အခန်း ၃၈၁
Vol. 21 Ch. 381
အပိုင်း (၃၈၁) နဂါးအဖွဲ့။
အရှေ့နန်းဆောင်တွင် တစ်ညအိပ်ခဲ့သော်လည်း ကောင်းကောင်း မအိပ်ရချေ။
လီယွမ်ကျောက်က သွားကြိတ်တတ်သဖြင့် တကျွိတကျွိ အသံများထွက်ပေါ်နေသည်။ ထို့ကြောင့် ဖန်ကျန်းရီမှာ လုံးဝ အိပ်မပျော်နိုင်ခဲ့ပေ။ မတတ်နိုင်သဖြင့် စာကြည့်ခန်းသို့ ပြောင်းရွှေ့ကာ တစ်ညတာ ဖြတ်သန်းခဲ့ရ၏။
သို့သော်လည်း အကျိုးကျေးဇူး လုံးဝ မရှိသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ နောက်နေ့ နံနက် ညီလာခံ တက်ရန် အချိန်များစွာ သက်သာသွားခဲ့သည်။
ညီလာခံ ပြီးဆုံးပြီးနောက် ဖန်ကျန်းရီသည် ပန်းရှန်းရပ်ကွက်သို့ ချက်ချင်း ပြန်သွားခဲ့၏။
လျိုရွှန်း အမှုအတွက် စောစီးစွာ အစီအစဉ်များ ဆွဲရန် လိုအပ်သော်လည်း ဤတစ်ကြိမ်တော့ သူကိုယ်တိုင် သွားရန် မရည်ရွယ်ချေ။ ခရီးစဉ်က အလွန် ဝေးကွာပြီး ရက်ကန်းစက်ရုံလည်း မကြာမီ တည်ထောင်တော့မည် ဖြစ်ရာ အဝေးသို့ ခရီးထွက်ရန် အကြောင်းမရှိပေ။
……..
ပန်းရှန်းသတင်းစာတိုက် အတွင်း …။
ဖန်ကျန်းရီနှင့် ရှဲ့ရှန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
အခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီးနောက် ဖန်ကျန်းရီက လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။ "ဒီတစ်ခါတော့ ... ခင်ဗျားကို အဝေး တစ်ခေါက်လောက် သွားခိုင်းရလိမ့်မယ် ထင်တယ်။ ဒီကိစ္စက သာမန် မဟုတ်ဘူး။ ကျုပ် မိန်းမရမလား၊ မရဘူးလား ဆိုတာနဲ့ ပတ်သက်နေတယ်။ နားလည်လား။"
"နားလည်ပါတယ်။"
ရှဲ့ရှန်းက မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်သည်။
သူသည် အမှန်တကယ်ပင် သွားရောက်လိုစိတ် မရှိလှပေ။ ဝေးလံခေါင်ဖျားသော ခရီးရှည်ကြီးကို သွားလာရခြင်းမှာ လူ့အသက်တစ်ဝက် သေဆုံးရမတတ် အလွန်ပင် ပင်ပန်းဆင်းရဲလှသည်။
သို့ရာတွင် သခင်လေးမှာ အိမ်ထောင်ပြုတော့မည် ဖြစ်သောကြောင့် ဤတာဝန်ကိစ္စကို သွားလိုစိတ် မရှိသော်ငြားလည်း မလွဲမသွေ သွားရောက် ထမ်းဆောင်ရတော့မည်သာ ဖြစ်သည်။ ယခုအချိန်ကျမှသာ အိမ်ထောင်ပြုရန် သတိရလာခြင်းမှာလည်း အမှန်တကယ်ကိုပင်... ဟင်း ...
