← Chapters

အခန်း ၃၈၀

Vol. 21 Ch. 380

အခန်း ၃၈၀

Vol. 21 Ch. 380

အပိုင်း (၃၈၀) စစ်မှန်တဲ့ သံယောဇဉ်တွေချည်းပဲ၊ ဘာလှည့်ကွက်မှ မပါဘူး။

လီမြောင်ဟန်သည် သူ၏ စကားကို ကြားပြီးနောက် ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားပြီး အရင်ကလောက် ရှက်ရွံ့နေခြင်း မရှိတော့ချေ။

ဖန်ကျန်းရီက ဆက်လက်၍ အခွင့်ကောင်းယူလိုက်၏။ "မင်းသမီး ... မကြာသေးခင်က မင်းသမီး ထမင်းသိပ်မစားဘူးလို့ ကြားတယ်။ ဒါကြောင့် အထူးတလည် နန်းတွင်းမီးဖိုဆောင်ကို သွားပြီး မင်းသမီးအတွက် ကျုပ်ကိုယ်တိုင် မုန့်လေးတွေ လုပ်လာတယ်။ အရသာ ဘယ်လိုနေလဲ မြည်းကြည့်ပါအုံး။"

ထိုသို့ပြောရင်း ထမင်းချိုင့်ကို တစ်ဆင့်ချင်း ဖွင့်ပြလိုက်သည်။ အရင်ဆုံး အအေးဟင်းများ၊ ထို့နောက် ပေါင်မုန့်၊ နောက်ဆုံး အထပ်တွင်တော့ တူးနေသော ပေါင်မုန့်များကို တွေ့လိုက်ရ၏။

သို့သော် တစ်ဝက်လောက်သာ ပြသပြီး ဖန်ကျန်းရီက အဖုံးကို ပြန်ပိတ်ကာ သေချာ သိမ်းဆည်းလိုက်သည်။

လီမြောင်ဟန်က ထမင်းချိုင့်ထဲသို့ စပ်စုစွာ ကြည့်လိုက်ပြီး မေးလိုက်၏။ "အဲဒါ ဘာလဲ။"

ဖန်ကျန်းရီက အနေခက်စွာဖြင့် ဖြေလိုက်သည်။ "ဘာ ... ဘာမှ မဟုတ်ပါဘူး။ အမြန် စားလိုက်ပါ။"

ထိုသို့ပြောရင်း ရွှေရောင်ဝင်းနေသော ပေါင်မုန့်များကို လီမြောင်ဟန် ရှေ့သို့ တွန်းပို့ပေးလိုက်၏။

"မင်းသမီး မြည်းကြည့်ပါ။ ကျုပ် အာမခံတယ်၊ မင်းသမီး တစ်ခါမှ မစားဖူးစေရဘူး။"

သူ၏ ဤသို့ ကြိုးစားမှုကြောင့် လီမြောင်ဟန်၏ ဒေါသများလည်း အတော်လေး ပြေပျောက်သွားခဲ့သည်။ ထို့အပြင် တစ်နေ့လုံး ထမင်းမစားရသေးသဖြင့် အစာစားချင်စိတ်လည်း အတော်လေး ပေါ်လာသည်။

ပေါင်မုန့်ကို ကြည့်ကာ စပ်စုစွာ မေးလိုက်၏။ "ဒါက ဘာလဲ။ နန်းတွင်းမီးဖိုဆောင်က လုပ်တာလား။ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ အနံ့လေးက အရမ်း မွှေးတာပဲ။"

"အဟွတ်။ အဟွတ်၊ နန်းတွင်းမီးဖိုဆောင်မှာ လုပ်တာပါ။"

"ဒါကို ... ဖန့်ဖန့် လို့ ခေါ်တယ်။" (ဖန့် = မျှော်လင့်ခြင်း)

ကျုပ် ဘာပြောချင်လဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ ဟဲဟဲ …။

လီမြောင်ဟန်က ဖန်ကျန်းရီကို မသိမသာ ခိုးကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာ၏။

ဖန့်ဖန့် လား။ တွေ့ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်လား။

ထို့နောက် ပေါင်မုန့် တစ်ခုကို ယူကာ အနည်းငယ် ကိုက်ပြီး ဖြည်းညှင်းစွာ ဝါးစားနေလိုက်သည်။

အစတည်းက တစ်နေ့လုံး ဗိုက်ဆာနေသဖြင့် ယခုအခါ ပေါင်မုန့်၏ ချိုမြိန်သော အရသာက ပါးစပ်ထဲ၌ ပျံ့နှံ့သွား၏။

