← Chapters

အခန်း ၃၇၆

Vol. 21 Ch. 376

အခန်း ၃၇၆

Vol. 21 Ch. 376

အပိုင်း (၃၇၆) ကြွက်လို သတ္တိကြောင်တဲ့ ယောက်ျားတွေကို ကိုယ်တော် အမုန်းဆုံးပဲ။

အရေးကြီးတဲ့ ကိစ္စ။ ကျုပ်နဲ့ ဘာဆိုင်လို့လဲ။

အခုဆို နေ့တိုင်း အလုပ်သွား၊ အလုပ်ပြန်နဲ့ ဘဝက ပုံမှန်လေး လည်ပတ်နေတာ အရမ်းကို ပျော်စရာ ကောင်းနေတာကို။ ဘာမှမရှိဘဲ ပြဿနာ လာမရှာပါနဲ့နော်။

ဖန်ကျန်းရီ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ စတင် ဖြစ်ပေါ်လာတော့၏။

"မြောက်ပိုင်း ရန်သူ သံတမန်တွေက ဒီရက်ပိုင်း ကုန်သွယ်ရေး ကိစ္စကို ဆွေးနွေးနေကြတုန်းပဲ။ ဒါပေမဲ့ ဖါးပါး က မြို့တော်ထဲကို လူအများကြီး လွှတ်ပြီး စုံစမ်းထောက်လှမ်းခိုင်းနေတယ်။ အဲဒီအထဲမှာ မင်းလည်း ပါတယ်။ နောက်ပိုင်း သူနဲ့ တွေ့ရင် စကားပြောတာ သတိထားပါ။

ပြီးတော့ ဖားပါးအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို ငွေအဖြစ် မပြောင်းနိုင်အောင် လုပ်ရမယ်၊ မင်း ဘယ်လို လုပ်မလဲ။"

ဖန်ကျန်းရီက စိတ်သက်သာရာ ရသွား၏။ ဒီကိစ္စပဲကိုး။

ဤကိစ္စရပ်များကို ဖြေရှင်းရန်မှာ အလွန်ပင် လွယ်ကူလှသည်။ အစောပိုင်းတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ရာ ဤသည်မှာ ပြောပလောက်သည့် ကိစ္စတစ်ရပ် မဟုတ်တော့ပေ။

"အရှင်မင်းကြီး ... လက်ဆောင်တွေထဲမှာ အဖိုးတန်ဆုံးကတော့ တာ့ဖင် ထျန်းရှန်း လက်ဖက်ခြောက် နဲ့ စိန် တွေပါပဲ။ စိန်က ပြဿနာ သိပ်မရှိဘူး။ ကျွန်တော်မျိုး လက်ဆောင်ပေးခဲ့တဲ့ စိန်တွေကို မြောက်ပိုင်း ရန်သူ မှူးမတ်တွေ အတွင်းမှာတင် သုံးလို့ကုန်သွားမှာပါ။ သူတို့အတွက်တောင် လောက်မှာ မဟုတ်ဘူး။

တာ့ဖင် ထျန်းရှန်း လက်ဖက်ခြောက် ကတော့ ... နောက်ပိုင်းမှာ လက်ဖက်ခြောက်တွေကို အမြောက်အမြား စိုက်ပျိုးနေပြီလို့ သတင်းထုတ်ပြန်လိုက်တာနဲ့ ဈေးနှုန်းက အလိုလို ကျဆင်းသွားမှာပါ။ အရှင်မင်းကြီး စိတ်အေးအေး ထားပါ။"

အရှင်မင်းကြီးက ခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲ။ နောက်ထပ် ကိစ္စတစ်ခုက လျိုရွှန်း အမှုနဲ့ ပတ်သက်ပြီး သဲလွန်စ တချို့ ရထားတယ်။ ဒါပေမဲ့ ဒီကိစ္စက အရမ်းကို ခက်ခဲ ရှုပ်ထွေးနေတယ်။

