အခန်း ၄၆၅
Vol. 31 Ch. 465
အခန်း (၄၆၅) ဘုန်းကြီး ဟွေပြန့်
ဝေဇီယီသည် သူမ၏ မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ သူမသည် သစ်ပင်ထက်တွင် သံမှိုစွဲသကဲ့သို့ ဖြစ်နေသော ရုပ်အလောင်းကို တစ်ချက်ကြည့်၊ ဘေးနားရှိ ဆုမိုကို တစ်ချက်ကြည့်နှင့် အကြည့်များကို အကြိမ်ကြိမ် အပြန်အလှန် လွှဲပြောင်းနေမိ၏။ နောက်ဆုံးတွင် သူမသည် လက်ကလေးကို မြှောက်ကာ ရုပ်အလောင်းကို ညွှန်ပြရင်း ဆုမိုဘက်သို့ လှည့်ကြည့်လိုက်သည်။
တစ်အောင့်မျှ ကြာမှသာ သူမ၏ နှုတ်ဖျားမှ စကားလုံးနှစ်လုံး ဝါကျတစ်ကြောင်း ထွက်ကျလာတော့၏။
"သေပြီလား..."
"သေပြီ"
ဆုမိုက အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ထူးခြားလှသော အကြားအာရုံကို အသုံးပြု၍ စမ်းသပ်ကြည့်သော်လည်း ထိုရုပ်အလောင်းထံမှ မည်သည့် သွေးခုန်သံနှင့် နှလုံးခုန်သံကိုမျှ မကြားရချေ။ သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
သို့သော် သိုင်းလောကအတွင်း၌ 'လိပ်အသက်ရှူခြင်း' ကဲ့သို့သော ဟန်ဆောင်သေဆုံးသည့် သိုင်းပညာများ ရှိနေတတ်သဖြင့်၊ ဆုမိုသည် ရုပ်အလောင်းအနီးသို့ တစ်ဖန် ချဉ်းကပ်သွားကာ အသေးစိတ် စစ်ဆေးလေတော့သည်။ သူသည် ရုပ်အလောင်း၏ အဝတ်အစားများအတွင်းမှ အပြင်အထိ နှိုက်ချွတ်ရှာဖွေနေခြင်း ဖြစ်၏။
"စစ်ဆေးတာကတော့ ထားပါတော့... နင်က သူ့ကိုယ်ပေါ်မှာ ဘာတွေ လိုက်နှိုက်ရှာနေတာလဲ"
ဝေဇီယီသည် ဒုတိယအကြိမ်အဖြစ် သူမ၏ မျက်စိကို မယုံကြည်နိုင်အောင် ဖြစ်သွားရပြန်သည်။
'ဒီကောင်ကတော့ တကယ်ပဲ။ လူသေအလောင်းကိုတောင် အားမနာဘဲ လိုက်နှိုက်နေတယ်။ အလောင်းဖျက်ဆီးတဲ့ အကျင့်ရှိနေတာလား၊ ဒါမှမဟုတ် ရသမျှ ပစ္စည်း အကုန်သိမ်းချင်တဲ့ ကပ်စေးနှဲလေးလား မသိဘူး။'
ဆုမိုက နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်၏။
"ဘာမှမရှိဘူး..."
"နင်က ဘာရှိမယ်လို့ ထင်နေလို့လဲ"
"ငါသာ သိနေရင်... ဒီလို လိုက်ရှာနေစရာ လိုမလား"
ဆုမိုက ဝမ်ချန်ရှင်း၏ ဒဏ်ရာကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"သခင်မလေး ဝေ... နင့်ရဲ့ ဓားသိုင်းပညာက နာမည်ကြီးတယ်ဆိုတော့၊ ဒီဒဏ်ရာကို ကြည့်ပြီး ဘာများ ပြောချင်လဲ"
"လူကို လာပြီး အထင်မကြီးပြနဲ့..."
