အခန်း ၃၇၂
Vol. 21 Ch. 372
အပိုင်း (၃၇၂) သတင်းထောက် ပြဿနာ ပြေလည်သွားပြီ။
နောက်နေ့ ညီလာခံ ပြီးဆုံးပြီးနောက် …
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ သတင်းစာတိုက်သို့ အတူတကွ ရောက်ရှိလာသောအခါ ရှဲ့ရှန်းက သူတို့နှစ်ဦးထံသို့ ချက်ချင်း ပြေးလာခဲ့သည်။
သူ၏ ပုံစံမှာ အလွန် ပင်ပန်းနွမ်းနယ်နေပုံရပြီး ဆံပင်များ အနည်းငယ် ဖရိုဖရဲ ဖြစ်နေ၏။
ရှဲ့ရှန်းက ဖန်ကျန်းရီကို မြင်သည်နှင့် ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ချက်ချင်း ညည်းတွားလိုက်သည်။ "သခင်လေး …. လက်ကမ်းစာစောင်တွေ အလုပ်ဖြစ်သွားပြီ။"
"သခင်လေး မသိလို့ပါ။ အပြင်က လူတွေ အကုန်လုံး အရူးတွေလို သတင်းထောက် လာလျှောက်နေကြတာ၊ တားလို့တောင် မရဘူး။"
"အခု ကျုပ် လူတွေကို လောင်လျူ စားသောက်ဆိုင်ဆီ လွှတ်လိုက်ရတယ် ... ဒီဘက်က သတင်းထောက်တွေတောင် အခုထိ အေးအေးဆေးဆေး အလုပ်မလုပ်နိုင်သေးဘူး။"
ဖန်ကျန်းရီ ရယ်မောလိုက်၏။
ဤကိစ္စအပေါ် သူကိုယ်တိုင်လည်း သံသယရှိခဲ့သည်။ ဒေသနှင့် မကိုက်ညီသဖြင့် လူလာလျှောက်မည် မဟုတ်ဟု ထင်ခဲ့မိသည်။
သို့ပေမည့် အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်နေခဲ့သည်။ ကြည့်ရသည်မှာ ရှေးခေတ်နှင့် ခေတ်သစ် လူများ၏ စိတ်နှလုံးသည် အတူတူပင် ဖြစ်ပုံရသည်။
နေထိုင်မှု ဘဝပုံစံများတွင် ကြီးမားသော ကွာဟချက် ရှိသော်လည်း အခြေခံအကျဆုံး အရာများကတော့ ထိုအတိုင်းပင် ဖြစ်၏။
"လူများတာ ပိုတောင် မကောင်းဘူးလား။ အရင်တုန်းက လူရှာလို့ မရလို့ အမြဲ ခေါင်းကိုက်နေရတာ၊ အခု ဘာကို ပူနေရသေးလို့လဲ။"
လီယွမ်ကျောက်က စပ်စုစွာ မေးလိုက်သည်။ "ဟင် .. ဖန်ကြီး … ခင်ဗျား လူ ဘယ်လို ခေါ်လိုက်တာလဲ။ အရင်တုန်းက ကျုပ် အများကြီး ခေါ်ဖူးပေမဲ့ တစ်ခါမှ မရခဲ့ဘူး။"
ရှဲ့ရှန်းက အလျင်အမြန် အခန်းထဲ ပြန်ဝင်သွားပြီး လက်ကမ်းစာစောင် တစ်စောင် ယူကာ လီယွမ်ကျောက်အား ပေးလိုက်၏။
လီယွမ်ကျောက်က လက်ကမ်းစာစောင်ကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
"ကြည့်ရတာ ... အကုန်လုံး ဟုတ်နေသလိုပဲ၊ ဒါပေမဲ့ ဘာလို့ အနေရခက်နေသလို ခံစားရတာလဲ။"
ဖန်ကျန်းရီက ပြုံးရွှင်စွာ ပြောလိုက်၏။ "ဘာအနေရခက်စရာ ရှိလို့လဲ။
အိမ်ရှေ့စံ ... ဒါက ဝါဒဖြန့်တာလေ။ ဝါဒဖြန့်တယ်ဆိုတာ အလိမ်အညာ မပြောဘူး၊ အမှန်တရားကို ရွေးချယ်ပြီး ပြောတာပဲ။ ဌာနခြောက်ခုရဲ့ သတင်းစာကလည်း ဒီလိုပဲ လုပ်နေတာ မဟုတ်ဘူးလား။ နန်းတော်က ကိုယ့်ရဲ့ အမှားတွေကို ဝါဒဖြန့်တာ ခင်ဗျား ဘယ်တုန်းက မြင်ဖူးလို့လဲ။
