။

ကိုး (၉) ဆိုသည်မှာ အဆုံးစွန် ကိန်းဂဏန်း ဖြစ်ပြီး၊ ခရမ်းရောင် သည် သင်္ကေတ တစ်ခု ဖြစ်၏။

ပထမဆုံး ခရမ်းရောင် အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး ကြိုးပမ်းအားထုတ်မှု အနှစ် (၃၀) ခန့် လိုအပ်ပေသည်။

ဇီယန်ဂိုဏ်းကို တည်ထောင်ခဲ့သည့် အချိန်မှစ၍၊ ကိုးခုမြောက် ခရမ်းရောင် ကောင်းကင်ဘုံ အဆင့် သို့ ရောက်ရှိခဲ့သော ဘိုးဘေးကြီး မှလွဲ၍၊ ဒုတိယမြောက် ခရမ်းရောင် အဆင့် သို့ ရောက်ရှိရန်ပင် အလွန်တရာ ခက်ခဲလွန်းလှပေသည်။

တတိယမြောက် ခရမ်းရောင် အဆင့် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ..။

ထိုသို့သော အခြေအနေမျိုးတွင် ကျားဇီ (နှစ် ၆၀ စက်ဝန်း) တစ်ခုစာ ထက်မကသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် လီကျန်းယွမ် က သူ၏ အတွင်းအား သည် ဆုမို ထက် နိမ့်ကျနေကြောင်း တိုက်ရိုက် ဝန်ခံလိုက်သလော။

ဒါက ဘယ်လို အကဲဖြတ်မှု မျိုးလဲ။

ဆုမို ၏ သိုင်းပညာ က ဘယ်အတိုင်းအတာ အထိ တိုးတက်နေခဲ့ပြီလဲ။

တစ်ခဏတာမျှ သွမ့်ဆုန် ၏ ခေါင်းထဲတွင် ဖရိုဖရဲ ဖြစ်သွားပြီး၊ ဤစကားများက လီကျန်းယွမ် ၏ နှုတ်မှ ထွက်လာသည် ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။

သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ဂိုဏ်းချုပ်... ဒါက နည်းနည်းလေး ချဲ့ကားပြောလွန်းရာ မကျဘူးလား"

"ဟင်"

လီကျန်းယွမ် က သွမ့်ဆုန် ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီး ခေါင်းခါယမ်းလိုက်၏။

"ငါတို့ အထဲမှာ အချိန် ဘယ်လောက်ကြာသွားပြီလဲ"

"ကျွန်တော်တို့တွေ မောက် နာရီ ( နံနက် ၅ နာရီ မှ ၇ နာရီ အတွင်း) မတိုင်ခင် ကတည်းက ရောက်နေတာ... အခုဆို ညနေတောင် စောင်းနေပြီ ဆိုတော့... အကြမ်းဖျင်း ခြောက်နာရီ လောက် ရှိပြီပေါ့"

သွမ့်ဆုန် က ပြန်ဖြေလိုက်သည်။

"မိုအာ က ငါ့ခန္ဓာကိုယ် ထဲက နတ်ဆိုးတစ္ဆေငါးပါး ချီ တွေကို လုံးဝ ဖယ်ရှားရှင်းလင်းဖို့ သုံးနာရီ လောက်ပဲ အချိန်ယူခဲ့ရတာ"

လီကျန်းယွမ် က ပြုံးလျက် ဆိုလေ၏။

"မင်းကိုယ်မင်း စဉ်းစားကြည့်လေ... ငါပြောတာ ချဲ့ကားပြောတာ ဟုတ်၊ မဟုတ် ဆိုတာကို"

"ဒါက..."

