← Chapters

အခန်း ၃၇၁

Vol. 21 Ch. 371

အခန်း ၃၇၁

Vol. 21 Ch. 371

အပိုင်း (၃၇၁) ဖန်ကျန်းရီ၏ အလုပ်ခေါ်စာ။

အမှတ် ဆယ့်သုံး၊ ချောင်ရူ။

အမှတ် နှစ်ဆယ့်ခုနစ်၊ လုယွဲ့။

အမှတ် သုံး ...

ဆက်တိုက် ကြည့်ရှုပြီးနောက် ဖန်ကျန်းရီမှာ လုံးဝ ကြောင်အမ်းသွား၏။

အစကတော့ လေးငါးယောက်လောက်ပဲ အောင်ဖို့ ယုံကြည်ချက် ရှိတယ်လို့ ပြောခဲ့တာ။ အခုတော့ ရုတ်တရက် ရှစ်ယောက်တောင် ဖြစ်သွားပြီ။

ဟာ ... ကျူးရင် အောင်တဲ့ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်သွားပြီပဲ။

သတင်းစာတိုက်က ဘယ်လို ဖြစ်ရတာလဲ။

လုပ်ဖော်ကိုင်ဖက် တစ်ယောက် အောင်စာရင်းတွင် ပါဝင်ကြောင်း တွေ့ရှိရတိုင်း ပတ်ဝန်းကျင်မှ သတင်းထောက်များက ရူးသွပ်စွာ အော်ဟစ် အားပေးကြ၏။

ကျရှုံးသွားသော သတင်းထောက်များကလည်း ထိုနည်းတူပင်။

မအောင်မြင်သော်လည်း ကိစ္စမရှိချေ။ နယ်မြေစာမေးပွဲကို သုံးလေးကြိမ်လောက် ဖြေဆိုရခြင်းမှာလည်း သာမန် ကိစ္စပင် မဟုတ်ပါလား။

ယခု သတင်းစာတိုက်မှ လုပ်ဖော်ကိုင်ဖက်များ အများအပြား အောင်မြင်ကြပြီဖြစ်ရာ မိမိတို့လည်း နောက်တစ်ကြိမ်တွင် အောင်မြင်နိုင်ခြေ အလွန် မြင့်မားသွားပြီ မဟုတ်ပါလား။

နယ်မြေစာမေးပွဲကို လက်လျှော့ထားသော သတင်းထောက်များ၏ ရင်ထဲတွင်ပင် မီးတောက်တစ်ခု ပြန်လည် တောက်လောင်လာခဲ့၏။

နောက်ထပ် သုံးနှစ်စောင့်ပြီး ထပ်မံ ကြိုးစားရန် စိတ်အားထက်သန်နေကြသည်။

သတင်းစာတိုက်က ... တကယ်ကို ပညာရေး အချက်အချာ နေရာကြီးပဲ။ တစ်ကြိမ်လောက် မကြိုးစားကြည့်ရင် ကိုယ့်ရဲ့ သတင်းထောက် အဆင့်အတန်းနဲ့ တန်ပါ့မလား။

ဖန်ကျန်းရီက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဘေးနားရှိ အောင်မြင်သွားသော သတင်းထောက် တစ်ယောက်ကို ကြည့်လိုက်၏။

ထိုသူက ဟီးဟီးဟားဟားဖြင့် အရူးတစ်ယောက်လို ရယ်မောနေဆဲ ဖြစ်သည်။ ဖန်ကျန်းရီက မနေနိုင်တော့ဘဲ ခေါင်းငုံ့ကာ တိုးတိုးလေး မေးလိုက်သည်။ "ဘယ်လိုဖြစ်တာလဲ။ ဒီတစ်ခါ ဘာလို့ ဒီလောက် အများကြီး အောင်တာလဲ။

