အခန်း ၃၇၃
Vol. 21 Ch. 373
အပိုင်း (၃၇၃) အတော်လေး တန်တယ်လို့ပဲ ပြောရမှာပေါ့>
စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပြီးပြီ ဖြစ်ရာ ကျန်းတုန်ရှန်းလည်း နန်းတော်သို့ ပြန်လည် ရောက်ရှိနေလောက် ပေပြီ။
သို့ပေမည့် ယမန်နေ့ ညီလာခံတွင် ကျန်းတုန်ရှန်းကို ဖန်ကျန်းရီ မတွေ့ခဲ့ရချေ။
စာမေးပွဲ ကြီးကြပ်သူ အဖြစ် တာဝန်ယူရခြင်းသည် အလွန် ပင်ပန်းနွမ်းနယ်လှရာ အိမ်တွင် အနားယူနေခြင်း ဖြစ်ပေလိမ့်မည်။
ရက်အနည်းငယ် အတွင်း စာစီစာကုံးပေါင်း မရေမတွက်နိုင်အောင် ဖတ်ရှုရခြင်း ဖြစ်သည်။ သာမန်လူ တစ်ယောက်ဆိုလျှင် ဤမျှလောက် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
သို့သော်ငြား နောက်တစ်နေ့ နံနက် ညီလာခံတွင်တော့ ကျန်းတုန်ရှန်းသည် ပုံမှန်အတိုင်း ပေါ်လာခဲ့၏။
သူ၏ အပြုအမူက အနည်းငယ် ထူးဆန်းနေသည်။
နန်းတော်သို့ ရောက်သည်နှင့် ဖန်ကျန်းရီထံသို့ အဆက်မပြတ် မျက်စေ့ပစ်နေတော့၏။
ဒီရက်ပိုင်းတွေက တကယ်ကို ပင်ပန်းလွန်းတယ်။ ရှင်းလင်းပြတ်သားတဲ့ ကမ္ဘာကြီးကို မြင်ဖူးသွားတော့ အခု ဝါးတားတား အမြင်အာရုံကို လုံးဝ မကျေနပ်နိုင်တော့ဘူး။
အထူးသဖြင့် ကော်ထျန်းယန်တောင် မျက်မှန် တပ်ထားတာကို မြင်လိုက်ရတော့ ကျန်းတုန်ရှန်းရဲ့ မျက်နှာကြီးက အရမ်းကို မသာမယာ ဖြစ်သွားတယ်။
ငါတောင် မတပ်ရသေးဘူး၊ မိန်းမစိုး တစ်ယောက်က အရင် တပ်သွားပြီလား။
ငါ့ဆီက အကျိုးအမြတ်တွေ အများကြီး ယူသွားပြီးတော့ ဆွေမျိုးဆိုတာ အလကားပဲလား။
ဖန်ကျန်းရီက သူ၏အမူအရာကို ကြည့်ပြီး ချက်ချင်း သဘောပေါက်သွား၏။ ညီလာခံ ပြီးဆုံးသည်နှင့် အမတ်များ၏ အံ့အားသင့်သော အကြည့်များအောက်တွင် သူတို့နှစ်ဦးသည် ခန်းမဆောင် အပေါက်ဝရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့ သွားကာ တီးတိုး စကားပြောနေကြသည်။
တိုင်လုံးအောက်တွင် ကျန်းတုန်ရှန်းက စိတ်မရှည်စွာ မေးလိုက်၏။ "ပစ္စည်းကော။"
"ဦးလေးသုံး ... ဘာလောနေတာလဲ။ အစားကောင်း စားရဖို့ အချိန်စောင့်ရမှာပေါ့။ ဒီတစ်ခါ ကျုပ် ယူလာတဲ့ ပစ္စည်းက အရင်တစ်ခါထက် အများကြီး ပိုကောင်းတယ်။ ခဏနေရင် ခင်ဗျား ... "
"စကားများမနေနဲ့။ မြန်မြန် လုပ်စမ်းပါ။"
ဖန်ကျန်းရီက မတတ်နိုင်ဘဲ ခေါင်းခါလိုက်ပြီး အင်္ကျီလက်ထဲမှ သစ်သားသေတ္တာ တစ်လုံးကို ထုတ်ယူ၍ ဖွင့်ပြလိုက်ရာ အထဲတွင် သေသပ်လှပသော မျက်မှန်တစ်စုံ ရှိနေသည်။