သွမ့်ဆုန် ၏ ရင်တွင်း၌ အကူအညီမဲ့ သွားသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာတော့သည်။ ဤအရာက ဆုထျန်းယန် ၏ စံချိန်သို့ ရောက်ရှိသွားခြင်း မဟုတ်တော့ချေ။

ဤသည်မှာ ဆုထျန်းယန် ကိုယ်တိုင်ပင် မျှော်မှန်း၍ မရနိုင်သော အမြင့်ပေ တစ်ခု ဖြစ်နေလေပြီ..။

သွမ့်ဆုန်က ဆုမို ကို နောက်တစ်ကြိမ် မကြည့်ဘဲ မနေနိုင်တော့ဘဲ၊ 'မိစ္ဆာ ကောင်လေး...' ဟု စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

သို့သော် စိတ်ဓာတ်ကျ သွားသလား ဟု မေးလျှင် လုံးဝ မကျခဲ့ပေ။

ထိုအစား သူက အတော်လေး ဝမ်းသာပီတိ ဖြစ်နေခဲ့၏။

ဆုထျန်းယန် နှင့် သူ၏ ဆက်ဆံရေး က အတားအဆီးများစွာ ရှိခဲ့သော်ငြားလည်း၊ ဆုထျန်းယန် အသက်ရှင်နေစဉ်က သွမ့်ဆုန် သည် ဆုထျန်းယန်အပေါ် အမုန်းတရား နှင့် အကြောက်တရား နှစ်ခုစလုံးကို သေချာပေါက် ခံစားခဲ့ရပေသည်။

ဆုထျန်းယန် ကွယ်လွန်သွားပြီးနောက်တွင်မူ လွမ်းဆွတ် တမ်းတမှု များသာ ကျန်ရစ်ခဲ့တော့၏။

ယခု သူ၏ ဂိုဏ်းတူ ညီအစ်ကို ၏ သားဖြစ်သူကို ဤကဲ့သို့ မြင်တွေ့လိုက်ရသောအခါ၊ ယုံကြည်နိုင်စရာ မရှိလောက်အောင် အံ့အားသင့်သွားခြင်း မှလွဲ၍ ကျန်ရှိနေသည်မှာ စိတ်သက်သာရာ ရမှု မျှသာ ဖြစ်သည်။

သို့သော် သူက မနေနိုင်တော့ဘဲ မေးလိုက်ပြန်သည်။

"အကယ်၍ ဂိုဏ်းချုပ် က သုံးနာရီ အတွင်းမှာတင် သက်သာသွားပြီ ဆိုရင်... ကျန်တဲ့ အချိန်တွေမှာ ဘာလို့ အပြင်ထွက်မလာခဲ့ကြတာလဲ"

လီကျန်းယွမ် က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဆုမို ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်၏။

ဆုမို အနေဖြင့် ဤသို့သာ ပြန်ဖြေနိုင်တော့သည်။

"ဆရာအဘိုး က ကျန်တဲ့ သုံးနာရီ လုံးလုံး ကျွန်တော့်ကို သိုင်းပညာ တွေ သင်ပေးနေခဲ့တာပါ"

နှစ်ပေါင်းများစွာ မတွေ့ခဲ့ရခြင်းကြောင့် ဖြစ်မည်ထင်သည်။ ဤသို့ ပြန်လည် ဆုံတွေ့ချိန်တွင် ဆုမို သည် သူ့ထံမှ အလွန်တရာ ကြီးမားသော လက်ဆောင်ကြီး တစ်ခုကို ရရှိခဲ့ခြင်း ပါ။

သူက ဤ မြေးတပည့်လေး ကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာပြီး၊ သူ အနည်းငယ် သက်သာသွားသည်နှင့် သွမ့်ဆုန် နှင့် အခြားသူများ ထွက်သွားမည့် အချိန်ကိုပင် မစောင့်နိုင်တော့ဘဲ၊ ဇီယန်ဂိုဏ်း ၏ ကျင့်စဉ်များကို ဆုမို အား ချက်ချင်း စတင် သင်ကြားပေးလေတော့သည်။

မဟာနေမင်း ဖြန့်ကျက် လက်ဝါး အပြင် ဆုမို က နေမင်းသုံးစင်း နှလုံးကြေမွ လက်ဝါး နှင့် ဇီယန် နတ်ဘုရား လက်ဝါး တို့ကိုပါ ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်ကြောင်း သိရှိသွားသောအခါ၊ သူက အတွင်းအား နှင့် ပတ်သက်၍ ထပ်မံ မေးမြန်းလိုက်၏။

