အခန်း ၃၈၆
Vol. 21 Ch. 386
အပိုင်း (၃၈၆) အမျိုးသမီး အလုပ်သမားများ၏ စိုးရိမ်ပူပန်မှု။
ခုနစ်ရက်ကြာပြီးနောက်။
ချည်မျှင်နှင့် အထည်စက်ရုံ တရားဝင် စတင်လည်ပတ်တော့မည် ဖြစ်သည်။
အမျိုးသမီး အလုပ်သမားများ အားလုံး၏ အမည်စာရင်းနှင့် အတိအကျ နေရပ်လိပ်စာများကို သတင်းစာတိုက် တွင် သိမ်းဆည်းထား၏။
ဖန်ကျန်းရီ၏ အစီအစဉ်အရ သန့်ရှင်းရေးအဖွဲ့ဝင်များကို စေလွှတ်ကာ အမျိုးသမီး အလုပ်သမားများ အလုပ်လာဆင်းရန် အိမ်တိုင်ရာရောက် အကြောင်းကြားစေခဲ့သည်။
ချန်ရှောင်မန်သည်လည်း ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်၏။
လွန်ခဲ့သော တစ်လခန့်က သတင်းစာဖတ်ပြသူများထံမှတစ်ဆင့် ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံမှ အမျိုးသမီး အလုပ်သမားများ ခေါ်ယူနေကြောင်း သူမ သိရှိခဲ့သည်။
အစပိုင်းတွင် အနီးအနားရှိ အိမ်နီးချင်းများသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားစွာ ဆွေးနွေးခဲ့ကြသော်လည်း အများစုမှာ အပျက်သဘောဆောင်သော အမြင်များသာ ဖြစ်ကြ၏။
အမျိုးသမီး အများစုက အပြင်ထွက်ပြီး မျက်နှာပြရခြင်းကို မလျော်ကန်ဟု ယူဆကြသည်။ လုပ်အားခ အတော်လေး ကောင်းမွန်သော်လည်း ထိုသို့အတွေးရှိသည်။
သို့ပေမည့် စက်ရုံတွင် အလုပ်လုပ်မည်ဆိုလျှင် အိမ်မှယောက်ျားက မည်သို့မြင်မည်နည်း။ ကလေးကို မည်သူက ကြည့်မည်နည်း။
စက်ရုံထဲတွင် ယောက်ျားများသာ ရှိပြီး မိန်းမများ အထဲဝင်လာအောင် လိမ်ခေါ်နေသည်ဟု ထင်သူတောင် ရှိနေသေးသည်။ ထို့အပြင် ရက်ကန်းရက်ချင်ပါက အိမ်မှာရက်ပြီး အပြင်မှာ သွားရောင်း၍ရသည် မဟုတ်ပါလား။ ပိုက်ဆံအတွက် သိက္ခာတော့ အကျမခံနိုင်ပေ။
သို့ပေမည့် ချန်ရှောင်မန်ကတော့ ထိုသို့မတွေးပေ။
သူမ ပိုက်ဆံလိုနေသည်။ ထို့အပြင် သူမက ပန်းရှန်းနေ့စဉ်သတင်းစာကို ယုံကြည်သည်။ စက်ရုံထဲမှာ မိန်းမတွေချည်းပဲ ရှိပြီး ဂုဏ်သိက္ခာကျစရာ ပြဿနာ ဘာမှမရှိဆိုသည်ကို သူမ ယုံကြည်သည်။
ကလေးက သုံးနှစ်ပဲ ရှိသေးသည်။ အဆိုးဆုံး အခြေအနေဆိုလျှင် ကလေးကို ကျောပိုးပြီး သွားမည်။ ညရောက်လျှင် ပြန်ပိုးလာမည်။ ပင်ပန်းလျှင်လည်း ပင်ပန်းပါစေ။
အိမ်မှ ယောကျ်ားကတော့ တော်တော်လေး နားလည်ပေးတတ်သူ ဖြစ်၏။ ပန်းရှန်းရပ်ကွက် တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်ခဲ့ဖူးသောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ဘာမှများများစားစား မပြောခဲ့ချေ။
