← Chapters

အခန်း ၄၈၉

Vol. 42 Ch. 489

အခန်း ၄၈၉

Vol. 42 Ch. 489

အပိုင်း (၄၈၉)

ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့၌ ခိုင်လုံသော သက်သေအထောက်အထားများ ရှိနေသည်လား။ ကျိန်းသေပေါက် ရှိနေသည်။ ထိုသက်သေများမှာလည်း အလျှံပယ်ပင် ဖြစ်၏။

ထိုစဉ်က တောင်ပိုင်းပုန်ကန်မှု ဖြစ်ပွားစဉ်တွင် ယွမ်ထျန်းရှဲ့မှာ ဟွမ်ထျန်းသာသနာ၏ မဟာဆရာသခင်ကြီးဖြစ်ပြီး ပုန်ကန်သူအားလုံး၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ ထိုသို့သော အခြေအနေမျိုး၌ ကျိန့်ဟိုင်မြို့စား စီးပြန်းနှင့် သူ၏အကြားတွင် စာအဆက်အသွယ်များ မရှိဘဲ မည်သို့နေနိုင်ပါမည်နည်း။ အနည်းဆုံး စာအစောင်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိခဲ့လေသည်။

တောင်ပိုင်းပုန်ကန်မှုကြီး စတင်ချိန်တွင် အပျော်ဆုံးနှင့် စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့သူမှာ ကျိန့်ဟိုင်မြို့စား စီးပြန်းပင် ဖြစ်သည်။ ထိုစဉ်က စီးပြန်းသည် ဤပုန်ကန်မှုကို နှိမ်နင်းရန် မဖြစ်နိုင်ဟု ယူဆခဲ့သည်။ အကြောင်းမှာ ယွမ်ထျန်းရှဲ့သည် အစွမ်းထက်လွန်းလှသောကြောင့် ဖြစ်၏။

သူ၏ တာ့ရစ်တောင်အခမ်းအနားကြီး ပြီးမြောက်သွားသည်နှင့် တပြိုင်နက် တောင်ပိုင်းတွင် ပုန်ကန်သူဦးရေ တစ်သန်းခန့်အထိ ရှိလာနိုင်ရာ မည်သို့မှ နှိမ်နင်းနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် စီးပြန်းသည် ပုန်ကန်မှုကို နှိမ်နင်းမည်ဟူသော အကြောင်းပြချက်ဖြင့် တပ်တော်ကို ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်လာနိုင်မှာဖြစ်သည်။

အဆိုပါကာလအတွင်း စီးပြန်းနှင့် ယွမ်ထျန်းရှဲ့တို့သည် စာအဆက်အသွယ်များ ပြုလုပ်ခဲ့ကြပြီး စီးပြန်း ကိုယ်တိုင်လည်း ဟွမ်ထျန်းသာသနာသို့ ဝင်ရောက်ကာ ယွမ်ထျန်းရှဲ့ကို မဟာဆရာသခင်ကြီးအဖြစ် အသိအမှတ်ပြုရန် ဆန္ဒရှိကြောင်းပင် ဖော်ပြခဲ့ဖူး၏။

ထို့အပြင် တောင်ပိုင်းပြည်နယ်ငါးခုကို စီးပြန်းက ပုန်ကန်သူခေါင်းဆောင် တာ့နန်ဘုရင်နှင့် တစ်ဝက်စီ ခွဲဝေယူရန် အထိ သဘောတူညီခဲ့ကြသေး၏။ သို့သော်လည်း မထင်မှတ်ဘဲ ထိုတောင်ပိုင်းပုန်ကန်မှုကြီးမှာ အရှိန်အဟုန်ဖြင့် မပေါက်ကွဲမီမှာပင် အောက်ယွီ၏ နှိမ်နင်းခြင်းကို ခံလိုက်ရလေတော့သည်။

“အရှင်မင်းမြတ်...ကျိန့်ဟိုင် မြို့စားက ပုန်ကန်ဖို့ကြံစည်နေပါတယ်။ အရှင်မင်းမြတ် အနေနဲ့ မင်းသမီး ရှန်ရှန်းကို သူ့ဆီ လုံးဝ လက်မထပ်ပေးသင့်ပါဘူး။”

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ကျုပ်မှာ သက်သေ ရှိပါတယ်။ သက်သေ ရှိပါတယ်။”

