အခန်း ၃၇၉
Vol. 21 Ch. 379
အပိုင်း (၃၇၉) လက်ဖက်ရည်ကြမ်းလေးလိုပါပဲ။
ညအမှောင်ကို အခွင့်ကောင်းယူကာ ဖန်ကျန်းရီသည် မင်လွမ်နန်းဆောင်သို့ ပြေးလာခဲ့သည်။
လမ်းတစ်လျှောက် အန္တရာယ်ကင်းစွာဖြင့် ရောက်ရှိလာခဲ့၏။
သိပ်မကြာခင်မှာပင် နန်းတွင်းကိုယ်ရံတော်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော်လည်း ထမင်းချိုင့်ကို စစ်ဆေးပြီးနောက် မင်လွမ်နန်းဆောင်သို့ ခေါ်ဆောင်သွားပေးခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နန်းတွင်းအစေခံမလေးက ဖန်ကျန်းရီကို မှတ်မိနေသဖြင့် ဖုံးကွယ်ပေးလိုက်ရာ အခြေအနေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့၏။
ကိုယ်ရံတော်များ ထွက်သွားချိန်မှသာ ဖန်ကျန်းရီ သက်ပြင်းချနိုင်တော့သည်။ သို့နှင့် နန်းတွင်းအစေခံမလေးကို ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် .. ကျေးဇူးတင်ပါတယ်။ အခု မင်းသမီးက ဘယ်မှာလဲ။ ကျုပ် သွားတွေ့မယ်။"
နန်းတွင်းအစေခံမလေးက ခေါင်းကို အဆက်မပြတ် ခါယမ်းပြလိုက်၏။ "အမတ်ဖန် … မင်းသမီးက အခုအချိန်ဆို အိပ်ရာဝင်နေပါပြီ။ အမတ်ကြီး ပြန်တာ ပိုကောင်းမယ်ထင်တယ်။ ပစ္စည်းတွေကို ဒီမှာ ထားခဲ့လို့ ရပါတယ်။ မနက်ဖြန်ကျရင် ကျွန်မ မင်းသမီးကို ပေးလိုက်ပါ့မယ်။"
အိပ်နေပြီ ဟုတ်လား။
ဘယ်အချိန် ရှိသေးလို့လဲ။ ဒီအရွယ်လေးနဲ့ ဒီအချိန်ကြီး ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ။
ဖန်ကျန်းရီက မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဒါမှမဟုတ် ... အထဲဝင်ပြီး သတင်းလေး သွားပို့ကြည့်ပါလား။ မနက်ဖြန်ဆို ကျုပ် လာဖို့ အချိန်မရတော့ဘူး။"
နန်းတွင်းအစေခံမလေးက မျက်မှောင်ကြုတ်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
မင်းသမီး၏ အကြောင်းကို သူမ သိထားသလောက်ဆိုလျှင် ဖန်ကျန်းရီကို သေချာပေါက် တွေ့ချင်မှာပင်။ သို့ပေမည့် အချိန်က အလွန်နောက်ကျနေလေသည်။
ညဘက်ကြီး လူတွေ့ဖို့လာသည်မှာ အဘယ်မှာ ရှိဖူးသနည်း။ အကယ်၍ မဟုတ်တရုတ် သတင်းတွေ ပြန့်သွားလျှင် မင်းသမီး၏ ဂုဏ်သိက္ခာ အများကြီး ထိခိုက်ပေလိမ့်မည်။
"အမတ်ကြီး ... "
"မြန်မြန်သွား … မြန်မြန်သွား။"
နန်းတွင်းအစေခံမလေး စကားမဆုံးမီ ဖန်ကျန်းရီက စိတ်မရှည်တော့ဘဲ သူမကို အထဲသို့ အတင်း တွန်းပို့လိုက်၏။
အခြေအနေက ဤသို့ဖြစ်နေပြီဖြစ်ရာ နန်းတွင်းအစေခံမလေးလည်း နှုတ်ခမ်းမဲ့၍ မကျေမနပ်ဖြင့် သတင်းပို့ရန် အပြေးအလွှား သွားရတော့သည်။