ငွေရောင် မျက်မှန်ကိုင်းနှင့် ကြည်လင်နေသော မှန်ဘီလူးများက ယခင် စမ်းသပ်စဉ်က မျက်မှန်နှင့် အတိအကျ တူညီ၏။
သို့ပေမည့် အထူး စီစဉ်ထားသော ဒီဇိုင်းလေးတစ်ခု ပါဝင်လာသည်။ မျက်မှန်ကိုင်း နှစ်ဖက်တွင် လည်ပင်း၌ ဆွဲထားနိုင်ရန် ငွေကြိုးလေး တစ်ချောင်း တပ်ဆင်ထားခြင်း ဖြစ်သည်။
ကျန်းတုန်ရှန်းမှာ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး မျက်မှန်ကို ယူကာ တပ်လိုက်၏။
ငွေကြိုးလေးက လည်ပင်းတွင် သဘာဝကျကျ တွဲကျသွားသည်။
"အင်း ... အင်း ... ကောင်းတယ်။ ဒါပဲ။ တစ်ရက်လောက်လေး တပ်လိုက်တာတောင် ဒါမရှိရင် မနေတတ်တော့ဘူး။"
"ဟုတ်တယ် မဟုတ်လား။"
"ဟုတ်တယ်။ မင်း ခုနက ဘာပြောမလို့လဲ။"
အဘိုးအို ပျော်ရွှင်နေသည်ကို ကြည့်ကာ ဖန်ကျန်းရီလည်း ပြုံးလိုက်၏။ "ခဏနေ ဝန်ကြီးအဖွဲ့ရုံးကို ပြန်ရောက်လို့ တခြားသူတွေက မေးလာရင် ငွေတုံး သုံးရာ ပေးဝယ်ရတယ်လို့ ပြောဖို့ မမေ့နဲ့နော်။"
ကျန်းတုန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ "နှစ်ရာ့ငါးဆယ် မဟုတ်ဘူးလား။"
"အရင်တစ်ခါက ဒီကြိုးလေး ပါလို့လား။"
"..."
"ပြီးတော့ နှစ်ရာ့ငါးဆယ် ဆိုတာက ဆွေမျိုးဈေးလေ။ ကျုပ် အမတ်ကြီးလီ နဲ့ အမတ်ကြီးကျိန့် တို့ကို တစ်ယောက် တစ်စုံစီ လက်ဆောင်ပေးလိုက်မယ်။ အပြင်မှာတော့ မပြောနဲ့နော်။ ဒီနေ့ နေ့လယ်ကျရင် ကျုပ်နဲ့ အိမ်ရှေ့စံက ဝန်ကြီးအဖွဲ့ရုံး အပေါက်ဝမှာ ဆိုင်လာဖွင့်မယ်။ ကြိုတင် အော်ဒါ လက်ခံမှာနော်။ နောက်ကျရင် မရဘူး။"
"သိပြီ။ မင်းလို ကောက်ကျစ်တဲ့ ကုန်သည် … အခု ဘာပုံစံ ပေါက်နေတာလဲ ကြည့်စမ်း။" ကျန်းတုန်ရှန်းက မျက်မှောင်ကြုတ်ကာ ဆဲဆိုရင်း ထွက်သွား၏။
ဝန်ကြီးအဖွဲ့ ရုံးခန်းပေါက်ဝသို့ ရောက်သောအခါ ကျန်းတုန်ရှန်းက အရာရှိ ဝတ်စုံကို သေချာ ပြင်ဝတ်လိုက်ပြီး မျက်မှန်ကို ချွတ်ကာ ရင်ဘတ်တွင် ချိတ်ထားလိုက်သည်။
မျက်နှာတွင် အေးချမ်းသော အပြုံးတစ်ခုကို ဆင်မြန်းကာ ရုံးခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွား၏။
လူဆိုတာ အသက်ကြီးလာရင်လည်း ကြွားဝါချင်တဲ့ စိတ်က ပေါ်လာတတ်တာပါပဲ။
မျက်မှန်လိုမျိုး ရတနာလေးကို လူတိုင်းရဲ့ ရှေ့မှာ သူ သေချာ ကြွားချင်နေတယ်။