ပြီးတော့ အပေါ်က သတင်းအချက်အလက်တွေ အကုန်လုံးက တကယ် အမှန်တွေချည်းပဲလေ။ နည်းနည်း ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့ တိုက်ရိုက် ရေးထားရုံပါပဲ။"
လီယွမ်ကျောက်က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ "ကျွတ်ကျွတ်ကျွတ် ... ဒီနည်းလမ်းက ကောင်းတယ်။ ကျုပ် ဘာလို့ မတွေးမိခဲ့ပါလိမ့်။"
"အိမ်ရှေ့စံ ... ကျုပ် ခင်ဗျားကို အရင်တည်းက ပြောထားတယ်လေ။ ဗုဒ္ဓစာပေတွေကို များများ ဖတ်ဖို့။"
"ကိလေသာငါးပါး၊ ဆန္ဒခြောက်ပါး၊ စိတ်ခံစားချက် ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး ... လူ့သဘာဝရဲ့ အားနည်းချက်တွေ အကုန်လုံး ဗုဒ္ဓစာပေတွေထဲမှာ ရေးထားပြီးသား။ အဲဒါတွေကို အသုံးချတတ်ရမယ်။ ဗုဒ္ဓဘာသာက ယုံကြည်သူတွေကို ဘယ်လို ခေါ်ယူလဲဆိုတာ သေချာ စဉ်းစားကြည့်စမ်းပါ။"
ဘေးမှ ရှဲ့ရှန်းမှာ ရုတ်တရက် နားလည်သွားတော့၏။
သာမန်အချိန်များတွင် သူက ဗုဒ္ဓကျမ်းစာတချို့ကို ဖတ်ရသည်ကို နှစ်သက်သော်လည်း ယခုမှသာ သဘောပေါက်သွားသည်။ ဗုဒ္ဓဘာသာဆိုသည်မှာ ဤသို့ဖြစ်နေသည်ကိုး။
ကြည့်ရသည်မှာ ယခင်က သူ စာဖတ်တာ လွဲမှားနေခဲ့ပြီ။
လီယွမ်ကျောက်က အတွေးများစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ရှဲ့ရှန်းကို ကြည့်ကာ ပြောလိုက်၏။ "အခု သတင်းစာတိုက်ထဲ ဝင်ချင်တဲ့သူတွေ ဒီလောက် များနေပြီဆိုမှတော့ ခေါ်လိုက်ပေါ့။ ဘာလို့ သူတို့ကို တခြားနေရာကို မောင်းထုတ်ရတာလဲ။"
ရှဲ့ရှန်းက ခေါင်းခါကာ ပြုံးလိုက်သည်။ "အိမ်ရှေ့စံ ... ကျုပ်တို့က မခေါ်ချင်လို့ မဟုတ်ပါဘူး။ လူတွေ အရမ်းများလွန်းတယ်။ အတွေ့အကြုံလည်း မရှိဘူး၊ စည်းကမ်းလည်း မရှိဘူး ဖြစ်နေတယ်။ ကျုပ်တို့ အများဆုံး လိုအပ်တာက လူနှစ်ဆယ်ကျော်လောက်ပဲ။ ဘယ်သူတွေကို ရွေးခေါ်ရမလဲ။ တစ်လကို ငွေဘယ်လောက် ပေးရင် သင့်တော်မလဲ။"
ဖန်ကျန်းရီက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။ "ဒါ ဘာခက်တာ ရှိလို့လဲ။ စာမေးပွဲလေး လုပ်ပြီး သူတို့ရဲ့ အရည်အချင်းကို အရင် စမ်းသပ်ကြည့်လိုက်ပေါ့။
မေးခွန်းတွေကို သတင်းထောက်တွေကို ပြုစုခိုင်းလိုက်လေ။ စာမေးပွဲနဲ့ လူတစ်ဝက်ကို ဖြုတ်ချလိုက်၊ ပြီးရင် လူတွေ့စစ်ဆေးမှု လုပ်မယ်။ လူတွေ့စစ်ဆေးမှုမှာ နောက်ထပ် တစ်ဝက် ထပ်ဖြုတ်ချလိုက်ရင် အဆင်ပြေသွားပြီ။ မိသားစု အခြေအနေ မကောင်းတဲ့သူတွေကို နည်းနည်း ဦးစားပေးလိုက်၊ ဒါပေမဲ့ ဉာဏ်အရမ်းနည်းတဲ့ သူတွေကိုတော့ မခေါ်နဲ့။"
"အာ ... ဟုတ်သားပဲ။ လူတွေ့စစ်ဆေးမှု လုပ်တဲ့အချိန်ကျရင် အခန်းထောင့်မှာ အမှိုက်ပုံး တစ်ခု ထားလိုက်၊ အနားမှာလည်း အမှိုက်တချို့ ပစ်ထားလိုက်။ သန့်ရှင်းရေးကို ကိုယ်တိုင် လုပ်တဲ့သူဆိုရင် အခြေအနေ ကြည့်ပြီး ရွေးချယ်ဖို့ စဉ်းစားလို့ ရတယ်။"
