အခန်း ၃၇၀
Vol. 21 Ch. 370
အပိုင်း (၃၇၀) အောင်စာရင်း ထွက်ခြင်း။
အရှင်မင်းကြီးက ပြုံးလိုက်ပြီး လီယွမ်ကျောက်ကို ကြည့်ကာ ပြောလိုက်၏။ "အင်း ... ကောင်းတယ်။ ဒီမျက်မှန်ကို ကိုယ်တော် ယူထားလိုက်မယ်။ မင်း ပြန်တော့။"
လီယွမ်ကျောက်၏ မျက်နှာမှာ ကြောင်အမ်းသွားသည်။
ဒါပဲလား။ ပစ္စည်းယူပြီး ငါ့ကို ပြန်ခိုင်းတော့မှာလား။ ကောင်းတဲ့စကား နှစ်ခွန်းလောက်တော့ ပြောပါအုံး၊ ချီးမွမ်းပါအုံး။ ဒီလိုဆိုရင် ငါ လာရတာ အလကား ဖြစ်မသွားဘူးလား။
"ခမည်းတော် ... ဒါဆို ... သားတော် ပြန်တော့မယ်နော်။" လီယွမ်ကျောက်က မဝံ့မရဲဖြင့် ပြောလိုက်၏။
အရှင်မင်းကြီးက သူ၏ တွေဝေနေသော ပုံစံကို ကြည့်ကာ ရယ်မောလိုက်သည်။
မစဉ်းစားဘဲတောင် သိနိုင်တယ်။ ဒီကောင်လေး ငါ ချီးမွမ်းတာကို စောင့်နေတာပဲ။ ဒီလောက် ကြီးနေပြီကို ကလေးတစ်ယောက်လို လုပ်နေတာပဲ။
အရှင်မင်းကြီးက ပြုံးလျက် ပြောလိုက်၏။ "အိမ်ရှေ့စံရဲ့ ကျေးဇူးသိတတ်မှုကို ကိုယ်တော် သိပါပြီ။ မကြာသေးခင်က မင်း ပန်းရှန်းရပ်ကွက်မှာ သန့်ရှင်းရေးတပ်ဖွဲ့ ကိစ္စကို ဖြေရှင်းခဲ့တယ်လို့ ကိုယ်တော် ကြားတယ်။ အရမ်း ကောင်းတယ်။ ကိုယ်တော် အရမ်း ဝမ်းသာတယ်။ ရွှေ တစ်ထောင် ချီးမြှင့်မယ်။ ကော်ပန်ပန် ... စီစဉ်လိုက်။"
ကော်ထျန်းယန်က အရိုအသေပေးကာ ပြန်လည် ဖြေကြားလိုက်ပြီး စိတ်ထဲတွင် အလွန် ဝမ်းသာနေ၏။ ဤတစ်ကြိမ်တော့ ရတနာ တစ်ခု အလကား ရလိုက်ပြီ။
လီယွမ်ကျောက်မှာ စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားပြီး ပါးစပ်အဟောင်းသားဖြင့် မဝံ့မရဲ ပြောလိုက်သည်။ "ကြေးနီလား။"
"ဒါပေါ့။"
"သားတော်ကို ခွင့်ပြုပါအုံး။"
လီယွမ်ကျောက် ထွက်သွားပြီးနောက် အရှင်မင်းကြီးသည် မျက်မှန်ကို ဆက်လက် တပ်ဆင်ကာ အရာဝတ္ထု အသီးသီးကို အဆက်မပြတ် အကဲခတ်နေ၏။ ပါးစပ်မှလည်း အဆက်မပြတ် ချီးမွမ်းနေသည်။
"အမတ်ဖန်က အမြဲတမ်း အသစ်အဆန်းတွေ ဖန်တီးနိုင်တယ်။ မျက်စိရောဂါကိုတောင် ကုသပေးနိုင်လိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး။"
ကော်ထျန်းယန်ကလည်း အကြောမှတ်များ လှုံ့ဆော်မှုကို သာယာစွာ ခံစားနေဆဲ ဖြစ်၏။
ထို့ကြောင့် မနေနိုင်ဘဲ ထောက်ခံလိုက်သည်။ "မှန်ပါတယ် အရှင်မင်းကြီး။ ဒီမျက်မှန်က တကယ်ကို အံ့ဩစရာပါပဲ။ အမတ်ဖန်ဘက်ကတော့ ... "
အရှင်မင်းကြီးက လက်ကာပြလိုက်၏။ "မလောပါနဲ့။ ဒီကောင် ကိုယ်တော့်ကို အသုံးချပြီး ကြော်ငြာချင်နေတာ။ ဘာကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး။ ကိုယ်တော် အားတဲ့အခါကျမှ သူနဲ့ သီးသန့် တွေ့ပြီး ဆွေးနွေးမယ်။
