အခန်း ၃၇၅
Vol. 21 Ch. 375
အပိုင်း (၃၇၅) မင်းက ဘဏ္ဍာရေးဝန်ကြီးဌာနကို သွားဖို့ မထိုက်တန်ဘူး။
ကော်ထျန်းယန်က ပြောပြီးသည်နှင့် မျက်မှန်စမ်းသပ်နေသော အမတ်များကို လေ့လာကြည့်ရှုလိုက်ပြီး အံ့အားသင့်စွာ မေးလိုက်၏။ "ဒီလောက် လူအများကြီးပဲ။ အားလုံးက မျက်မှန် ဝယ်နေကြတာလား။"
ဖန်ကျန်းရီက မတ်တပ်ရပ်ကာ ခေါင်းညိတ်လိုက်ပြီး လီယွမ်ကျောက်၏ လက်ထဲမှ ငွေစက္ကူများကို ရုတ်တရက် ဆွဲလုယူလိုက်သည်။
လီယွမ်ကျောက်က ရှောင်တိမ်းရန် ကြိုးစားသော်လည်း ဖန်ကျန်းရီ၏ လက်က မြန်လွန်းသဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
အချိန်အတော်ကြာ သိမ်းဆည်းထားသော ငွေစက္ကူများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လီယွမ်ကျောက်က ဖန်ကျန်းရီကို နာကျင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ဖန်ကျန်းရီက ဤအခြေအနေကို မြင်သောအခါ ငွေစက္ကူ နှစ်ရွက်ကို ဆွဲထုတ်ကာ သူ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ကော်ထျန်းယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အရှင်မင်းကြီးက ကျုပ်ကို ဘာကိစ္စ ခေါ်တာလဲ။"
ကော်ထျန်းယန်က ခေါင်းခါလိုက်၏။ "မသိဘူး။"
ထို့နောက် ဖန်ကျန်းရီ၏ လက်ထဲမှ ငွေစက္ကူများကို ကြည့်ကာ နှုတ်ခမ်းသပ်လိုက်ပြီး ... "ညီလေး ... မင်း ငွေဘယ်လောက်တောင် ရှာထားတာလဲ။"
"ငွေရှာတာ ဟုတ်လား။ ငွေမရှာပါဘူး။ သွားပြီနော် အစ်ကိုကြီးကော်။"
"..."
ကျင့်သားရနေသော လမ်းအတိုင်း ယန်ရှင်းနန်းဆောင်သို့ အမြန် သွားလိုက်သည်။
အရှင်မင်းကြီးက ပုံမှန်အတိုင်း အလုပ်လုပ်နေသော်လည်း ယခုအခါတွင်တော့ မျက်မှန်ကို တပ်ထား၏။
ဖန်ကျန်းရီကို မျက်လုံးပင့်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "မင်းနဲ့ အိမ်ရှေ့စံက နန်းတော်ထဲမှာ ဆိုင်ဖွင့်ထားတယ်လို့ ကြားတယ်။ ကိုယ်တော့်မှာ စိတ်ရှုပ်စရာ ကိစ္စတွေ နည်းနေတယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် မင်း အလုပ်မရှိဘဲ အားနေလို့လား။"
ဒါက ငါ့ကို အထူးတလည် ခေါ်ဆူတာပဲ။
ဖန်ကျန်းရီက တိတ်ဆိတ်စွာဖြင့် ငွေစက္ကူများကို ထုတ်ယူပြီး သပ်သပ်ရပ်ရပ်စီကာ အရှင်မင်းကြီး၏ စားပွဲပေါ်တွင် တင်လိုက်၏။
အရှင်မင်းကြီးမှာ အံ့အားသင့်သွားပြီး သူ့ရှေ့မှ ငွေစက္ကူ တစ်ပုံကို ကြည့်ကာ ... "ထိုင်ပြီးမှ ပြော။"
ဖန်ကျန်းရီက အမြန် ထိုင်လိုက်သည်။
