အခန်း ၄၉၇
Vol. 42 Ch. 497
အပိုင်း (၄၉၇)
ဧကရာဇ်၏ မျက်လုံးများကျုံ့သွားပြီး မေးလိုက်၏။ “ခင်ဗျားပြောတဲ့ ရန်သူ ဆိုတာ ဘယ်သူလဲ။”
“အောက်ယွီ ပါ။” စီးကွမ်က ပြန်ဖြေလိုက်သည်။
ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “စီးကွမ်... ခင်ဗျား အောက်ယွီကို မုန်းတယ် ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ယုတ္တိရှိအောင် နည်းနည်း စဉ်းစားအုံးလေ။ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေဖို့၊ တရားလွှတ်တော်ချုပ်ကို မီးရှို့ဖို့၊ လူရာချီကို သတ်ဖြတ်ဖို့ ခင်ဗျားတို့ ကျိန့်ဟိုင် မြို့စားအိမ်တော်မှာ ဒီလို အစွမ်းအစ ရှိပေမယ့် အောက်ယွီ မှာတော့ ဒီလို အစွမ်းအစ မရှိပါဘူး။”
စီးကွမ်က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... အောက်ယွီမှာ ဒီလို အစွမ်းအစ မရှိပေမယ့် တာယင်အင်ပါယာ ဟေးလုံထိုင်မှာတော့ ဒီလို အစွမ်းအစ ရှိပါတယ်။”
ဧကရာဇ်၏ မျက်လုံးများ ကျုံ့သွားပြီး အေးစက်စက်ဖြင့် မေးလိုက်၏။ “ခင်ဗျား ဘာအဓိပ္ပာယ် ပြောတာလဲ။”
စီးကွမ်က ပြန်ဖြေလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်ဆီမှာ လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရှိပါတယ်။ အောက်ယွီဟာ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီ ဆိုတာကို သက်သေပြနိုင်ပါတယ်။
ဒီတစ်ကြိမ် သူက တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ အင်အားကို အသုံးချပြီး တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့တာပါ။ တစ်ဖက်က စုမန်ကို ကယ်တင်ချင်လို့ ဖြစ်သလို၊ နောက်တစ်ဖက်က ပုန်ကန်မှု ပြစ်မှုကို ကျုပ်တို့ ကျိန့်ဟိုင် မြို့စားအိမ်တော်ရဲ့ ခေါင်းပေါ် ပုံချပြီး နန်းတွင်းနဲ့ကျုပ်တို့ ကျိန့်ဟိုင် မြို့စားအိမ်တော်ကြားက ဆက်ဆံရေးကို သွေးခွဲချင်လို့ပါ။ တကယ့်ကို မြားတစ်စင်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါပဲ။”
ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်၏။ “ခင်ဗျားပြောတဲ့ သက်သေ အထောက်အထားတွေက ဘယ်မှာလဲ။”
စီးကွမ်က ပြန်ဖြေလိုက်သည်။ “သက်သေခံ ပစ္စည်းတွေ ရှိရုံသာမက သက်သေခံ လူတွေပါ ရှိပါတယ်။ ဒါတွေက သက်သေ အထောက်အထားတွေပါပဲ။ အောက်ယွီဟာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီ ဆိုတာကို အပြည့်အဝ သက်သေပြနိုင်သလို ဒီ အံ့ဩတုန်လှုပ်ဖွယ်ရာ တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေတဲ့ အမှုကို လည်း သူကိုယ်တိုင် စီစဉ်ခဲ့တာ ဆိုတာကို သက်သေပြနိုင်ပါတယ်။”