"လျိုရွှန်း အမှုက ဆားလုပ်ငန်းနဲ့ ပတ်သက်နေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ နယ်က ဆားကုန်သည်တွေ အားလုံးက အဲဒီဒေသရဲ့ အချမ်းသာဆုံး လူတွေချည်းပဲ။
ဒီဒေသခံ ခေါင်းဆောင်တွေ လက်အောက်မှာ ဆားလုပ်သားတွေ၊ လှေလုပ်သားတွေ မရေမတွက်နိုင်အောင် ရှိတယ်။ ဒေသခံအစိုးရနဲ့တောင် ပူးပေါင်းကြံစည်နေတာ ကြာပြီ။ တကယ်လို့ သူတို့မှာ ပြဿနာ ရှိနေပြီး ကျုပ်တို့က အဲပြဿနာကို တွေ့သွားရင် သေချာပေါက် လူလွှတ်ပြီး လိုက်သတ်မှာပဲ။
ခင်ဗျား အရင် ခရိုင်ကို ပြန်ပြီး လူပိုခေါ်သွား။ လက်နက်တွေ သေချာ ယူပြီး ကျန်းကျန်းမြို့ကို အရင်သွားပါ။ ကျန်းကျန်းမြို့ကနေ စပြီး တောင်ဘက်ကို ဆက်ဆင်းပြီး စစ်ဆေးပါ။ တောင်ဘက်က အရေးကြီးတဲ့ ဆားထွက်တဲ့ ဒေသတွေကို လျစ်လျူရှုလို့ မရဘူး။
ကျန်းကျန်းမြို့မှာ ကျုပ်တို့ အနည်းဆုံး အခြေခံ အုတ်မြစ်တချို့ ရှိတယ်။ ဒေသခံ ချမ်းသာတဲ့ ကုန်သည်တွေ၊ ပြည်သူတွေ၊ ရနိုင်တဲ့ လမ်းကြောင်း အကုန်လုံးကို အစွမ်းကုန် အသုံးချပါ။
ပြီးတော့ အရှင်မင်းကြီးကလည်း ပြောဖူးတယ်။ လိုအပ်ရင် အရှေ့ပိုင်းစုံထောက်အဖွဲ့ဆီက လူငှားလို့ ရတယ်တဲ့။
ဒါပေမဲ့ နယ်က အင်အားစုတွေကို ကျုပ်တို့ ယုံကြည်လို့ မရဘူး။ နောက်ကွယ်က လူက လျိုရွှန်းကိုတောင် ဖျက်ဆီးနိုင်သေးရင် တာဝန်ခံ မိန်းမစိုးကိုလည်း ပြောနေစရာ မလိုတော့ဘူး။ အရေးပေါ် အခြေအနေ မဟုတ်ရင် သူတို့ကို တတ်နိုင်သမျှ မဆက်သွယ်နဲ့။ ခင်ဗျား ပြောစရာ ရှိသေးလား။"
ဖန်ကျန်းရီက ပြောပြီးနောက် လက်ဖက်ရည် တစ်ငုံသောက်ကာ ရှဲ့ရှန်းကို ကြည့်လိုက်၏။
ရှဲ့ရှန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "တိကျတဲ့ သက်သေ အထောက်အထား မရှိဘဲနဲ့ အရှင်မင်းကြီးက ဘာလို့ ဆားလုပ်ငန်းမှာ ပြဿနာ ရှိတယ်လို့ သေချာ ပြောနိုင်ရတာလဲ။"
ဖန်ကျန်းရီက ခပ်ဟဟ ရယ်မောလိုက်၏။ "ဟဟ ... လောကမှာ ဆားထက် ပိုမြတ်တဲ့ စီးပွားရေး ရှိသေးလို့လား။ ဩဇာအာဏာရှိတဲ့ လောဘကြီးတဲ့ အရာရှိ တစ်ယောက်ဆိုရင် ဒီအဆီအနှစ်ကို ဘယ်လိုလုပ် မမက်မောဘဲ နေမှာလဲ။