မြို့တော်ထဲမှာ သဲလွန်စ ဘာမှ မတွေ့ရဘူး။ အရှေ့တိုင်းစုံထောက်အဖွဲ့က ကျန်းကျန်းမြို့မှာ အချိန်အတော်ကြာ စုံစမ်းခဲ့ပြီး ဒေသခံ အရာရှိ အများအပြားကို စစ်ဆေးမေးမြန်းခဲ့ပေမဲ့ ဘာမှ မသိရဘူး။ ဒါပေမဲ့ သူ့ဘေးနားမှာ ဝေ့ရှန်း ဆိုတဲ့ လူတစ်ယောက် ရှိတယ်၊ မင်း သိတယ် မဟုတ်လား။"

ဝေ့ရှန်းလား။ ဖန်ကျန်းရီက အမြန် စဉ်းစားကြည့်လိုက်ရာ မကြာမီမှာပင် ပြန်သတိရသွား၏။

သူက လျိုရွှန်းရဲ့ ခွေးတစ်ကောင်လေ၊ ဟိုတုန်းက ကျန်းကျန်းမြို့ကို သွားတုန်းကလည်း ပထမဆုံး လာကြိုတဲ့လူပဲ။

"ကျွန်တော်မျိုး မှတ်မိပါတယ်။ ဒါပေမဲ့ ဟိုတုန်းက ဝေ့ရှန်း ဆီကနေ အသုံးဝင်တဲ့ သဲလွန်စ အများကြီး မရခဲ့ပါဘူး။ စုံထောက်အဖွဲ့က သဲလွန်စ တစ်ခုခု ရလာလို့လား။"

အရှင်မင်းကြီးက သက်ပြင်းတစ်ချက် ချလိုက်သည်။ "စုံထောက်အဖွဲ့က အထက်ကနေ အောက်အထိ တစ်ယောက်ချင်းစီ စစ်ဆေးခဲ့တာ။ ဝေ့ရှန်း အလှည့်ရောက်မှ သဲလွန်စ နည်းနည်းလေး ရခဲ့တယ်။

ဝေ့ရှန်း ပြောပုံအရဆိုရင် လျိုရွှန်းက သာမန်အချိန်တွေမှာ ဒေသခံ ဆားကုန်သည်တွေနဲ့ အလွန် ရင်းနှီးတယ်။ ဒါပေမဲ့ စုံထောက်အဖွဲ့က ဆားကုန်သည်တွေကို စစ်ဆေးကြည့်တော့ ဘာပြဿနာမှ မတွေ့ရဘူး။"

ဖန်ကျန်းရီက ပြန်လည် မေးခွန်းထုတ်လိုက်၏။ "ဒါဆို ဘာမှ မရခဲ့ဘူးပေါ့။"

အရှင်မင်းကြီးက ခေါင်းယမ်းလိုက်သည်။ "ရှေးယခင်တည်းက ဆားကုန်သည်တွေနဲ့ ဒေသခံ အရာရှိတွေ ကြားမှာ အဂတိလိုက်စားမှု အမှုကြီးတွေ အမြဲ ရှိခဲ့တယ်။ အရှေ့တိုင်းစုံထောက်အဖွဲ့ ဘာပြဿနာမှ မတွေ့တာကိုက ပြဿနာရဲ့ အဓိက အချက်ပဲ။

လျိုရွှန်း လိုမျိုး ငွေအတွက် အသေခံမယ့် လူတစ်ယောက်က ဆားကုန်သည်တွေနဲ့ ဆက်ဆံရေး အရမ်း သန့်ရှင်းနေတာက ကိုယ်တော့်ကို ပိုပြီး သံသယ ဖြစ်စေတယ်။ ဒီအထဲမှာ ပြဿနာ တစ်ခုခု သေချာပေါက် ရှိရမယ်။"

ထိုသို့ပြောရင်း အရှင်မင်းကြီး၏ မျက်မှောင်များ တဖြည်းဖြည်း ကုပ်ဝင်လာ၏။ "ဒီအမှုက သာမန် အဂတိ လိုက်စားမှု အမှုဆိုရင်၊ ကယ်ဆယ်ရေး ငွေကြေးနဲ့ ရိက္ခာတွေကို အလွဲသုံးစား လုပ်တာလောက်ဆိုရင် ဘာမှ မဟုတ်ဘူး။

