← Chapters

အခန်း ၃၈၅

Vol. 21 Ch. 385

အခန်း ၃၈၅

Vol. 21 Ch. 385

အပိုင်း (၃၈၅) ချည်မျှင်နှင့် အထည်စက်ရုံ စတင်လည်ပတ်တော့မည်။

ရက်ကန်းစက်ရုံ တစ်ဖြစ်လဲ ချည်မျှင်နှင့် အထည်စက်ရုံအတွင်းတွင် ဖန်ကျန်းရီသည် အိမ်ရှေ့စံ လီယွမ်ကျောက် အား ခေါ်ဆောင်ကာ နေရာအနှံ့ လိုက်လံစစ်ဆေးနေ၏။

ရှဲ့ရှန်းကို လျိုကျင်း၏အမှု လွှဲအပ်ထားခြင်းအား သူ စိတ်ချရသည်။ ရှဲ့ရှန်းသည် ခရိုင်အတွင်းရှိ ပညာ အရည်အချင်း မြင့်မားသော လူရည်ချွန် အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းများကိုလည်း တတ်ကျွမ်းသလို လုယက်ခြင်းကိုလည်း ကျွမ်းကျင်သည်။

သိုင်းပညာ အားနည်းသည်မှလွဲ၍ သီအိုရီပိုင်းအရဖြစ်စေ၊ လက်တွေ့ပိုင်းအရဖြစ်စေ ရှဲ့ရှန်းသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။

လက်ရှိ သူ၏ အရေးအကြီးဆုံး တာဝန်မှာ ချည်မျှင်နှင့် အထည်စက်ရုံ ဖြစ်သည်။

ချည်မျှင်နှင့် အထည်စက်ရုံ တည်ဆောက်ခြင်းသည် မင်းသမီးကြောင့်ဟူသော အကြောင်းပြချက် တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ သို့ပေမည့် အဓိကရည်ရွယ်ချက်မှာ မြို့တော်ရှိ ပြည်သူများအတွက် ဆောင်းရာသီတွင် နွေးထွေးသော အဝတ်အထည်များ ထောက်ပံ့ပေးရန်နှင့် ပုံစံသစ် ရက်ကန်းစင်များကို မိတ်ဆက်ပေးရန် ဖြစ်၏။

မြို့တော်သည် တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံရေး ဗဟိုချက်ဖြစ်ပြီး ဤနေရာမှ တီထွင်မှုအသစ်များ ထွက်ပေါ်လာကာ အကျိုးအမြတ်များစွာ ရရှိနိုင်ပါက မကြာမီတွင် တစ်လောကလုံးသို့ ပျံ့နှံ့သွားပေမည်။

ဖန်ကျန်းရီ၏ အမြင်တွင် ချစ်ခြင်းမေတ္တာသည် သာယာလှပသော်လည်း လူတစ်ယောက်အနေဖြင့် ရည်မှန်းချက် အနည်းငယ်တော့ ရှိသင့်သည်။

သူသည် တောက်ယွမ်ခရိုင်မှ ထွက်ခွာလာပြီး ပိုမိုကြီးမားသော တာဝန်များကို ထမ်းဆောင်နေပြီဖြစ်ရာ ဤလောကအတွက် ကောင်းမွန်သော အရာတစ်ခုခုတော့ ချန်ထားခဲ့ရမည်။

ယခုအချိန်တွင် ချည်မျှင်နှင့် အထည်စက်ရုံမှာ ဆောက်လုပ်ပြီးစီးလုနီးပါး ဖြစ်နေပြီး အမျိုးသမီး အလုပ်သမားများကိုပင် ခေါ်ယူထားပြီးဖြစ်ရာ အကြောင်းကြားစာ ရောက်သည်နှင့် အလုပ်စတင်နိုင်ပြီ ဖြစ်သည်။

လက်ရှိတွင် လိုအပ်နေသည်မှာ ရိုးရှင်းသော အဆောက်အအုံ အချို့နှင့် အမျိုးသမီး အလုပ်သမား အဆောင်များ၏ အခြေခံ အိမ်သုံးပစ္စည်းများသာ ဖြစ်၏။

