← Chapters

အခန်း ၃၇၈

Vol. 21 Ch. 378

အခန်း ၃၇၈

Vol. 21 Ch. 378

အပိုင်း (၃၇၈) မင်းသမီးလေးရေ … ကျုပ် လာပြီ

ဘယ်လောက်ကြာအောင် နယ်နေမိမှန်းမသိပေ။ ဖန်ကျန်းရီ၏ နဖူးတွင် ချွေးများပင် အနည်းငယ် စို့လာခဲ့သည်။

ဟင်းချက်ခြင်းဆိုသည်မှာ တကယ့်ကို ပညာရပ်တစ်ခုပင် ဖြစ်သည်။ အသုံးမပြုပါက ဆုတ်ယုတ်သွားတတ်၏။ အချိန်အတော်ကြာအောင် ဟင်းမချက်ခဲ့သဖြင့် သူ၏ လက်ရာများမှာ အလွန် အစိမ်းသက်သက် ဖြစ်နေ၏။

ယခင်ဘဝ အလုပ်ကြမ်းသမား ဘဝဖြင့် အငှားအခန်းလေးတွင် နေစဉ်က အားလပ်ချိန်များ၌ Douyin (TikTok) ကို ကြည့်ကာ ဟင်းချက်နည်းများကို လေ့လာခဲ့ဖူးသည်။

ဝိညာဉ်ကူးပြောင်းလာပြီးနောက် တောက်ယွမ်ခရိုင်ရှိ ဟင်းလျာအများအပြားမှာလည်း သူ၏ ဟင်းချက်စွမ်းရည် အနည်းငယ်ဖြင့် တီထွင်ဖန်တီးထားခြင်း ဖြစ်၏။

သို့သော်ငြား ချမ်းသာလာပြီးနောက်ပိုင်းတွင်တော့ သူ ကိုယ်တိုင် ဟင်းချက်လေ့မရှိတော့ဘဲ များသောအားဖြင့် ရှောင်ထောင်ကသာ ချက်ပြုတ်ပေးလေ့ရှိသည်။

ယခုအချိန်တွင်တော့ အခက်အခဲကြုံမှသာ ပညာရပ်၏ တန်ဖိုးကို သိရသည် ဟူသော ခံစားချက်မျိုး အနည်းငယ် ဖြစ်ပေါ်လာ၏။

ဟင်းချက်စွမ်းရည် ကောင်းမွန်ခြင်းက ဘယ်နေရာရောက်ရောက် အသုံးဝင်သည်။ ဤဟင်းချက်ပညာကို နောက်ပိုင်း ပြန်ပြီး လေ့ကျင့်ရအုံးမည်။

အချိန်အနည်းငယ် ထပ်မံ ကြာမြင့်သွားသည်။

ဂျုံနယ်ပြီးသွားပြီး တဆေး မရှိသဖြင့် အချဉ်ဖောက်ထားသော ဂျုံဟောင်း အနည်းငယ်ကို ရောစပ်ကာ နှပ်ထားရန် ချထားလိုက်၏။

ယခုမှသာ ခဏ အနားယူနိုင်တော့သည်။

မြေပြင်ပေါ်ရှိ ခုံပုလေးပေါ်တွင် ထိုင်ကာ ဖန်ကျန်းရီက သခွားသီးကို တိတ်ဆိတ်စွာ ကိုက်စားနေ၏။

သူ၏ အရာရှိဟန်များ လုံးဝ ပျောက်ကွယ်နေသည်ကို မြင်သောအခါ နန်းတွင်းမီးဖိုဆောင် တာဝန်ခံက မျက်နှာသုတ်ပဝါ တစ်ထည်ကို ယူကာ အနားသို့ ကပ်လာပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။ "အမတ်ဖန် …. အမတ်ကြီးရဲ့ မျက်နှာမှာ ဂျုံမှုန့်တွေ ပေနေပြီ၊ သုတ်လိုက်ပါအုံး။"

