← Chapters

အခန်း ၃၇၄

Vol. 21 Ch. 374

အခန်း ၃၇၄

Vol. 21 Ch. 374

အပိုင်း (၃၇၄) အားတိုးဆေး မျက်မှန်။

ငွေတုံး သုံးရာဆိုသည်မှာ သူတို့နှစ်ဦးအတွက် ဈေးမကြီးလှပေ။

သို့ပေမည့် အလကား ရခြင်းကတော့ တကယ်ကို ကျေနပ်စရာ ကောင်းလှသည်။

အလကားရမည်ဟု ကြားသောအခါ အမတ်ကြီးနှစ်ဦးလုံးသည် နည်းနည်းမှ တွေဝေခြင်း မရှိဘဲ ကြော်ငြာ ဝင်ပေးလိုက်ကြ၏။

သူတို့နှစ်ဦး၏ စကားကို ကြားသောအခါ အခြားသူများလည်း စဉ်းစားလာကြသည်။

ကျန်းတုန်ရှန်း ပြောသလို အကျိုးသက်ရောက်မှုက တကယ် အံ့ဩစရာ ကောင်းနေလျှင် ငွေတုံး သုံးရာဆိုတာ တကယ် မများပေ။

သို့ပေမည့် ယခု ကိုယ်တိုင် မစမ်းသပ်ရသေးသဖြင့် နေ့လယ်ရောက်မှသာ ဆက်ကြည့်ရပေမည်။

...

အချိန်မှာ နေ့လယ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ။

လီယွမ်ကျောက်သည် မိန်းမစိုးငယ် အနည်းငယ်ကို ဦးဆောင်ကာ စားပွဲ၊ ကုလားထိုင်များ သယ်ဆောင်လျက် ဝန်ကြီးအဖွဲ့ ရုံးခန်းပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။

စားပွဲ၊ ကုလားထိုင်များ ချထားပြီးနောက် ဖန်ကျန်းရီက စားပွဲပေါ်တွင် စက္ကူနှင့် စုတ်တံများကို အဆင်သင့် ပြင်ထားလိုက်ပြီး အလင်းတိုင်းတာရန် အသုံးပြုသော မှန်ဘီလူးသေတ္တာကို စားပွဲပေါ် တင်လိုက်၏။

သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် နံပါတ်စဉ်တပ်ထားသော မှန်ဘီလူးတန်းများ အစီအရီ ပေါ်ထွက်လာသည်။

အဆင်သင့်ဖြစ်ပြီ။

ထို့နောက် ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဧည့်သည်များ လာရောက်မည့် အချိန်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေကြ၏။

ဤပစ္စည်းကို ဝန်ကြီးအဖွဲ့အတွင်း၌ ဦးစွာပထမ အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်မည်ဆိုပါက ကျန်ရှိနေသူများမှာလည်း အလိုအလျောက် လာရောက်ဝယ်ယူကြမည်မှာ အသေအချာပင်။

တံခါးစောင့်ဖြစ်သူက အထဲသို့ဝင်၍ သတင်းပေးပို့ပြီးဖြစ်ရာ ယခုအချိန်တွင် သူကိုယ်တိုင် ဝင်သွားရန် မလိုအပ်တော့ပေ။

သူ ထင်ထားသည့်အတိုင်းပင် မကြာမီမှာ လီယန်စုန်က အရင် ထွက်လာခဲ့သည်။

ဖန်ကျန်းရီကို မြင်သောအခါ ဟွန်းခနဲ တစ်ချက် အသံပြုလိုက်ပြီး မလိုလားသော အမူအရာဖြင့် လျှောက်လာ၏။

ဘာပဲဖြစ်ဖြစ် မျက်မှန်ဆိုတဲ့ ပစ္စည်းက တကယ်ကို ကောင်းတာပဲ။ ဖန်ကျန်းရီကို သဘောမကျပေမဲ့ တွက်ကပ်နေလို့ မဖြစ်ဘူး။

