← Chapters

အခန်း ၃၈၇

Vol. 21 Ch. 387

အခန်း ၃၈၇

Vol. 21 Ch. 387

အပိုင်း (၃၈၇) ကံကြမ္မာ၏ အလှည့်အပြောင်းလား။

နောက်တစ်နေ့ နံနက်စောစော မိုးမလင်းမီတွင် ချန်ရှောင်မန်သည် ကလေးကို ကျောပိုးကာ လက်ထဲတွင် ခြင်းတောင်းငယ် တစ်လုံးဆွဲ၍ ခရီးစတင်ခဲ့သည်။

ကျန်းမာရေးအဖွဲ့က အလုပ်ဆင်းရမည့် အချိန်ကို အကြောင်းမကြားထားသောကြောင့် ချန်ရှောင်မန်လည်း အချိန်အတိအကျကို မသိပေ။ ထို့ကြောင့် စောစောထွက်လာခဲ့ခြင်း ဖြစ်၏။

ယောကျ်ားဖြစ်သူ၏ အလုပ်အတွေ့အကြုံအရ လယ်လုပ်ချိန်တွင် မိုးသောက်ယံ၌ပင် ထွက်ခွာလေ့ရှိသည်။

ရှေးခေတ်လူများ၏ ဘဝသည် မနက်ကိုးနာရီမှ ညနေငါးနာရီအထိ လုပ်ရသည်ဟု ဆိုကြသော်လည်း ယင်းမှာ မြေရှင်များအတွက်သာ ဖြစ်ပြီး သာမန်ပြည်သူများအတွက်တော့ ထိုမျှ မရိုးရှင်းပေ။

လူတစ်ယောက်သည် မြေရှင်များစွာ၏ လယ်ယာများကို သန့်ရှင်းရေးလုပ်ပေးရလေ့ရှိပြီး မိုးမလင်းမီကတည်းက ထွက်သွားကာ မိုးချုပ်မှသာ အိမ်ပြန်ရောက်လေ့ရှိ၏။

ထိုသို့ မိမိ၏ အသက်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲမှသာ မိသားစု၏ ဝမ်းရေးကို ခက်ခက်ခဲခဲ ဖြေရှင်းနိုင်သည်။

ချန်ရှောင်မန်၏ လက်ထဲရှိ ခြင်းတောင်းတွင် ရိုးရှင်းသော စားစရာအချို့နှင့် ကလေး၏ ကစားစရာ အနည်းငယ်သာ ပါရှိသည်။

လမ်းတစ်လျှောက်တွင် ချန်ရှောင်မန်၏ စိတ်အခြေအနေသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေ၏။

အနာဂတ်အတွက် လှပသော မျှော်လင့်ချက်များ ရှိနေသလို၊ မသိသေးသော စက်ရုံဘဝအတွက်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

ဘယ်လောက်ကြာကြာ လျှောက်လာခဲ့မှန်း မသိတော့ဘဲ လမ်းပေါ်တွင် အခြားအမျိုးသမီးများ၏ အရိပ်အယောင်များကို မြင်လာရသည်။ အများစုမှာ ကလေးကို ကျောပိုးကာ တစ်ယောက်တည်း လမ်းလျှောက်နေကြသူများ ဖြစ်ကြ၏။

ရိုးရိုးရှင်းရှင်း စကားပြောကြည့်သောအခါ လမ်းတူသူများဖြစ်ပြီး ချည်မျှင်နှင့် အထည်စက်ရုံမှ အမျိုးသမီး အလုပ်သမားများ ဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် အားလုံး အဖွဲ့လိုက်သွားကြပြီး စကားပြောရင်း ခင်မင်ရင်းနှီးလာကြသည်။

အမျိုးသမီးတစ်ချို့သည် တတွတ်တွတ်ပြောရင်း လမ်းလျှောက်လာရာမှ တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သတိထားမိသွားကြ၏။

ချည်မျှင်နှင့် အထည်စက်ရုံသည် မြို့မြောက်ပိုင်းတွင် ရှိသည်ဟု ဆိုသော်လည်း တိကျသော နေရာကို မည်သူမှ မသိကြချေ။