"အော် ... အများကြီး ပေနေလား။"

"အများကြီးတော့ မဟုတ်ပါဘူး။"

"သိသာလား။"

"သိပ်မသိသာပါဘူး။"

"ဒါဆို မသုတ်တော့ဘူး။"

တာဝန်ခံက မျက်နှာသုတ်ပဝါကို ချထားလိုက်ပြီး ဖန်ကျန်းရီ၏ ဘေးတွင် မျက်နှာချိုသွေးကာ ဆောင့်ကြောင့်ထိုင်လျက် သတိထား၍ မေးလိုက်၏။ "အမတ်ဖန်၊ အမတ်ကြီး အခုလုပ်နေတာ ဘာလဲဆိုတာ မေးလို့ရမလား။"

"ပေါင်မုန့်လေးတွေလေ။"

တာဝန်ခံက ကိုယ်ကို ကိုင်းကာ ထရပ်လိုက်ပြီး မီးဖိုချောင်ထဲရှိ စားဖိုမှူးများကို အကဲခတ်ကြည့်လိုက်၏။

စားဖိုမှူး အားလုံးက ခေါင်းယမ်းပြကြသည်။

ပေါင်မုန့်လေးတွေ ဆိုတာ ဘာပစ္စည်းလဲ။ မည်သူမှ မကြားဖူးကြပေ။ ထို့အပြင် ပါဝင်ပစ္စည်းများကလည်း အတော်လေး ထူးခြားနေ၏။

နွားနို့၊ ပျားရည် တွေလည်း ပါသေးသည်ဆိုတော့ အရသာတော့ သေချာပေါက် ကောင်းပေလိမ့်မည်။

ဖန်ကျန်းရီက မျက်လုံးပင့်ကြည့်လိုက်ရာ လူတိုင်း၏ မျက်လုံးများထဲတွင် စပ်စုချင်စိတ်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ပြုံးလိုက်သည်။ "မလောပါနဲ့။ ဒီတစ်ခါ အများကြီး လုပ်ထားတယ်။ ကျုပ် ဖုတ်ပြီးသွားရင် ခင်ဗျားတို့ အားလုံး ကျုပ်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ကြပေါ့။"

ထိုစကားကို ကြားသောအခါ တာဝန်ခံ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဖြာကျသွား၏။

တကယ်ကို မာနမကြီးတဲ့ သူပဲ။ သာမန် အရာရှိကြီးတွေဆိုရင် နန်းတော်ထဲမှာ အမှတ်မထင် တွေ့ရင်တောင် ရှောင်သွားကြသည်ချည်းပင်။

"ကျေးဇူးတင်ပါတယ် အမတ်ဖန်။ ဒါပေမဲ့ ... ဒါက သင့်တော်ပါ့မလား။"

"သင့်တော်တယ်။ ကျုပ် သင့်တော်တယ်လို့ ပြောရင် သင့်တော်တာပဲ။ စားရုံပဲ။"

...

ဂျုံမှုန့်များ နှပ်ပြီးသွားပြီ ဖြစ်ရာ ဖန်ကျန်းရီက လေများ ထွက်သွားအောင် ပြန်နယ်ပြီး လက်မအရွယ်အစားရှိ အလုံးလေးများ အဖြစ် ခွဲထုတ်လိုက်၏။

ယခုအချိန်တွင် စားဖိုမှူး အများအပြားမှာလည်း အကြောက်အလန့် ပြေသွားကြပြီး တက်ကြွစွာ ဝင်ရောက် ကူညီပေးသူများပင် ရှိလာသည်။

ကူညီပေးရင်းနှင့် အားလုံး နားလည်သွားကြ၏။

ဤအရာက ပေါက်စီ ပေါင်းသည်နှင့် နည်းနည်း တူသည်။ သို့ပေမည့် ပေါင်းခြင်း မဟုတ်ဘဲ ဖုတ်ခြင်း ဖြစ်ပုံပေါ်သည်။ စားဖိုမှူးများလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။