ဧကရာဇ်သည် မျက်လုံးများကို မှေးကာ စိတ်ထဲတွင် အလွန် ဒေါသထွက်နေတော့သည်။ ‘ကျိန့်ဟိုင် မြို့စားဘက်က ကိစ္စတွေကို ကျုပ် မသိဘူးလို့ ထင်နေလား။ အချိန်နဲ့ အခြေအနေ ကွာခြားသွားပြီလေ။’

ထိုစဉ်က တောင်ပိုင်းပုန်ကန်မှုကြီး၏ အရှိန်အဟုန်ပြင်းထန်နေချိန်ဖြစ်ရာ ကျိန့်ဟိုင်မြို့စား စီးမိသားစုအနေဖြင့် ၎င်းကို အခွင့်ကောင်းတစ်ခုဟု မှတ်ယူကာ ပုန်ကန်သူများနှင့် လျှို့ဝှက်စာအဆက်အသွယ် ပြုလုပ်ခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်၏။

သို့သော်ငြား ယခုအခါတွင်မူ တောင်ပိုင်းပုန်ကန်မှုမှာ ငြိမ်သက်သွားခဲ့ပြီဖြစ်ပြီး ဖူယန်ထူ၏ သိန်းချီသော တပ်မတော်နှင့် ဒုတိယမင်းသား ကျိုးကျီတို့ကိုယ်တိုင် တောင်ပိုင်းဒေသတွင် အခြေချလျက်ရှိသည်။

အမှန်စင်စစ် ကျိန့်ဟိုင်မြို့စားအိမ်တော်အနေဖြင့် ကုန်းမြေပေါ်၌ အနိုင်ရရှိရန် အခွင့်အရေးမရှိပေ။ ထိုသို့ဆိုလျှင် သူသည် မည်သည့်အရာကို အားကိုးအားထားပြု၍ ပုန်ကန်နိုင်ပါမည်နည်း။

စီးမိသားစုတွင် အင်အားတောင့်တင်းသော ရေတပ်ရှိသည်၊ ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားနိုင်သည်၊ အခြေအနေမဟန်ပါကလည်း ပင်လယ်ပြင်သို့ ထွက်ပြေးတိမ်းရှောင်နိုင်စွမ်း ရှိသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် ပုန်ကန်ခြားနားရန်မူ မဖြစ်နိုင်ပေ။ အကြောင်းမှာ စစ်သင်္ဘောများမှာ ကုန်းမြေကို ကျော်လွန်၍ မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။

လက်ရှိအချိန်၌ အင်ပါယာကိုယ်တိုင်ပင် စီးမိသားစု၏ ပင်လယ်ရေကြောင်းအင်အားကို အားကိုးနေရသည့် အခြေအနေဖြစ်ရာ ကျိန့်ဟိုင်မြို့စား ပုန်ကန်လိမ့်မည်ဟု ယွင်ကျုံးဟဲ့က တတွတ်တွတ်ပြောဆိုနေခြင်းမှာ လွန်စွာဆိုးရွားသော ရည်ရွယ်ချက်ရှိနေ၍ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ယခုအခါတွင် ဧကရာဇ်မင်းမြတ် အစိုးရိမ်ဆုံးအချက်မှာ အောက်ယွီက ညီလာခံ၌ ကျိန့်ဟိုင်မြို့စားနှင့် တောင်ပိုင်းပုန်ကန်သူများအကြား ဆက်သွယ်ထားသည့် လျှို့ဝှက်စာလွှာများကို အမှန်တကယ် ထုတ်ဖော် ပြသလာမည်ကို ဖြစ်သည်။

အကယ်၍ ထိုသို့ ဖြစ်ပွားခဲ့ပါမူ ရှုပ်ထွေးလှသော အခြေအနေအရပ်ရပ်ကို ဖြေရှင်းရန်မှာ လွန်စွာ ခဲယဉ်းသွားပေလိမ့်မည်။

ထို့ကြောင့် ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျားက သတ္တမအဆင့် အရာရှိငယ်လေး တစ်ယောက် ဖြစ်နေရက်နဲ့ နန်းတွင်းရဲ့ မျိုးရိုးမတူတဲ့ ဘုရင်ကို စော်ကားရဲတယ်။ နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်ဘူး။ ဒီရာထူးကို ခင်ဗျား ဆက်မလုပ်နဲ့တော့။ အိမ်ပြန်ပြီး စာသေချာ ဖတ်နေတော့။”

