အခန်း ၄၅၈
Vol. 31 Ch. 458
အခန်း (၄၅၈) သဲလွန်စများ အပိုင်း (၃)
ထို့ကြောင့် တစ်ခဏမျှ စဉ်းစားတွေးတောပြီးနောက်၊ သူက လီကျန်းယွမ် ကို မလွှဲမရှောင်သာ အကြည့်ပို့လွှတ်လိုက်သည်။
"ဆရာအဘိုး... အဲဒီ မြွေခေါင်း ဓား ရဲ့ သင်္ကေတ ကို ရလာပြီးတဲ့ နောက်မှာ... ဘာတွေများ ဆက်ဖြစ်ခဲ့လဲ ဟင်"
"ဟား ဟား ဟား"
သူ့ မေးခွန်းအား ကြားလိုက်ရသောအခါ၊ လီကျန်းယွမ် က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စားပွဲပြင်ကို လက်ဝါးဖြင့် ခပ်ဖွဖွ ပုတ်လိုက်၏။
"ငါ့ရဲ့ တစ်သက်လုံးမှာ ဘယ်တုန်းကမှ အိမ်ထောင်မပြုခဲ့သလို... သားသမီး မျိုးဆက် လည်း မရှိခဲ့ပါဘူး"
"လူငယ်ဘဝ တုန်းကတော့ လန်ယွဲ့နန်းတော် က သူရဲကောင်း သိုင်းမယ်လေး တစ်ယောက်ကို သဘောကျခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒါက အသီးအပွင့် မဖြစ်လာနိုင်တဲ့ အချစ်တစ်ခု ပဲလေ"
"နောက်ဆုံးတော့... ထုံလုတောင် ရဲ့ တစ်ဖက်တစ်ချက်စီ ကနေ အချင်းချင်း ငေးကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး"
"ပြီးတော့ မင်းအဖေ က... ဒီ အဘိုးကြီး ရဲ့ တစ်ဦးတည်းသော တပည့် ပဲ"
"ငါ့အတွက်တော့ သူက ကိုယ့်ရဲ့ သားအရင်း တစ်ယောက်လိုပါပဲ"
"မင်းရဲ့ အဘိုး ကို ပြောရရင်တော့... မင်းရဲ့ ဘိုးဘေး ရဲ့ ကြားဝင် စွက်ဖက်မှု တွေကြောင့်၊ သူက ဇီယန်ဂိုဏ်း ထဲမှာ သိပ်ပြီး အကြာကြီး မနေခဲ့ရဘူး"
"ဒါပေမဲ့ သူက ငါ့ရဲ့ သွေးသောက် ညီအစ်ကို ဖြစ်နေတုန်းပဲ"
"ထပ်ပြောရရင်... မင်းရဲ့ ဘိုးဘေး က ဇီယန်ဂိုဏ်း ကို အန္တရာယ် တွေထဲကနေ သုံးကြိမ် တိတိ ကယ်တင်ပေးခဲ့ဖူးတယ်"
"သူ့ရဲ့ ကြားဝင် ဖြေရှင်းပေးမှု တွေသာ မပါခဲ့ဘူး ဆိုရင်... ဇီယန်ဂိုဏ်း က ပျက်စီးမသွားရင်တောင်၊ တတိယတန်းစား ဂိုဏ်း တစ်ခု အဖြစ်ကို ရောက်သွားဖို့ သေချာပေါက် ရှောင်လွှဲနိုင်ခဲ့မှာ မဟုတ်ဘူး"
"သူတို့ရဲ့ တပည့် တွေနဲ့ မျိုးဆက် တွေက ငါ့ ဇီယန်ဂိုဏ်း ရဲ့ အစောင့်အရှောက် ကို သေချာပေါက် ရရှိသင့်တာပေါ့"
"အခု သူတို့က မင်းတို့ အားလုံးကို ဒုက္ခပေးဖို့ ကြံစည်နေပြီ ဆိုမှတော့... ငါ့ ဇီယန်ဂိုဏ်း က သဘောတူ၊ မတူ ဆိုတာကို သူတို့ အရင်ဆုံး မေးရမှာပေါ့"
"မြွေခေါင်း ဓား ရဲ့ ပိုင်ရှင် တွေက ငါ့ ညီအစ်ကို တွေကို ဒုက္ခပေးခဲ့တယ်"
"သုံးပါး အစွန်းရောက် ဂိုဏ်း က ငါ့ တပည့် ကို သတ်ချင်နေတယ်"