ထိုအခါမှ တောက်ပသော နေမင်း နှလုံးသား ကျင့်စဉ် မှလွဲ၍ ဆုမို ၏ အတွင်းအား များ အားလုံးမှာ တကယ်တော့ ဇီယန်ဂိုဏ်း မှ မဟုတ်ကြောင်း ပေါ်လွင်လာတော့သည်။

လီကျန်းယွမ် က ဆုမို သူ၏ သိုင်းပညာ များကို မည်သည့် နေရာမှ သင်ယူခဲ့သနည်း ဆိုသည်ကို ဂရုမစိုက်တော့ဘဲ၊ ဇီယန်ဂိုဏ်း ၏ အတွင်းအား များကိုသာ တိုက်ရိုက် သင်ကြားပေးလိုက်သည်။

သူက ကိုးသွယ် မူလ ယန် ကျင့်စဉ် ကို အရင်ဆုံး သင်ကြားပေးခဲ့၏။

ဤ သိုင်းပညာကို ကျွမ်းကျင်ပိုင်နိုင်ရန် ဆုမို အချိန်အနည်းငယ် ယူရလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။

သို့သော် ဆုမို သည် ထိုနေရာတွင် ထိုင်နေရုံဖြင့် သန့်စင်သော ယန် ချီ များကို သဘာဝကျကျ ဖြာထွက်နေစေပြီး၊ ကိုးသွယ် မူလ ယန် ကျင့်စဉ် မှာ အဆင့် (၉) ဆင့် ဖြင့်သာ ကန့်သတ်ထားသော်ငြားလည်း၊ ထိုအရာကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားရန် ဆုမို အတွက် နှစ်နာရီ မျှသာ အချိန်ယူခဲ့ရသည်။

လီကျန်းယွမ် တစ်ယောက် အလွန်အမင်း အံ့အားသင့် မှင်တက်သွားရတော့၏။

ကိုးသွယ် မူလ ယန် ကျင့်စဉ် သည် ဇီယန်ဂိုဏ်း အတွင်း၌ အလွန်တရာ အဆင့်မြင့်မားသော သိုင်းပညာ တစ်ခု ဖြစ်ပြီး၊ ၎င်း၏ အထက်တွင် အခြား သိုင်းပညာ အနည်းငယ်မျှသာ ရှိတော့ပေသည်။

ဆုမို ၏ ထူးချွန်ပြောင်မြောက်လှသော ပါရမီကို မြင်တွေ့လိုက်ရသောအခါ၊ လီကျန်းယွမ် က သူ့အား နောက်ထပ် သိုင်းပညာ တစ်ခုဖြစ်သည့် ခရမ်းရောင် ချီ အရှေ့မှ လာသည် ကို သင်ကြားပေးရန် ရိုးရှင်းစွာပင် ဆုံးဖြတ်လိုက်သည်။

ခရမ်းရောင် ချီ အရှေ့မှ လာသည် ကျင့်စဉ် မှာ ကိုးသွယ် မူလ ယန် ကျင့်စဉ် နှင့် မတူညီဘဲ၊ ခြေလှမ်း လှုပ်ရှားမှု သိုင်းကွက် နှင့် ချီ ကျင့်ကြံမှု တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

ထို့ပြင် ၎င်းက ပို၍ပင် ခက်ခဲ နက်နဲလှပေသည်။

ဤတစ်ကြိမ်တွင် ဆုမို က ပိုမို လျင်မြန်စွာ ကျွမ်းကျင်ပိုင်နိုင်သွားပြီး၊ အပြည့်အဝ နားလည် သဘောပေါက်ရန် တစ်နာရီ ပင် မကြာလိုက်ချေ။

