← Chapters

အခန်း ၄၈၈

Vol. 42 Ch. 488

အခန်း ၄၈၈

Vol. 42 Ch. 488

အပိုင်း (၄၈၈)

လွန်ခဲ့သော ရက်ပေါင်းနှစ်ဆယ်ခန့်က ဧကရာဇ်ဟောင်း နတ်ရွာစံတော့မည် ဟူသောသတင်း အပြင်သို့ မပေါက်ကြားမီမှာပင် ကျိန့်ဟိုင်မြို့စား၏ သားတော် စီးကွမ်သည် အခွင့်ကောင်းကို အသုံးချခဲ့သည်။

သူသည် ခမ်းနားထည်ဝါသော ပြင်ဆင်မှုများဖြင့် ချင်ဝမ် (မင်းသားကြီး) သုံးပါးကို စေ့စပ်ရေးမှူးအဖြစ် စေလွှတ်ကာ ညီလာခံတွင် မင်းသမီးရှန်ရှန်းအား လူသိရှင်ကြား လက်ထပ်ခွင့် တောင်းဆိုခဲ့လေ၏။

ဤသို့သော အခြေအနေမျိုး၌ ဧကရာဇ်ကိုယ်တိုင်က မင်းသမီးအား စီးကွမ်နှင့် လက်ထပ်ပေးလိုသည်မှာ ထားပါဦး၊ သူကိုယ်တိုင် လက်မထပ်ပေးလိုလျှင်ပင် ငြင်းပယ်ရန် လွန်စွာခက်ခဲလှသည်။

စီးမိသားစုမှာ အင်ပါယာအတွင်း တစ်ဦးတည်းသော မျိုးရိုးမတူသည့် ဘုရင်ဖြစ်သည့်အပြင် ယခုအချိန်တွင် အင်ပါယာသည် စီးမိသားစု၏ အကူအညီကို အလွန်အမင်း လိုအပ်နေ၏။

သမိုင်းသာဓကအရ မန်ချူးခေတ်က ရွှန်းကျိဧကရာဇ်သည်ပင် ဝူဆန်းကွေကို အလိုလိုက်ရန်အတွက် မိမိ၏ ညီမတော်ဖြစ်သူ ကျန့်နင်မင်းသမီးကို ဝူရင်ရှုံနှင့် လက်ထပ်ထိမ်းမြားပေးခဲ့ရဖူးလေသည်။

သို့ရာတွင် ထိုစဉ်က ဧကရာဇ်ဟောင်းမှာ ရောဂါကျွမ်းနေပြီဖြစ်ရာ ဤကဲ့သို့ ဝမ်းနည်းပူဆွေးနေရမည့် အချိန်၌ တော်ဝင်မိသားစုက လက်ထပ်ထိမ်းမြားရန် အမိန့်ထုတ်ပြန်ခြင်းသည် မိဘကျေးဇူးကို လျစ်လျူရှုရာ ကျမနေဘူးလားဟု မေးခွန်းထုတ်စရာ ရှိလာ၏။

ထိုအခါ အမတ်အချို့က ဤမင်္ဂလာကိစ္စသည် ဧကရာဇ်ဟောင်းအတွက် ယတြာချေပေးခြင်း (နိမိတ်ယူပေးခြင်း) ဖြစ်ပြီး မင်္ဂလာနိမိတ်နှင့် ကြုံတွေ့ရပါက ဧကရာဇ်ဟောင်း၏ ရောဂါဝေဒနာများ ပျောက်ကင်းသွားနိုင်သည် ဟု စာချွန်လွှာ တင်သွင်းခဲ့ကြသည်။

၎င်းတို့သည် တာ့ယန်အင်ပါယာခေတ်မှစ၍ သာဓကအမြောက်အမြားကို ရှာဖွေတင်ပြကာ ဤလုပ်ရပ်သည် မိဘကျေးဇူး သိတတ်ခြင်းနှင့် ဆန့်ကျင်မှုမရှိကြောင်း အတည်ပြုခဲ့ကြ၏။