ယခုအချိန်တွင် အတင့်မရဲ,ရဲချေ။ အရှင်မင်းကြီး၏ အပြုအမူက မကြာသေးမီက စိတ်တိုလွယ်၊ စိတ်ကြည်လွယ် ဖြစ်နေသဖြင့် အခြေအနေကို သေချာ မသိနိုင်ပေ။ တည်တည်ငြိမ်ငြိမ် နေတာ အကောင်းဆုံးပင်။
အရှင်မင်းကြီးက ငွေစက္ကူများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "ပြောပါအုံး။ ငွေလိမ်တာ နန်းတော်ထဲအထိ ရောက်လာပြီဆိုတော့ မင်း ဘာလုပ်ချင်နေတာလဲ။"
"အင်း ... မျက်မှန်ရဲ့ အကျိုးကျေးဇူးကို အရှင်မင်းကြီးလည်း သိပြီးပြီပဲ။ ကျွန်တော်မျိုး ဒီတစ်ခါ ငွေရှာဖို့ ရည်ရွယ်ချက် မရှိပါဘူး။"
"ဟင် …ပြောစမ်းပါအုံး။" အရှင်မင်းကြီး၏ စိတ်ဝင်စားမှု အနည်းငယ် ပေါ်လာ၏။
"အရှင်မင်းကြီး ... ဆီမီးခွက်တွေက မျက်စိကို ထိခိုက်စေတယ်။ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူ ဘယ်လောက်များများ က အမြင်အာရုံ ချို့တဲ့နေလဲ မသိဘူး။ မျက်မှန်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တကယ်ကို မနည်းပါဘူး။ သာမန် ပြည်သူတွေ ဝယ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ချမ်းသာတဲ့ သူတွေကို အရင်ရောင်းပြီး အဲဒီငွေနဲ့ ဆင်းရဲသားတွေကို ပြန်လည် ထောက်ပံ့ပေးမယ် ... ဒါကလည်း ကောင်းတဲ့ ကိစ္စ တစ်ခုပါပဲ။"
အရှင်မင်းကြီးက ခပ်ဟဟ ရယ်မောလိုက်ပြီး ခေါင်းမော့လာ၏။ "ဟမ့် ... မင်းက အကျိုးမရှိဘဲ စောစောမထဘူးလို့ ကိုယ်တော် ထင်ထားတာ။ ဒီတစ်ခါ ဝန်ကြီးအဖွဲ့ကို ရောင်းတာ ငွေဘယ်လောက် ရလိုက်လဲ။"
အကျိုးမရှိဘဲ စောစောမထဘူးလား။ ဖန်ကျန်းရီက စိတ်ထဲတွင် မျက်စောင်းထိုးလိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ကျုပ်က အကျိုးမရှိဘဲ စောစောမထဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အကျိုးနဲ့ ပတ်သက်လာရင်တော့ ကျုပ်က ငွေတစ်ပြားမှ ပိုမရှာဘူး။ ကျုပ်က ချမ်းသာတဲ့ သူတွေကိုပဲ ပစ်မှတ်ထားတာပါ။
သန့်ရှင်းစင်ကြယ်တဲ့ ၊ တိုးတက်လိုစိတ်ရှိတဲ့ လူငယ်တစ်ယောက် အနေနဲ့ ဒီလောက်တော့ ရည်မှန်းချက် ရှိပါတယ်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မရောင်းရသေးပါဘူး။ အခုလာတာ အားလုံးပေါင်း ငွေတုံး သုံးထောင့်ခြောက်ရာပဲ ရပါသေးတယ်။ တစ်စုံကို ငွေတုံး သုံးရာပါ။"
ငွေတုံး သုံးရာ။
အရှင်မင်းကြီးက အံ့အားသင့်စွာ ပြောလိုက်၏။ "ဒီပစ္စည်းက ဒီလောက်တောင် ဈေးကြီးတာလား။ ဒါဆို သာမန် ပြည်သူတွေကို ဘယ်လောက်နဲ့ ရောင်းမလို့လဲ။"
"ကျွန်တော်မျိုး သေချာ မတွက်ရသေးပါဘူး။ ဒါပေမဲ့ ငွေတစ်တုံးလောက်တော့ ရှိမယ်ထင်တယ်။"
"..."