စက်ရုံ၏ အဓိက အဆောက်အအုံမှာ ကျယ်ဝန်းလှပြီး ယေဘုယျအားဖြင့် ကုန်ထုတ်လုပ်မှု ပိုမို လွယ်ကူသော ပုံစံဖြင့် ပုံစံရေးဆွဲထားသည်။

ပထမဦးစွာ ချည်ငင်ခြင်း ပြုလုပ်ပြီးနောက် လုပ်ငန်းစဉ်အဆင့်များအတိုင်း အစိတ်အပိုင်း အသီးသီးကို အဆင့်ဆင့် တွဲချုပ်သွားမည်။

ထုတ်လုပ်လိုက်သော အဝတ်အထည်များ၏ အရွယ်အစားမှာ ယေဘုယျအားဖြင့် ကြီးမားသည်။ တိုင်းပြည်မှ သာမန်ပြည်သူများသည် အဝတ်အထည် ဝယ်ယူရာတွင် ကိုယ်နှင့် အံကိုက်ဖြစ်မည့် အရွယ်အစားကို ဝယ်လေ့မရှိဘဲ အနည်းငယ် ကြီးမားသည်ကိုသာ ဝတ်ဆင်ရ ပိုကောင်းသည်ဟု ယူဆကြ၏။

အဘယ်ကြောင့်ဆိုသော် ပထမအချက်မှာ အလုပ်လုပ်ရာတွင် ပိုမို လွတ်လပ်မှုရှိစေရန် ဖြစ်ပြီး၊ ဒုတိယအချက်မှာ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန် ဖြစ်သည်။

ကလေးများ အရွယ်ရောက်လာပါက အရင်မျိုးဆက်၏ အဝတ်ဟောင်းများကို ဆက်လက် ဝတ်ဆင်နိုင်သည်။ သေးငယ်နေပါက ဒုက္ခရောက်ရပေလိမ့်မည်။

ဤအချက်မှာ အစောပိုင်း ကာလများက လူမည်း ရက်ပ်အဆိုတော်များ၏ အခြေအနေနှင့် အလွန်တူညီသည်။ သူတို့အားလုံးသည် ဆင်းရဲသော ကလေးများဖြစ်ကြပြီး ဆွေမျိုးများ၏ အဝတ်အစား ကြီးကြီးများကိုသာ ဝတ်ဆင်ကြရ၏။

သို့ပေမည့် ၎င်းတို့တွင် ကံမကောင်းသော ကလေးဘဝကို ဖုံးကွယ်ထားနိုင်ရန် ရေထက်သိပ်သည်းဆနည်းသော ရွှေဆွဲကြိုးကြီး တစ်ကုံး ပိုပါလာတတ်သည်။

ထုတ်လုပ်မှု စွမ်းအား တိုးတက်စေရန် ချည်မျှင်နှင့် အထည်စက်ရုံတွင် အဆောင်များလည်း ဆောက်လုပ်ထားသည်။

မြို့ပြင်တွင် တည်ရှိသောကြောင့် သွားရလာရ အချိန်ကုန်စေနိုင်သည်။ ထို့ကြောင့် ထုတ်လုပ်မှု စွမ်းအား တိုးတက်စေရန် ဤအဆောက်အအုံများကို ဆောက်လုပ်ထားခြင်းသည် မရှိမဖြစ် လိုအပ်သည်။ အမျိုးသမီး အလုပ်သမား အဆောင်တစ်ခုတွင် လူရှစ်ယောက် နေထိုင်နိုင်ပြီး အထဲတွင် စားပွဲ၊ ကုလားထိုင်၊ ခုံတန်းလျားများ အပြည့်အစုံ ပါရှိကာ တက္ကသိုလ် အဆောင်များနှင့် အလွန်ဆင်တူ၏။

အဆောင်၏ ဧရိယာသည် တက္ကသိုလ် အဆောင်များထက် များစွာ ပိုမို ကျယ်ဝန်းပုံရသည်။

အိမ်အပြင်ဘက်တွင် အဝတ်လှန်းရန် နေရာနှင့် အပန်းဖြေ လှုပ်ရှားမှုများ ပြုလုပ်ရန် သီးသန့် နေရာများလည်း ထားရှိပေးထား၏။