သတင်းစာတိုက်ထဲမှာ လူအနည်းငယ်လောက်ပဲ ယုံကြည်ချက် ရှိတယ်ဆိုတာ မဟုတ်ဘူးလား။ အလုပ်ကို သေချာ မလုပ်ဘဲ ခိုးပြီး အပြင်ထွက် စာလုပ်နေကြတာလား။ ဟမ်။"

သတင်းထောက်မှာ ကြောင်အမ်းသွားပြီး ဖန်ကျန်းရီကို ကြည့်ကာ အမြန် ရှင်းပြလိုက်၏။ "အမတ်ဖန် … ကျုပ်တို့ လုံးဝ အပျင်းမထူပါဘူး။"

"အဓိကကတော့ ... သာမန်အချိန်တွေမှာ အင်တာဗျူး သွားလုပ်ရင်းနဲ့ အားစိုက်ထုတ်မှု ပိုများလို့ ဖြစ်မှာပါ။

အမတ်ဖန် မသိလို့ပါ။ ကျုပ်တို့ သာမန်အချိန်တွေမှာ အရာရှိတချို့ကိုလည်း အင်တာဗျူး သွားလုပ်ရတယ်လေ။ အဲဒီလူတွေက တစ်ခါတလေ ကျုပ်တို့ကို အထင်သေးကြတယ်။" အကြောင်းရှိရှိ မရှိရှိ ကျုပ်တို့ကို အရင် စာမေးပွဲ စစ်တတ်ကြတယ်။ သူတို့နဲ့ စကားပြောနိုင်မှ သူတို့က အင်တာဗျူး လက်ခံတာကိုး။

အချိန်ကြာလာတော့ လူတိုင်းက ဗဟုသုတ ကြွယ်ဝတဲ့ စွမ်းရည်တွေ ရလာကြတာပေါ့။ ပြီးတော့ သာမန်အချိန်တွေမှာ ဖတ်ရတဲ့ အကြောင်းအရာတွေကလည်း များတော့ စာစီစာကုံး ဖြေရတာ အရမ်း လွယ်ကူ သွားတယ်။ အဲဒါက အဓိက အကြောင်းရင်း ဖြစ်မယ်လို့ ကျုပ် ထင်တယ်။"

ဖန်ကျန်းရီက ရုတ်တရက် နားလည်သွား၏။

ထိုသို့ဆိုလျှင် သေချာပေါက် ထိုအကြောင်းအရာကြောင့် ဖြစ်ရမည်။ သတင်းထောက် လုပ်ရသည်မှာ ဤသို့သော အကျိုးကျေးဇူးတွေ ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

စာစီစာကုံး ဆိုသည်မှာ နိုင်ငံတော်စာမေးပွဲတွင် အရေးအကြီးဆုံး စာမေးပွဲပုံစံ တစ်ခု ဖြစ်ပြီး စာမေးပွဲ လုပ်ငန်းစဉ် တစ်ခုလုံးနီးပါးတွင် ပါဝင်နေသည်။

စာမေးပွဲစစ်ဆေးသူများ အလေးထားသည်မှာ ခေတ်ပြိုင် ပြဿနာများအပေါ် ဖြေရှင်းချက်များနှင့် နိုင်ငံအုပ်ချုပ်ရေး အတွေးအခေါ်နှင့် ဗျူဟာများ၏ လက်တွေ့လုပ်ဆောင်နိုင်စွမ်းတို့ ဖြစ်သည်။ စာမေးပွဲဖြေဆိုသူ၏ ဘက်စုံစွမ်းရည်ကို ထင်ဟပ်စေသော ဤကဲ့သို့သော စာမေးပွဲမျိုးသည် သတင်းထောက်များ၏ အားသာချက်ပင် ဖြစ်နေတော့၏။