သူ ရောက်လာချိန်က အနည်းငယ် နောက်ကျနေပြီ ဖြစ်ရာ ရုံးခန်းထဲရှိ လူအများစုမှာ သတင်းစာများကို ကိုင်ကာ အသေအချာ ဖတ်ရှုနေကြပြီ ဖြစ်သည်။
သူ ဝင်လာသည်ကို လူနည်းနည်းသာ သတိထားမိကြ၏။
ထိုအခါ ကျန်းတုန်ရှန်းက ချောင်းနှစ်ချက် ဟန့်လိုက်သည်။
"အဟမ့် ... အဟမ့်။"
သတင်းစာ ဖတ်နေကြသော လူအားလုံးက လက်ထဲမှ သတင်းစာများကို ချထားလိုက်ပြီး ကျန်းတုန်ရှန်းကို ကြည့်လိုက်ကြ၏။
ကျန်းတုန်ရှန်းကတော့ ဘာမှ မဖြစ်သကဲ့သို့ ရင်ဘတ်မှ မျက်မှန်ကို ယူကာ သတိထား၍ တပ်လိုက်သည်။
ဤအခိုက်အတန့်တွင် လူတိုင်း အံ့အားသင့်သွားကြ၏။
လီယန်စုန်က အံ့အားသင့်စွာ မေးလိုက်သည်။ "မိန်းမစိုးတွေ သုံးတဲ့ ပစ္စည်းကို ခင်ဗျား ဘာလို့ သုံးနေတာလဲ။"
"…….."
ကျန်းတုန်ရှန်း၏ နဖူးမှ ချွေးစေးများ ကျဆင်းလာခဲ့၏။
မိန်းမစိုးသုံးတဲ့ ပစ္စည်းလား။ မိန်းမစိုး သီးသန့် ဆိုတာမျိုး ရှိသေးလို့လား။ မိန်းမစိုးက ထမင်းစားတယ် ဆိုရင် ငါက ထမင်းစားလို့ မရတော့ဘူးလား။
"အမတ်ကြီးလီ ... ဒါက ဘာအဓိပ္ပာယ်လဲ။ ဘယ်လိုလုပ် မိန်းမစိုး သုံးတဲ့ ပစ္စည်း ဖြစ်သွားရတာလဲ။"
လီယန်စုန်၏ မျက်နှာမှာ ရှုံ့မဲ့သွား၏။ "ဒါက ဘာပစ္စည်းလဲ။ နန်းတော်ထဲမှာ ကော်ပန်ပန် တစ်ယောက်ပဲ ဒါကို သုံးနေတာ တွေ့ဖူးတယ်။ ဒါက မိန်းမစိုး သီးသန့် မဟုတ်ဘူးလား။"
ယခုရက်ပိုင်းအတွင်း ကော်ထျန်းယန်၏ မျက်နှာထက်၌ တပ်ဆင်ထားသော ထိုထူးဆန်းသည့် ပစ္စည်းမှာ မည်သို့အသုံးပြုရသနည်းဟု လူအများက ခန့်မှန်းတွေးတောနေခဲ့ကြသည်။
အဆုံးတွင်မူ အားလုံးက ဤသို့ ကောက်ချက်ချလိုက်ကြသည်။
၎င်းမှာ မိန်းမစိုးများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ်ရပ်ကြောင့် ထူးခြားဆန်းပြားသော အလှဆင်ပစ္စည်းတစ်ခုကို ဖန်တီး၍ ဝင့်ကြွားလိုခြင်းသာ ဖြစ်တန်ရာသည်ဟူ၍ပင်။
ယင်းသို့ အထင်အမြင် လွဲမှားရခြင်းတွင် အကြောင်းရင်း နှစ်ရပ် ရှိသည်။ ပထမအချက်မှာ လူတိုင်းသည် ဖန်ကျန်းရီ မဟုတ်ကြသဖြင့် ထိုမိန်းမစိုးထံ သွားရောက်မေးမြန်းရန် မရဲဝံ့ကြခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ အရှင်မင်းကြီးကိုယ်တိုင်က ခွင့်ပြုထားသည့်ဟန် ရှိနေသောကြောင့် အားလုံးက ဤအရာကို မိန်းမစိုးများသာ သုံးစွဲသည့် သီးသန့်ပစ္စည်းတစ်ခုအဖြစ် မှတ်ယူလိုက်ကြခြင်း ဖြစ်၏။
