အခန်း ၄၆၀
Vol. 31 Ch. 460
အခန်း (၄၆၀) ထျန်းချူမြို့ အပိုင်း (၂)
'ဒီလောက် အဖိုးတန်တဲ့ ဝင်္ကပါကို ငါတို့လို သာမန်လူတွေကို သင်ပေးရက်တယ်... တကယ့်ကို လေးစားစရာ ကောင်းတဲ့ ခေါင်းဆောင်ပဲ။'
"ခေါင်းဆောင်ရဲ့ ကျေးဇူး ကြီးမားလှပါတယ်"
အဖွဲ့မှူးလီ က လေးနက်တည်ကြည်စွာဖြင့် အရိုအသေပေးလိုက်သည်။
သူတို့ စကားပြောနေကြစဉ်မှာပင်၊ ဝေဇီယီသည် အပြင်ဘက်မှ ဝင်ရောက်လာ၏။ ဆုမိုကို မြင်သောအခါ သူမက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မေးလိုက်သည်။
'ဘယ်တွေသွားပြီး ဘာတွေ ရှုပ်နေပြန်ပြီလဲ မသိဘူး။'
"ပြန်လာပြီလား"
"အင်း..."
ဆုမိုက ခေါင်းညိတ်လိုက်သည်။
"သခင်မလေး ဝေ... ပြင်ဆင်စရာရှိတာ ပြင်တော့။ ငါတို့ ထျန်းချူမြို့ကို အခုချက်ချင်း ထွက်ကြမယ်"
"အခုချက်ချင်း ထွက်မှာလား"
ဝေဇီယီ တစ်ယောက် အံ့အားသင့်သွားသော်ငြားလည်း၊ ချက်ချင်းပင် သဘောတူလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ပစ္စည်းများကို သိမ်းဆည်းရန် ကပျာကယာ ပြန်သွားတော့၏။
သိပ်မကြာမီမှာပင် လူတိုင်း ပြင်ဆင်ပြီးစီးသွားကြပြီး တိုက်ရိုက် ခရီးဆက်ခဲ့ကြသည်။
သို့ရာတွင် ရှို့ယန်တောင်ပေါ်မှ ဆင်းသက်လာပြီးနောက်၊ ဆုမိုသည် သူ၏ မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲတားလိုက်ပြီး ဇီယန်ဂိုဏ်းဆီသို့ လှည့်၍ ငေးကြည့်နေမိ၏။ သူ၏ မျက်ဝန်းများထဲတွင် လှိုင်းပုတ်ခတ်သွားသကဲ့သို့ ခံစားချက် တစ်ခုက ရေးရေးလေး ဖြတ်သန်းသွားသည်။
'ဒီတောင်ပေါ်မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက တိုတောင်းပေမဲ့... အမှတ်တရတွေကတော့ အများကြီးပဲ။ ဆရာအဘိုးရယ်... ကျန်းမာအောင် နေရစ်ခဲ့ပါတော့။'
ဝေဇီယီက သူ့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ မေးလိုက်သည်။
"နင်နဲ့ ဂိုဏ်းချုပ်လီ နဲ့ ဘာတွေများ တီးတိုး ပြောနေကြတာလဲ"
ဆုမို ချမ်ရှီဆောင်မှ ထွက်လာပြီးနောက် ဂိုဏ်းချုပ်၏ နေအိမ်ဆီသို့ တိုက်ရိုက် သွားခဲ့ကြောင်း သူမ သိထားပေသည်။ သို့သော် သူမအနေဖြင့် အနောက်မှ လိုက်ဝင်သွားရန် မသင့်လျော်သဖြင့်၊ မချိတင်ကဲဖြင့်သာ ကျန်ရစ်ခဲ့ရခြင်း ဖြစ်၏။
ယခု တောင်ပေါ်မှ ဆင်းလာချိန်တွင်တော့ သူမ ဆက်လက် သိမ်းဆည်းမထားနိုင်တော့ဘဲ ထုတ်မေးလိုက်ခြင်း ပါ။
ဆုမိုက ခပ်ဟဟလေး ပြုံးလိုက်သည်။
"ဘာမှမပြောပါဘူး... ဆရာအဘိုးက ငါ့ကို အာမခံပစ္စည်း တစ်ခု ပို့ပေးဖို့ အပ်လိုက်လို့ပါ"
"ဟင်"
ဝေဇီယီ အံ့အားသင့်သွားသည်။
"ဘယ်သူ့ဆီ ပို့ရမှာလဲ"
"မပြောပြဘူး"
"..."