ချက်ချင်းပဲ မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့၏ အရာရှိ ဝတ်စုံနှင့် ဦးထုပ်ကို ချွတ်ရန် ပြင်လိုက်ကြတော့သညိ။

“ကျုပ်ကိုယ်တိုင် ချွတ်မယ်။” ယွင်ကျုံးဟဲ့ သည် အရာရှိ ဝတ်စုံနှင့် ဦးထုပ်ကို ကိုယ်တိုင် ချွတ်လိုက်တော့၏။

ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အောက်ယွီက ညီလာခံမှာ ဆူညံသောင်းကျန်းနေတယ်။ သူ့ကို အပြင် မောင်းထုတ်လိုက်။”

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျိန့်ဟိုင်မြို့စားက ပုန်ကန်ဖို့ ကြံစည်နေပါတယ်။ ကျိန့်ဟိုင် မြို့စားက ပုန်ကန်ဖို့ ကြံစည်နေပါတယ်။ မင်းသမီး ရှန်ရှန်းကို သားတော် စီးကွမ်ဆီ လုံးဝ လက်မထပ်ပေးသင့်ပါဘူး။”

“အပြင် ပစ်ထုတ်လိုက်... အပြင် ပစ်ထုတ်လိုက်။” ဧကရာဇ်က ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။

ချက်ချင်းပဲ တော်ဝင် သက်တော်စောင့် နှစ်ဦးက ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို ဖမ်းဆွဲကာ အပြင်ဘက်သို့ သယ်ဆောင်သွားကြတော့သည်။

ယွင်ကျုံးဟဲ့သည် ဆက်လက်ကာ အော်ဟစ်နေဆဲ ဖြစ်သည်။ “အရှင်မင်းမြတ်... ကျိန့်ဟိုင် မြို့စားက ပုန်ကန်ဖို့ ကြံစည်နေပါတယ်။ အရှင်မင်းမြတ်က ကျုပ်ရဲ့ စကားကို နားမထောင်ရင် အနာဂတ်မှာ နောင်တရ နေရပါလိမ့်မယ်။”

ဤသို့ဖြင့် ယွင်ကျုံးဟဲ့သည် နန်းတော် အပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရစဉ် တစ်လျှောက်လုံးတွင် ကျိန့်ဟိုင် မြို့စား ပုန်ကန်တော့မည် ဖြစ်ကြောင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေခဲ့၏။

“ဘုန်း...”

ဤသို့ဖြင့် ယွင်ကျုံးဟဲ့သည် နန်းတော် အပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရတော့၏။ ဤသို့ဖြင့် သူသည် နှစ်လမျှသာ လုပ်ဆောင်ခဲ့ရသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတ္တမအဆင့် အရာရှိ ရာထူးမှ ထုတ်ပယ်ခံလိုက်ရတော့သည်။

ထို့နောက် အဖြူရောင် အတွင်းခံ ဝတ်စုံဖြင့် အိမ်သို့ လမ်းလျှောက် ပြန်လာခဲ့သည်။ ဧကရာဇ်၏ လက်ထပ်ပေးမည့် အမိန့်ကို သူ လုံးဝ တားဆီး၍ မရနိုင်ကြောင်း သူ သိရှိထားသည်။ ထို့ကြောင့် သူ ညီလာခံတွင် ယခုကဲ့သို့ ကန့်ကွက်ပြီးကျိန့်ဟိုင် မြို့စား ပုန်ကန်တော့မည် ဖြစ်ကြောင်း အော်ဟစ်ခဲ့ခြင်းမှာ အစပျိုးမှု တစ်ခုသာ ဖြစ်၏။

ဧကရာဇ်သည် နောက်ဆက်တွဲ အနေဖြင့် မင်းသမီး ရှန်ရှန်းနှင့် သားတော် စီးကွမ် တို့၏ မင်္ဂလာဆောင်ရက်ကို ဆက်လက် သတ်မှတ်ပေးမည်သာ ဖြစ်သည်။

ယွင်ကျုံးဟဲ့ အနေဖြင့် နောက်ဆက်တွဲ ပြုလုပ်ရမည့်ကိစ္စ သုံးခု ရှိသည်။ ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ်ကို သတ်ပစ်ရန် ဖြစ်၏။ ‘ဧကရာဇ်က ခင်ဗျားအတွက် မင်္ဂလာဆောင်ရက်ကို သတ်မှတ်ပေးနိုင်ပေမယ့် ခင်ဗျားက အဲဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။’