တစ်နည်းအားဖြင့် မှန်းရလွယ်သွားခြင်း ဖြစ်သည်။

ဖန်ကျန်းရီလည်း ဘာပြောရမှန်း မသိတော့ပေ။ လက်ရှိ အခြေအနေအရ လူတိုင်းက ယုံကြည်မှု အပြည့်ဖြင့် နောက်တစ်ကြိမ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည်မှာ သေချာသည်။ သို့ပေမည့် ကံကောင်းထောက်မစွာဖြင့် သူ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ဆုံးရှုံးသွားသော လုပ်သားအင်အားကို ပြန်လည် ဖြည့်တင်းလိုက်ရုံသာ ရှိ၏။

သတင်းထောက်များက အဆက်မပြတ် အော်ဟစ် အားပေးနေကြပြီး ပတ်ဝန်းကျင်မှ လူအုပ်ကြီးကလည်း အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

ဖန်ကျန်းရီက လက်ကို မြှောက်ကာ အော်လိုက်၏။ "အားလုံးပဲ … အားလုံးပဲ။ ကျုပ်ပြောတာ နားထောင်ကြအုံး။

ဒီနေ့က ကျုပ်တို့ ပန်းရှန်းသတင်းစာတိုက်ရဲ့ အပျော်ရွှင်ရဆုံး နေ့ပါပဲ။ အားလုံးပေါင်း ရှစ်ယောက်တောင် အောင်မြင်သွားပါတယ်။ ဒီနှစ်ရဲ့ ကျဲ့ယွမ် ကလည်း ကျုပ်တို့ သတင်းစာတိုက်ကနေ ထွက်ပေါ်လာတာပါ။ လက်ခုပ်တီးပြီး အားပေးကြပါအုံး။"

သတင်းထောက်များက ဝမ်းသာအားရ လက်ခုပ်တီးကြပြီး ပတ်ဝန်းကျင်ရှိ ကျရှုံးသွားသော စာမေးပွဲဖြေဆိုသူ အများအပြားကတော့ အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဘာတွေ လာကြွားနေတာလဲ။

မင်းတို့ဆီက လူတွေပဲ အောင်တာလား။ ကြွားချင်ရင် အိမ်ပြန်ကြွား။

ဖန်ကျန်းရီက လက်သီးဆုပ်လိုက်ရာ အသံများနှင့် လက်ခုပ်သံများ ချက်ချင်း ရပ်တန့်သွားသည်။ သူက ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ကျုပ်တို့ ပန်းရှန်းသတင်းစာတိုက်က တိုင်းပြည်အတွက် အရည်အချင်းရှိသူတွေကို မွေးထုတ်ပေးဖို့ အမြဲတမ်း ကြိုးပမ်းနေပါတယ်။ ဒီနေ့ ကျူးရင် အောင်သွားတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုပါတယ်။ သတင်းစာတိုက်ကနေ အောင်မြင်စွာ ဘွဲ့ရသွားပါပြီ။"

ထိုစကားကို ကြားသောအခါ ဝမ်းသာပျော်ရွှင်နေကြသော သတင်းထောက်များ၏ ရင်ထဲတွင် ချက်ချင်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။

ခုလေးတင် ကျူးရင် အောင်လို့ ဝမ်းသာနေတာ၊ နောက်တစ်စက္ကန့်ကျတော့ သတင်းထောက် ရာထူး ရုပ်သိမ်းခံလိုက်ရပြီလား။

ဒီအလုပ်ကို လုပ်လာတာ အတော်ကြာပြီဆိုတော့ ဂုဏ်ယူမှုတွေ၊ သံယောဇဉ်တွေ ရှိနေပြီလေ။ ဘယ်လိုလုပ် ချက်ချင်းကြီး ရပ်ပစ်လို့ ရမှာလဲ။

ကံကောင်းထောက်မစွာဖြင့် ဖန်ကျန်းရီက ချက်ချင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်သည်။

"ခင်ဗျားတို့ ဘယ်နေရာမှာပဲ ရောက်ရောက် ပန်းရှန်းသတင်းစာတိုက်က ခင်ဗျားတို့ရဲ့ အိမ်ပါပဲ။"

