အခန်း ၃၇၇
Vol. 21 Ch. 377
အပိုင်း (၃၇၇) ဖန်ကျန်းရီ ဟင်းချက်ခြင်း။
ကြွက်လို သတ္တိကြောင်တဲ့ ယောက်ျား။
ကျုပ်လား။
ဖန်ကျန်းရီမှာ အကြောင်းပြချက် မရှိဘဲ အတော်လေး ခံပြင်းသွားသလို ခံစားလိုက်ရ၏။ ယခင်က မိမိ တစ်ခုခု လုပ်ချင်လျှင် လက်အောက်ငယ်သားများက အမြဲတမ်း အသေအလဲ ဆွဲထားကြသည်။
လူတစ်ယောက်က သူ့ကို ကြွက်လို သတ္တိကြောင်သည်ဟု ပြောတာ ဒါ ပထမဆုံးအကြိမ်ပင်။
ကြွက်လို သတ္တိကြောင်လျှင် ကျုပ်က နေ့တိုင်း ဥပဒေချိုးဖောက်ပြီး စည်းကမ်းဖောက်ဖျက်နေနိုင်ပါ့မလား။
သို့သော်လည်း အရှင်မင်းကြီး၏ ဤစကားရပ်မှာ တိုက်ရိုက်ရည်ရွယ်၍ တဲ့တိုး မိန့်ဆိုလိုက်ခြင်း ဖြစ်သည်။
မိမိ သိရှိနားလည်ထားသလောက်ဆိုရလျှင် ဤကိစ္စကို မဆောင်ရွက်ဘဲ နေမည်ဆိုပါကလည်း ကြီးမားသော ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာမည်တော့ မဟုတ်ပေ။
သို့ရာတွင် ယခု မိန့်ဆိုလိုက်သည့် အခြေအနေအရဆိုလျှင် မိမိအနေဖြင့် နောက်ဆုတ်သွားခဲ့သော် ယောက္ခမတော်၏ အထင်အမြင်သေးမှုကို ခံရတော့မည်မှာ အသေအချာပင် ဖြစ်သည်။
သို့ဖြစ်ရာ ဆောင်ရွက်ရမည်လား၊ မဆောင်ရွက်ဘဲ နေရမည်လား။
"ဘယ်လိုလဲ။ မင်း သဘောတူလား၊ မတူဘူးလား။ မတူရင် မြန်မြန် ထွက်သွားစမ်း။ မင်းကို ကြည့်ရတာ မျက်စိနောက်တယ်။"
ဖန်ကျန်းရီက မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်၏။
ဘဲကို သစ်ကိုင်းပေါ် အတင်းတင်ခိုင်းသလိုပဲ၊ မင်းသမီးအတွက် စွန့်စားကြည့်လိုက်တော့မယ်။
"သဘောတူပါတယ် ... ဒါပေမဲ့ ဒီကိစ္စ သေချာပေါက် အောင်မြင်မယ်လို့ ကျွန်တော်မျိုး အာမမခံနိုင်ပါဘူး။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာ ချက်ချင်း ပေါ်လာတော့သည်။
"ဒါမှ တကယ့် ယောက်ျားကောင်းပဲ။ အရာရှိတစ်ယောက် ဖြစ်လာရင် တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ မအောင်မြင်ရင်လည်း မကြောက်နဲ့။ ဒီကိစ္စက သာမန် မဟုတ်ဘူး။ မအောင်မြင်လည်း ကိုယ်တော် မင်းကို အပြစ်မတင်ဘူး၊ မင်း စိတ်အေးအေးထားပါ။ လိုအပ်ရင် ကော်ပန်ပန် ဆီက လူငှားလို့ ရတယ်။ ကိုယ်တော် သူ့ကို ကြိုပြောထားလိုက်မယ်။"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါဆို ကျွန်တော်မျိုး အရင် ပြန်ခွင့်ပြုပါအုံး။"
အရှင်မင်းကြီးက လက်ယပ်ပြလိုက်ပြီး တစ်ခုခုကို သတိရသွားပုံဖြင့် ထပ်မံ ပြောလိုက်၏။ "နေအုံး။"