ဂျုံလုံးလေးများကို တစ်ခုချင်းစီ စီစီရီရီ တင်ထားပြီး မျက်နှာပြင်ပေါ်တွင် ကြက်ဥအနှစ်များ သုတ်လိမ်းလိုက်သည်။ ထို့နောက် ဆီသုတ်ထားသော ကြေးဖလားထဲတွင် ထည့်ကာ မီးဖိုထဲသို့ သွင်းလိုက်ချိန်တွင်တော့ လုပ်ငန်းစဉ်များ နီးပါး ပြီးဆုံးသွားပြီ ဖြစ်၏။

အချိန်အတော်ကြာအောင် ဟင်းမချက်ခဲ့သဖြင့် အမှားအယွင်း ဖြစ်မည်ကို ဖန်ကျန်းရီ အလွန် စိုးရိမ်နေသည်။

ထို့ကြောင့် ဂျုံများကို ပိုနယ်ထားပြီး အများကြီး ပိုလုပ်ထားခြင်း ဖြစ်၏။

အခန်းထဲရှိ လူတိုင်းက ပေါင်မုန့်လေးများ မီးဖိုထဲမှ ထွက်လာမည့် အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ ရင်းနှီးကျွမ်းဝင်သော မွှေးကြိုင်သည့် အနံ့လေး ထွက်ပေါ်လာချိန်မှသာ ဖန်ကျန်းရီ သက်ပြင်းချနိုင်သွားသည်။။

တော်သေးတာပေါ့၊ ပြီးသွားပြီ။ အချိန်တော်တော် ကုန်သွားတယ်။

ယခုအချိန်တွင် နန်းတွင်းမီးဖိုဆောင်မှ လူများလည်း အံ့အားသင့် ဝမ်းသာစွာဖြင့် အနံ့ခံနေကြ၏။

လေထုထဲတွင် ပျံ့လွင့်နေသော ဤချိုမြိန် မွှေးကြိုင်သော အနံ့လေးက တကယ်ကို ဆွဲဆောင်မှု ရှိလှပေသည်။ တစ်ခါမှမရဖူးသေးသော အနံ့ကောင်းလေးပင်။ ထို့အပြင် နန်းတွင်းအမတ်ကြီး တစ်ယောက်၏ လက်ရာ ဖြစ်သောကြောင့် …

"လာ၊ ပေါင်မုန့်တွေကို ထုတ်လိုက်တော့။" ဖန်ကျန်းရီက လှမ်းအော်လိုက်သည်။

စားဖိုမှူးနှစ်ယောက်က မီးဖိုထဲမှ ကြေးဖလားကို အလျင်အမြန် ဆွဲထုတ်လာပြီး ကြည့်လိုက်ရာ ရွှေရောင် ဝင်းလက်နေသော ပေါင်မုန့်လေးများကို တွေ့လိုက်ရပြီး အဖြူရောင် အငွေ့လေးများက ဖြည်းညှင်းစွာ ထွက်ပေါ်နေ၏။

မီးဖို၏ အပူရှိန် မညီမျှမှုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ဖလားနှစ်လုံးမှာတော့ ပျက်စီးသွားပြီး အတော်လေး တူးသွားသည်။

သို့ပေမည့် တော်တော်များများ အောင်မြင်လျှင် အဆင်ပြေ၏။ ဖန်ကျန်းရီက လူများကို လက်ယပ်ခေါ်လိုက်၏။ "လာ … ဒီပေါင်မုန့်လေးတွေ ဘယ်လိုနေလဲ မြည်းကြည့်ကြ။"

စားဖိုမှူးများ အားလုံး ဝိုင်းအုံလာကြသော်လည်း ဖလားထဲရှိ ပေါင်မုန့်များကို ကြည့်ကာ ယူရန် တွန့်ဆုတ် နေကြသည်။