မကြာသေးခင်က မြောင်ဟန် ဘယ်လိုနေလဲ။"
ကော်ထျန်းယန်က ခဏစဉ်းစားပြီးနောက် သက်ပြင်းချလိုက်၏။ "မင်းသမီးလေးက သိပ်မကောင်းပါဘူး။ ထမင်းမစား၊ ရေမသောက်နဲ့ ဖြစ်နေတုန်းပဲ။ အမတ်ဖန်လည်း မင်လွမ်နန်းဆောင်ကို မသွားတာ အတော်ကြာပြီ ... "
ထိုစကားကို ကြားသောအခါ အရှင်မင်းကြီး၏ မျက်နှာမှာ ညှိုးကျသွားသည်။ "ဒီမိုက်ရိုင်းတဲ့ကောင် .. မြောင်ဟန် တစ်ခုခု ဖြစ်ရင် သူ့ကို အပြစ်ပေးမယ်။ မင်း နန်းတွင်းမီးဖိုဆောင်ကို သွားပြီး အားဖြည့်စာတချို့ လုပ်ခိုင်းလိုက်။ ပြီးရင် မြောင်ဟန်ဆီ ပို့ပေးပြီး မဖြစ်မနေ အကုန်စားခိုင်းလိုက်။"
...
ရက်အနည်းငယ် အကြာတွင် ဖန်ကျန်းရီသည် ပုံမှန်အတိုင်း ညီလာခံသို့ တက်ရောက်ခဲ့သည်။
ညီလာခံတွင် အရှင်မင်းကြီးက မျက်မှန် တပ်ထားသည်ကို မတွေ့ရသော်လည်း ကော်ထျန်းယန်ကတော့ နေ့တိုင်း တပ်ထား၏။
နန်းတော်ထဲတွင် တစ်ခါတစ်ရံ သူ့ကို တွေ့လျှင် အင်္ကျီကို လှန်ကာ မျက်မှန်ကို ဟူးခနဲ မှုတ်ပြီး မှန်ဘီလူးကို သတိထား၍ သုတ်နေသည်ကိုပင် မြင်တွေ့ရတတ်သည်။
တကယ့် ရတနာလေး တစ်ခုလို အမြတ်တနိုး ထားနေ၏။
အရှင်မင်းကြီးက မျက်မှန်ကို လူသိရှင်ကြား မတပ်ဆင်သော်လည်း ကော်ထျန်းယန်က နေ့တိုင်း တပ်ထားခြင်းကပင် အခြားသူများ၏ စပ်စုချင်စိတ်ကို အလုံအလောက် ဆွဲဆောင်နိုင်နေပြီ ဖြစ်သည်။
ဖန်ကျန်းရီကလည်း မလောသေးချေ။ ကျန်းတုန်ရှန်း ဘက်ကလည်း နယ်မြေစာမေးပွဲ လုပ်ငန်းစဉ် မပြီးဆုံးသေးသဖြင့် နန်းတော်သို့ မပြန်လာသေးပေ။
မျက်မှန်သတင်းကို နန်းတော်ထဲတွင် ဖြည်းဖြည်းချင်း ပျံ့နှံ့စေပြီး ကျန်းတုန်ရှန်း ပြန်လာချိန်ကို အခွင့်ကောင်းယူမည်။ ပြီးမှ အလိုဆန္ဒပြင်းပြအောင် ဖန်တီးသည့် ဈေးကွက်ဗျူဟာကို အသုံးပြုလိုက်လျှင် အားလုံး ပြီးပြည့်စုံသွားမည်။
သို့ပေမည့် ထူးဆန်းသည်မှာ အရှင်မင်းကြီး၏ သူ့အပေါ် ဆက်ဆံရေးက မကြာသေးမီက အတော်လေး ပြောင်းလဲသွားခြင်းပင် ဖြစ်၏။
သူ့ကို ကြည့်လျှင် အမြဲတမ်း နှာခေါင်းရှုံ့ကာ မကျေမနပ် ဖြစ်နေတတ်သည်။
တစ်ခါတစ်ရံ မေးခွန်းနှစ်ခုလောက် မေးတတ်သော်လည်း အဖြေမှန်သည့် အချိန်မျိုး လုံးဝ မရှိခဲ့ချေ ...။
ဖန်ကျန်းရီက အချိန်အတော်ကြာအောင် စဉ်းစားကြည့်ခဲ့သည်။
ငါ့ရဲ့ ဘယ်လုပ်ငန်းစဉ်က အမှားအယွင်း ဖြစ်သွားတာလဲ။