"သတင်းစာတိုက်ရဲ့ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ အိပ်ဆောင်တွေကို ခင်ဗျားတို့အတွက် အမြဲတမ်း အခမဲ့ ဖွင့်လှစ်ထားပါတယ်။"

သတင်းထောက်များ၏ ရင်ထဲရှိ မှိုင်းညှို့မှုများ ချက်ချင်း ပျောက်ကွယ်သွား၏။

"မပြီးသေးဘူးနော်။ မပြီးသေးဘူး။"

ဖန်ကျန်းရီက လက်ကို ဆက်တိုက် ဝှေ့ယမ်းပြလိုက်သည်။ "စာမေးပွဲ ဝင်ဖြေတဲ့ သတင်းထောက်တိုင်းကို ငွေတုံး နှစ်တုံး ဆုချမယ်၊ ကျူးရင် အောင်တဲ့သူကို ငွေတုံး ငါးဆယ်၊ ရှန်ရီကို ငွေတုံး တစ်ရာ ဆုချမယ်။"

ဘေးမှ စောင့်ကြည့်နေသော ကျရှုံးသွားသည့် စာမေးပွဲဖြေဆိုသူများသည် ဖန်ကျန်းရီ ဆုငွေများ ပေးဝေနေသည်ကို ကြည့်ကာ ရင်ထဲတွင် အလွန် ဝမ်းနည်းသွားကြ၏။

အားလုံးက အောင်စာရင်း လာကြည့်ကြတာကို ကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။ တစ်ဖက်လူများက စာမေးပွဲ ကျရှုံးတာတောင် ငွေရသေးတယ်။

ဒီပန်းရှန်းသတင်းစာတိုက်ရဲ့ အကျိုးခံစားခွင့်တွေက တကယ်ကို ကောင်းလွန်းတယ်။

"ကောင်းပြီ။ အခု ခင်ဗျားတို့ အိမ်ပြန်ပြီး သတင်းကောင်း သွားပြောကြတော့။ ကျန်တဲ့သူတွေ ချက်ချင်း သတင်းစာတိုက်ကို ပြန်ပြီး အလုပ်လုပ်ကြ။ ငွေကို သတင်းစာတိုက်မှာ သွားထုတ်ဖို့ မမေ့နဲ့နော်။ အားလုံး မြန်မြန် သွားကြတော့။"

ဖန်ကျန်းရီက ပြုံးလျက် သတင်းထောက်များကို လက်လှမ်းပြလိုက်၏။

သတင်းထောက်များ၏ ရင်ထဲတွင် အလွန် ကြည်နူးသွားကြပြီး ဖန်ကျန်းရီကို ပြန်လည် လက်ပြနှုတ်ဆက်ကာ ဝမ်းသာအားရဖြင့် အိမ်သို့ အမြန် ပြန်သွားကြသည်။

ကျရှုံးသွားသော စာမေးပွဲဖြေဆိုသူတစ်စုက ဗုံတီး၊ မောင်းတီး ထွက်ခွာသွားသော သတင်းထောက်အဖွဲ့ကို မျက်နှာသေဖြင့် ကြည့်နေကြ၏။

ထို့နောက် မြင်းပေါ်တွင် ထိုင်နေဆဲဖြစ်သော ဖန်ကျန်းရီကို ထပ်မံ ကြည့်လိုက်ကြသည်။

ဖန်ကျန်းရီက နောက်သို့ လှည့်ကာ လူအုပ်ကြီးကို ကြည့်ပြီး ပြုံးပြလိုက်သည်ကို တွေ့လိုက်ရ၏။

ထို့နောက် ခေါင်းငုံ့ကာ မြင်းဘေးရှိ အိတ်ထဲမှ စက္ကူတစ်ထပ်ကို ထုတ်ယူပြီး ကောင်းကင်သို့ အားကုန် ပစ်လွှင့်လိုက်သည်။

