အခန်း ၃၆၉
Vol. 21 Ch. 369
အပိုင်း (၃၆၉) ကျုပ်ကမှ အဖေ့သားပါ။
လီယွမ်ကျောက်သည် ဖားသူငယ် မျက်မှန်ကို တပ်ကာ မျက်မှန်သေတ္တာကို ပွေ့ပိုက်လျက် ယန်ရှင်း နန်းဆောင်ထဲသို့ ယုံကြည်မှု အပြည့်ဖြင့် ဝင်ရောက်သွားခဲ့သည်။
အရှင်မင်းကြီးက မျက်လုံးပင့်ကြည့်လိုက်သည်နှင့် သူ့ကို ချက်ချင်း မြင်တွေ့လိုက်၏။
မျက်နှာတစ်ခုလုံး နေကာမျက်မှန်လိုမျိုး ချက်ချင်း မည်းမှောင်သွားပြီးနောက် ဒေါသတကြီး ဆူပူလိုက်သည်။ "မိုက်ရိုင်းတဲ့ကောင် … မင်း မျက်နှာပေါ်မှာ ဘာတွေ တပ်ထားတာလဲ။ မြန်မြန် မချွတ်သေးဘူးလား။ အိမ်ရှေ့စံ တစ်ယောက်အနေနဲ့ ဖရိုဖရဲ ဝတ်စားဆင်ယင်ပြီး နန်းတော်ထဲ လျှောက်သွားနေတာ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို လုံးဝ ကျဆင်းစေတာပဲ။”
လီယွမ်ကျောက်ကတော့ လုံးဝ ဂရုမစိုက်ချေ။ အဆူခံရလွန်းသဖြင့် အရေထူနေပြီဖြစ်ရာ ဤစကား အနည်းငယ်က ဘာမှ မဟုတ်ပေ။
ရှေ့သို့ ခြေလှမ်းကျဲကျဲ လျှောက်သွားကာ လက်ထဲမှ မျက်မှန်သေတ္တာကို စားပွဲပေါ် တင်လိုက်ပြီး ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်၏။ "ခမည်းတော် ... သားတော် ရှာလာတဲ့ ပစ္စည်းကောင်းပါ။ အနီးမှုန်တာကို အထူးကုသပေးတာ။ စမ်းကြည့်ပါအုံး။"
"လာစမ်း။" အရှင်မင်းကြီးက ဒေါသတကြီး အော်လိုက်သည်။
ဒီကောင်စုတ်လေး။ ရောက်လာတာနဲ့ ငါ့ကို အိုပြီး မျက်စိမှုန်နေပြီလို့ ပြောရဲတယ်။ တကယ့်ကို သတ်ပစ်ချင်စရာပဲ။
ငါ နည်းနည်းလေး လျှော့ပေးလိုက်တာနဲ့ ဒီလောက်တောင် အတင့်ရဲလာပြီလား။
လီယွမ်ကျောက်မှာ ချွေးစေးများ ချက်ချင်း ထွက်လာ၏။ ရုတ်တရက် ပြဿနာတစ်ခုကို သူ သတိပြုမိသွား၏။
မဖြစ်သေးဘူး။ ဒီပစ္စည်းက အနီးမှုန်တာကို တကယ် ကုသပေးနိုင်လားဆိုတာ မစမ်းရသေးဘူးပဲ။ ဖန်ကြီး ပြောတာကို နားထောင်ပြီး နန်းတော်ထဲ အလောတကြီး ယူလာမိတာ။ တကယ်လို့ အသုံးမဝင်ရင် ဒီနေ့တော့ သေချာပေါက် သေပြီပဲ။ ဖန်ကြီးက ငါ့ကို ဒုက္ခပေးတာ တစ်ကြိမ်၊ နှစ်ကြိမ် မဟုတ်တော့ဘူး။
"ခဏနေပါအုံး။"
လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "ခမည်းတော် ... စမ်းကြည့်ပါအုံး။ အကျိုးရှိတယ်၊ မရှိဘူးဆိုတာ သိရပြီးမှ သားတော်ကို ရိုက်လည်း နောက်မကျပါဘူး။"
ကိုယ်ရံတော်များက သူ့အနားသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ လက်မောင်းများကို ချုပ်ကိုင်ရန် ပြင်နေကြသည်။
အရှင်မင်းကြီးက သူ၏ ယုံကြည်မှု အပြည့်ရှိသော ပုံစံကို ကြည့်ကာ သံသယဖြင့် အကဲခတ်ပြီးနောက် လက်ဟန်ပြလိုက်ရာ ကိုယ်ရံတော်များ ချက်ချင်း ရပ်တန့်သွားကြ၏။
ယခုအချိန်တွင် ကော်ထျန်းယန်လည်း ပြာပြာသလဲ ဝင်လာပြီး ဤမြင်ကွင်းကို ကြည့်ကာ တံတွေး မြိုချလိုက်မိသည်။
အိမ်ရှေ့စံက ထပ်ပြီး သေလမ်းရှာနေပြန်ပြီ။ ဝက်ဝံပုံစံမျိုး ဝတ်ဆင်ထားတာ ဘာလုပ်ချင်လို့လဲ။
အရှင်မင်းကြီးက အေးစက်စက် ပြုံးလိုက်၏။ "ကောင်းပြီ။ မင်း ဘာတွေ လှည့်စားနေလဲဆိုတာ ကိုယ်တော် ကြည့်ရသေးတာပေါ့။"
ထိုသို့ပြောပြီးနောက် လီယွမ်ကျောက်၏ နေကာမျက်မှန်ကို လှမ်းချွတ်လိုက်ပြီး ရှေ့နောက် အကြိမ်ကြိမ် လှည့်ပတ်ကစားနေမိသည်။
ခေါင်းပေါ် တပ်ရန် စဉ်းစားလိုက်သော်လည်း တုံ့ဆိုင်းပြီးနောက် လက်လျှော့လိုက်၏။
ဒီပစ္စည်းက တကယ်ကို မလှမပ ဖြစ်လွန်းတယ်။ မျက်နှာပေါ်မှာ ဒီလို ထူးဆန်းတဲ့ ပစ္စည်းမျိုး တပ်ထားတဲ့ ဘုရင်ဆိုတာ ဘယ်မှာ ရှိလို့လဲ။
လီယွမ်ကျောက်က မျှော်လင့်ချက် ကြီးစွာဖြင့် အရှင်မင်းကြီးကို ကြည့်နေ၏။ သူ တပ်လိုက်သည်နှင့် ဤပစ္စည်း၏ အသုံးဝင်ပုံကို သိရှိသွားမည် ဖြစ်သည်။
စောစောက လာရာလမ်းတွင် ဤနေကာမျက်မှန်ကို တပ်ထားသဖြင့် နေရောင်စူးခြင်းကို အမှန်တကယ် ကာကွယ်ပေးနိုင်ခဲ့သည်။ ကြည့်ရသည်မှာ အနည်းငယ် မှောင်နေသော်လည်း မျက်လုံးကတော့ တကယ်ကို သက်တောင့်သက်သာ ဖြစ်သွားခဲ့၏။
သို့ပေမည့် မကြာမီမှာပင် သူ စိတ်ပျက်သွားခဲ့သည်။ ခမည်းတော်၏ ပုံစံကို ကြည့်ရသည်မှာ ဤနေကာမျက်မှန်ကို စမ်းသပ်ရန် ရည်ရွယ်ချက် မရှိပုံရသည်။
ခမည်းတော် အသုံးမပြုလျှင် သူ အရိုက်ခံရမည် မဟုတ်ပါလား။