သို့ရာတွင် ယခုအခါ အမတ်ကြီးကျန်း ကိုယ်တိုင်ပင်လျှင် တပ်ဆင်လာပြီဖြစ်ရာ ဤပစ္စည်း၌ အခြားသော အသုံးဝင်မည့် အကြောင်းကိစ္စ တစ်ရပ်ရပ် ကျိန်းသေပေါက် ရှိနေရပေမည်။
ကျန်းတုန်ရှန်းက ဟွန်းခနဲ အသံပြုလိုက်ပြီး အင်္ကျီလက်ကို ခါလိုက်၏။
"ဒီပစ္စည်းကို မျက်မှန်လို့ ခေါ်တယ်။ ကျန်းမာရေးအတွက် ရတနာ တစ်ခုပဲ။ ဒါကို တပ်ထားရင် အသည်းအားကောင်းစေပြီး မျက်စိအားကောင်းစေတယ်။"
ဤစကားကို ကြားသောအခါ လူတိုင်း ထပ်မံ အံ့အားသင့်သွားကြပြန်၏။
ဘာကြီး …. တပ်ထားရုံနဲ့တင် အသည်းအားကောင်းစေပြီး မျက်စိအားကောင်းစေတယ်၊ ပြီးတော့ ကျန်းမာရေး ရတနာ ဟုတ်လား။
ဤအကြောင်းအရာကို စတင်ပြောဆိုလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးမှာ စိတ်ဝင်တစား ရှိသွားကြသည်။
ပုံမှန်အချိန်များတွင် စကားစမြည် ပြောဆိုကြရာ၌ နိုင်ငံရေး ကိစ္စရပ်များအပြင် ကျန်းမာရေးနှင့် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အကြောင်းအရာများကိုပါ အဓိကထား ပြောဆိုလေ့ရှိကြ၏။
လူမှုဘဝများ အဆင်ပြေချောမွေ့နေပြီ ဖြစ်သောကြောင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝကို တောင့်တလိုလားကြခြင်းမှာ သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် အဘိုးအိုများမှာမူ ကျန်းမာရေးဟူသော စကားရပ်ကို ကြားရသည်နှင့်ပင် မိမိကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်တော့လောက်အောင် စိတ်အားထက်သန်သွားကြလေတော့၏။
လူအနည်းငယ်က လက်ထဲမှ သတင်းစာများကို ချက်ချင်း ချထားလိုက်ပြီး ကျန်းတုန်ရှန်း အနားသို့ အမြန် လျှောက်သွားကာ စူးစမ်းလေ့လာကြသည်။
အစကတော့ ကျန်းတုန်ရှန်းက ဂုဏ်ယူနေသေးသော်လည်း လူတိုင်း၏ လက်ညှိုးထိုး ဝေဖန်မှုများကို ခံရသောအခါ မကြာမီမှာပင် အနေခက်လာတော့သည်။ ထို့ကြောင့် လည်ပင်းတွင် ချိတ်ထားသော ကြိုးနှင့် မျက်မှန်ကို ချွတ်လိုက်ပြီး မတတ်နိုင်စွာဖြင့် ပြောလိုက်၏။ "ကြည့်ကြလေ။"
လီယန်စုန်က မျက်မှန်ကို ယူကာ လက်ထဲတွင် လှည့်ပတ်ကစားနေပြီး ကျန်းတုန်ရှန်းက အောက်မှ လက်ဖြင့် ခံထားပေးလိုက်သည်။ ပါးစပ်မှလည်း အဆက်မပြတ် ပြောနေမိသည်။ "သတိထား ... သတိထား ... မကွဲသွားစေနဲ့ ... "
လီယန်စုန်က အထင်သေးစွာ ကြည့်လိုက်သည်။ "အသက်ကြီးနေပြီကို ဒီလောက် ကပ်စေးနှဲတယ်။ ကျုပ် စမ်းကြည့်မယ်။"
