အခန်း ၃၆၈
Vol. 21 Ch. 368
အပိုင်း (၃၆၈) ဒီမျက်မှန်ကို အရှင်မင်းကြီးဆီ ပို့ပေးလိုက်ပါ။
မနက်ပိုင်း မျက်နှာသစ်ပြီးနောက် ရှောင်ထောင်က မနက်စာစားရန် ခေါ်လိုက်သည်။
ထမင်းစားပွဲတွင် ဖန်ကျန်းရီက ပေါက်စီစားရင်း ဟင်းတစ်ဖတ် ယူလိုက်စဉ် ရုတ်တရက် တစ်ခုခုကို သတိရသွား၏။
ထို့ကြောင့် လူအများကို မေးလိုက်သည်။ "ဟင် ... ကျုပ် မှတ်မိသလောက်တော့ မနေ့ညက ရေချိုးရင်း အိပ်ပျော်သွားတာ။ ဘယ်လိုလုပ် ကုတင်ပေါ် ရောက်နေတာလဲ။"
"သေချာပေါက် ကျုပ်က သခင်လေးကို ကုတင်ပေါ် ပွေ့တင်ပေးတာပေါ့။"
ကျန်းပြောင်က လက်ထဲမှ တူကို ရပ်လိုက်ပြီး ဖြူဖွေးသော သွားကြီးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။
"..."
လော့နင်ရှင်းသည် ဘေးတွင် ထိုင်ကာ ပါးစပ်ကိုအုပ်ပြီး အဆက်မပြတ် ရယ်မောနေ၏။
ဖန်ကျန်းရီမှာ အတော်လေး စိတ်ပျက်သွားသည်။ ရင်ခုန်စရာ မြင်ကွင်းလေး ဖြစ်လာလားလို့ ထင်ထားတာ နောက်ဆုံးတော့ သောက်ကျိုးနည်း ကျန်းပြောင် ဖြစ်နေတာကိုး။
ရှောင်ထောင်က ပဲနို့သောက်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်၏။ "နောက်ဆို ရေစည်ထဲမှာ မအိပ်နဲ့တော့နော်။ ရောဂါရတတ်တယ်။
ဒါနဲ့ သခင်လေး ... ဒီရက်ပိုင်း ခရိုင်ကနေ စာရောက်လာတယ်။ ခရိုင်ရဲ့ ပြည်သူအများအပြား မြို့တော်ကို ပြောင်းရွှေ့ပြီး စီးပွားရေး လာလုပ်ကြတယ်တဲ့။ အောက်ချန်က လူလွှတ်ပြီး မြို့တော်မှာ တောက်ယွမ် ခရိုင်သားတွေ တည်းခိုဖို့ စားသောက်ဆိုင် တစ်ဆိုင် ဝယ်ပေးထားတယ်။ သခင်လေး နောက်ပိုင်း လူလိုရင် စားသောက်ဆိုင်ကို တိုက်ရိုက်သွားရှာလို့ ပိုလွယ်တာပေါ့။"
ရုံးခွဲလား။ အောက်ချန် တွေးတာ အတော်လေး စေ့စပ်တာပဲ။
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ နောက်ဆို အဲဒီ စားသောက်ဆိုင်ကို တောက်ယွမ် တည်းခိုခန်းလို့ နာမည်ပေးလိုက်။"
"အို ... ဒီနာမည်က နားထောင်လို့ မကောင်းပါဘူး။"
"ဒီနာမည်ပဲ ပေးရမယ်။"
...