ယခု လမ်းမကြီးအတိုင်း အချိန်အတော်ကြာ လျှောက်လာခဲ့ပြီဖြစ်သော်လည်း အတိအကျ ဘယ်ကို သွားရမည်နည်း။

ချန်ရှောင်မန်လည်း ကြောင်အမ်းသွားသည်။

လူတစ်စုလုံး စိတ်လှုပ်ရှားနေကြသော်လည်း လိုရာခရီးက ဘယ်နေရာမှန်းပင် မသိကြချေ။ လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး လူအုပ်ကြီးသည် ဆက်လက်၍ ရှေ့သို့ လျှောက်သွားကြ၏။

သို့ပေမည့် များများမဝေးသေးမီ လမ်းဘေးတွင် ထူးဆန်းသော အရာတစ်ခု ပေါ်လာသည်။ ဒေါင်လိုက် စိုက်ထားသော ဆိုင်းဘုတ်တစ်ခု ဖြစ်သည်။

ချန်ရှောင်မန်သည် အလောတကြီး အနားသို့ တိုးသွားကြည့်လိုက်ရာ အပေါ်တွင် စာလုံးအချို့ ရေးထားပြီး ပုံစံနှစ်ခု ဆွဲထားသည်ကို မြင်လိုက်ရ၏။ တစ်ယောက်က မေးလိုက်၏။ “ဒီထဲမှာ စာတတ်တဲ့သူ ရှိလား။ ဒီအပေါ်မှာ ဘာရေးထားလဲဆိုတာ ဘယ်သူသိလဲ။”

အမျိုးသမီး တစ်စုသည် အချင်းချင်း ကြည့်ကာ ခေါင်းခါပြလိုက်ပြီး စာမတတ်ကြောင်း ပြောကြသည်။

ချန်ရှောင်မန်က ပုံစံများကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ရှင်တို့ ကြည့်ကြည့်။ ဒီပုံက ရက်ကန်းစင်နဲ့ မတူဘူးလား။ ပြီးတော့ ဒါက လက်တစ်ဖက်လေ။”

အမျိုးသမီးများ အားလုံး ဆိုင်းဘုတ်အနားသို့ တိုးသွားကြည့်ကြသည်။

အပေါ်တွင် ရက်ကန်းစင် တစ်ခုနှင့် လက်တစ်ဖက်၏ ပုံစံ အထင်းသား ရှိနေ၏။

“အာ… ဒါက ရက်ကန်းစင်ပဲ မဟုတ်လား။ ဒီလက်က ချည်မျှင်နဲ့ အထည်စက်ရုံကို ညွှန်ပြနေတဲ့ လမ်းကြောင်း ဖြစ်ရမယ်။”

အားလုံး၏ စိတ်ထဲတွင် ချက်ချင်းပင် တည်ငြိမ်သွားကြသည်။

ဤဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့သည်။ မဟုတ်လျှင် မည်သူက အဓိပ္ပာယ်မရှိ ဆိုင်းဘုတ် လာစိုက်ထားမည်နည်း။

အားလုံး၏ စိတ်အခြေအနေသည် ပြန်လည် ကြည်လင်လာပြီး ဝမ်းသာအားရဖြင့် ဆက်လက် လျှောက်သွားကြရာ မကြာမီ လမ်းမကြီးမှ သွေဖယ်သွားသော်လည်း မီတာ နှစ်ရာတိုင်းတွင် ထိုကဲ့သို့သော လမ်းညွှန်ဆိုင်းဘုတ် တစ်ခုကို တွေ့ရသည်။

ဆိုင်းဘုတ်များအတိုင်း လိုက်သွားရာ မကြာမီ ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံ၏ တံခါးပေါက်သို့ ရောက်ရှိသွားကြ၏။

ယခုအချိန်တွင် တံခါးကြီးကို တင်းကျပ်စွာ ပိတ်ထားပြီး တံခါးအပြင်ဘက်တွင် အမျိုးသမီး အများအပြား စုဝေးနေကြပြီ ဖြစ်သည်။

လူအုပ်အသစ် ထပ်မံရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ တံခါးဝတွင် ချက်ချင်း ဆူညံသွား၏။