မိန်းကလေးများ အချိုကြိုက်သည်ကို သိသဖြင့် ဖန်ကျန်းရီက ပျားရည်ကို နှစ်ဆ ထည့်ထားခြင်း ဖြစ်သည်။

"ဘယ်လိုလဲ။ အရသာ ရှိလား။"

"အရသာရှိတယ်။ အစက ရွှေရောင် ပေါက်စီလို့ ထင်နေတာ ... " လီမြောင်ဟန်က မျက်လုံးလေး မှိတ်ကာ ပျော်ရွှင်စွာ စားနေ၏။

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ပေါက်စီနဲ့ တော်တော် တူပါတယ်။ ဒါပေမဲ့ ပေါက်စီက ပေါင်းတာလေ။ ဒါက ဖုတ်ထားတာ။ အထဲမှာ ပျားရည်၊ နွားနို့တွေလည်း ပါသေးတယ် ... "

ရုတ်တရက် လီမြောင်ဟန်က ပေါင်မုန့်ကို ဖြည်းညှင်းစွာ ချထားလိုက်ပြီး ဖန်ကျန်းရီကို ကြည့်လိုက်၏။ "ရှင်က ဘယ်လိုလုပ် ဒီလောက် သေချာ သိနေတာလဲ။"

"ကျုပ် .. ကျုပ် နန်းတွင်းစားဖိုမှူးတွေ လုပ်နေတာကို ကြည့်ထားလို့ပါ။" ဖန်ကျန်းရီက မဝံ့မရဲဖြင့် ပြန်ဖြေလိုက်သည်။

လီမြောင်ဟန်က ဖန်ကျန်းရီ၏ မျက်လုံးများကို စိုက်ကြည့်နေပြီး ရုတ်တရက် လက်ဆန့်ကာ ဖန်ကျန်းရီ၏ ခေါင်းပေါ်သို့ လှမ်းကိုင်လိုက်၏။

ဖန်ကျန်းရီက မရှောင်မတိမ်းဘဲ နဂိုနေရာတွင်သာ ထိုင်နေသည်။

သူမ၏လက် ပြန်ရုပ်သွားသောအခါ လက်ချောင်းထိပ်တွင် အဖြူရောင် အစက်လေးတစ်ခု ပါလာ၏။

"ဒါက ... "

"ဪ .. ဒါ ဂျုံမှုန့် ဖြစ်မယ်။"

လီမြောင်ဟန်က လက်ချောင်းထိပ်မှ ဂျုံမှုန့်လေးကို ငေးကြည့်နေပြီး တစ်ခုခုကို သတိရသွားပုံဖြင့် မျက်လုံးများ တဖြည်းဖြည်း နီရဲလာကာ ... "ဖန့်ဖန့် ... ဒါ ရှင်လုပ်ထားတာလား။"

"မဟုတ်ပါဘူး။"

"ရှင် လိမ်တယ်။"

လီမြောင်ဟန်က မတ်တပ်ရပ်ကာ ဖန်ကျန်းရီ၏ အရာရှိ ဝတ်စုံကို လက်ညှိုးထိုးပြလိုက်၏။ "ဒီမှာ .. ဒီမှာ။ ဘယ်လိုလုပ် ဂျုံမှုန့်တွေ အများကြီး ပေနေရတာလဲ ... "

ထို့နောက် ထမင်းချိုင့်ကို လှမ်းယူရန် ပြင်လိုက်သည်။

ဖန်ကျန်းရီက အမြန် လုယူရန် ကြိုးစားသော်လည်း အနည်းငယ် နှေးသွား၏။

နောက်တစ်စက္ကန့်တွင် ထမင်းချိုင့်က လီမြောင်ဟန်၏ လက်ထဲသို့ ရောက်သွားသည်။

နောက်ဆုံးအထပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် မည်းတူးနေသော ပေါင်မုန့် အနည်းငယ်ကို တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြည်နူးမှု မျက်ရည်များက မျက်လုံးထောင့်မှ တစ်ပေါက်ပေါက် ကျဆင်း လာတော့သည်။

လီမြောင်ဟန်က တီးတိုးရေရွတ်လိုက်၏။ "ရှင် ဘယ်လိုလုပ် ကိုယ်တိုင် ဟင်းချက်ရတာလဲ။ တခြားသူတွေက ရှင့်ကို နောက်ကွယ်မှာ အတင်းပြောကြလိမ့်မယ်။"