'ဒီကောင့်ကို တကယ် ကျိန်ဆဲပစ်ချင်တာပဲ။ လူကို အမြဲတမ်း လာလာနောက်နေတယ်။'
ဝေဇီယီ၏ နှုတ်ခမ်းများ လှုပ်ရွသွားတော့၏။
"လူလိုသူလို သေချာ ပြောလို့မရဘူးလား။ ဒါနဲ့... စီနီယာသွမ့် ကိုလည်း မတွေ့ပါလား။ သူကော ထျန်းချူမြို့ကို လိုက်မယ် ဆိုတာ မဟုတ်ဘူးလား"
"သူလား..."
ဆုမိုက ပြုံးလိုက်သည်။
"နင် စိတ်အေးအေးသာ ထားပါ... သူ့မှာ တခြား အရေးကြီး ကိစ္စတွေ ရှိသေးလို့တဲ့။ ကဲ သွားကြစို့။ ထျန်းချူ ဓားပြိုင်ပွဲ ရဲ့ သတင်းတွေက ဆူညံနေတာ ကြာပြီဆိုတော့... ငါလည်း တော်တော်လေး စိတ်လှုပ်ရှားနေပြီ"
...
...
တိမ်တိုက်များ လွင့်မျောနေသော ကောင်းကင်ပြာအောက်တွင် သူတို့အဖွဲ့သည် ဇီယန်ဂိုဏ်းမှ ထွက်ခွာလာခဲ့ကြပြီး၊ ထျန်းချူမြို့ဆီသို့ ဦးတည် ခရီးနှင်ခဲ့ကြသည်။
ခရီးစဉ်မှာ သေချာပေါက် တိုတောင်းလှသည် မဟုတ်ချေ။ မြင်းများကို အသေအလဲ ဒုန်းစိုင်း နှင်လာခဲ့သည်တိုင်အောင်၊ ရောက်ရှိရန် လဝက် နီးပါးခန့် အချိန်ယူခဲ့ရ၏။
ထျန်းချူမြို့နှင့် နီးကပ်လာလေလေ၊ သိုင်းလောကမှ လူများကို ပိုမို တွေ့မြင်လာရလေလေ ပါ။
လူတွေ များလာသည်နှင့်အမျှ၊ ကတောက်ကဆများ ဖြစ်ပေါ်လာမည်မှာ သဘာဝပင် မဟုတ်ပါလော။ ထို့ကြောင့် လမ်းခရီး တစ်လျှောက်တွင် ဆုမိုနှင့် သူ၏ အဖွဲ့သားများသည် လမ်းဘေး၌ အချင်းချင်း သတ်ပုတ်နေကြသည်ကို ရံဖန်ရံခါ မြင်တွေ့ခဲ့ရပြီး၊ တစ်ခါတစ်ရံတွင် အချိန်မီ မြေမြှုပ်သင်္ဂြိုဟ်မခံရသော အလောင်းအချို့မှာ လမ်းပေါ်တွင် ပြန့်ကျဲနေသလို၊ သစ်ပင်များပေါ်တွင် တွဲလောင်းကျနေသည်ကိုပါ မြင်တွေ့ခဲ့ရသည်။
'သိုင်းလောက ဆိုတာ တကယ်တော့ သွေးစွန်းနေတဲ့ နေရာတစ်ခုပဲ။ ကိုယ့်ကိစ္စ မဟုတ်ရင် ဝင်မပါတာ အကောင်းဆုံးပဲ။'
ထိုသို့သော တိုက်ပွဲများကို မျက်မြင်ကိုယ်တွေ့ ကြုံရလျှင်တောင် ဝင်ရောက် မစွက်ဖက်ခြင်းက အကောင်းဆုံး ဖြစ်ပေ၏။ ရန်ပွဲများ၏ အကြောင်းရင်းများမှာ ကွဲပြားခြားနားကြပြီး၊ အချို့က စကားများ ရန်ဖြစ်ရာမှ၊ အချို့က သွေးကြွေးများကြောင့် ဖြစ်ကြ၏။ အမှားနှင့် အမှန်ကို ခွဲခြားရန် အလွန် ခက်ခဲလှပြီး၊ အလောတကြီး ဝင်ပါလိုက်မိပါက ရုန်းထွက်ရန် ခက်ခဲသော ရှုပ်ထွေးသည့် ပဋိပက္ခများ အတွင်းသို့ ပိတ်မိသွားနိုင်ချေ ရှိသည်။
ထို့ကြောင့် သူတို့အဖွဲ့သည် လမ်းခရီးတွင် ကြုံတွေ့ရသော ကွေ့ကောက် ရှုပ်ထွေးမှုများကို မျက်ကွယ်ပြုထားရန်သာ ရွေးချယ်ခဲ့ကြသည်။