ထိုသို့ပြောပြီးနောက် မျက်မှန်ကို မျက်နှာပေါ် တပ်လိုက်၏။
တပ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး ကြောင်အမ်းသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
"မျက်စိ ရှင်းသွားပြီ။ တကယ်ကို အသည်းအားကောင်းပြီး မျက်စိအားကောင်းတာပဲ။ ဒီအကျိုးသက်ရောက်မှုက ဒီလောက် မြန်မြန်ဆန်ဆန် သိသာတာလား။"
ထိုစကားကို ကြားသောအခါ ဝိုင်းကြည့်နေသူများ ရုတ်တရက် စိတ်လှုပ်ရှားသွားကြ၏။
တကယ့် ရတနာကောင်း ဖြစ်နေတာပဲ။ လိမ်တာ မဟုတ်ဘူး။
ကျန်းတုန်ရှန်းက ဂုဏ်ယူစွာ မေးလိုက်သည်။ "ဘယ်လိုလဲ။ ဘယ်လိုလဲ။"
လီယန်စုန်က ခေါင်းဆက်တိုက် ညိတ်လိုက်၏။ "ကောင်းတယ်။ ကောင်းတယ်။"
ဘေးနားရှိ ကျိန့်ချောင်မှာ သရေကျမတတ် ဖြစ်နေပြီး အကြိမ်ကြိမ် လက်လှမ်းရန် ပြင်သော်လည်း ပယ်ချခံရသဖြင့် ပါးစပ်မှ တိုးတိုးလေး ခေါ်နေမိသည်။ "အမတ်ကြီးလီ ... အမတ်ကြီးလီ ... ကျုပ်ကိုလည်း စမ်းကြည့်ခွင့် ပေးပါအုံး။"
သူ့မျက်စိကလည်း ရောဂါဟောင်း ရှိနေပြီး သေချာ မမြင်ရပေ။
လူငယ်ဘဝတုန်းက ဆီမီးခွက်ဖိုး ချွေတာချင်သောကြောင့် မီးမထွန်းခဲ့ပေ။ ယခုအချိန်မှာတော့ အမြင်အာရုံတွေက အလွန်ဆိုးရွားလာခဲ့သည်။ ယခုလို ရတနာမျိုးကို အဘယ်သို့ စိတ်မဝင်စားဘဲ နေမည်နည်း။
တစ်ပတ်လောက် လှည့်ကြည့်ပြီးနောက် လီယန်စုန်က နှမြောတသစွာဖြင့် မျက်မှန်ကို ချွတ်လိုက်ပြီး ကျိန့်ချောင် ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ကျိန့်ချောင်က အလောတကြီး တပ်လိုက်ပြီး တပ်လိုက်သည်နှင့် ချက်ချင်း ပြန်ချွတ်လိုက်ကာ စိတ်ပျက်စွာ ပြောလိုက်၏။ "မရဘူး။ အကျိုးသက်ရောက်မှုက ထူးဆန်းပေမဲ့ ကျုပ်ကတော့ အရမ်း ခေါင်းမူးနေတယ်။ ကြည့်ရတာ ကျုပ်နဲ့ ဒီရတနာက ရေစက်မပါဘူး ထင်တယ် ... "
ကျန်းတုန်ရှန်းကလည်း ယခုအခါ အခြားသူများကို ထပ်မစမ်းသပ်ခိုင်းချင်တော့သဖြင့် မျက်မှန်ကို အမြန် ပြန်လုယူကာ မျက်နှာပေါ် တပ်လိုက်ပြီး အတွေ့အကြုံရှိသူ တစ်ယောက်လို ပြောလိုက်သည်။
"ဟေး။ ခင်ဗျား နားမလည်ပါဘူး။ ဒီပစ္စည်းက ကြိုမှာဖို့ လိုတယ်။ ဆေးသောက်သလိုပဲ၊ လူတစ်ယောက်ကို ဆေးတစ်မျိုးစီပေါ့။ ကျုပ်ဟာက ခင်ဗျားနဲ့ မကိုက်ညီလို့ပါ။ မျက်မှန် မကောင်းလို့ မဟုတ်ပါဘူး။ ခင်ဗျားအတွက် အသစ်တစ်စုံ သွားလုပ်လိုက်ရင် ရပြီ။"