ယောကျ်ားဖြစ်သူက သဘောမတူခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ ချန်ရှောင်မန်သည် အံကြိတ်ကာ သတင်းစာ တစ်စောင် ဝယ်လိုက်ပြီး စာလုံးတစ်လုံးမှ မဖတ်တတ်သော်လည်း သတင်းစာကို ကိုင်ကာ အလုပ်လျှောက်ရန် သွားခဲ့သည်။
အလုပ်လာလျှောက်သော အမျိုးသမီး အလုပ်သမားများ သိပ်မများဘဲ သုံးယောက် သို့မဟုတ် နှစ်ယောက်စီသာ တန်းစီနေကြ၏။
ကံကောင်းထောက်မစွာဖြင့် အင်တာဗျူးလုပ်သူသည် သူမ ကိုယ်လက်အင်္ဂါ ပြည့်စုံသည်ကို မြင်သောအခါ မေးခွန်းအနည်းငယ်သာ မေးပြီး အိမ်ပြန်၍ သတင်းစောင့်ရန် ပြောလိုက်သည်။
တစ်လကျော်စောင့်ပြီးနောက် သတင်းအစအနမျှ မရသောကြောင့် ချန်ရှောင်မန်၏ စိတ်အားထက်သန်မှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ဤကာလအတွင်း အိမ်နီးချင်းများက သူမ ချည်မျှင်နှင့် အထည်စက်ရုံသို့ သွားမည့်သတင်းကို သိသွားကြရာ ် ခနဲ့တဲ့တဲ့ ပြောဆိုခြင်းများကို မလွဲမသွေ ခံခဲ့ရသည်။
ကွယ်ရာတွင်လည်း မကောင်းပြောကြသေးသည်။ မိန်းမကျင့်ဝတ် မစောင့်ထိန်းဘူး ဆိုသော သဘောမျိုးပင်။
အိမ်မှာ ယောကျ်ားကို ပြုစုယုယတာ မလုပ်လျှင် အဘယ်သို့ မိန်းမ ပီသတော့မည်နည်း။
ချန်ရှောင်မန်သည် စိတ်ထဲတွင် ကြိတ်၍ ဝမ်းနည်းရုံသာ တတ်နိုင်ပြီး ခါးသီးစွာ ပြုံးပြနေရရှာသည်။
ယနေ့ မွန်းလွဲပိုင်း ကလေးနှင့်အတူ အိမ်၌ ရှိနေစဉ် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
တံခါးဖွင့်လိုက်သည့်အခါ သူစိမ်းယောကျ်ားတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူက ချန်ရှောင်မန်အား ကြည့်ကာ ပြောလိုက်သည်။ “ချန်ရှောင်မန် ဟုတ်တယ်မလား။ ပန်းရှန်း ချည်မျှင်နဲ့ အထည်စက်ရုံက မနက်ဖြန် တရားဝင် လည်ပတ်တော့မယ်။ မနက်ဖြန် စက်ရုံကို လာပြီး သတင်းပို့ဖို့ လာအကြောင်းကြားတာပါ။”
“ဒါက မင်းရဲ့ အလုပ်သမားကတ်ပဲ။”
ထိုသို့ပြောပြီးနောက် ထိုသူက သစ်သားကတ်ပြား တစ်ခုကို ကမ်းပေးလိုက်၏။ အပေါ်တွင် စာလုံး သုံးလုံး ထွင်းထားသည်။
“ဟမ် …” ချန်ရှောင်မန်သည် တစ်ခုခု မေးချင်နေသေးသော်လည်း သူမ စကားမပြောရသေးမီ အကြောင်းကြားသူမှာ အလောတကြီး ထွက်ခွာသွားပြီ ဖြစ်သည်။
ထိုသို့ဖြင့် သူမသည် အလုပ်သမားကတ်ကို ကိုင်ကာ ကုတင်ပေါ်တွင် ထိုင်နေမိ၏။