အဆောင်များကြားတွင် ရေအလွယ်တကူ ခပ်ယူနိုင်ရန် ရေတွင်းများ ရှိပြီး မလှမ်းမကမ်းတွင် စားသောက်ဆိုင် ရှိသည်။

စားသောက်ဆိုင်မှာ အခမဲ့ဖြစ်ပြီး ကလေးထိန်းရန် သီးသန့်နေရာလည်း ထားရှိပေးထား၏။

အခြေအနေ ပေးပါက အနာဂတ်တွင် ကလေးများအား စာသင်ပေးရန် ဆရာအချို့ကိုပင် ခေါ်ယူကောင်း ခေါ်ယူပေလိမ့်မည်။

ဖန်ကျန်းရီသည် စေတနာကောင်းလွန်း၍ မဟုတ်ပေ။ ဤခေတ်ကာလ အမျိုးသမီးများ ကလေးမွေးဖွားသည့် အရွယ်မှာ ယေဘုယျအားဖြင့် အလွန်စောသောကြောင့် ဖြစ်၏။ အသက် ဆယ့်လေးငါးနှစ်တွင် ကလေးမွေးဖွားခြင်းမှာ ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်နေသည်။

အမျိုးသမီး အလုပ်သမား ခေါ်ယူရာတွင် အသက် ၁၅ နှစ်ဟု သတ်မှတ်ထားသော်လည်း အမျိုးသမီး အများစုတွင် ကလေးများ ရှိနေကြပြီး အမျိုးသားများမှာ မိုးမလင်းမီတည်းက အလုပ်သွားကြရာ ကလေးများကို ကြည့်ရှုမည့်သူ မရှိချေ။

ကလေးထိန်းဌာန မရှိပါက အလုပ်သမား အလုံအလောက် ရရှိရန် အလွန်ခက်ခဲပေလိမ့်မည်။

ကျန်ရှိနေသော အပိုင်းများမှာ ကုန်ကြမ်းသိုလှောင်ရုံနှင့် ကုန်ချောသိုလှောင်ရုံများ ဖြစ်သည်။ ဤအပိုင်းကို အမျိုးသား အလုပ်သမားများက တာဝန်ယူရပေမည်။ အမျိုးသမီးများသည် ခွန်အားစိုက်ရသော အလုပ်များ လုပ်ရာတွင် အားနည်းနေသေးသောကြောင့် ဖြစ်သည်။

စက်ရုံတစ်ခုလုံးကို ကြည့်ရှုပြီးနောက် ဖန်ကျန်းရီသည် မည်သည့်ပြဿနာမှ မရှိဟု ယူဆကာ လီယွမ်ကျောက် ဘက်သို့ လှည့်၍ မေးလိုက်၏။ “အိမ်ရှေ့စံ… ကျုပ်တို့ရဲ့ ဒီချည်မျှင်နဲ့ အထည်စက်ရုံ ဆောက်လုပ်ထားတာ ဘယ်လိုနေလဲ။”

လီယွမ်ကျောက်က ခေါင်းညိတ်ကာ မေးလိုက်၏။ “တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်း လွန်သွားသလိုပဲ။ ဒီလို နှိုင်းယှဉ်ကြည့်လိုက်တော့ အစောပိုင်းတုန်းက ကျုပ်တို့ရဲ့ သတင်းထောက်တွေ ခွေးလို နေခဲ့ရတယ်လို့ ခံစားရတယ်။”

ခွေးကို လစာပေးတဲ့လူ ဘယ်မှာရှိလို့လဲ။

ဖန်ကျန်းရီက နှုတ်ခမ်းကိုမဲ့လိုက်၏။ “အမျိုးသမီး အလုပ်သမား ခေါ်ဖို့ဆိုတာ အစတည်းက ခက်ခဲပါတယ်။ ဆောက်ထားတာ ညံ့နေအုံးမယ်ဆိုရင် ဘယ်သူက ဒီမှာလာပြီး အလုပ်လုပ်ချင်မှာလဲ။