"မြောင်ဟန် မကြာသေးခင်က နေမကောင်းဖြစ်နေတယ်။ ရောဂါဟောင်း ပြန်ထလာတာလို့ ကိုယ်တော် သံသယရှိတယ်။ မင်း သွားကြည့်လိုက်ပါအုံး။"
ဟင်။
မင်းသမီး ရောဂါ ထပ်ဖောက်ပြန်ပြီလား။ မဖြစ်နိုင်ပါဘူး။ တခြားရောဂါများ ရှိနေသေးလို့လား။
ဖန်ကျန်းရီ၏ မျက်နှာမှာ လေးနက်သွား၏။
"သွားလေ ... သေချာ သွားကြည့်လိုက်။"
ဖန်ကျန်းရီက ချက်ချင်း အရိုအသေပေးကာ ယန်ရှင်းနန်းဆောင်မှ လှည့်ထွက်လာခဲ့သည်။
ခန်းမဆောင် အပေါက်ဝမှ ထွက်လာပြီး အပြင်ဘက်သို့ သွားရန် ပြင်လိုက်စဉ် ကော်ထျန်းယန်က မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းလျက် လျှောက်လာသည်ကို မြင်လိုက်ရ၏။
ကော်ထျန်းယန်မှာ ယခုအချိန်တွင် အလွန် ပျော်ရွှင်နေသည်။
စောစောပိုင်းက ဝန်ကြီးအဖွဲ့ ရုံးတော်ပေါက်ဝ၌ လူအများနှင့် စကားစမြည် ပြောဆိုနေစဉ်အတွင်း ဤမျက်မှန်သည် ခွန်အားကို တိုးပွားစေနိုင်သည့် အကျိုးကျေးဇူးပါ ရှိကြောင်းကို ကြားသိခဲ့ရသည်။
ထို့ကြောင့် ထိုနေရာတွင်ပင် တန်းစီကာ မျက်မှန်ကို ချက်ချင်း မှာယူခဲ့၏။
ငွေတုံး သုံးရာမျှသာ ဖြစ်ရာ ဤငွေကြေးမှာ အလွန်ပင် တန်လှသည်။ အိပ်စက်သည့် အချိန်၌ပင်လျှင် တပ်ဆင်ထားသင့်သေးသည်။
ယခုကဲ့သို့ မျက်မှန် နှစ်စုံကို မှာယူထားသောကြောင့် နောင်တစ်ချိန် တစ်ခု ထိခိုက်ကွဲအက်သွားခဲ့လျှင်တောင်မှ အပိုတစ်စုံ ကျန်ရှိနေဦးမည်။
"အစ်ကိုကြီးကော်။"
ဖန်ကျန်းရီက ကော်ထျန်းယန်ကို မဆိုင်းမတွ တားလိုက်ပြီး ခန်းမဆောင် တိုင်လုံးနားသို့ ဆွဲခေါ်သွားလိုက်၏။ ပြီးနောက် တီးတိုး မေးလိုက်၏။ "အစ်ကိုကော် ... အရှင်မင်းကြီးက မင်းသမီး ရောဂါဟောင်း ပြန်ထလာတယ်လို့ ပြောတယ်၊ ဘာရောဂါဖြစ်တာလဲ။"
ကော်ထျန်းယန်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ "အရှင်မင်းကြီးက မင်းကို မင်းသမီး အကြောင်း ပြောပြတာလား။"
"ဟုတ်တယ်။ ကျုပ်ကို ရောဂါ သွားကြည့်ခိုင်းသေးတယ်။"
ထိုစကားကို ကြားသောအခါ ကော်ထျန်းယန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
ဤသက်ပြင်းချသံကြောင့် ဖန်ကျန်းရီ၏ ရင်ထဲတွင် ပို၍ စိုးရိမ်လာမိ၏။
"မင်းသမီးက ... ထမင်းမစားဘူးလေ။ ပိန်သွားပြီ။"
"ဘာ။ ဒါပဲလား။ ထမင်းမစားတာလေးကိုများ။" ဖန်ကျန်းရီက ချက်ချင်း နားမလည်နိုင် ဖြစ်သွားသည်။
ကော်ထျန်းယန်က ဒေါသတကြီး ပြောလိုက်၏။ "ထမင်းမစားတာလေးကိုများ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မင်းသမီးလေးက မင်းမျိုးမင်းနွယ်လေ၊ သာမန် မိန်းကလေးတွေနဲ့ တူလို့လား။ အစာငတ်ပြီး ကျန်းမာရေး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။"