"ကြိုက်သလို ယူစားကြ။ ကျုပ်အတွက် အကောင်းဆုံး တစ်ဖလား ချန်ထားခဲ့ရင် ရပြီ။"

ဖန်ကျန်းရီက ဤမျှ သဘောထား ကြီးနေသည်ကို မြင်သောအခါ စားဖိုမှူးများလည်း မတွေဝေတော့ဘဲ ရှေ့တိုးကာ တစ်ခုစီ ယူလိုက်ကြ၏။

တာဝန်ခံက အသွက်ဆုံးဖြစ်ရာ ပုံပန်းသဏ္ဌာန် အလှဆုံး တစ်ခုကို လုယူနိုင်ခဲ့သည်။

သို့ပေမည့် အပူရှိန် မကျသေးသဖြင့် ပေါင်မုန့်မှာ အလွန်ပူနေဆဲဖြစ်ရာ ဘယ်ညာ လက်ပြောင်းကာ အဆက်မပြတ် ပစ်တင်နေရ၏။

အနည်းငယ် အေးသွားချိန်မှသာ သတိထား၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဖန်ကျန်းရီက သူ့ကို ကြည့်ကာ အနည်းငယ် စိုးရိမ်တကြီး မေးလိုက်၏။ "ဘယ်လိုလဲ။ အရသာ ကောင်းရဲ့လား။"

တာဝန်ခံက နောက်ထပ် နှစ်ကိုက်ခန့် ထပ်ကိုက်လိုက်ပြီး ဖန်ကျန်းရီကို ကြည့်ကာ ခေါင်းဆက်တိုက် ညိတ်ပြလိုက်သည်။ "ချိုတယ်။ တကယ်ကို နူးညံ့တာပဲ။"

ဖန်ကျန်းရီက အခြားသူများ ဘက်သို့ လှည့်ကာ မေးလိုက်ပြန်၏။ "ခင်ဗျားတို့ကော …. စားရတာ အရသာ ရှိလား။"

"အရသာရှိတယ်။"

လူတိုင်းက ပြိုင်တူ အော်ဟစ်လိုက်ကြပြီး မျက်နှာတွင်လည်း ဝမ်းသာပျော်ရွှင်သော အမူအရာများ အပြည့် ရှိနေသည်။

"ပျားရည်အနံ့လေးနဲ့ ကြက်ဥအနံ့လေး ပါတော့ ပေါက်စီထက် အများကြီး ပိုကောင်းတယ်။"

"နို့အနံ့လေးလည်း မွှေးနေတာပဲ၊ အမျှင်လေးတွေတောင် ပါသေးတယ် ... "

မထင်ထားဘူး။ ဒီအမတ်ဖန်က တကယ်ကို တော်တာပဲ။

အရာရှိကြီး တစ်ယောက် ဖြစ်ပေမဲ့ ဟင်းချက်ရာမှာလည်း တကယ်ကို ကျွမ်းကျင်တာပဲ။ အရာရာကို တတ်ကျွမ်းတဲ့ လူစွမ်းကောင်းပဲ။

ဤအချိန်တွင် နှစ်နာရီကြာအောင် အလုပ်ရှုပ်ခဲ့ရသော စားဖိုမှူးဖန် ကလည်း နောက်ဆုံးတွင် ကျေနပ်သော အပြုံးတစ်ခုကို ပြသနိုင်ခဲ့ပြီ ဖြစ်၏။

"ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်အတွက် ထမင်းချိုင့် တစ်ခု ရှာပေးပြီး အလှဆုံး ပေါင်မုန့်လေးတွေကို ထည့်ပေးပါအုံး။ ပြီးတော့ အအေးဟင်း နှစ်ပွဲလောက်လည်း လုပ်ပေးပါ။"