လီယန်စုန် ထွက်လာပြီးနောက် ဝန်ကြီးအဖွဲ့မှ လူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။

ခဏအတွင်းမှာပဲ ယာယီ ဆိုင်ခန်းလေးသည် လူများဖြင့် ပြည့်နှက်သွားခဲ့၏။

လူတိုင်း လီယွမ်ကျောက်ကို အရင် အရိုအသေပေးလိုက်ကြပြီးနောက် လီယန်စုန်က မျက်နှာသေဖြင့် ဖန်ကျန်းရီကို ကြည့်ကာ မေးလိုက်သည်။ "မျက်မှန် ရောင်းမလို့လား။"

"မှားတယ်။ ရောင်းတာ မဟုတ်ဘူး။ အလှူငွေ ရှာတာပါ။ ဒီနေ့ မျက်မှန်ရောင်းလို့ ရတဲ့ ငွေတွေကို ဆင်းရဲသား ပြည်သူတွေအတွက် လှူဒါန်းသွားမှာပါ။

အမတ်ကြီးလီ ... ကျုပ်ကို မတရား မစွပ်စွဲပါနဲ့။ နန်းတော်ထဲမှာ အရောင်းအဝယ် လုပ်တာက တရားဥပဒေနဲ့ မညီဘူးလေ။ ကျုပ်တို့က ဒီလို ငွေမက်တဲ့ အလုပ်မျိုး လုံးဝ မလုပ်နိုင်ပါဘူး။" ဖန်ကျန်းရီက ပြုံးလျက် မတ်တပ်ရပ်ကာ ပြောလိုက်၏။

နန်းတော်ထဲတွင် တိုက်ရိုက် အရောင်းအဝယ် လုပ်ခြင်းက ဝေဖန်ခံရမည်မှာ သေချာသည်။

အလှူငွေရှာသည် ဟူသော အမည်ခံထားလျှင် ပြဿနာများစွာကို ရှောင်လွှဲနိုင်ပေမည်။

ထင်ထားသည့်အတိုင်းပင် ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာ အနည်းငယ် ကြည်လင်သွားကြသည်။

လူတိုင်းက ကုန်သည်များကို အထင်သေးကြပြီး ပစ္စည်းဝယ်ရခြင်းကို ရှက်စရာဟု ထင်ကာ နေရခက်သကဲ့သို့ပင် ခံစားရသည်။ ယခု ဤအလှူငွေရှာသည် ဆိုသော စကားက နားထောင်ရ အလွန် ကောင်းသွားပြီ မဟုတ်ပါလား။

"အလှူငွေရှာတာ။ နားထောင်လို့ ကောင်းတယ်။ ကျုပ်တော့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ ဒါပေမဲ့ ရောင်းရတဲ့ ငွေတွေကို ပြည်သူတွေအတွက် လှူဒါန်းမယ်ဆိုရင် ဘယ်သူက လှူတယ်လို့ ပြောမှာလဲ။"

လီယွမ်ကျောက်က မတ်တပ်ရပ်လိုက်၏။ "ဒါ မေးနေစရာ လိုသေးလို့လား။ ကျုပ်နဲ့ ဖန်ကြီး ပေါ့။"

"..."

လီယန်စုန်က မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

ယခုအခါတွင် သူတို့နှစ်ဦး၏ အရှက်အကြောက် ကင်းမဲ့လှသော အမူအကျင့်များမှာ တစ်သဝေမတိမ်း တူညီနေကြလေပြီ။ သူတစ်ပါး၏ ငွေကြေးကို အသုံးပြု၍ ကောင်းကျိုးဆောင်ရွက်နေပါလျက်နှင့် မိမိကိုယ်တိုင်ကပင် ကြီးစွာသော အနစ်နာခံမှုကို ပြုလုပ်နေရသကဲ့သို့ ဟန်ဆောင်နေကြခြင်းပင်။ သောက်ကျိုးနည်းလှပေစွ။