သုံးရက်အကြာ၊ ပန်းရှန်းသတင်းစာတိုက်တွင်။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် စားပွဲတစ်လုံးကို ဝိုင်းရံထားပြီး စားပွဲပေါ်တွင် သေတ္တာငယ်လေး တစ်လုံး ရှိနေသည်။
"အိမ်ရှေ့စံ …. ဒီအထဲက ပစ္စည်းတွေက တကယ့် ပစ္စည်းကောင်းတွေနော်။ တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာတွေလို့တောင် ခေါ်လို့ရတယ်။"
လီယွမ်ကျောက်၏ မျက်နှာမှာ လေးနက်နေ၏။ "အပိုတွေ မပြောပါနဲ့တော့။ မြန်မြန် ဖွင့်စမ်းပါ။"
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အထဲတွင် မျက်မှန် ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာသည်။
အထဲတွင် အနီးမှုန် မျက်မှန် ဆယ်စုံ ပါဝင်ပြီး ကျန်သည့်အရာများမှာ ပုံစံအမျိုးမျိုးနှင့် နေကာမျက်မှန်တွေ ဖြစ်၏။
ဖားသူငယ် မျက်မှန်၊ အဝိုင်းပုံ နေကာမျက်မှန် စသည်တို့ ဖြစ်သည်။
မျက်မှန်ကိုင်းများပေါ်တွင် အလွန် လှပသော ပန်းပုများ ထွင်းထုထားပြီး အထူးသဖြင့် အနီးမှုန် မျက်မှန်များ ပေါ်တွင် ယင်ယန်ရှစ်ကွက်၊ လူ့ခန္ဓာကိုယ် အကြောမှတ်များ စသည့် ပုံစံများကိုပါ ထွင်းထုထားသေးသည်။
ဤအရာက ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်၏။
တစ်ချက်က နန်းတွင်းရှိ သက်ကြီးရွယ်အိုများကို ရောင်းချရာတွင် ကျန်းမာရေးအတွက် တန်ဖိုးတချို့ ထပ်မံ ထည့်သွင်းပေးရန် ဖြစ်ပြီး နောက်တစ်ချက်ကတော့ နောက်ပိုင်း ဈေးကွက်ထဲ ရောက်လာမည့် သာမန် မျက်မှန်များနှင့် ကွဲပြားရန် ဖြစ်သည်။
မဟုတ်ပါက လူတချို့က သူ့ကို မကျေမနပ် ဖြစ်လာနိုင်သည်။ အမှတ်တံဆိပ် အားသာချက်ကို တဖြည်းဖြည်းနှင့် တည်ဆောက်ပြီးပါက မည်သူမှ စကားများတော့မည် မဟုတ်ချေ။
အကျိုးသက်ရောက်မှုက အတူတူ ဖြစ်သော်လည်း ဆင်းရဲသားများက သာမန်အမှတ်တံဆိပ်ကို ဝယ်ယူနိုင်ပြီး ချမ်းသာသူများကတော့ အဆင့်မြင့် အမှတ်တံဆိပ်ကို ဝယ်ယူနိုင်ရမည် မဟုတ်ပါလား။
ထိုမှသာ အားလုံး ကျေနပ်ကြပေလိမ့်မည်။
လီယွမ်ကျောက်က ဖားသူငယ် မျက်မှန်ကို ယူကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒါက ဘာပစ္စည်းလဲ။ ပုံစံက ထူးဆန်းလိုက်တာ။"
"ဒါကို မျက်မှန်လို့ ခေါ်တယ်။ နေကာမျက်မှန်ပါ။"
ဖန်ကျန်းရီက အဝိုင်းပုံ နေကာမျက်မှန်ကို ယူကာ မျက်နှာတွင် တပ်လိုက်ပြီး ယပ်တောင်ကို ဖြန့်လိုက်၏။ တကယ့်ကို ယဉ်ကျေးသော လူဆိုး တစ်ယောက်၏ ပုံစံ ပေါက်သွား၏။