"အာ ... ပြီးတော့ ဒီတူးသွားတဲ့ ဟာတွေလည်း ... ကျုပ်ကို ထည့်ပေးလိုက်ပါ။ အောက်ဆုံးအထပ်မှာ ထည့်လိုက်နော်။ ကျန်တာတွေကိုတော့ အားလုံး ခွဲစားလိုက်ကြတော့။"

တာဝန်ခံက ခေါင်းညိတ် သဘောတူလိုက်ပြီး ထမင်းချိုင့် ပြင်ဆင်ရန် အလျင်အမြန် စီစဉ်ခိုင်းလိုက်သည်။ ထို့နောက် ဖန်ကျန်းရီ အနားသို့ ရောက်လာပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။ "အမတ်ဖန်... ကျုပ်မှာ မတောင်းဆိုသင့်တဲ့ တောင်းဆိုမှုလေး တစ်ခု ရှိပါတယ် ... ဒီပေါင်မုန့်လေးတွေကို နောက်ပိုင်း ကျုပ်တို့ လုပ်ခွင့် ရှိမလား။"

တာဝန်ခံ၏ ရင်ထဲတွင် အမှန်တကယ်တော့ အလွန် စိုးရိမ်နေ၏။

စားဖိုမှူးဟူသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင် လူတိုင်း၌ မိမိတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက် အတတ်ပညာများ ရှိတတ်ကြစမြဲပင်။ ဤသည်မှာ နန်းတွင်း၌ပင်လျှင် ရေရှည် ရှင်သန်ရပ်တည်နိုင်ရန် အဓိကကျသော သော့ချက်တစ်ရပ် ဖြစ်သည်။

ပုံမှန်အချိန်များတွင်မူ မည်သူကမှ လာရောက်မေးမြန်းခြင်း မရှိကြသကဲ့သို့ မေးမြန်းရန်လည်း ဝံ့ရဲကြမည် မဟုတ်ပေ။ ပထမအကြောင်းရင်းမှာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ရာ ရောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ အလွန် ရိုင်းပျရာကျသောကြောင့် ဖြစ်၏။

သို့ရာတွင် ဖန်ကျန်းရီ၏ ရာထူးအဆင့်အတန်းမှာ ထူးခြားလှသည်။ တာဝန်ခံ၏ အမြင်တွင် ဤမျှ ကြီးကျယ်မြင့်မြတ်သော အရာရှိကြီးတစ်ဦးအနေဖြင့် သာမန် စားဖိုမှူးလေးတစ်ဦး၏ စည်းကမ်းများကို ဂရုတစိုက် ရှိနေမည်မဟုတ်ဟု ထင်မြင်ထားခြင်းက တစ်ကြောင်း ၎င်း၏ သဘောထားမှာလည်း နူးညံ့သိမ်မွေ့နေခြင်းက တစ်ကြောင်းတို့ကြောင့် ယခုကဲ့သို့ အရှက်အကြောက်ကင်းမဲ့စွာဖြင့် လာရောက် မေးမြန်းဝံ့ခြင်းပင် ဖြစ်သည်။

ဤပေါင်မုန့်ဖုတ်လုပ်နည်းကို သင်ယူတတ်မြောက်သွားပါက အထက်လူကြီးများကလည်း အလွန်ပင် နှစ်သက်သဘောကျကြမည်မှာ အသေအချာပင်။ ထိုသို့ဆိုလျှင် နောင်တစ်ချိန်၌ နန်းတွင်းမီးဖိုဆောင်မှာလည်း ဆုတော်လာဘ်တော်များ ချီးမြှင့်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထို့အပြင် ဤအရာကို နှစ်သက်သဘောကျမည့်သူများ များစွာရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍ မင်းသမီးလေး သုံးဆောင် နှစ်သက်သဘောကျသွားခဲ့မည် ဆိုပါလျှင်လည်း အမတ်ဖန် ကိုယ်တိုင် အချိန်ပြည့် လာရောက် ဖုတ်လုပ်ပေးနေရန် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ပေ။

ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါးဖြင့် လက်ကာပြလိုက်၏။ "လုပ်ကြလေ၊ ခင်ဗျားတို့ လုပ်လို့ ရပါတယ်။ မလုပ်တတ်သေးရင်လည်း ကျုပ် ရေးပေးခဲ့မယ်၊ ကိစ္စမရှိပါဘူး။"

ဤအခိုက်အတန့်တွင် နန်းတွင်းမီးဖိုဆောင်ရှိ စားဖိုမှူး အားလုံး ကြောင်အမ်းသွားကြသည်။

လူကောင်း။ တကယ့် လူကောင်းကြီးပဲ။

ဒါက ... ချမ်းသာစေနိုင်တဲ့ လျှို့ဝှက်ချက်လေ။ နောက်ပိုင်း နန်းတော်ကနေ ထွက်သွားရင်တောင် ကိုယ်ပိုင် စီးပွားရေးလေး လုပ်ပြီး အများကြီး မြတ်နိုင်တယ်။

အမတ်ဖန်က သူတို့ကို ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ... တကယ်ကို ကြည်နူးစရာပဲ။

"အမတ်ဖန်ကို ကျေးဇူးတင်ပါတယ်။" လူတိုင်းက ပြိုင်တူ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။

ဖန်ကျန်းရီမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး နားကို လက်ဖြင့် ကလော်ရင်း တွေးလိုက်၏။

တောက် … ဒီလောက် ကျယ်ကျယ် အော်ရလား။ နားစည်တောင် ကွဲတော့မလို့ပဲ။

"ရပါပြီ။ အားနာစရာ မလိုပါဘူး။ ကျုပ် သွားတော့မယ်။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက ထမင်းချိုင့်ကို ဆွဲကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားသည်။

ယခုဆိုလျှင် ကောင်းကင်ယံကြီးပင် မှောင်မိုက်နေပြီဖြစ်သည်။ အချိန်အနည်းငယ် ကြာသွားပါက သူ၏ ချစ်လှစွာသော မင်းသမီးလေး အိပ်မောကျသွားမည်ကို စိုးရိမ်မိသည်။

အိပ်ပျော်သွားလေပြီလား။ အိပ်ပျော်သွားခဲ့လျှင်လည်း ကောင်းပေသည်သာ။ သို့ရာတွင် ယခုအခါ ညမထွက်ရအမိန့် ရှိနေပြီဖြစ်ရာ သတိတရားဖြင့် သွားလာမှသာလျှင် သင့်လျော်ပေမည်။

နန်းတွင်းမီးဖိုဆောင်မှ ထွက်ရန် ပြင်လိုက်စဉ် တာဝန်ခံက ဖန်ကျန်းရီကို အလျင်အမြန် ဆွဲထားလိုက်သည်။ ပြီးနောက် ကြည်နူးနေသော မျက်နှာဖြင့် ပြောလိုက်၏။ "အမတ်ဖန်... နောက်ပိုင်း နန်းတွင်းမီးဖိုဆောင်ကို ရောက်ရင် စားချင်တာ ရှိရင် ပြောပါနော်။"

ဖန်ကျန်းရီက ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ "သိပါပြီ။ လူစုခွဲကြတော့၊ လိုက်မပို့နဲ့တော့။ ကျုပ် သွားပြီ။"

"အမတ်ဖန်ဖြည်းဖြည်းသွားပါ။" စားဖိုမှူးများက တံခါးဝတွင် စုရုံးကာ အလျင်စလို ထွက်ခွာသွားသော ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ပြီး နှုတ်ဆက်လိုက်ကြ၏။

ဖန်ကျန်းရီက ထမင်းချိုင့်ကို ကိုင်ကာ မင်လွမ်နန်းဆောင်သို့ ခြေလှမ်းသွက်သွက်ဖြင့် သွားနေရင်း ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည်။

"ဟဲဟဲဟဲ ... မင်းသမီးလေးရေ ကျုပ် လာပြီ။"

All Chapters