သို့ပေမည့် ယနေ့ အဓိက လာရခြင်းမှာ မျက်မှန်အတွက် ဖြစ်သဖြင့် အခြားကိစ္စများကို ထည့်မပြောတော့ပေ။

"ဒီမျက်မှန်က ဆေးဖော်သလိုပဲ၊ လူတစ်ယောက်ကို တစ်စုံစီ သီးသန့် လုပ်ရတယ်လို့ ကြားတယ်။ ကျုပ်လည်း မျက်မှန် တစ်စုံ လုပ်ချင်တယ်။"

ဖန်ကျန်းရီက ပြုံးရွှင်စွာ ပြောလိုက်၏။ "မှန်ပါတယ်။ သီးသန့် လုပ်ပေးရတာပါ။ ဒီနေ့ အားလုံးပဲ ဒီမှာ လာပြီး မျက်မှန် စမ်းသပ်လို့ ရပါတယ်။ ဝယ်တာ မဝယ်တာ ကိစ္စမရှိပါဘူး။ အလကား စမ်းသပ်ပေးပါမယ်။

ဒါပေမဲ့ ကျုပ် အရင် ကြိုပြောထားမယ်နော်။ ဒီမျက်မှန်က ငွေတုံး သုံးရာပါ။ အားလုံးပဲ ကိုယ့်အခြေအနေကိုယ် ကြည့်ပြီး ဝယ်ကြပါ။"

လူတိုင်းက မျက်မှန်ဈေးနှုန်းမှာ ငွေတုံး သုံးရာ ဖြစ်ကြောင်း အစောကြီးတည်းက သိထားသော်လည်း ဖန်ကျန်းရီ ကိုယ်တိုင် ပြောလိုက်သောအခါ လည်လှီးခံရသကဲ့သို့ ခံစားလိုက်ရဆဲပင်။

ထိုနေရာမှာပဲ လူတစ်ယောက်က ကန့်ကွက်လာ၏။ "အမတ်ဖန် … ခင်ဗျားရဲ့ မျက်မှန်က ရွှေနဲ့ လုပ်ထားရင်တောင် ဒီလောက်ဈေး မကြီးနိုင်ဘူးနော်။ အလှူငွေရှာတယ် ဆိုပေမဲ့ ဒီဈေးနှုန်းကတော့ လွန်လွန်းပါတယ်။"

လူတိုင်းက ဝိုင်းဝန်း ထောက်ခံလာကြပြီး ဈေးဆစ်ရန် ကြိုးစားနေကြသည်။

လီယန်စုန်နှင့် ကျိန့်ချောင်တို့ကတော့ ဘာမှ မပြောကြချေ။

ဖန်ကျန်းရီက သူတို့ကို အလကားပေးမည်ဟု ဆိုသော်လည်း ငွေတုံး သုံးရာဆိုသည်မှာ တကယ်ကို ခေါင်းပုံဖြတ်သည်ဟု သံသယဝင်စရာပင်။

ဤမြင်ကွင်းအတွက် ဖန်ကျန်းရီက အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။

အဘိုးကြီးများကို အားတိုးဆေး ရောင်းသကဲ့သို့ပင်။ အဘိုးကြီး အဘွားကြီးများက အလွန် သဘောကျသော်လည်း ဈေးဆစ်ရန်တော့ ကြိုးစားတတ်ကြသည်။

သို့ပေသူည့် တို့အား အားတိုးဆေး၏ အသုံးဝင်ပုံကို သေချာ သိရှိနားလည်သွားပါက နောက်ပိုင်းတွင် အလွန် လွယ်ကူသွားတတ်သည်။