လူတိုင်းက ကျန်းတုန်ရှန်းကို သနားစရာ မျက်လုံးများဖြင့် ကြည့်နေကြပြီး ကျိန့်ချောင်၏ ရင်ထဲတွင်လည်း မျှော်လင့်ချက် ပြန်လည် တောက်လောင်လာခဲ့၏။
"ဒါဆို ... ဘယ်နေရာမှာ ဝယ်လို့ရမလဲ။"
ကျန်းတုန်ရှန်းက လက်ကာပြလိုက်သည်။ "ဘယ်မှာ ဝယ်ရမလဲ ဆိုတာကို အရင်မပြောနဲ့အုံး။ ကျုပ်တို့ ဒီပစ္စည်းရဲ့ ဈေးနှုန်းကို အရင် ပြောကြရအောင်။ ကိုယ့်အခြေအနေကိုယ် ကြည့်ကြပေါ့။"
"ဘယ်လောက်လဲ။" လူတိုင်းက စိုးရိမ်တကြီး မေးလိုက်ကြ၏။
ဒီလောက် အံ့ဩစရာကောင်းတဲ့ ပစ္စည်းက သေချာပေါက် ဈေးပေါမှာ မဟုတ်ဘူး။ ငွေတုံး ဆယ်ဂဏန်းလောက်တော့ ရှိမှာပဲ။
အဲဒီ သလင်းကျောက်ပြား နှစ်ချပ်က သာမန်မှ မဟုတ်တာ။
"ငွေတုံး သုံးရာ။" ကျန်းတုန်ရှန်းက လက်ချောင်း သုံးချောင်း ထောင်ပြလိုက်သည်။
"ငွေတုံး သုံးရာက ဒီလောက် ပေါ့ပါးတဲ့ ပစ္စည်းလေး တစ်ခုအတွက်လား။ ဒါက အရမ်း ဈေးများလွန်းတယ်။ အမတ်ကြီးကျန်း ဘယ်က ဝယ်လာတာလဲ။ အလိမ်ခံရတာတော့ မဟုတ်ပါဘူးနော်။ ကျုပ် အဲဒီ ကောက်ကျစ်တဲ့ ကုန်သည်ဆီ သွားပြီး ရှင်းလိုက်မယ်။" လူတစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်၏။
"ဖန်ကျန်းရီ ရောင်းတာလေ။ ဒီနေ့ နေ့လယ်ကျရင် ရုံးခန်း အပေါက်ဝမှာ ဆိုင်လာဖွင့်ပြီး လူတိုင်းအတွက် မျက်မှန် စမ်းသပ်ပေးမယ်လို့ ပြောတယ်။ အဲဒီအချိန်ကျရင် ကြိုတင်မှာလို့ ရတယ်။"
လီယန်စုန်နှင့် ကျိန့်ချောင်တို့ နှစ်ဦးစလုံးက ခေါင်းယမ်းလိုက်ကြသည်။
"မသွားဘူး။ မသွားဘူး။ ဒါက သိုးလေးတွေလို အလှီးခံရဖို့ မဟုတ်ဘူးလား။"
ကျန်းတုန်ရှန်းက သူတို့နှစ်ဦး၏ အင်္ကျီလက်များကို အမြန် ဆွဲယူကာ တီးတိုးပြောလိုက်၏။ "ဖန်ကျန်းရီက ခင်ဗျားတို့ နှစ်ယောက်ကို တစ်ယောက် တစ်စုံစီ လက်ဆောင်ပေးမယ်လို့ ပြောတယ်။"
ဤတစ်ကြိမ်တော့ အဘိုးကြီး နှစ်ယောက် ချက်ချင်း ပျော်ရွှင်သွားကြသည်။
လီယန်စုန်က မုတ်ဆိတ်ကို ပွတ်သပ်ကာ အနည်းငယ် ပြုံးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ... သေချာ စဉ်းစားကြည့်တော့ ဒီပစ္စည်းရဲ့ အကျိုးသက်ရောက်မှုက တကယ်ကို အံ့ဩစရာပဲ။ ငွေတုံး သုံးရာနဲ့ မျက်လုံးကောင်း တစ်စုံ ရမယ်ဆိုတော့ တန်တယ်လို့ပဲ ပြောရမှာပေါ့။"
ကျိန့်ချောင်ကလည်း အဆက်မပြတ် ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ အတော်လေး တန်တယ်လို့ပဲ ပြောရမှာပေါ့။ ဟင်းဟင်း…"