← Chapters

အခန်း ၄၈၇

Vol. 42 Ch. 487

အခန်း ၄၈၇

Vol. 42 Ch. 487

အပိုင်း (၄၈၇)

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ ဦးခေါင်းတစ်ခုလုံး ထုံကျင်သွားတော့၏။

‘စုမန်က လူသတ်တယ် ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး။ စုမန်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်သူ ဖြစ်လို့ နန်းတွင်း စာမေးပွဲ မတိုင်ခင် ညဘက်မှာ ပြည့်တန်ဆာ အိမ်ကို သွားတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်ကို မုဒိမ်းကျင့် သတ်ဖြတ်တယ် ဟုတ်လား။ ပိုပြီးတော့တောင် ယုတ္တိ မရှိသေးဘူး။ သူ သေချာပေါက် သူတစ်ပါးရဲ့ ချောက်ချတာကို ခံရတာပဲ။’

အမတ်ကြီး ယွီကျန်းက ပြောလိုက်သည်။ “ကျုပ် အမတ် လုပ်လာတာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် လူတွေ အများကြီးကို စော်ကားခဲ့ဖူးပြီး ကျုပ်မှာ အဖွဲ့အစည်းလည်း မရှိဘူး။ စုမန် ပြဿနာ ဖြစ်တော့ ကျုပ် မဖြစ်မနေ ကယ်တင်ရမှာပေမယ့် တကယ်တမ်း ကိစ္စကြုံလာတော့ ခင်ဗျားလို ကျောင်းသားဆီကိုပဲ လာရှာနိုင် တော့တယ်။ ကျုပ် ယွီကျန်းရဲ့ တစ်သက်တာဟာ တကယ်ကို ဘာမှ အောင်မြင်မှု မရှိခဲ့ပါဘူး။”

နာကျင်ဖွယ်ရာကိစ္စကို ပြောဆိုမိချိန်မှာတော့ အမတ်ကြီး ယွီကျန်း၏ မျက်နှာပေါ်တွင် မျက်ရည်များ ကျဆင်းလာတော့၏။

ယွင်ကျုံးဟဲ့ သည် အမတ်ကြီး ယွီကျန်းကို အလျင်အမြန် ထူမကာ ပြောလိုက်သည်။ “ကျုပ်နဲ့ အစ်ကို စုမန် တို့ဟာ ရည်မှန်းချက် တူညီတဲ့ ညီအစ်ကိုတွေပါ။ သေချာပေါက် ကယ်တင်ပေးပါ့မယ်။ ဆရာ စိတ်ချပါ။”

ထို့နောက် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အစ်ကို စုမန်ရဲ့ အမှုကို အဓိက စစ်ဆေးနေတဲ့ သူက ဘယ်သူလဲ။”

“တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ ပါ။” ယွီကျန်းက ပြန်ဖြေလိုက်သည်။

‘ဖူရန်လုံ ဟုတ်လား။ ဖူယန်ထူရဲ့ မျိုးနွယ်စုဝင်လား။ ခင်ဗျားကလည်း ကျုပ် အောက်ယွီရဲ့ သေရေးရှင်ရေး ရန်သူ ပဲလေ။ ကျုပ်အဖေ အောက်ရှင်းဟာ တရားလွှတ်တော်ချုပ် အကျဉ်းထောင်မှာ အဆုတ်နာရောဂါ ကူးစက် ခံခဲ့ရတာဆိုတော့ ဒီတရားလွှတ်တော်ချုပ် အကြီးအကဲလည်း တာဝန်ကနေ လုံးဝ ကင်းလွတ်နိုင်မှာ မဟုတ်ဘူး။

ကောင်းတယ်... ကောင်းတယ်။ ဧကရာဇ်ဟောင်းက သေမယ့်လူ စာရင်းထဲမှာ လူနည်းနေသေးတယ်လို့ ထင်နေတာ မဟုတ်လား။ အဲဒါဆို ခင်ဗျားကိုပါ ပေါင်းထည့်လိုက်မယ်။ တော်ဝင်သမားတော်၊ တရားလွှတ်တော်ချုပ် အကြီးအကဲ၊ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်... ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို အသုံးပြုပြီး လူအများကြီး ရှေ့မှာ ဒီသုံးယောက်ကို သတ်ပစ်လိုက်ရင် လုံလောက်တဲ့ အလေးချိန် ရှိသွားပြီး လောက က လူတွေကို ကြောက်ရွံ့လေးစားသွားစေဖို့ လုံလောက်ပြီပေါ့။ ရှန်ချင်းနန်းဆောင်ဟာ ဩဇာတိက္ကမ ရှိပြီး လျှို့ဝှက်ဆန်းကြယ်တဲ့၊ ကျူးလွန်လို့ မရတဲ့ နေရာတစ်ခု ဖြစ်သွားဖို့ လုံလောက်ပြီပေါ့။’

ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်၏။ “ဆရာ... ဒါဆို ဒီတစ်ကြိမ် နန်းတွင်း စာမေးပွဲမှာ ပထမဆု ရတဲ့သူက ဘယ်သူလဲ။”

ယွီကျန်းက ပြန်ဖြေလိုက်သည်။ “ခင်ဗျားရဲ့ ညီအစ်ကိုအောက်မင်ပါ။”

‘အောက်မင် ပထမဆု ရသွားတယ် ဟုတ်လား။’

ယွင်ကျုံးဟဲ့၏ မျက်နှာ အဆက်မပြတ် တွန့်လိမ်သွားတော့၏။ ‘ဧကရာဇ်မင်းမြတ်... ခင်ဗျားက ကျုပ်ကို တမင် လာရွံအောင် လုပ်နေတာလား။’

.................

နောက်တစ်နေ့ ညီလာခံတွင် ယွင်ကျုံးဟဲ့သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရာရှိငယ် တစ်ဦး ဖြစ်သောကြောင့် ညီလာခံသို့ တက်ရောက်ခွင့် မရှိသော်လည်း ရိုလန်နိုင်ငံသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည့်ကိစ္စကို အစီရင်ခံရန် ရှိနေသောကြောင့် ညီလာခံသို့ တက်ရောက်လာခဲ့ပြီး အမတ်များ၏ နောက်ဆုံးတန်းတွင် ရပ်နေခဲ့သည်။

သူ၏ စျေးပေါသော အစ်ကို အောက်မင်လည်း ညီလာခံသို့ တက်ရောက်လာခဲ့သည်။ သူသည် နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ်ဖြစ်ကာ ဟန်လင် နန်းတွင်းကျောင်း၏ စာပြုအရာရှိ အဖြစ် ခန့်အပ်ခံထားရ၏။

“ဧကရာဇ်မင်းမြတ်ကြွလာပါပြီ။ လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။ မရှိရင် ညီလာခံ သိမ်းပါမယ်။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် ထွက်လာပြီး ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။”

ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ပြော။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်၏။ “အရှင်မင်းမြတ်က မင်းသမီး ရှန်ရှန်းကို လက်ထပ်ပေးဖို့ အမိန့်ထုတ်ခဲ့တာ အချိန်အတော်ကြာပါပြီ။ အခု ဧကရာဇ်ဟောင်းလည်း ဝိညာဉ် ပြန်ဝင်လာပြီ ဆိုတော့ အချိန်ကောင်း၊ နေ့ကောင်း တစ်ခု ရွေးချယ်ပြီး မင်းသမီး ရှန်ရှန်းနဲ့ ကျိန့်ဟိုင် မြို့စား သားတော် စီးဝမ် တို့ကို စောစောစီးစီး လက်ထပ်ပေးလိုက်တာ ပိုကောင်းပါတယ်။ ဒါမှ မယ်တော်မိဖုရားခေါင်ကြီးရဲ့ စိတ်ပူပန်မှုတွေကို ဖြေသိမ့်ပေးနိုင်သလို ကောင်းမွန်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်လာစေမှာပါ။”

‘ဧကရာဇ်က မင်းသမီး ရှန်ရှန်းကို လက်ထပ်ပေးဖို့ စီစဉ်ထားတာလား။ ပြီးတော့ ယွင်ကျုံးဟဲ့ရဲ့ သေရေးရှင်ရေး ရန်သူဖြစ်တဲ့ ကျိန့်ဟိုင် မြို့စားအိမ်တော် သားတော်နဲ့ လက်ထပ်ပေးတာလား။’

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ အားလုံး ထောင်မတ်သွားတော့သည်။

‘မင်းသမီး ရှန်ရှန်းနဲ့ ကျုပ်က သံယောဇဉ် ရှိတယ် ဆိုတာကို ခင်ဗျား သိသိကြီးနဲ့ ကျိန့်ဟိုင် မြို့စားအိမ်တော်နဲ့ လက်ထပ်ဖို့ စီစဉ်ပေးတယ် ဟုတ်လား။ ကျုပ် လူသုံးယောက် သတ်တာ မလုံလောက်သေးလို့လား။ ကျုပ်ကို လူဘယ်နှစ်ယောက်လောက် သတ်ခိုင်းချင်နေသေးတာလဲ။’