ဘဲတွေ အော်နေသလို အသံတွေက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ချန်ရှောင်မန်သည် တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေရင်း သစ်သားတံခါးကြီးပေါ်ရှိ သူမ မသိသော စာလုံးကြီး ငါးလုံးကို မော်ကြည့်နေကာ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ အပြည့်အဝ ပါဝင်နေ၏။

…

ဖန်အိမ်တော် ..။

မွန်းတည့်ချိန်တွင် ဖန်ကျန်းရီသည် ရှောင်ထောင်၏ လှုပ်နှိုးမှုကြောင့် အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။

ရှောင်ထောင်သည် အနည်းငယ် ဒေါသထွက်နေပုံရသော်လည်း ညုတုတု အသံဖြင့် ပြောလိုက်၏။ “သခင်လေး … မွန်းတည့်နေပြီလေ။ ဒီနေ့က ချည်မျှင်နဲ့ အထည်စက်ရုံ ဖွင့်ပွဲလုပ်မှာ မဟုတ်ဘူးလား။ အိမ်ရှေ့စံနဲ့ ကျွန်မတို့လူတွေ အပြင်မှာ ရှင့်ကို စောင့်နေကြတယ်။ နေ့လယ်စာတောင် စားပြီးသွားပြီ။”

“ဟင် … ဖွင့်ပွဲလုပ်မှာလား။”

ဖန်ကျန်းရီသည် မျက်လုံးများကို ပွတ်သပ်လိုက်၏။ မနေ့ညက ချည်မျှင်နှင့် အထည်စက်ရုံ ကိစ္စအတွက် တစ်ညလုံး တွေးတောနေခဲ့ရာ မနက်ခင်း ညီလာခံမှ ပြန်ရောက်ပြီးနောက် အိပ်ချင်မူးတူးဖြင့် တစ်ရေး ပြန်အိပ်ပျော်သွားခဲ့သည်။

ရှောင်ထောင်က ဆက်တိုက် သက်ပြင်းချကာ ပြောလိုက်သည်။ “ရှင့်ကို နှိုးတာ သုံးကြိမ်ရှိပြီ။ ယောင်နေတုန်းပဲ။ မြန်မြန် မျက်နှာသစ်ပြီး သွားရအောင်။”

“ငါ ဘာပြောမိလို့လဲ။” ဖန်ကျန်းရီက မပီမသ ရေရွတ်လိုက်၏။

“ရှင် မင်းသမီးကို ခေါက်ဆွဲ ပြုတ်ကျွေးမယ်လို့ ပြောနေတာလေ။ ဘာလို့ မင်းသမီးကို ခေါက်ဆွဲပြုတ် ကျွေးရမှာလဲ။ ရှောင်ပိုင်ကို ပြောတာလား။ သူက ဘာလို့ စားခွင့်ရှိရတာလဲ။ ကျွန်မတောင် မစားဖူးဘူး။” ရှောင်ထောင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

“အကုန်လုံး စားရမယ်… အကုန်လုံး စားရမယ်… မြန်မြန် သိမ်းဆည်းပြီး ထွက်ဖို့ ပြင်ကြ။” ဖန်ကျန်းရီသည် နာကျင်သော မျက်နှာထားဖြင့် ကုတင်ပေါ်မှ ထလာခဲ့၏။

ခွေးမသား အိမ်မက် … ဘာတွေမက်ခဲ့တာလဲ။

မင်းသမီးကို ခေါက်ဆွဲပြုတ်ကျွေးတယ်ဆိုတဲ့ စိတ်လှုပ်ရှားစရာ ကိစ္စကိုတောင် နိုးလာမှ သိရသလား။

မြင်းလှည်းသည် ယိမ်းထိုးလျက် အလောတကြီး မောင်းနှင်လာကာ နောက်ဆုံး ပန်းရှန်း ချည်မျှင်နှင့် အထည်စက်ရုံ အနီးသို့ ရောက်ရှိသွားတော့သည်။

ယခုအချိန်တွင် တံခါးအပြင်ဘက်၌ အမျိုးသမီး အလုပ်သမားများ မြေပြင်အနှံ့ ထိုင်နေကြပြီး အားလုံးမှာ မျှော်လင့်ချက်အပြည့်မှသည် ပျင်းရိငြီးငွေ့လာသည်အထိ စောင့်ဆိုင်းနေကြရ၏။

