အခန်း ၄၉၆
Vol. 42 Ch. 496
အပိုင်း (၄၉၆)
ဤစကားကို ကြားလိုက်ရချိန်မှာတော့ စုချင်ဝမ်နှင့် ဧကရာဇ် တို့၏ မျက်နှာ ပျက်ယွင်းသွားတော့၏။
တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက ဆက်ပြောလိုက်သည်။ “စုရှောင်ယွင် မသေခင်မှာ အဲဒီ လူဆိုး ခေါင်းဆောင်ရဲ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်တော့ ကျိန့်ဟိုင်မြို့စား သားတော် စီးကွမ်ရဲ့ မျက်နှာ ပေါ်ထွက်လာပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူအားလုံး လုံးဝ တိတ်ဆိတ်သွားတော့၏။
ဖူရန်လုံက ဆက်ပြောလိုက်သည်။ “စီးကွမ်က သူ့ရဲ့ မျက်နှာ အစစ်အမှန်ကို လူတွေ မြင်သွားတော့ ချက်ချင်း လူသတ်ပွဲကြီး ဆင်နွှဲပြီး အတူတူ အမှုစစ်နေတဲ့ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနရဲ့ ဒု-ဝန်ကြီးနဲ့ တရားရေး ဝန်ကြီးဌာနရဲ့ အမတ်ကို အကုန် သတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီမှာ ရှိနေတဲ့ အရာရှိတွေ၊ စာရေးတွေ ဆယ်ယောက်ကျော်နဲ့ စစ်သည် ရာချီကို အကုန်အစင် သတ်ပစ်ခဲ့တဲ့အပြင် တရားလွှတ်တော်ချုပ်ကိုပါ မီးရှို့သွားခဲ့ပါတယ်။”
ဧကရာဇ် နှင့် စုချင်ဝမ်တို့ လုံးဝ အံ့ဩမှင်သက်သွားကြပြီး သူတို့၏ နားကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြတော့၏။
‘တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့တယ် ဟုတ်လား။ တရားလွှတ်တော်ချုပ်ကို မီးရှို့ခဲ့တယ် ဟုတ်လား။ ဒါက ဂုဏ်သရေရှိတဲ့ တရားလွှတ်တော်ချုပ်လေ။ နန်းတွင်းရဲ့ အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့အစည်းလေ။ ခင်ဗျားက အဲဒီနေရာမှာ လူသတ်ပွဲကြီး ဆင်နွှဲရဲတယ် ဟုတ်လား။ နန်းတွင်းရဲ့ မျက်နှာ ဘယ်မှာ ထားရတော့မလဲ။ နန်းတွင်းရဲ့ ဥပဒေတွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားက အရမ်းကို ရူးသွပ်မိုက်မဲလွန်းနေပြီ။ ခင်ဗျားက ပုန်ကန်နေတာပဲ။’
ဧကရာဇ်သည် နန်းတော်တံခါး အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားပြီး တရားလွှတ်တော်ချုပ် ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်ရာ မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။
မကြာမီမှာပဲ ဟေးပင်းထိုင်၏ နန်ကုန်းတာသည် အပြေးအလွှား ဝင်ရောက်လာပြီး ဧကရာဇ်နှင့် အလွန် ဝေးကွာသော နေရာမှနေ၍ ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ်... တစ်ယောက်ယောက်က တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့ပြီး မီးရှို့သွားခဲ့ပါတယ်။ တော်ဝင် သက်တော်စောင့်တွေနဲ့ ဟေးပင်းထိုင် တပ်ဖွဲ့တွေက ဖမ်းဆီးဖို့ လိုက်သွားကြပါပြီ။”