အရှင်မင်းကြီးမှာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဟမ် … အဆ သုံးရာတောင် ကွာတာလား။ ပြည်သူတွေကို ရောင်းရင်လည်း အရှုံးခံပြီး ရောင်းမှာ မဟုတ်ဘူး။ ဆိုလိုတာက ငွေတစ်တုံးနဲ့ ရောင်းရင်တောင် အမြတ်ကျန်သေးတယ်ပေါ့။ တကယ့်ကို ... လူသားစားပြီး အရိုးတောင် မထွေးထုတ်တဲ့ ကောင်ပဲ။
အရှင်မင်းကြီးက မသိမသာ မျက်မှန်ကို ချွတ်လိုက်ပြီး မျက်ခမ်းထောင့်များလည်း နှစ်ချက်ခန့် တွန့်သွား၏။
"မင်းက အဲဒီလူတွေကို အရူးတွေလို့ ထင်နေတာလား။ ဒီနေ့ မင်းက ငွေတုံး သုံးရာနဲ့ ရောင်းပြီး မနက်ဖြန် ငွေတစ်တုံးတန် မျက်မှန်တွေ ဈေးကွက်ထဲ ရောက်လာရင် ဘယ်လို ရှင်းမလဲ။"
"လက်ဖက်ခြောက်လိုပါပဲ။ အမှတ်တံဆိပ်ကို ရောင်းတာပါ။ ထိပ်တန်း အမှတ်တံဆိပ်ကမှ ငွေတုံး သုံးရာပါ။ သာမန် ပစ္စည်းကိုတော့ ဈေးပေါပေါနဲ့ ရောင်းမှာပေါ့။"
ဪ ... ဒီလှည့်ကွက် ပြန်ရောက်လာပြန်ပြီပေါ့ ...
အရှင်မင်းကြီးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်၏။ "မင်း ... မင်းရဲ့ ငွေရှာတဲ့ စွမ်းရည်က ဒီနေ့ ကိုယ်တော့်ကို မျက်စိပွင့်သွားစေပြန်ပြီ။ ကိုယ်တော်တောင် မင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းပေးချင်နေပြီ။"
ဖန်ကျန်းရီက ပြုံးလိုက်သည်။
ဤမျက်မှန်မှာ ပြောပလောက်သည့်အရာ မဟုတ်သေးပေ။ စိန်လုပ်ငန်းကသာလျှင် အမှန်တကယ် အမြတ်အစွန်း ကြီးမားလှသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။
ယခုအခါ ခရိုင်အတွင်း၌ ဖန်မှန်များမှတစ်ဆင့် စိန်ထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်ရပ်လုံးကို အပြည့်အစုံ တည်ဆောက်ထားပြီး ဖြစ်သည်။ ထိုပစ္စည်းကို ထုတ်လုပ်ရခြင်းမှာ မျက်မှန်ပြုလုပ်ရသည်ထက်ပင် ပို၍ လွယ်ကူနေသေးသည်။ ထို့ကြောင့် ယခုလက်ရှိ စိန်အလုပ်ရုံမှာ ငွေပုံနှိပ်စက်တစ်ခုနှင့် မည်သို့မှ ကွာခြားခြင်း မရှိတော့ပေ။
သို့ပေမည့် အရှင်မင်းကြီးက သူ့ကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပေးရန် တစ်ခါမှ မစဉ်းစားခဲ့သဖြင့် ဤကိစ္စအပေါ် အစောကြီးတည်းက သူ စပ်စုချင်နေခဲ့၏။
ပထမဆုံး ချန်ရှီရုံးသို့ ဝင်ရောက်ခွင့် ရခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနတွင် တွဲဖက်တာဝန် ယူခြင်းကလည်း ဘာမှ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ မိမိ၏ ရာထူးတာဝန်ကို အသုံးပြု၍ တောက်ယွမ်ခရိုင်အတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးနိုင်သေးသည်။