ဖန်ကျန်းရီက ထမင်းချိုင့်ကို ကိုင်ကာ ပေါင်မုန့်၏ မွှေးကြိုင်သော အနံ့လေးကို ရှူရှိုက်ရင်း အပြင်ဘက်တွင် လမ်းလျှောက်နေ၏။
ခဏနေ မင်းသမီး စားရရင် သေချာပေါက် အရမ်း ကြိုက်သွားမှာပဲ။ ငါ့ရဲ့ ပျားရည်နွားနို့ ပေါင်မုန့်လေးက မဆိုးဘူး။
ဒီလောက်ကြာအောင် မတွေ့ရတာ၊ ခဏနေရင် ဘာတွေ ပြောရမလဲ။
ခဏအကြာတွင် နန်းတွင်းအစေခံမလေးသည် ခြေလှမ်းတိုလေးများဖြင့် ဖန်ကျန်းရီထံ အလျင်အမြန် လျှောက်လာ၏။
ဖန်ကျန်းရီက သူမကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
နန်းတွင်းအစေခံမလေးက တည်ငြိမ်စွာ ပြောလိုက်၏။ "အမတ်ဖန်၊ ပြန်ပါတော့ ... မင်းသမီးက အနားယူနေပြီမို့ ဧည့်သည် မတွေ့တော့ပါဘူးတဲ့။"
"..."
ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် ချက်ချင်း လေးလံသွားသည်။
ဟင် … မဖြစ်နိုင်ဘူး။ ငါ ဘယ်တုန်းက လာလာ မင်းသမီးက ဘယ်မှာ ငြင်းဖူးလို့လဲ။
ဒါမှမဟုတ် အချိန်အတော်ကြာအောင် မလာလို့ တကယ် စိတ်ဆိုးနေတာလား။
မဟုတ်သေးဘူး ... မိန်းမတွေက မလိုချင်ဘူးလို့ ပြောတာ လိုချင်တာပဲလေ။ တွေ့ကို တွေ့ရမယ် မဟုတ်လို့ ထွက်သွားလိုက်ရင် ပိုပြီး စိတ်ဆိုးသွားလိမ့်မယ်။
အချက်အချာကို သဘောပေါက်သွားသဖြင့် ဖန်ကျန်းရီက ခြေလှမ်းစတင်ကာ အထဲသို့ ဝင်ရန် ပြင်လိုက်၏။
နန်းတွင်းအစေခံမလေးက လက်နှစ်ဖက်ကို ဆန့်တန်းကာ ကမန်းကတန်း တားဆီးလိုက်ပြီး ထိတ်လန့်တကြား အော်လိုက်သည်။ "အမတ်ဖန် … ဘာလုပ်မလို့လဲ။ မင်းသမီးက မတွေ့ချင်ဘူးလို့ ပြောတယ်လေ။"
"တကယ်လား။ ကျုပ် မယုံဘူး။"
နန်းတွင်းအစေခံမလေးကို တွန်းဖယ်ကာ ဖန်ကျန်းရီက အထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်သွားရာ နန်းတွင်းအစေခံမလေးလည်း အနောက်မှ အပြေးအလွှား လိုက်ပါသွား၏။
သူတို့နှစ်ဦး အပြေးအလွှား လိုက်လာပြီးနောက် မင်းသမီး၏ အခန်းပေါက်ဝသို့ ရောက်ချိန်မှသာ ဖန်ကျန်းရီ ရပ်တန့်လိုက်သည်။
အပြင်ဘက်က ကြည့်ရတာ ဒါက မင်းသမီးရဲ့ အိပ်ခန်း ဖြစ်ရမယ် ... ဟုတ်ပြီ။ ဒါသေချာတယ်။
နန်းတွင်းအစေခံမလေးလည်း အနောက်မှ ရပ်တန့်သွားပြီး အမောတကောဖြင့် တောင်းပန်လိုက်၏။ "အမတ်ဖန် … မင်းသမီးက တကယ် အနားယူနေပါပြီ၊ မြန်မြန် ပြန်ပါတော့။"
"တကယ်လို့ တခြားသူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ။ မနက်ဖြန် နေ့လယ်လောက်မှ ပြန်လာခဲ့ပါလား။"
"ရှူး ... "
ဖန်ကျန်းရီက နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် ပြလိုက်၏။ "တိုးတိုးနေ … ကျုပ် မင်းသမီးကို မေးကြည့်မယ်။ တကယ်လို့ မတွေ့ချင်ဘူးဆိုရင် ကျုပ် အခုချက်ချင်း ပြန်မယ်။ မင်း တစ်ဖက်မှာ သွားကြည့်ပေးထား၊ တခြားသူတွေ မလာစေနဲ့။"