ဧကရာဇ်သည် သက်သေ အထောက်အထားများကို ယူ၍ကြည့်ရှုလိုက်ရာ မျက်နှာ လုံးဝ ပြောင်းလဲသွားတော့၏။
ထို့နောက် သူ၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများတွင် အေးစက်သော အရောင်များ ထွက်ပေါ်လာတော့သည်။
“ကောင်းတယ်...ကောင်းတယ်... အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်။”
ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “နန်ကုန်းချော့ ဘယ်မှာလဲ။”
“ကျုပ် ရှိပါတယ်။” နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။
ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ခင်ဗျားကိုယ်တိုင် သွားပြီး အောက်ယွီကို ဖမ်းလာခဲ့။ မဟုတ်ဘူး... အောက်ရှင်း၊ လျူရှီ နဲ့ အောက်ယွီ တစ်မိသားစုလုံးကို အကုန် ဖမ်းလာခဲ့။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ နန်ကုန်းချော့ အနည်းငယ် အံ့ဩသွားရသည်။
ယခုအခါ အောက်ယွီ၏ အဆင့်အတန်းမှာ သာမန် မဟုတ်တော့ချေ။ သူသည် ဧကရာဇ်ဟောင်း၏ တိုက်ရိုက် လက်အောက်ခံ ဖြစ်နေပြီဖြစ်ရာ သူ့ကို ဖမ်းဆီးလိုက်ပါက ဧကရာဇ်ဟောင်း၏ မျက်နှာ အလွန် ပျက်သွားမည် မဟုတ်ပါလား။
ဧကရာဇ်က ဆက်ပြောလိုက်၏။ “နောက်ပြီး ဧကရာဇ်ဟောင်းဆီ သွားပြီး အကြောင်းကြားဖို့ လူလွှတ်လိုက်ပါ။ အောက်ယွီဟာ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီလို့ ကျုပ်တို့ သံသယ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ဖမ်းဆီးပြီး သေချာ စုံစမ်းစစ်ဆေးရမှာပါ။ ဒါက ဧကရာဇ်ဟောင်းရဲ့ လုံခြုံရေး အတွက်လည်း ဖြစ်ပါတယ်။”
နန်ကုန်းချော့က မေးလိုက်သည်။ “ဒါဆို ဧကရာဇ်ဟောင်းဆီ ဘယ်သူ့ကို လွှတ်ပြီး ပြောခိုင်းရမလဲ။”
ဧကရာဇ်က ပြန်ဖြေလိုက်၏။ “ဟောက်ကျန့် ရော။ သူ ဧကရာဇ် သင်္ချိုင်းကို စောင့်နေတာ မဟုတ်ဘူးလား။ သူက ဟောက်ချန်နဲ့ ဆက်ဆံရေးကောင်းပြီး ဟောက်ချန်ရဲ့ မွေးစားသားလေ။ သူ့ကိုပဲ သွားပြောခိုင်းလိုက်။”
နန်ကုန်းချော့က ပြန်ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါ။”
...............
တစ်နာရီခန့် အကြာတွင် ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ သူသည် ယခင်က ဧကရာဇ်၏ အယုံကြည်ရဆုံး မိန်းမစိုးအိုကြီး ဟောက်ကျန့် ဖြစ်ပြီး ဧကရာဇ် သင်္ချိုင်းကို စောင့်ရှောက်ရန် နယ်နှင်ဒဏ် ပေးခံရသည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
သို့ပေမည့် ဤတစ်နှစ်ကျော်ကာလအတွင်း သူသည် အိုမင်းရင့်ရော်သွားခြင်း မရှိသည့်အပြင် ပိုမို နုပျိုလာကာ အသားအရေလည်း ပိုမိုကောင်းမွန်လာပြီး အနည်းငယ်ပင် ဝဖြိုးလာသေးသည်။
