အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂) ကပ်ဘေး ကျရောက်လာခြင်းနှင့် ဒယ်အိုးက သေးငယ်လွန်းနေခြင်း
ယွင်ဟွားသည် သူ့အား သတိထားမိသွားပြီးနောက် သူမ၏ အကြည့်များသည် သူ့အား ချည်နှောင်ထားသော ကြိုးများဆီသို့ ကျရောက်သွားလေသည်။ ညင်သာစွာ ဆွဲလိုက်သည်နှင့် ထိုကြိုးများ ပြတ်တောက်သွား၏။
ရှီဆိုင်မှ လူရိုင်းများသည် သူက သူမကို ခေါ်လိုက်သည့်အသံကို သဘာဝကျစွာပင် ကြားလိုက်ရလေသည်။
တုံလင်ရဲ့ မင်းသမီးတဲ့လား…
အကယ်၍ သူမကိုသာ ချည်နှောင်ထားနိုင်မည်ဆိုလျှင် တုံလင်က နာခံစွာဖြင့် လက်နက်ချလာပေလိမ့်မည်။
သူတို့သည် တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြပြီးနောက် ယွင်ဟွားဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကြလေသည်။
"မင်း... ငါတို့နဲ့ လိမ္မာပါးမယ်စွာ လိုက်ခဲ့စမ်း... ဒါမှမဟုတ်ရင်တော့..."
စစ်သားငယ်လေးသည် တိတ်ဆိတ်စွာ နောက်ဆုတ်သွားပြီး သေမင်းကို ဖိတ်ခေါ်နေသော ထိုလူမိုက်တစ်သိုက်အား လှောင်ပြောင်သည့်အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
သူမသည် ငါတို့၏ ခေါင်းခွဲမင်းသမီး ဖြစ်သည်။
ရွှေအုတ်ခဲတစ်လုံးဖြင့် ကမ္ဘာကြီးကို သိမ်းပိုက်နိုင်သူပင်တည်း။
ယွင်ဟွား၏ အပြုံးမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူမ၏ မျက်လုံးများတွင်မူ ရေခဲတမျှ အေးစက်မှုများ ပြည့်နှက်နေလေသည်။ သူမသည် သူတို့၏ အရှေ့တွင် သူမ၏ လက်သေးသေးလေးကို လှန်လိုက်ရာ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲသည် သူမ၏ လက်ထဲတွင် ပေါ်လာပြီး ဆက်တိုက် ကြီးလာလိုက် သေးသွားလိုက် ဖြစ်နေလေသည်။
ရှီဆိုင်မှ လူရိုင်းများသည် ချက်ချင်းပင် မျက်နှာသွင်ပြင် ပြောင်းလဲသွားလေသည်။
သူတို့သည် ချက်ချင်း လှည့်ကာ ထွက်ပြေးကြတော့၏။
“ပြေးကြ..."
ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက စိတ်လှုပ်ရှားစွာဖြင့် သူတို့ကို တိုက်ခိုက်လေတော့သည်။
စူးရှသော အော်ဟစ်သံများသည် တဖြည်းဖြည်း ကျယ်လောင်လာပြီးနောက် လျင်မြန်စွာပင် တိတ်ဆိတ်သွားလေသည်။
စစ်သားငယ်လေး၏ မျက်လုံးများက တောက်ပနေလေသည်။
"ကျွန်တော်မျိုးရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်..."
သူ စကားပြော၍ပင် မဆုံးသေးမီ ငရဲလကျောက်က သူ့အား သယ်ဆောင်သွားပြီးနောက် ယွင်ဟွား၏ အသံက သူ၏ နားထဲသို့ ရောက်ရှိလာလေသည်။
"ရှောင်ယွမ်ယွမ်နဲ့ တခြားသူတွေကို ဒီနေရာနဲ့ ဝေးဝေးမှာ နေဖို့ သွားပြောလိုက်... ဒီမင်းသမီးက အဲ့ရှီဆိုင်လူရိုင်းတွေကို မိုးကြိုးနဲ့ ပစ်ချတော့မှာ..."
မင်းသားစုနှင့် နန်ကုန်းယွမ်တို့သည် တဲတော်အတွင်း၌ မည်သို့ တိုက်ခိုက်ရမည်ကို ဆွေးနွေးနေကြစဉ် ရုတ်တရက် တဲတော်အပြင်ဘက် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ကျဆင်းလာလေသည်။
စစ်သားငယ်လေးက ချက်ချင်းပင် မှင်တက်သွားတော့၏။
"မင်း... မင်း အနောက်ပိုင်းလူရိုင်းတွေ ဖမ်းသွားတာ မခံရဘူးလား..."