သို့သော် တစ်စုံတစ်ယောက်က သူတို့၏ သိုင်းပညာကို အခွင့်ကောင်းယူကာ သာမန် အရပ်သားများကို အနိုင်ကျင့် တိုက်ခိုက်နေမည် ဆိုပါက၊ မတရားမှုကို မြင်သည်နှင့် သူတို့၏ ဓားများကို ဆွဲထုတ် ကူညီရန် လုံးဝ တုံ့ဆိုင်းနေမည် မဟုတ်ချေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထျန်းချူမြို့ကြီးက သူတို့၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
အဝေးမှ မျှော်ကြည့်လိုက်သောအခါ၊ လောကကြီး၏ အရပ်လေးမျက်နှာ အလယ်တွင် ခန့်ညားထည်ဝါစွာ ရပ်တည်နေသော မြို့တော်ကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။ အမြင့်ပိုင်း တစ်နေရာမှ ငုံ့ကြည့်လိုက်ရာ၊ မြို့ရိုးကြီးများမှာ ဟောင်းနွမ်း ဆွေးမြည့်နေ၏။ အတွင်းဘက်၌ ခပ်ရေးရေးမျှ မြင်တွေ့နေရသော အဆောက်အအုံများ အားလုံးတွင်လည်း ကာလကြာရှည် တည်ရှိခဲ့သော သက်တမ်းရင့် အမှတ်အသားများ ထင်ဟပ်နေပေ၏။
ဒါက ဆုမို ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူ မြင်ဖူးသမျှ အကြီးမားဆုံးသော မြို့ကြီး ဖြစ်သည်။ လော့ဖုန်း မဟာမိတ်အဖွဲ့၏ မြို့ကြီးလေးမြို့ နှင့်ဖြစ်စေ၊ လမ်းခရီးတွင် ကြုံတွေ့ခဲ့ရသော မည်သည့် မြို့များနှင့်ဖြစ်စေ နှိုင်းယှဉ်လိုက်ပါက ဤမြို့ကြီးကို ယှဉ်နိုင်မည့် မြို့ဆိုသည်မှာ လုံးဝ မရှိခဲ့ချေ။
"ထျန်းချူမြို့ထဲမှာ သာမန် အရပ်သားတွေလည်း ရှိနေတာလား"
'ဒီလို တရားသောလမ်းစဉ်နဲ့ မိစ္ဆာတွေ အမြဲ ချနေကြတဲ့ နေရာမှာ... သာမန်လူတွေ နေလို့ ဖြစ်ပါ့မလား။ အချိန်မရွေး မြေစာပင် ဖြစ်သွားနိုင်တာပဲ။'
ဆုမိုက အံ့အားသင့်စွာဖြင့် ဝေဇီယီအား ပြန်ကြည့်လိုက်မိသည်။
ထျန်းချူမြို့ ဆိုသည်မှာ တရားသော လမ်းစဉ် နှင့် မိစ္ဆာ လမ်းစဉ် တို့၏ စစ်တလင်းပြင် ဖြစ်ရာ၊ ဤနေရာတွင် တပ်စွဲထားသော တရားသော လမ်းစဉ်မှ ကျွမ်းကျင်သူ များမှလွဲ၍ သာမန် အရပ်သားများ နေထိုင်လိမ့်မည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့ခြင်းပါ။
မည်သို့ပင်ဆိုစေ မိစ္ဆာ ဂိုဏ်းကြီး သုံးဂိုဏ်း က ရံဖန်ရံခါ လာရောက် တိုက်ခိုက်လေ့ရှိပြီး၊ မည်သူမဆို မြေစာပင် ဖြစ်ကာ အလွယ်တကူ သေဆုံးသွားနိုင်သည် မဟုတ်ပါလော။
"လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ တုန်းက... ထျန်းချူမြို့ ဆိုတာ တုန်းဟွမ် တစ်ခွင်လုံးရဲ့ အချက်အချာကျတဲ့ မြို့တော်ကြီးလေ"
ဝေဇီယီက ပြုံး၍ ရှင်းပြလာပါသည်။
"အဲဒီလို နေရာမျိုးမှာ အရပ်သားတွေ ဘယ်လိုလုပ် မရှိဘဲ နေမလဲ။ လူတိုင်းက ကိုယ့်ရဲ့ မွေးရပ်မြေ ကို စွန့်ခွာသွားဖို့ ဆန္ဒ မရှိကြဘူးလေ"