ဧကရာဇ်က ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ခင်ဗျားတို့ ဟေးပင်းထိုင်က ဘာတွေ လုပ်နေကြတာလဲ။ ဂုဏ်သရေရှိတဲ့ တရားလွှတ်တော်ချုပ်၊ အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့အစည်းကြီးကို လူတွေက သွေးစွန်းစေပြီး မီးရှို့သွားတာကိုတောင် ခွင့်ပြုထားရသလား။”
နန်ကုန်းတာလည်း စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ ဤနေရာသည် စစ်တပ်စခန်းလည်းမဟုတ်၊ အကျဉ်းထောင်လည်း မဟုတ်သကဲ့သို့ ဟေးပင်းထိုင်အဖွဲ့၏ အခြေစိုက်စခန်းလည်း မဟုတ်ပေ။
ထို့ကြောင့် သာမန်အစိုးရရုံးဌာနများ၏ လုံခြုံရေးမှာ ထိုမျှအထိ တင်းကျပ်မှု မရှိလှချေ။ အကယ်၍ ရည်ရွယ်ချက်ရှိရှိဖြင့် အတင်းအဓမ္မ ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက တရားလွှတ်တော်ချုပ်သာမက မြို့တော်တပ်ဖွဲ့ကိုပင် သွေးချောင်းစီးစေနိုင်သည့် အခြေအနေရှိသည်။
သို့သော် အဓိကအချက်မှာ မည်သူမှ ထိုမျှအထိ ရူးသွပ်မိုက်မဲသော လုပ်ရပ်မျိုးကို လုပ်ဆောင်ခြင်း မရှိကြပေ။ ထို့အပြင် ထိုကဲ့သို့သော လုပ်ရပ်ကို ကျူးလွန်ပြီးနောက်တွင်လည်း လွတ်မြောက်အောင် တိမ်းရှောင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာလည်း ဖြစ်၏။
“သွားဖမ်း... သွားဖမ်း... အကယ်၍ ရန်သူတွေကို လွတ်သွားစေရင် ခင်ဗျားတို့ ဟေးပင်းထိုင်နဲ့ မြို့တော် စစ်သေနာပတိရုံးတို့ အားလုံး တာဝန်ယူရမယ်။” ဧကရာဇ်က ဒေါသတကြီးဖြင့် အော်လိုက်သည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်။”
ခဏအကြာတွင် စစ်သေနာပတိချုပ်၊ ဟေးပင်းထိုင် အကြီးအကဲ၊ ဝန်ကြီးချုပ် အချို့နှင့် စုချင်ဝမ် တို့သည် ဧကရာဇ်၏ စာကြည့်ဆောင် အတွင်း၌ အစည်းအဝေး ပြုလုပ်နေကြ၏။
ဤကိစ္စသည် အလွန်ကြီးမားလွန်းပြီး အလွန်ကြောက်မက်ဖွယ်ကောင်း၏။ တရားလွှတ်တော်ချုပ် ဆိုသော အင်ပါယာ၏ အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့အစည်းကြီးတွင် လူသတ်ပွဲကြီး ဆင်နွှဲခံရပြီး မီးရှို့ခံလိုက်ရခြင်းပင် ဖြစ်သည်။ နန်းတွင်း၏ မျက်နှာ ဘယ်မှာ ထားရတော့မည်နည်း။
“အရှင်မင်းမြတ်... ဒီလူဆိုးထဲက တချို့ကို ကျုပ်တို့ သတ်ပစ်နိုင်ခဲ့ပြီး တချို့ကတော့ ကွမ်ယွင် ဘုရားကျောင်း ထဲကို ထွက်ပြေး ပုန်းအောင်းသွားကြပါတယ်။”
နန်ကုန်းချော့က ပြောလိုက်၏။ “အသတ်ခံရတဲ့ လူဆိုးတွေရဲ့ ကိုယ်ပေါ်မှာ ဘာအဆင့်အတန်း အမှတ်အသားမှ မတွေ့ရပါဘူး။ ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ။”
နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “ဒါပေမဲ့ လူတိုင်းက အရမ်း မည်းနက်နေပြီး နေပူလေဒဏ် ခံထားရတဲ့ ပုံစံမျိုး ရှိကာ ပင်လယ်ပြင်မှာ အမြဲတမ်း သွားလာနေတဲ့ သေမထူးနေမထူး လူမိုက်တွေနဲ့ တူပါတယ်။ ကျုပ်တို့က ဒီကွမ်ယွင် ဘုရားကျောင်းကို ဝင်ရောက် စီးနင်းခဲ့ရာမှာ ကျိန့်ဟိုင် မြို့စားအိမ်တော်နဲ့ နီးကပ်တဲ့ ပတ်သက်မှု ရှိနေတာကို တွေ့ရှိရပါတယ်။”
သက်သေ အထောက်အထား အားလုံးသည် လူတစ်ယောက်တည်းကိုသာ ညွှန်ပြနေ၏။ ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ် ပင်ဖြစ်သည်။
“အရှင်မင်းမြတ်... ဒီကိစ္စက လုံးဝ စီးကွမ် လုပ်တာ မဟုတ်ပါဘူး။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်၏။ “စီးကွမ်ရဲ့ အဆင့်အတန်းက ဘယ်လိုရှိလဲ။ လူသတ် နှုတ်ပိတ်ချင်တယ် ဆိုရင်တောင် ကိုယ်တိုင် သွားလုပ်စရာ လိုလို့လား။ တစ်ယောက်ယောက်က ချောက်ချတာ အသိသာကြီးပဲ။”
ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်သည်။ “အရှင်မင်းမြတ်... တရားလွှတ်တော်ချုပ်ကို မီးရှို့တာ တစ်ခုတည်း ဆိုရင်တော့ သိပ်ပြဿနာ မရှိသေးပါဘူး။ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဒါတင်မကဘဲ ကျိန့်ဟိုင် မြို့စားအိမ်တော်ကို ပုန်ကန်အောင် ဖိအားပေးဖို့ ဆိုရင်တော့ အဲဒါက တကယ့်ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ကပ်ဘေးကြီးပဲ။”
မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်းက ပြောလိုက်၏။ “အရှင်မင်းမြတ်... ဒီကိစ္စက သေချာပေါက် အောက်ယွီရဲ့ အကြံအစည်ပါပဲ။”
စုချင်ဝမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒီကိစ္စမှာ နောက်ဆုံး အကျိုးအမြတ် ရမယ့်သူက ဘယ်သူလဲ ဆိုတာက နောက်ကွယ်က ကြိုးကိုင်သူပါပဲ။ အောက်ယွီက စုမန်ကို ကယ်တင်ချင်တာက ပထမအချက်ပါ။ အရှင်မင်းမြတ်က စီးကွမ်နဲ့ မင်းသမီး ရှန်းရှန်းကို လက်ထပ်ပေးဖို့ အမိန့်ထုတ်ခဲ့တယ်။ အကယ်၍ စီးကွမ်သာ ပုန်ကန်ခဲ့ရင် ဒီလက်ထပ်မယ့်ကိစ္စကလည်း ပျက်ပြယ်သွားမှာပဲ။ ဒါက ဒုတိယအချက်ပါ။”
နန်ကုန်းချော့က ပြောလိုက်၏။ “ဒါပေမဲ့ ပြဿနာ ဖြစ်တဲ့ အချိန်မှာ အောက်ရှင်းရဲ့ လက်အောက်ခံ အစောင့်တွေ အားလုံး ရှိနေကြပါတယ်။ ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်က တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေနိုင်တဲ့ အဆင့်အထိ မရှိပါဘူး။ အရေးအကြီးဆုံးက သူတို့ အားလုံးက မသန်စွမ်းသူတွေ ဖြစ်လို့ ခွဲခြားရ အရမ်း လွယ်ကူပါတယ်။”
စုချင်ဝမ်က ပြောလိုက်သည်။ “အောက် အိမ်တော်က အစောင့်တွေအပြင် အောက်ယွီ ဆီမှာ တခြား အင်အားစု တွေရော မရှိနိုင်ဘူးလား။ အရင်တစ်ခေါက်က သူ ပိုင်ယင်မြို့ရဲ့ ထိပ်တန်း သိုင်းပညာရှင်တွေရဲ့ လုပ်ကြံမှုကို ခံရတုန်းက ဟေးပင်းထိုင် စစ်သည် ရာကျော် သေဆုံးသွားခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ အသက်အန္တရာယ် ကင်းရှင်းခဲ့တယ်လေ။”
ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့က ပြောလိုက်၏။ “ရိုလန်မြို့ရဲ့ကိစ္စတွေကို ကြည့်ရရင် အောက်ယွီနဲ့ မင်းသမီး ဝူရွှမ်း တို့ အဆက်အသွယ် ရှိနေပြီဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဒီကိစ္စက စီးကွမ် လုပ်တာ မဟုတ်ဘူး ဆိုတာလည်း အမှန်ပါပဲ။ ပြဿနာ ဖြစ်တဲ့ အချိန်မှာ သူက တခြား နေရာတစ်ခုမှာ ရှိနေတာပါ။”
စုချင်ဝမ်က ပြောလိုက်သည်။ “ဒီကိစ္စက ရာခိုင်နှုန်းပြည့် အောက်ယွီ လုပ်တာလို့ ကျုပ် အာမခံရဲပါတယ်။ ဒီလူက အရမ်းကို ရူးသွပ်မိုက်မဲလွန်းပြီး ပုန်ကန်တာနဲ့ အတူတူပါပဲ။ အရှင်မင်းမြတ် အနေနဲ့ သူ့ကို ချက်ချင်း ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် နှိပ်စက်စစ်ဆေးဖို့ အမိန့်ထုတ်ပေးပါ။ သူ ဝန်မခံဘူးဆိုတာကို ကျုပ် မယုံပါဘူး။”
နန်ကုန်းချော့က ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲ... ဒီကိစ္စက အောက်ယွီနဲ့ ပတ်သက်နေတယ် ဆိုတဲ့ သက်သေ အထောက်အထား ဘာတစ်ခုမှ မရှိပါဘူး။”
စုချင်ဝမ်က ပြန်ပြောလိုက်သည်။ “သက်သေ မရှိရင် ရှာလို့ ရတာပေါ့။”
ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုးကြီး ဟောက်ချင့်၏အသံ ထွက်ပေါ်လာတော့၏။ “အရှင်မင်းမြတ်...ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ် တွေ့ဆုံခွင့် တောင်းပါတယ်။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “သူ့ကို ဝင်လာခိုင်းလိုက်။”
ထို့နောက် ဧကရာဇ်က ထပ်မံ အမိန့်ပေးလိုက်၏။ “နေအုံး... သူ့ကို စာကြည့်ဆောင်ထဲမှာ စောင့်ခိုင်းလိုက်။”
...............
အချိန်ကို နာရီဝက်ခန့် နောက်ပြန်ဆုတ်ကြည့်မည်ဆိုလျှင် မြို့တော်ရှိ ကျိန့်ဟိုင် မြို့စားအိမ်တော် အတွင်း၌ စီးကွမ်သည် ဤသတင်းကို ကြားလိုက်ရချိန်မှာတော့ အမှန်တကယ်ပင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်မှာ အိမ်ထဲမှာ အေးအေးဆေးဆေး ထိုင်နေရင်း ကောင်းကင်ပေါ်မှ ကပ်ဘေးကြီး ကျရောက်လာခြင်းပင် ဖြစ်၏။
သူ ကျိန့်ဟိုင် မြို့စား သားတော်သည် မြို့တော်တွင် မည်သူမှ ရန်မစရဲဘဲ သာမန် မင်းသားများထက်ပင် ပိုမို ဩဇာတိက္ကမ ရှိစွာ သွားလာနိုင်သည်မှာ မှန်၏။ သို့ပေမည့် ဤအရာများတွင်လည်း အတိုင်းအတာ တစ်ခု ရှိသည်။
တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခြင်း၊ တရားလွှတ်တော်ချုပ်ကို မီးရှို့ခြင်း စသည် ကဲ့သို့သော ကောင်းကင်ကြီး ပြိုကျလောက်သည့် ကပ်ဘေးကြီးမျိုးကို သူ လုံးဝ မခံနိုင်ချေ။
“သားတော်... ဒါက ပုန်ကန်မှု အမှုကြီးပါ။ ထွက်ပြေးပါတော့... ထွက်ပြေးပါတော့...”