"အဲဒီအချိန်တုန်းက ငါက ဇီယန်ဂိုဏ်း ထဲမှာ ဌာန တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်နေပြီလေ... သူတို့ကို ဒီလောက်ထိ ရိုင်းစိုင်းခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ"
"ဒါကြောင့်... အဲဒီအချိန်တုန်းက ငါ တကယ်ပဲ တစ်ခုခု လုပ်ခဲ့ပါတယ်"
"မင်းအဖေ ရယ်၊ ယန်ရီဇီ ရယ်၊ ပြီးတော့ ငါနဲ့ မျိုးရိုးတူ နောက်တစ်ယောက် ရယ်... ဇီယန်ဂိုဏ်း ထဲကို ဝင်လာပြီး အဖြစ်အပျက် အသေးစိတ် ကို ရှင်းပြခဲ့ကြတယ်"
"တစ်ဖက်မှာ ငါက မင်းအဖေ နဲ့ တခြားသူတွေကို စိတ်အေးချမ်းသာအောင် နှစ်သိမ့်ပေးပြီး... ဂိုဏ်း ထဲမှာ အေးအေးဆေးဆေး အခြေချ နေထိုင်ခွင့် ပေးခဲ့တယ်"
"အခြား တစ်ဖက်မှာတော့ ငါ့ရဲ့ ဇီယန်ဂိုဏ်း ကို လာပြီး မသမာတဲ့ အကြံအစည် တွေနဲ့ ချောင်းမြောင်းရဲတဲ့ သူများ ရှိနေမလား ဆိုတာကို စောင့်ကြည့်ဖို့ ဂိုဏ်း အပြင်ဘက်မှာ လျှို့ဝှက် ကာကွယ်ရေး အစီအမံ တွေကို ချထားခဲ့တယ်"
"ပြီးတော့ အဲဒီအချိန်တုန်းက... မင်းအဖေ ကို ငါပြောခဲ့တာက တခြားစီ ဖြစ်နေပေမဲ့... တကယ်တမ်း ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး"
"လူ တစ်ယောက်ယောက် ရှိနေခဲ့တာလား"
ဆုမို ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတော့၏။
ထိုအချိန်တုန်းက ယန်ရီဇီ နှင့် အခြားသူတွေ..လီစစ်ယွင် ကို ကယ်တင်ပြီးသည့် နောက်မှာ... ဇီယန်ဂိုဏ်း ကို တိုက်ရိုက် သွားခဲ့ကြသည်လေ။
တစ်ဖက်မှာ ဂိုဏ်း ရဲ့ အကူအညီ ကို ရယူချင်သလို၊ နောက်တစ်ဖက် မှာလည်း သူတို့နောက်မှ ခြေရာခံ လိုက်လာသည့် ပြဿနာတွေ ရှိမရှိ စစ်ဆေးချင်ခဲ့၍ပင်။
ရလဒ်အနေနှင့် သူတို့ကို ဘယ်သူမှ လျှို့ဝှက် စောင့်ကြည့် မနေဘူး ဆိုတာကို သိခဲ့ရ၏။
ထိုအချိန်တုန်းက အရာရာတိုင်းက အရမ်းကို ချောမွေ့နေလွန်းသည်ဟု ဆုမို ခံစားခဲ့ရသော်လည်း.. ယန်ရီဇီ ကတော့ သုံးပါး အစွန်းရောက် ဂိုဏ်း မှာ အတွင်းရေး ပဋိပက္ခ တွေ ဖြစ်နေသည်ဟု နောက်ပိုင်းမှာ ပြောခဲ့သည်။
ထို့ကြောင့် သူတို့က အလုပ်ရှုပ်နေပြီး ဆုမို တို့ကို အာရုံမစိုက်နိုင်တာ ဟူ၍ပင်။
သည်အချက်နှင့်တင် ဆုမို၏ သံသယ တွေက ယာယီ ပြေလည်သွားခဲ့ခြင်းပါ။
သို့သော်၊ ယခု လီကျန်းယွမ် ပြောသော စကားတွေကို ကြားလိုက်ရတော့မှ ဆုမို သဘောပေါက်သွားရ၏... ပြဿနာ အကြွင်းအကျန် တွေ မရှိခဲ့တာ မဟုတ်။
တကယ်တော့ ထို ပြဿနာ တွေကို လီကျန်းယွမ် က တိတ်တဆိတ် ကြားဖြတ် ရှင်းလင်းပေးခဲ့ခြင်းပဲ။
"မှန်တယ်"
လီကျန်းယွမ် က ခေါင်းညိတ်လိုက်၏။
"တကယ်တော့... လျှို့ဝှက် စောင့်ကြည့်နေတဲ့ သူတွေ ရှိခဲ့တယ်..."