ဖန်ကျန်းရီက မကောင်းဆိုးဝါး အကြံအစည်များ ပေါ်လာကာ တဟားဟား ရယ်မောလိုက်၏။
ရှဲ့ရှန်းက အံ့အားသင့်စွာ ပြောလိုက်သည်။ "သခင်လေးက တကယ်ကို အမြော်အမြင် ကြီးမားတာပဲ။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေး တစ်ခုနဲ့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို သိနိုင်တယ်ဆိုတော့ နတ်ဘုရားတစ်ပါးလိုပဲ ... "
"တော်ပြီ။ မြှောက်ပင့်မနေနဲ့တော့။ တခြားကိစ္စ ရှိသေးလား။"
"လစဉ် လစာကကော ဘယ်လိုလုပ်မလဲ။ ကျုပ်တို့ သတင်းထောက်ဟောင်းတွေက တစ်လကို ငွေတုံး နှစ်တုံး ရတယ်။ အသစ်လာတဲ့ သူတွေကို ဒီထက် ပိုပေးလို့တော့ မရဘူးလေ။"
"အင်း ... " ဖန်ကျန်းရီက အသေအချာ စဉ်းစားနေမိ၏။
ဒါက တကယ်ကို ပြဿနာ တစ်ခုပဲ။ အားလုံးကို ငွေတုံး နှစ်တုံး ပေးရင် ဝန်ထမ်းဟောင်းတွေအတွက် မတရားဘူး။ ဒါပေမဲ့ နည်းနည်းပဲ ပေးရင် ဝါဒဖြန့်တာ လိမ်ညာရာ ကျသွားမယ်။
လစာပေးတာကလည်း ပညာရပ် တစ်ခုပဲ။ အရင်က သတင်းထောက်တွေ အားလုံးကို လစာ တူတူပေးခဲ့တာက အရမ်း ကြမ်းတမ်းလွန်းတယ်။
တကယ်လို့ လူတွေများလာပြီး ဒီလိုပဲ ဆက်လုပ်နေရင် မက်လုံးပေးစနစ်က ပြဿနာ တက်လာလိမ့်မယ်။ ဒါကို သေချာ စဉ်းစားရမယ်။
လီယွမ်ကျောက်က ထိုစကားကို ကြားသောအခါ မေးလိုက်၏။ "ဒီမနက် လာလျှောက်တဲ့သူတွေက ငွေဘယ်လောက် လိုချင်ကြလဲ။ တစ်ယောက်ယောက်က ပြောသေးလား။"
ရှဲ့ရှန်းက ခဏပြန်စဉ်းစားပြီးနောက် ဖြေလိုက်သည်။ "ကျုပ်တို့ ဘယ်လောက်ပေးမလဲ ဆိုတာကို ဘယ်သူမှ မမေးကြဘူး။ ဒါပေမဲ့ ပြိုင်ဆိုင်မှုကတော့ အရမ်း ပြင်းထန်တယ်။ လူတချို့ကဆိုရင် ငွေမရရင်တောင် လုပ်ချင်တယ်တဲ့။ စားစရိတ်၊ နေစရိတ် အခမဲ့ ရပြီး စာကြည့်တိုက်ထဲ ဝင်ခွင့်ရရင် ရပြီတဲ့။"
လီယွမ်ကျောက်၏ ပါးစပ်မှာ ချက်ချင်း ပြဲထွက်သွား၏။ "ဒါဆို ဘာတွေ တွေဝေနေသေးတာလဲ။ လူနှစ်ရာစလုံးကို ခေါ်လိုက်။ တစ်ယောက်ကို တစ်လ ငွေတုံး ငါးတုံး သတ်မှတ်လိုက်။"
ရှဲ့ရှန်းမှာ အလွန် အံ့အားသင့်သွားသည်။ "ငွေတုံး ငါးတုံး။ လူနှစ်ရာစလုံးကို ခေါ်မယ်ဆိုရင် သတင်းစာတိုက်မှာ ဆံ့မှာ မဟုတ်ဘူး။ တစ်လကို ငွေတုံး တစ်ထောင်တောင် ကုန်ကျစရိတ် ရှိမှာနော်။ အိမ်ရှေ့စံ ... ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။ ဒါမှမဟုတ် ... ထပ်စဉ်းစားကြည့်ပါအုံးလား။"
ထိုသို့ပြောပြီးနောက် ရှဲ့ရှန်းက ဖန်ကျန်းရီ ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် မတတ်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေ၏။
အိမ်ရှေ့စံရဲ့ ဦးနှောက်က သိပ်မမှန်ဘူးထင်တယ် ...