မင်းသမီး ရှန်ရှန်းကို လက်ထပ်ရန်မှာ မူလက ယွင်ကျုံးဟဲ့၏ အရေးကြီးသော အစီအစဉ် တစ်ခုဖြစ်ပြီး သူနှင့် ဧကရာဇ်ဟောင်းကြားရှိ ဆက်သွယ်ရေး ကြိုးတစ်ချောင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယခင်က ရှန်ချင်းနန်းဆောင်သို့ မင်းသမီး ရှန်ရှန်း တစ်ဦးတည်းကသာ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရှိခဲ့သောကြောင့် ဖြစ်သည်။

သို့ပေမည့် နောက်ပိုင်းတွင် ကိစ္စရပ်များစွာ ဖြစ်ပေါ်လာခဲ့ပြီး ယွင်ကျုံးဟဲ့ သည်လည်း အလွန် အစွမ်းထက် လာခဲ့သောကြောင့် ဧကရာဇ်ဟောင်းနှင့် ရင်းနှီးရန်အတွက် မင်းသမီး ရှန်ရှန်းကို လက်ထပ်ရန် မလိုအပ်တော့ချေ။

ယခုအခါ ယွင်ကျုံးဟဲ့က ဧကရာဇ်ဟောင်းကို လိုအပ်သကဲ့သို့ ဧကရာဇ်ဟောင်းကလည်း ယွင်ကျုံးဟဲ့ကို လိုအပ်နေသည်။

သို့ပေမည့် မင်းသမီး ရှန်ရှန်းကဲ့သို့ ဖြူစင်ချစ်စရာကောင်းပြီး လှပသော မိန်းကလေးကို စီးကွမ် ဆိုသည့် တိရစ္ဆာန် တစ်ကောင်နှင့် လက်ထပ်ပေးရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း။

ထို့အပြင် ယွင်ကျုံးဟဲ့ သည်လည်း အင်ပါယာ၏ သမက်တော် အဆင့်အတန်းကို အလွန် လိုအပ်နေသည်။

သူသည် ဤတစ်ကြိမ် နွေဦး စာမေးပွဲနှင့် နန်းတွင်း စာမေးပွဲများတွင် ဝင်ရောက် မဖြေဆိုခဲ့သောကြောင့် အရေးကြီးသော ရာထူးများကို မရယူနိုင်တော့သလို သူ၏ ဘွဲ့များကိုလည်း ရုပ်သိမ်းခံထားရပြီဖြစ်ရာ အင်ပါယာ၏ သမက်တော် အဆင့်အတန်းသည် အလွန်ကောင်းမွန်သော အစပျိုးမှု တစ်ခု ဖြစ်၏။

မင်းသမီးကို လက်ထပ်လိုက်သည်နှင့် တပြိုင်နက် သမက်တော်အဖြစ် ချက်ချင်း ခန့်အပ်ခံရမည်ဖြစ်ပြီး ဤရာထူးမှာ အထက်နှင့်အောက် ပြောင်းလွယ်ပြင်လွယ် ရှိသော နေရာတစ်ခု ဖြစ်သည်။

ယခုခေတ်၏ သမက်တော်များသည် များသောအားဖြင့် စတုတ္ထအဆင့် အမတ်များ ဖြစ်ကြပြီး ဤရာထူးဖြင့် အရပ်ဖက်တွင် ခရိုင်တစ်ခုကို အုပ်ချုပ်နိုင်သလို စစ်ဖက်တွင်လည်း စစ်တပ်တစ်ခုကို အုပ်ချုပ်နိုင်၏။

အရေးအကြီးဆုံးမှာ မင်းသမီး ရှန်ရှန်း နှင့် သူသည် အပြန်အလှန် ချစ်မြတ်နိုးနေကြပြီ ဖြစ်သည်။

ရှန်ရှန်း သည် သူ့ကို အောက်ယွီ အဖြစ် ထင်မှတ်နေသော်လည်း အစ်ကိုဖြစ်သူ အောက်ယွီ မရှိတော့ပြီဖြစ်ရာ သူသည် ဤလှပသော မိန်းကလေးကို စောင့်ရှောက်သင့်သည် မဟုတ်ပါလား။