ထိုစကားကို ကြားမှသာ ဖန်ကျန်းရီ၏ စိတ်ထဲတွင် သက်သာရာ ရသွားသည်။
ထမင်းမစားတာက ဘာကိစ္စ ရှိလို့လဲ။ တောက် … လန့်သွားတာပဲ။
နောက်ခေတ်က ကောင်မလေးတွေ ရက်အနည်းငယ်လောက် ထမင်းမစားတာ ပုံမှန်ပဲလေ။ စားပြီး ပြန်အန်ထုတ်တဲ့ သူတွေတောင် အများကြီး ရှိသေးတယ်။
ဒါပေမဲ့ ဘာလို့ ထမင်းမစားတာလဲ။ ငါ့ကို သတိရနေလို့များလား။
ထိုသို့တွေးမိသောအခါ ဖန်ကျန်းရီက ညစ်ကျယ်ကျယ် ပြုံးလိုက်သော်လည်း ချက်ချင်း ပြန်လည် စိုးရိမ်လာပြန်၏။
မဖြစ်သေးဘူး။ အရင်တစ်ခေါက် မင်းသမီးကို နမ်းပြီးကတည်းက သွားမတွေ့တာ အတော်ကြာပြီပဲ။ ဒါက နှလုံးသားမရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးလား။ ကိုယ်က ဒီတစ်ခေါက် လက်ဗလာနဲ့ လာတာဆိုတော့ လွတ်မြောက်အောင် လုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။
ထိုအချိန်တွင် ဖန်ကျန်းရီက ကော်ထျန်းယန်ကို လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကော်။ ကျုပ် မင်းသမီးကို သွားကြည့်လိုက်ပါအုံးမယ်။"
ထိုသို့ပြောပြီးနောက် အလျင်အမြန် ထွက်ခွာသွား၏။
ကော်ထျန်းယန်က သူ၏ နောက်ကျောကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "အဲဒီဘက်က မင်လွမ် နန်းဆောင် သွားတဲ့လမ်း မဟုတ်ဘူး။ မင်း လမ်းမှားနေပြီ။"
ဖန်ကျန်းရီက နောက်ကိုပင် မလှည့်ကြည့်ဘဲ လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။
ဤအချိန်မျိုးတွင် မင်လွမ်နန်းဆောင်သို့ သွားရောက်ရန်မှာ လုံးဝ မသင့်လျော်ပေ။
မင်းသမီးသည် စိတ်သဘောထား ပြည့်ဝကာ နူးညံ့သိမ်မွေ့သူ ဖြစ်သော်ငြားလည်း အကယ်၍ စိတ်ကွက် အမျက်ထွက်နေပါက မည်သို့ ပြုလုပ်မည်နည်း။ မိန်းကလေးတိုင်းမှာ စိတ်ကောက်တတ်သည့် သဘာဝ ရှိစမြဲပင်။
အကယ်၍ မိမိကြောင့်သာ စိတ်အနှောင့်အယှက်ဖြစ်ကာ အစာအာဟာရ မဝင်နိုင်အောင် ဖြစ်နေရသည်ဆိုပါက ဤအတိုင်း မျက်နှာပြောင်တိုက်၍ မင်လွမ်နန်းဆောင်သို့ သွားရောက်ခြင်းသည် သေလမ်းကို ရှာဖွေခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ ကျိန်းသေပေါက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်သွားမှသာလျှင် သင့်လျော်ပေမည်။
ဖန်ကျန်းရီက ဘယ်လို ပြင်ဆင်ရမလဲ စဉ်းစားရင်း နန်းတွင်းမီးဖိုဆောင်သို့ အပြေးအလွှား သွားလိုက်၏။