ဖန်ကျန်းရီ အံ့အားသင့်သွားသည်။

လခွမ်း … ဒီလောက်တောင်လား။ ဘာလို့ ငိုရတာလဲ။

လူကြီးလူကောင်းဟူသည် မီးဖိုဆောင်နှင့် ကင်းကွာစွာ နေထိုင်အပ်သည်ဟု ဆိုစမှတ်ပြုကြသော်လည်း မူလအဓိပ္ပာယ်မှာ သက်ရှိသတ္တဝါများ သတ်ဖြတ်ခံရသည်ကို မျက်မြင်ကိုယ်တွေ့ မခံစားရက်သော ကရုဏာသက်ဝင်သည့် စိတ်နေသဘောထားကို ရည်ညွှန်းလိုရင်းသာ ဖြစ်သည်။

သို့ရာတွင် အချိန်ကာလများ ရွေ့လျားလာသည်နှင့်အမျှ လူတန်းစား ကွာဟချက်များ ပိုမို ကြီးမားကျယ်ပြန့်လာသောအခါ ဤစကားရပ်၏ မူလဆိုလိုရင်း အဓိပ္ပာယ်မှာလည်း ကြီးမားသော အပြောင်းအလဲများနှင့် ကျိန်းသေပေါက် ရင်ဆိုင်ခဲ့ရ၏။

မြင့်မြတ်သော လူကြီးလူကောင်းများမှာ အမှန်တကယ်ပင် မီးဖိုဆောင်နှင့် ကင်းဝေးစွာ နေထိုင်လာကြပြီး အောက်ခြေလူတန်းစားတို့ လုပ်ကိုင်လေ့ရှိသော အလုပ်အကိုင်များကို ရှောင်ကြဉ်လာခဲ့ကြသည်။

အကယ်၍ ဝင်ရောက်လုပ်ကိုင်မိပါလျှင်လည်း အခြားသူများ၏ လက်ညှိုးထိုး ကဲ့ရဲ့ဝေဖန်မှုများကို မလွဲမသွေ ခံကြရမည်သာ ဖြစ်၏။

ဤအကြောင်းအရာများကို ဖန်ကျန်းရီ တစ်ယောက် အစောပိုင်းကတည်းက ကြိုတင် သိရှိနားလည်ထားခဲ့သော်ငြားလည်း လီမြောင်ဟန်ထံမှ ဤမျှလောက်အထိ ကြီးမားသော တုံ့ပြန်မှုမျိုး ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ဤမျှ သေးငယ်လှသော ကိစ္စရပ်ကလေးအတွက်နှင့်ပင် မျက်ရည်ကျလောက်သည်အထိ ကြည်နူးဆွတ်ပျံ့သွားရသည် ဆိုတော့ကာ .... အမှန်တကယ်ကိုပင် ရိုးသားဖြူစင်လွန်းလှသည်။

ထို့ကြောင့် သူ၏ ရင်တွင်း၌ အပြစ်ကင်းစင်လှသော မိန်းမငယ်လေးတစ်ဦးအား လှည့်စားလိုက်မိသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့ပြီးလူဆိုးဟူသော ဂုဏ်ပုဒ်မှာ +၁ ထပ်မံ တိုးပွားသွားခဲ့၏။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မတတ်နိုင်သော အမူအရာ တစ်ခု ပေါ်လာသည်။

ကိုယ်တိုင် ဟင်းချက်တဲ့ ကိစ္စကို သိသွားပြီပဲ…။

"အဟွတ်၊ မင်းသမီး မငိုပါနဲ့။ မင်းသမီးအတွက် ဒီလောက် သေးငယ်တဲ့ ကိစ္စလေးက ဘာဖြစ်လို့လဲ။ များများစားပါ။"

လီမြောင်ဟန်က ခေါင်းညိတ်လိုက်ပြီး မျက်ရည်များကို သုတ်ကာ ဖြည်းညှင်းစွာ စားနေလိုက်၏။

သူမ စားနေစဉ် ဖန်ကျန်းရီက ပြောနေသည်။ "တကယ်တော့ ကျုပ် ဒီရက်ပိုင်းအတွင်း အလုပ်တွေ အရမ်း များနေတယ်။ ရက်ကန်းစက်ရုံက နောက်မကြာခင် တည်ထောင်တော့မယ်။

