အခန်း ၄၉၈
Vol. 42 Ch. 498
အပိုင်း (၄၉၈)
“အင်း....” ဧကရာဇ်ဟောင်းသည် အားယူကာ ကိုယ်တိုင်ထိုင်ရန် ကြိုးစားလိုက်သော်လည်း ကျရှုံး သွားတော့၏။
ဟောက်ချန် အလျင်အမြန် ပြေးဝင်သွားပြီး ဧကရာဇ်ဟောင်း ထိုင်နိုင်ရန်ကူညီပေးလိုက်ကာ တောင့်တင်းပြီး အာရုံခံစားမှု မရှိသော သူ၏ ခြေထောက်နှစ်ဖက်ကို နှိပ်နယ်ပေးလိုက်သည်။
“ဧကရာဇ်ဟောင်း... ဘာခံစားမှုမှ မရှိသေးဘူးလား။” ဟောက်ချန်က မေးလိုက်၏။
“နည်းနည်းပါးပါးတော့ ခံစားမှု ရှိလာပါပြီ။ ဒါပေမဲ့ လှုပ်လို့တော့ မရသေးဘူး။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “မြန်မြန် လုပ်ရမယ်။ မဟုတ်ရင် အောက်ယွီ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ ကျုပ် သေတော့မယ် ဆိုတော့ ဘာအသုံးမှ မဝင်တော့ဘူးလို့ သူတို့ ထင်နေကြတယ်။ ကျုပ်အပေါ် ဂရုစိုက်မှုတွေ ပိုပိုပြီး နည်းလာလို့ အောက်ယွီကို မုန်တိုင်းလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာကြလိမ့်မယ်။ လန်ကျိုးမှာရှိတဲ့ ကျိုးလီတောင်မှ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး။”
ဟောက်ချန်က မေးလိုက်၏။ “ဒါဆို အောက်ယွီက ဒီတစ်ကြိမ် တောင့်ခံနိုင်ပါ့မလား။”
“ဟား... ဟား...”
ဧကရာဇ်ဟောင်းက ရယ်မောကာ ပြောလိုက်သည်။ “ဧကရာဇ် အဆက်ဆက်ရဲ့ နိုင်ငံရေး အားပြိုင်မှု တွေက ဘယ်လောက်တောင် ပြင်းထန်လိုက်လဲ။ အခုက ဘယ်ရောက်သေးလို့လဲ။ ပိုပိုပြီး ပြင်းထန်လာပြီး ပိုပိုပြီး ရက်စက်လာမှာပဲ။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေမှာ အောက်ယွီ ဘာလုပ်နေတယ်လို့ ခင်ဗျား ထင်လဲ။”
ဟောက်ချန်က ပြန်ဖြေလိုက်၏။ “သူ့သူငယ်ချင်း စုမန်ကို ကယ်တင်နေတာလေ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “သူက ဧကရာဇ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပါ။”
ဟောက်ချန် အံ့ဩသွားပြီး ပြောလိုက်၏။ “ကျုပ် လုံးဝ မရိပ်မိပါဘူး။”
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်သည်။ “ခင်ဗျား ရိပ်မိတဲ့ အချိန်ကျရင် လူတိုင်းလည်း ရိပ်မိနေလောက်ပါပြီ။”
ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်၏။ “ဒါပေမဲ့ အခု စစ်တုရင် ပွဲစဉ်က အရမ်းကို ရက်စက် ကြမ်းကြုတ်လွန်းတယ်။ ကျုပ်တို့ဘက်မှာ ဘုရင် တစ်ကောင်နဲ့ ရထား တစ်ကောင်ပဲ ရှိတယ်။ ဟိုဘက်မှာတော့ စစ်တုရင်ကွက် အပြည့်အစုံ ရှိနေပြီး ဘယ်အရုပ်မှ မလျော့ဘူး။”
“ဟင်း...”
ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်ပြန်သည်။ “ကျုပ်ရဲ့ အသုံးမကျတဲ့ ခြေတွေ လက်တွေ အမြန်ဆုံး လှုပ်ရှားနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။ တစ်ခါလေး မတ်တတ်ရပ်နိုင်ရင်တောင် တော်ပါပြီ။”
အောက်ယွီ တစ်မိသားစုလုံးသည် ခမ်းနားကြီးကျယ်စွာဖြင့် နန်းတော် အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ဤတစ်ကြိမ် တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုကို နိုင်ကော် အတွင်း၌ ပြုလုပ်မှာဖြစ်၏။
ယွင်ကျုံးဟဲ့ နိုင်ကော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပြီး ထင်မှတ်ထားသည်ထက် အများကြီး သေးငယ်ကာ တရားခွင် ဆိုသည်မှာ တရားလွှတ်တော်ချုပ်၏ တရားခွင် ထက်ပင် သေးငယ်နေသေးသည်။
နိုင်ကော်သည် ရှန်ရှူးထိုင် (နိုင်ကော်၏ ယခင်အမည်) ဖြစ်စဉ်က ဤနေရာထက် အများကြီး ပိုမို ခမ်းနားကြီးကျယ်ခဲ့၏။
ယခုတစ်ကြိမ်တွင် တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှု သာမက တရားရုံးလေးရပ် ပူးပေါင်း စစ်ဆေးမှုပင် ဖြစ်သည်။
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန၊ စုံစမ်းစစ်ဆေးရေးရုံး၊ တရားလွှတ်တော်ချုပ်၊ ဟေးလုံထိုင်တို့ ပါဝင်သည်။ အကာအကွယ် နောက်ကွယ်တွင် စုချင်ဝမ်၊ စစ်သေနာပတိချုပ် နှင့် နိုင်ကော်မှ အမတ်ကြီးများလည်း ထိုင်နေကြ၏။
ယွင်ကျုံးဟဲ့ သည် ဧကရာဇ် ရှိ၊ မရှိကို တော့ မသိရှိချေ။ သေချာပေါက် မဝေးလှသော နေရာတွင် ရှိနေနိုင်သည်။
အောက်မင်နှင့် စီးကွမ်... ထိုလူနှစ်ဦးသည် ယွင်ကျုံးဟဲ့၏ မိသားစုတစ်စုလုံးကို ဖမ်းဆီးချုပ်နှောင်ရန် ကြံစည်ခဲ့သည့် အဓိက လက်သည်တရားခံများပင် ဖြစ်၏။
တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အရိုအသေပေးကာ ပြောလိုက်သည်။ “အမတ်မင်း သုံးပါး... ခင်ဗျားတို့က အသက်အရွယ်လည်းကြီးပြီး ဩဇာတိက္ကမ လည်း ရှိတော့ တစ်ယောက်ယောက်က ဦးဆောင်ပြီး စစ်ဆေးပေးပါလား။”
နန်ကုန်းချော့သည် ဟေးပင်းထိုင် အကြီးအကဲ ဖြစ်သောကြောင့် အဆင့်အတန်း အမြင့်ဆုံး ဖြစ်ပြီး နောက်တွင် မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး နှင့် စုံစမ်းစစ်ဆေးရေးရုံး ဒု-အကြီးအကဲ တို့ ရှိကာ နောက်ဆုံးမှသာ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ ဖြစ်၏။
“ခင်ဗျားပဲ စစ်ဆေးလိုက်ပါ။” နန်ကုန်းချော့က ပြောလိုက်သည်။
ဖူရန်လုံက ပြောလိုက်၏။ “အဲဒါဆိုလည်း ကျုပ်ပဲ စစ်ဆေးပါ့မယ်။”