စစ်သားတစ်ဦးက သူ့အား မှတ်မိသွားလေသည်။
စစ်သားငယ်လေးသည် ချက်ချင်းပင် သတိဝင်လာပြီး တဲတော်ဆီသို့ ကပျာကယာ ပြေးသွားကာ အော်ဟစ်လိုက်၏။
"အရှင်မင်းသား... အရှင်မင်းသား... ယုံအန်းမင်းသမီး ရောက်နေပါပြီ... သူမက အားကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု လုပ်တော့မှာမို့ ကျွန်တော်တို့ကို ချက်ချင်း ဆုတ်ခွာဖို့ ပြောလိုက်ပါတယ်... လူရိုင်းတွေကို မိုးကြိုးနဲ့ ပစ်ချတော့မှာတဲ့..."
“ဘာ…”
စစ်သားငယ်လေး၏ စကားများကြောင့် နန်ကုန်းယွမ်သည် ခဏတာ မှင်တက်သွားပြီးနောက် သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
*ကြင်ယာတော်လေး ရောက်လာပြီ... သူမ ရောက်လာပြီ…*
"ခမည်းတော်... ကျွန်တော် ရှောင်ဟွားအာကို သွားရှာလိုက်ဦးမယ်..."
ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်သွားရာ မင်းသားစုက သူ့အား ပြန်လည်ဆွဲထားလိုက်လေသည်။
"ကောင်မလေးက လူရိုင်းတွေကို မိုးကြိုးနဲ့ ပစ်ချမယ်ဆိုတာကို မင်း မကြားဘူးလား... သူမက မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်တော့မှာ သေချာတယ်... မင်းက ကိုယ့်အသက်ကို အလဟဿ ပစ်ချင်နေတာလား..."
သူ၏ ဤသားတော်သည် ထိုကောင်မလေးနှင့် ပတ်သက်သည့် သတင်းများကို ကြားရတိုင်း အမြဲတမ်း စိတ်လွတ်သွားတတ်လေသည်။
သူက ဘယ်သူနှင့် တူနေသည်ကို မသိပါချေ။
"စစ်သည်တို့... စခန်းကို သိမ်းကြ... တပ်မတော် ဆုတ်ခွာရမယ်..."
ရှီဆိုင်စစ်စခန်း။
"အရှေ့ဘက်က တပ်မတော် ဆုတ်ခွာနေတယ်လို့ မင်း ပြောလိုက်တာလား..."
ရှီဆိုင်မှ စစ်သူကြီး ဝူလင်ပါ့ထဲ့က မျက်မှောင်ကြုတ်လိုက်လေသည်။
တုံလင်တပ်မတော်သည် အကြောင်းပြချက်မရှိဘဲ အဘယ်ကြောင့် ဆုတ်ခွာသွားရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေ၏။ သူတို့တွင် ကြံစည်မှု တစ်ခုခုများ ရှိနေသလား။
"စစ်သူကြီး... စိုးရိမ်စရာ မလိုပါဘူး... ငါတို့က တောင်ကြားထဲမှာ ရှိနေပြီး မြေပြင်အနေအထားကို ကျွမ်းကျင်တယ်... ကာကွယ်ရလွယ်ကူပြီး တိုက်ခိုက်ရခက်ခဲတယ်... သူတို့မှာ လှည့်ကွက်တွေ ဘယ်လောက်ပဲ ရှိနေပါစေ ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး…”
"သူတို့ကို အင်အားဆုတ်ယုတ်သွားအောင်ပဲ လုပ်ကြရအောင်..."
စစ်ဗျူဟာမှူး၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ ဤတောင်တန်းဒေသ ရှိနေသရွေ့ တုံလင်သည် ဤနေရာကို ဘယ်သောအခါမျှ သိမ်းပိုက်နိုင်မည် မဟုတ်ပေ။
ဝူလင်ပါ့ထဲ့သည် ခဏတာ ရပ်တန့်သွားပြီးနောက် ရယ်မောကာ ပြောလိုက်၏။
"မင်း ပြောတာ မှန်တယ်... ဘာပဲဖြစ်ဖြစ် လုယက်ထားတဲ့ ရိက္ခာတွေက ငါတို့ကို အချိန်အတော်ကြာ ရပ်တည်နိုင်ဖို့ လုံလောက်တယ်..."