ဝေဇီယီက မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ရုပ်အလောင်းအနားသို့ တိုးကပ်သွားသည်။
"တခြားလူတွေ မသိရင်သာ ထားပါတော့... နင့်ရဲ့ ဓားသိုင်းက ငါ့ထက် အများကြီး သာတယ်ဆိုတာ ငါမသိဘဲ နေမလား"
သူမသည် ပြောသာပြောနေသော်လည်း ဒဏ်ရာကိုမူ အသေးစိတ် စစ်ဆေးနေမိ၏။
"နှလုံးသားကို တည့်တည့်၊ သန့်သန့်ရှင်းရှင်း ထိုးသွားတာပဲ။ သတ်တဲ့လူရဲ့ သိုင်းပညာက ဝမ်ချန်ရှင်းထက် အများကြီး သာလွန်နေတာပဲ ဖြစ်ရမယ်"
ဝေဇီယီ ပြောနေသော်လည်း သူမ၏ စိတ်ထဲတွင် တုန်လှုပ်မှုအချို့ ရှိနေပေသည်။ စောစောက ခြံဝင်းအတွင်း၌ ဝမ်ချန်ရှင်း ထုတ်ပြခဲ့သော ဓားသိုင်းများမှာ အလွန်တရာ အစွမ်းထက်လှသည် မဟုတ်ပါလော။ ထိုသို့သော လူမျိုးကို ထိပ်တိုက်ရင်ဆိုင်မှုအတွင်း၌ ဤမျှ သန့်ရှင်းစင်ကြယ်စွာ မည်သူက သတ်နိုင်ပါသနည်း။
ထို့ပြင် ပတ်ဝန်းကျင်ကို ကြည့်လျှင်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် အမှတ်အသားများ မရှိချေ။ ယင်းမှာ တိုက်ပွဲသည် အလွန်တရာ တိုတောင်းလှကြောင်း ဖော်ပြနေပေသည်။
'အခြေအနေကို ပြန်ကြည့်ရင်... တစ်ယောက်ယောက်က အခန်းထဲမှာတင် ဝမ်ချန်ရှင်းကို လက်ဦးမှုယူပြီး တိုက်လိုက်တယ်။ အဲဒီနောက်မှာ ဝမ်ချန်ရှင်းက အသည်းအသန် ပြေးရင်း ဒီနေရာမှာ လာပိတ်မိတာပေါ့။ အဲဒီတော့မှ နှစ်ကွက်၊ သုံးကွက်လောက်ပဲ ယှဉ်လိုက်ရပြီး ဝမ်ချန်ရှင်း အသက်ပျောက်သွားတာပဲ။ ဒါမျိုး အစွမ်းမျိုး ရှိတဲ့သူက ဘယ်သူများလဲ။'
ဆုမိုသည် ရုပ်အလောင်းကို ခေတ္တမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက်၊ ရုတ်တရက် မျက်ခုံးများ ပင့်တက်သွားကာ အဝေးတစ်နေရာသို့ အကြည့်ပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝေဇီယီသည်လည်း မော့ကြည့်လိုက်၏။
သူတို့နှစ်ဦးလုံး အကြည့်ပို့လွှတ်လိုက်သော နေရာဆီမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ဖြာထွက်နေပေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး အချက်ပြလိုက်ကြပြီးနောက် မဆိုင်းမတွပင် ထိုနေရာဆီသို့ ဒုန်းစိုင်း ပြေးထွက်ခဲ့ကြတော့၏။ သို့သော် ထွက်ခွာမသွားမီမှာပင် ဆုမိုသည် ဝမ်ချန်ရှင်း၏ ရုပ်အလောင်းကို တွေဝေစွာဖြင့် နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သေးသည်။
နောက်ဆုံးတွင်မူ သူ၏ ခေါင်းထဲရှိ အတွေးများကို ယာယီ ဘေးဖယ်ထားလိုက်ရလေတော့သည်။
သူတို့နှစ်ဦးသည် ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုလိုက်ကြရာ၊ ခဏအတွင်းမှာပင် ဆယ်မိုင်ခန့် ခရီးကို ဖြတ်ကျော်လျက် တောင်ကြားတစ်ခု၏ အနီးသို့ ရောက်ရှိသွားကြ၏။ ကုန်းမြင့်တစ်ခုပေါ်မှ ငုံ့ကြည့်လိုက်သောအခါ တောင်ကြားအတွင်း၌ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အရိပ်အချို့ကို မြင်တွေ့လိုက်ရသည်။