ထို့နောက် ဖူရန်လုံ သည် တရားသူကြီးတုတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး အေးစက်စက်ဖြင့် မေးလိုက်သည်။ “အောက်ယွီ... ခင်ဗျားရဲ့ အပြစ်တွေကို သိပြီလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “မသိပါဘူး။”
ဖူရန်လုံက အေးစက်စက်ဖြင့် မေးလိုက်သည်။ “အောက်ရှင်း... ခင်ဗျားရဲ့ အပြစ်တွေကို သိပြီလား။”
အောက်ရှင်း သည် တစ်ဖက်မှ ချောင်းဆိုးရင်း တစ်ဖက်မှ အေးစက်စက် ပြုံးကာ ပြန်ဖြေလိုက်၏။ “မနှစ်တည်းက လူအများကြီးက ကျုပ်ကို အပြစ်တွေ သိပြီလားလို့ လာမေးကြတယ်။ ဒီတစ်ကြိမ် ခင်ဗျားတို့က ဘာအပြစ်ကို ဖန်တီးချင်နေတာလဲ ဆိုတာကိုတောင် ကျုပ် မသိတော့ဘူး။”
ပြောဆိုပြီးနောက် အောက်ရှင်းသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြန်ရာ ခေါင်းပေါ်မှ ဆံပင်ဖြူများပင် လွင့်ပျံသွားတော့သည်။
ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်၏။ “သေခါနီး အချိန်ရောက်နေတာတောင် ပါးစပ်မာချင်နေသေးတယ်။ လာကြစမ်း... ခေါ်လာခဲ့။”
ခဏအကြာတွင် အလွန် ပိန်ချုံးပြီး နာကျင်နေပုံရသော အမျိုးသား တစ်ဦးကို ခေါ်ဆောင်လာကြပြီး အထူး နှိပ်စက်မှုမျိုးကို ခံထားရကြောင်း ထင်ရှားလို့နေသည်။
ဖူရန်လုံက မေးလိုက်၏။ “အောက်ယွီ၊ အောက်ရှင်း... ဒီလူကို ခင်ဗျားတို့ သိကြလား။”
ယွင်ကျုံးဟဲ့ သေချာကြည့်လိုက်ရာ မြင်ဖူးသလိုလို၊ မမြင်ဖူးသလိုလို ခံစားလိုက်ရသည်။
အောက်ရှင်းက ပြန်ဖြေလိုက်၏။ “သိတယ်။”
ဖူရန်လုံက အမိန့်ပေးလိုက်သည်။ “တရားခံ... ခင်ဗျားက ဘယ်သူလဲ ဆိုတာ လူတိုင်းကို ပြောပြလိုက်စမ်း။”
ထို တရားခံက ပြန်ဖြေလိုက်၏။ “ကျုပ်... ကျုပ်က တောင်ပိုင်းကျိုး တော်ဝင် သက်တော်စောင့် တပ်ဖွဲ့ရဲ့ ယွီလင်ဝေ့ (ဧကရာဇ်ကိုယ်ရံတော်တပ်) ဒု-တပ်မှူး လျန်ကျင့် ပါ။”
ဖူရန်လုံက မေးလိုက်သည်။ “အောက်ရှင်း... ဒီလူကို ခင်ဗျား ဘာလို့ သိနေရတာလဲ။
အောက်ရှင်းက ပြန်ဖြေလိုက်၏။ “ကျုပ် အရင်က ဖျောက်ချီ စစ်သူကြီးချုပ် ဖြစ်ခဲ့ဖူးတယ်။ ဒီ လျန်ကျင့်က တောင်ပိုင်း စစ်သေနာပတိချုပ်ရုံးမှာ ကျုပ်ရဲ့ လက်အောက်ခံ ဖြစ်ခဲ့ဖူးတယ်။ သူက အဆင့်မြင့် စစ်သူကြီး တစ်ယောက်လေ။ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးက စစ်သူကြီးတွေ အားလုံး ကျုပ်ရဲ့ လက်အောက်ခံတွေ ဖြစ်ခဲ့ဖူးတာပဲ။ သူ့ကို သိတာ ဘာဆန်းလို့လဲ။”
“ဟား... ဟား... ဟား... အခု ဘယ်အချိန် ရောက်နေပြီလဲ။ ခင်ဗျားရဲ့ အရင်က ရာထူး တွေကို လာကြွားနေသေးတယ်။”
ဖူရန်လုံက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ ခေတ်က အစောကြီးတည်းက ကုန်ဆုံးသွားပြီ။ လွမ်းဆွတ်မနေနဲ့တော့။”