မဟုတ်သေးပါဘူး။ ဒီဂရုစိုက်မှု အပြည့်ပါတဲ့ အစီရင်ခံစာတွေက တစ်ခါမှ မပြတ်ခဲ့ပါဘူး။ နှစ်ရက်တစ်ခါလောက် အရှင်မင်းကြီးဆီကို မုန့်တွေ၊ ဒေသထွက် ကုန်ပစ္စည်းတွေ ပို့ပေးခဲ့တာပဲ၊ သူလည်း အကုန် ယူခဲ့တာပဲ။
အရင်တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာပဲ၊ အားလုံး အဆင်ပြေနေတာပဲလေ။
ငါက သူ့ကို မျက်မှန်အတွက် ကြော်ငြာခိုင်းချင်နေတာ သိသွားလို့များလား။ အဲဒါလည်း မဖြစ်နိုင်ပါဘူး။
ဒီလောက် နားလည်မှုက အစောကြီးတည်းက ရှိနေပြီလေ။ ငွေရှာဖို့ ကိစ္စဆိုရင် အရှင်မင်းကြီးကလည်း တက်ကြွနေတာပဲ မဟုတ်ဘူးလား။
အနာဂတ် ယောက္ခမတော်ရဲ့ စိတ်ခံစားချက် ဒီလို အတက်အကျ ဖြစ်နေတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။
ရက်အနည်းငယ် စဉ်းစားသော်လည်း အဖြေမရသဖြင့် ဖန်ကျန်းရီသည် အရှင်မင်းကြီး၏ တိုင်းပြည်ရေးရာ ကိစ္စများ အလွန်များပြားပြီး အလုပ်များနေခြင်းကြောင့်ဟုသာ ကောက်ချက်ချလိုက်ရတော့၏။
ယခု သူ အဓိက စိတ်ဝင်စားနေသည့် ပြဿနာမှာ သတင်းစာတိုက်မှ သတင်းထောက်များ အကြောင်းပင် ဖြစ်သည်။
စာမေးပွဲပြီးနောက် သူက သတင်းထောက်များကို အထူးတလည် မေးမြန်းကြည့်ရာ အောင်မြင်နိုင်မည်ဟု ယုံကြည်ချက်ရှိသူ လေးငါးယောက်ခန့် ရှိသည်။ ထိုလူများသည် သတင်းစာတိုက်ရှိ ထူးချွန်သူများ ဖြစ်ကြ၏။
ထိုအထဲတွင် ဖန်ကျန်းရီ အသဘောကျဆုံး ဖြစ်သော ရှန်ရီ လည်း ပါဝင်သည်။
ရှန်ရီက အလုပ်လုပ်ရာ၌ အသွက်ဆုံးဖြစ်ပြီး လူတွေနှင့် ဆက်ဆံသည့်နေရာတွင် အလွန်တော်သည်။ ယခင်က ပြုလုပ်ခဲ့သော နောက်ခံစုံစမ်းမှုအရ ရှန်ရီသည် ကျောင်းစာမေးပွဲတွင် ပထမရသူဖြစ်ရာ အောင်မြင်နိုင်ခြေ အလွန်များပြား၏။
ကျူးရင် အောင်မြင်သွားပြီး သတင်းစာတိုက်တွင် ဆက်မလုပ်တော့လျှင် သတင်းစာတိုက်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားမည်။
သတင်းစာတိုက်မှ အလုပ်က ကောင်းမွန်သော်လည်း ပြည်သူများ၏ အမြင်က မပြောင်းလဲသေးပေ။ ကျူးရင်များက အထင်သေးကြပြီး ကျောင်းသားများကလည်း အချိန်ကုန်ကာ စာမေးပွဲကို ထိခိုက်မည်ကို စိုးရိမ်ကြသဖြင့် သင့်တော်သော သတင်းထောက်များကို ရှာဖွေရန် အလွန် ခက်ခဲလှပေသည်။
အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီး လစ်ဟာသွားသော နေရာများကို ပြန်လည် ဖြည့်တင်းရမည်။
အောင်စာရင်းထွက်မည့်နေ့သို့ ရောက်သောအခါ ဖန်ကျန်းရီသည် သတင်းထောက် အများအပြားကို ခေါ်ဆောင်ကာ အောင်စာရင်း သွားကြည့်ရန် ထွက်လာခဲ့သည်။
ဤနေ့တွင် သတင်းစာတိုက်ကိုလည်း အထူးတလည် ပိတ်ပေးထား၏။