နန်းတွင်းမီးဖိုဆောင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အထဲရှိ လူအားလုံးက အလုပ်များကို ရပ်တန့်ကာ ဖန်ကျန်းရီကို ပြိုင်တူ ကြည့်လိုက်ကြသည်။
လူတိုင်း၏ စိတ်ထဲတွင်လည်း အံ့အားသင့်နေကြ၏။ မိန်းမစိုးများနှင့် စားဖိုမှူးများမှလွဲ၍ ဤနေရာသို့ အရာရှိ ဝတ်စုံဖြင့် လာရောက်သူ လုံးဝ မရှိသလောက် ရှားပါးလှ၏။
ယနေ့ ဘယ်လို ဧည့်သည်မျိုး ရောက်လာသနည်း။ အရာရှိဝတ်စုံကို ကြည့်ရသည်မှာ အရာရှိကြီး တစ်ယောက်ဖြစ်ပုံပင်။
တာဝန်ခံ ဖြစ်ဟန်ရှိသော သူတစ်ယောက်က ဖန်ကျန်းရီထံ လျှောက်လာပြီး ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်သည်။ ပြီးနောက် မျက်နှာချိုသွေးကာ မေးလိုက်၏။ "အမတ်ကြီး ... နန်းတွင်းမီးဖိုဆောင်ကို ဘာကိစ္စများ ရှိလို့လဲ"
"ကျုပ်က ဖန်ကျန်းရီ ပါ။ နန်းတွင်းမီးဖိုဆောင်ကို ခဏလောက် သုံးချင်လို့ပါ။"
တာဝန်ခံမှာ အံ့အားသင့်စွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ "အမတ်ဖန် … အမတ်ဖန်မင်္ဂလာပါ။ အမှန်အတိုင်း ပြောရရင် အထက်က မိန်းမစိုးကြီးတွေရဲ့ အမိန့်မရှိဘဲ နန်းတွင်းမီးဖိုဆောင်ကို ငှားပေးလို့ မရပါဘူး။
ပြီးတော့ ... အမတ်ကြီးက နန်းတွင်းမီးဖိုဆောင်မှာ ဟင်းချက်မလို့လား။"
ဖန်ကျန်းရီက သူ့ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။ "ခင်ဗျားက နန်းတွင်းမီးဖိုဆောင် တာဝန်ခံလား။ ကျုပ် ဒီနေ့ နန်းတွင်းမီးဖိုဆောင်ကို သုံးပြီး ဟင်းနည်းနည်း ချက်မလို့ပါ။ မင်းသမီးလေး နေမကောင်းလို့ အရှင်မင်းကြီးက ကျုပ်ကို မင်းသမီးဆီ ရောဂါ သွားကြည့်ခိုင်းတာ။ ကျုပ်က အစားအသောက်နဲ့ ကုသတဲ့ နေရာမှာ အကျွမ်းကျင်ဆုံးပဲ၊ ခင်ဗျား မယုံရင် ကော်ပန်ပန် ကို သွားမေးကြည့်လိုက်။"
တာဝန်ခံက သတိမထားမိဘဲ ခေါင်းညိတ်လိုက်သည်။
မင်းသမီး ထမင်းသိပ်မစားဘူးဆိုသော ကိစ္စကို နန်းတွင်းမီးဖိုဆောင်မှ လူတိုင်း သိရှိကြ၏။ သို့ပေမည့် အရာရှိ ကိုယ်တိုင် ဟင်းချက်ခြင်းဆိုသည်မှာ အဘယ်မှာ ရှိသနည်း။
ထို့ကြောင့် သူက မဝံ့မရဲဖြင့် မေးလိုက်၏။ "အမတ်ဖန်... တကယ် လုပ်မှာ သေချာလား။"
ဖန်ကျန်းရီက မီးဖိုဆောင်ထဲသို့ လှမ်းဝင်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ အစုံအလင် ရှိနေသည်။
ပါဝင်ပစ္စည်းများကလည်း မျိုးစုံလင်ပြီး သပ်သပ်ရပ်ရပ် စီထား၏။
ဤသို့ကြည့်ရတာ မျက်စိပသာဒ ဖြစ်စေသော မီးဖိုချောင်မျိုးက တကယ်ကို ရှားပါးသည်။