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ .. အားလုံးပဲ ငြိမ်ကြပါအုံး။ ကျုပ်ပြောတာ နားထောင်ပါ။ မျက်မှန်ရဲ့ ကုန်ကျစရိတ်က သိပ်မများဘူးလို့ ထင်ရပေမဲ့ မျက်မှန်ပေါ်မှာ ပါတဲ့ အရာတွေက အရမ်း တန်ဖိုးကြီးပါတယ်။ အမြင်အာရုံကို ရှင်းလင်းစေရုံသာမက အသည်းအားကောင်းပြီး မျက်စိအားကောင်းစေတယ်၊ ကျောက်ကပ်အားကောင်းပြီး အားတိုးစေတယ်။"

အားတိုးတယ်။

မျက်မှန် တပ်တာကလည်း အားတိုးစေတယ် ဟုတ်လား။

လီယွမ်ကျောက်က ဖန်ကျန်းရီကို ကြောင်တောင်တောင် ကြည့်နေမိသည်။

ဖန်ကြီး … ဘယ်လိုလုပ် အလိမ်အညာ စကားတွေကို လွယ်လွယ်ကူကူ ပြောထွက်နေရတာလဲ။ အရင်က သူ ငါ့ကို သင်ပေးတုန်းက အားတိုးတယ်ဆိုတာ မပါဘူးလေ။

အသက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်း လူတစ်စုက ဆူညံသွားကြတော့၏။

"အားတိုးတယ် ဟုတ်လား။ ခင်ဗျား လျှောက်ပြောနေတာပဲ။ နည်းနည်း ဈေးကြီးတာ ကိစ္စမရှိပေမဲ့ ငါတို့ကို အရူးလို့ မထင်နဲ့နော်။

ဒီလောက် ပေါ့ပါးတဲ့ ပစ္စည်းလေးက မင်းပြောတဲ့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတိုင်း ရှိရမှာလား။ တကယ်လို့ အသုံးမဝင်ရင် ပြန်အမ်းပေးမှာလား။"

...

ဖန်ကျန်းရီက လက်ကို ဆက်တိုက် ဝှေ့ယမ်းပြလိုက်သည်။ "မလောပါနဲ့။ မလောပါနဲ့။ ကျုပ်ပြောတာ နားထောင်ပါ။"

ထို့နောက် ကျန်းတုန်ရှန်း ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

သူက မျက်မှန် ရထားပြီဖြစ်ရာ စပ်စုချင်စိတ် အလွန် လျော့နည်းနေပြီး လူအုပ်၏ အပြင်ဘက်တွင်သာ ရပ်နေသည်။

"အမတ်ကြီးကျန်း ... ကျေးဇူးပြုပြီး မျက်မှန်ကို ချွတ်လိုက်ပါ။"

ကျန်းတုန်ရှန်းမှာ အခြေအနေကို နားမလည်သော်လည်း ရိုးသားစွာဖြင့် မျက်မှန်ကို ချွတ်လိုက်၏။

ထို့နောက် ဖန်ကျန်းရီက အသံကို အနည်းငယ် လျှော့ချလိုက်သည်။ "အမတ်ကြီးကျန်း ... မျက်မှန် တပ်ပြီးတဲ့နောက် ဘယ်လို ခံစားရလဲ။"

ကျန်းတုန်ရှန်းက ခေါင်းကို ကုတ်ကာ ဖန်ကျန်းရီ၏ ဝါးတားတား မျက်နှာကို ကြည့်ပြီး မျက်လုံးကို မှေးကာ မေးလိုက်၏။ "မင်း ဘာပြောလိုက်တာလဲ။ ငါ မျက်မှန် မတပ်ထားတော့ မကြားရဘူး။"

"တွေ့လား။"

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်က တွန့်ညွှန့်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "တွေ့ကြလား။ ဒီမျက်မှန်က အသည်းအားကောင်းပြီး မျက်စိအားကောင်းစေရုံသာမက အကြားအာရုံကိုပါ တိုးတက်စေတယ်။