ဆောင်းရာသီ ရောက်လာရင် ရက်ကန်းစက်ရုံက မြို့တော် တစ်ခုလုံးက ပြည်သူတွေရဲ့ အနွေးဓာတ်ကို တာဝန်ယူရမှာ။

အဲဒီအချိန်ကျရင် ကျုပ် နေ့တိုင်း နန်းတော်ထဲ လာပြီး မင်းသမီးကို အဖော်ပြုပေးဖို့ အချိန်ရလာမှာပါ ... တကယ်လို့ အဲဒီအချိန် ရောက်ရင် မင်းသမီးက ကျုပ်ကို တွေ့ဖို့ အချိန်မရတာမျိုးတောင် ဖြစ်နိုင်တယ်။

အမျိုးသမီး အလုပ်သမားတွေရဲ့ ကိစ္စတော်တော်များများကို မင်းသမီးက စီစဉ်ပေးရမှာလေ။ အဲဒီအချိန်ကျရင် ကျုပ်က စက်ရုံ အခြေအနေတွေကို မင်းသမီးဆီ လာပို့ပေးမယ်။"

လီမြောင်ဟန်က ပေါင်မုန့် အနည်းငယ် ကိုက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "တကယ်တော့ ရှင် အချိန်မရွေး လာလို့ ရပါတယ်။ ခမည်းတော်ဆီကို ကျွန်မ သွားပြောပေးမယ်။ ခိုးကြောင်ခိုးဝှက် လုပ်နေစရာ မလိုပါဘူး။"

ကျုပ်က ခိုးကြောင်ခိုးဝှက် လုပ်ရတာကိုပဲ သဘောကျတာလေ၊ အဲဒါမှ စိတ်လှုပ်ရှားစရာ ကောင်းတာ။

ဖန်ကျန်းရီက စိတ်ထဲတွင် တွေးလိုက်၏။

သူတို့နှစ်ဦး အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက် အစားအသောက်များ အကုန်စားပြီးသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ထမင်းချိုင့်ကို စတင် သိမ်းဆည်းလိုက်သည်။

"မင်းသမီး … အချိန်မှန် ထမင်းစားဖို့ မမေ့နဲ့နော်။ ဘာမှ မရှိရင် ကျုပ် အရင် ပြန်တော့မယ်၊ စောစော အနားယူပါ။"

ထိုသို့ပြောပြီးနောက် ထမင်းချိုင့်ကို ဆွဲကာ ဖြည်းညှင်းစွာ ထွက်ခွာသွားရန် ပြင်လိုက်၏။

"နေအုံး။" လီမြောင်ဟန်က ချက်ချင်း တားလိုက်သည်။

ဖန်ကျန်းရီက နောက်လှည့်ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ မင်းသမီး၊ ကိစ္စရှိသေးလို့လား။"

"အာ ... ကျွန်မ ... " လီမြောင်ဟန်မှာ ရုတ်တရက် မျက်နှာပူသွားပြီး ဘာပြောရမည်မှန်း မသိဖြစ်နေသည်။

ယခင်ကဆိုလျှင် ဖန်ကျန်းရီမှာ ဤသို့သော ပုံစံမျိုး မဟုတ်ခဲ့ပေ။ ယနေ့တွင်မူ အလွန်တရာမှပင် ရိုးသားအေးချမ်းလွန်းနေသည်ဟု ခံစားလိုက်ရသည်။ အစားအစာ လာရောက်ပို့ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်လည်ထွက်ခွာတော့မည် ဆိုသည့်အတွက် ရင်ထဲတွင် တစ်စုံတစ်ခု ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။

သို့တိုင်အောင် ဖန်ကျန်းရီဘက်မှ လှည့်၍ မေးမြန်းလာသောအခါ၌လည်း မည်သို့ ပြန်လည်ဖြေကြားရမည်ကို မသိနိုင်အောင် ဖြစ်မိနေ၏။

ဖန်ကျန်းရီက သူမ စကားမပြောသည်ကို မြင်သောအခါ ပြုံးလျက် တံခါးဘက်သို့ လျှောက်သွား၏။

လီမြောင်ဟန်၏ ရင်ထဲတွင် အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "ကျွန်မ ... ရှင့်ကို လိုက်ပို့ပေးမယ် ... "

ဖန်ကျန်းရီက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦး တံခါးပေါက်သို့ အတူတကွ လျှောက်သွားကြ၏။