ဒီအပိုင်းမှာ ကုန်ကျစရိတ် နည်းနည်းများတယ် ဆိုပေမယ့် အမျိုးသမီး အလုပ်သမားတွေက ဈေးပေါတယ်လေ။

အမျိုးသား အလုပ်သမား ခေါ်မယ်ဆိုရင် တစ်လကို နှစ်မူး ပေးရမယ်။ အမျိုးသမီး အလုပ်သမားကျတော့ တစ်မူးခွဲပဲ။ လေးပုံတစ်ပုံတောင် သက်သာသွားတယ်။ မကောင်းဘူးလား။”

ထိုစကားကို ကြားပြီးနောက် လီယွမ်ကျောက်၏ မျက်နှာထား လေးနက်သွားခဲ့၏။ “အမျိုးသမီးတွေက ဒီလောက် ပိုက်ဆံသက်သာတယ်ဆိုရင် သတင်းစာတိုက်မှာ ဘာလို့ အမျိုးသမီး သတင်းထောက်တွေ မခေါ်တာလဲ။”

“အမျိုးသမီးတွေက စာမှမတတ်တာ။ မဟုတ်ရင် အမျိုးသမီး သတင်းထောက်ကို ဘယ်သူက မကြိုက်ဘဲ နေမလဲ။ ပြီးတော့ စာတတ်ပေတတ် အမျိုးသမီးတွေထဲက ဘယ်သူက နေ့တိုင်း အပြင်ထွက်ပြီး မျက်နှာပြချင်မှာလဲ။”

လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်သွားသော အမူအရာ ပေါ်လာခဲ့၏။ “ဒါဆိုရင်တော့ နှမြောစရာပဲ။”

ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ ကျုပ်တို့ သတင်းစာတိုက်မှာ ဝတ်စုံ မရှိသေးဘူး။ ဒီတစ်ခေါက် ချည်မျှင်နဲ့ အထည်စက်ရုံမှာ သီးသန့်ချုပ်ခိုင်းရမယ်။”

“ဘာ ဝတ်စုံလဲ။”

“ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ ချည်မျှင်နဲ့ အထည်စက်ရုံ ပြီးသွားရင် အဝတ်အစားနဲ့ အထည်စတွေ ရောင်းရုံတင်မကဘူး၊ ရက်ကန်းစင်တွေကိုပါ ရောင်းရအုံးမယ်။”

“အင်… ကျန်းကျန်းမှာတုန်းက ရက်ကန်းစင်မျိုးလား။”

“ဟုတ်တယ်။”

လီယွမ်ကျောက်က ဇေဝဇဝါဖြင့် မေးလိုက်၏။ “ဖန်ကြီး… ကျန်းကျန်းမှာတုန်းက လူအရေးပေါ် ခေါ်ရတာကို ကျုပ် နားလည်တယ်။ ဒါပေမဲ့ မြို့တော်မှာတော့ ဒီလိုလုပ်စရာ မလိုတော့ဘူး ထင်တယ်။

ရက်ကန်းစင်တွေ သူတို့ကို ရောင်းလိုက်ရင် ကျုပ်တို့ ရမယ့် ပိုက်ဆံတွေ နည်းသွားမှာပေါ့။ ကျုပ်တို့ဘာသာ သိမ်းထားပြီး ထုတ်လုပ်တာ မကောင်းဘူးလား။”

ဖန်ကျန်းရီက ရယ်မောလိုက်၏။ “အိမ်ရှေ့စံ… တခြားလူတွေ ဒီလိုတွေးတာကို ကျုပ် နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျား ဒီလိုတွေးတာကိုတော့ ကျုပ် နားမလည်နိုင်တော့ဘူး။

ခင်ဗျားက နိုင်ငံရဲ့ အိမ်ရှေ့စံလေ။ တစ်ခဏတာအတွက်၊ နေရာတစ်ခုအတွက် အကျိုးအမြတ် အနည်းအကျဉ်းကို မျက်စိရှေ့မှာ မထားသင့်ဘူး။ ပုံစံသစ် ရက်ကန်းစင်တွေကို မိတ်ဆက်ဖြန့်ချိတာက တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုတယ်။ တကယ်တော့ ဒါက ကျုပ်တို့အတွက်လည်း အကျိုးရှိတယ်။