အားလုံး သိကြတဲ့အတိုင်း ကျောက်ကပ်အားနည်းရင် နားလေး၊ နားအူ ဖြစ်တတ်တယ်။ ကျောက်ကပ်ဆိုတာ ရေဓာတ်ကို အဓိက ထိန်းချုပ်ပြီး ကလီစာငါးခု၊ အင်္ဂါခြောက်ခုရဲ့ အဆီအနှစ်တွေကို လက်ခံ သိမ်းဆည်း ထားတာပါ။

မှန်ဘီလူးကို ထိပ်တန်း သလင်းကျောက်နဲ့ လုပ်ထားတာ။ အဲဒီအပြင် အကြောမှတ်တွေကိုပါ လှုံ့ဆော် ပေးသေးတယ်ဆိုတော့ နေ့တိုင်း တပ်ထားရင် ... ကျောက်ကပ်အားကောင်းပြီး အားတိုးစေတယ် … ကဲ … ယုတ္တိမရှိဘူးလား။"

ထိုစကားကို ကြားသောအခါ လူတိုင်း၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာတော့၏။

ယုတ္တိရှိတယ်။ အရမ်း ယုတ္တိရှိတာပဲ။

အကြောင်းပြချက် အားလုံးက ကိုက်ညီနေတယ်။ အရေးအကြီးဆုံးက အမတ်ကြီးကျန်းက ရာထူးကြီးမားတဲ့ သူတစ်ယောက်ဆိုတော့ ဖန်ကျန်းရီကို ကူညီပြီး လိမ်ညာပေးဖို့ အကြောင်းမရှိဘူး။

သူ မျက်မှန် ချွတ်လိုက်တာနဲ့ မကြားရတော့ဘူး ဆိုတည်းက ဒီပစ္စည်းရဲ့ အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုကို သိနိုင်ပြီ။

ဒီရတနာက အမြင်အာရုံကို တိုးတက်စေရုံသာမက အကြားအာရုံကိုပါ တိုးတက်စေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ကျန်းတုန်ရှန်းက မျက်မှန်ကို ပြန်တပ်လိုက်ပြီး ဖန်ကျန်းရီ အဆက်မပြတ် လိမ်ညာနေသည်ကို နားထောင်ရင်း စိတ်ထဲတွင် အကြောင်းပြချက် မရှိ အံ့အားသင့် ဝမ်းသာသွားမိ၏။

ဟိုက် ... ခုနက မျက်မှန် ချွတ်လိုက်တော့ သေချာ မကြားရဘူးဆိုတာ တကယ်ပဲ။ ဒီလို အံ့ဩစရာကောင်းတဲ့ လုပ်ဆောင်ချက် ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုဆိုရင်တော့ ... ငွေတုံး သုံးရာက တကယ် မများပါဘူး။ ခဏနေ နောက်ထပ် တစ်စုံ ဝယ်လိုက်အုံးမယ်။

လူများ၏ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ကာ ဖန်ကျန်းရီက ပြုံးနေမိ၏။

အကြားအာရုံနှင့် အမြင်အာရုံတို့သည် အမှန်တကယ်တော့ များစွာ ဆက်စပ်နေသည်။ လူအချင်းချင်း စကား ပြောဆိုရာတွင် အမြင်အာရုံက တစ်ဖက်လူ၏ မျက်နှာ တြိဂံဧရိယာတွင် ကျရောက်လေ့ရှိသည်။ အသံအပြင် မျက်နှာအမူအရာကလည်း သတင်းအချက်အလက် တစ်စိတ်တစ်ပိုင်းကို ပေးပို့နိုင်သည်။ လူ၏ မျက်နှာကို သေချာ မမြင်ရလျှင် သေချာ မကြားရဘူးဟု ထင်ယောင်ထင်မှား ဖြစ်တတ်သည်။