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက ငွေစက္ကူ တစ်ရွက် ထုတ်ကာ ကမ်းပေးလိုက်သည်။
နန်းတွင်းအစေခံမလေးက ငွေစက္ကူကို တစ်လှည့်၊ ဖန်ကျန်းရီကို တစ်လှည့် ကြည့်ကာ ဘဝ၏ အကြီးမားဆုံးသော တွေဝေမှုကြီးထဲသို့ ကျရောက်သွား၏။
ခဏအကြာတွင်တော့ လက်ခံလိုက်သည်။
"ဒါဆိုရင် ... အမြန်လုပ်နော် ... " နန်းတွင်းအစေခံမလေးက ပြောပြီးသည်နှင့် ထောင့်ချိုးနေရာသို့ သတိထား၍ သွားရောက် ကင်းစောင့်ပေးနေ၏။
သူမ ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက အခန်းပေါက်ဝတွင် ရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး မိမိကိုယ်ကိုယ် အားပေးလိုက်သည်။
ရုပ်ရည်ချောမောတယ်၊ အင်အားကြီးတယ်၊ ငွေပေါတယ်၊ အချိန်အားတယ်၊ ငါ့မှာ အကုန်ရှိတာပဲ။ ကောင်မလေး စိတ်ဆိုးတာကို မချော့နိုင်စရာ အကြောင်းရှိလို့လား။ မရှိနိုင်ဘူးလေ။
ထို့နောက် တံခါးကို နှစ်ချက်ခေါက်ကာ တိုးတိုးလေး မေးလိုက်၏။ "မင်းသမီး ... အိပ်ပြီလား။"
...
အခန်းထဲတွင် လီမြောင်ဟန်သည် ဆွတ်ဆွတ်ဖြူသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲရှေ့တွင် ထိုင်နေ၏။
တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်ခုံးများ အနည်းငယ် ကုပ်ဝ၍်သွားသည်။
ဖန်ကျန်းရီက သူမကို တစ်ချက် နမ်းပြီးတည်းက လုံးဝ အရိပ်အယောင် ပျောက်သွားခဲ့သည်။
သူမမှာ အရူးတစ်ယောက်ပမာ သူ နောက်တစ်ကြိမ် ရောက်လာမည့်အချိန်ကို နေ့စဉ်ရက်ဆက် စောင့်မျှော်နေခဲ့မိသည်။
သို့တိုင်အောင် တစ်ကြိမ်တစ်ခါမျှ ရောက်လာလိမ့်မည်မဟုတ်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ဤသည်မှာ အလွန်တရာမှ ရိုင်းပျလွန်းသည့် လုပ်ရပ် ဖြစ်၏။
အသက်မပါသည့် ရွှံ့ရုပ်ကလေးပင်လျှင် အမျက်ထွက်တတ်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် လီမြောင်ဟန်မှာ သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်သော်ငြားလည်း ယခုအခါတွင်မူ ရင်တွင်း၌ ဒေါသတရားတို့ ကိန်းအောင်းနေပြီ ဖြစ်သည်။
တံခါးအပြင်ဘက်က လှုပ်လှုပ်ရှားရှား အရိပ်ကို ကြည့်ရင်း လီမြောင်ဟန်၏ ရင်ထဲတွင် နာကျင်မှု တစ်ခု ဖြစ်ပေါ်လာ၏။ သို့နှင့် နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်သည်။ "အိပ်ပြီ။"
တံခါးအပြင်ဘက်တွင် ဖန်ကျန်းရီသည် လီမြောင်ဟန်၏ အသံကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အလွန် ဝမ်းသာသွားသည်။
