အခန်း ၄၉၅
Vol. 42 Ch. 495
အပိုင်း (၄၉၅)
ဤတစ်ကြိမ်တွင် စုမန်အား ဒုက္ခပေးရန် ကြံစည်သူများမှာ အလွန်ပင် များပြားလှ၏။ အမတ်ချုပ်ကြီးလင်၏ အုပ်စုနှင့် ယွဲ့တန်းဖျင်၏ အုပ်စုတို့မှာ ထိုအထဲတွင် ပါဝင်ကြသည်။
အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။ ထိုသူတို့၏ အကြံအစည်မှာ အလွန်ပင် ကြီးမားနက်ရှိုင်းလှ၏။ သူတို့သည် အောက်ထင်ဘက်မှ လာဘ်စားမှုတစ်ခုကို ဖန်တီး၍ အောက်ယွီ၏ ဆရာဖြစ်သူ ယွီကျန်းအား ရာထူးမှ ထုတ်ပယ်ပြီး မိုင်ပေါင်းသုံးထောင်ဝေးကွာသော အရပ်သို့ နယ်နှင်ဒဏ် ပေးခဲ့ကြ၏။
ဤအခြေအနေမှာ စုမန်အား ဒုက္ခပေးရန်အတွက် နွေဦးစာမေးပွဲတွင် လက်လှမ်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ဤသို့ဖြင့် စုမန်အား သတ်ဖြတ်ရန် ကြံစည်ရုံသာမက သူတို့ဘက်မှ ပထမ ရရှိရန်အတွက် အကြီးမားဆုံးသော ပြိုင်ဘက်ကိုပါ တစ်ပါတည်း ဖယ်ရှားပစ်လိုက်ခြင်းပင် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် အောက်ယွီနှင့် ပတ်သက်သမျှသော သူအားလုံးမှာ သေတွင်းသို့ ဆင်းကြရမည်ဖြစ်ပြီး သူတို့၏ တန်ပြန်တိုက်ခိုက်မှုနှင့် ရှင်းလင်းဖယ်ရှားမှုများကို မလွဲမသွေ ခံကြရမှာဖြစ်၏။
စုမန်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒါတင်မကသေးဘူး။ နန်းတွင်းက အခုချိန်မှာ ကျိန့်ဟိုင်မြို့စား အိမ်တော်ရဲ့ အကူအညီကို လိုအပ်နေပေမယ့် သူ့ကို သတိပေးချင်နေသေးတယ်။ ဒါကြောင့် နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရေးထားတဲ့ အဖြေလွှာကို ပထမဆု ပေးလိုက်ပြီးမှ အဲဒီလူကို ပြန်သတ်ပစ်တာဟာ ကြိမ်လုံးနဲ့ တစ်ချက် ရိုက်ပြီး မုန်လာဥ တစ်တောင့် ပြန်ကျွေးတာနဲ့ အတူတူပဲ။”
တကယ့်ကို ယုတ်မာညစ်ထမ်းလွန်းသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ နိုင်ငံတော်အတွက် လွန်စွာ အရေးပါလှသော နွေဦးစာမေးပွဲကိုပင် ယခုကဲ့သို့ နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးချနေခြင်းမှာ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး လုံးဝဥဿုံ ပျက်စီးယိုယွင်းသွားပြီဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်၏။ “အချုပ်အားဖြင့် ပြောရရင်တော့ အစ်ကို စုမန် အခုလို အခြေအနေမျိုး ရောက်သွားရတာ ကျုပ်ကြောင့်ပါ။ မဟုတ်ရင် ခင်ဗျားရဲ့ ပါရမီတွေနဲ့ဆို သူတို့က ခင်ဗျားကို ဆွဲဆောင်ဖို့တောင် အချိန်မရ ဖြစ်နေမှာ။ ကျုပ်က ခင်ဗျားရဲ့ ကျွမ့်ယွမ်ဆုကို ဖျက်ဆီးပစ်ခဲ့ရုံသာမက အခု ခင်ဗျားရနိုင်မယ့် ကျွမ့်ယွမ် ဆုကိုပါ ဖျက်ဆီးပစ်လိုက်ပြီ။”
“ဟား... ဟား...ဟား... ဟား......”