ပြီးတော့ ... လျိုရွှန်း အမှုနဲ့ မသက်ဆိုင်ဘူး ဆိုရင်တောင်မှ နယ်က ဆားလုပ်ငန်းမှာ ခြစားမှုတွေ အများကြီး ရှိနေတယ်။ နိုင်ငံတော် ဘဏ္ဍာတိုက်ကလည်း အမြဲတမ်း ငွေလိုနေတော့ ဒီအခွင့်အရေးကို ယူပြီး သတိပေးလို့ ရတာပေါ့။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။"
ရှဲ့ရှန်းက ခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုရင်တော့ ကျုပ် နားလည်ပါပြီ။ ဒါပေမဲ့ တောင်ဘက်ကို ဆက်သွားရင် ချီယန်တိုင်းပြည်ဟောင်းကို ရောက်သွားပြီဆိုတော့ သင့်တော်တဲ့ လူနှစ်ယောက်လောက်ကို ခေါ်သွားချင်ပါတယ်။"
"ပြဿနာ မရှိဘူး။ ဒီအချက်ကို ကျုပ် ကြိုတင် ပြင်ဆင်ထားပြီးသားပါ။ ခရိုင်ကို ပြန်ရောက်ရင် ကျိုးထျဲ့ နဲ့ ချီယန်တယ်ရှန်း ကို သွားရှာပါ။ သူတို့နှစ်ယောက်က အခြေအနေကို ပိုပြီး သိနိုင်တယ်။
ဒီစစ်ဆင်ရေးကို တစ်နှစ် အချိန်ပေးမယ်။ အသုံးဝင်တဲ့ သတင်းရရင် အချိန်မီ ပြန်ပို့ပေးပါ။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အချိန်ပြည့်ရင် ပြန်လာခဲ့ပါ။ ပြီးတော့ ... အပြင်မှာ သွားလာရင် ကိုယ့်ကိုယ်ကိုယ် ကျင်းယီဝေ တပ်ဖွဲ့ ကလို့ ပြောပါ။"
ကျင်းယီဝေ တပ်ဖွဲ့ လား။
ရှဲ့ရှန်းက ဤစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ သံသယဖြင့် မေးလိုက်၏။ "သခင်လေး၊ ကျင်းယီဝေ တပ်ဖွဲ့ ဆိုတာ ဘာလဲ။"
ဖန်ကျန်းရီက ပြုံးလိုက်သည်။ "အရှေ့ပိုင်းစုံထောက်အဖွဲ့ မဖော်ထုတ်နိုင်တဲ့ အမှုကို ကျင်းယီဝေက ဖော်ထုတ်မယ်။ အရှေ့ပိုင်းစုံထောက်အဖွဲ့ မသတ်ရဲတဲ့လူကို ကျင်းယီဝေက သတ်မယ်။ အရှေ့ပိုင်းစုံထောက်အဖွဲ့ မပါဝင်ရဲတဲ့ ကိစ္စကို ကျင်းယီဝေက ပါဝင်မယ်။
အတိုချုပ် ပြောရရင် အရင်သတ်ပြီးမှ သတင်းပို့၊ ဘုရင်ရဲ့ အထူး အာဏာပဲ။ နားလည်လား။"
အာဏာနဲ့ တာဝန်က ဒီလောက်တောင် ကြီးမားတာလား။ ရှဲ့ရှန်း၏ ရင်ထဲတွင် အလွန် အံ့အားသင့်သွား၏။ "ဒါ ... အရှေ့ပိုင်းစုံထောက်အဖွဲ့ အပြင် နောက်ထပ် အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား ... ဒါပေမဲ့ ကျုပ် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။"
"မနေ့ကမှ ပြောတာလေ။ ခင်ဗျားတို့ ဒီတာဝန်ကို ပြီးမြောက်သွားရင် တစ်တိုင်းပြည်လုံး သိအောင် ကြေညာလိမ့်မယ်။"