ဟောက်ကျန့်သည် ရှန်ချင်းနန်းဆောင်၏ အရှေ့သို့ ရောက်ရှိလာပြီး ယဉ်ကျေးပျူငှာစွာဖြင့် ပြောလိုက်၏။ “စစ်သူကြီး ယင်းယန်... ခင်ဗျား ဘယ်လို ဖြစ်သွားတာလဲ။”
ယင်းယန်က ပြန်ဖြေလိုက်သည်။ “နံရိုး အနည်းငယ်ကျိုးသွားတာပါ။ ဘာမှ မဖြစ်ပါဘူး။ မိန်းမစိုးကြီး ဟောက်ကျန့်... မတွေ့ရတာ တော်တော်ကြာပြီ။ ခင်ဗျားရဲ့ အသားအရေက တော်တော်ကောင်းနေသေးတာပဲ။”
“ကောင်းပါတယ်...ကောင်းပါတယ်။”
ဟောက်ကျန့်က ပြန်ပြောလိုက်၏။ “ကျေးဇူးပြုပြီး အထဲဝင်ပြီး သတင်းပို့ပေးပါ။ ကျုပ်ရဲ့ မွေးစားအဖေကို တွေ့ချင်လို့ပါ။”
စစ်သူကြီး ယင်းယန်က ပြောလိုက်သည်။ “ကောင်းပါပြီ။ ခဏလေး စောင့်နေပါ။”
ခဏအကြာတွင် မိန်းမစိုးအိုကြီးဟောက်ချန် ထွက်လာတော့၏။
ဟောက်ကျန့်သည် အဝေးမှနေ၍ ဒူးထောက်ကာ ပြောလိုက်သည်။ “မွေးစားအဖေ... ကျုပ် မွေးစားအဖေကို အရိုအသေပေးပါတယ်။”
ဟောက်ချန်သည် ရှေ့သို့တက်လာပြီး ဟောက်ကျန့်ကို ထူမကာ ပြောလိုက်၏။ “ဟောက်ကျန့်... မင်း နည်းနည်း ဝလာတယ်နော်။ မင်း နယ်နှင်ဒဏ် ပေးခံရတာ မဟုတ်ဘူးလား။ မင်း ဇိမ်သွားခံနေတယ်လို့တောင် ငါ ထင်နေတာ။”
ဟောက်ကျန့်က ပြန်ပြောလိုက်သည်။ “ဧကရာဇ် သင်္ချိုင်းကို စောင့်ရတာ ဇိမ်ခံတာပဲ မဟုတ်ဘူးလား။ မွေးစားအဖေရဲ့ အသားအရေက သိပ်မကောင်းတော့ဘူးနော်။”
“ဟူး... ဒီရက်ပိုင်း အခြေအနေတွေက အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတော့ ငါ့ရဲ့ အသားအရေက ဘယ်လိုလုပ်ကောင်းနိုင်တော့မှာလဲ။”
ဟောက်ချန်က ပြောလိုက်၏။ “ဘာဖြစ်လို့လဲ။ ဟိုဘက်က မင်းကို စကားလာပြောခိုင်းတာလား။”
ဟောက်ကျန့်က ပြန်ဖြေလိုက်သည်။ “အောက်ယွီဟာ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီ ဆိုတာကို လူတချို့ တွေ့ရှိသွားကြတယ်။ ပြီးတော့ သက်သေ အထောက်အထားတွေလည်း အပြည့်အစုံ ရှိနေပြီး ခိုင်မာနေပါတယ်။ ဧကရာဇ်မင်းမြတ်က ကျုပ်ကို လွှတ်ပြီး ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို လာတောင်းခိုင်းတာပါ။ ဘယ်လို အပြစ်ပေးရမလဲ ဆိုတာကို ဧကရာဇ်ဟောင်း သဘောအတိုင်း လုပ်ဆောင်ပါ့မယ် တဲ့။”
မိန်းမစိုးအိုကြီးဟောက်ချန်၏ မျက်နှာ ပြောင်းလဲသွားပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် မေးလိုက်၏။ “ဟောက်ကျန့်... ဟေးပင်းထိုင်ရဲ့ စစ်သည်တွေက အောက်ယွီရဲ့ တစ်မိသားစုလုံးကို ဝိုင်းရံထားပြီး အမိန့်ပေးလိုက်တာနဲ့ အားလုံး ဖမ်းဆီးတော့မလို့လား ဆိုတာ ငါ့ကို ပြောစမ်း။”