ထို့နောက် မြင်းစီးကာ ထွက်ခွာသွားတော့၏။

ထိုနေရာရှိ လူအားလုံး အံ့အားသင့်သွားကြပြီး ကောင်းကင်ယံတွင် လွင့်ပျံနေသော စက္ကူများကို ကြည့်ကာ ရုတ်တရက် လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ငွေစက္ကူတွေပါလား။"

ဝုန်းခနဲ အသံနှင့်အတူ တစ်ကွင်းလုံး ဆူညံသွား၏။

ရာနှင့်ချီသော လူများက ဖန်ကျန်းရီ ပစ်ချလိုက်သော ငွေစက္ကူများကို ရူးသွပ်စွာ လုယက်ကြပြီး တစ်ချို့က ဤကိစ္စအတွက် ရိုက်ပုတ်သည်အထိ ဖြစ်သွားကြသည်။

သို့ပေမည့် မကြာမီမှာပင် လုယက်မှုများ ရပ်တန့်သွားခဲ့၏။

အစောဆုံး ရရှိလိုက်သူက ငွေစက္ကူကို ကိုင်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "မလုကြနဲ့တော့။ မသတ်ကြနဲ့တော့။ ငွေစက္ကူ မဟုတ်ဘူး။"

ငွေစက္ကူက သေချာပေါက် ငွေစက္ကူ မဟုတ်ချေ။ ငွေစက္ကူ ပုံစံမျိုး ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များသာ ဖြစ်၏။

အနောက်ဘက်တွင် လင်းလက်နေသော စာလုံးကြီး လေးလုံး ရိုက်နှိပ်ထားသည်။

အလုပ်ခေါ်စာ။

"တောက်။ တကယ့်ကို ယုတ်မာလွန်းတယ်။ ဒါက ငွေစက္ကူအတု ရိုက်နှိပ်တာ မဟုတ်ဘူးလား။"

"လခွမ်း … ခွေးမသား… ငါ ရုံးတော်ကို တိုင်မယ်။"

"ရှက်စရာကောင်းလိုက်တာ ... "

ငွေစက္ကူ လုယက်မှုကြောင့် ခေါင်းကွဲ၊ သွေးထွက် ဖြစ်သွားသောသူ တစ်ချို့က အဆက်မပြတ် ဆဲဆိုနေကြ၏။

လူတစ်ချို့က ညည်းတွားနေကြသော်လည်း တစ်ချို့ကတော့ လက်ကမ်းစာစောင်၏ အခြားတစ်ဖက်ကို အစောကြီးတည်းက လှန်ကြည့်လိုက်ကြပြီ ဖြစ်သည်။

လက်ကမ်းစာစောင်ပေါ်ရှိ ပြည့်ကျပ်နေသော အချက်အလက်များကို ကြည့်ကာ တစ်ခဏမျှ ငေးမောသွားကြ၏။

[သတင်းကောင်း။ သတင်းကောင်း။ ပန်းရှန်းသတင်းစာတိုက်က သတင်းထောက်တွေကို လူသိရှင်ကြား ခေါ်ယူနေပါပြီ။]

[ပန်းရှန်းသတင်းစာတိုက်က ပင်လယ်ပြင်လို ကျယ်ဝန်းပြီး ပညာရှင်တွေ စုဝေးရာ နေရာပါ။ ခမ်းနားတဲ့ ထမင်းစားဆောင်၊ သပ်ရပ်တဲ့ အိပ်ဆောင်တွေ ရှိပါတယ်။]

[မြို့တော်တစ်ခုလုံးမှာ အပြည့်စုံဆုံး စာကြည့်တိုက်တွေထဲက တစ်ခုဖြစ်ပြီး စုတ်တံ၊ မင် တွေကို အခမဲ့ ပေးထားပါတယ်။ တစ်ခါရောက်ရင် ပြန်မထွက်ချင်လောက်အောင် ကောင်းကင်ဘုံလို နေရာမျိုးပါ။]