ဒုတိယ အနေဖြင့် တော်ဝင်တရားရုံး အကြီးအကဲ၊ တရားလွှတ်တော်ချုပ် အကြီးအကဲနှင့် တော်ဝင် သမားတော် တို့ကို ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဖြင့် သတ်ဖြတ်ရန် ဖြစ်၏။ တတိယ အနေဖြင့် ကျိန့်ဟိုင် မြို့စားအိမ်တော်ကို ပုန်ကန်အောင် ဖိအားပေးရန် ဖြစ်သည်။

‘ဧကရာဇ် ဝမ်ယွင်... ခင်ဗျားက မကြင်နာဘူးဆိုရင် ကျုပ်ကလည်း မဖြောင့်မတ်ဘူးလို့ အပြစ်မတင်နဲ့တော့။ ကျုပ်က ဒီနေ့ ညီလာခံမှာ ကျိန့်ဟိုင် မြို့စားအိမ်တော် ပုန်ကန်တော့မယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့တာကို ခင်ဗျားက ကျုပ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အပြင် မောင်းထုတ်ခဲ့တဲ့အပြင် မင်းသမီး ရှန်ရှန်းကိုပါ စီးကွမ်နဲ့ လက်ထပ်ပေးဖို့ လုပ်ခဲ့တယ်။

အနာဂတ်မှာ ကျိန့်ဟိုင် မြို့စားအိမ်တော် တကယ် ပုန်ကန်တဲ့အခါ ခင်ဗျားရဲ့ မျက်နှာကို အရှင်လတ်လတ် ရိုက်သလို ဖြစ်သွားပြီး ခင်ဗျားရဲ့ ဩဇာတိက္ကမတွေ အများကြီးကျဆင်းသွားတဲ့အခါကျုပ်ကို အပြစ်မတင်နဲ့တော့။’

စင်စစ် ယခုအချိန်၌ ကျိန့်ဟိုင်မြို့စား စီးပြန်းသည် ပုန်ကန်လိမ့်မည်လား။ သေချာပေါက် မပုန်ကန်နိုင်တော့ပေ။ သူ၏ ပုန်ကန်နိုင်စွမ်းရှိသော အခွင့်အရေးကောင်းများ အားလုံးမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ကျိန့်ဟိုင်မြို့စားအိမ်တော်သည် ပင်လယ်ပြင် ရေတပ်အင်အား၏ အားသာချက်ကို အသုံးချကာ တောင်ပိုင်းကျိုးအင်ပါယာထံမှ ကုန်းမြေပေါ်ရှိ အကျိုးအမြတ်များကို အဆက်မပြတ် တောင်းဆို၍ နိုင်ငံရေး အပေးအယူများသာ လုပ်ဆောင်တော့မှာဖြစ်၏။

အထူးသဖြင့် ဖူယန်ထူ၏ သိန်းချီသော တပ်မတော်ကြီး တောင်ပိုင်းဒေသတွင် ရှိနေသရွေ့ ကျိန့်ဟိုင်မြို့စား အိမ်တော်သည် လုံးဝပုန်ကန်ရဲမည် မဟုတ်ပေ။

သို့ရာတွင် သူတို့က မပုန်ကန်လိုလျှင်ပင် ယွင်ကျုံးဟဲ့က သူတို့အား ပုန်ကန်လာစေရန် ဖိအားပေးနိုင်စွမ်း ရှိသည်။ လိုအပ်လာပါက တာယင်အင်ပါယာ၏ အင်အားကိုပင် အသုံးချနိုင်သေးသည်။

ထိုသို့ လုပ်ဆောင်ရန်အတွက် တာယင်အင်ပါယာ ဧကရာဇ်က သဘောတူပါမည်လား။ အကြောင်းမှာ ဤကိစ္စသည် ကြီးမားလှသော အရင်းအမြစ်များနှင့် သောင်းနှင့်ချီသော ရေတပ်အင်အားကို အသုံးပြုရမည် ဖြစ်သောကြောင့်ပင်။

ယွင်ကျုံးဟဲ့ကဲ့သို့သော လျှို့ဝှက်သူလျှိုတစ်ဦးက ဖန်တီးသည့် ဤမျှကြီးကျယ်လှသော ဇာတ်ကွက်ကြီးအတွက် တာယင်ဧကရာဇ်တွင် ထိုမျှအထိ သတ္တိမျိုး ရှိပါမည်လား။ ဧကန်မလွဲ ရှိနိုင်သည်။

မဟုတ်သေးချေ၊ တာယင်အင်ပါယာတွင် ထိုသို့သော သတ္တိမျိုး သေချာပေါက် ရှိပါသည်။ အကြောင်းမူ ယွင်ကျုံးဟဲ့၏ တာဝန်မှာ အရေးအကြီးဆုံး အချိန်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။

ညီလာခံ အတွင်း၌....