ရန်သူများက မင်းသမီး ရှန်ရှန်းကို စီးကွမ် နှင့် လက်ထပ်ပေးလိုခြင်းမှာလည်း အောက်ခြေမှနေ၍ ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ်ဟောင်း တို့၏ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

အခြေအနေများ ဤမျှလောက် မြန်ဆန်စွာ တိုးတက်လာမည်ဟု သူတို့ မခန့်မှန်းနိုင်ခဲ့ကြချေ။ ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ်ဟောင်းတို့၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးနေပြီဖြစ်ပြီး ဆက်သွယ်ရေးကြိုးအဖြစ် မင်းသမီး ရှန်ရှန်းကိုပင် မလိုအပ်တော့ချေ။

သို့ပေမည့် ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ် သည် မင်းသမီး ရှန်ရှန်းအပေါ် မူလတည်းက တပ်မက်နေခဲ့သူ ဖြစ်ပြီး သူမကို သူ့ထံ လက်ထပ်ပေးလိုက်ခြင်းအားဖြင့် ယွင်ကျုံးဟဲ့ကို တိုက်ခိုက်နိုင်မှာဖြစ်သည်။

ယခုအခါ ယွင်ကျုံးဟဲ့ကို တိုက်ခိုက်နိုင်မည့် မည်သည့်ကိစ္စကိုမဆို ရန်သူများက လုပ်ဆောင်လိုကြသည်။ သို့ပေမည့် ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်တွင် ဇနီး ရှိနေသည် မဟုတ်ပါလား။

တိုက်ဆိုင်စွာပင် လွန်ခဲ့သော နှစ်လခန့်က သူ၏ ဇနီးသည် ပြင်းထန်သော ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

မင်းသမီး ရှန်ရှန်းကို လက်ထပ်ရန်အတွက် သူသည် မိမိ၏ ဇနီးကိုပင် ရောဂါဖြင့် သေဆုံးစေခဲ့ရာ ဤသည်မှာ အောက်မင်၏ အဆိပ်ပြင်းသော အကြံအစည်လည်း ဖြစ်လို့နေ၏။

စီးကွမ်သည် ကျိန့်ဟိုင်မြို့စား၏ သားတော်ဖြစ်ပြီး အဆင့်အတန်း မြင့်မားသူဖြစ်ရာ ဇနီး သေဆုံးသွားပြီ ဖြစ်သောကြောင့် နောက်အိမ်ထောင် ပြုရပေလိမ့်မည်။

အင်ပါယာ တစ်ခုလုံးတွင် စီးကွမ်နှင့် ထိုက်တန်သော အမျိုးသမီး မည်မျှ ရှိမည်နည်း။ လက်ချိုးရေတွက်၍ပင် ရနိုင်ပြီး နောက်အိမ်ထောင် ပြုလျှင်လည်း တရားဝင် ဇနီးသာ ဖြစ်ရမှာဖြစ်၏။

ထိုစဉ် အတောအတွင်း တောင်ပိုင်းကျိုးအင်ပါယာသည် ကျိန့်ဟိုင်မြို့စားအိမ်တော်၏ အကူအညီကို မလွဲမသွေ လိုအပ်လျက် ရှိသည်။

လန်ကျိုးပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ဆူနာမီရေလှိုင်းကြီးများကြောင့် လန်ကျိုးရေတပ်၏ ထက်ဝက်ခန့်မှာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ဆိပ်ကမ်းမှာလည်း ပြိုလဲပျက်စီးသွားခဲ့ရ၏။

ထိုအခြေအနေကြောင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ ကြီးမားသော ထိုးနှက်ချက်နှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ ပင်လယ်ပြင်ကုန်သွယ်ရေးအာဏာမှာလည်း များစွာထိခိုက်ခဲ့ရလေသည်။

ယခုအခါ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကိစ္စရပ်များအတွက် အင်အားအကြီးဆုံး ရေတပ်ကို ပိုင်ဆိုင် ထားသည့် စီးမိသားစုကိုသာ အားကိုးအားထားပြုရန် ရှိတော့၏။