ဟောက်ကျန့်က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဟေးပင်းထိုင်က လူနှစ်ထောင်၊ မြို့တော် စစ်သေနာပတိ ရုံးက လူတစ်ထောင် ထုတ်ပြီး ရန်သူနဲ့ ပူးပေါင်းတဲ့ အမှုကြီး အနေနဲ့ ကိုင်တွယ်နေတာပါ။”
ဟောက်ချန်က ခေါင်းညိတ်ပြလိုက်ပြီး ရှန်ချင်းနန်းဆောင် အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားကာ ဝူဝေ့ နန်းဆောင်၏ အရှေ့သို့ ရောက်ရှိပြီး ဒူးထောက်ကာ ပြောလိုက်၏။ “ဝူဝေ့ နတ်ဘုရားလောင်း... အောက်ယွီ ရန်သူနဲ့ ပူးပေါင်းတဲ့ သက်သေ အထောက်အထားတွေကို တစ်ယောက်ယောက်က တွေ့ရှိသွားပြီလို့ ပြောပါတယ်။ သူက တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စည်းရုံးမှုကို ခံလိုက်ရပြီတဲ့။
သက်သေ အထောက်အထားတွေ အပြည့်အစုံ ရှိပြီး ခိုင်မာနေတယ်လို့ ပြောပါတယ်။ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ဧကရာဇ်က လာရောက် အမိန့်တောင်းခံတာပါ။ အရှင်ကိုယ်တိုင် ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။”
ချက်ချင်းပဲ အတွင်းမှ ကျမ်းစာရွတ်ဆိုသံများ ရပ်တန့်သွားတော့သည်။
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကျုပ် နိုင်ငံရေးမှာ မဝင်ပါဘူးလို့ ပြောပြီးသားပဲ။ လုပ်သင့်တာကို လုပ်ပါ။ သေချာပေါက် အတင်းအကျပ် ဝန်ခံခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ ကောင်းကင်ဘုံရဲ့ သဟဇာတကို မထိခိုက်စေပါနဲ့။”
ဟောက်ချန်က ပြန်ပြောလိုက်သည်။ “ကျုပ် နားလည်ပါပြီ။ အခုပဲ သွားပြောလိုက်ပါ့မယ်။”
ထို့နောက် ဟောက်ချန်သည် ရှန်ချင်းနန်းဆောင်၏ တံခါးဝသို့ ရောက်ရှိလာပြီး ဟောက်ကျန့်ကို ပြောလိုက်၏။ “ဧကရာဇ်ဟောင်းရဲ့ စကားကတော့ သူ နိုင်ငံရေးမှာ ဝင်မပါဘူးတဲ့။ လုပ်သင့်တာကို လုပ်ပါ။ ဒါပေမဲ့ အတင်းအကျပ် ဝန်ခံခိုင်းတာမျိုး မလုပ်ဖို့နဲ့ ကောင်းကင်ဘုံရဲ့ သဟဇာတကို မထိခိုက်စေဖို့ မှာလိုက်ပါတယ်။”
ဟောက်ကျန့်က ပြန်ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”
ထို့နောက် သူသည် ထွက်ခွာရန် ပြင်လိုက်၏။
ဟောက်ချန်က လှမ်းခေါ်လိုက်သည်။ “မျောက်လေး ဟောက်ကျန့်။”
ဟောက်ကျန့် သည် ရပ်တန့်သွားပြီး ပြောလိုက်၏။ “မွေးစားအဖေ... ကျုပ် နားလည်ပါတယ်။”
ထို့နောက် ဟောက်ကျန့် သည် အလျင်အမြန် ထွက်ခွာသွားပြီး အောက်ယွီ၏ နေအိမ် အသစ်ဆီသို့ ချက်ချင်း သွားရောက်တော့သည်။
ယခုအချိန်တွင် ဟေးပင်းထိုင်၏ စစ်သည် နှစ်ထောင်နှင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်သည် တစ်ထောင် တို့သည် ယွင်ကျုံးဟဲ့၏ နေအိမ်အသစ်ကို ခြင်ယင် မဝင်အောင် အထပ်သုံးထပ် ဝိုင်းရံထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ကာ လေးမြားများဖြင့် ချိန်ရွယ်ထားကြသည်။ အတွင်းမှ မည်သည့် ခုခံမှုမျိုးကို မဆို ချက်ချင်း သတ်ဖြတ်ပစ်မှာဖြစ်၏။