ထို့နောက် ဖူရန်လုံက မေးလိုက်၏။ “လျန်ကျင့်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခင်ဗျား အောက်ရှင်းရဲ့ အိမ်သစ်ကို သွားခဲ့ဖူးတယ် မဟုတ်လား။ ဘာကိစ္စ ရှိလို့လဲ။ အောက်ရှင်း... ဒီ လျန်ကျင့် မင်းအိမ်ကို လာခဲ့ဖူးတယ် မဟုတ်လား။”
အောက်ရှင်းက ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။ သူ လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျုပ်က သူ့ကို အိမ်ထဲဝင်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က ဘယ်နန်းတွင်းအမတ်တွေကိုမှ ထပ်မတွေ့ချင်တော့လို့ပါ။”
ဖူရန်လုံက မေးလိုက်သည်။ “ဟုတ်ပါတယ်။ ခင်ဗျားက သူ့ကို အရှေ့ပေါက်ကနေ ဝင်ခွင့် မပေးခဲ့ပေမယ့် နောက်ပေါက်ကနေ ဝင်ခွင့် ပေးခဲ့တယ် မဟုတ်လား။”
အောက်ရှင်းက ပြန်ပြောလိုက်၏။ “အခြေအမြစ် မရှိဘဲ စွပ်စွဲနေတာပဲ။”
ဖူရန်လုံက မေးလိုက်သည်။ “လျန်ကျင့်... လူတိုင်းကို ပြောပြလိုက်စမ်း။ ခင်ဗျား အောက်ရှင်းရဲ့ အိမ်သစ်ကို နောက်ပေါက်ကနေ ဝင်ခဲ့တယ် မဟုတ်လား။”
လျန်ကျင့်က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။”
ဖူရန်လုံက မေးလိုက်သည်။ “ဟေးပင်းထိုင်... ခင်ဗျားတို့က အောက်ရှင်းကို အမြဲတမ်း စောင့်ကြည့်နေတာ မဟုတ်လား။ သက်သေ အထောက်အထား တွေ ရှိလား။”
ဟေးပင်းထိုင်မှ တပ်မှူး တစ်ဦး ရှေ့သို့တက်လာပြီး ပြောလိုက်၏။ “ကျုပ်တို့က အောက်ရှင်းကို စောင့်ကြည့်ဖို့ အဖွဲ့ သုံးဖွဲ့ ခွဲထားပါတယ်။ ဒါပေမဲ့ နေ့တိုင်း ညဘက်မှာ အဖွဲ့အပြောင်းအလဲ လုပ်တဲ့အချိန် ရှိပါတယ်။ အဲဒီ အချိန်လေးမှာ လူဝင်လို့ ရပါတယ်။ နောက်ဖေးဝင်းမှာ လူတက်ခဲ့တဲ့ အရိပ်အယောင်တွေ တကယ်ပဲ တွေ့ရှိခဲ့ရပါတယ်။”
ထို့နောက် ဟေးပင်းထိုင် စစ်သည်များက သက်ဆိုင်ရာ သက်သေ အထောက်အထားများကို တင်ပြလိုက်ကြသည်။
ဖူရန်လုံက မေးလိုက်၏။ “လျန်ကျင့်... ခင်ဗျား အောက်ရှင်းဆီ သွားတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ လူတိုင်းကို ပြောပြလိုက်စမ်း။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “အောက်ရှင်း တစ်မိသားစုလုံးကို အပြည့်အဝ ဆုတ်ခွာဖို့ အကြောင်းကြားတာပါ။”
ဖူရန်လုံက ထပ်မေးလိုက်၏။ “ဘယ်ကို ဆုတ်ခွာဖို့လဲ။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “တာယင်အင်ပါယာကို ဆုတ်ခွာဖို့ပါ။”
ဤစကားမှာ အနည်းငယ် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလေသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းရှင်းမြဲ့က တောင်ပိုင်းကျိုး မြို့တော်ရှိ တာယင်အင်ပါယာ ဟေးလုံထိုင်၏ အဆင့်မြင့် လျှို့ဝှက်သူလျှိုကို အသုံးပြုပြီး အောက်ရှင်းကို အပြည့်အဝ ကယ်တင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ယွင်ကျုံးဟဲ့ကို အမှန်တကယ် ပြောဆိုခဲ့ဖူးသောကြောင့် ဖြစ်၏။