"ဒါပေမဲ့ ငါလည်း ဒီကို ရောက်တာ ဒါ ပထမဆုံးအကြိမ်ပဲ... နောက်မှ သေချာ လိုက်ကြည့်ရဦးမယ်။ ဂိုဏ်းကြီး (၇) ဂိုဏ်း နဲ့ တုန်းချန် အရပ်ရပ်က ဂိုဏ်းတွေ အားလုံး ဒီမှာ တပ်စွဲထားကြတာ ဆိုတော့... ဒီနေရာက တုန်းချန် သိုင်းလောက တစ်ခုလုံးရဲ့ အနှစ်သာရတွေ စုစည်းနေတဲ့ နေရာလို့ ပြောလို့ရတယ်... သာမန် နေရာတွေနဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမလဲ"
"လူတော်တော်များများ က ဒီနေရာကို အခွင့်အလမ်းတွေ ပြည့်နှက်နေတဲ့ မြေဆီလွှာ လို့တောင် ထင်ကြတာ။ ဆရာတင်စရာ လူမရှိတဲ့ သူတွေက... ကံစမ်းဖို့ ဒီ ထျန်းချူမြို့ ကို လာကြတယ်။ အကယ်၍ ဂိုဏ်းကြီး (၇) ဂိုဏ်း ရဲ့ မျက်စိကျတာကို ခံရပြီ ဆိုရင်တော့... ညတွင်းချင်း ကောင်းကင်ဘုံ ကိုးထပ် အထိ တိုက်ရိုက် တက်လှမ်းသွားနိုင်တာပေါ့"
ဟူဆန်းတောက် တစ်ယောက် ဝေဇီယီ ပြောသွားသော စကား၏ ဒုတိယ အပိုင်းကို သိပ်ပြီး ခံစားမှု မရှိလှပေ။
သို့သော် ပထမ အပိုင်းဖြစ်သည့် 'လူတိုင်းက ကိုယ့်ရဲ့ မွေးရပ်မြေ ကို စွန့်ခွာသွားဖို့ ဆန္ဒ မရှိကြဘူး' ဟူသော စကားရပ်က သူ၏ ရင်ထဲသို့ အလွန်တရာ နက်ရှိုင်းစွာ ထိမှန်သွားပြီး သူက အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။
"မတတ်သာလို့ အကျပ်အတည်း နဲ့ ရင်ဆိုင်ရတာ မဟုတ်ရင်... ဘယ်သူကများ ကိုယ့်ရဲ့ မွေးရပ်မြေ ကို စွန့်ခွာချင်ပါ့မလဲဗျာ"
သူနှင့် မြင်းတစ်စီးတည်း အတူစီးလာသော အမာရွတ်နှင့် လူစိမ်းကလည်း ချက်ချင်းပင် အဆက်မပြတ် ခေါင်းညိတ်ကာ လိုက်ပြော၏။
"မတတ်သာလို့ အကျပ်အတည်း နဲ့ ရင်ဆိုင်ရတာ မဟုတ်ရင်... ဘယ်သူကများ ကိုယ့်ရဲ့ မွေးရပ်မြေ ကို စွန့်ခွာချင်ပါ့မလဲဗျာ"
'ဒီသောက်ရူးကတော့... ငါ့ကို နောက်နေပြန်ပြီ။ ရိုက်ပစ်လိုက်ရရင် ကောင်းမလား။ အင်း... မဖြစ်သေးပါဘူး။ ငါ သူ့ကို ရိုက်ရင် သူကလည်း ငါ့ကို ပြန်ရိုက်မှာ။ ငါရိုက်တာက သူ နာချင်မှ နာမယ်... သူ ပြန်ရိုက်ရင် ငါတော့ သွားကျိုးမှာ သေချာတယ်။ တောက်.. သည်းခံ ဟူဆန်းတောက်... သည်းခံ။'
ဟူဆန်းတောက်၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွားပြီး၊ အမာရွတ်နှင့် လူစိမ်းကို အသေအလဲ ထိုးကြိတ်ပစ်လိုက်ချင်စိတ်များ ပေါက်လာတော့၏။
သို့သော် အမာရွတ်နှင့် လူစိမ်း၏ စိတ်အခြေအနေမှာ မွေးကင်းစ ကလေးငယ် တစ်ဦးအလား အပြစ်ကင်းစင် နေသော်ငြားလည်း၊ သူ၏ သိုင်းပညာ စွမ်းရည်များကိုမူ မေ့လျော့သွားခြင်း မရှိချေ။