ညီလာခံ ဆက်လက်ကျင်းပနေပြီး နက္ခတ်ဗေဒင်ရုံးနှင့် တော်ဝင်တရားရုံးမှ လူများက မင်းသမီး ရှန်ရှန်း နှင့် ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်တို့၏ မင်္ဂလာဆောင်ရန် အချိန်ကောင်း၊ နေ့ကောင်းကို စတင် တွက်ချက်နေကြသည်။

တွက်ချက်ကြည့်ပြီးနောက် ရှစ်လပိုင်း ရှစ်ရက်နေ့သည် အချိန်ကောင်း၊ နေ့ကောင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ထို့ကြောင့် ဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်သည်။ “ရှစ်လပိုင်း ရှစ်ရက်နေ့မှာ မင်းသမီး ရှန်ရှန်းနဲ့ ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ်တို့ တရားဝင် လက်ထပ်ရမယ်။ တော်ဝင်တရားရုံးက တာဝန်ယူပြီး ခမ်းနား ကြီးကျယ်အောင်၊ ပျော်ရွှင်စရာကောင်းအောင်၊ မြင့်မြတ်အောင်၊ ပြီးတော့ ချွေတာအောင်လည်း လုပ်ဆောင်ရမယ်။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြန်ပြောလိုက်၏။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”

ဧကရာဇ်က မေးလိုက်သည်။ “မင်းသမီး ရှန်ရှန်းရဲ့ အိမ်ထောင်ရေးကိစ္စ ဆုံးဖြတ်ပြီးပြီဆိုတော့ အမတ်တွေမှာ ဘာများ လျှောက်တင်စရာ ရှိသေးလဲ။”

“ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက ပြောလိုက်၏။ “အဲဒါကတော့ နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ စုမန်ဟာ ပြည့်တန်ဆာမ စုရှောင်ယွင်ကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ အမှုပါ။”

ဧကရာဇ် မျက်မှောင်ကြုတ်သွားတော့၏။ ဤကဲ့သို့သော လူသတ်မှု အသေးအဖွဲကိစ္စကို ညီလာခံ၌ ထည့်သွင်း ဆွေးနွေးရန် မလိုအပ်ပေ။

တောင်ပိုင်းကျိုးအင်ပါယာသည် အခြားသော မင်းဆက်များကဲ့သို့ သေဒဏ်ချမှတ်ရာတွင် ဧကရာဇ်ကိုယ်တိုင် အတည်ပြုပေးရသည့် စနစ်မျိုး မဟုတ်သည်မှာလည်း တစ်ကြောင်းဖြစ်သည်။

သို့သော်လည်း တရားခံဖြစ်သူ စုမန်မှာ ကျူရန် (ဘွဲ့ရပညာရှိ) တစ်ဦး ဖြစ်သည့်အပြင် ယခုအကြိမ် နွေဦးစာမေးပွဲတွင် ပထမဆု ရရှိထားသူ ဖြစ်နေပြန်၏။

ထိုအရာမှာ ဟွေ့ယွမ် (နွေဦးစာမေးပွဲ ပထမဆု)ပင် ဖြစ်သည်။ ဟွေ့ယွမ်ဟူသော ဘွဲ့သည် ကျွမ့်ယွမ် (နန်းတွင်းစာမေးပွဲ ပထမဆု)လောက် လူသိမများသော်လည်း လက်တွေ့တွင်မူ ဟွေ့ယွမ်ဖြစ်ရန်မှာ ကျွမ့်ယွမ်ဖြစ်ရန်ထက် ပို၍ပင် ခဲယဉ်းလှပေသည်။

အကြောင်းမူကား နန်းတွင်းစာမေးပွဲကို ဧကရာဇ်ကိုယ်တိုင် စစ်ဆေးခြင်းဖြစ်ပြီး လက်တွေ့ထက် အခမ်းအနား သဘော ပို၍ဆောင်သောကြောင့် ဖြစ်၏။