နောက်ဆုံးတွင် စောင့်ရင်း စောင့်ရင်း ဗိုက်ဆာလာကြရာ ကိုယ်တိုင် ယူလာသော စားစရာများကို ထုတ်၍ မြေပြင်ပေါ်တွင် ထိုင်ကာ စားသောက်နေကြသည်။

ကလေးတစ်စုမှာ မလှမ်းမကမ်းတွင် ဆော့ကစားနေကြ၏။

ချန်ရှောင်မန်ကတော့ ကလေးကို ပွေ့ချီကာ နေရာတွင် ထိုင်လျက် ငေးမောနေသည်။

အဝေးမှ မြင်းလှည်းတစ်အုပ် လာနေသည်ကို မြင်လိုက်ရသည့်အခါ ရုတ်တရက် မတ်တတ်ရပ်ကာ ဝမ်းသာအားရဖြင့် အော်လိုက်၏။ “လာပြီ … မြင်းလှည်းတွေ လာနေပြီ။”

မြေပြင်ပေါ်တွင် ထိုင်နားနေသော အမျိုးသမီးများသည် ကလေးများကို အမြန်ခေါ်ယူကာ မလှမ်းမကမ်းမှ မောင်းနှင်လာသော မြင်းလှည်းများကို သတိထား၍ ကြည့်နေကြသည်။

မြင်းလှည်းများ တံခါးဝသို့ ရောက်ရှိလာသောအခါ ဖန်ကျန်းရီသည် မြင်းလှည်းပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့၏။

ရှောင်ထောင်သည် အနောက်မှ ကပ်ပါလာပြီး ပြောလိုက်သည်။ “ဒါက ပထမဆုံးအသုတ် အမျိုးသမီး အလုပ်သမား သုံးရာ ဖြစ်ရမယ်။ ကြည့်ရတာ အကုန်မလာကြဘူး ထင်တယ်။”

အမျိုးသမီး အလုပ်သမား အရေအတွက်မှာ တစ်ထောင်ကျော် အထိ ရှိပြီး အသုတ်ခွဲ၍ စက်ရုံသို့ ဝင်ခိုင်းခြင်းမှာ စည်းကမ်းမဲ့ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အသုတ်ခွဲ၍ အကြောင်းကြားကာ လေ့ကျင့်မှုပေးပြီးမှ စက်ရုံသို့ ဝင်ခိုင်းခြင်းဖြစ်ပြီး ယခု အမျိုးသမီး အလုပ်သမားများသည် ပထမဆုံးအသုတ် ဖြစ်၏။

ဖန်ကျန်းရီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ငါတို့ အလုပ်ခေါ်တုန်းက ဒီအခြေအနေကို ထည့်စဉ်းစားပြီးသားပါ။ လူမလာလည်း လုံလောက်တယ်။”

ထို့နောက် အမျိုးသမီး အုပ်စုကြီးကို ပြုံးပြကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အားလုံးပဲ မင်္ဂလာပါ။ ကျုပ်က အမတ် ဖန်ကျန်းရီပါ။”

“အမ် .. သူက ဒဏ္ဍာရီလာ အမတ်ဖန်လား။”

“သေချာပေါက် ဟုတ်မှာပဲ။ သတင်းစာထဲမှာ နေ့တိုင်း အမတ်ဖန် ပြောတဲ့စကားတွေကို ကြားနေရတာ။ ဒီနေ့ တကယ့်လူကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး။”

“အမတ်ဖန်က ဘယ်လိုလုပ်ပြီး ချည်မျှင်နဲ့ အထည်စက်ရုံကို ကိုယ်တိုင် ရောက်လာရတာလဲ။ ဒါတော့ ပြောစရာလိုလို့လား။ ချည်မျှင်နဲ့ အထည်စက်ရုံကို ပန်းရှန်းရပ်ကွက်က ဖွင့်ထားတာဆိုတော့ အမတ်ဖန်နဲ့ သေချာပေါက် ပတ်သက်မှု ရှိမှာပေါ့။”