ဆုမိုနှင့် ဝေဇီယီတို့သည် သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းနှစ်ခုပေါ်တွင် ရပ်ကာ ညအမှောင်ကို အကာအကွယ်ယူ၍ စောင့်ကြည့်နေကြ၏။
ထိုနေရာတွင် လူစုစုပေါင်း ခုနစ်ယောက် ရှိပေသည်။ အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး ဖြစ်ကာ၊ အားလုံးမှာ ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အဝတ်အစားကို အနည်းငယ်မျှသာ ဝတ်ဆင်ထားကြခြင်း ပါ။
ယခုအခါ သူတို့သည် တစ်ခုခုနှင့် ကြုံတွေ့နေရဟန် တူပြီး၊ မျက်မမြင်များကဲ့သို့ ပတ်ချာလည် ဝိုင်းနေကြသည်။ သူတို့ထဲမှ တစ်ဦးက ဒေါသတကြီး အော်ဟစ်နေ၏။
"ဒီသောက်သုံးမကျတဲ့ လူယုတ်မာတွေ.. ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရဲတယ်ပေါ့။ မင်းတို့မှာ သတ္တိရှိရင် ထွက်လာပြီး ငါတို့နဲ့ အကွက်ပေါင်း သုံးရာလောက် ယှဉ်လိုက်စမ်းပါ.."
"ဟုတ်တယ်... အူမကြီး ပြုတ်ထွက်သွားတဲ့အထိ တိုက်ကြမယ်ဟေ့။ ဘယ်နှစ်ကွက် ခံနိုင်မလဲဆိုတာနဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြတာပေါ့.."
"ဒီနှုတ်ခမ်းနီမလေးက ချောသားပဲ။ အကိုကြီးတို့နောက် လိုက်ခဲ့ပါလား ညီမလေးရယ်။ ရုပ်ပဲရှိပြီး အနှစ်မရှိတဲ့ လူတွေနဲ့ နေနေတာ နှမြောစရာကြီး"
"ဒါပေါ့... ငါတို့ ညီအစ်ကိုတွေရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ထူးကဲပါတယ်။ မယုံရင် ဘေးနားက ညီမလေးတွေကို မေးကြည့်လိုက်လေ"
အမျိုးသမီးများကလည်း ချက်ချင်းပင် ထောက်ခံအားပေးနေကြတော့၏။ သူတို့၏ စကားများမှာ အလွန်တရာ အောက်တန်းကျလှပေသည်။ သူတို့၏ ရာဂစိတ်နှိုးဆွသော အပြုအမူများမှာ ကြည့်ရသည်မှာပင် ရင်လေးစရာ ကောင်းလှ၏။
'ကြည့်စမ်း... ဒီကောင်တွေကတော့ တိုက်ပွဲထဲမှာတောင် နှာဘူးထနေကြတုန်းပဲ။ အဝတ်အစားကလည်း လုံအောင်မဝတ်ဘူး။ အအေးပတ်ပြီး သေမှာတောင် မကြောက်ကြဘူး ထင်တယ်။'
ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ဝေဇီယီ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး တိုးတိုးလေး ဆိုလိုက်၏။
"ကျိလေ နန်းတော်က လူယုတ်မာတွေပဲ"
သူမက ပြောပြောဆိုဆိုဖြင့် ဓားကို ဆွဲထုတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ဆုမိုက သူမကို အသာအယာ တားလိုက်၏။ ထိုအစား သူသည် သစ်ပင်မှ သစ်ကိုင်းတစ်ခုကို ခုတ်ယူကာ၊ အတွင်းအားကို အသုံးပြု၍ တစ်လက်မခန့်ရှိသော အပိုင်းအစလေးများအဖြစ် ပိုင်းဖြတ်လိုက်သည်။
သူသည် လက်ချောင်းများကို ခပ်ဖွဖွလေး တောက်လိုက်ရာ၊ 'လက်ချောင်းတောက်သိုင်း'၏ လျှို့ဝှက်နည်းစနစ်အောက်တွင် သစ်ကိုင်းစလေးများသည် အသံတိတ်စွာ ပျံသန်းသွားတော့၏။