လူအတော်များများက စာမေးပွဲ မဖြေဆိုခဲ့သော်လည်း နောက်တစ်ကြိမ်တွင် ဖြေဆိုလိုသည့် စိတ်ကူးများ ရှိကောင်း ရှိနိုင်သည်။
ဤအုံးအုံးကျွက်ကျွက် အခြေအနေကို လူတိုင်းက ပါဝင်ဆင်နွှဲချင်ကြသည်မှာ အသေအချာပင်။
ထို့ကြောင့် ဖန်ကျန်းရီက လုံးဝ သဘောထားကြီးစွာဖြင့် သတင်းစာတိုက်ကို တစ်မနက်ခင်းလုံး ပိတ်ပေးလိုက်သည်။
တစ်စုတစ်ဖွဲ့လုံး စာမေးပွဲရုံ အပြင်ဘက်သို့ ရောက်သောအခါ လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။
အငွေ့အသက်များ ပိုမို ကောင်းမွန်စေရန် ဗုံတီး၊ မောင်းတီးနေသူများပင် ရှိသေးသည်။
စာမေးပွဲဖြေဆိုခဲ့သော သတင်းထောက်များသည် ဤအခြေအနေကို မြင်သောအခါ စိတ်ထဲတွင် ထိတ်လန့်သွားပြီး လူအုပ်ကြားထဲသို့ တိုးဝင်သွားကြ၏။
ဖန်ကျန်းရီက မြင်းကြီးကို စီးကာ သူတို့နောက်မှ လိုက်ပါသွားပြီး ဤမြင်ကွင်းကို ပြုံးရွှင်စွာဖြင့် ကြည့်နေလိုက်သည်။
ယခုတော့ ရယ်နေကြသည်။ ခဏနေလျှင် တစ်ချို့က ငိုကြပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ ဘေးမှ သတင်းထောက်များကို လှမ်းပြောလိုက်၏။ "အားလုံးပဲ ကိုယ့်ရဲ့ လက်နက်တွေကို သေချာ ကိုင်ထားကြ။ ခဏနေရင် ကျရှုံးသွားတဲ့ စာမေးပွဲဖြေဆိုသူတွေကို အင်တာဗျူး သွားလုပ်ရမယ်။ မနက်ဖြန်ကျရင် ဒါက ကျုပ်တို့ သတင်းစာရဲ့ မျက်နှာဖုံး သတင်းပဲနော်။
သနားစရာ အကောင်းဆုံး ဥပမာ တချို့ကို ရွေးချယ်ပါ။ ပိုသနားစရာကောင်းလေ ပိုကောင်းလေပဲ။ လူတွေ ဖတ်ပြီး ငိုသွားအောင် ရေးရမယ်။"
အနီးရှိ သတင်းထောက်များက မခံရပ်နိုင်သော အမူအရာများဖြင့် မဝံ့မရဲ မေးလိုက်ကြ၏။ "သခင်လေး ... စာမေးပွဲအောင်တဲ့ သူတွေကို အင်တာဗျူး လုပ်ရမှာ မဟုတ်ဘူးလား။
ကျရှုံးသွားတဲ့ သူတွေကိုမှ သွားပြီး ဗျူးတော့ သူတို့ရဲ့ ရင်ဘတ်ကို ဓားနဲ့ ထိုးသလို ဖြစ်နေမှာပေါ့ ... မကောင်းပါဘူး။"
ဖန်ကျန်းရီက ဟားဟားဟား ရယ်မောလိုက်သည်။ "ဘာမကောင်းတာ ရှိလို့လဲ။ အဲဒီ သနားစရာ အကောင်းဆုံး စာမေးပွဲဖြေဆိုသူတွေက တစ်သက်လုံး ဖြေတာတောင် မအောင်နိုင်ဘူးလေ။ သတင်းစာထဲ ပါသွားရင် သူတို့ရဲ့ ဘဝအခြေအနေလေး တိုးတက်လာနိုင်တယ်။
ပြီးတော့ နှစ်တိုင်း စာမေးပွဲမှာ ကျရှုံးတဲ့သူက ပိုများတာပဲ မဟုတ်ဘူးလား။ အောင်မြင်တဲ့ သူတွေအကြောင်းချည်းပဲ ရေးနေရင် သူတို့ကို ပိုစိတ်မကောင်း ဖြစ်စေတာပေါ့။ ဒါက ခင်ဗျားတို့ ဘက်လိုက်တာပဲ။