"ဘယ်သူက သူတို့ကို ငွေပေးမယ်လို့ ပြောလို့လဲ။ သူတို့က သတင်းစာတိုက်ကို တစ်လ ငွေတုံး ငါးတုံး ပေးရမှာလေ။"
"တစ်ယောက်ကို တစ်လ ငွေတုံး ငါးတုံးဆိုတော့ ကျုပ်တို့ သတင်းစာတိုက်က ငွေတုံး တစ်ထောင် အမြတ်ရပြီ မဟုတ်ဘူးလား။ ဘယ်နှစ်ယောက်လာလာ အကုန် ခေါ်လိုက်။ သူတို့က အလုအယက် အလုပ်လုပ်ချင်နေကြမှတော့ ကျုပ်တို့က ဘာလို့ သူတို့ကို လစာပေးရအုံးမှာလဲ။" လီယွမ်ကျောက်က မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်၏။
ဖန်ကျန်းရီ "..."
ရှဲ့ရှန်း "..."
အိမ်ရှေ့စံ တဖြည်းဖြည်း သူ့ပုံစံ ပေါက်လာသည်ကို ကြည့်ကာ ဖန်ကျန်းရီ၏ ရင်ထဲတွင် အလွန် နှစ်သက် သဘောကျသွားသည်။
ငါ သင်ပေးခဲ့တဲ့ ကျောင်းသား ပီသပါပေတယ်။ သင်ယူနိုင်စွမ်းက ငါ့ရဲ့ အဆင့်ထက်တောင် အများကြီး ကျော်လွန်သွားပြီ။
သာမန် အရင်းရှင်တွေက အရေခွံခွာရုံပဲ လုပ်တတ်တာ။ အိမ်ရှေ့စံက အသက်ငယ်ငယ်လေးနဲ့ လူတွေရဲ့ ကလီစာတွေကိုတောင် ထုတ်ယူချင်နေပြီ ...
သူဌေးအတွက် အလုပ်လုပ်ပေးရုံတင်မကဘူး၊ သူဌေးကိုပါ လစာပေးရအုံးမယ်။
ဒါက နောက်ခေတ် စီးပွားရေးကျောင်းတွေရဲ့ ပြဋ္ဌာန်းစာအုပ်တွေထဲမှာ သေချာပေါက် ထည့်ရေးရမယ့် အကြောင်းအရာပဲ။
"အိမ်ရှေ့စံ ... ဒီလိုလုပ်တာက နည်းနည်း လွန်လွန်းပါတယ်။ ကျုပ်တို့က သတင်းစာတိုက်လေ၊ နောက်ပိုင်း သတင်းထောက်တွေရဲ့ အဆင့်အတန်းအတွက်လည်း စဉ်းစားရအုံးမယ်။
ပြည်သူတွေက သတင်းထောက်တွေဟာ နွားလို ခိုင်းစားခံရတဲ့ သူတွေဆိုတာ သိသွားရင် နောက်ဆို သတင်းထောက်တွေကို ဘယ်သူ အထင်ကြီးတော့မှာလဲ။
သူတို့က နောက်သုံးနှစ်နေရင် ကျူးရင်အောင်နိုင်မယ်လို့ ရည်ရွယ်ပြီး လာကြတာ။ မူလတည်းက သတင်းစာတိုက်အပေါ် သံယောဇဉ် မရှိဘူး။ တကယ်လို့ နောက်ပိုင်း အရာရှိဖြစ်သွားရင် ကျုပ်တို့ကို အသေဆဲမှာပေါ့။ ဒီလိုလုပ်တာက သတင်းစာတိုက်အတွက် အကျိုးမရှိဘူး။"
အလုပ်လာရောက် လျှောက်ထားသူများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိသော အကြောင်းပြချက်တစ်ရပ်ကို ရှင်းလင်းစွာ ဖော်ပြသင့်၏။