"မင်းအဖေ ရဲ့ ရည်ရွယ်ချက် ကို ငါ ကောင်းကောင်း သိနေတော့... သူတို့ကို ငါ သတိမပေးခဲ့ဘူး"
"မင်းအဖေ ကို သူတို့ ဘယ်လို ရှုမြင်ထားလဲ ဆိုတာကို ငါ သိဖို့ လိုအပ်တယ်လေ"
"ဒီကိစ္စ က မင်းအဖေ နဲ့ ပတ်သက်နေတယ် ဆိုတာကို သူတို့ သေချာ အတည်ပြုထားပြီးပြီ လား"
"ဒါမှမဟုတ် သံသယ ရှိနေရုံ သက်သက်ပဲ လား"
"ငါတို့ ကြားဖြတ် ဖမ်းယူရရှိခဲ့တဲ့ လျှို့ဝှက် စာလွှာ တွေအရဆိုရင်... သူတို့က မင်းအဖေ အပေါ်မှာ သံသယ ရှိနေရုံ သက်သက်ပါပဲ... အတည်ပြုချက် မရှိသေးဘူး"
"အဲဒီနောက်ပိုင်း ကျမှပဲ... ငါ နောက်ဆုံးတော့ သက်ပြင်းချ နိုင်သွားတာ"
"ပြီးတော့ ဒီ သဲလွန်စ နောက်ကို လိုက်ပြီး ငါ စတင် စုံစမ်း စစ်ဆေးမှု တွေ လုပ်ခဲ့တယ်"
"ဒါပေမဲ့ ဒါက အရမ်းကို ခက်ခဲတဲ့ တာဝန် တစ်ခုပဲ"
"ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေက အလွန်တရာ လျှို့ဝှက် ဖုံးကွယ်တတ်ကြပြီး... အဲဒီအထဲက လူတွေကလည်း အရမ်းကို သတိကြီးကြတယ်"
"ဒီ အဘိုးကြီး အနေနဲ့ သဲလွန်စ တွေကို တစ်ဖက်ကနေ တင်းကျပ်စွာ ဆုပ်ကိုင်ထားရသလို... နောက်တစ်ဖက် ကလည်း သူတို့ကို ရိပ်မိခွင့် မပေးနိုင်ဘူး... မဟုတ်ရင် သူတို့က အန္တရာယ် ကို အာရုံခံမိပြီး ထွက်ပြေးသွားမယ် ဆိုရင် ပြဿနာ သေးသေးလေး ပဲ ဖြစ်လိမ့်မယ်"
"ဒါပေမဲ့ အဲဒီလို ဖြစ်သွားလို့ မင်းအဖေ အပေါ်မှာ သံသယ တွေ ပြန်လည် ကြီးထွားလာပြီး... နောက်ကွယ် ကနေ လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားလာမယ် ဆိုရင်၊ ပိုပြီး ဆိုးရွားတဲ့ ရလဒ် တွေ ဖြစ်လာနိုင်တယ် မဟုတ်လား"
"အဲဒါကြောင့်မို့လို့ စုံစမ်း စစ်ဆေးမှု တွေက အလွန်တရာ ခက်ခဲခဲ့ပြီး... သဲလွန်စ တွေ ပျောက်ကွယ်သွားလိုက်၊ မနည်း ပြန်ရှာတွေ့လိုက် နဲ့ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတယ်"
"ဒါပေမဲ့ အဲဒီလို လုပ်ခဲ့လို့ပဲ... သုံးပါး အစွန်းရောက် ဂိုဏ်း နဲ့ မြွေခေါင်း ဓား တို့ ကြားက ဆက်စပ်မှု ကို ငါတို့ ရှာဖွေ တွေ့ရှိနိုင်ခဲ့တာ"
"ငါတို့ ကြားဖြတ် ဖမ်းယူခဲ့တဲ့ လျှို့ဝှက် စာလွှာ ထဲမှာ မြွေခေါင်း ဓား ရဲ့ သင်္ကေတ ပါရှိပြီး၊ သူတို့ကိုယ်သူတို့ 'ကျင်းလုံ အသင်း'လို့ ခေါ်ဝေါ်ထားကြတယ်"
