← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) ယွင်ဟွား ရှီဆိုင်သို့ ရောက်ရှိလာခြင်း

"ဘာ..."

ချွေ့ကျွယ်သည် ယမမင်း၏ စကားများကြောင့် အလွန်တရာ ကြောက်လန့်သွားကာ ချွေးသီးချွေးပေါက်များ ကျလာလေသည်။

ပန်းကလေးသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေရုံမျှသာဖြစ်ရာ မည်သို့များ ထူးခြားမှု ရှိနိုင်မည်နည်း။

ထိုအချိန်၌ပင်။

တစ္ဆေသံတမန်တစ်ဦးက ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာဖြင့် ခန်းမဆောင်အတွင်းသို့ တယိမ်းတယိုင် ပြေးဝင်လာလေသည်။

"အရှင်မင်းကြီး... အလွန်ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်သွားပါပြီ... ငရဲပြည်ကိုးထပ်မှာ ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်နေပါတယ်..."

တစ္ဆေသံတမန်သည် အလွန်အမင်း ကြောက်ရွံ့နေသည့်ဟန်ဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

ယမမင်းနှင့် တရားသူကြီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ ပုံရိပ်များသည် ထိုနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ငရဲပြည်ကိုးထပ်။

ဖုန်းတုဧကရာဇ်သည် ကပ်ဘေးများကို ကျော်ဖြတ်ပြီးနောက် ထွက်ခွာသွားခဲ့သဖြင့် ဤနေရာသည် တစ်နှစ်ပတ်လုံး ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေပြီး မည်သည့် အလင်းရောင်မျှ ဝင်ရောက်နိုင်ခြင်း မရှိပေ။

နှစ်ရာပေါင်းများစွာတိုင်အောင် ထိုမြူခိုးများသည် ကွယ်ပျောက်သွားခြင်း မရှိခဲ့ပေ။

ယခုအခါတွင်မူ။

မြူခိုးများ ကွယ်ပျောက်သွားရုံသာမက ငုပ်လျှိုးနေသော အသက်စွမ်းအင်များသည်လည်း နိုးထလာခဲ့လေသည်။

မြေပြင်တွင် အက်ကွဲကြောင်းငယ်လေးများ ပေါ်ထွက်လာရာ ယမမင်းနှင့် ချွေ့ကျွယ်တို့သည် နောက်သို့ ဆက်တိုက် ဆုတ်ခွာလိုက်ရ၏။

အားနည်းသော အလင်းတန်းများသည် အက်ကွဲကြောင်းများတစ်လျှောက် ရောယှက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကြယ်ရောင်အဖြစ်သို့ စုစည်းသွားကာ ဤကမ္ဘာလောကကို လင်းထိန်သွားစေလေသည်။

"ဧကရာဇ်က... ဧကရာဇ်က ပြန်လာတော့မှာလား..."

ချွေ့ကျွယ်က မျက်မှောင်ကြုတ်ကာ တိုးညှင်းစွာ ရေရွတ်လိုက်၏။

ယမမင်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူတို့၏ ခေါင်းပေါ်ရှိ ကောင်းကင်ယံသည် ကြယ်များ ပြည့်နှက်နေသော ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

တစ်ချိန်တည်းမှာပင်။

ဖုန်းတုဧကရာဇ်ကို ကိုယ်စားပြုသော ငွေရောင်ကြယ်ပွင့်လမ်းကြောင်းက တဖြည်းဖြည်း လင်းလက်လာလေသည်

"ဧကရာဇ်က ပြန်လည်ရောက်ရှိလာပြီး ပုလဲလေးကလည်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတယ်... ဒီကိစ္စနှစ်ခုက ဆက်စပ်နေပုံရတယ်..."

ယမမင်းက အလိုအလျောက် မျက်မှောင်ကြုတ်လျက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး လူ့ပြည်ကို သွားပြီး ဟိုကောင်မလေးကို စောင့်ကြည့်ပေးရမလား..."

ချွေ့ကျွယ်က အရိုအသေပေးလျက် ပြောလိုက်၏။ ပြဿနာကောင် နံပါတ်တစ်သည် တစ်ခါတစ်ရံ ခေါင်းကိုက်စရာကောင်းသော်လည်း သူသည် သူမကို ကြီးပြင်းလာသည်အထိ စောင့်ကြည့်လာခဲ့သူ မဟုတ်ပါလား။

"ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်..."