"အပြင်ထွက်ပြီး အလုပ်လုပ်ရင်း လူသတ်မိရင် ကျင်းယီဝေ သတ်တာလို့ ပြောလိုက်။ အကြောင်းပြချက် ခိုင်လုံပြီး သက်သေ အထောက်အထား ခိုင်လုံရင် စိတ်ကြိုက် လုပ်လို့ရတယ်။ အရှင်မင်းကြီးဘက်ကိုတော့ ကျုပ် တာဝန်ယူ ရှင်းပြပေးမယ်။"
"သိပါပြီ။"
ရှဲ့ရှန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ ယခုမှသာ ဤကိစ္စ၏ ကြီးမားမှုက သူ ထင်ထားသည်ထက် ကျော်လွန်နေကြောင်း ခံစားလိုက်ရ၏။
အရှေ့ပိုင်းစုံထောက်အဖွဲ့တောင် မလုပ်နိုင်တဲ့ တာဝန်ပဲ။ အရှင်မင်းကြီးက သတ်ဖြတ်ခွင့် အာဏာကိုတောင် သခင်လေးဆီ ပေးထားတယ်ဆိုတော့ ... ကြည့်ရတာ လုပ်ရ ခက်မယ့်ပုံပဲ။
ဖန်ကျန်းရီက ရှဲ့ရှန်း စိုးရိမ်နေသည်ကို မြင်သောအခါ ရယ်မောလိုက်သည်။ "ဝန်ထုပ်ဝန်ပိုး အရမ်း ကြီးမနေပါနဲ့။ ဘာမှ စုံစမ်းလို့ မရရင်လည်း ခင်ဗျားကို အပြစ်မတင်ပါဘူး။ အပြင်ထွက်ရင် ကိုယ့်ရဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ။ ကိုယ့်စွမ်းရည် ကိုယ်ကြည့်ပြီး လုပ်ပါ။ အလွန်အကျွံ အောင်မြင်မှု ရဖို့ မက်မောမနေနဲ့။"
ထို့နောက် ဖန်ကျန်းရီက စားပွဲအောက်မှ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။ "ဒီစာကို ခရိုင်ကို ပြန်ယူသွား။ လက်နက်တိုက်ကနေ ပစ္စည်းကောင်းတချို့ ယူသွား။ လိုက်ပါလာတဲ့ လူတိုင်းကို တပ်ဆင်ပေးရမယ်။"
ရှဲ့ရှန်းက စာကို လေးလေးနက်နက် ယူလိုက်သည်။ "သခင်လေး ... ဒါဆို ကျုပ် အခုပဲ ပြန်ပြီး ပြင်ဆင်လိုက် ရမလား။"
"မလောနဲ့။ ဒီနေ့ ခင်ဗျား လက်ရှိ လုပ်နေတဲ့ အလုပ်တွေကို အရင် လွှဲပြောင်းပေးလိုက်အုံး။ ပြင်ဆင်ဖို့ တစ်လ အချိန်ပေးမယ်။"
...
နောက်နေ့ နံနက်စောစောတွင် ရှဲ့ရှန်းသည် တောက်ယွမ်ခရိုင် ရုံးတော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အောက်ချန်က စာကို ကိုင်ကာ လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။ "ကြည့်ရတာ ဒီတစ်ခါ ကိစ္စက နည်းနည်း ခက်ခဲမယ့်ပုံပဲ။ သခင်လေးက ခင်ဗျားကို လူသွားရှာခိုင်းတယ်ဆိုတော့ ကြိုက်သလို ရွေးလို့ ရပါတယ်။ ဘယ်သူ့ကို ခေါ်သွားမလဲ စဉ်းစားပြီးပြီလား။"
ရှဲ့ရှန်းက တည်ငြိမ်စွာ ဖြေလိုက်သည်။ "နဂါးအဖွဲ့။"