"အဲဒီ နာမည် ကလွဲရင်... နောက်ထပ် သဲလွန်စ တစ်ခုတည်း သာ ရှိတော့တယ်..."
"ဘာ သဲလွန်စ လဲ ဟင်"
ဆုမို က လီကျန်းယွမ် ကို ကပျာကယာ ကြည့်လိုက်သည်။
"ချီမေ တောအုပ်"
လီကျန်းယွမ် က သက်ပြင်းချလိုက်၏။
"ဒီ အဘိုးကြီး က ချီမေ တောအုပ် အကြောင်းကို စုံစမ်း စစ်ဆေးဖို့ ပြင်နေတုန်းမှာပဲ... တုန်းချန် က မိစ္ဆာ ဂိုဏ်းကြီး (၃) ဂိုဏ်း က ရုတ်တရက် တိုက်ခိုက်မှု တွေ စတင်လိုက်ပြီး ထျန်းချူမြို့ ဘက်ကို ဖိအားပေး ဝင်ရောက်လာကြတယ်"
"အဲဒီအချိန်တုန်းက... မင်းအဖေ က ငါ့ကို လာတွေ့ပြီး ဒီကိစ္စ အကြောင်းကို မေးမြန်းခဲ့တယ်..."
"သိုင်းပညာ ပါရမီ အကြောင်း ပြောရမယ် ဆိုရင်တော့... ဆု မိသားစု ထဲမှာ မင်း ရယ်၊ မင်းရဲ့ ဘိုးဘေး ရယ်... နှစ်ယောက်စလုံး က လောကကြီးမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် တွေချည်းပဲ"
"ဒါပေမဲ့ ဉာဏ်ပညာ နဲ့ ပတ်သက်လာရင်တော့... မြေပြင် တစ်ခွင်လုံး မှာ မင်းအဖေ ကို ယှဉ်နိုင်တဲ့ သူဆိုတာ တကယ်ကို လက်ချိုးရေလို့ ရတယ်"
"ဒီ အဘိုးကြီး ဘာတွေးနေတယ် ဆိုတာကို သူ ကြိုသိနေတာ ကြာပြီ... ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့တာ သက်သက်ပဲ"
"အဲဒီအချိန်တုန်းက သူ ဇီယန်ဂိုဏ်း ကို ရောက်လာတာက တခြားနေရာကနေ သတင်းသစ် တွေ ရလာလို့ပဲ... ငါ့ရဲ့ စုံစမ်း စစ်ဆေးမှု အခြေအနေ ကို သူက တိုက်ရိုက် မေးမြန်းခဲ့တယ်"
"ဒီ အဘိုးကြီး ကလည်း ဖုံးကွယ်ထားလို့ မရတော့ဘူး ဆိုတာကို သိလိုက်တော့... ငါ သိထားသမျှ အရာအားလုံး ကို ရိုးရိုးသားသား ပဲ သူ့ကို ပြောပြလိုက်တယ်"
"အဲဒီနောက်မှာတော့... မင်းအဖေ က ချီမေ တောအုပ် ဆီကို တစ်ယောက်တည်း ခိုးထွက်သွားခဲ့တယ်"
"ဒီ အဘိုးကြီး က ဘာတွေ ဖြစ်နေလဲ ဆိုတာကို သဘောပေါက်ပြီး အဲဒီကို သွားကူညီဖို့ စဉ်းစားမိတဲ့ အချိန်ကျတော့... မင်းအဖေ က ပြန်တောင် ရောက်နေပြီ"
"ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ရဲ့ မျက်နှာအမူအရာ က အင်မတန် လေးနက် တည်ကြည်နေခဲ့တယ်"
"ဒီ အဘိုးကြီး က ဘယ်လိုပဲ မေးမေး... သူက ဘာမှ မပြောခဲ့ဘူး..."