ဆန့်ကျင်ဘက် စကားတွေပဲ။ အကုန်လုံးက ဆန့်ကျင်ဘက် စကားတွေပဲ။
"ဒါဆို ကျုပ် ဝင်လာပြီနော်။" ထိုသို့ပြောပြီးနောက် တံခါးကို တွန်းဖွင့်လိုက်၏။
လီမြောင်ဟန်၏ ကြောင်အမ်းနေသော အကြည့်များအောက်တွင် ဖန်ကျန်းရီက အခန်းတံခါးကို ကိုယ်တိုင် တွန်းဖွင့်ဝင်ရောက်လာသည်။ ပြီးနောက် တံခါးကို ပြန်ပိတ်ကာ ထမင်းချိုင့်ကို ကိုင်လျက် မျက်နှာပြောင်တိုက်စွာဖြင့် သူမ၏ ရှေ့တွင် လာထိုင်လိုက်သည်။
ခဏအကြာ ငေးမောနေပြီးနောက် လီမြောင်ဟန် သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး နီရဲသွားကာ အလျင်စလို ပြောလိုက်၏။ "မြန်မြန် ထွက်သွား .. ကျွန်မ အနားယူတော့မလို့။ ရှင် ဘယ်လိုလုပ် မျက်နှာပြောင် တိုက်နိုင်ရတာလဲ။"
ငယ်ငယ်တည်းက သူမသည် စည်းကမ်းတကျ နေထိုင်လာခဲ့ပြီး အဝတ်အစားများလည်း သပ်ရပ်စွာ ဝတ်ဆင်လေ့ ရှိသည်။
ယခု သူမက ညအိပ်ဝတ်စုံ ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ကြမ်းပြင်ပေါ် ရပ်နေစဉ် ဖန်ကျန်းရီ ရုတ်တရက် ဝင်လာသောကြောင့် အလွန် ရှက်ရွံ့သွားပြီး အလျင်အမြန် နှင်ထုတ်လေတော့၏။
ဖန်ကျန်းရီ၏ မျက်နှာပြောင်တိုက်မှုက အဆင့်ကုန်ထိ ရောက်နေပြီ ဖြစ်သည်။
လီမြောင်ဟန် ကိုယ်တိုင် နှင်ထုတ်သော်လည်း နဂိုနေရာတွင် တစ်ချက်လေးမှ မလှုပ်ဘဲ ထိုင်နေဆဲပင်။
တည်ငြိမ်ရမယ်။ ဒီအချိန်မှာ သေချာပေါက် တည်ငြိမ်နေရမယ်။ မင်းသမီးရဲ့ သီးသန့် အခန်းထဲ ရောက်လာပြီဆိုတော့ ဆက်ဆံရေးက နောက်တစ်ဆင့် တက်သွားပြီလို့ ဆိုနိုင်တယ်။
အခု ထွက်သွားရင် လုပ်ခဲ့သမျှ အလကား ဖြစ်သွားမှာပေါ့။
ဖန်ကျန်းရီက မတ်တပ်ရပ်ကာ ရှေ့တိုးပြီး လီမြောင်ဟန်၏ လက်နှစ်ဖက်ကို ဖမ်းဆုပ်ကာ လေးနက်စွာ ပြောလိုက်၏။ "ကျုပ်က မျက်နှာပြောင်တိုက်တာပဲ။ ကျုပ်ရဲ့ စိတ်ရင်းကို မင်းသမီးက မသိသေးဘူးလား။"
လီမြောင်ဟန်က လက်နှစ်ဖက်ကို ရုန်းထွက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အားနည်းသဖြင့် အောင်မြင်မှု မရရှိခဲ့ချေ။
ထို့ကြောင့် ရှက်ဒေါသဖြင့် ပြောလိုက်၏။ “ကျွန်မ မသိဘူး။ လွှတ်စမ်း။"
ဖန်ကျန်းရီက သေချာပေါက် မလွှတ်ပေးချေ။ စကားလည်း ထပ်မပြောတော့ဘဲ မျက်လုံးများဖြင့်သာ အချစ်စစ်ဆင်ရေး ကို စတင်လိုက်သည်။
လီမြောင်ဟန်မှာ သူ၏အကြည့်များကြောင့် ရင်ခုန်သံများ မြန်ဆန်လာပြီး စကားမှားသွား၏။ "လပေါင်းများစွာ မလာဘဲနဲ့ ဘာလို့ ညဘက်ကြီးကျမှ လာရတာလဲ။ ရှင်က တကယ့် လူရိုင်းပဲ။"
"မင်းသမီးက လူကြည့်တာ တကယ် တော်တာပဲ။"
"..."