အောက်ချန်က ခဏ တိတ်ဆိတ်သွားပြီး ... "ကောင်းပြီ။ ကျုပ် တံဆိပ်တုံး နှိပ်ပေးမယ်။ သူတို့ အခု သားသတ်ရုံမှာ ရှိနေလောက်တယ်။ ခင်ဗျား ဘာသာ သွားကြည့်လိုက်ပါ။"
ရှဲ့ရှန်းက ခေါင်းညိတ်ကာ အချိန်အနည်းငယ် စောင့်ဆိုင်းပြီးနောက် အောက်ချန် တံဆိပ်တုံး နှိပ်ထားသော စာကို ကိုင်လျက် သားသတ်ရုံသို့ ထွက်လာခဲ့သည်။
သားသတ်ရုံ အပြင်ဘက်သို့ ရောက်သောအခါ ဝက်၊ နွား၊ သိုး အများအပြားကို ထောင့်တစ်နေရာ၌ ခြံလှောင်ထားသည်ကို တွေ့လိုက်ရ၏။
မြေပြင်ပေါ်တွင်လည်း သွေးရေများ စီးကျနေသည်။ ခန္ဓာကိုယ် တောင့်တင်းသော လူသန်ကြီးတစ်ချို့သည် ပြောင်လက်နေသော သားရေခါးစည်ကို ဝတ်ဆင်ထားပြီး တိရစ္ဆာန် အသေကောင်များကို ဓားဖြင့် တဖုန်းဖုန်း ခုတ်ပိုင်းနေကြသည်။
သူစိမ်း တစ်ယောက် ရောက်လာသည်ကို မြင်သောအခါ မလိုလားသော အမူအရာဖြင့် ခေါင်းမော့လာပြီး ကြမ်းတမ်းစွာ အော်မေးလိုက်၏။ "ဘယ်သူ လာတာလဲ။"
ရှဲ့ရှန်းက သန့်ရှင်းသော နေရာများကို သတိထား၍ နင်းကာ သူတို့အနီးသို့ လျှောက်သွားပြီး ခေါင်းမော့လျက် ပြောလိုက်သည်။ "ကျုပ် ရှဲ့ရှန်း ပါ။"
လူသန်ကြီး၏ တင်းမာနေသော မျက်နှာပေါ်၌ ဝမ်းသာသော အမူအရာ ပေါ်လာ၏။ "အို ... ဆရာရှဲ့ ဘယ်လိုလုပ် ရောက်လာတာလဲ။"
"ကျုပ် ကျောက်လျဲ့ လေ၊ အခု အဖွဲ့ခေါင်းဆောင် ဖြစ်နေပြီ။ ဟိုနှစ်တွေတုန်းက ကျုပ်ကို စာသင်ပေးခဲ့တာ မှတ်မိသေးလား။"
ရှဲ့ရှန်းက အတွင်းသို့ လှမ်းကြည့်လိုက်ရာ အထဲတွင် ရင်းနှီးသော မျက်နှာ အများအပြားကို တွေ့လိုက်ရသဖြင့် ပြန်ဖြေလိုက်သည်။ "မှတ်မိတာပေါ့။ ကျုပ်က လူတစ်ထောင်လောက်ကိုပဲ စာသင်ပေးခဲ့တာ၊ ဘယ်လိုလုပ် မမှတ်မိဘဲ နေမလဲ။"
ထိုသို့ပြောရင်း စာကို ထုတ်ပေးလိုက်၏။ "သခင်လေး အမိန့်ပေးလိုက်တယ်။ ကျုပ် လူတချို့ ခေါ်ပြီး ခရီးထွက်ရမယ်တဲ့။"
ကျောက်လျဲ့က စာကို ယူကာ အမြန် ဖတ်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အင်း … ပြဿနာ မရှိပါဘူး။ ဆရာ ကိုယ်တိုင် ရွေးမလား၊ ကျုပ်ပဲ ရွေးပေးရမလား။"
ရှဲ့ရှန်းက ကျောက်လျဲ့ကို သံသယဖြင့် အကဲခတ်ကြည့်လိုက်ပြီး မေးလိုက်၏။ "နဂါးအဖွဲ့က အခု နေ့တိုင်း ဝက်သတ်နေတာ၊ တိုက်ခိုက်လို့ ရသေးရဲ့လား။ ဒီတစ်ခါ ခရီးထွက်ရတာ အန္တရာယ် ရှိနိုင်တယ်။"