တစ်ခဏမျှ သူမ၏ စိတ်ထဲတွင် မည်သို့ဖြစ်နေမှန်း မသိတော့ချေ…
ညဘက်ရောက်သောအခါ အသားမည်းမည်းနှင့် ပိန်လှီသော သူမ၏ယောကျ်ားတစ်ယောက်သည် ခါးကိုကိုင်းကာ ပြန်ရောက်လာပြီး ပါးစပ်မှ ပြောလိုက်၏။ “ငါ ဗိုက်ဆာနေပြီ။ ထမင်းဟင်း ကျက်ပြီလား။”
အလုပ်သမားကတ်မှာ ချန်ရှောင်မန်၏ လက်ဖြင့်အုပ်ထားသောကြောင့် နွေးထွေးနေပြီ ဖြစ်သည်။ အသံကြားမှ ယောကျ်ား ပြန်ရောက်လာမှန်း သူမ သတိထားမိလိုက်၏။ သူမ အလောတကြီး ပြောလိုက်သည်။ “ခဏလေး စောင့်အုံး။ အခုပဲ သွားလုပ်လိုက်မယ်။”
ယောကျ်ားဖြစ်သူသည် မျက်မှောင်ကြုတ်သွားခဲ့၏။ “ဘယ်လိုဖြစ်ရတာလဲ။ အခုထိ ထမင်း မချက်ရသေးဘူးလား။ ငါ ဗိုက်ဆာလို့ သေတော့မယ်။ မိုးမလင်းခင်ကတည်းက အလုပ်သွားရတာ။ ဒီနေ့ သခင်ကြီးကျန်းရဲ့ လယ်ထဲမှာ အလုပ်လုပ်ပြီးတာနဲ့ သခင်ကြီးလျိုရဲ့ အိမ်ကို သွားရသေးတယ်။
ခွေးမသား။ အဲဒီသခင်ကြီးလျိုက တိရစ္ဆာန်ပဲ။ အလုပ်လုပ်တာကို မြန်မြန်လုပ်၊ မြန်မြန်လုပ်ဆိုပြီး လူကို အသေသတ်နေတာ။ အိမ်ပြန်ရောက်တော့လည်း ထမင်းတစ်လုတ်တောင် မရှိဘူး။ မင်း ဘယ်လိုဖြစ်နေတာလဲ။”
ချန်ရှောင်မန်သည် စိုးရိမ်တကြီး တံတွေးမြိုချလိုက်ပြီး ယောကျ်ားဖြစ်သူ၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ အလုပ်သမားကတ်ကို သတိတရဖြင့် မြှောက်ပြလိုက်၏။
“ယောကျ်ား… ချည်မျှင်နဲ့ အထည်စက်ရုံက စလည်ပတ်ပြီတဲ့… မနက်ဖြန်ကျရင် အလုပ်သွားဆင်းရမယ်။”
ယောကျ်ားဖြစ်သူသည် ကြောင်အမ်းသွားပြီး ချန်ရှောင်မန်၏ လက်ထဲမှ အလုပ်သမားကတ်ကို ယူလိုက်သည်။
အပေါ်က စာလုံးတွေကို သေချာကြည့်ပြီးနောက် ချန်ရှောင်မန်ကို လှည့်ကြည့်လိုက်၏။
သူ၏မျက်နှာထား ရုတ်တရက် ပြေလျော့သွားခဲ့သည်။
အလုပ်သမားကတ်ကို ကိုင်ကာ ခုံလေးပေါ်တွင် ထိုင်လျက် ဘာတွေတွေးနေမှန်း မသိချေ။
သူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည့်အခါ ချန်ရှောင်မန်သည် သတိထား၍ စမ်းသပ်မေးကြည့်လိုက်၏။ “ကျွန်မ သွားလို့ ရမလား။”
ယောကျ်ားဖြစ်သူသည် သတိပြန်ဝင်လာခဲ့သည်။ “အမ်… သွား… သွားလေ။”
“ဒါဆို ယောကျ်ား ခုနက ဘာတွေတွေးနေတာလဲ။” ချန်ရှောင်မန် သက်ပြင်းချလိုက်၏။
“မင်း အိမ်မှာ ထမင်းမချက်ရင်လည်း ကိစ္စမရှိပါဘူး။ ငါ အပြင်မှာ အလုပ်လုပ်တော့ မြေရှင်နှစ်ယောက်က နေ့လယ်ကျရင် ထမင်းကျွေးပါတယ်။ တစ်နပ် စားရုံနဲ့ ရတယ်။ ဒါပေမဲ့ ငါတို့ကလေးက ဘယ်လိုလုပ်မလဲ။”