တံခါးဖွင့်ရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက ရုတ်တရက် နောက်လှည့်ကာ လီမြောင်ဟန်ကို စိုက်ကြည့်လျက် ပြောလိုက်သည်။ "မင်းသမီး … မင်းသမီး ကျုပ်ကို ပြောစရာ စကားရှိနေတယ် မဟုတ်လား။"

"ကျွန်မ ... " လီမြောင်ဟန်က မျက်နှာနီရဲလျက် သတိမထားမိဘဲ ခေါင်းလွှဲသွား၏။

နောက်တစ်စက္ကန့်တွင် သူမ၏ တစ်ကိုယ်လုံးကို လက်မောင်းနှစ်ဖက်က လွှမ်းခြုံ ဖက်တွယ်လိုက်သည်ကို ခံစားလိုက်ရသည်။

ဖန်ကျန်းရီက သူမကို ဖက်ထားပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ "ကျုပ် နောက်ကျမှ ပြန်လည်း ရပါတယ်။ မင်းသမီး အေးနေလား။ ကုတင်ပေါ်မှာ သွားထိုင်ကြမလား။"

"အင်း ... " လီမြောင်ဟန်က စက်ရုပ်လို ပြန်ဖြေလိုက်ပြီး နားရွက်များမှ အပူငွေ့များပင် ထွက်လာတော့မလို ဖြစ်နေသည်။

ဖန်ကျန်းရီက မင်းသမီးလေးလို ပွေ့ချီချင်သော်လည်း မချီနိုင်ဘဲ မြေကြီးပေါ် ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် မလုပ်တော့ပေ။

သူမကို ဖက်ကာ ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူတို့နှစ်ဦး ကုတင်ပေါ်တွင် အတူတကွ ထိုင်လိုက်ကြ၏။

ဘေးချင်းယှဉ် ထိုင်နေစဉ် လီမြောင်ဟန်၏ ရင်ခုန်သံများ မြန်ဆန်နေပြီး အကြည့်များကို မည်သည့်နေရာတွင် ထားရမည်မှန်းပင် မသိတော့ချေ။

"ရှင် ... အွန်း။ ... "

သူမ စကားမဆုံးမီမှာပင် ဖန်ကျန်းရီ၏ နှုတ်ခမ်းကြီးက ရောက်ရှိလာတော့၏။

ဒီလောက်ကြာအောင် ကြိုတင် ပြင်ဆင်ထားပြီးမှတော့ ဘာတွေ အချိန်ဆွဲနေအုံးမှာလဲ။ နမ်းလိုက်ရုံပဲပေါ့။

အချိန်မည်မျှ ကြာသွားသည်မသိ၊ သူတို့နှစ်ဦး ဖြည်းညှင်းစွာ ခွာလိုက်ကြသည်။

တံတွေးကြိုးလေး တစ်ချောင်းက ... အလယ်မှာ ပြတ်တောက်သွား၏ ...

လီမြောင်ဟန်၏ မျက်လုံးများ မှေးစင်းနေပြီး တိုးတိုးလေး အသက်ရှူရင်း ဖန်ကျန်းရီကို ငေးကြည့်နေသည်။

ဖန်ကျန်းရီက သူမကို ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ လှဲချပေးလိုက်ပြီး စောင်ခြုံပေးလိုက်၏။

"ဒီတစ်ခါတော့ ကျုပ် တကယ် သွားတော့မယ်နော်။"

"အင်း ... " လီမြောင်ဟန်မှာ အလွန် ရှက်ရွံ့သွားပြီး ယခုမှ သတိပြန်ဝင်လာကာ စောင်ကို ယူ၍ နှာခေါင်းအောက် အထိ ဖုံးထားလိုက်သည်။

အရည်လဲ့နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်သာ ဖန်ကျန်းရီကို ကြည့်နေ၏။

ဖန်ကျန်းရီက ပြုံးလိုက်ပြီး သူမအတွက် စောင်ကို သေချာ ခြုံပေးလိုက်ကာ ထမင်းချိုင့်ကို ကိုင်လျက် လှည့်ထွက်လာခဲ့သည်။

ယခုတစ်ကြိမ်တော့ လွတ်လပ် ပေါ့ပါးစွာဖြင့် ပြတ်ပြတ်သားသား ထွက်လာခဲ့၏။

ကျေနပ်စွာဖြင့် တံခါးပြင်သို့ ထွက်လာသောအခါ ပထမဆုံး တွေ့ရသူမှာ စောစောက နန်းတွင်းအစေခံမလေးပင် ဖြစ်သည်။