“သားတော်.. အခု ပြေးရင် အချိန်မီပါသေးတယ်။ နောက်ကျသွားရင် ပြေးလို့ မရတော့ဘူး။”
စီးကွမ်၏ ဦးခေါင်းတစ်ခုလုံးကွဲထွက်လုမတတ် ဖြစ်နေပြီး နားထဲတွင်လည်း တဝုန်းဝုန်း မြည်နေတော့၏။
စုရှောင်ယွင်ဟူသော မိန်းမယုတ်က သူ့အပေါ် သစ္စာဖောက်ဖျက်လိုက်ခြင်းလား။ ထို့အပြင် မျက်နှာဖုံးကို ဆွဲခွာခြင်း ခံလိုက်ရသော လူသတ်သမားများ၏ ခေါင်းဆောင်မှာလည်း စီးကွမ်၏ ရုပ်ရည်သွင်ပြင်အတိုင်း ဖြစ်နေပြီး နောက်ဆုံးတွင် ကွမ်ယွင်ဘုရားကျောင်းအတွင်းသို့ ထွက်ပြေးပုန်းအောင်းသွားသည်လား။
ဤသည်မှာ အမှန်တကယ် မည်သို့မှ ဆေးကြော၍ မရနိုင်တော့သော အပြစ်ဒဏ်ကြီး တစ်ခု ဖြစ်လေတော့သည်။
ထိုအချိန်တွင်ပင် အပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာတော့၏။ “သားတော်... သခင်လေး အောက်မင် တွေ့ဆုံခွင့် တောင်းပါတယ်။”
“သူ့ကို ဝင်လာခိုင်းလိုက်။”
ခဏအကြာတွင် အောက်မင် ဝင်ရောက်လာပြီး အလွန် သပ်ရပ်စွာဖြင့် အရိုအသေပေးကာ ပြောလိုက်သည်။ “သခင်လေးကို အရိုအသေပေးပါတယ်။”
စီးကွမ်က ပြောလိုက်၏။ “အောက်မင်... ခင်ဗျား တကယ်ကောင်းတဲ့ အလုပ်တွေ လုပ်ခဲ့တာပဲ။ အရမ်း အဆိပ်ပြင်းတဲ့ အကြံအစည်တွေ ပေးခဲ့တာပဲ။ စုမန်ရဲ့ နွေဦး စာမေးပွဲ အဖြေလွှာမှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ဆိုတဲ့ စကားတွေကို ထည့်ရေးခဲ့တာ ခင်ဗျားပဲ မဟုတ်လား။
အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ခင်ဗျား ပထမဆု ရဖို့ အဟန့်အတား ဖြစ်နေတာကို ရှင်းလင်းလိုက်တာပဲ။ အဲဒီနောက် စုမန်ကို ဒုက္ခပေးဖို့ အကြံပေးခဲ့တာကလည်း ခင်ဗျားပဲ။ အခုတော့ ကျုပ်ရဲ့ ကျိန့်ဟိုင် မြို့စားအိမ်တော်ဟာ ကြီးမားတဲ့ ပြဿနာကြီးထဲကို ရောက်သွားရပြီ။”
အောက်မင်က ပြန်ပြောလိုက်သည်။ “သခင်လေး... စုရှောင်ယွင် ဟာ သေချာပေါက် ယုံကြည်ရတယ်၊ သခင်လေး နောက်ကို လိုက်လာတာ နှစ်အတော်ကြာပြီဖြစ်ပြီး မြို့တော်မှာ သခင်လေးရဲ့ အရေးအကြီးဆုံး မျက်စိနဲ့ နား ပါလို့ သခင်လေး အရင်က ပြောခဲ့ဖူးပါတယ်။”
စီးကွမ်က ပြောလိုက်၏။ “ကောင်းပြီ။ ဒီကိစ္စကို ခဏထားလိုက်တော့။ လက်ရှိ အခြေအနေကို ဘယ်လို ဖြေရှင်းမလဲ။”
အောက်မင်က ပြန်ဖြေလိုက်သည်။ “သခင်လေး... ဒီကိစ္စက အရမ်း ရိုးရှင်းပါတယ်။”