ထိတ်လန့်သွားသဖြင့် လီယွမ်ကျောက်သည် ချက်ချင်း အပြစ်လွှဲချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "ခမည်းတော် …. ဒါ ဖန်ကြီး ပို့လာတဲ့ ပစ္စည်းပါ။ ခမည်းတော်ကို စမ်းကြည့်ခိုင်းဖို့ သူက သားတော်ကို နန်းတော်ထဲ ပို့ခိုင်းလိုက်တာပါ။"
"ဟင် .. အမတ်ဖန်ပို့လိုက်တာလား။"
အရှင်မင်းကြီးက ခေါင်းငုံ့ကာ နှစ်ချက်ခန့် ဟိုဘက်ဒီဘက် လှည့်ကြည့်ပြီးနောက် နေကာမျက်မှန်ကို ခေါင်းပေါ် တပ်လိုက်၏။
လီယွမ်ကျောက်၏ ရင်ထဲတွင် ချက်ချင်း အေးစက်သွားသည်။
ကျုပ်ကမှ အဖေ့သားပါ။ အဖေ ကျုပ်ကို မယုံဘူးလား။
နေကာမျက်မှန်ကို တပ်လိုက်ပြီးနောက် အရှင်မင်းကြီးသည် ချက်ချင်း စိတ်ပျက်သွားခဲ့၏။
ဖန်ကျန်းရီက နောက်ထပ် အံ့ဩစရာကောင်းတဲ့ ပစ္စည်းလေးတစ်ခု ဖန်တီးလိုက်နိုင်ပြီလို့ ထင်ထားတာ၊ ဒီလောက်ပါပဲလား။
ကြည့်ရတာ တန်ဖိုးမရှိတဲ့ အရောင်ပါတဲ့ မှန်ပြားတွေနဲ့ လုပ်ထားတာ ဖြစ်ရမယ်။
ဒါကို တပ်လိုက်တော့ အရာအားလုံးက မည်းမှောင်နေပြီး သေချာ မမြင်ရတဲ့အပြင် အမြင်အာရုံက ပိုတောင် ဆိုးသွားသေးတယ်။
နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အရှင်မင်းကြီးက စိတ်ပျက်စွာ ပြောလိုက်သည်။ "တော်ပြီ … ဒီမှာ လာပြီး ပေါက်ကရတွေ မလုပ်နေနဲ့။ ကိုယ်တော့်ကို မင်းလို နေ့တိုင်း အလုပ်မရှိဘဲ အားနေတယ်လို့ ထင်နေတာလား။"
လီယွမ်ကျောက်က ချက်ချင်း မကျေမနပ် ဖြစ်သွား၏။
"ခမည်းတော် .. ဒါက ခမည်းတော်နဲ့ မကိုက်ညီတာ ဖြစ်နိုင်တယ်။ အဲဒီ သေတ္တာထဲမှာ မျက်မှန် အမျိုးအစား အများကြီး ရှိသေးတယ်။"
"ဖန်ကြီး ပြောတာက ခမည်းတော်ကို တစ်ခုချင်းစီ စမ်းကြည့်ခိုင်းဖို့တဲ့။"
အရှင်မင်းကြီးမှာ အတော်လေး စိတ်မရှည်တော့ဘဲ လက်ကာပြလိုက်၏။ "ကိုယ်တော် မစမ်းတော့ဘူး။ မင်း အရှေ့နန်းဆောင်ကို ပြန်တော့။"
လီယွမ်ကျောက်မှာ ပြာသွားတော့သည်။ ရှေ့တစ်လှမ်း တိုးကာ မျက်မှန်သေတ္တာကို ယူပြီး ဖွင့်ကာ အရှင်မင်းကြီး ရှေ့သို့ ကမ်းပေးလိုက်၏။
"ခမည်းတော် ... စမ်းကြည့်ပါအုံး။ ဒါတွေ အားလုံးက သားတော်ရဲ့ ကျေးဇူးသိတတ်မှုတွေပါ။"
"ဒါ ဖန်ကျန်းရီ ပို့လိုက်တာလို့ မင်းပြောတယ် မဟုတ်ဘူးလား။ မင်းရဲ့ ကျေးဇူးသိတတ်မှုနဲ့ ဘာဆိုင်လို့လဲ။"
"..."