"မကြာသေးခင် နှစ်တွေ အတွင်းမှာ ဇီယန်ဂိုဏ်း က တပည့်တွေ ဘာလို့ တောင်အောက် ဆင်းတာ အရမ်း နည်းပါးသွားရသလဲ ဆိုတာကို မင်း.. ငါ့ကို မေးခဲ့တယ်လေ"
"အဲဒါက မင်းအဖေ ရဲ့ တောင်းဆိုချက် ကြောင့်ပဲ"
"ချီမေ တောအုပ် ကနေ ပြန်ရောက်လာပြီးတဲ့ နောက်မှာ... သူ တစ်ခုခုကို သေချာပေါက် တွေ့ရှိခဲ့မှာပဲ"
"သူ့မှာ အစီအစဉ် တစ်ခု ရှိတယ် လို့ပဲ ငါ့ကို ပြောခဲ့ပြီး... ဒီ အဘိုးကြီး ရဲ့ အကူအညီ ကို လိုအပ်တယ် တဲ့လေ"
"သူ တောင်းဆိုခဲ့တဲ့ တာဝန် က ရိုးရှင်းပါတယ်... သတ်မှတ်ထားတဲ့ အချိန် တစ်ခုမှာ ဇီယန်ဂိုဏ်း က တပည့်တွေ သိုင်းလောက ထဲကို သွားလာတာ လျှော့ချပေးဖို့ပဲ"
"တောင်တံခါး ကို ပိတ်ထားပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် ကြိုးစားဖို့... ပါရမီရှင် တွေကို ပြုစုပျိုးထောင် ဖို့ပေါ့"
"ကြီးကြီးမားမား ပြဿနာ မျိုး မဟုတ်ရင်... မလိုအပ်ဘဲ တောင်တံခါး အပြင်ဘက်ကို မထွက်ကြဖို့ လေ"
"... ဆရာအဘိုး က သဘောတူလိုက်တာလား"
ဆုမို ၏ အမြင်တွင် ဤ တောင်းဆိုချက် မှာ အလွန်အကျွံ ဖြစ်လွန်းနေပေသည်။
ဆုထျန်းယန် ပင်လျှင်... လီကျန်းယွမ် ၏ သူ့အပေါ် ထားရှိသော နက်ရှိုင်းသည့် ချစ်ခင်မြတ်နိုးမှု ကို အားကိုးပြီး... သည်လို တောင်းဆိုမှု မျိုးကို ဘယ်လိုများ လုပ်ရဲပါသနည်း။
ပိုပြီး ရယ်စရာ ကောင်းတာက... လီကျန်းယွမ် က တကယ်ကြီး သဘောတူလိုက်တယ် ဆိုတာပါပဲ။
"အင်း"
လီကျန်းယွမ် က ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့... သူ ရည်ညွှန်းခဲ့တဲ့ 'သတ်မှတ်ထားတဲ့ အချိန်' ဆိုတာက... တကယ်တမ်း ကျတော့... သူ သေဆုံးသွားပြီးတဲ့ နောက်ပိုင်း ဖြစ်လာလိမ့်မယ် လို့... ဒီ အဘိုးကြီး လုံးဝ စိတ်ကူးမယဉ်ခဲ့မိဘူး..."