ကျောက်လျဲ့က ဟားဟားဟား ရယ်မောလိုက်ပြီး ခါးစည်ကို ချွတ်လိုက်ရာ ရင်ဘတ်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အမာရွတ်ကြီး တစ်ခု ပေါ်လာသည်။
အမာရွတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဆရာ .. ဆရာက ကျုပ်တို့ကို အထင်သေးနေတာပဲ။ ကျုပ်တို့ လူနှစ်ရာလောက်က နေ့တိုင်း လေ့ကျင့်ရေး လုပ်တယ်။ ဝက်သတ်တာ အပြင် အစစ်အမှန် တိုက်ခိုက်ရေးလည်း လုပ်သေးတယ်။ တစ်ရက်မှ မပျက်ကွက်ဘူး။
ဒီအမာရွတ်က ဟိုရက်ပိုင်းက အဖွဲ့ထဲက ညီအစ်ကိုတွေ ခုတ်လိုက်လို့ ရလာတာ။ ဆရာ ကျုပ်ကို မယုံရင် ကျုပ်တို့ နှစ်ယောက် ယှဉ်ချကြည့်မလား။"
ရှဲ့ရှန်းက အလျင်အမြန် တောင်းပန်လိုက်ရသည်။
ရူးနေလား။ ကျုပ်က ပညာတတ် တစ်ယောက်လေ၊ ခင်ဗျားနဲ့ ဘယ်လိုလုပ် ကိုယ်ခံပညာ ယှဉ်ပြိုင်နိုင်မှာလဲ။
"ရပြီ။ ဒါဆို ခင်ဗျားပဲ လူရွေးပေးလိုက်တော့။"
ကျောက်လျဲ့၏ လှည့်ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ရှဲ့ရှန်း၏ ရင်ထဲတွင် ယုံကြည်မှု အနည်းငယ် တိုးလာသကဲ့သို့ ခံစားလိုက်ရ၏။
ဤနဂါးတပ်ဖွဲ့ဆိုသည်မှာ ဖန်ကျန်းရီ ကိုယ်တိုင် ခရိုင်အတွင်းရှိ ကိုယ်ခန္ဓာ တောင့်တင်းသန်စွမ်းသော ပြည်သူနှစ်ရာကို ရွေးချယ်ကာ လေ့ကျင့်သင်ကြားပေးထားခြင်း ဖြစ်သည်။
၎င်းတို့ကို အထူးတပ်ဖွဲ့တစ်ခုအနေဖြင့် အသုံးပြုရန် ရည်ရွယ်ထားပြီး နေ့စဉ်ရက်ဆက် အသားဟင်းများ မပြတ်ကျွေးမွေးကာ အစဉ်တစိုက် လေ့ကျင့် သင်ကြားစေခဲ့သည်။ ကျန်းပြောင်နှင့် ကျိုးထျဲ့တို့မှာ ဤနဂါးတပ်ဖွဲ့၏ နည်းပြဆရာများပင် ဖြစ်ကြ၏။
သို့ရာတွင် အထူးတပ်ဖွဲ့ဟု ဆိုသော်ငြားလည်း အစစ်အမှန် သေရေးရှင်ရေး တိုက်ပွဲဝင် အတွေ့အကြုံများမှာမူ ကျိန်းသေပေါက် နည်းပါးလျက်ရှိနေသေးသည်။ ၎င်းတို့၏ နေ့စဉ် လေ့ကျင့်မှုများမှာ အခြေခံ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ လက်နက်ကိုင်တွယ် အသုံးပြုနည်းများနှင့် အချင်းချင်း အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းများသာ ဖြစ်သည်။ ထို့အပြင် အချိန်ပိုင်း သားသတ်သမားများအဖြစ်လည်း ဝင်ရောက်လုပ်ကိုင်ကြသေးသည်။