လီကျန်းယွမ် တစ်ယောက် အလွန်အမင်း အံ့အားသင့်လွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများကိုပင် ဆွဲနုတ်မိလုမတတ် ဖြစ်သွားရသော်လည်း၊ နောက်ဆုံးတွင်တော့ သူ၏ တကယ့် ကျွမ်းကျင်မှု အစစ်အမှန်ကို ထုတ်ပြလိုက်လေတော့သည်။

သူက ဇီယန်ဂိုဏ်း ၏ ပြိုင်ဘက်ကင်း သိုင်းပညာ တစ်ခုဖြစ်သော နေမင်းကိုးစင်း ကောင်းကင်ယံ ခြေလှမ်း လေပြင်း ကို ဆုမို အား သင်ကြားပေးလိုက်၏။

ဤသည်မှာ ဇီယန်ဂိုဏ်း ၏ များပြားလှသော ကျင့်စဉ်များ အနက်မှ တစ်ခုတည်းသော ခြေလှမ်း သိုင်းကွက် ဖြစ်ပေသည်။

သိုင်းကွက်များမှာ အလွန်တရာ ထူးခြား ဆန်းကြယ်လှပြီး၊ သန့်စင်သော ယန် ချီ များကို သယ်ဆောင်ထားကာ၊ ၎င်းကို အသုံးပြုလိုက်သောအခါ ကောင်းကင်ယံရှိ နေမင်း ကိုးစင်း အပေါ်သို့ ခြေလှမ်း နင်းလိုက်သကဲ့သို့ ပြင်းထန်သော နေမင်း လေပြင်း များ တိုက်ခတ်လာစေပေသည်။

သို့သော် ဤ သိုင်းပညာ ကမူ ဆုမို အတွက် အလွယ်တကူ မရရှိခဲ့ချေ။

သူက အဆက်မပြတ် လေ့ကျင့်လိုက်၊ စဉ်းစားတွေးတောလိုက် ဖြင့် အလွန်တရာ နှေးကွေးစွာ တိုးတက်နေခဲ့သည်။

ကျန်ရှိနေသော အချိန်များ အားလုံးကို ဤ သိုင်းပညာ ကျင့်ကြံခြင်း တွင်သာ ကုန်ဆုံးစေခဲ့၏။

လေ့ကျင့်မှုများ အကြား အနားယူချိန်တွင် ဆုမို က သူ၏ အတွေ့အကြုံ များကို လီကျန်းယွမ် အား ဝေမျှ ပြောပြခဲ့သည်။

သို့သော် သူ ကျင့်ကြံထားသော သိုင်းပညာ များနှင့် ပတ်သက်၍မူ အများကြီး မပြောပြခဲ့ဘဲ၊ ထူးဆန်းသော လူများထံမှ တိုက်ဆိုင်စွာ သင်ယူခဲ့ရကြောင်း သာ ပြောပြခဲ့သည်။

ထို ကျွမ်းကျင်သူ ကြီးများ၏ လမ်းစဉ်မှာ မှန်းဆရခက်ပြီး နားလည်ရ ခက်ခဲလှကြောင်း၊ ထို့ပြင် မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော် မပြောပြရန် တားမြစ်ခံထားရကြောင်း သူက ရှင်းပြလိုက်၏။

ဆုမို ၏ ဒဏ္ဍာရီဆန်သော အနာဂတ် အလားအလာ များကို အံ့မခန်း ချီးကျူးရုံမှလွဲ၍ လီကျန်းယွမ် သည် သူ စီစဉ်ထားသည့်အတိုင်း ဆက်လက် မလုပ်ဆောင်နိုင်ခဲ့ချေ။

သို့သော် နေမင်းကိုးစင်း ကောင်းကင်ယံ ခြေလှမ်း လေပြင်း ကို အလွယ်တကူ မကျွမ်းကျင်နိုင်ဘဲ ရုန်းကန်နေရသော ဆုမိုကို မြင်သောအခါ၊ သူ၏ ရင်တွင်း၌ စိတ်သက်သာရာ ရသွားသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာတော့၏။