နန်းတွင်းအစေခံမလေးက ဖန်ကျန်းရီကို မျက်နှာချိုသွေးကာ ကြည့်လျက် တိုးတိုးလေး မေးလိုက်၏။ "အမတ်ဖန်၊ ရှင့်ကို ... မင်းသမီးက ... "

"နောက်ဆိုရင် ဖန်မင်းသား လို့ ခေါ်။"

"ဖန်မင်းသား ဖြည်းဖြည်းသွားပါ ... "

"အင်း .. လိမ္မာတယ်။" ငွေစက္ကူ တစ်ရွက်ကို နန်းတွင်းအစေခံမလေး၏ လက်ထဲသို့ ရိုက်ထည့်ပေးလိုက်သည်။

မင်လွမ်နန်းဆောင်မှ ထွက်လာသောအခါ ဖန်ကျန်းရီက ကောင်းကင်ယံရှိ ကြယ်များကို မော့ကြည့်လိုက်ပြီး ရင်ထဲတွင် အလွန် လန်းဆန်းသွားသည်ကို ခံစားလိုက်ရ၏။

စောစောကတည်းက လာသင့်တာ။ တကယ်ကို လာသင့်တာ။ ဒါပေမဲ့ အခုက အချိန်နည်းနည်း နောက်ကျနေပြီဆိုတော့ အိမ်ပြန်ရင် ဘယ်အချိန် ရောက်မလဲ မသိဘူး။ ထားလိုက်တော့။ အရှေ့နန်းဆောင်ကို သွားပြီး တစ်ည သွားအိပ်လိုက်မယ်။

တွေးပြီးသည်နှင့် နန်းတွင်းကိုယ်ရံတော်၏ လမ်းပြမှုဖြင့် ဖန်ကျန်းရီသည် အရှေ့နန်းဆောင်သို့ ထပ်မံ သွားရောက်ခဲ့၏။

အရှေ့နန်းဆောင် အတွင်း။

ကံကောင်းထောက်မစွာဖြင့် လီယွမ်ကျောက် မအိပ်သေးချေ။ ဖန်ကျန်းရီကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။ "ဖန်ကြီး … ခင်ဗျား ဘာလာလုပ်တာလဲ။"

"အာ ... ကျုပ် နန်းတွင်းမီးဖိုဆောင်မှာ ဟင်းအသစ်တချို့ သွားစမ်းသပ်နေတာ။ အချိန်တော်တော် လင့်သွားလို့ အိမ်ပြန်ဖို့ နောက်ကျသွားတယ်။ အိမ်ရှေ့စံ ဆီမှာ အိပ်စရာ နေရာရှိလား။"

လီယွမ်ကျောက်က ဆက်တိုက် ပြောလိုက်၏။ "ရှိတာပေါ့။ ကျုပ်တို့ နှစ်ယောက် တစ်ကုတင်တည်း အိပ်လိုက်ရင် ရပြီလေ။ သုံးယောက်တောင် ဆံ့သေးတယ်။ ဟင် .. ခင်ဗျား လက်ထဲမှာ ယူလာတာ ဟင်းအသစ်လား။"

"အာ၊ ဟုတ်တယ် ဟုတ်တယ်။" ဖန်ကျန်းရီက ထမင်းချိုင့် အောက်ဆုံးအထပ်ကို ဖွင့်ပြီး တူးနေသော ပေါင်မုန့်များကို ထုတ်ပေးလိုက်သည်။

လီယွမ်ကျောက်က ချက်ချင်း ယူလိုက်ပြီး အကြီးကြီး တစ်ကိုက် ကိုက်လိုက်၏။

ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။ "ဟေး … အရသာ မဆိုးဘူးပဲ။ နူးညံ့နေတာပဲ။ ဖန်ကြီး ခင်ဗျားက ဟင်းလည်း ချက်တတ်တာကိုး၊ နည်းနည်းတော့ တူးသွားသလိုပဲနော်။"

"မတူးပါဘူး။ ဒီအရသာပါပဲ။ ကျုပ်လည်း စားပြီးပြီ။ ဒီဟာတွေက ကျုပ် အိမ်ရှေ့စံအတွက် အထူး ဖုတ်လာတာ။"

"ဖန်ကြီး ... ခင်ဗျား ကျုပ်အပေါ် တကယ် ကောင်းတာပဲ ... "

"ဒါပေါ့ … ကျုပ်က ခင်ဗျားအပေါ် မကောင်းရင် ဘယ်သူ့အပေါ် ကောင်းရမှာလဲ။"

All Chapters