လီယွမ်ကျောက်မှာ ကြောင်အမ်းသွားတော့၏။
မဖြစ်သေးဘူး။ ဒီနေ့က ငါက ကျေးဇူးသိတတ်မှုကို ပြဖို့ လာတာလေ။ ဘယ်လိုလုပ် ဖန်ကြီးရဲ့ ကျေးဇူးသိတတ်မှု ဖြစ်သွားရတာလဲ။
သို့ပေမည့် ဤအခြေအနေရောက်မှတော့ အခြားနည်းလမ်း မရှိတော့ပေ။ လီယွမ်ကျောက်က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ခမည်းတော် ... စမ်းကြည့်ပါအုံး။"
အရှင်မင်းကြီးမှာ မတတ်နိုင်သဖြင့် ခေါင်းလှည့်လိုက်ရာ ဘေးတွင် ပြဇာတ်ကြည့်သလို ကြည့်နေသော ကော်ထျန်းယန်ကို မြင်လိုက်သည်။ ထို့ကြောင့် လက်ယပ်ခေါ်လိုက်၏။ "ကော်ပန်ပန် ... လာပြီး မျက်မှန် စမ်းကြည့်စမ်း။"
ကော်ထျန်းယန်က ခြေလှမ်းတိုလေးများဖြင့် ရှေ့သို့ လျှောက်လာပြီး သေတ္တာထဲရှိ မျက်မှန်များကို သနားစရာ မျက်လုံးများဖြင့် ကြည့်ကာ အထင်သေးသော အမူအရာ ပေါ်လာ၏။
လီယွမ်ကျောက်က အမြန် ပြောလိုက်သည်။ "မြန်မြန် ... တပ်ကြည့်စမ်း။"
ကော်ထျန်းယန်က မျက်မှန်တစ်စုံကို ယူကာ အတုခိုး၍ တပ်လိုက်၏။
အရှင်မင်းကြီးက ကြည့်ပြီးနောက် မျက်နှာ အနည်းငယ် ကြည်လင်သွားသည်။
အရောင်မပါတဲ့ ဒီလိုမျိုးလည်း ရှိသေးတာပဲ။ တပ်ထားရင် သိပ်ပြီး ထူးဆန်းမနေဘူး။ တော်သေးတယ်။
"ကော်ပန်ပန် ... ဘယ်လိုနေလဲ။"
ကော်ထျန်းယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး နေရာတွင် နှစ်ချက်ခန့် ယိမ်းယိုင်သွားကာ ဝမ်းနည်းစွာ ပြောလိုက်၏။ "မူးတယ်။"
"သေချာ မြင်ရလား။"
"ပိုတောင် မမြင်ရသလိုပဲ ... "
"နောက်တစ်ခု လဲလိုက်။"
ဆက်တိုက် သုံးစုံ စမ်းသပ်ပြီးနောက် ကော်ထျန်းယန်၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာတော့၏။
"ရှင်းသွားပြီ အရှင်မင်းကြီး။ ဒါက တကယ့်ကို ကောင်းတာပဲ။"
သင့်တော်သော ပါဝါကို ရှာတွေ့သွားသော်လည်း အနည်းငယ် ခေါင်းမူးနေသကဲ့သို့ ခံစားရဆဲပင်။
မည်သို့ပင်ဖြစ်စေ ဤပစ္စည်းက ပြီးပြည့်စုံစွာ ကိုက်ညီသော ပါဝါမျိုး မဟုတ်ပေ။
သို့သော်လည်း အံ့ဩစရာကောင်းသော အကျိုးသက်ရောက်မှုက ကော်ထျန်းယန်ကို အလွန် ပျော်ရွှင်သွားစေ၏။
"အရှင်မင်းကြီး ... အခု ကျွန်တော်မျိုး မျက်စိက လူငယ်ဘဝတုန်းကလို ပြန်ကောင်းသွားပြီလို့ ခံစားရတယ်။ ဘာကို ကြည့်ကြည့် အကုန် ရှင်းနေတာပဲ။"
အရှင်မင်းကြီး၏ စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက်လာပြီး သေတ္တာထဲမှ မျက်မှန်များကို ရွေးချယ်ကာ စမ်းသပ်နေတော့သည်။
လီယွမ်ကျောက်က ဂုဏ်ယူစွာ ပြောလိုက်၏။ "ဘယ်လိုလဲ။ ခမည်းတော် ... သားတော် မလိမ်ဘူး မဟုတ်လား။"
"ဒီလောက်တင် မကသေးဘူးနော်။ ဒီမျက်မှန်က နတ်ဆေးပဲ။ အမြင်အာရုံကို ရှင်းလင်းစေရုံသာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်။"