သနားစရာ ကောင်းတဲ့ လူတွေ၊ သနားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေကို များများရေးပေးရင် တခြား ကျရှုံးသွားတဲ့ စာမေးပွဲဖြေဆိုသူတွေလည်း သိပ်ပြီး စိတ်ဓာတ်ကျနေမှာ မဟုတ်တော့ဘူး။ နောက်နှစ်အတွက် ဆက်ပြီး ကြိုးစားဖို့ ခွန်အားတွေ ရလာမှာပေါ့။
ကျုပ်တို့ သတင်းစာတိုက်က ပြည်သူတွေကို ပျော်ရွှင်မှုတွေ ပေးစွမ်းရမယ်လေ။
လူတစ်ယောက်ရဲ့ စတေးမှုက မိသားစုပေါင်း ထောင်သောင်းချီကို ပျော်ရွှင်စေနိုင်တယ်။ ဒါက စတေးတာ မဟုတ်ပါဘူး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိတာလို့ ခေါ်တယ်။"
နှစ်ဦးနှစ်ဖက် အကျိုးရှိတာ။
နှစ်ဦးနှစ်ဖက် အကျိုးရှိရုံတင်မကဘူး၊ သတင်းစာ ရောင်းအားအတွက်လည်း ကောင်းတယ်။ ပြည်သူတွေက တခြားသူတွေ ဒုက္ခရောက်တာကို ကြည့်ရတာ သဘောကျတယ်လေ။
လိုက်ပါလာသော သတင်းထောက်များမှာ လေးစားလွန်း၍ မျက်နှာများပင် ပြောင်းလဲသွားကြ၏။
အမတ်ဖန်ပီပီ အမြော်အမြင် ကြီးမားလှပါပေတယ်။ ကျုပ်တို့ အများကြီး သင်ယူရအုံးမယ်။
"အောင်စာရင်း ထွက်ပြီ။ အောင်စာရင်း ထွက်ပြီ။"
စကားစမြည် ပြောဆိုနေစဉ် အောင်စာရင်း ထွက်ကြောင်း အော်ဟစ်သံများက နေရာအနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။
အောင်စာရင်း ကပ်နေသည်ကို မြင်တော့ ဖန်ကျန်းရီ၏ ရင်ထဲတွင်လည်း အကြောင်းပြချက် မရှိဘဲ ရင်ခုန်လာခဲ့၏။
သူကိုယ်တိုင် စာမေးပွဲ မဖြေဆိုခဲ့သော်လည်း တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြည့်ရသကဲ့သို့ ခံစားချက်မျိုး အနည်းငယ် ဖြစ်ပေါ်လာသည်။
လခွမ်း … အလွတ်ကျက် ပညာရေးစနစ်ရဲ့ စိတ်ဒဏ်ရာက ငါ့ကို ဘဝနှစ်ခုလုံး လိုက်နှောင့်ယှက်နေတာပဲ။
အောင်စာရင်း အပြည့်အစုံ ကပ်ပြီးသွားသောအခါ ဖန်ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ် သွားတော့၏။
ပထမ ... ... ရှန်ရီလား။
ဘေးနားရှိ သတင်းထောက်များက ရုတ်တရက် ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး ရှန်ရီကို ဝိုင်းရံလိုက်ကြသည်။
ပတ်ဝန်းကျင်မှ လူများကလည်း အားကျသော အကြည့်များဖြင့် ကြည့်ရှုလာကြပြီး အချို့က အောင်ပွဲခံသည့် အဖွဲ့ထဲသို့ ဝင်ရောက်လာကြ၏။
ဝမ်းသာပျော်ရွှင်နေကြသော အခြေအနေတွင် ဖန်ကျန်းရီမှာ အသက်ရှူပင် ကျပ်သွားတော့သည်။
ချီးတဲ့မှ … မဖြစ်နိုင်တာ။ ရှန်ရီက သာမန်အချိန်တွေမှာ သိုသိုသိပ်သိပ် နေပေမဲ့ သတင်းထောက် အလုပ်ကိုတော့ အရမ်းကောင်းအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ စာလုပ်ဖို့ အချိန် ဘယ်က ရတာလဲ။