ပုံစံသစ် ရက်ကန်းစင်တွေ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီဆိုရင် အဝတ်အထည် ဈေးနှုန်းတွေ အမြန်ဆုံး ကျဆင်းသွားလိမ့်မယ်။ အဝတ်အထည် ဈေးနှုန်းတွေ ကျသွားရင် ပြည်သူတွေလည်း ဝယ်ချင်ကြမှာ သဘာဝပဲ။ ဒီလိုဆိုရင် အဝတ်အထည် မထုတ်လုပ်ခင် လုပ်ငန်းစဉ် အဆင့်တိုင်းကလည်း လိုက်ပြီး တိုးတက်လာမှာပဲ။ လူတိုင်းက အဲဒီကနေ အကျိုးအမြတ် ရရှိနိုင်တယ်။ ဒါက အားလုံး အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ။”

လီယွမ်ကျောက်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ “ဒီသဘောတရားကို ကျုပ် နားလည်ပါတယ်။ အစောပိုင်း တောက်ယွမ်ခရိုင်ကို ပထမဆုံးအကြိမ် သွားတုန်းက ခရိုင်ထဲက စာအုပ်ဆိုင်တွေမှာ စာအုပ်ရောင်းတော့ စကားလုံးရေ ပြည့်အောင် ရေရောတဲ့အကြောင်း ပြောတုန်းကလည်း ခင်ဗျား ကျုပ်ကို ဒီလိုပဲ ရှင်းပြခဲ့တာလေ။ နောက်ပိုင်း ခမည်းတော်ကို သွားပြောပြတော့ သူက ခင်ဗျားကို စကားလှည့်ပတ်ပြီး ဆင်ခြေပေးနေတာလို့ ပြောတယ်။”

ဖန်ကျန်းရီက မျက်မှောင်ကြုတ်သွားခဲ့၏။ “စကားလုံးရေ ပြည့်အောင် ရေရောတာက ဘယ်လိုလုပ်ပြီး စကားလှည့်ပတ် ဆင်ခြေပေးတာ ဖြစ်ရမှာလဲ။

ကျုပ် ဥပမာပေးမယ်။ ကျုပ်တို့ရဲ့ သတင်းစာတိုက်မှာ သတင်းရေးစရာ မရှိတော့ဘူး ဆိုပါစို့။ ဒါပေမဲ့ မနက်ဖြန် သတင်းစာ ထုတ်ရတော့မယ်။ အဲဒီအချိန်ကျရင် ဘယ်လိုလုပ်မလဲ။ စကားလုံးရေ ပြည့်အောင် ရေရောရမှာပေါ့။

နာမည်ကြီး တစ်ယောက်ကို အင်တာဗျူးလုပ်ပြီး သူတို့နှစ်ယောက်ရဲ့ စကားပြောခန်းကို သတင်းစာမှာ ဖော်ပြလိုက်ရင်အကြောင်းအရာ ဘယ်လောက်လိုချင်လိုချင် ရပြီမဟုတ်ဘူးလား။

တခြားနည်းလမ်းတွေလည်း ရှိသေးတယ်။ အချုပ်ပြောရရင် ဘယ်လောက် ရေရောချင်ရော ရောလို့ရတယ်။”

လီယွမ်ကျောက်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။ “အဲဒါဆိုရင် ဖတ်လို့မကောင်းတော့ဘူးလေ။ ရေရောထားတဲ့ဟာကို ဘယ်သူက ဖတ်ချင်မှာလဲ။ ဖတ်လို့ ကောင်းကောင်း မကောင်းကောင်း ဘယ်သူ ဂရုစိုက်မလဲ။ ရေငတ်ပြေတယ်လေ။”

“ရပါပြီ။ ကျုပ်တို့ ဒီကိစ္စကို ဆက်မပြောကြရအောင်။ စကားလုံးရေ ပြည့်အောင် ရေရောတယ်ဆိုတာက ပညာရပ်တစ်ခုပဲ။ အိမ်ရှေ့စံ အချိန်ရရင် စာအုပ်နှစ်အုပ်လောက် ရှာပြီး သေချာ ပြန်လေ့လာကြည့်ပါ။”