ဖူရန်လုံက မေးလိုက်သည်။ “ဘာဖြစ်လို့ တာယင်အင်ပါယာကို အပြည့်အဝ ဆုတ်ခွာရမှာလဲ။”
လျန်ကျင့်က ပြန်ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ ကျုပ်က တောင်ပိုင်းကျိုးအင်ပါယာ မှာရှိတဲ့ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်သူလျှို တစ်ယောက် ဖြစ်နေလို့ပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ တည်နေရာ တစ်ခုလုံး အသက်ရှူမှားသွားကြတော့သည်။
ယွီလင်ဝေ့ သည် ဒု-တပ်မှူး ဖြစ်ပြီး အင်ပါယာ၏ အဆင့်မြင့် စစ်သူကြီး တစ်ယောက် ဖြစ်ရုံသာမက အဓိက စစ်တပ်ကိုပါ အုပ်ချုပ်နေသူ ဖြစ်ပြီး တာယင်အင်ပါယာ ဟေးလုံထိုင်၏ လျှို့ဝှက်သူလျှို ဖြစ်နေသည်လား။ ဤသည်မှာ အလွန် ထိတ်လန့်စရာကောင်းလွန်းလေ၏။
ထိုစကားကို ကြားချိန်မှာတော့ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဝင်မေးလိုက်သည်။ “တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်သူလျှိုတွေဟာ အမြဲတမ်း ပါးစပ် လုံတတ်ကြတာကို ခင်ဗျားက ဘယ်လိုလုပ်ပြီး သစ္စာဖောက်သွားရတာလဲ။”
ယွီလင်ဝေ့ ဒု-တပ်မှူးက တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်၏။ “အမတ်မင်းတို့...ကျုပ်... ကျုပ်က ဒုတိယ မျိုးဆက် လျှို့ဝှက်သူလျှိုပါ။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်သည်။ “ဒုတိယ မျိုးဆက် လျှို့ဝှက်သူလျှို ဟုတ်လား။ ဘာအဓိပ္ပာယ်လဲ။”
လျန်ကျင့်က ပြန်ဖြေလိုက်၏။ “ကျုပ် အဖေက တောင်ပိုင်းကျိုးအင်ပါယာမှာရှိတဲ့ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ လျှို့ဝှက်သူလျှိုပါ။ အမေ လည်း အတူတူပါပဲ။ အဲဒီနောက် ကျုပ်ကို မွေးလာတာပါ။ ကျုပ် နည်းနည်း သိတတ်လာတဲ့ အချိန်မှာ တာယင်အင်ပါယာကို သစ္စာရှိဖို့ သင်ကြားခံခဲ့ရပါတယ်။
အသက် ဆယ့်ငါးနှစ် အရွယ်မှာ တာယင်အင်ပါယာကို လျှို့ဝှက်စွာ သွားရောက်ပြီး နှစ်နှစ်လောက် သင်တန်း တက်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ပိုင်းကျိုးအင်ပါယာကို ပြန်လာပြီး စစ်ဖက်ဆိုင်ရာ စာမေးပွဲ ဝင်ဖြေခဲ့တာပါ။ တကယ်တော့ ကျုပ်ဟာ အမြဲတမ်း တောင်ပိုင်းကျိုး လူမျိုးပါပဲ။ ကျုပ် ဇနီးနဲ့ ကလေးတွေကလည်း တောင်ပိုင်းကျိုး လူမျိုးတွေပါပဲ။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘယ်လိုလုပ်ပြီး ပေါ်သွားရတာလဲ။”