"စကားများမနေနဲ့၊ ကျုပ် သေချာပေါက် လုပ်မှာပေါ့။ အရှင်မင်းကြီးရဲ့ အမိန့်ကို ဖီဆန်ရဲလို့လား။ ခင်ဗျားတို့ အလုပ် ခင်ဗျားတို့ လုပ်ကြ၊ ကျုပ်အတွက် နေရာလေး တစ်ခု ဖယ်ပေးထားရင် ရပြီ။"
ဖန်ကျန်းရီ၏ သဘောထား ပြတ်သားသည်ကို မြင်သောအခါ တာဝန်ခံလည်း ဆက်လက် တားဆီးခြင်း မပြုတော့ပေ။ ဤကဲ့သို့ ထူးဆန်းသော ကိစ္စမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် နေရာတစ်ခု ရှာပေးလိုက်၏။
စားဖိုမှူးများအားလုံး ယခုအချိန်တွင် အလုပ်လုပ်ချင်စိတ် မရှိကြတော့ချေ။ ရှားရှားပါးပါး မြင်ကွင်းမျိုးကို မည်သူကမှ လက်မလွှတ်ချင်ကြပေ။
လူအတော်များများက လက်ထဲမှ ပစ္စည်းများကို ချထားပြီး ဖန်ကျန်းရီကို ခိုးကြည့်နေကြသည်။
ဖန်ကျန်းရီက လူတိုင်း၏ အကြည့်ကို ခံနေရသော်လည်း လုံးဝ မကြောက်ရွံ့ဘဲ မီးဖိုချောင်ထဲတွင် နောက်တစ်ပတ် ထပ်ပတ်ကြည့်ပြီးနောက် စိတ်ထဲတွင် အစီအစဉ်တစ်ခု ဆွဲလိုက်၏။
"လာစမ်း၊ ဂျုံမှုန့်၊ တဆေး၊ ကြက်ဥ၊ နွားနို့၊ ပျားရည် တွေ ယူခဲ့ ... "
စကားပြောပြီးသော်လည်း နန်းတွင်းမီးဖိုဆောင်မှ မည်သူကမှ မလှုပ်ရဲကြချေ။ အားလုံးက စပ်စုသော အကြည့်များဖြင့် သူ့ကို ကြည့်နေဆဲ ဖြစ်သည်။
နန်းတွင်းမီးဖိုဆောင် တာဝန်ခံက အခြေအနေကို မြင်သောအခါ အမြန် ပြောလိုက်၏။ "မြန်မြန် လုပ်ကြလေ။ အမတ်ဖန်အတွက် မြန်မြန် ပြင်ပေးကြ။"
စကားဆုံးသည်နှင့် လူသုံးလေးယောက် ချက်ချင်း ထွက်လာပြီး ဖန်ကျန်းရီအတွက် ပါဝင်ပစ္စည်းများ ပြင်ဆင်ပေးကြသည်။
ပါဝင်ပစ္စည်းများ အားလုံး အဆင်သင့် ဖြစ်သွားသောအခါ ဖန်ကျန်းရီက မလှမ်းမကမ်းရှိ မြေမီးဖိုကို လက်ညှိုး ထိုးပြလိုက်၏။ "အဲဒါ သုံးလို့ရတယ် မဟုတ်လား။ ခဏနေရင် မီးမွှေးပေးထား၊ မီးနည်းနည်းပဲ ထားနော်။"
တာဝန်ခံက ခေါင်းဆက်တိုက် ညိတ်ပြပြီး စိတ်လှုပ်ရှားစွာဖြင့် ကိုယ်တိုင် သွားရောက် မီးမွှေးပေးသည်။
စိတ်ဝင်စားစရာ ကောင်းလာပြီ။ ဒီအခြေအနေကို ကြည့်ရတာ ဒီအမတ်ကြီးဖန်က တကယ်ပဲ ကိုယ်တိုင် ဟင်းချက်တော့မယ့်ပုံပဲ။
ထူးဆန်းလိုက်တာ။
အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ဖန်ကျန်းရီက အာရုံစိုက်ကာ ဂျုံမှုန့်များကို စဉ်းတီတုံးပေါ် လောင်းချလိုက်ပြီး နွားနို့ ထည့်လိုက်၏။
စားဖိုမှူး အုပ်စုက စိတ်လှုပ်ရှားစွာဖြင့် တီးတိုး လက်ညှိုးထိုး ပြောဆိုနေကြသည်။
"ကြည့်စမ်း ... သူ ဂျုံနယ်တတ်တယ်ဟ။"
"ဂျုံနယ်နေပြီ။ ဂျုံနယ်နေပြီ။"
"တိုးတိုးနေစမ်းပါ၊ မင်းတို့ သေချင်နေတာလား။"