“ကျွန်မ ရှင်စားဖို့ ထမင်းအရင်ချက်ထားပေးခဲ့မယ်။ ပြီးရင် ကလေးကို ကျောပိုးသွားမယ်လေ။”
“မင်း သေချာစဉ်းစားပြီးပြီလား။ တကယ်လို့ အထဲမှာ အပြင်က ပြောနေသလိုမျိုး ဖြစ်နေရင်ရော .. တကယ်လို့ လိမ်ခေါ်သွားပြီး လုပ်အားခ မပေးရင်ရော။”
“ဒါပေမဲ့ သတင်းစာထဲမှာ အဲဒီလိုပဲ ရေးထားတာပဲလေ…” ချန်ရှောင်မန်က ခပ်တိုးတိုး ပြောလိုက်၏။
“သတင်းစာ .. သတင်းစာထဲမှာ တိုင်းပြည်ကြီး သာယာဝပြောပြီး လူတိုင်း ပျော်ရွှင်နေတယ်လို့လည်း ရေးထားတာပဲ။ အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ငါက နွားတစ်ကောင်လို နေ့တိုင်း အပြင်မှာ လယ်ဆင်း လုပ်နေရတုန်းပဲ မဟုတ်လား။” ယောကျ်ားဖြစ်သူ၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားပြီး သူ၏ အသံတွင် မကျေနပ်မှုများ အပြည့် ပါဝင်နေသည်။
“ဒါပေမဲ့ ရှင့်ရဲ့ ခါးက… နောက်ပြီး အဖေ့ရဲ့ ဆေးဖိုးလည်း မလောက်တော့ဘူး… ကျွန်မ အပြင်ထွက်ရင် ပိုက်ဆံတစ်ဝက် ရှာနိုင်မယ် ထင်လို့ပါ။
ပန်းရှန်းနေ့စဉ်သတင်းစာက တခြားသတင်းစာတွေနဲ့ မတူဘူး။ ရှင် ကျွန်မကို သွားခိုင်းမှာလား၊ မသွားခိုင်းဘူးလား။ ရှင် သဘောမတူရင် ကျွန်မ မသွားတော့ဘူး။” ချန်ရှောင်မန်၏ စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ သို့ပေမည့် ထပ်မံ ကြိုးစားကြည့်ချင်သေး၏။
ယောကျ်ားဖြစ်သူက ဆက်လက်၍ တိတ်ဆိတ်နေ၏။ အချိန်အတော်ကြာမှ သူ၏ ပါးစပ်မှ မကျေမနပ် ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။ “ငါ မင်းကို စိတ်ပူလို့ပါ။ တကယ်လို့ လိမ်တာဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းကို အဲဒီမှာ ဖမ်းထားပြီး ပြန်မလွှတ်ဘဲ နေ့တိုင်း အလုပ်ခိုင်းနေရင် ဘယ်လိုလုပ်မလဲ။ ကလေးကပါ အတူတူ အလုပ်လုပ်ရနိုင်တယ်…”
ယောကျ်ားဖြစ်သူဆီမှ သူမကို ဂရုစိုက်သော စကားတစ်ခွန်း ကြားလိုက်ရသည့်အခါ ချန်ရှောင်မန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
“ကျွန်မကို သွားခွင့်ပြုပါ။ အိမ်မှာ ပိုက်ဆံမရှိဘူးလေ။ တကယ်လို့ အစစ်ဆိုရင် အဖေ့ရဲ့ ဆေးဖိုးလည်း ပြဿနာ မရှိတော့ဘူး။ ကလေးကိုလည်း အသားလေးနည်းနည်း ကျွေးလို့ ရတာပေါ့။ ချည်မျှင်နဲ့ အထည်စက်ရုံမှာ ပြဿနာရှိရင် ကျွန်မ သေချာပေါက် ပြန်ပြေးလာခဲ့မယ်။