ဒါပေမဲ့ ဆားလုပ်ငန်းနဲ့ ပတ်သက်သွားပြီဆိုရင်တော့ တိုင်းပြည်ရဲ့ အကြီးမားဆုံး အမှုကြီး ဖြစ်သွားပြီ။ ကိုယ်တော်တို့ ကျင်းတိုင်းပြည်ရဲ့ နိုင်ငံတော် ဘဏ္ဍာငွေ တစ်ဝက်ကျော်က ဒေသခံ ဆားလုပ်ငန်းကနေ ရတာလေ။ ဒီအချက်ကို မင်း မသိဘဲ မနေပါဘူး။"

ဖန်ကျန်းရီက လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။

နောက်နေတာလား။ ဒီလိုကိစ္စမျိုး ကျုပ်က သေချာပေါက် သိတာပေါ့။

ဆားက နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းလေ။ ဆားမစားရင် လူက အားပြတ်သွားမှာပေါ့။

သို့သော်လည်း ဈေးကွက်အတွင်းရှိ ဆားဈေးနှုန်းမှာ အလွန်ပင် ကြီးမြင့်လှသည်။ ဆားတစ်တောင်းလျှင် ငွေလေးမူးအထိပင် ပေးချေနေရသည်။ ဤမျှ ဈေးနှုန်းကြီးမြင့်နေရခြင်း၏ အကြောင်းရင်းများမှာ ပထမအချက်အနေဖြင့် ဆားအထွက်နှုန်း နည်းပါးခြင်း၊ ဒုတိယအချက်မှာ သယ်ယူပို့ဆောင်ရေး စရိတ်စက ကြီးမားခြင်းနှင့် တတိယအချက်မှာ အခွန်အခများ အလွန်အမင်း များပြားလွန်းခြင်းတို့ကြောင့်ပင် ဖြစ်သည်။

ဆားမဝယ်နိုင်ခဲ့သည့် အချိန်ကာလများကို ပြန်လည်တွေးတောကြည့်မည်ဆိုလျှင် နေ့စဉ်စားသောက်ရသော အစားအစာများမှာ အရသာကင်းမဲ့နေသည့် အရည်ကျဲကျဲများသာ ဖြစ်နေခဲ့၏။

ဖန်ကျန်းရီက ပြန်တွေးမိတိုင်း ရွံရှာမိ၏။

နောင်တွင် ပိုင်ဆိုင်မှု အနည်းငယ် ရှိလာခဲ့သော်ငြားလည်း ဆားဝယ်ယူရန်အတွက် များစွာ မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ဈေးနှုန်းသက်သာသော တရားမဝင် မှောင်ခိုဆားများကိုသာ အားထား၍ ဝယ်ယူခဲ့ရသည်။

တရားမဝင် မှောင်ခိုဆားများမှာ ဈေးနှုန်း အလွန်သက်သာပြီး တရားဝင်ဆားများထက် ထက်ဝက်ခန့်မျှ ဈေးပေါလှ၏။

ယခုအချိန်တိုင်အောင် ခရိုင်အတွင်း၌ သုံးစွဲနေကြသည်မှာ တရားမဝင်ဆားများသာ ဖြစ်ကြသည်။ ထို့အပြင် တောက်ယွမ်ခရိုင်မှ တရားမဝင်ဆားများကို အမြောက်အမြား ဝယ်ယူသောကြောင့် ရာခိုင်နှုန်းနှစ်ဆယ်ခန့်ပင် ဈေးထပ်မံ လျှော့ချပေးခဲ့သေးသည်။