ထိုစကားကို ကြားသောအခါ ဆုမို က ရုတ်တရက် လီကျန်းယွမ် ကို မော့ကြည့်လိုက်သည်။
သို့သော် အဘိုးအို မှာ တစ်ခုခုကို တွေးတောနေဟန်ဖြင့်၊ ဤစကားများကို ပြောပြီးနောက် ဝမ်းနည်း ပူဆွေးမှု များထဲတွင် နစ်မြုပ်သွားခဲ့ပြီ ဖြစ်ရာ၊ ဆုမို ၏ အကြည့်ကို သူ သတိမပြုမိခဲ့ချေ။
ဆုမို က မျက်လုံးများကို အသာအယာ မှိတ်ချလိုက်ပြီး၊ ပြန်ဖွင့်လိုက်သောအခါ သက်ပြင်း ဖွဖွ တစ်ချက် မှုတ်ထုတ်လိုက်သည်။
"ဆရာအဘိုး... အရမ်းကြီး ဝမ်းနည်း ပူဆွေး မနေပါနဲ့ဗျာ..."
"ဟူး..."
လီကျန်းယွမ် က သက်ပြင်းချရင်း ဆိုလေ၏။
"ထျန်းယန် ကွယ်လွန်သွားပြီးတဲ့ နောက်မှာ... စာတစ်စောင် မကြာခင် ရောက်လာခဲ့တယ်... သူ သေဆုံးပြီးတဲ့ နောက်မှာ မျိုးဆက်သစ် တပည့်တွေက လျှို့ဝှက် သေတ္တာ ကို စောင့်ရှောက်ရမယ့် တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ဘူး ဆိုရင်၊ တစ်ယောက်ယောက် က ဇီယန် အာမခံဌာန ကို သွားပြီး ပစ္စည်းကို ပြန်ယူသင့်တယ် တဲ့လေ"
"အကြိမ်ကြိမ်အခါခါ တွေဝေ တုံ့ဆိုင်းနေပြီးတဲ့ နောက်မှာ... နောက်ဆုံးတော့ ဒီ အဘိုးကြီး က သွမ့်ဆုန် ကို အဲဒီကို လွှတ်လိုက်တာပဲ... ဒါပေမဲ့ ငါ လုံးဝ မမျှော်လင့်ထားခဲ့တာက... အဲဒီ အောက်တန်းကျတဲ့ ယန်ရီဇီ က... သူက တကယ့်ကို ရွံစရာကောင်းတဲ့ ကောင်ပဲ"
ဆုမို တစ်ယောက် ခဏတာမျှ စကားပြောမထွက်အောင် ဖြစ်သွားရသည်။ လီကျန်းယွမ် ၏ ရင်တွင်း၌ ယန်ရီဇီ အပေါ် မကျေနပ်မှု အချို့ ကျန်ရှိနေသေးကြောင်း ထင်ရှားပေသည်။
သို့သော် စကားဝိုင်း က ဤနေရာသို့ ရောက်ရှိလာပြီ ဖြစ်ရာ၊ သူက မနေနိုင်တော့ဘဲ လီကျန်းယွမ် ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်၏။
"ဆရာအဘိုး... ချီမေ တောအုပ် နဲ့ မကြာသေးခင် က တုန်းချန် မိစ္ဆာ ဂိုဏ်း ရဲ့ လှုပ်ရှားမှု တွေနဲ့ ပတ်သက်ပြီး... ကျွန်တော် ဆရာအဘိုး ကို အသေးစိတ် သတင်းပို့ချင်တဲ့ ကိစ္စတချို့ ရှိနေပါတယ်"
ထိုစကားကို ကြားသောအခါ လီကျန်းယွမ် က ဆုမို ကို ဇဝေဇဝါ ဖြစ်စွာဖြင့် အကြည့်ပို့လွှတ်လိုက်သည်။
"ဟင်”
--