ယမမင်းနှင့် ချွေ့ကျွယ်တို့သည် ငရဲပြည်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ကောင်းကင်ယံမှ ရှင်းလင်းပြတ်သားပြီး အေးစက်သော အမျိုးသမီးအသံတစ်သံက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

"မသွားရဘူး..."

"သူမရဲ့ ကပ်ဘေးတွေနဲ့ သူမရဲ့ လမ်းခရီးကို သူမကိုယ်တိုင်ပဲ လျှောက်လှမ်းရမယ်... တခြားဘယ်သူမှ ဝင်စွက်ဖက်လို့ မရဘူး..."

ယမမင်းနှင့် ချွေ့ကျွယ်တို့သည် ခဏတာမျှ မှင်တက်သွားပြီးနောက် ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

"နားလည်ပါပြီ…”

ဤအချိန်တွင်။

ငွေရောင်ကြယ်ပွင့်လမ်းကြောင်းများဘေးတွင် မှေးမှိန်ပြီး အသက်ကင်းမဲ့နေသော အခြားကြယ်ပွင့်လမ်းကြောင်းတစ်ခု ရှိနေသည်ကို သူတို့နှစ်ဦးစလုံး သတိမထားမိခဲ့ကြပေ။

လူ့ပြည်၌။

မင်းသားစုသည် သူ၏ တပ်မတော်ကို ဦးဆောင်ကာ နေ့ရောညပါ ခရီးနှင်ခဲ့ပြီးနောက် လဝက်အကြာတွင် နယ်စပ်သို့ ရောက်ရှိလာခဲ့လေသည်။

ရီကျိုးမြို့ပေါ်တွင် ထူထပ်သော သေမင်းတမန်အငွေ့အသက်များ ဖုံးလွှမ်းနေ၏။ အိမ်များ ပျက်စီးနေပြီး မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေကာ မြင်ကွင်းမှာ တွေးထင်ထားသည်ထက် ပို၍ ဆိုးရွားနေလေသည်။

လူတိုင်း၏ စိတ်ထဲတွင် အလွန်တရာ လေးလံနေကြသည်။

မြို့တံခါးများ ပွင့်သွား၏။

တော်ဝင်တပ်မတော် ရောက်ရှိလာသောအခါ ပြည်သူများနှင့် မြို့စောင့်စစ်သည်များသည် ဝမ်းသာလွန်း၍ ငိုကြွေးကြလေသည်။

"ကောင်းလိုက်တာ... ကောင်းလိုက်တာ... အရှေ့ဘက်ကနေ ငါတို့ရဲ့ တပ်မတော်ကြီး ကယ်ဆယ်ဖို့ ရောက်လာပြီ..."

"စစ်သူကြီး... ကျွန်တော်တို့အတွက် ကလဲ့စားချေပေးပြီး ရှီဆိုင်က လူရိုင်းတွေအားလုံးကို သတ်ပစ်ရမယ်..."

"ဝါး... အဘွားကြီးရေ... ငါတို့တော့ ကယ်တင်ခံရပြီ... ငါတို့ ကယ်တင်ခံရပြီ..."

"မင်းသားစု..."

မြို့စောင့်ဒုတိယစစ်သူကြီးကျူးသည် ဒူးထောက်ချလိုက်၏။ တစ်ချိန်က မဆုတ်မနစ် ကြိုးစားခဲ့သော အမျိုးသားသည် ယခုအခါတွင် ပင်ပန်းနွမ်းနယ်နေလေပြီ။

"ကျွန်တော်မျိုးကို အပြစ်ပေးပါ အရှင်မင်းသား... ကျွန်တော်မျိုးရဲ့ အရည်အချင်းညံ့ဖျင်းမှုကြောင့် အနောက်ပိုင်းလူရိုင်းတွေ အခွင့်ကောင်းယူသွားနိုင်ခဲ့တာပါ..."

မင်းသားစုက သူ့အား တွဲထူလိုက်လေသည်။

"အနောက်ပိုင်းလူရိုင်းတွေက အမြဲတမ်း ဖောက်ပြန်တတ်တယ်... ခုလိုရုတ်တရက် တိုက်ခိုက်မှုက ကြိုတင်ကြံစည်ထားတာ ဖြစ်ရမယ်... မင်း အရမ်းကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်..."