ထို့ကြောင့် ဧကရာဇ်ဝမ်ယွင်သည်လည်း လွန်စွာဝမ်းမြောက်သွားပြီး တရားဝင်အမိန့်တော် ထုတ်ပြန်ကာ မင်းသမီး ရှန်ရှန်းကို ကျိန့်ဟိုင်မြို့စား၏ သားတော် စီးကွမ်နှင့် စေ့စပ်ပေးခဲ့ပြီး အချိန်ကောင်း ရွေးချယ်၍ လက်ထပ်ပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

“အရှင်မင်းမြတ်... ကျုပ်ကန့်ကွက်ပါတယ်။” ယွင်ကျုံးဟဲ့ ချက်ချင်း ထွက်လာပြီး ပြောလိုက်၏။

လူတိုင်း အံ့ဩသွားကြတော့သည်။ ‘အောက်ယွီ... ခင်ဗျားက ဘာလို့ကန့်ကွက်ရတာလဲ။ ခင်ဗျားမှာ ဘာရာထူး ရှိလို့လဲ။’

ချက်ချင်းပဲ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိငယ်လေး တစ်ယောက်ပဲ။ ဒီကိစ္စမှာ ခင်ဗျား ဝင်ပြောခွင့် မရှိဘူး။ တကယ်တော့ ခင်ဗျား ညီလာခံကိုတောင် တက်ခွင့် မရှိဘူး။ ဒီတစ်ကြိမ် ညီလာခံကို တက်ခွင့်ပြုတာက ခင်ဗျား ရိုလန်မြို့ကို သွားခဲ့တဲ့ကိစ္စတွေကို အစီရင်ခံဖို့ပဲ။ နိုင်ငံခြားရေးဝန်ကြီး...ကိုယ့်လူကို ကိုယ်ထိန်းပါ။”

ချက်ချင်းပဲ နိုင်ငံခြားရေးဝန်ကြီး လန်မန်ကျန်းက ထွက်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အရာရှိ အောက်ယွီ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိပါ။”

ဧကရာဇ်ကတော့ အေးအေးဆေးဆေး ပြုံးလျက် ပြောလိုက်၏။ “အောက်ယွီ... ရိုလန်မြို့ကို သွားခဲ့တဲ့ ခင်ဗျားရဲ့ တာဝန်တွေ ဘယ်လိုနေလဲ။”

‘ဘယ်လိုနေလဲ ဆိုတာကို ခင်ဗျား မသိဘူးလား။ ခင်ဗျားရဲ့ သူတစ်ပါး ဓားငှားပြီး လူသတ်တဲ့ အကြံအစည် မအောင်မြင်လို့ စိတ်ထဲမှာ အရမ်း မကျေမနပ် ဖြစ်နေတယ် မဟုတ်လား။’

ယွင်ကျုံးဟဲ့သည် အလျင်အမြန် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... တာ့ရှ အင်ပါယာက ကိုယ်စားလှယ် အမတ် စေလွှတ်ပြီး ရိုလန်နိုင်ငံကို အသိအမှတ်ပြုကာ နိုင်ငံတော် သဝဏ်လွှာကိုပါ ပေးအပ်ခဲ့ပါတယ်။

ရိုလန် ဘုရင်မက ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို ကြည်ညိုလေးစားတဲ့အတွက် ကျုပ်ကတစ်ဆင့် နိုင်ငံတော် သဝဏ်လွှာကို ဆက်သလိုက်ပြီး ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာအတွက် မြောက်ဘက် နယ်စပ်ကို စောင့်ကြပ်ပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။”

ဤစကားမှာ အနည်းငယ် ရှုပ်ထွေးလှလို့နေ၏။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာအတွက် မြောက်ဘက် နယ်စပ်ဒေသကို စောင့်ကြပ်ပေးလိုသည်ဟူသော အချက်မှာ လက်နက်ချအညံ့ခံ၍ တောင်ပိုင်းကျိုးအင်ပါယာ၏ လက်အောက်ခံနိုင်ငံအဖြစ် ခံယူလိုသည့် သဘောမျိုး သက်ရောက်နေသည်။

သို့သော်လည်း တစ်ဖက်တွင် နိုင်ငံတော်သဝဏ်လွှာကို တရားဝင်ပေးအပ်ခြင်းမှာမူ အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်ခုအကြား သံတမန်အဆက်အသွယ်ပြုသည့် သဘောဖြစ်နေပြန်ရာ ထိုလုပ်ရပ်နှစ်ခုမှာ လွန်စွာပင် ကွဲလွဲရှုပ်ထွေးလှသော ကိစ္စရပ်ကြီး ဖြစ်နေလေတော့၏။