စုမန်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “လောကမှာရှိတဲ့ ကျီးကန်းတွေ အားလုံး အမည်းရောင်တွေချည်းပါပဲ။ ညီအစ်ကိုအောက်က ကျုပ်လို သိမ်းငှက် တစ်ကောင်ကို ဒီကျီးကန်းတွေကြားထဲ အတင်း ထိုးထည့်ချင်နေတာလား။ ဒီလို နန်းတွင်းမျိုး၊ ဒီလို ဂုဏ်ထူးဆောင်ဘွဲ့မျိုး ကျုပ် မလိုချင်ပါဘူး။”
ထို့နောက် စုမန်က ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “ညီအစ်ကိုအောက်... ဒီတစ်ကြိမ် ကျုပ်ကို သေစေချင်တဲ့သူတွေ အရမ်းများတယ်။ အမြင့်ဆုံး နေရာက ဧကရာဇ်မင်းမြတ်တောင် ပါဝင်နေတယ်။ ခင်ဗျားက ကျုပ်ကို ကယ်ထုတ်နိုင်လိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားခဲ့ဘူး။ တကယ်ကို ... အံ့ဩစရာ ကောင်းလွန်းပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အစ်ကို စုမန်ဟာ တိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ယောက်မို့ အချိန်တစ်ခုလောက်တော့ ငြိမ်သက်နေဖို့ လိုပါလိမ့်မယ်။ အနာဂတ်မှာ တစ်နေ့နေ့ကျရင် ခင်ဗျားရဲ့ အရည်အချင်းတွေကို ပြသနိုင်မယ့် အချိန် ရောက်လာမှာပါ။”
စုမန်၏ အကြည့်များမှာ မျက်နှာဖုံး စွပ်ထားသော ယွမ်ထျန်းရှဲ့ထံသို့ ရောက်ရှိသွားပြီး ပြောလိုက်၏။ “ညီအစ်ကိုအောက်... ခင်ဗျား ကြီးမားတဲ့ကိစ္စတွေကို လုပ်ဆောင်နေတယ် ဆိုတာ ကျုပ် သိပါတယ်။ ဒါကြောင့် ကျုပ် ဘာမှ မမေးတော့ပါဘူး။ ကျုပ်ကို ကြုံရာ နေရာတစ်ခုဆီ ပို့ပေးလိုက်ပါ။ နေ့တိုင်း ထမင်း နှစ်ပန်းကန်နဲ့ စာအုပ် နည်းနည်း ရှိရင် ရပါပြီ။ စက္ကူနဲ့ စုတ်တံ မရှိရင်တောင် သစ်သားချောင်းလေး တစ်ချောင်း ရှိရင် မြေကြီးပေါ်မှာ စာရေးလို့ ရပါတယ်။”
ယွင်ကျုံးဟဲ့က ပြုံးလျက် ပြောလိုက်သည်။ “ဒီလောက်အထိ ဆင်းရဲဖို့ မလိုပါဘူး။”
စုမန်က စုရှောင်ယွင်ထံသို့ ကြည့်ကာ ပြောလိုက်၏။ “ဒီက အမျိုးသမီး... ကျုပ် အရင်က ခင်ဗျားကို စကားတစ်ခွန်း ပြောခဲ့ဖူးတယ်။ မိန်းမလှလေး တစ်ယောက် ဖြစ်နေရက်နဲ့ ဘာလို့ ခိုးစားနေရတာလဲလို့။ ဒါပေမဲ့ အခု ကျုပ် ဘာပြောရမလဲ မသိတော့ဘူး။”
စုရှောင်ယွင်က ပြန်ပြောလိုက်၏။ “ရေကြီးတော့ နဂါးမင်းကျောင်းတော်ကို ဝင်တိုက်သလိုပါပဲ။ ကိုယ့်လူ အချင်းချင်း မမှတ်မိကြတော့တာပါ။”
ထို့နောက် စုရှောင်ယွင်က မေးလိုက်သည်။ “သခင်လေး... ကျွန်မလည်း နောက်ပိုင်းမှာ လူသိရှင်ကြား ထွက်ပေါ်လာလို့ မရတော့ဘူး။ ကျွန်မကို သခင်လေး စုမန်နဲ့ အတူတူ နေဖို့ ပို့ပေးလို့ ရမလား။”
ယွင်ကျုံးဟဲ့က ပြုံးလျက် မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”
စုရှောင်ယွင်က ပြန်ဖြေလိုက်သည်။ “သူ့ကို ဒုက္ခပေးရင်း ဒုက္ခပေးရင်းနဲ့ နည်းနည်း သဘောကျလာလို့ပါ။”
‘ခင်ဗျားက တကယ်ကို ရဲတင်းတာပဲ။’