သို့တိုင်အောင် သာမန်ပြည်သူများအတွက်မူ ဆားဝယ်ယူရသည့် ကုန်ကျစရိတ်မှာ ကြီးမားနေဆဲပင် ဖြစ်သည်။ သို့ဖြစ်ရာ တောက်ယွမ်ခရိုင်တွင် ယခုအချိန်အထိ ကြီးမားသော အသုံးစရိတ်တစ်ခု ရှိနေဆဲဖြစ်ပြီး ၎င်းမှာ ခရိုင်သူခရိုင်သားများ ဆားဝယ်ယူနိုင်ရန် အထူးထောက်ပံ့ကြေး ပေးအပ်နေရခြင်းပင် ဖြစ်၏။

တစ်ခါတစ်ရံ၌ ဖန်ကျန်းရီသည် ဗိုက်ပြည့်လန်းဆန်းနေချိန်တွင် ဤကိစ္စကို ပြန်လည်တွေးတောမိတတ်သည်။ အနာဂတ်ကမ္ဘာမှ လာရောက်သူတစ်ဦးအနေဖြင့် တရားမဝင် ဆားကုန်သည်များကို လိုက်လံရှာဖွေနေရခြင်းမှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှသည်ဟု သူ ခံစားနေမိသည်။

"လျိုရွှန်း နောက်ကွယ်ကလူရဲ့ လုပ်ရပ်က အရမ်းကို လျှို့ဝှက်တယ်၊ ပြီးတော့ ဆားလုပ်ငန်းနဲ့လည်း ပတ်သက်နေနိုင်တယ်။ အဲဒီလူက နန်းတော်ထဲမှာတောင် အတွင်းလူ ထားနိုင်စွမ်း ရှိတယ်လို့ ကိုယ်တော် သံသယရှိတယ်။ ဒါကြောင့် ဘေးလူတွေကို ထွက်သွားခိုင်းလိုက်တာ။ ဒီကိစ္စကို မင်းနဲ့ သီးသန့် ပြောတာက မင်းကို ယုံကြည်လို့ပဲ။"

ဖန်ကျန်းရီက အရှင်မင်းကြီး၏ အကြည့်ကို ခံရသောအခါ ကြက်သီးမွေးညင်းများပင် ထသွားတော့၏။

ကျုပ်ကို သွားလုပ်ခိုင်းချင်လို့ မဟုတ်ပါဘူးနော်။ ဒီလူကို ကျုပ်လည်း မရင်ဆိုင်ရဲဘူး။ အရှေ့တိုင်းစုံထောက်အဖွဲ့ရဲ့ အလုပ်ကို ကျုပ် လုံးဝ လက်မခံရဲဘူး။

"အမတ်ဖန် … ဒီကိစ္စကို ... မင်း ဘယ်လို မြင်လဲ။"

"အင်း ... ကျွန်တော်မျိုး မမြင်ရဲပါဘူး။"

"မဖြစ်မနေ မြင်ရမယ်။"

အရှင်မင်းကြီးက ဒေါသတကြီး စားပွဲကို ရိုက်ကာ မျက်လုံးမှေးကြည့်လိုက်၏။ "ကိုယ်တော်က မင်းကို ဘာမှ တောင်းဆိုတာ မရှိသေးဘူးနော်။ မင်းက ဘာလို့ နောက်ဆုတ်နေတာလဲ။ မင်း ညီလာခံမှာ ခိုးအိပ်နေတာကို ကိုယ်တော် မသိဘူးများ ထင်နေလား။ ဒီလောက်တောင် အတင့်ရဲနေတာ။ အခု ကိုယ်တော် မေးခွန်းနှစ်ခု မေးလိုက်တာနဲ့ မင်း ကြောက်သွားပြီလား။"

အချက်ကျကျ ပြောခံလိုက်ရသဖြင့် ဖန်ကျန်းရီက အနေခက်စွာ ပြုံးလိုက်သည်။ "ကျွန်တော်မျိုး ထင်တာက ... အရှင်မင်းကြီးက ဆားလုပ်ငန်းမှာ ပြဿနာ ရှိနေတယ်လို့ သံသယရှိရင် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ စတင် စစ်ဆေးခိုင်းတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