ဒုက္ခပဲ။ ဒါဆို သူ့ကို ဆက်ထိန်းထားလို့ မရတော့ဘူး။ ဒါပေမဲ့ သတင်းစာတိုက်မှာ ဆက်နေချင်ရင်တောင် သူ့ကို ပေးနေလို့ မဖြစ်တော့ဘူး။ ဆက်နေခိုင်းရင် သူ့ကို ဒုက္ခပေးသလို ဖြစ်သွားမှာပေါ့။
အနာဂတ်က အလင်းရောင် ထွန်းတောက်နေပြီ။ တကယ်လို့ သာမန် ကျူးရင် တစ်ယောက်သာ ဆိုရင်တော့ သတင်းထောက် အဖြစ် ဆက်လုပ်ဖို့ မျှော်လင့်ချက် ရှိသေးတယ်။
တကယ်လို့ ကျဲ့ယွမ် ဆိုရင်တော့ ... ထားလိုက်ပါတော့။
ရှန်ရီက ဒီလို အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သတင်းစာတိုက်ရဲ့ အရေးကြီးတဲ့ လူစွမ်းအား အရင်းအမြစ် ဆုံးရှုံးသွားပြီ။
ဖန်ကျန်းရီက မြင်းပေါ်တွင် ထိုင်လျက် နာကျင်သော အမူအရာဖြင့် ရင်ဘတ်ကို ထုနေမိ၏။
ရှန်ရီလည်း ကြောင်အမ်းသွားပြီး လူတိုင်းက သူ့အတွက် ဂုဏ်ပြုနေကြချိန်တွင် သူ သတိမဝင်သေးချေ။
သတိပြန်ဝင်လာချိန်မှသာ သူ ကျဲ့ယွမ် အောင်သွားကြောင်း သိလိုက်ရသည်။
သို့ပေမည့် အချိန်ကြာမြင့်စွာ သတင်းထောက် လုပ်ခဲ့သော အတွေ့အကြုံများကြောင့် သူသည် ကြိုတင် မမျှော်မှန်းနိုင်သော အခြေအနေများကို ရင်ဆိုင်ရာတွင် အံ့ဩထိတ်လန့်ခြင်း မရှိတော့ချေ။
သူ့အတွက် ဂုဏ်ပြုပေးနေကြသော လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ သတင်းထောက် ဖြစ်လာပြီးနောက် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးများကို ပြန်လည် အမှတ်ရပြီး ရှန်ရီက နှစ်လိုဖွယ် ပြုံးလိုက်၏။
တကယ်လို့ ဒီရက်ပိုင်းအတွင်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေသာ မရှိခဲ့ဘူးဆိုရင် ငါ ကျဲ့ယွမ် အောင်ဖို့ အခွင့်အရေး ရခဲ့မှာ မဟုတ်ဘူး။
သတင်းထောက် လုပ်ရင်း စာလုပ်ရတာ တကယ်တော့ ပင်ပန်းပေမဲ့ ရရှိလိုက်တဲ့ အကျိုးအမြတ်ကလည်း အရမ်းကို ကြီးမားတယ်။
ကိုယ်တိုင် လက်တွေ့မလုပ်ဘဲ၊ အသိပညာနဲ့ လုပ်ရပ်ကို မပေါင်းစပ်ဘဲ၊ ပြည်သူတွေကြားထဲ မဆင်းဘဲ၊ ပြီးတော့ အိမ်ရှေ့စံနဲ့ အမတ်ဖန်တို့ ယူဆောင်လာပေးတဲ့ နိုင်ငံရေး သတင်းအချက်အလက် အမြောက်အမြားသာ မရှိခဲ့ဘူးဆိုရင် ဒီလောက် ကောင်းမွန်တဲ့ စာစီစာကုံးမျိုး ရေးနိုင်ခဲ့မှာ မဟုတ်ဘူး။
ထိုသို့ တွေးမိသောအခါ ရှန်ရီက ဖန်ကျန်းရီ ဘက်သို့ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ခါးညွှတ်ကာ အရိုအသေ အကြီးအကျယ် ပေးလိုက်၏။
ဖန်ကျန်းရီက စိတ်ခံစားချက်များကို ထိန်းချုပ်ကာ အားတင်း ပြုံးပြပြီး ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။
လခွမ်း .. တစ်ယောက်တော့ ပါသွားပြီ။