လျန်ကျင့် သည် ယခုအခါ ဆက်လက် မသည်းခံနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ ပြောလိုက်၏။ “အိပ်မက်ယောင် တာကြောင့်ပါ။ အိပ်မက်ယောင်တဲ့ စကားတစ်ခွန်းကြောင့်ပါ။”
ပြောဆိုပြီးနောက် လျန်ကျင့်သည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးတော့သည်။
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်၏။ “ဘယ်လို အိပ်မက်ယောင်တဲ့ စကားမျိုးလဲ။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “သခင် လျောင်းယ(အစွယ်)... ကျုပ် သစ္စာမဖောက်ပါဘူး။ ကျုပ် သစ္စာမဖောက်ပါဘူး။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်၏။ “အဲဒီ သခင် လျောင်းယ ဆိုတာ ဘယ်သူလဲ။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “သခင် လျောင်းယ ဆိုတာ တောင်ပိုင်းကျိုး မြို့တော်မှာရှိတဲ့ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ အဆင့်အမြင့်ဆုံး လျှို့ဝှက်သူလျှိုပါ။ ကျုပ်တို့အားလုံး သူ့ရဲ့ အမိန့်ကို နာခံရပါတယ်။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်၏။ “ဒါဆို သူက ဘယ်သူလဲ။”
“မသိပါဘူး။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “ကျုပ်တို့က တစ်ခါမှ မတွေ့ဖူးပါဘူး။ သူ့မှာ အမိန့် တစ်ခုခု ရှိရင် စာအုပ် တစ်အုပ်ကနေတစ်ဆင့် ကျုပ်တို့ကို အကြောင်းကြားပါတယ်။”
“ဘာစာအုပ်လဲ။” မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်၏။
“ဖုန်းယွဲ့ ချီထန် (လေနဲ့လ အကြောင်း ထူးဆန်းသော ပုံပြင်များ) ပါ။”
လျန်ကျင့်က ပြန်ဖြေလိုက်သည်။ “ဒီစာအုပ်က လဝက်ကို တစ်အုပ် ထွက်ပါတယ်။ တစ်ခါတလေ အပိုဆောင်း စာအုပ်တွေလည်း ထွက်တတ်ပါတယ်။ အဓိကက မြို့တော်က ပြည့်တန်ဆာမတွေအကြောင်း ရေးထားတာပါ။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးလိုက်၏။ “ခင်ဗျား ဘာလို့ သစ္စာဖောက်ရတာလဲ ဆိုတာကို မပြောရသေးဘူးနော်။”
လျန်ကျင့်က ငိုကြွေးလျက် ပြန်ဖြေလိုက်သည်။ “ကျုပ် သေတာက ကိစ္စမရှိပါဘူး။ ဒါပေမ ကျုပ်ဇနီးနဲ့ ကလေးတွေ အရှက်ကွဲခံရတာကို၊ သေသွားတာကို ကျုပ် ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။”
မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက မေးခွန်းမေးခြင်းကို ရပ်တန့်လိုက်သည်။
တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက ဆက်မေးလိုက်၏။ “လျန်ကျင့်... မျက်စိရှေ့က အောက်ယွီကို ခင်ဗျား သိလား။”
လျန်ကျင့်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “သိပါတယ်။ သူက ကျုပ် စည်းရုံးခဲ့တဲ့ သူပါ။ တာယင်အင်ပါယာအတွက် အလုပ် လုပ်ပေးဖို့ သဘောတူခဲ့ပါတယ်။”
................