[အိမ်မှာပဲ အောင်းပြီး စာကျက်ရင်း ကျရှုံးတဲ့ အသုံးမကျတဲ့သူ တစ်ယောက်အဖြစ်နဲ့ ဆက်ပြီး နေချင်သေးလား။]

[နေ့တိုင်း တခြားသူတွေရဲ့ လက်ညှိုးထိုးပြီး ဆင်းရဲတဲ့ ပညာတတ်လို့ အဆဲခံနေရတာကို ကျေနပ်နေသေးလား။]

[ပန်းရှန်းသတင်းစာတိုက်ကို လာခဲ့ပါ။ အလုပ်လုပ်ရင်း စာသင်ပါ၊ စာသင်ရင်း ချမ်းသာကြွယ်ဝလာပါလိမ့်မယ်။]

...

[ကျင်းရှီ နဲ့ ကျူးရင်တွေက ကိုယ်တိုင် သင်ကြားပေးမှာဖြစ်လို့ မင်းရဲ့ အောင်မြင်နိုင်ခြေကို မြင့်တက်စေမှာပါ။ ကဏ္ဍအသီးသီးက အထက်တန်းစားတွေနဲ့ သိကျွမ်းခွင့် ရမယ့် အခွင့်အရေးတွေလည်း ရှိသေးတယ်။]

[ပညာရေးကို ကျွမ်းကျင်စွာ သင်ကြားပေးပြီး မင်းကို ကျေနပ်စေရပါမယ်။]

[သတင်းစာတိုက် လိပ်စာ - ...

ပြီးတော့ အလှလေးတွေလည်း အများကြီး ရှိသေးတယ်။]

ဤအချိန်တွင် ကျင်းတိုင်းပြည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဤမျှ ပွင့်လင်းမြင်သာသော၊ တိုက်ရိုက်ကျသော၊ အရှက်အကြောက် ကင်းမဲ့သော ရိုးရှင်းသည့် လက်ကမ်းစာစောင်များ ပေါ်ထွက်လာခဲ့၏။

ပညာတတ် အများအပြားမှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာများ နီရဲလာကာ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ပါးစပ်မှလည်း အသက်ရှူသံ ပြင်းပြင်းများ ထွက်ပေါ်နေသည်။

သို့ပေမည့် မည်သူကမှ အသံမထွက်ကြချေ။

လူအနည်းငယ်က လက်ကမ်းစာစောင်ကို မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ရှုတ်ချလိုက်၏။ "ခေတ်ပျက်ကြီးပါလား။ ပန်းရှန်းသတင်းစာတိုက်က ငွေကြေးနဲ့ အလှအပတွေကို အသုံးပြုပြီး ကျုပ်တို့ကို မြှူဆွယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဒီလို နေရာမျိုးကို သွားရင်တော့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာပဲ။ ပညာတတ်တွေရဲ့ မာနနဲ့ မျက်နှာက ဘယ်မှာ ရှိတော့မလဲ။"

လူအတော်များများက ထောက်ခံပြောဆိုလာကြ၏။

ရုတ်တရက် လူတစ်ယောက်က အော်လိုက်သည်။ "ဒါပေမဲ့ သူတို့ဆီကနေ ကျဲ့ယွမ် တစ်ယောက် ထွက်လာတယ်လေ။"

"ပန်းရှန်းသတင်းစာတိုက်က အားလုံးပေါင်း ရှစ်ယောက်တောင် အောင်စာရင်းမှာ ပါတယ်တဲ့။" အသံတစ်သံက ဖြည့်စွက်ပြောလိုက်၏။

ထိုအသံ ထွက်ပေါ်လာသောအခါ မည်သူကမှ စကားမပြောကြတော့ချေ။

လူတိုင်းက လက်ကမ်းစာစောင်များကို တိတ်တဆိတ် ရင်ခွင်ထဲသို့ ထည့်လိုက်ကြသည်။

All Chapters