ဤ သိုင်းပညာ က အမှန်တကယ်ပင် သူ အသေအချာ ကာကွယ်ထားသော လျှို့ဝှက် ကျွမ်းကျင်မှု များထဲမှ တစ်ခု ဖြစ်ပေသည်။

အကယ်၍ ဆုမို က ဤ သိုင်းပညာ ကိုပါ အလွယ်တကူ ကျွမ်းကျင်သွားမည် ဆိုပါက၊ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ်ကို သူ့အား သင်ကြားပေးရုံမှ လွဲ၍ အခြား ရွေးချယ်စရာ ရှိတော့မည် မဟုတ်ချေ။

အမှန်တကယ်ပင် လီကျန်းယွမ် သည် ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး ကောက်ကျစ် ပါးနပ်ခဲ့ခြင်း ဖြစ်၏။

တကယ်တမ်းတွင် နေမင်းကိုးစင်း ကောင်းကင်ယံ ခြေလှမ်း လေပြင်း ကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက်၊ ရှေးဦးစွာ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် ကို ကျင့်ကြံထားရန် လိုအပ်ပေသည်။

၎င်းသည် ဇီယန်ဂိုဏ်း ၏ အနက်ရှိုင်းဆုံး နှင့် အဆန်းကြယ်ဆုံး ကျင့်စဉ် ဖြစ်သည်ဟု ပြော၍ ရသည်။

သို့သော် ဆုမို ၏ ထူးကဲလှသော ပါရမီကို ထည့်သွင်း စဉ်းစားကာ၊ သူ၏ ဆရာအဘိုး တစ်ယောက် အနေဖြင့် သင်ကြားပေးသမျှ အရာတိုင်းကို ဆုမို က အလွယ်တကူ လျင်မြန်စွာ သင်ယူတတ်မြောက် သွားမည် ဆိုပါက၊ ဆုမို အနေဖြင့် ဇီယန်ဂိုဏ်း ကို အထင်သေးသွားစေဖို့ရာက မလွှဲမရှောင်သာ ဖြစ်ပေါ်လာနိုင်ပေသည်။

သူက ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် ကို နှမြောတွန့်တို နေခြင်း မဟုတ်ချေ။ အကယ်၍ ဆုမို ကသာ အနည်းငယ် ပို၍ အားနည်းသော စွမ်းရည်များကို ပြသခဲ့မည် ဆိုပါက၊ ဇီယန်ဂိုဏ်း ၏ သိုင်းပညာ အားလုံးကို အစမှ အဆုံးတိုင်အောင် သူ့အား သင်ကြားပေးရန် သူ ရည်ရွယ်ထားခဲ့ပြီး ဖြစ်၏။

သို့သော် နောက်ဆုံးတွင် ဆုမို အား ဇီယန်ဂိုဏ်း ကို အလွန်အမင်း အထင်သေးသွားခွင့် သူ မပြုနိုင်သဖြင့်၊ လှည့်ကွက် အသေးစားလေး တစ်ခုကို အသုံးပြုလိုက်ခြင်း ပါ။

ဆုမို လေ့ကျင့်ရာတွင် ရုန်းကန်ရသည့် အချိန်ကို စောင့်ဆိုင်းပြီးမှသာ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် ကို သင်ကြားပေးရန် သူ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ် ၏ အခြေခံ မရှိဘဲနှင့်ပင် ဤမျှ တိုတောင်းသော အချိန်လေး အတွင်း၌ ပဏာမ နားလည် သဘောပေါက်မှု တစ်ခုကို ရရှိခဲ့သော ဆုမို ၏ စွမ်းရည်က လီကျန်းယွမ် ကို အလွန်အမင်း တုန်လှုပ်သွားစေပါ၏။

ဤ တပည့်လေး သည် သမိုင်းတစ်လျှောက်လုံး တွင် ပြိုင်ဘက်ကင်းလောက်အောင် ထူးကဲ ပြောင်မြောက်ပြီး ရှားပါးလှသော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း သူ နားလည် သဘောပေါက်သွားတော့သတည်း..

--

All Chapters