ယခု အရှင်မင်းကြီးက ဤကိစ္စကို ထုတ်ပြောလာသဖြင့် သူလည်း သတိရသွားကာ မေးလိုက်၏။ "ဒါနဲ့ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဘာလို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို မပြောင်းပေးတာလဲ။"
အရှင်မင်းကြီးက မျက်မှန်ကို တပ်ကာ သူ့ကို အသေအချာ ကြည့်ပြီး မေးလိုက်သည်။ "မင်းက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရာထူးကို လုပ်နိုင်မယ်လို့ ထင်လား။"
"လုပ်နိုင် ... မယ်ထင်ပါတယ်။" ဖန်ကျန်းရီက တုံ့ဆိုင်းသွားပြီး အရှင်မင်းကြီး၏ သဘောထားကို သေချာ မသိနိုင်သကဲ့သို့ ဖြစ်သွား၏။
ဒီလိုမေးတာ ဘာသဘောလဲ။ ရာထူးကြီးကြီး မလုပ်နိုင်ရင်တောင် ရာထူးငယ်လေးတွေ လုပ်လို့ရတာပဲ၊ ဘာမဖြစ်နိုင်စရာ ရှိလို့လဲ။
"မရဘူး။ မင်း မလုပ်နိုင်ဘူး။" အရှင်မင်းကြီးက မဆိုင်းမတွ ပြန်ဖြေလိုက်ပြီးနောက် သူ့ကို မကျေမနပ် ကြည့်လိုက်၏။
ဒီကောင်က ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိပါလား။
"မင်းက ဘယ်နေရာရောက်ရောက် လှုပ်ရှားမှုတွေ ကြီးကြီးမားမား လုပ်ပြီး နေရာတိုင်းမှာ ရှုပ်ယှက်ခတ်အောင် လုပ်တတ်တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနဆိုတာ တိုင်းပြည်ရဲ့ သန်းခေါင်စာရင်းနဲ့ ဘဏ္ဍာရေးကို ကိုင်တွယ်ရတဲ့ နေရာပဲ။ အခု လောလောဆယ် နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ငွေနည်းနေပေမဲ့ ငွေက အရေးအကြီးဆုံး မဟုတ်ဘူး၊ ကိုယ်တော် လိုချင်တာက တည်ငြိမ်မှုပဲ။
မင်းက တောက်ယွမ်ခရိုင်မှာ၊ ပန်းရှန်းရပ်ကွက်မှာ ဒါမှမဟုတ် မြို့တော်တစ်ခုလုံးမှာ ဘယ်လောက်ပဲ ရှုပ်ယှက်ခတ်နေပါစေ ကိုယ်တော် သည်းခံနိုင်တယ်။ တကယ်လို့ မင်းလို လူစားမျိုးကို ဘဏ္ဍာရေးဝန်ကြီးဌာနကို သွားခိုင်းလိုက်ရင် ကိုယ်တော် နောက်ဆို အိပ်လို့ရတော့မှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက ပင်ကိုယ်အသိစိတ်ဖြင့် ရှင်းပြရန် ကြိုးစားလိုက်သော်လည်း သေချာ စဉ်းစားကြည့်သောအခါ တကယ်လည်း ဟုတ်နေပုံရသည်။ သူက တကယ်ကို ပြဿနာများစွာ ရှာတတ်၏။
သို့ပေမည့် ငွေရှာချင်လျှင် အပြောင်းအလဲတွေ လုပ်ရမည်။
လောက၌ မျိုးဆက်သုံးဆက်တိုင်တိုင် ဆက်တိုက် ချမ်းသာကြွယ်ဝခြင်းဟူသည် မရှိပေ။ ထာဝရ တည်မြဲနေသော ချမ်းသာကြွယ်ဝမှုဟူသည် မရှိသော်ငြား အစဉ်အမြဲ တည်ငြိမ်နေတတ်သည်မှာတော့ ဆင်းရဲမွဲတေမှုသာပင်။
"ဒီငွေစက္ကူတွေကို ပြန်သိမ်းသွားလိုက်။ ကိုယ်တော့်ရှေ့ ရောက်တာနဲ့ ငွေထုတ်ပြနေတာ၊ ကိုယ်တော့် နေရာကို ဘာလို့ ထင်နေတာလဲ။"
ဖန်ကျန်းရီက အရှင်မင်းကြီး၏ မျက်နှာအမူအရာကို သေသေချာချာ အကဲခတ်ပြီးနောက် လေးနက်စွာ ပြောလိုက်၏။ "အရှင်မင်းကြီး … အရှင်မင်းကြီးက ကျွန်တော်မျိုးကို တကယ် အထင်လွဲနေတာပါ။
ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာ အရှင်မင်းကြီးက အမြဲတမ်း အရာရာကို ထိုးထွင်းသိမြင်ပြီး အမြော်အမြင် ကြီးမားသူ တစ်ယောက်ပါ။ ဒီလောက် သေးငယ်တဲ့ အကျိုးအမြတ်လေးက အရှင်မင်းကြီးကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ။
ဒါပေမဲ့ မျက်မှန်ရောင်းတဲ့ နေရာမှာ အိမ်ရှေ့စံလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဒါက အိမ်ရှေ့စံရဲ့ အစုပါ။ အိမ်ရှေ့စံက ငယ်ရွယ်ပြီး ငွေကြောင့် ပျက်စီးသွားမှာစိုးလို့ အရှင်မင်းကြီးကို အိမ်ရှေ့စံ ကိုယ်စား သိမ်းထားပေးဖို့ တောင်းဆိုတာပါ။"
အရှင်မင်းကြီးက ခဏစဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "အင်း ... ယုတ္တိရှိတယ်။ အမတ်ဖန် သေချာ စဉ်းစားတတ်ပါတယ်။"
ထိုသို့ပြောပြီးနောက် လက်ကာပြလိုက်ရာ ဘေးနားရှိ မိန်းမစိုးက အလျင်အမြန် ရှေ့တိုးလာပြီး ငွေစက္ကူများကို သိမ်းဆည်းသွားသည်။
အသံက တည်ငြိမ်နေသော်လည်း အရှင်မင်းကြီး၏ မျက်လုံးများထဲတွင် ခဏတာ ပေါ်လာသော ဝမ်းသာမှုကို ဖန်ကျန်းရီ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့၏။
ဖန်ကျန်းရီက စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။
ကြည့်ရတာ အလကားရတဲ့ အကျိုးအမြတ်ကို ယူရတာ အရှင်မင်းကြီးလို မြင့်မြတ်တဲ့ သူတောင် ကင်းလွတ်နိုင်ပုံ မရဘူး။
ငွေက သိပ်မများပေမဲ့ အလကားရတဲ့ ငွေကို ဘယ်သူက မပျော်ဘဲ နေမှာလဲ။
ဒါပေမဲ့ အိမ်ရှေ့စံကတော့ မပျော်နိုင်လောက်ဘူး ...
"ဒါဆို ... အရှင်မင်းကြီးမှာ တခြားကိစ္စ မရှိရင် ကျွန်တော်မျိုး အရင် ပြန်ခွင့်ပြုပါအုံး။ အိမ်ရှေ့စံ တစ်ယောက်တည်း အလုပ်မနိုင်မှာ စိုးလို့ပါ။"
"ခဏနေအုံး။ မင်း သွားလို့ မရသေးဘူး။ ကိုယ်တော် မင်းကို ပြောစရာ တခြားကိစ္စ ရှိသေးတယ်။"
ဖန်ကျန်းရီက ဖင်လေးအနည်းငယ် ရွှေ့ကာ ပြန်ထိုင်လိုက်၏။
အရှင်မင်းကြီးက မျက်နှာကို တင်းထားသည်။ "ဘယ်လိုလဲ။ အဲဒီလောက်တောင် အလောတကြီး သွားချင်နေတာ၊ ကိုယ်တော့်ကို မြင်ရင် ဆူးပေါ်ထိုင်နေရသလို ခံစားနေရလို့လား။"
ဖန်ကျန်းရီက တိတ်ဆိတ်စွာ နေလိုက်သည်။
မကြာမီက အရှင်မင်းကြီး၏ အပြုအမူများအရ မိမိ ဘာပြောပြော အမှားဖြစ်နေမည်ကို သိသဖြင့် ပါးစပ်ပိတ်နေသည်က ပိုကောင်းပေလိမ့်မည်။
သူ စကားမပြောသည်ကို မြင်သောအခါ အရှင်မင်းကြီးက အထင်သေးစွာ ကြည့်လိုက်ပြီးနောက် ဘေးရှိလူများကို ထွက်သွားခိုင်းလိုက်၏။
ခန်းမဆောင်ထဲတွင် သူတို့နှစ်ဦးသာ ကျန်ရှိတော့ချိန်မှ အရှင်မင်းကြီးက စတင် ပြောလိုက်သည်။ "အခု မင်းကို ခေါ်လာတာ အရေးကြီးတဲ့ ကိစ္စ ပြောစရာ ရှိလို့ပဲ။"