ထို့အပြင် လက်ရှိအချိန်၌ နိုင်ငံတော်ဘဏ္ဍာတိုက်မှာလည်း လွန်စွာခမ်းခြောက်လျက် ရှိ၏။ လန်ကျိုးဒေသတွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးနှင့် တာတမံ ကျိုးပေါက်မှုများကြောင့် မိုင်ထောင်ချီ ကျယ်ဝန်းသော မြေနေရာ များမှာ ရေအောက်သို့ နစ်မြုပ်ခဲ့ရပြီး ပြည်သူသန်းပေါင်း များစွာမှာလည်း ဒုက္ခပင်လယ်ဝေနေကြရသည်။

အဆိုပါ ဒုက္ခသည်များကို ကယ်ဆယ်ရန်နှင့် လန်ကျိုးဒေသအား ပြန်လည်ထူထောင်ရန်အတွက် ငွေကြေးနှင့် စားနပ်ရိက္ခာ အမြောက်အမြား လိုအပ်လျက် ရှိ၏။

ဤမျှ များပြားလှသော ငွေကြေးနှင့် ရိက္ခာကို အချိန်မီ ထုတ်ပေးနိုင်စွမ်း ရှိသည်မှာ ကျိန့်ဟိုင်မြို့စား စီးမိသားစု တစ်ခုတည်းသာ ရှိလေရာ ဧကရာဇ် ကိုယ်တိုင်ပင်လျှင် ၎င်းတို့အိမ်တော်ထံမှ ငွေချေးယူရန် စဉ်းစားနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

ဤကဲ့သို့သော အချိန်အခါမျိုးတွင် ကျိန့်ဟိုင်မြို့စား၏ သားတော် စီးကွမ်၏ ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် စီးကွမ်သည် စေ့စပ်ကြောင်းလမ်းရေးမှူး လွှတ်ကာ မင်းသမီးရှန်ရှန်းကို လက်ထပ်ခွင့်ပေးရန် ဧကရာဇ်ထံ တောင်းဆိုခဲ့လေ၏။

သို့သော်ငြား ဧကရာဇ်အနေဖြင့် မင်းသမီးရှန်ရှန်း၏ အိမ်ထောင်ရေးကို မိမိတစ်ဦးတည်း သဘောဖြင့် ဆုံးဖြတ်၍ မရဘဲ ဧကရာဇ်ဟောင်းတွင်လည်း ပြောရေးဆိုခွင့်ရှိသည်ကို သိရှိထားသည်။

ထို့ကြောင့် ထိုစဉ်က ချက်ချင်း သဘောတူခြင်းမပြုဘဲ ကျိန့်ဟိုင်မြို့စားအိမ်တော်မှ အခြားသားတစ်ဦးကို မြို့စားအဖြစ် ခန့်အပ်သည့် အမိန့်တော်ကိုသာ ထုတ်ပြန်ခဲ့၏။

ဤလုပ်ရပ်၏ အဓိပ္ပာယ်မှာမူ လွန်စွာထင်ရှားလှသည်။ ၎င်းမှာ သူ့ထံတွင် ငွေကြေးလိုအပ်နေပြီ ဟူသော သဘောပင် ဖြစ်သည်။

ကျိန့်ဟိုင်မြို့စား စီးပြန်းသည်လည်း အခြေအနေကို ပါးနပ်စွာ နားလည်သူဖြစ်ရာ ငွေသားနှစ်သန်းနှင့် စားနပ်ရိက္ခာ တစ်သိန်းကို ချက်ချင်းပင် ထောက်ပံ့ပေးအပ်ခဲ့လေ၏။

အမှန်စင်စစ် ဧကရာဇ်သည် မင်းသမီးရှန်ရှန်းကို စီးကွမ်နှင့် လက်ထပ်ပေးချင်သလားဟု မေးလျှင် သေချာပေါက် လက်ထပ်ပေးလိုသည်ဟုသာ ဆိုရပေမည်။

ယခုအချိန်သည် ကျိန့်ဟိုင်မြို့စားအိမ်တော်အား အစစအရာရာ အလိုလိုက်ရမည့် အချိန်ဖြစ်သည့်အပြင် ရှန်ရှန်းကို စီးကွမ်နှင့် လက်ထပ်ပေးလိုက်ခြင်းဖြင့် ဧကရာဇ်ဟောင်းနှင့် အောက်ယွီတို့အကြားရှိ ဆက်ဆံရေးကို ထက်ဝက်ခန့် ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားမှာဖြစ်သည်။