သူမ၏ မျက်နှာတစ်ခုလုံး နားရွက်အထိ နီရဲလာသည်ကို မြင်သောအခါမှ ဖန်ကျန်းရီက လက်များကို လွှတ်ပေးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "မင်းသမီး ... ကျုပ်က နေ့တိုင်း ၊ ညတိုင်း မင်းသမီးကို တွေ့ချင်နေတာပါ။ ဒါပေမဲ့ အရမ်း အလုပ်များနေလို့ပါ။ အချိန်မရှိဘူး။ ဒုတိယအချက်က အရှင်မင်းကြီးကလည်း ခွင့်မပြုဘူး ... "
လီမြောင်ဟန်က မျက်နှာနီရဲလျက် သူ၏ စကားကို ဖြတ်ပြောလိုက်၏။ "ဒါပေမဲ့ ရှင်က နေ့တိုင်း အပြင်မှာ အရက်သောက် ပျော်ပါးနေတယ်လို့ အစ်ကိုတော်က ပြောတယ်။ ခမည်းတော်ကလည်း ရှင်က လူကောင်း မဟုတ်ဘူးလို့ ပြောတယ်။"
ဟိုက်။
ဘာအခြေအနေလဲ။ သားအဖ နှစ်ယောက်ပေါင်းပြီး ငါ့ကို ဒုက္ခပေးခဲ့တာလား။
ဖန်ကျန်းရီ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း စိတ်ကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်။
"မင်းသမီး … အိမ်ရှေ့စံအကြောင်း မင်းသမီး သိသားပဲ။ သူက သာမန်အချိန်တွေမှာ ငွေကို ရေလို သုံးနေတာ ... ကျုပ်ဆီ ငွေလာချေးတာ မချေးလိုက်လို့၊ ဒေါသထွက်ပြီး မင်းသမီးရှေ့မှာ ကျုပ်အကြောင်း မကောင်းပြောတာပဲ။”
"အရှင်မင်းကြီးကတော့ ... ကျုပ် ဒီရက်ပိုင်း အရမ်း ပင်ပန်းနေလို့ ညီလာခံမှာ အိပ်ပျော်သွားခဲ့တယ်။ အဲဒါကြောင့် စိတ်ဆိုးသွားတာ ဖြစ်မယ်။ ကျုပ် အရင်တည်းက မင်းသမီးကို လာတွေ့ချင်နေတာ၊ ဒါပေမဲ့ အရှင်မင်းကြီးက ခွင့်မပြုလို့ ... "
"ဘာ။ ခမည်းတော်က ရှင့်ကို လာတွေ့ခွင့် မပြုတာလား။" လီမြောင်ဟန်က အလျင်အမြန် မေးလိုက်၏။
ဖန်ကျန်းရီက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်။"
"ကျွန်တော်မျိုးက အလုပ်များပေမဲ့ အချိန်နည်းနည်းတော့ ရပါသေးတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ခွင့်မပြုတော့ ... "
"မင်းသမီး .. ကျုပ် မလာဖြစ်တဲ့ အချိန်အတွင်း မင်းသမီး အများကြီး ပိန်သွားတယ်နော် ... ဒီလိုဖြစ်မယ်မှန်း သိရင်၊ သေချင်သေပါစေ မင်းသမီးကို လာတွေ့ရမှာ။ ဒါပေမဲ့ မထင်ထားဘူး ... အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံက နန်းတော်ထဲမှာ မင်းသမီးကို သေချာ မစောင့်ရှောက်ပေးကြဘူး။
ဟူး ... သူတို့က ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်ကြတာလေ။ ကျုပ် လိုမျိုး မင်းသမီးလေးကို ဂရုစိုက်မှာ မဟုတ်ဘူး ... "