ကျင်းတိုင်းပြည်မှာ လူဘယ်နှစ်ယောက် ရှိလဲ၊ ဆားဘယ်လောက် စားလဲ ဆိုတာက ပုံသေပဲလေ၊ အရမ်းကြီး ကွာဟချက် မရှိနိုင်ပါဘူး။ ဆားလုပ်ငန်းမှာ ကြီးမားတဲ့ အားနည်းချက် ရှိလာရင် စာရင်းစာအုပ်တွေမှာ သေချာပေါက် ပေါ်လာမှာပဲ။ အဲဒီကနေတဆင့် သဲလွန်စတွေကို ဆက်ပြီး ရှာဖွေနိုင်ပါတယ်။"

"ဟုတ်သားပဲ။"

အရှင်မင်းကြီး၏ မျက်လုံးများ အရောင်လက်လာ၏။ "ကြည့်ရတာ ကိုယ်တော့်ရဲ့ အရှေ့ပိုင်းစုံထောက်အဖွဲ့က ထမင်းချည်းသက်သက် စားနေတဲ့ အသုံးမကျတဲ့ လူတစ်စုကို မွေးထားမိတာပဲ။ ဒီအချက်ကိုတောင် မစဉ်းစားမိဘူး။

ဒါပေမဲ့ ... တကယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အတွင်းလူ ရှိနေရင် ဘယ်လိုလုပ်မလဲ။"

"ဒါဆိုရင် အရှင်မင်းကြီးက ကျန်းရှီ ကို အရင် ထောင်ထဲထည့်ပြီး ဘဏ္ဍာရေးဝန်ကြီး တစ်ယောက် အသစ် ပြောင်းလိုက်လေ။"

"..."

အရှင်မင်းကြီး မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွား၏။

သဘောထား သေးသိမ်လိုက်တာ။ ဖန်ကျန်းရီ လိုမျိုး ပိုးစိုးပက်စက် သဘောထား သေးသိမ်တဲ့သူကို သ ူမမြင်ဖူးဘူး။

မင်းတို့နှစ်ယောက်မှာ အငြိုးအာဃာတ ရှိနေရင်တောင် ဒီလိုစကားမျိုး မပြောသင့်ဘူးလေ။ ငါ့ရှေ့မှာတင် အမတ်ကို လုပ်ကြံချင်နေတာလား။

"ကိုယ်တော် မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးမယ်၊ သေချာ ပြော။" အရှင်မင်းကြီးက မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။

ဖန်ကျန်းရီက ခေါင်းငုံ့ကာ ပြုံးလိုက်၏။ "ဒီကိစ္စက ... အရှင်မင်းကြီးက လူလွှတ်ပြီး စစ်ဆေးခိုင်းလို့ ရတာပဲလေ။

နောက်ကွယ်က လူက လျိုရွှန်းကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် လုပ်နိုင်တယ်၊ လုပ်ရပ်ကလည်း အရမ်း လျှို့ဝှက်တယ်ဆိုတော့ သူရဲ့ စွမ်းရည်က တွေးကြည့်လို့တောင် မရလောက်အောင် ကြီးမားတယ်။

ဒီလိုလူမျိုးက ဆားလုပ်ငန်းနဲ့ ပတ်သက်နေရင် ကျန်းကျန်းမြို့ တစ်မြို့တည်းနဲ့ သေချာပေါက် ရောင့်ရဲနေမှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ ဉာဏ်ကောင်းတဲ့သူ ဖြစ်ပါစေ၊ တစ်နိုင်ငံလုံးရဲ့ စာရင်းစာအုပ်တွေကို အပြစ်အနာအဆာ ကင်းအောင် လုပ်လို့ မရဘူးလေ။

ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် စာရင်းစာအုပ်တွေကနေ စတင် စစ်ဆေးရမှာပဲ။"

အရှင်မင်းကြီးက မျက်ခုံးကို ပွတ်သပ်ကာ ပြောလိုက်၏။ "ကောင်းပြီ၊ ဒီကိစ္စကို လုပ်ဖို့ လူလွှတ်လိုက်မယ်။