"အိမ်ရှေ့စံ ... ဒီပစ္စည်းကို မျက်နှာမှာ တပ်ထားရင် ကျုပ်ကို ကြည့်ရတာ ဘယ်လိုနေလဲ။"
လီယွမ်ကျောက်က ဖန်ကျန်းရီကို ပတ်ပတ်လည် လျှောက်ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။ "ရယ်စရာကြီး။"
“……” ဖန်ကျန်းရီက စိတ်ပျက်စွာ ခေါင်းခါလိုက်၏။
ဒါက ခေတ်ကွာဟမှုပဲ။ ငါက အမြဲတမ်း ခေတ်ရေစီးကြောင်းကို ဦးဆောင်နေပေမဲ့ သာမန်လူတွေရဲ့ လှောင်ပြောင်မှုကို ခံနေရတယ်။
"အိမ်ရှေ့စံ ... မျက်လုံးဆိုတာ စိတ်နှလုံးရဲ့ ပြတင်းပေါက်လေ။ အခု ကျုပ်က မျက်လုံးကို ဖုံးထားလိုက်ပြီဆိုတော့ ကျုပ် ဘာတွေးနေလဲဆိုတာ ခင်ဗျား ခန့်မှန်းလို့ ရမလား။"
"ကျုပ် မခန့်မှန်းချင်ပါဘူး။ ဒီလိုပစ္စည်းမျိုးကို တပ်ပြီး လမ်းပေါ်ထွက်ရင် လူတွေ လှောင်တာ ခံရမှာပေါ့။ ဖန်ကြီး ခင်ဗျား ကျုပ်ကိုလည်း တပ်ခိုင်းချင်နေတာလား။ အင်း ... ကျုပ်မှာ အကြံတစ်ခုတော့ ရှိတယ်။ ဒီမှန်ပြားကို အနီးကြည့်မှန်ဘီလူးနဲ့ လဲလိုက်ရင် ကြည့်ရတဲ့ ပစ္စည်းတွေ ကြီးလာမှာ မဟုတ်ဘူးလား။
တကယ်လို့ မိုင်ထောင်ချီကြည့်နိုင်တဲ့ မှန်ဘီလူးကို သေးသေးလေး လုပ်ပြီး မျက်မှန်ကိုင်းပေါ် တပ်လိုက်ရင် မိုင်ထောင်ချီ မြင်နိုင်တဲ့ မျက်လုံး ရသွားမှာပေါ့။" လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"မိုင်ထောင်ချီ မှန်ဘီလူးက အရမ်းလေးတော့ ချိတ်ထားလို့ မရဘူး။ လာလာလာ ... အိမ်ရှေ့စံ ဒီနေကာမျက်မှန်ကို စမ်းကြည့်ပါအုံး။"
လီယွမ်ကျောက်၏ တွေးခေါ်မှုများ ဆက်လက် မကျယ်ပြန့်သွားစေရန် ဖန်ကျန်းရီက နေကာမျက်မှန် တစ်စုံကို အလျင်အမြန် ကမ်းပေးလိုက်သည်။
လီယွမ်ကျောက်က နေကာမျက်မှန်ကို ယူကာ အကြိမ်ကြိမ် ဟိုဘက်ဒီဘက် လှည့်ကြည့်ပြီးနောက် မဝံ့မရဲဖြင့် တပ်လိုက်၏။
"မှောင်သွားပြီ။ မှောင်သွားပြီ။" တပ်လိုက်သည်နှင့် တစ်ပြိုင်နက် လီယွမ်ကျောက်က ချက်ချင်း အော်ဟစ် လိုက်သည်။
ဖန်ကျန်းရီက အထင်သေးစွာ ကြည့်လိုက်၏။
"အိမ်ရှေ့စံ ... ဒါက ပစ္စည်းကောင်းနော်။ ငွေအများကြီး ရှာလို့ရတယ်။ စဉ်းစားကြည့်။ ခင်ဗျား လောင်းကစားရုံ သွားရင် ဘာကို အကြောက်ဆုံးလဲ။ တခြားသူတွေ ခင်ဗျားရဲ့ အကြည့်ကို သိသွားမှာကိုပဲ မဟုတ်ဘူးလား။
နန်းတွင်းက အမတ်တွေ အများစုကလည်း အချင်းချင်း ယှဉ်ပြိုင်နေကြတာ။ သူတို့ ဘာကြောက်လဲ။ မျက်လုံးကနေတဆင့် သူတို့ရဲ့ စိတ်ထဲက အကြံအစည်တွေကို သူများ သိသွားမှာကို ကြောက်တာပေါ့။ ဒါကြောင့် ဒီပစ္စည်းက အရမ်း အသုံးဝင်တယ်။ ဒါတင် မကသေးဘူးနော်။ ကြည့်အုံး … ဒါကို အနီးမှုန် မျက်မှန်လို့ ခေါ်တယ်။