ဤစုမန်သည် အောက်ယွီနှင့် လွန်စွာရင်းနှီးသော မိတ်ဆွေကောင်းများ ဖြစ်သည်ကို ဧကရာဇ်ကိုယ်တိုင်လည်း သိရှိထားသည်။

နွေဦးစာမေးပွဲသည် အဖြေလွှာရှင်၏ အမည်ကို ဖုံးကွယ်၍ စစ်ဆေးခြင်းဖြစ်ရာ စာစစ်မှူးများသည်လည်း သူတို့၏ ဂုဏ်သိက္ခာအတွက် မသမာမှုများကို ရှောင်ကြဉ်ကြသည်။ ထို့ကြောင့် စုမန်သည် မိမိ၏ အရည်အချင်း စစ်စစ်ဖြင့်သာ ပထမဆုကို ရွေးချယ်ခံခဲ့ရခြင်း ဖြစ်၏။

သို့ရာတွင် နောက်ပိုင်း၌ စုမန်၏ အဖြေလွှာများကို လူသိရှင်ကြား ထုတ်ပြန်လိုက်သောအခါ တစ်စုံတစ်ယောက်က စုမန်၏ စာစီစာကုံးထဲတွင် နယ်စားပယ်ဖျက်ရေး ရည်ရွယ်ချက်များ ပါဝင်နေကြောင်း ထောက်ပြခဲ့ကြ၏။ ၎င်းမှာ ကျိန့်ဟိုင်မြို့စားအိမ်တော်ကို တိုက်ရိုက်စော်ကားလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ထိုအဖြစ်အပျက်နောက်ပိုင်းတွင် စုမန်သည် ပြည့်တန်ဆာမ စုရှောင်ယွင်အား မုဒိမ်းကျင့် သတ်ဖြတ်သည်ဟူသော အမှုစွဲချက် ပေါ်ပေါက်လာခဲ့သည်။ စုမန်ကို သတ်ပစ်လိုက်ခြင်းသည် ကျိန့်ဟိုင်မြို့စားအိမ်တော်၏ အခွင့်အာဏာကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်၏။

ထို့ကြောင့် နန်းတွင်းမှ စုမန်အား ဟွေ့ယွမ်အဖြစ် ဦးစွာရွေးချယ်ပြီးမှ ပြန်လည်သတ်ဖြတ်လိုက်ခြင်းမှာ အလွန် ဆိုးရွားလှသော ရည်ရွယ်ချက်ရှိနေ၏။ ထိုအရာမှာ ကျိန့်ဟိုင်မြို့စားအိမ်တော်အား အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း သတိပေးချက်တစ်ခု ပေးလိုက်ခြင်း ဖြစ်တော့သည်။

ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းသားတွေ ဥပဒေ ချိုးဖောက်ရင်တောင် သာမန် ပြည်သူတွေနဲ့ အတူတူ အပြစ်ပေးရမှာပဲ။ ဟွေ့ယွမ် ဆိုရင် ပြောစရာတောင် မလိုတော့ဘူး။ ကျုပ်တို့ တောင်ပိုင်းကျိုး နိုင်ငံက လူရွေးချယ်တဲ့အခါမှာ အရည်အချင်းကို ကြည့်ရုံသာမက ကိုယ်ကျင့်တရားကို ပိုပြီး အလေးထားတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့သူကို ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ကိုယ်တော်က အသုံးမပြုဘူး။”

ခေတ္တ ရပ်တန့်သွားပြီးနောက် ဧကရာဇ်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီကိစ္စက အရေးကြီးတဲ့အတွက် ခင်ဗျားတို့အနေနဲ့ အမှုကို သေချာ စုံစမ်းစစ်ဆေးပြီး လောကက ပြည်သူတွေကို ရှင်းပြနိုင်ရမယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးပြီးတဲ့ နောက်မှာတော့ သတ်သင့်တဲ့သူကို သတ်ရမှာပဲ။ နန်းတွင်းရဲ့ ဥပဒေတွေကို လိုက်နာရမယ်။ မျက်နှာသာ ပေးပြီး ဥပဒေကို ချိုးဖောက်တာမျိုး လုံးဝ မလုပ်ရဘူး။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက ပြန်ပြောလိုက်၏။ “ကျုပ် နားလည်ပါပြီ။”

ဧကရာဇ်၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းနေပြီ ဖြစ်၏။ ထိုအရာမှာ သတ်ပစ်ရန် ဖြစ်သည်။

……………………

All Chapters