မင်းက ကိုယ်တော့်ကို တကယ် စိတ်မပျက်စေပါဘူး။ ကုန်သည်တွေရဲ့ ကိစ္စကို မင်းက နားလည်တယ် ဆိုတာ ကိုယ်တော် သိပါတယ်။ ဆားလုပ်ငန်းက တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စဖြစ်ပေမဲ့ ကုန်သွယ်ရေး အပိုင်းကနေ မလွတ်ကင်းသေးဘူး။

အရှေ့ပိုင်းစုံထောက်အဖွဲ့က ဘာမှ အကျိုးမပြုနိုင်ဘူး ဆိုတော့ ထူးခြားတဲ့ နည်းလမ်းကို ရှာရမှာပေါ့။ ဒါကြောင့် ကိုယ်တော်က ဒီအမှုကို စစ်ဆေးဖို့ မင်းကို စေလွှတ်ချင်တယ်။ ကိုယ်တော် အတင်းအကျပ် မခိုင်းပါဘူး။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ မင်းကို အပြစ်မတင်ပါဘူး။ မင်း လုပ်ရဲလား။"

ဖန်ကျန်းရီက ခေါင်းငုံ့ကာ တိတ်ဆိတ်နေ၏။

မလုပ်ရဲစရာ ဘာရှိလို့လဲ။ ဒါပေမဲ့ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတွေက အရမ်းကြီးမားလွန်းတယ်။ စုံစမ်းလို့ မတွေ့နိုင်ဖို့ ရာခိုင်နှုန်းက များတယ်။

ဒါပေမဲ့ ချက်ချင်းကြီး ငြင်းလိုက်လို့လည်း မရဘူး။ အရင်ဆုံး စဉ်းစားဟန်ဆောင်ပြီး အချိန်ဆွဲထားရမယ်။

သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ အရှင်မင်းကြီးက ဆက်ပြောလာသည်။ "တကယ်လို့ မင်း လက်ခံမယ်ဆိုရင် ကျင်းယီဝေတပ်ဖွဲ့ ကို အခုချက်ချင်း ဖွဲ့စည်းတယ်လို့ သတ်မှတ်ပြီး နောက်ပိုင်းကျရင် တစ်တိုင်းပြည်လုံး သိအောင် ကြေညာပေးမယ်။ တကယ်လို့ ကိစ္စအောင်မြင်သွားရင် ကိုယ်တော် မင်းရဲ့ ဆန္ဒတစ်ခု ကို ဖြည့်ဆည်းပေးမယ်။"

ဟွန်း။

မင်းသမီးကို တောင်းဆိုလို့ရလား။ ဘုရင်မင်းမြတ်နား နေရတာက ကျားပါးစပ်နား အိပ်ရသလိုပဲ။ အစားခံရဖို့များတယ်။

ကျင်းယီဝေ လား ဘာလား ဆိုတာတွေကိုတော့ ထားလိုက်ပါတော့၊ ငွေဘယ်လောက်ပေးမယ် ဆိုတာတောင် မပြောဘူး။

"ကျွန်တော်မျိုး ... စဉ်းစားကြည့်တော့ ဒီလောက် ကြီးမားတဲ့ တာဝန်ကို မယူနိုင်သေးပါဘူး၊ အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ။" ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက ခေါင်းမော့ကာ အရှင်မင်းကြီးကို ကြည့်လိုက်၏။

အရှင်မင်းကြီးက သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောချေ။

သူ၏ ချွေးစေးများက မသိမသာ စီးကျလာသည် ...။

အချိန်အတော်ကြာပြီးနောက် အရှင်မင်းကြီး၏ တည်ငြိမ်သော အသံက ဖန်ကျန်းရီ၏ နားထဲသို့ ရောက်ရှိလာ၏။

"ကြွက်လို သတ္တိကြောင်တဲ့ ယောက်ျားတွေကို ကိုယ်တော် အမုန်းဆုံးပဲ ... "

All Chapters