“ယူလာခဲ့။” ဧကရာဇ်က ပြုံးလျက် ပြောလိုက်သည်။

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးသည် ယွင်ကျုံးဟဲ့အပေါ် အမြင်မကြည်လင်ကြသော်လည်း ဧကရာဇ် တစ်ဦးတည်းသာလျှင် ခြွင်းချက် ဖြစ်နေ၏။

မိန်းမစိုးကြီး ဟောက်ချင့်သည် ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့၏ လက်ထဲမှ ရိုလန်နိုင်ငံ၏ သဝဏ်လွှာကို ယူဆောင်သွားတော့သည်။

ဧကရာဇ်သည် သဝဏ်လွှာကို ယူ၍ ဖွင့်ဖတ်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားရဲ့ ဒီတာဝန်ကို သေချာ ထမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး... ခင်ဗျားလက်အောက်မှာ အရည်အချင်းရှိတဲ့ လူတွေ ရှိနေတာပဲ။”

နိုင်ငံခြားရေးဝန်ကြီးက အလျင်အမြန် ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး။ ဒါပေမဲ့ ကျုပ် မဖြစ်မနေ ပြောရမယ့် စကားတစ်ခွန်း ရှိပါတယ်။ အောက်ယွီဟာ ကျူရန် တစ်ယောက်ပဲ ရှိသေးပြီး ကျင်ရှီ မဟုတ်ပါဘူး။ သူ့ကို ဒီအတိုင်း သတ္တမအဆင့် အရာရှိအဖြစ် ခန့်အပ်လိုက်တာဟာ နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နည်းနည်း ချိုးဖောက်ရာ ရောက်ပါတယ်။”

‘သောက်ကျိုးနည်း... သတ္တမအဆင့် အရာရှိကိုတောင် ပေးမလုပ်ဘူး ဟုတ်လား။ နိုင်ငံခြားရေးဝန်ကြီးက ယွင်ကျုံးဟဲ့ကို နှင်ထုတ်ချင်နေတာပဲ။’

ဧကရာဇ်က ပြောလိုက်၏။ “အရည်အချင်း ရှိတဲ့သူကို စည်းမျဉ်းမလိုဘဲ ခန့်အပ်ရမှာပေါ့။”

ဧကရာဇ် ဝမ်ယွင်ကိုယ်တိုင်လည်း ဝမ်းသာနေသည်။ ယခုတစ်ကြိမ် အောက်ယွီကို ရိုလန်နိုင်ငံသို့ ကိုယ်စားလှယ် အဖြစ် စေလွှတ်လိုက်သောကြောင့် သူ၏ နွေဦး စာမေးပွဲနှင့် နန်းတွင်း စာမေးပွဲများကို နှောင့်နှေးသွားစေခဲ့ပြီး ကျင်ရှီ ဖြစ်မလာတော့ချေ။

ထိုသို့မဟုတ်ပါက အောက်ယွီ၏ ပါရမီများဖြင့် ပထမဆု မရလျှင်တောင်မှ ပထမတန်းစား ကျင်ရှီ ဖြစ်လာမည်မှာ သေချာသည်။

ပထမတန်းစား ကျင်ရှီ ဖြစ်လာပါက နန်းတွင်း၏ အဓိက ဌာနများတွင် နေရာချထားပေးရမှာဖြစ်ပြီး အောက်ယွီ၏ ပြဿနာ ရှာတတ်သည့် စွမ်းရည်ဖြင့်ဆိုပါက အန္တရာယ် အရမ်းကြီးမားလေသည်။ ယခုအခါ အောက်မင် သည် ပထမဆု ရရှိသွားပြီဖြစ်ရာ ဤရလဒ်မှာ အလွန်ကောင်းမွန်လို့နေ၏။

ယွင်ကျုံးဟဲ့က စကားစကို ပြန်လှည့်ကာ ပြောလိုက်သည်။ “အရှင်မင်းမြတ်... မင်းသမီး ရှန်ရှန်းနဲ့ သားတော် စီးကွမ် တို့ရဲ့ အိမ်ထောင်ရေးကို ကျုပ်ကန့်ကွက်ပါတယ်။”