သို့တိုင်အောင် လက်တွေ့စွမ်းရည် ပြသခွင့် လုံးဝ မရှိခဲ့သည်တော့ မဟုတ်ပေ။ နှစ်စဉ် ဆောင်းရာသီ မဝင်ရောက်မီ အချိန်ကာလတိုင်းတွင် ဤလူနှစ်ရာစလုံးသည် တန်းစီ ထွက်ခွာကြပြီး တောက်ယွမ်ခရိုင် အနီးတစ်ဝိုက်ရှိ တောင်တန်းများပေါ်တွင် တောရိုင်းတိရစ္ဆာန်များကို အကြီးအကျယ် လိုက်လံ သုတ်သင်ကြသည်။ စားသုံး၍ ရနိုင်သမျှသော သတ္တဝါမှန်သမျှကို ချန်လှပ်ထားခြင်းမရှိဘဲ သတ်ဖြတ်ကြ၏။
ဤသို့ ပြုလုပ်ရခြင်း၏ အကြောင်းရင်းများမှာ ပထမအချက်အနေဖြင့် ဆောင်းရာသီတွင် ထင်းခုတ်သမားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဖြစ်ပြီး ဒုတိယအချက်မှာ အသားဟင်း ပိုမို ရရှိနိုင်ရန်အတွက်ပင် ဖြစ်လေတော့သည်။
မကြာမီမှာပင် ကျောက်လျဲ့က လူနှစ်ဆယ်ကျော်ကို ခေါ်လာခဲ့သည်။
လူနှစ်ဆယ့်ငါးယောက်က ရှဲ့ရှန်း ရှေ့တွင် သပ်သပ်ရပ်ရပ် ရပ်နေကြပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက လေထုထဲတွင် မသိမသာ ပြည့်နှက်နေ၏။
ဤလူစုမှာ ဝက်၊ နွား၊ သိုး အစရှိသည့် တိရစ္ဆာန်များကို ယခုလေးတင်မှ သတ်ဖြတ်ထားကြသူများ ဖြစ်သည့်အလျောက် ၎င်းတို့၏ အပြုအမူများမှာ အလွန်တရာပင် ကြမ်းတမ်းခက်ထန်လှသည်။
လှောင်အိမ်တံခါးများကို ဖွင့်လှစ်ကာ တိရစ္ဆာန်များကို အပြင်သို့ လွှတ်ပေးပြီးနောက် ဓားလက်နက်များကို ကိုင်ဆောင်၍ လိုက်လံခုတ်ထစ်ကြသည်ဖြစ်ရာ လူတိုင်း၏ ခန္ဓာကိုယ်ထက်၌ သွေးစိမ်းရှင်ရှင်များ အပြည့်အမောက် ပေကျံနေ၏။
ပို၍ ဆိုးရွားသည်မှာ အချို့သော သူများဆိုလျှင် ကိုယ်ခန္ဓာနှင့် မျက်နှာတစ်ပြင်လုံး နေရာလပ်မကျန် သွေးများဖြင့် ရွှဲရွှဲစိုနေကြရာ သွေးအိုင်အတွင်းမှ ပေါ်ထွက်လာသူများနှင့်ပင် တူနေသည်။ ခြောက်သွေ့စပြုနေပြီဖြစ်သော အမည်းရောင် သွေးကွက်ကြီးများမှာလည်း ၎င်းတို့၏ ခန္ဓာကိုယ်ထက်၌ အကွက်လိုက် အကွက်လိုက် ကပ်ငြိလျက် ရှိနေသည်။
ရှဲ့ရှန်းက နှုတ်ခမ်း လှုပ်စိလှုပ်စိ ဖြစ်သွားပြီး စကားပြောချင်သော်လည်း အသံမထွက်ရဲချေ။
ဤမြင်ကွင်းမှာ... အနည်းငယ်တော့ ရွံရှာဖွယ် ကောင်းလှသည်။
အနံ့အသက်ဆိုးများလည်း ထောင်းထောင်းထနေပြီး ယင်ကောင်များမှာလည်း တဝီဝီ ပျံဝဲနေကြရာ... ခရိုင်အတွင်းရှိ အသားများ၏ အရည်အသွေးပိုင်းတွင်များ တစ်စုံတစ်ရာ ပြဿနာ ရှိနေမည်လား...။