ဟူဆန်းတောက်က သူ့ကို ဘာပဲလုပ်လုပ်၊ သူကလည်း ဟူဆန်းတောက်ကို အတိအကျ ပြန်လုပ်မည်သာ ဖြစ်သည်။ ဟူဆန်းတောက်က သူ့ကို ရိုက်လျှင် သူက ဘာမှမဖြစ်သော်လည်း၊ သူက ဟူဆန်းတောက်ကို ပြန်ရိုက်လျှင်မူ ဟူဆန်းတောက်မှာ နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့ကာ အချိန်အကြာကြီး ညည်းတွားနေရမည် ဖြစ်၏။
လောလောဆယ်တွင် ဟူဆန်းတောက်မှာ သူ့ကို ဘာမှ မတတ်နိုင်သဖြင့် လျစ်လျူရှုထားရန်သာ ရွေးချယ်လိုက်ရသည်။
ဖုဟန်ယွမ် မှာလည်း ဝေဇီယီ၏ စကားတစ်ခွန်းကြောင့် သူ၏ မွေးရပ်မြေကို လွမ်းဆွတ်သွားသည့် ခံစားချက်များ ပေါက်ဖွားလာကာ သက်ပြင်းတိမ်တိမ်လေး တစ်ချက် မှုတ်ထုတ်လိုက်မိ၏။
သူတို့အချင်းချင်း ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက်၊ အဖွဲ့သည် ထျန်းချူမြို့ဆီသို့ ဆက်လက် ခရီးနှင်ခဲ့ကြသည်။
သို့သော် 'ခရီးဝေးမှ မြင်းအစွမ်းကို သိရသည်' [t.n: -မူရင်း တရုတ်စကားပုံ 望山跑死马 (တောင်ကို မြင်ရသော်လည်း မြင်းကို အသေပြေးစေရသည်) ကို ဆိုလိုပါသည်။ မြင်နေရသော်လည်း လက်တွေ့သွားသောအခါ အလွန်ဝေးကွာပြီး ပင်ပန်းရသည်ကို တင်စားခြင်း ဖြစ်ပါသည်] ဟူသော စကားအတိုင်း၊ အနီးလေးဟု ထင်ရသော မြို့ကြီးထံသို့ ရောက်ရှိရန် သူတို့အဖွဲ့မှာ နောက်ထပ် နေ့တစ်ဝက်ခန့် ခရီးထပ်မံ နှင်ခဲ့ရပြီးမှသာ ထျန်းချူမြို့၏ အခြေသို့ ရောက်ရှိသွားကြလေတော့သည်။
ထျန်းချူမြို့၏ အခြေတွင် ကင်းစောင့်နေသူများ ရှိပြီး၊ အဓိကအားဖြင့် တုန်းချန် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှ ဖြစ်ကြကာ၊ အခြားသော ဂိုဏ်းငယ်များကလည်း သူတို့ကို ကူညီ ထောက်ပံ့ပေးနေကြ၏။ မိစ္ဆာဂိုဏ်းမှ လူယုတ်မာများ လျှို့ဝှက် ခိုးဝင်လာခြင်းကို တားဆီးရန် သူတို့က အလှည့်ကျ ကင်းစောင့်နေကြခြင်း ပါ။
ထို့ကြောင့် မြို့၏ အဝင်အထွက်ကို ထိန်းချုပ်မှုမှာ အလွန်တရာ တင်းကျပ်လှပေသည်။
သာမန် အရပ်သားများနှင့် ကုန်သည်များ အနေဖြင့် သူတို့ ဘယ်ကလာသည်၊ ဘာရည်ရွယ်ချက်ဖြင့် လာသည် ဆိုသည်ကို ပြသရန် အထောက်အထား စာရွက်စာတမ်းများ ရှိရမည် ဖြစ်၏။
ထို့ပြင် မြို့ထဲသို့ ဝင်ရောက်ပြီးနောက်တွင်လည်း ချက်ချင်း လွတ်လပ်စွာ သွားလာခွင့် မရှိသေးဘဲ၊ မှတ်ပုံတင်ခြင်း နှင့် စာရင်းသွင်းခြင်း များကို ကဏ္ဍစုံမှ အသေးစိတ် ပြုလုပ်ရသေးသည်။
အကယ်၍ သိုင်းလောကမှ လူများသာ ဆိုလျှင်တော့၊ သာမန် အထောက်အထား စာရွက်စာတမ်းများဖြင့် လုံးဝ လုံလောက်မည် မဟုတ်ချေ။
--