ထို့အတူ မင်းသမီးရှန်ရှန်းမှာလည်း လွန်စွာဉာဏ်အမြော်အမြင် ရှိလှသည်။ သူမသည် ရှန်ချင်းနန်းဆောင် အတွင်း၌သာ အမြဲတစေ နေထိုင်ပြီး ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုဘဲ ရန်သူများအတွက် အခွင့်အရေး တစ်စုံတစ်ရာ မရရှိစေရန် ဆင်ခြင်နေထိုင်ခဲ့၏။

အရင်တုန်းကဆိုလျှင် မင်းသမီးသည် လစဉ် လဆန်း ခုနစ်ရက်နေ့တိုင်း၌ ရှန်ချင်းနန်းဆောင်မှ ထွက်ခွာ၍ နန်းတော်သို့ပြန်ကာ ဧကရာဇ်နှင့် မယ်တော်မိဖုရားခေါင်ကြီးတို့အား သွားရောက်ဂါရဝပြုလေ့ ရှိခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ပေ။

သို့သော်လည်း အောက်ယွီနှင့် တွေ့ဆုံပြီးချိန်မှစ၍ မင်းသမီးသည် နန်းတော်သို့ တစ်ကြိမ်တစ်ခါမျှ ပြန်လည် ကြွရောက်ခြင်း မရှိတော့ချေ။

တစ်ခါက မယ်တော်မိဖုရားခေါင်ကြီးသည် ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ မိန်းမစိုးများကို စေလွှတ်၍ မင်းသမီးရှန်ရှန်းကို လာရောက်ခေါ်ဆောင်စေခဲ့သည်။

ထိုအခါ မင်းသမီးကလည်း မိမိကိုယ်တိုင် အအေးမိဝေဒနာ ခံစားနေရသောကြောင့် မယ်တော် မိဖုရားခေါင်ကြီးထံသို့ ရောဂါကူးစက်သွားမည်ကို စိုးရိမ်ကြောင်း၊ ရောဂါပျောက်ကင်းသွားပါက မယ်တော်ကြီးထံသို့ သေချာပေါက် လာရောက်ဂါရဝပြုမည်ဖြစ်ကြောင်း ပါးနပ်စွာ အကြောင်းပြန်ခဲ့လေ၏။

ဤသို့ဖြင့် ရန်သူများ၏ ကြံစည်မှုမှာ အခွင့်အရေး မရရှိခဲ့ပေ။

သို့သော်ငြား နောက်ဆုံးတွင် ဧကရာဇ်ဟောင်း၌ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပြီးနောက် ရှန်ချင်း နန်းဆောင်သည် တားမြစ်နယ်မြေအဖြစ် ဆက်လက် တည်ရှိမနေတော့ဘဲ ဧကရာဇ်ကိုယ်တိုင် အမတ်များကို ခေါ်ဆောင်ကာ အတင်းအဓမ္မ ဝင်ရောက်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။

ထိုအခြေအနေတွင် မင်းသမီးရှန်ရှန်းသည် တစ်ခွန်းမျှပင် မဆိုတော့ဘဲ ချက်ချင်း ထွက်ပြေးတိမ်းရှောင် ခဲ့လေသည်။ ရှန်ချင်းနန်းဆောင်မှ မိန်းမစိုးများနှင့် အစောင့်အကြပ်များကလည်း မင်းသမီးအား အစွမ်းကုန် ကာကွယ်၍ လွတ်မြောက်အောင် ကြိုးပမ်းပေးခဲ့ကြသည်။

သို့သော်လည်း သူမမှာ ငယ်ရွယ်သော မိန်းကလေးတစ်ဦးသာ ဖြစ်သည့်အပြင် တစ်မြို့တော်လုံးမှာလည်း ဧကရာဇ်၏ လက်အောက်ခံ နယ်မြေဖြစ်နေလေရာ မည်သည့်နေရာသို့ ပြေးလွှားပုန်းရှောင်နိုင်ပါမည်နည်း။

ထို့ကြောင့် မြို့ပြင်သို့ မထွက်ခွာနိုင်မီမှာပင် အဖမ်းခံခဲ့ရပြီး ယခုအခါ နန်းတော်အတွင်း၌ အကျယ်ချုပ် ချခံထားရပြီ ဖြစ်သည်။

ထိုအကြောင်းများကြောင့် ယခုတစ်ကြိမ် ရှန်ချင်းနန်းဆောင်သို့ ယွင်ကျုံးဟဲ့ ရောက်ရှိလာချိန်တွင် မင်းသမီးရှန်ရှန်းကို မတွေ့ရှိခဲ့ခြင်းပင်။

……………..

All Chapters