“ချည်မျှင်နဲ့ အထည်စက်ရုံ တရားဝင် လည်ပတ်ပြီး အလုပ်စတင်တဲ့အခါကျရင် တစ်မြို့လုံးက အထည်သည်တွေ ကို ခေါ်ပြီး အစည်းအဝေး လုပ်ရမယ်။ ကျုပ်တို့ သူတို့ဆီက ပစ္စည်းတွေကို အကုန် ဝယ်ယူနိုင်အောင် ကြိုးစားရမယ်။”

တစ်မြို့လုံးက အထည်သည်တွေဆီက အထည်တွေကို အကုန်ဝယ်မယ်။ ဒါက ဘယ်လို အလုပ်လုပ်ပုံလဲ။

လီယွမ်ကျောက်က တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။ “ဘာလို့ ဝယ်ရမှာလဲ။ အကုန်ဝယ်မယ်ဆိုရင် ပိုက်ဆံ ဘယ်လောက်တောင် ကုန်မလဲ။”

ဖန်ကျန်းရီ တွေးတောလိုက်သည်။ “အကုန်ဝယ်မယ်ဆိုပေမဲ့ သူတို့က အကုန် ရောင်းချင်မှ ရောင်းမှာလေ။ ကျုပ် ထင်တာတော့ ငွေတုံး ငါးသောင်း ခြောက်သောင်းလောက်ဆို လုံလောက် လောက်ပြီ။

ကျုပ်တို့ရဲ့ ချည်မျှင်နဲ့ အထည်စက်ရုံ စတင်လည်ပတ်ပြီဆိုရင် ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေက ဈေးနှုန်းအရ မြို့တော်ရဲ့ တခြား အထည်သည်တွေကို အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မယ်။

အသံတိတ် အလုပ်စတင်ပြီး ပစ္စည်းတွေ သိုလှောင်ထားလိုက်မယ်ဆိုရင် အဲဒီ အသေးစား စီးပွားရေးသမားတွေအတွက် သေလောက်တဲ့ ထိုးနှက်ချက် ဖြစ်သွားလိမ့်မယ်။

ပထမအချက်က သူတို့ဆီက ပစ္စည်းတွေ ရောင်းမထွက်တော့ဘူး။ နောက်လည်း ရောင်းရဖို့ အခွင့်အရေး မရှိတော့ဘူး။ ရောင်းရင်တောင် အရှုံးပေါ်ပြီး ရောင်းရမှာဆိုတော့ လက်ထဲမှာ ပစ္စည်းတွေ သောင်တင်နေတာနဲ့ အတူတူပဲ။

တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ကျုပ်တို့ အထည်စတွေ ဒါမှမဟုတ် အဝတ်အထည်တွေ ထုတ်လုပ်နိုင်တာက ကိစ္စတစ်ခု၊ ဒါပေမဲ့ ရောင်းထွက်ဖို့ဆိုတာက နောက်ကိစ္စတစ်ခုပဲ။ သူတို့ကို အခွင့်အရေးပေးပြီး သူတို့ရဲ့ လက်ရှိဆိုင်တွေကို အသုံးချပြီး ဈေးကွက်ဖြန့်ချိတာကလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲ။ နားလည်ပြီလား။”

“နားလည်ပါပြီ။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ ငွေတုံး ငါးသောင်း၊ ခြောက်သောင်း ဘယ်ရှိပါ့မလဲ။” လီယွမ်ကျောက်က မေးလိုက်၏။

ဖန်ကျန်းရီ၏ မျက်နှာထား တည်ကြည်သွားခဲ့သည်။ “တိုင်းပြည်က ပြည်သူတွေအားလုံး ဈေးသက်သာပြီး ကောင်းမွန်တဲ့ အဝတ်အထည်တွေ ဝတ်ဆင်နိုင်ဖို့ ဒီငွေကို ကျုပ် စိုက်ထုတ်ပေးမယ်။”

All Chapters