အောက်ရှင်းသည် ချောင်းဆိုးနေရင်း ငွေရောင်လှံရှည်ကြီးကို ထောက်ထားပြီး ဘေးနားတွင် ဇနီး လျူရှီ နှင့် သမီး အောက်နင်နင် တို့က တွဲပေးထားသည်။
ယွင်ကျုံးဟဲ့ သည် တံခါးဝတွင် ရပ်လျက် ဟေးပင်းထိုင်၏ နန်ကုန်းဆန်းကို ကြည့်နေသည်။ ဤလူကို သူ သိပ်မမြင်ဖူးသော်လည်း မျက်နှာထားမှာ အလွန် ရက်စက်ကြမ်းကြုတ်ပြီး မြွေတစ်ကောင်ကဲ့သို့ မျက်လုံးများ ရှိ၏။
လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး ဧကရာဇ်ဟောင်း၏ အမိန့်တော် နန်းတော်သို့ ရောက်ရှိ လာပြီးနောက် ဧကရာဇ်၏ အမိန့်တော် ထွက်ပေါ်လာမည်ကို စောင့်မျှော်နေကြသည်။
ခဏအကြာတွင် မိန်းမစိုးကြီး ဟောက်ချင့်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်... ဖမ်းဆီးလိုက်ကြ။”
ဟေးပင်းထိုင် နန်ကုန်းဆန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျားက တာယင်အင်ပါယာနဲ့ ပူးပေါင်းပြီး တရားလွှတ်တော်ချုပ်ကို မီးရှို့ကာ ရန်သူနဲ့ လျှို့ဝှက် ဆက်သွယ်မှု ရှိတယ်လို့ သံသယ ရှိတဲ့အတွက် ကျုပ်တို့နဲ့ လိုက်ခဲ့ရမယ်။ လာကြစမ်း... အောက်ယွီရဲ့ တစ်မိသားစုလုံးကို ဖမ်းဆီးလိုက်။”
ချက်ချင်းပဲ စစ်သည် ထောင်ချီ ရှေ့သို့တက်လာပြီး အောက်ရှင်း တစ်မိသားစုလုံးရှိ လူတစ်ရာကျော်နှင့် အောက်ယွီတို့ အားလုံးကို ဖမ်းဆီးလိုက်တော့၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါက အကြောင်းပြချက် မရှိဘဲ သတ်ဖြတ်ဖို့ လုပ်တာလား။”
နန်ကုန်းဆန်းက ပြန်ဖြေလိုက်၏။ “စိတ်ချပါ။ ခင်ဗျားရဲ့ အဆင့်အတန်းက အထူးခြားဆုံးဖြစ်လို့ တရားခွင်မှာ ရှင်းရှင်းလင်းလင်း စစ်ဆေးမေးမြန်းမှာပါ။ တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးပြီး ဝန်ကြီးချုပ်တွေ၊ ချင်ဝမ်တွေက ဘေးကနေ နားထောင်ကြမှာပါ။ ခင်ဗျားကို လုံးဝ လက်ခံသွားအောင် လုပ်ပေးမယ်။ ခင်ဗျားကို သေချာပေါက် ရှင်းရှင်းလင်းလင်း သိပြီးမှ သေခိုင်းမှာပါ။”
“ခေါ်သွား။” နန်ကုန်းဆန်း၏ အမိန့်ပေးသံနှင့်အတူ ယွင်ကျုံးဟဲ့၏ တစ်မိသားစုလုံးကို ခမ်းနားကြီးကျယ်စွာဖြင့် နန်းတော်သို့ ခေါ်ဆောင်သွားပြီး အမြင့်ဆုံး အဆင့်ရှိသော တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုကို ရင်ဆိုင်ရတော့မှာဖြစ်သည်။
ယွင်ကျုံးဟဲ့ ချက်ချင်းပဲ စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့၏။
..............