သက်ကြီးရွယ်အို အများအပြားက မျက်စိကို အလွန်အကျွံ သုံးကြတယ်။ ဆီမီးခွက်ကလည်း မျက်စိကို အရမ်း ထိခိုက်စေတယ်။ တကယ်လို့ ဒါကို တပ်လိုက်ရင် ဝါးနေတဲ့ ကမ္ဘာကြီးကို ပြန်လည် ရှင်းလင်းသွားစေနိုင်တယ်။ ဒါ ရတနာကောင်း တစ်ခုလို့ မထင်ဘူးလား။"
လီယွမ်ကျောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မှောင်မိုက်နေသော ကမ္ဘာကြီးက အလွန် ဆန်းသစ်နေသည်ဟု ခံစားရ၏။
ဖန်ကျန်းရီ၏ ရှင်းပြချက်ကို ကြားသောအခါ ခေါင်းဆက်တိုက် ညိတ်ကာ ပြောလိုက်သည်။ "ခင်ဗျား ပြောတဲ့အတိုင်း တကယ်ဟုတ်ရင်တော့ ဒါ တကယ့် ရတနာကောင်းပဲ။ ခမည်းတော်ကလည်း မှတ်တမ်းတွေကို သေချာ မမြင်ရဘူးလို့ အမြဲပြောနေတာ။ ကျုပ် တစ်ခု ယူသွားပြီး သူ့ကို စမ်းကြည့်ခိုင်းလိုက်မယ်။"
"ဟုတ်တာပေါ့။ အရှင်မင်းကြီး ဒါကို တပ်လိုက်လို့ အရမ်း သဘောကျသွားရင် ခင်ဗျားကို ထပ်ရိုက်ပါဦးမလား။ အရှင်မင်းကြီး နေ့တိုင်း တပ်ထားရင် အိမ်ရှေ့စံရဲ့ ကျေးဇူးသိတတ်မှုကို အမတ်တွေ အားလုံး သိသွားမှာပေါ့။ နောက်ကွယ်မှာ ခင်ဗျား အတင်းပြောမယ့်သူ ရှိပါအုံးမလား။
နောက်ပိုင်း ဒါနဲ့ ငွေလည်း ရှာလို့ရသေးတယ်။ အိမ်ရှေ့စံက အရှင်မင်းကြီးကို စမ်းကြည့်ခိုင်းလိုက်ပါ။ တကယ်လို့ အသုံးဝင်သွားရင် ဒါက အကြီးမားဆုံး ကြော်ငြာကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား။ ငွေရှာနိုင်ရုံတင်မကဘူး၊ ပြည်သူတွေကိုလည်း အကျိုးပြုနိုင်သေးတယ်။"
လီယွမ်ကျောက်က သွားဖြီးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "အာ … ဟုတ်သားပဲ။ ကျုပ် အခုပဲ နန်းတော်ကို ပြန်မယ်။"
ထိုသို့ပြောရင်း လီယွမ်ကျောက်က ပြေးထွက်ရန် ပြင်လိုက်ရာ ဖန်ကျန်းရီက အမြန် ဆွဲထားလိုက်သည်။ "အိမ်ရှေ့စံ …. မျက်မှန် မယူရသေးဘူးလေ။"
"ကျုပ် ဘယ်တစ်ခု ယူရမလဲ။"
"အကုန် ယူသွားလိုက်။ ဒီအထဲမှာ ဘယ်တစ်ခုက အရှင်မင်းကြီးနဲ့ ကိုက်ညီမလဲ မသိဘူးလေ။ အာ ... နန်းတော်ရောက်ရင် ထိပ်တန်း သလင်းကျောက်နဲ့ လုပ်ထားတာလို့ ပြောလိုက်နော်။ စိန်နဲ့ လုပ်ထားတယ်လို့ မပြောနဲ့။