ချက်ချင်းပင် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံနှင့်အတူ သူမ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို ကြားလိုက်ရသည်။ သူမသည် သူမ၏ ခြေထောက်ကို ပွတ်သပ်ရင်း ခန္ဓာကိုယ်ကို ရမ္မက်ကြွဖွယ် ဖြစ်အောင် တမင်တကာ တွန့်လိမ်ပြလိုက်၏။
"ဘယ်သူလဲ... ဘယ်သူကများ ငါ့ကို ဒီလောက် ရက်ရက်စက်စက် လုပ်ရက်တာလဲ"
"မင်းရဲ့ ထိပ်ပြောင် ချစ်သူ ဖြစ်နေမလား"
အခြားတစ်ဖက်မှ တစ်ဦးက ပြောပြောဆိုဆိုဖြင့် ထိုအမျိုးသမီးအနားသို့ တိုးသွားကာ ချုံခိုတိုက်ခိုက်သူကို ရှာဖွေရန် ကြိုးပမ်းသည်။
ဆုမိုက မျက်ခုံးကို အသာအယာ ပင့်လိုက်ပြီး ဝေဇီယီကို အကြည့်ပို့လွှတ်လိုက်၏။ သူက ဝေဇီယီသည် သူ၏ အကြည့်ကို နားလည်လိမ့်မည်ဟု ထင်ထားသော်လည်း၊ ဝေဇီယီက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကိုသာ တွေ့လိုက်ရပေသည်။
'ဟင်... ဒီမိန်ကလေး ဘာဖြစ်နေတာလဲ။ ငါက ကူညီနေတာကို။ ငါ့ကိုများ အဝတ်အစား မလုံတဲ့ကောင်တွေနဲ့ တစ်ဖွဲ့တည်း ထင်နေတာလား။'
ဆုမိုသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း အချိန်ဆွဲမနေတော့ချေ။ သူသည် သစ်ကိုင်းစလေးများကို 'လက်ချောင်းတောက်သိုင်း' အသုံးပြု၍ သူတို့၏ သွေးကြောကွက်များကို တည့်တည့်မှန်အောင် တောက်လိုက်သည်။
ပထမဆုံးလူ ထိမှန်သွားသည်နှင့် သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လုံးဝ မလှုပ်နိုင်တော့ချေ။ သို့သော် သူသည် အားယူကာ အော်ပြောလိုက်သေး၏။
"သူတို့ မဟုတ်ဘူး.. ပြေးကြတော့...."
သို့ရာတွင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ဆုမို၏ လက်ချောင်းများမှာ လျင်မြန်လှပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ခုနစ်ကြိမ် တိတိ တောက်လိုက်ပြီး ဖြစ်၏။
သို့သော် နောက်ဆုံးတစ်ချက်မှာမူ အနည်းငယ် နောက်ကျသွားခဲ့သည်။
နောက်ဆုံးကျန်ရှိနေသော လူသည် သူ၏ ဘေးပတ်ဝန်းကျင်မှ လူများ၏ အခြေအနေကို ကြည့်ကာ၊ တိုက်ခိုက်သူ၏ သိုင်းပညာမှာ အလွန်တရာ မြင့်မားလှကြောင်း သိရှိသွားတော့၏။ ထိပ်တိုက် ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူ သဘောပေါက်သွားပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် ထွက်ပြေးရန် ကြိုးစားခြင်းမှာလည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သူသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး၊ ရင်ဘတ်အတွင်းမှ စက္ကူထုပ်ငယ်လေး တစ်ထုပ်ကို ထုတ်ယူကာ အတွင်းအားဖြင့် ဖိလိုက်ရာ၊ ထိုစက္ကူထုပ်မှာ ရုတ်ချည်း ပေါက်ကွဲသွားလေတော့၏။
--