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရီကျိုးမြို့ကို ထိန်းသိမ်းထားနိုင်ခြင်းက သူ၏ အရည်အချင်းကို ပြသနေခြင်းပင် ဖြစ်သည်။

မင်းသားစုသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ လူအများစုမှာ ပိန်ချုံးကာ ဖြူဖျော့နေကြပြီး တစ်ဦးကိုတစ်ဦး မှီခိုနေကြရသည်။ သူတို့၏ မျက်လုံးများတွင် ရန်သူအပေါ် မုန်းတီးမှုများနှင့် မိသားစုများကို ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းပူဆွေးမှုများကို တွေ့မြင်နေရလေသည်။

"ရှီဆိုင်လူရိုင်းတွေကို အပြတ်အသတ် နှိမ်နင်းပြီး ကျဆုံးသွားတဲ့ ငါတို့ရဲ့ ညီအစ်ကိုတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကလဲ့စားချေပေးမယ်လို့ ငါ အခုကတိပေးတယ်..."

"ဒုတိယစစ်သူကြီးကျူး... ငါက ရိက္ခာတွေသာမက ကျွမ်းကျင်တဲ့ စစ်တပ်သမားတော်တစ်ဦးကိုပါ ခေါ်လာခဲ့တယ်... လူအချို့ကို ခေါ်သွားပြီး ပြည်သူတွေကို အရင် နေရာချထားပေးလိုက်... သူတို့ကို ကောင်းကောင်း စားသောက်ခွင့်ပေးပြီးမှ တိုက်ပွဲအခြေအနေကို ငါ့ဆီ လာသတင်းပို့ပါ..."

မင်းသားစု စကားပြောဆိုအပြီးတွင် လူအချို့က စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လာကြလေသည်။

"စစ်သူကြီး... ကျွန်တော်တို့အတွက် စိတ်ပူစရာမလိုပါဘူး... ကျွန်တော်တို့မှာ လက်တွေ ခြေထောက်တွေ ရှိပြီးသားမို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်..."

"ဟုတ်ပါတယ်... စစ်သူကြီးက ရှေ့တန်းမှာ ရန်သူကို တိုက်ခိုက်နေရတာ... ကျွန်တော်တို့ သာမန်ပြည်သူတွေက များများစားစား မကူညီနိုင်ပေမယ့် ဟင်းချက်တာတို့ ဘာတို့ဆိုရင်တော့ ပြဿနာမရှိပါဘူး..."

"မှန်ပါတယ်... သွားကူညီကြရအောင်..."

မင်းသားစုသည် နီရဲနေသော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်နေမိ၏။ ဤသူများသည် သူတို့၏ အသက်ကို ပေး၍ ကာကွယ်ပေးထိုက်သော ပြည်သူများပင် ဖြစ်သည်။ သူက ပြောလိုက်လေသည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ငါတို့ တပ်မတော်နဲ့ ပြည်သူတွေ စိတ်တူကိုယ်တူနဲ့ အနောက်ပိုင်းလူရိုင်းတွေကို မောင်းထုတ်ကြရအောင်..."

အခြားတစ်ဖက်တွင်မူ။

ယွင်ဟွားသည် နေရာအတော်များများကို လိုက်ရှာခဲ့သော်လည်း မည်သည့်နေရာကိုမျှ သဘောမကျခဲ့ပေ။ ယခုအခါတွင် သူမက ကြက်ပေါင်တစ်ချောင်းကို အငမ်းမရ ကိုက်စားနေလေသည်။

စိတ်ပျက်လက်ပျက်ဖြစ်နေသော သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ ခေါင်းကို ကုတ်လိုက်ပြီးနောက် နဖူးကို ရိုက်ကာ သူ၏ မူလပုံစံကို ဖော်ပြလိုက်လေသည်။

“ပန်းကလေး... ရှောင်ယွမ်ယွမ်က ရန်သူကို တိုက်ခိုက်ဖို့ ရှီဆိုင်ကို သွားမယ်ဆိုပြီး နင့်ဆီ ချန်ထားခဲ့တဲ့ စာကို မှတ်မိသေးလား…”

ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွားလေသည်။

“ပန်းကလေး... ရီကျိုးက အနောက်ပိုင်းလူရိုင်းတွေရဲ့ အပြင်းအထန် တိုက်ခိုက်တာကို ခံရပြီး သေဆုံးဒဏ်ရာရသူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ ငါ မြင်ခဲ့တယ်…”

“ဒါပေမယ့် ကြမ်းတမ်းတဲ့ မြေပြင်အနေအထားကြောင့် သူတို့က ငါတို့စစ်သည်တွေထက် သာလွန်နေပြီး မင်းသားစုနဲ့ ရှောင်ယွမ်ယွမ်တို့ကို ဒေါသထွက်စေခဲ့တယ်... အခု သူတို့က အဲ့လူတွေကို ဖမ်းဖို့ အစီအစဉ်ဆွဲနေကြတယ်..”

“ဒါမှမဟုတ်..”

“ငါတို့က မိုးကြိုးတွေကို အဲ့နေရာကို ဆွဲဆောင်ပြီး တောင်ကို ဖြိုချလိုက်ရမလား... ဒါဆို သူတို့ ပုန်းအောင်းစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး..”

သေခြင်းရှင်ခြင်းစာအုပ်သည် နှုတ်ခမ်းကို ဖြည်းညင်းစွာ သပ်လိုက်ပြီး သူ၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေသည်။

“ငါ သဘောတူတယ်…”

တရားသူကြီးစုတ်တံသည် သူ၏ လက်များကို မြှောက်လျက် ယွင်ဟွား၏ မျက်နှာပေါ်သို့ သူ၏ မျက်နှာငယ်လေးကို ပွတ်သပ်ကာ ပြောလိုက်၏။

“ဟွားဟွား... လာပါ... ဧကရာဇ်ရဲ့ အိတ်ကပ်ထဲကနေ ရွှေတချို့ ရဖို့အတွက် ကြီးမားတဲ့ အရာတစ်ခုခု လုပ်ကြရအောင်…”

“အဲ့ဒါက အကြံကောင်းပဲ…”

ငရဲလကျောက်သည် စိတ်လှုပ်ရှားနေပြီး သူ၏ တစ်ကိုယ်လုံးမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်နေလေသည်။

ယွင်ဟွားသည် သူမ၏ လက်ထဲမှ ကြက်ရိုးကို လွှင့်ပစ်လိုက်ကာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မျက်လုံးများ တောက်ပသွားလေသည်။

“သွားကြစို့... ကြီးမားတဲ့ လုယက်မှုကြီးတစ်ခု လုပ်ကြရအောင်…”

“ဟီးဟီးဟီး…”

သူမနှင့် ဝိညာဉ်သုံးခုတို့သည် ဆိုးယုတ်သော ရယ်မောသံများ ထွက်ပေါ်လာရာ တောအုပ်ထဲရှိ တိရစ္ဆာန်ငယ်လေးများအားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြလေသည်။

အလင်းတန်းတစ်ခုနှင့်အတူ ငရဲလကျောက်သည် ယွင်ဟွားကို ခေါ်ဆောင်ကာ နေရာရွှေ့ပြောင်းသွားလေသည်။

"ဟွန့်…”

"ငါ့ကို သတ်ချင်သတ် ဒါမှမဟုတ် နှိပ်စက်ချင်နှိပ်စက်... အားလုံးလုပ်လိုက်စမ်း... ငါ မင်းတို့ကို မကြောက်ဘူး... ငါ့ဆီကနေ ငါတို့ရဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရဖို့တော့ မစဉ်းစားနဲ့..."

ကင်းထောက်စစ်သည်များသည် ကြိုးတုပ်ခံထားရသော်လည်း ခိုင်မာပြတ်သားသော မျက်လုံးများ ရှိနေဆဲဖြစ်သည်။

သူတို့သည် ဤအနောက်ပိုင်းလူရိုင်းများကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိကြပေ။

"မင်းက သေရမှာကို မကြောက်ဘူးလား... မင်းတို့ရဲ့ ရိက္ခာတွေနဲ့ လက်နက်တွေ ရှိတဲ့နေရာကိုသာ ပြောပြလိုက်... မင်းကို ငါ လွှတ်ပေးမယ်..."

ဓားကောက်တစ်လက် ကိုင်ဆောင်ထားသော လူရိုင်းတစ်ဦးက သူ့အား ခြိမ်းခြောက်သည့်ဟန်ဖြင့် စိုက်ကြည့်နေလေသည်။

"တောက်..."