ထို့နောက် စုရှောင်ယွင်က ပြောလိုက်၏။ “သခင်လေး စုမန်... ကျွန်မနဲ့ စီးကွမ်ရဲ့ ဆက်ဆံရေးက သိပ်မသန့်ရှင်းပါဘူး။ တစ်နေ့ကို နှစ်ကြိမ်လောက် သူ့ရဲ့ နှိပ်စက်တာကို ခံရတာပါ။ အကယ်၍ သခင်လေးက ရွံရှာတယ်ဆိုရင် ကျွန်မ သခင်လေးရဲ့ မျက်စိရှေ့ကနေ ထွက်သွားပေးပါ့မယ်။ အကယ်၍ မရွံဘူးဆိုရင် နောက်ပိုင်း ကျွန်မတို့ နှစ်ယောက် အတူတူ နေကြမလား။”
စုမန်က စုရှောင်ယွင်ကို ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။ “အမှန်အတိုင်း ပြောရရင်... ကျုပ်က ဒီအနှစ် နှစ်ဆယ်ကျော်လုံးလုံး တစ်ယောက်တည်း စာဖတ်လာခဲ့တာပါ။ ကျုပ်ကို မြူဆွယ်မယ့် မြေခွေးမလေး တစ်ကောင်လောက် ရှိရင်ကောင်းမယ်လို့ ခဏခဏ စိတ်ကူးယဉ်ဖူးပါတယ်။
ပြီးတော့ အရမ်း ဖြူစင်တာမျိုး မဟုတ်ဘဲ အရမ်းကို မိန်းမဆန်ပြီး၊ အရမ်းကို အရိုင်းဆန်ကာ စာပေပညာရှင်တွေ အများကြီးကို ဒုက္ခပေးခဲ့ဖူးတဲ့ မြေခွေးမလေးမျိုးပေါ့။ ရလဒ်အနေနဲ့ ကျုပ်ရဲ့ ဆွဲဆောင်မှုကြောင့် ကျရှုံးသွားပြီး ကျုပ် တစ်ယောက်တည်းအတွက်ပဲ ဖြစ်သွားတဲ့ မြေခွေးမလေးမျိုးပေါ့။”
ချက်ချင်းပဲ ယွင်ကျုံးဟဲ့၏ စိတ်ထဲရှိ စုမန်၏ ဖြူစင်မြင့်မြတ်ပြီး တည်ကြည်သော ပုံရိပ်မှာ လုံးဝ ပျက်စီးသွားတော့၏။ ‘အစ်ကို စုမန်... ခင်ဗျားက ဒီလို လူမျိုးမှန်း မထင်ထားခဲ့ဘူး။’
စုမန် နှင့် စုရှောင်ယွင် တို့ကို လျှို့ဝှက်စွာ ပို့ဆောင်ပေးလိုက်သည်။
ယွမ်ထျန်းရှဲ့က ပြုံးလျက် ပြောလိုက်၏။ “သခင်လေး... ဒီ စုမန်က တကယ်ကို အံ့ဩစရာကောင်းတဲ့ သူတစ်ယောက်ပဲ။ ပါရမီ ရှိတယ်၊ ဉာဏ်များတယ်၊ စိတ်ထားကျယ်တယ်၊ ပြီးတော့ အရမ်းကို လွတ်လပ်ပေါ့ပါးပြီး လုံးဝ ခေါင်းမာတဲ့ သူမျိုး မဟုတ်ဘူး။ အနာဂတ် တစ်နေ့နေ့မှာ သူ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ဒါဆို ခင်ဗျားကရော... မဟာဆရာသခင်ကြီး။”
ယွမ်ထျန်းရှဲ့က ပြန်ဖြေလိုက်၏။ “ကျုပ်လို လူမျိုးလား။ အောင်မြင်မှုတွေ ရသွားရင် အသုံးမလိုတော့လို့ ရှင်းထုတ်ခံရမယ့် သူမျိုးပေါ့။ ဟား... ဟား...ဟား။”
ယွင်ကျုံးဟဲ့ ဤစကားကို ပြန်မတုံ့ပြန်ဘဲ မျက်မှောင် အနည်းငယ်ကြုတ်သွားတော့သည်။
ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “သခင်လေး စိတ်ချပါ။ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့ပြီးတဲ့နောက် တခြား ထိပ်တန်း သိုင်းပညာရှင် တစ်ယောက်က စီးကွမ်အဖြစ် ဟန်ဆောင်ပြီး ကွမ်ယွင် ဘုရားကျောင်းကို ထွက်ပြေးသွားပါပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလို့ကွမ်ယွင် ဘုရားကျောင်းကို ရွေးရတာလဲ။”
ယွမ်ထျန်းရှဲ့က ပြန်ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ ကွမ်ယွင် ဘုရားကျောင်းဟာ ကျိန့်ဟိုင် မြို့စားအိမ်တော်ရဲ့ မြို့တော်မှာရှိတဲ့ လျှို့ဝှက် စခန်းတစ်ခု ဖြစ်လို့ပါ။ အကြိမ်တိုင်း စီးကွမ်ရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို အဲဒီကွမ်ယွင် ဘုရားကျောင်းကနေတစ်ဆင့် ပို့လွှတ်နေတာပါ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ။”
ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “သခင်လေး...ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ပြဿနာကြီး ဖြစ်သွားပြီ ဆိုတော့ နောက်ဆက်တွဲ အခြေအနေတွေက အရမ်းကို အန္တရာယ်များပြီး ရှုပ်ထွေးလာတော့မယ်။ သခင်လေး ပြင်ဆင်ပြီးပြီလား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကိစ္စတိုင်းမှာ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် သေချာရင် လုံလောက်ပါပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် လက်ထဲရှိ ထူးခြားသော တုတ်ချောင်းကို ကစားနေပြီး အနည်းငယ် လေးလံနေသောကြောင့် အားလပ်ချိန်များတွင် မကြာခဏ လေ့ကျင့်ရန် လိုအပ်ကြောင်း တွေးတောနေမိသည်။
“ခင်ဗျားလို လောကရဲ့ နံပါတ်တစ် မျက်လှည့်ပညာရှင်ကို တကယ်ကျေးဇူးတင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မဟုတ်ရင် ကျုပ် ဒီလျှို့ဝှက် လက်နက်ကို ဖန်တီးဖို့ ပစ္စည်းတွေ ရှာတွေ့မှာ မဟုတ်ဘူး။ ခင်ဗျားဆီမှာ တကယ်ကို အစုံရှိတာပဲ။”
ဤလျှို့ဝှက်လက်နက်ကို ဖန်တီးနိုင်ရန်အတွက် ယွင်ကျုံးဟဲ့သည် လွန်ခဲ့သော လအနည်းငယ်တည်းကပင် ကြိုတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။ လိုအပ်သော ပစ္စည်းကိရိယာအများစုကိုလည်း နည်းလမ်းမျိုးစုံဖြင့် အလီလီ စုဆောင်းခဲ့ရသည်။
ဇင့် သတ္တုကိုမူ ရှာဖွေရန် မခဲယဉ်းလှပေ။ ကြေးဝါများ အမြောက်အမြား ရှိနေသဖြင့် ထိုကြေးဝါများထဲမှ ဇင့်နှင့် ကြေးနီကို ခွဲထုတ်ယူ၍ ရလေသည်။ ၎င်းသတ္တုနှစ်မျိုးလုံးမှာ လျှို့ဝှက်လက်နက်အတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ ဖြစ်ကြ၏။
မန်းဂနိစ်ဒိုင်အောက်ဆိုဒ် မှာလည်း ရှာဖွေရ လွယ်ကူလှ၏။ ပိုင်ရှင်မဲ့နယ်မြေများတွင် သဘာဝအလျောက် ထွက်ရှိသော မန်းဂနိစ်သတ္တုရိုင်းများ အလျှံပယ် ရှိနေသောကြောင့် ဖြစ်သည်။
သို့သော်ငြား ယွင်ကျုံးဟဲ့အနေဖြင့် အများအပြား ယူဆောင်လာခြင်း မရှိသောကြောင့် နောက်ဆုံးတွင် ပုံသဏ္ဌာန် ရေးဆွဲပေးကာ တာယင်အင်ပါယာ၏ ဟေးလုံထိုင်အဖွဲ့ကို ရှာဖွေခိုင်းခဲ့ရ၏။
သို့ရာတွင် ပိုတက်ဆီယမ်ဟိုက်ဒရောဆိုဒ်ကို ဖန်တီးရာ၌မူ ယွင်ကျုံးဟဲ့တစ်ယောက် သွေးအန်မတတ် ခက်ခဲခဲ့ရ၏။
အစွမ်းကုန် ကြိုးစားသော်လည်း အောင်မြင်မှု မရရှိခဲ့ဘဲ နောက်ဆုံးတွင် ယွမ်ထျန်းရှဲ့၏ ပစ္စည်းများထဲမှပင် မမျှော်လင့်ဘဲ အဖြေရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ဤနည်းလမ်းဖြင့် မအောင်မြင်ခဲ့ပါက အခြားပြင်းထန်သော အယ်လ်ကာလီဓာတ် ကြွယ်ဝသည့် ပစ္စည်းများကို အစားထိုး အသုံးပြုရန် ရည်ရွယ်ထား၏။
ထိုသို့ မဟုတ်ပါကလည်း အစီအစဉ်တစ်ခုလုံးကို ပြောင်းလဲ၍ ခဲ-အက်ဆစ် စနစ်ကို အသုံးပြုရန် ပြင်ဆင်ထား ခဲ့သည်။