မျက်မှန် တပ်လိုက်ခြင်းက အကြားအာရုံကို တစ်စိတ်တစ်ပိုင်း တိုးတက်စေသည်ဟု ပြောနိုင်သည်။ ထိုအရာက အလွန် သိပ္ပံနည်းကျ၏။

(မျက်နှာတြိဂံ တည်နေရာ ဆိုသည်မှာ မျက်လုံး နှစ်လုံးနှင့် ပါးစပ်ပေါက် နေရာအား မျဉ်းဆက်ဆွဲလိုက်လျှင် ပေါ်လာသော နေရာကို ဆိုလိုသည်။ လူတွေသည် တစ်ယောက် နှင့် တစ်ယောက် ပြောဆို ဆက်ဆံရာတွင် ထိုနေရာကို ကြည့်၍ ပြောဆိုတတ်ကြသည်။ ပါးစပ်မှ ပြောသည်ကို နားထောင်သည့်အပြင် မျက်လုံးကို ကြည့်၍လည်း အဓိပ္ပာယ်ဖော်တတ်သည်။ effective communication ကို လေ့လာကြည့်ပါက စိတ်ဝင်စားစရာ ကောင်းသည်ကို သိရှိပေလိမ့်မည်။ - ဘာသာပြန်သူ)

"ကောင်းပြီ။ အားလုံးပဲ သံသယ မရှိကြတော့ဘူး မဟုတ်လား။ အခုပဲ စမ်းသပ်မှုကို စတင်လိုက်ပါ။ ဝယ်ချင်တဲ့ သူတွေက ငွေပေးပြီး စာရင်းပေးသွင်းပါ။ ငွေအပြည့် ကြိုပေးရမယ်၊ ခုနစ်ရက် အတွင်း ပစ္စည်းရမယ်။"

လူတိုင်းက ယခုအခါ ဘာမှ မမေးကြတော့ဘဲ တိတ်ဆိတ်စွာ တန်းစီနေကြ၏။

သူပြောသလို ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်မည်။ အသုံးဝင်လျှင် ဝယ်မည်။

စမ်းသပ်မှု လုပ်ငန်းစဉ် အတွင်း လူအများအပြားက အံ့အားသင့် အော်ဟစ်နေကြပြီး အများစုမှာ စာရင်း ပေးသွင်းရန် ပါဝင်လာကြသည်။

လူအနည်းငယ်ကတော့ သင့်တော်သော မျက်မှန် မတွေ့၍ ဖြစ်နိုင်သည်။

ကျန်သည့် အလုပ်များကိုတော့ မိန်းမစိုးများက တာဝန်ယူပြီး နာမည်နှင့် ကိုက်ညီသော မှန်ဘီလူး နံပါတ်စဉ်များကို မှတ်သားကြ၏။

လီယွမ်ကျောက်က ငွေကောက်ခံရသဖြင့် အလွန် ပျော်ရွှင်နေပြီး စိတ်ထဲတွင် ကြည်နူးနေသည်။

ဖန်ကြီးနောက် လိုက်ရတာ တကယ် ကောင်းတာပဲ။ ငွေတွေက လေတိုက်လို့ ပါလာသလိုပဲ။

ဖန်ကျန်းရီကတော့ တည်ငြိမ်စွာ လက်ဖက်ရည်သောက်ရင်း တစ်ခါတစ်ရံ ဟိုကြည့်ဒီကြည့် လုပ်နေ၏။

ရုတ်တရက် ရင်းနှီးသော ပုံရိပ်တစ်ခုက သူ၏ မျက်စိရှေ့သို့ ရောက်လာသည်။

ကော်ထျန်းယန်က တင်ပါးကို လှုပ်ခါကာ နေရာသို့ ရောက်ရှိလာပြီး ဖန်ကျန်းရီကို မြင်သည်နှင့် အနားသို့ ချက်ချင်း ကပ်လာကာ တီးတိုးပြောလိုက်၏။ "ညီလေး ... အရှင်မင်းကြီး ခေါ်နေတယ်။"

All Chapters