"ခမည်းတော် ကြည့် … မျက်မှန်ကိုင်းပေါ်မှာ အကြောမှတ်တွေ ရှိသေးတယ် ... "
မကြာမီမှာပင် အရှင်မင်းကြီးလည်း သူနှင့် သင့်တော်သော မျက်မှန်ကို ရှာတွေ့သွားပြီး ပတ်ဝန်းကျင် အခြေအနေများကို အံ့အားသင့်စွာ အကဲခတ်နေတော့၏။
ထို့နောက် ခြေလှမ်းလှမ်းကာ စားပွဲပေါ်မှ အစီရင်ခံစာ တစ်စောင်ကို ယူပြီး သေသေချာချာ ဖတ်ရှုလိုက်သည်။
စာလုံးတိုင်းက ရှင်းလင်းပြတ်သားနေပြီး ယခင်ကလို ဝါးနေသော ခံစားချက် လုံးဝ မရှိတော့ချေ။
အရှင်မင်းကြီးနှင့် ကော်ထျန်းယန်တို့ နှစ်ဦးစလုံးသည် အံ့ဩစရာကောင်းသော အသုံးပြုမှု အတွေ့အကြုံတွင် နစ်မြောနေကြ၏။
လီယွမ်ကျောက်က ဘေးမှနေ၍ ဆက်တိုက် ပြောနေသည်။ "ဒီမျက်မှန်က ထိပ်တန်း သလင်းကျောက်နဲ့ လုပ်ထားတာ။ ဉာဏ်ပညာ တိုးစေတယ်၊ အိမ်ကို စည်ပင်စေတယ်၊ ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်စေတယ်၊ အိပ်မပျော်တာကို ကုသပေးတယ် ... ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။"
ကော်ထျန်းယန်၏ ပါးစပ်မှာ နားရွက်အထိ ရောက်မတတ် ပြုံးနေ၏။
ကောင်းတယ်။ ဒီကျန်းမာရေး လက်နက်ကို ဒီနေ့ ငါ သုံးခွင့်ရပြီ။ ညီငယ်ရဲ့ လက်ထဲမှာ ဒီလို ပစ္စည်းကောင်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ငါ တစ်စုံတော့ ရအောင် ယူရမယ်။
သေချာ မြင်ရလား၊ မမြင်ရဘူးလားဆိုတာက ဒုတိယပဲ။
ဒါပေမဲ့ ဒီကျန်းမာရေး အကျိုးကျေးဇူးက ... တကယ်ကို ရင်ခုန်စရာ ကောင်းလိုက်တာ။
ငါကိုယ်တိုင်လည်း ဒီအသက်အရွယ် ရောက်နေပြီဆိုတော့ တခြား တောင်းတစရာ ဘာမှ မရှိတော့ဘူး။ ရာထူးတက်ဖို့လည်း နေရာမရှိတော့ဘူး။ ငွေတွေလည်း သုံးမကုန်အောင် များနေပြီ။
ဒါကြောင့် နောက်ထပ် နှစ်နှစ်လောက် အသက်ပိုရှည်ဖို့ပဲ မျှော်လင့်တော့တယ်။
အခု မျက်မှန် ရှိနေပြီဆိုတော့ နေ့တိုင်း အကြောမှတ်တွေကို ဖိပေးနေမှာ မဟုတ်ဘူးလား။ အပေါ်မှာ နုပျိုစေတဲ့ အစီအရင်တွေလည်း ပါသေးတယ်။ တကယ့်ကို အကောင်းဆုံး ပစ္စည်းပဲ။
အရှင်မင်းကြီးက စိတ်ထဲတွင် ဝမ်းသာနေသော်လည်း လီယွမ်ကျောက်၏ စကားကိုတော့ လုံးဝ ဂရုမစိုက်ချေ။
ဒီလို ဆွဲဆောင်မှုရှိတဲ့ စကားတွေက ဖန်ကျန်းရီ သင်ပေးလိုက်တာ ဖြစ်မှာ သေချာတယ်။
ဒီကောင် လက်ဖက်ခြောက် ရောင်းတုန်းကလည်း အလကား စကားတွေ လျှောက်ပြောပြီး ဈေးကွက်မြှင့်တင်ရေး လို့ အမည်တပ်ခဲ့သေးတယ်။
မျက်မှန်က ဘာမှ အမှားအယွင်း မရှိရင် ဖန်ခွက်နဲ့ လုပ်ထားတာ ဖြစ်ရမယ်။ တွေးကြည့်ရတာ ငါ့နာမည်ကို သုံးပြီး ကြော်ငြာချင်လို့ နေမှာပေါ့။
နန်းတွင်းက အမတ်ကြီးတွေထဲမှာ မျက်စိမကောင်းတဲ့သူ မနည်းဘူး။ သူ ဘယ်လောက်နဲ့ ရောင်းမလဲ မသိဘူး။