ဧကရာဇ်က ပြုံးလျက် မျက်နှာထားဖြင့် မေးလိုက်၏။ “အင်း... အဲဒါက ဘာဖြစ်လို့လဲ။ ပြီးတော့ ဒါက ခင်ဗျားရဲ့ သဘောထားလား၊ ဒါမှမဟုတ် ဧကရာဇ်ဟောင်းရဲ့ သဘောထားလား။”

ဤစကားကို ပြောဆိုချိန်တွင် ဧကရာဇ်သည် ပြုံးနေသော်လည်း မျက်လုံးများမှာမူ အေးစက်နေသည်။

အကယ်၍ ယွင်ကျုံးဟဲ့က ၎င်းသည် ဧကရာဇ်ဟောင်း၏ သဘောထား ဖြစ်သည်ဟု ပြောလိုက်ပါက ပို၍ စိတ်ဝင်စားစရာကောင်းသွားမှာဖြစ်၏။

ထိုစဉ်က ဧကရာဇ်ဟောင်းပင်လျှင် ငြိမ်းချမ်းရေးအတွက် မင်းသမီးလန်ရှီးကို ရှီးလျန်ဘုရင်ထံ ကိုယ်လုပ်တော် အဖြစ် လက်ထပ်ထိမ်းမြားပေးခဲ့ဖူးသည် မဟုတ်ပါလား။ ယခုအခါတွင်လည်း ကျိန့်ဟိုင်မြို့စားအိမ်တော်သည် တောင်ပိုင်းကျိုးအင်ပါယာအတွက် အလွန် အရေးပါသည့် နေရာသို့ ရောက်နေသည်။ ထို့ကြောင့် မင်းသမီးရှန်ရှန်းကို စီးကွမ်နှင့် လက်ထပ်ပေးရန် ဆုံးဖြတ်ခြင်းမှာ မည်သည့်အမှားအယွင်း ရှိသနည်း။

ထို့အပြင် ကျိန့်ဟိုင်မြို့စားမှာ နန်းတွင်း၌ တစ်ဦးတည်းသော မျိုးရိုးမတူသည့် ဘုရင်တစ်ပါး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်က ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခွင့် တောင်းဆိုလာသည်ကို တော်ဝင်မိသားစုက ငြင်းပယ်လိုက်မည်ဆိုပါက စော်ကားရာ ရောက်ပေလိမ့်မည်။

ဧကရာဇ်ဟောင်းအနေဖြင့် ဤကိစ္စကို ကန့်ကွက်နေမည်ဆိုပါက တိုင်းပြည်၏အကျိုးစီးပွားကို လျစ်လျူရှုရာ ကျနေမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးကိစ္စရပ်များတွင် လုံးဝဝင်ရောက်စွက်ဖက်ခြင်း မပြုဟု ကတိပြုထားခဲ့သည် မဟုတ်ပါလား။

မင်းသမီးရှန်ရှန်းနှင့် ကျိန့်ဟိုင်မြို့စားအိမ်တော်တို့၏ အိမ်ထောင်ရေးမှာ နိုင်ငံရေးနှင့် တိုက်ရိုက်ဆက်နွှယ်နေသော ကိစ္စရပ်ဖြစ်ရာ ဝင်ရောက်စွက်ဖက်သည်ဆိုလျှင် ဧကရာဇ်ဟောင်းက သူ၏ကတိကို ဖောက်ဖျက်ရာ ရောက်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဧကရာဇ်ဟောင်းက မပြောခဲ့ပါဘူး။ သူက နိုင်ငံရေးကိစ္စတွေကို မစွက်ဖက်ဘူးလို့ ပြောထားတဲ့အတွက် သေချာပေါက် ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။”

ဧကရာဇ်က မေးလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ သဘောထား မဟုတ်ဘူးဆိုရင် ခင်ဗျား အောက်ယွီရဲ့ သဘောထားပေါ့လေ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