သူက ထိုလူရိုင်းကို တံတွေးနှင့် ထွေးလိုက်ပြီး ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များ ပြသလိုက်လေသည်။

"သေရမှာကိုကြောက်ရင် တုံလင်ရဲ့ စစ်သား မဟုတ်ဘူး... အဆိုးဆုံးက ဆယ့်ရှစ်နှစ်ကြာရင် ယောကျ်ားကောင်းတစ်ယောက် ပြန်ဖြစ်လာဦးမှာပဲ..."

"အလင်းရောင်ကို မမြင်နိုင်ဘဲ ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ မင်းတို့လို ကြွက်တွေနဲ့တော့ မတူဘူး..."

"မင်း သေချင်နေတာပဲ..."

လူရိုင်းသည် သူ၏ တံတွေးကြောင့် ရွံရှာသွားကာ မျက်လုံးများတွင် ရက်စက်မှုများ တောက်ပသွားလေသည်။ အကယ်၍ ဤသူက စကားနားမထောင်ပါက အခြားတစ်ယောက်ကိုသာ ဖမ်းခေါ်လိုက်မည် ဖြစ်သည်။ သူက ဓားကောက်ကို မြှောက်ကာ သူ့ဆီသို့ ခုတ်ချလိုက်၏။

"ဘုန်း" ဟူသော အသံတစ်သံနှင့်အတူ။

ယွင်ဟွားသည် ငရဲလကျောက်၏ နေရာရွှေ့ပြောင်းမှုကြောင့် တုံလင်စစ်သည်များ၏ အရှေ့တည့်တည့်သို့ ကျရောက်လာလေသည်။

သူမ မျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့်တွင်။

ယွင်ဟွားသည် ဓားကိုင်ဆောင်ထားကာ သူမအား ခုတ်ချရန် ပြင်နေသော ညစ်ပတ်ပေရေနေသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရလေသည်။

သူမသည် မစဉ်းစားတော့ဘဲ သူ့အား ကန်ကျောက်လိုက်ရာ မီတာအတော်များများအထိ လွင့်စင်သွားလေသည်။

“ရှောင်ယိုယို... နောက်တစ်ခါ နေရာရွှေ့ပြောင်းရင် ပိုကောင်းတဲ့ နေရာကို ရွေးလို့ မရဘူးလား..”

သူမ သေလုမတတ် လန့်သွားခဲ့ရသည် မဟုတ်ပါလား။

“ပန်းကလေး... ငါလည်း နယ်စပ်ကို မကျွမ်းကျင်ဘူး... ငါ ရွှေ့ပြောင်းလိုက်တဲ့ နေရာက အကုန်လုံး ကျပန်းဖြစ်နေတာပဲ..”

ငရဲလကျောက်က အတော်လေး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

ရုတ်တရက် ပေါ်လာသော အမျိုးသမီးကို မြင်လိုက်ရသောအခါ ရှီဆိုင်လူရိုင်းများသည် တံတွေးများကို မျိုချလိုက်ကြပြီး အလွန်တရာ ကြောက်လန့်သွားကြလေသည်။

"မင်း... မင်းက တောင်တစ္ဆေပဲ... ဒဏ္ဍာရီထဲက တောင်တစ္ဆေ..."

သူတို့သည် တောအုပ်ထဲတွင် နေထိုင်ပြီး လူသားကို စားတတ်သော တောင်တစ္ဆေတစ်ကောင်အကြောင်း ဒဏ္ဍာရီကို ကြားဖူးခဲ့ကြသည်။

ယွင်ဟွား "..."

ယွင်ဟွား၏ အနောက်ဘက်ရှိ တုံလင်မှ စစ်သားငယ်လေးသည် မျက်ရည်များ ဝဲတက်လာပြီး သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် မင်းသားစု၏ လက်အောက်မှ ကင်းထောက်တစ်ဦးဖြစ်ရာ ယုံအန်းမင်းသမီးအကြောင်းကို သဘာဝကျစွာပင် သိရှိထားလေသည်။

"ဝါး... ယုံအန်းမင်းသမီး... မင်းသမီးက ကျွန်တော့်ရဲ့ နတ်ဘုရားမလေးပါပဲ..."

All Chapters