“ဧကရာဇ်ဟောင်း...” ဟောက်ချန် သည် ဝူဝေ့ နန်းဆောင် အပြင်ဘက်တွင် ရပ်လျက် ရိုသေစွာ မေးလိုက်၏။ သူက နှုတ်မှ မပြောသော်လည်း ဧကရာဇ်ဟောင်း အနေဖြင့် ဝင်ရောက် စွက်ဖက်သင့်၊ မသင့် ဆိုသည်ကို ဆိုလိုခြင်း ဖြစ်သည်။
“ဧကရာဇ်ဟောင်း... သူတို့က အပေါ်ယံမှာတော့ အောက်ယွီကို ရည်ရွယ်နေတာ ဆိုပေမယ့် တကယ်တမ်းကတော့ အရှင့်ကို ရည်ရွယ်နေကြတာပါ။” ဟောက်ချန်က ပြောလိုက်၏။
“ဟုတ်ပါတယ်။ ကျုပ်ကို ရည်ရွယ်နေကြတာပါ။”
ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်၏။ “အရင်တုန်းက ဒီလိုကိစ္စမျိုးကြုံလာရင် သူက ကျုပ်ဆီကိုယ်တိုင် လာပြီး အရင် အပြစ်ဝန်ခံမယ်၊ ပြီးမှ အမိန့်တောင်းမယ်။ အခုတော့ ဟောက်ကျန့်ကို တိုက်ရိုက် လွှတ်လိုက်တယ် ဆိုတော့ သူက ကျုပ် အသက်ရှည်နေတာကို တကယ်ပဲ ငြီးငွေ့နေပြီ ထင်တယ်။”
ဧကရာဇ် ဝမ်ယွင် သည် မိမိဆန္ဒအတိုင်း အလွန်အမင်း ပြုမူတတ်သူ ဖြစ်ပြီး ယခုအခါ ဧကရာဇ်ဟောင်း အပေါ်ထားရှိသော ရိုသေလေးစားမှုများလည်း သိပ်မရှိတော့ချေ။
“ဒါတွေ အားလုံးက အရင်တစ်ခေါက် ကျုပ် သေလုနီးပါး ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အောက်ယွီက ကျုပ်ကို ကယ်တင်ခဲ့တယ်။ ပြီးတော့ ဝိညာဉ် ပြန်ဝင်လာတဲ့ ပြကွက်နဲ့ တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတဲ့ ပြကွက်ကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒါပေမဲ့ ဒါတွေ အားလုံးက ကျုပ်ရဲ့ ရွှေရောင် အလွှာကြီးကို အပေါ်ယံလေးပဲ ကာကွယ်ပေးနိုင်ခဲ့တာပါ။
နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေ အကြောင်းကို လောကက ပြည်သူတွေကတော့ ယုံကြည်ကောင်း ယုံကြည်ကြပေမယ့် နန်းတွင်းက ဉာဏ်များတဲ့ လူတွေကတော့ ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့က ကျုပ်ကို အထင်သေးသွားကြတာပါ။”
ဤစကားကို ပြောဆိုချိန်တွင် ဧကရာဇ်ဟောင်း သည် သက်ပြင်းချနေမိ၏။ ယခင်က သူသည် အင်ပါယာကို နှစ်ငါးဆယ်တိုင်တိုင် အုပ်ချုပ်ခဲ့ပြီး အမြင့်ဆုံး အာဏာကို ချုပ်ကိုင်ထားခဲ့သည်။
ဤ ရှန်ချင်းနန်းဆောင် အတွင်း၌ လျှို့ဝှက် နေထိုင်နေချိန်တွင်ပင ်ကောင်းကင်ယံမှ မိုးကြိုး တစ်ခုကဲ့သို့ လူတိုင်းကို အလွန်ကြောက်ရွံ့လေးစားစေခဲ့၏။
သို့ပေမည့် ရှန်ချင်းနန်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်သော တားမြစ်နယ်မြေ အငွေ့အသက်များ ဖျက်ဆီး ခံလိုက်ရပြီးနောက် သူ လေဖြတ်နေပြီး အိုမင်းရင့်ရော်ကာ အားနည်းနေသည့် အမှန်တရားကို လူတိုင်း မြင်တွေ့သွားကြသောကြောင့် ချက်ချင်းပဲကြောက်ရွံ့လေးစားမှုများ အားလုံး ပျောက်ကွယ် သွားကြတော့သည်။
‘သေခါနီး ဧကရာဇ်ဟောင်း တစ်ပါးကို ဘယ်သူက ကြောက်ရွံ့လေးစားနေမှာလဲ။’