“ရိုးရှင်းတယ် ဟုတ်လား။”
စီးကွမ်က ပြောလိုက်၏။ “ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ပြဿနာကြီး ဖြစ်နေပြီ။ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့တာကို ရိုးရှင်းတယ် ဟုတ်လား။”
အောက်မင်က ပြန်ဖြေလိုက်သည်။ “ဒါက သခင်လေး လုပ်ခဲ့တာမှ မဟုတ်တာ။ သခင်လေးက ဘာကို စိုးရိမ်နေတာလဲ။”
စီးကွမ်က မေးလိုက်၏။ “ဒါဆို ဘယ်သူ လုပ်တာလို့ ခင်ဗျား ထင်လဲ။
“အောက်ယွီ လုပ်တာ။” အောက်မင်က ပြန်ဖြေလိုက်သည်။
စီးကွမ်က ပြောလိုက်၏။ “အောက်ယွီရဲ့ လက်ထဲမှာ ဒီလောက် အစွမ်းအစ မရှိလောက်ပါဘူး။”
အောက်မင်က ပြန်ပြောလိုက်သည်။ “သူ လုပ်တာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အောက်ယွီ လုပ်တာပဲ ဖြစ်ရမယ်။ သခင်လေး... နားလေး နည်းနည်း တိုးပေးပါ။”
စီးကွမ်သည် ခန္ဓာကိုယ်ကို စောင်းပေးလိုက်ရာ အောက်မင်သည် စီးကွမ်၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်တော့၏။
.................
ဧကရာဇ်၏ စာကြည့်ဆောင် အတွင်း၌ ကျိန့်ဟိုင် မြို့စားအိမ်တော် သားတော် စီးကွမ် ဒူးထောက်ကာ ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဒီကိစ္စက ကျုပ် လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စုရှောင်ယွင် ဆိုတဲ့ မိန်းမယုတ်ကတော့ ကျုပ်ကို တကယ်ပဲ သစ္စာဖောက်သွားပါတယ်။ မဟုတ်ဘူး။ တိတိကျကျ ပြောရရင် သူမက တခြားသူတွေကကျုပ် ဘေးမှာ လျှို့ဝှက် ထားရှိခဲ့တဲ့ သူလျှိုတစ်ယောက် ဖြစ်ဖို့ များပါတယ်။”
ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားရဲ့ မျက်နှာကို မြင်တဲ့သူတွေ ရှိတယ်။ ပြီးတော့ ခင်ဗျားရဲ့ လူတွေက ကွမ်ယွင် ဘုရားကျောင်းကို ထွက်ပြေးသွားတယ်။ အဲဒါက ခင်ဗျားရဲ့ နယ်မြေ မဟုတ်ဘူးလား။”
“ဒီတစ်ကြိမ် လန်ကျိုး သဘာဝဘေးအန္တရာယ်ဟာ လူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေခဲ့ပါတယ်။ ကျုပ်တို့ မိသားစု အနေနဲ့ နောက်ထပ် ငွေသား သုံးသန်း လှူဒါန်းဖို့ ဆန္ဒရှိပါတယ်။”
စီးကွမ်က ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးက ရန်သူတွေရဲ့ ယုတ်မာတဲ့ ချောက်ချမှုတွေချည်းပါပဲ။”