ဤကမ္ဘာလောကတွင် ခဲမှာ လိုသလောက် ရရှိနိုင်သကဲ့သို့ ပြင်းထန်သော ဆာလဖျူရစ်အက်ဆစ်ကိုလည်း အလွယ်တကူ ရှာဖွေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အကြွင်းအကျန်များထဲတွင် ဆာလဖျူရစ်အက်ဆစ် ပါဝင်နေတတ်သောကြောင့် ဖြစ်၏။
ထို့အပြင် ပြင်းထန်သော ဆာလဖျူရစ်အက်ဆစ်ကို ချက်လုပ်ရသည်မှာ ပြင်းထန်သော ဟိုက်ဒရိုကလိုရစ် အက်ဆစ်ကို ချက်လုပ်ရသည်ထက် များစွာ ပိုမိုလွယ်ကူလှသည်။
“သခင်လေး... ကျုပ်က ဗဟုသုတ များတယ်ဆိုပေမယ့် ခင်ဗျား ဖန်တီးနေတဲ့ ဒီအကြီးမားဆုံး လက်နက် ကြီးက ဘာလဲဆိုတာကိုတော့ တကယ် မသိပါဘူး။”
ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ဒီအကြီးမားဆုံး လက်နက်ကြီးကို ဖန်တီးဖို့အတွက် ကျုပ်ကို လူလွှတ်ပြီး ပင်လယ်ထဲက အဲဒီထူးခြားတဲ့ ငါးရှဉ့် တွေကို သွားဖမ်းခိုင်းသေးတယ်လေ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အဲဒါက တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ အဲဒီ ငါးရှဉ့် တွေကို သုံးစရာ လိုလောက်မှာ မဟုတ်ပါဘူး။ ကျုပ် တခြား စက်ကိရိယာ အတော်များများကိုလည်း ဖန်တီးထားပါသေးတယ်။ တကယ်လို့ အဆင်မပြေရင် ပြုတ်ထားတဲ့ အာလူးတွေကို သုံးလို့တောင် ရပါတယ်။ ဒါပေမဲ့ တကယ်လို့ အာလူးတွေကို သုံးရမယ့် အခြေအနေအထိ ရောက်သွားရင်တော့ ကျုပ်ရဲ့ ဒီအကြီးမားဆုံး လက်နက်ကြီးကို ဘယ်တော့မှ သုံးဖြစ်တော့မှာ မဟုတ်ပါဘူး။”
ယွမ်ထျန်းရှဲ့က မေးလိုက်၏။ “ဒါက ဘယ်လောက်တောင် အစွမ်းထက်တဲ့ အကြီးမားဆုံး လက်နက်ကြီးလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဒီ အကြီးမားဆုံး လက်နက်ကြီးရှိရင် ထိပ်တန်း သိုင်းပညာရှင်တွေကိုတောင် ကျုပ် တစ်ချက်တည်းနဲ့ အသေလုပ်နိုင်တယ်။”
ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ဒီလောက်တောင် အစွမ်းထက်တာလား။ အဲဒါဆိုရင်တော့ ကျုပ် တကယ်ပဲ ကြည့်ချင်သွားပြီ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “မပြီးသေးဘူး။ နောက်ဆုံး တစ်ဆင့်ကျန်သေးတယ်။ ခင်ဗျားဘက်က ပစ္စည်းတွေ ပြင်ဆင်ပြီးပြီလား။ စုချင်ဝမ်တို့ကို ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုနဲ့ သတ်ရမယ့် အချိန်က နီးကပ်လာပြီနော်။”
ယွမ်ထျန်းရှဲ့က ပြန်ဖြေလိုက်၏။ “အဲဒီကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ပစ္စည်းက အာကာသ ထဲကနေ လာတာပါ။ ကျုပ်ဆီမှာ သိုလှောင်ထားတာ ရှိပေမယ့် ခင်ဗျား တောင်းဆိုတဲ့ ပမာဏနဲ့တော့ နည်းနည်း ကွာဟ နေပါသေးတယ်။ ဒါပေမဲ့ ကျုပ် အမြန်ဆုံး ပြီးအောင် လုပ်ပေးပါ့မယ်။ ခင်ဗျားရဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု သတ်ဖြတ်ရေး နည်းလမ်းကို လုံးဝ အနှောင့်အယှက် မဖြစ်စေရပါဘူး။”
................