အမျိုးသမီးများသည် တညီတညွတ်တည်း စိတ်လှုပ်ရှားစွာဖြင့် ဒူးညွတ်ကာ အရိုအသေပေးလိုက်ကြပြီး ငှက်ကလေးများလို ချိုသာသော အသံဖြင့် ပြောလိုက်ကြ၏။ “အမတ်ဖန် မင်္ဂလာပါ။”

“ကောင်းပြီ … ကောင်းပြီ။ အားလုံး အားနာစရာ မလိုပါဘူး။”

ဖန်ကျန်းရီ၏ မျက်နှာသည် ချက်ချင်းပင် ပန်းပွင့်သလို ပြုံးရွှင်သွားသည်။ အမျိုးသမီးငယ် တစ်စု၏ လေးစားမှုကို ခံရခြင်းက တကယ်ကို ခံစား၍ကောင်းလှသည်။

သူ၏ နှာဗူးရုပ်ပေါက်နေသော မျက်နှာထားကို ကြည့်ပြီး ဘေးရှိ ရှောင်ထောင်သည် မျက်စောင်း ထိုးလိုက်၏။

လီယွမ်ကျောက်သည် အနောက်မှ လျှောက်လာပြီး ဖန်ကျန်းရီ၏အနားသို့ တိုးသွားကာ တိုးတိုးလေး ပြောလိုက်သည်။ “စိတ်လှုပ်ရှားစရာပဲ … ဖန်ကြီး။”

“ခမည်းတော်ရဲ့ မိဖုရားဆောင်မှာတောင် မိန်းမ ဒီလောက် မများဘူး။ ဒီခံစားချက်က တကယ် ကောင်းတာပဲ။”

“ဗဟုသုတ တိုးသွားပြီ မဟုတ်လား။”

“တိုးသွားပြီ။ ထပ်တိုးသွားပြန်ပြီ။”

“ဟား ဟား …။”

သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း အရူးလို ရယ်မောလိုက်ကြပြီး မျက်နှာအမူအရာမှာ အလွန်အမင်း ရွံရှာဖွယ် ကောင်းနေ၏။

ချန်ရှောင်မန်သည် ဖန်ကျန်းရီကို ကြည့်ကာ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ ထပ်မံ တောက်ပလာခဲ့သည်။

သူက အမတ်ကြီး ဖန်ကျန်းရီပဲ။ ဒီနေ့ တကယ့်လူကို မြင်တွေ့ရပြီ။

ဒီလောက် ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားဘူး။ အပြုံးက နူးညံ့ပြီး ရုပ်ရည်ကလည်း ချောမောတယ်။ ဖြောင့်မတ်တည်ကြည်တဲ့ ပုံစံမျိုး ရှိတယ်။

သူ့နာမည်နဲ့ လိုက်ဖက်တာပဲ။

ဖန်ကျန်းရီက ချောင်းနှစ်ချက် ဟန့်လိုက်၏။ “အားနာပါတယ်။ အားလုံးကို အကြာကြီး စောင့်ခိုင်းမိတယ်။ လာကြ … တံခါးကို ဖွင့်လိုက်။ ကျုပ်ကိုယ်တိုင် အားလုံးကို နေရာအနှံ့ လိုက်ပြမယ်။”

စကားဆုံးသည်နှင့် ဖန်ကျန်းရီ၏ အနောက်မှ လူတစ်ယောက် အပြေးလေး ထွက်လာပြီး တံခါးရှေ့သို့ ရောက်သောအခါ သော့ဖြင့် ဖွင့်လိုက်သည်။

ထို့နောက် တံခါးကြီးကို ဆွဲဖွင့်လိုက်၏။

ချည်မျှင်နှင့် အထည်စက်ရုံသည် ယခုအခါ ရောက်ရှိနေသော အမျိုးသမီး အလုပ်သမား အားလုံးအတွက် လုံးဝ ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

ချန်ရှောင်မန်သည် အထဲရှိ အဆောက်အအုံများကို ကြည့်ကာ ရင်ခုန်သံများ စတင် မြန်ဆန်လာတော့၏။

သူမ၏ ကံကြမ္မာသည် ဤနေရာမှစ၍ အပြောင်းအလဲသစ်တစ်ခု စတင်တော့မည်လား။

All Chapters