ဥပမာအားဖြင့် ပန်းရှန်း အစိုးရစာမေးပွဲ ဖြေဆိုရန်အတွက် သင်တန်းဖွင့်လှစ်ပေးခြင်း သို့မဟုတ် စာကြည့်တိုက်ကို မျှဝေသုံးစွဲခွင့်ပြုခြင်းစသည့် အစီအစဉ်များ လုပ်ဆောင်ပေးမည်ဆိုပါက ပိုမို သင့်လျော်ကောင်းမွန်မည်ဟု ယူဆမိသည်။
လီယွမ်ကျောက်က ပခုံးတွန့်လိုက်၏။ "ကျုပ် က အကြမ်းဖျင်း ပြောကြည့်ရုံပါ။ တကယ်လို့ အဆင်ပြေရင်ကော။"
"အဆင်ပြေစရာ အကြောင်းမရှိဘူး။ နောက်ဆို ဒီကိစ္စကို လုံးဝ မတွေးနဲ့တော့။"
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ "လောင်ရှဲ့ ... နောက်ပိုင်း တခြား သတင်းထောက်တွေနဲ့ တိုင်ပင်ပြီး ရာထူးတိုး စံနှုန်းတစ်ခု သတ်မှတ်လိုက်။ အသစ်လာတဲ့ သူတွေကိုတော့ လောလောဆယ် ငွေတစ်တုံး သတ်မှတ်ထားလိုက်။"
ရှဲ့ရှန်းက ခေါင်းညိတ် သဘောတူလိုက်၏။
"ပြီးတော့ ကျုပ်တို့ဆီက စာမေးပွဲအောင်သွားတဲ့ သတင်းထောက်တွေက အရင်လိုမျိုး ဆက်အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ကောင်းတာလုပ်ရင် အဆုံးထိ လုပ်ရမယ်။
အဲဒီလူတွေက အိမ်ပြန်ပြီး အောင်ပွဲခံနေကြပြီ။ သူတို့ ပြန်လာရင် ပေးရမယ့် အကျိုးခံစားခွင့်တွေကို နဂိုအတိုင်း ထားပေး။ စာကြည့်တိုက်၊ ထမင်းစားဆောင်တွေကို သူတို့အတွက် အခမဲ့ ဖွင့်ပေးထား။
တကယ်လို့ တစ်ယောက်ယောက်က ဆက်လုပ်ချင်သေးတယ်ဆိုရင် သူ့ကို လုပ်ခိုင်းလိုက်ပါ။ အချိန်အဆင်ပြေမယ့် အလုပ်မျိုး စီစဉ်ပေးတာ အကောင်းဆုံးပဲ။ သူတို့ရဲ့ ပညာရေးကို မထိခိုက်စေနဲ့။
ပြီးတော့ ရှန်ရီလေ။ သူက အခု ကျုပ်တို့ သတင်းစာတိုက်ရဲ့ ရွှေတံဆိပ်ဆုရှင်ပဲ။ သူလည်း အတူတူပဲ၊ အတင်းအကျပ် ဆွဲထားစရာ မလိုဘူး။ ဒါပေမဲ့ အားတဲ့အခါ ကျုပ်တို့ သတင်းစာတိုက်အတွက် ကြော်ငြာပေးနိုင်ရင် အကောင်းဆုံးပဲ။ အထူးအင်တာဗျူးလေး ဘာလေး လုပ်ခိုင်းလိုက်။ ဒီလောက်ပဲ .. သွားစီစဉ်လိုက်တော့။"
သတင်းစာတိုက် ကိစ္စများကို စီစဉ်ပြီးနောက် ဖန်ကျန်းရီက အသေအချာ စဉ်းစားလိုက်သည်။
ဒီအချိန်ဆိုရင် ... ဦးလေးသုံး ပြန်ရောက်လောက်ပြီ ထင်တယ် ...။