တစ်ချိန်တည်းမှာပဲ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ သည် သွေးသံရဲရဲဖြင့် နန်းတော် အတွင်းသို့ ပြေးဝင်သွားတော့သည်။
“အရှင်မင်းမြတ်...ကျုပ်မှာ လျှို့ဝှက် လျှောက်တင်စရာ ရှိပါတယ်။ ကျုပ်မှာ လျှို့ဝှက် လျှောက်တင်စရာ ရှိပါတယ်။ ဘေးလူတွေကို ဖယ်ရှားပေးတော်မူပါ။” ဖူရန်လုံက တုန်ယင်စွာဖြင့် ပြောလိုက်၏။
ဧကရာဇ် ဝမ်ယွင် မျက်မှောင်ကြုတ်သွားပြီးနောက် လက်ဝှေ့ယမ်းလိုက်သော်လည်း တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်ကတော့ ကျန်ရစ်ခဲ့သည်။
“ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီပုံစံ ဖြစ်လာတာလဲ။”
ဧကရာဇ် ဝမ်ယွင်က မေးလိုက်၏။ “ခင်ဗျား စုမန်ရဲ့ အမှုကို စစ်ဆေးနေတာ မဟုတ်ဘူးလား။”
ဖူရန်လုံက တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်သည်။ “အရှင်မင်းမြတ်... ပြဿနာကြီးသွားပါပြီ။ အဲဒီ နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်က မသေသေးပါဘူး။ သူက ထွက်ဆိုချက် ပြောင်းပြီး သားတော် စီးကွမ်ကို ဖော်ထုတ်လိုက်ပါတယ်။”
စုချင်ဝမ်က ချက်ချင်း ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သူ ဘယ်လိုဖြစ်နေတာလဲ။ မိန်းမ တစ်ယောက်ကိုတောင် သေချာ မစောင့်ကြည့်နိုင်ဘူးလား။ ဒါပေမဲ့ ဒီကိစ္စလေးနဲ့ ခင်ဗျားက ဘာလို့ ဒီလောက်တောင် ထိတ်လန့် နေရတာလဲ။ တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးရေးမှာ ပါဝင်တဲ့ သူတွေက ကျုပ်တို့ စကားနားထောင်တဲ့ သူတွေချည်းပဲလေ။
အဲဒီ စုရှောင်ယွင်ကို မှုခင်းဆေးပညာရှင်က သေသွားပြီလို့ အရင်တည်းက အတည်ပြုပြီးပြီ ဆိုတော့ ဒီတစ်ခါတော့ သူ့ကို လုံးဝ သေသွားအောင် လုပ်လိုက်ပေါ့။ ပြီးတော့ စုမန်ကို ခါးဖြတ် သေဒဏ် ချမှတ်လိုက်ရင် ပြီးရော မဟုတ်ဘူးလား။ ဒါလေးက အရမ်း ခက်ခဲနေလို့လား။”
ဖူရန်လုံက ပြန်ဖြေလိုက်သည်။ “ကျုပ်လည်း အဲဒီလိုပဲ လုပ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆက်တွဲ အနေနဲ့ လူဆိုး တစ်စုက တရားလွှတ်တော်ချုပ်ထဲကို ဝင်လာပြီး လူသတ်ပွဲကြီး ဆင်နွှဲခဲ့ပါတယ်။ စုရှောင်ယွင်ကို ဓားချက်ပေါင်း များစွာ ထိုးပြီး သတ်ပစ်ခဲ့သလို စုမန်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။”
..................