ကျွန်မ ဖမ်းခံရရင်တောင် ပန်းရှန်းနေ့စဉ်သတင်းစာမှာ အခမဲ့ လူရှာတဲ့ ကြော်ငြာ ရှိတယ်မလား။ ရှင် သတင်းစာထဲ ကြော်ငြာထည့်ပြီး ကျွန်မကို ရှာလို့ရတာပဲ။”
ယောကျ်ားဖြစ်သူက ပြုံးကာ ပြောလိုက်သည်။ “အေးပါ။ မိန်းမသားတစ်ယောက် ဖြစ်ပေမယ့် မင်းရဲ့ သတ္တိက ငါ့ထက်တောင် ကောင်းသေးတယ်။”
ချန်ရှောင်မန်က ယောကျ်ားဖြစ်သူအား အပြစ်တင်သလို ကြည့်လိုက်၏။ “တစ်မြို့လုံးက လူတွေ သိတဲ့ကိစ္စကို လိမ်တာတော့ မဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်… ကျွန်မလည်း ကလေးကို စိတ်ပူတာပါပဲ။ မနက်ဖြန် ကလေးကို ခေါ်မသွားရင် ကောင်းမလား။”
ယောကျ်ားဖြစ်သူက ခေါင်းခါပြလိုက်၏။ “ဒါဆို ငါ တစ်ယောက်တည်း ကလေးထိန်းရမှာလား။ သူ လယ်ထဲမှာ လျှောက်ပြေးနေရင် ဘယ်သူက ကြည့်နိုင်မှာလဲ။ အိမ်မှာ တစ်ယောက်တည်း နေခဲ့လို့ လူခေါ်သွားရင် ဘယ်လိုလုပ်မလဲ…”
ထိုသို့ပြောသောအခါ ချန်ရှောင်မန်၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။ “ဒါဆိုရင် ခေါ်သွားတာပဲ ကောင်းမယ်…”
ယောကျ်ားဖြစ်သူ သက်ပြင်းချလိုက်သည်။ “ခေါ်သွားလိုက်။ မင်း သွားချင်မှတော့ ငါ မတားတော့ဘူး။ တကယ်လို့ လိမ်ခံရရင် ငါ သတင်းစာမှာ ကြော်ငြာထည့်ပြီး မင်းကို ရှာမယ်။ တကယ်လို့ မရရင် တရားစွဲမယ်။”
ယောကျ်ားဖြစ်သူ၏ သဘောထား တိကျပြတ်သားနေသည်ကို မြင်လိုက်ရသည့်အခါ ချန်ရှောင်မန်သည် စိတ်ထဲမှ အဖုအထစ်များ ပြေလျော့သွားသကဲ့သို့ ခံစားလိုက်ရ၏။ “ကောင်းပြီ။ ရှင်ပြောတဲ့အတိုင်း လုပ်မယ်။ ကျွန်မ အလုပ်ဆင်းရပြီဆိုရင် ကျုပ်တို့ မိသားစု ဝင်ငွေ နှစ်ဆ ရပြီ။ အဖေ့ ဆေးဖိုးလည်း ရပြီ။ ကလေးအတွက်လည်း နည်းနည်း စုထားပေးလို့ ရနိုင်တာပေါ့။
သတင်းစာထဲမှာ အမတ်ကြီးဖန် ပြောတာကို ကျွန်မ ကြားဖူးတယ်။ ကြိုးစားမှ အောင်မြင်မယ်တဲ့။”
ယောကျ်ားဖြစ်သူက နှုတ်ခမ်းမဲ့၍ အထင်သေးစွာ ပြောလိုက်၏။ “နားထောင်ကောင်းရုံလေးပါပဲ။ နန်းတော်ထဲက ခွေးအမတ်တွေထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူး။ တစ်နေ့လုံး လေပဲ ဖမ်းနေကြတာ။ ဘာယုံစရာရှိလဲ။”
ချန်ရှောင်မန်သည် ဒေါသထွက်ကာ မျက်မှောင်ကြုတ်သွားခဲ့၏။ “အဲဒါ အမတ်ဖန်လေ။ သူက ဒုက္ခသည် အများကြီးကို ကယ်တင်ခဲ့တာ။ အခု မြို့တော်မှာ ပန်းရှန်းရပ်ကွက်က လူတွေရဲ့ ဘဝအကောင်းဆုံး ဆိုတာ ဘယ်သူ မသိလို့လဲ။”
“အာ… ရပါပြီ။ ရပါပြီ။ စကားများမနေနဲ့တော့။ ငါ ဗိုက်ဆာနေပြီ။ မြန်မြန်သွားပြီး ထမင်းချက်တော့။”