ဧကရာဇ်က ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျားက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိငယ် တစ်ယောက် ဖြစ်လို့ နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ပါဘူး။ တော်ဝင်မင်းသမီးတွေရဲ့ အိမ်ထောင်ရေးကို တော်ဝင်တရားရုံးက စီမံခန့်ခွဲတာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝင်ပြောခွင့် မရှိပါဘူး။”

ဧကရာဇ်၏ မျက်နှာထားမှာ ရင်းနှီးဖော်ရွေနေဆဲဖြစ်ပြီး ယွင်ကျုံးဟဲ့က သူ့ကို လူသိရှင်ကြား အပြစ်ဝန်ခံအောင် ဖိအားပေးခဲ့ပြီးနောက် ဧကရာဇ်၏ သူအပေါ် ဆက်ဆံရေးမှာ ပို၍ပင် ကောင်းမွန်လာသကဲ့သို့ ဖြစ်နေ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အရှင်မင်းမြတ်...ကျုပ်ကန့်ကွက်ရတဲ့ အကြောင်းရင်း နှစ်ခု ရှိပါတယ်။”

ဧကရာဇ်က ပြောလိုက်၏။ “ဪ... ဟုတ်လား။ ခင်ဗျား ပြောကြည့်ပါအုံး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပထမဆုံးအနေနဲ့ ကျုပ်နဲ့ မင်းသမီး ရှန်ရှန်းတို့ဟာ အပြန်အလှန် ချစ်မြတ်နိုးနေကြပြီး ဒီဘဝမှာ မင်းသမီး ရှန်ရှန်းကလွဲရင် တခြား ဘယ်သူ့ကိုမှ လက်မထပ်ဖို့ ဆုံးဖြတ်ထားပါတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျား စကားပြောတာ သတိထားပါ။ မင်းသမီး ရှန်ရှန်းဟာ ဖြူစင်သန့်ရှင်းသူဖြစ်ပြီး ဘယ်သူနဲ့မှ လျှို့ဝှက် ပတ်သက်မှု လုံးဝ မရှိနိုင်ပါဘူး။

ပြီးတော့ မိဘတွေရဲ့ အမိန့်၊ စေ့စပ်ရေးမှူးရဲ့ စကားအရ ရှန်ရှန်းနဲ့ သားတော် စီးကွမ်တို့ရဲ့ အိမ်ထောင်ရေးဟာ သတ်မှတ်ပြီးသွားပြီ ဖြစ်သလို စေ့စပ်လက်ဆောင်တွေလည်း ပေးအပ်ပြီးသွားပါပြီ။ ဒီကိစ္စကို လုံးဝ ပြောင်းလဲလို့ မရတော့ပါဘူး။ ခင်ဗျားက ကိုယ်တော့်ကို ကတိဖျက်တဲ့ ဧကရာဇ် တစ်ပါး ဖြစ်စေချင်နေတာလား။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်မှာ ဒုတိယမြောက် အကြောင်းရင်း ရှိပါသေးတယ်။ ဒါကမှ မင်းသမီး ရှန်ရှန်းကို သားတော် စီးကွမ်နဲ့ လုံးဝ လက်မထပ်ပေးသင့်တဲ့ အကြောင်းရင်း အစစ်ပါ။”

ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ပြော။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျိန့်ဟိုင် မြို့စားအိမ်တော် စီးမိသားစုဟာ ပုန်ကန်ဖို့ ကြံစည်နေပါတယ်။ အရှင်မင်းမြတ်က မင်းသမီးကို ပုန်ကန်သူ တစ်ယောက်ဆီ ဘယ်လိုလုပ် လက်ထပ်ပေးလို့ ရမှာလဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ညီလာခံ တစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြတော့သည်။

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားလို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရာရှိငယ်လေး တစ်ယောက်ကများ နန်းတွင်းရဲ့ မျိုးရိုးမတူတဲ့ ဘုရင်ကို စော်ကားရဲတယ်။ ခင်ဗျားက နန်းတွင်းနဲ့ စီးမိသားစုကြားက ဆက်ဆံရေးကို သွေးခွဲချင်နေတာပဲ။ ရည်ရွယ်ချက် အရမ်း ဆိုးရွားတယ်။”