ပြီးတော့ မျက်မှန်ကိုင်းပေါ်က ပန်းပုတွေကို ကြည့်လိုက်။ အဲဒါတွေက တာအိုပညာရှင်တွေ ရေးဆွဲထားတဲ့ နုပျိုစေတဲ့ အစီအရင်တွေပဲ။ အပေါ်က ဖုထစ်လေးတွေက ခေတ်ပြိုင် နာမည်ကြီး သမားတော်တွေက အကြောမှတ်တွေနဲ့ ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတာ။ ကျွမ်ကျူအကြောမှတ်၊ ကျင်းမင်အကြောမှတ်၊ စီပိုင်အကြောမှတ်တွေကို ဖိပေးနိုင်တယ် ... အသည်းအားကောင်းစေပြီး မျက်စိအားကောင်းစေတဲ့ အကျိုးသက်ရောက်မှု ရှိတယ်။
ပြီးတော့ ... ဒီမှန်ဘီလူးမှာ အံ့ဩစရာ ကောင်းတဲ့ ... "
"သိပါပြီ။" လီယွမ်ကျောက်က အဆုံးထိ နားထောင်ရန် စိတ်မရှည်တော့ဘဲ ဝမ်းသာအားရဖြင့် သတင်းစာတိုက်မှ ပြေးထွက်ကာ နန်းတော်သို့ အမြန် ပြန်သွားတော့၏။
လမ်းတစ်လျှောက်တွင် သူက မြင်းစီးရင်း ဖားသူငယ် မျက်မှန်ကို တပ်ထားရာ လမ်းသွားလမ်းလာ ပြည်သူများ၏ အာရုံစိုက်မှုကို ခံရသည်မှာ အသေအချာပင်။
ဝက်ဝံကြီး လူယောင်ဖန်ဆင်းနေပြီ။
မိစ္ဆာကို သတ်ဖြတ်ရန် အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း လီယွမ်ကျောက်က အလွန် မြန်ဆန်စွာ ပြေးသွားသဖြင့် ထိုအသံများကို အဝေးတွင် ချန်ထားရစ်ခဲ့၏။
နန်းတော်သို့ ရောက်သောအခါ လီယွမ်ကျောက်က ယန်ရှင်းနန်းဆောင်သို့ စိတ်လှုပ်ရှားစွာ သွားရောက်ခဲ့၏။ လမ်းတွင် တွေ့ဆုံရသော နန်းတွင်းအစေခံများနှင့် မိန်းမစိုးများမှာ အံ့သြထိတ်လန့်သော အမူအရာများကို ပြသကြသည်။
အိမ်ရှေ့စံမှန်း သိသာသော်လည်း မျက်နှာပေါ်တွင် တစ်ခုခု ကပ်ထားပုံရပြီး အမည်းရောင် တွင်းကြီးနှစ်ခုက အတော်လေး ကြောက်စရာ ကောင်းနေ၏။
ယန်ရှင်းနန်းဆောင် တံခါးအနီးသို့ ရောက်သောအခါ အပြင်ထွက်လာသော ကော်ထျန်းယန်က လီယွမ်ကျောက်ကို ချက်ချင်း မြင်တွေ့လိုက်သည်။
သူက လက်ဆန့်ကာ တားလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ "အို ... အိမ်ရှေ့စံ။ ဒါ ဘာဖြစ်လာတာလဲ။
အိမ်ရှေ့စံရဲ့ မျက်နှာပေါ်မှာ ဆေးပလာစတာ နှစ်ခု ဘာလို့ ကပ်ထားတာလဲ။ ဘယ်သူက အိမ်ရှေ့စံကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲ။ ကျွန်တော်မျိုး အရှင်မင်းကြီးဆီ သွားပြီး သတင်းပို့လိုက်မယ်။"
လီယွမ်ကျောက်က နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ကော်ထျန်းယန်ကို အပေါ်အောက် ကြည့်ကာ သရော်လိုက်သည်။ "အမြင်မကျယ်လိုက်တာ။ ဒါက ပစ္စည်းကောင်းဗျ။ နေကာမျက်မှန်လို့ ခေါ်တယ်။
ထားလိုက်တော့။ ခင်ဗျားကို အများကြီး ပြောမနေတော့ဘူး။ ကျုပ် ခမည်းတော်ဆီ သွားပြလိုက်အုံးမယ်။"
ကော်ထျန်းယန်က နားမလည်နိုင်စွာဖြင့် သူ ယန်ရှင်းနန်းဆောင်ထဲ ဝင်သွားသည်ကို ပါးစပ်အဟောင်းသား ကြည့်နေမိ၏။