နိုင်ငံခြားရေးဝန်ကြီးက ထွက်လာပြီး ပြောလိုက်၏။ “အရှင်မင်းမြတ်... အောက်ယွီဟာ နန်းတွင်းရဲ့ မျိုးရိုးမတူတဲ့ ဘုရင်ကို စော်ကားတဲ့အတွက်ကျုပ် သူ့ကို အပြစ်ပေးဖို့ လျှောက်တင်ပါတယ်။”

“အရှင်မင်းမြတ်... ကျုပ် အောက်ယွီကို အပြစ်ပေးဖို့ လျှောက်တင်ပါတယ်။”

“အရှင်မင်းမြတ်... ကျုပ် အောက်ယွီကို အပြစ်ပေးဖို့ လျှောက်တင်ပါတယ်။”

ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံး ထွက်လာပြီး အောက်ယွီကို အပြစ်ပေးရန် လျှောက်တင်ကြတော့သည်။

ဤအချိန်တွင် နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ်၊ ဟန်လင် နန်းတွင်းကျောင်း၏ စာပြုအရာရှိ အောက်မင် ထွက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျုပ်ရဲ့ညီ အောက်ယွီကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သူက အမတ် လုပ်တာ သိပ်မကြာသေးတော့ နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်လို့ အခုလို စကားမျိုး ပြောမိတာပါ။ မသိတဲ့သူကို အပြစ်မပေးသင့်ပါဘူး။”

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။”

ဧကရာဇ်က ပြုံးလျက် ပြောလိုက်သည်။ “မသိတဲ့သူကို အပြစ်မပေးသင့်ဘူးဆိုတဲ့ စကားက အရမ်းကောင်းပါတယ်။ ခင်ဗျားတို့ အောက်ညီအစ်ကိုတွေ အချင်းချင်း သင့်မြတ်ပြီး ချစ်ခင်ကြတာကို မြင်ရတော့ ကိုယ်တော် အရမ်းကို ဝမ်းသာပါတယ်။

အောက်ယွီ... ကျိန့်ဟိုင် မြို့စားဟာ ကျုပ်တို့ နန်းတွင်းရဲ့ မျိုးရိုးမတူတဲ့ ဘုရင်ဖြစ်ပြီး သစ္စာရှိသူ တစ်ယောက်ပါ။ ခဏတာ ဒေါသကြောင့် သစ္စာရှိတဲ့ အမတ်တွေရဲ့ စိတ်နှလုံးကို မထိခိုက်စေပါနဲ့။ ပြီးတော့ ခင်ဗျားတို့ အောက်မိသားစုနဲ့ ကျိန့်ဟိုင်မြို့စားတို့ရဲ့ ဆက်ဆံရေးကလည်း အရမ်းကောင်းပါတယ်။

အဲဒီတုန်းက ခင်ဗျားအဖေကတောင် ကျိန့်ဟိုင်မြို့စားကို အင်ပါယာရဲ့ နယ်စားအဖြစ် ခန့်အပ်ဖို့ ထောက်ခံ ပေးခဲ့သေးတာပဲ။ ခင်ဗျားလို ကလေးတစ်ယောက် စကားမှားသွားတာ ကိစ္စမရှိပါဘူး။ နောက်နှစ်ရက်လောက် နေရင် ကျိန့်ဟိုင် မြို့စားအိမ်တော်ကို သွားပြီး တောင်းပန်လိုက်ရင် ဒီကိစ္စ ပြီးသွားပါပြီ။”

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျိန့်ဟိုင်မြို့စားက ပုန်ကန်ဖို့ ကြံစည်နေပါတယ်။ ကျုပ်မှာ သက်သေ ရှိပါတယ်။ အရှင်မင်းမြတ်က တကယ်ပဲ မင်းသမီး ရှန်ရှန်းကို ကျိန့်ဟိုင် မြို့စားအိမ်တော်ဆီ လက်ထပ်ပေးလိုက်ရင် နောက်ပိုင်း နောင်တရနေရပါလိမ့်မယ်။”

ဧကရာဇ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားတော့၏။ သူက ယွင်ကျုံးဟဲ့၏ ညီလာခံတွင် အော်ဟစ်နေမှုကို ဒေါသထွက်ခြင်း မဟုတ်ဘဲ သူတွင် တကယ်ပဲ သက်သေ အထောက်အထား တစ်ခုခု ရှိနေမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

…………….

All Chapters