အရှေ့အရပ်။
ဤစစ်သူကြီးက မင်းတို့၏ ကျိန်ဆိုထားသော ရန်သူဖြစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
တုံလင်တွင် နေထိုင်ကာ သူ့အား စည်းစိမ်ချမ်းသာများ အဆက်မပြတ် ထောက်ပံ့ပေးနေသော သူ၏ ချစ်လှစွာသော သားဖြစ်သူ ဟယ်ရှင်းမှာ တုံလင်၏ ခွေးဧကရာဇ်ကြောင့် ခေါင်းဖြတ်သတ်ခံခဲ့ရလေသည်။
သူသာ ကလဲ့စားမချေနိုင်ပါက ဤစော်ကားမှုကို မြိုသိပ်ထားနိုင်မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ။
ငရဲလကျောက်သည် ပြန်လည်ပျံသန်းလာပြီး ထိုလုပ်ငန်းစဉ်အတွင်း တစ်တောင်လုံးကို လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။
“ပန်းကလေး... ရှီဆိုင်ဘက်က စခန်းကို ငါ ရှာတွေ့ခဲ့ပြီ... ကောင်းကင်မိုးကြိုးတွေကို အဲ့နေရာကို အတူတူ ဆွဲဆောင်သွားကြမလား…”
“ကောင်းပြီ..”
ယွင်ဟွားက သဘောတူလိုက်သည်ကို မြင်သောအခါ ကလေးသုံးဦးသည် မိုးကြိုးကပ်ဘေးကို ခုခံနိုင်သော ရတနာများကို သူတို့၏ ကိုယ်ပေါ်တွင် လျင်မြန်စွာ တပ်ဆင်လိုက်ကြလေသည်။
ယွင်ဟွား "..."
“နေပါဦး... ငါ့အတွက်ကကော ဘယ်မှာလဲ..”
သေခြင်းရှင်ခြင်းစာအုပ်သည် ပြုံးလျက် ချဉ်းကပ်လာကာ ပြောလိုက်၏။
“ပန်းကလေး... ငါတို့က မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတာ မဟုတ်ဘူး... အကယ်၍ ငါတို့သာ ဒဏ်ရာရသွားရင် နင် သေချာပေါက် စိတ်မကောင်းဖြစ်ပြီး အာရုံလွင့်သွားလိမ့်မယ်…”
“ဒါ့အပြင် နင်က ပထမ မိုးကြိုးအချက်အနည်းငယ်ကိုတော့ အနည်းငယ် သည်းခံရလိမ့်မယ်... ဒါပေမယ့် နောက်ဆုံးအချက်အနည်းငယ် ပြီးသွားရင်တော့ နင့်အတွက် ရတနာကို ငါတို့ ယူပေးမယ်…”
“စိတ်မပူပါနဲ့ ဟွားဟွား... ပေပေ့က အခွင့်အရေးကို အရယူမှာပါ…”
ယွင်ဟွားသည် ကူကယ်ရာမဲ့စွာဖြင့် ကလေးလေးများကို စိုက်ကြည့်နေမိလေသည်။
သူမသည် သူမ၏ ကိုယ်ပေါ်မှ ချန်ယွမ်ပုလဲကို ထုတ်ယူလိုက်ရာ သူမ၏ ဒန်တျန်ထဲရှိ အနက်ရောင် ပုလဲငယ်လေးက ရူးသွပ်စွာ လည်ပတ်နေလေသည်။ သူမ၏ အဆင့်ချိုးဖျက်တော့မည့် အငွေ့အသက်များကို ကောင်းကင်တာအိုက လျင်မြန်စွာပင် သတိထားမိသွားလေသည်။
အချိန်တိုအတွင်းမှာပင်။
တစ်ချိန်က ရှင်းလင်းနေခဲ့သော ကောင်းကင်ယံသည် ယခုအခါတွင် မှောင်မိုက်ပြီး လေးလံသော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားလေပြီ။
ယွင်ဟွားသည် မော့ကြည့်လိုက်ရာ သူမ၏ လက်များသည် အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်မိသွားပြီး သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို တွေ့မြင်နိုင်လေသည်။
တပ်မတော်နှစ်ခုစလုံးသည်လည်း ခေါင်းပေါ်တွင် မှောင်မိုက်နေသော တိမ်တိုက်ကြီးများ ဖုံးလွှမ်းလာသည်ကို မြင်တွေ့လိုက်ကြရသည်။ ကောင်းကင်တစ်ခုလုံးသည် သားရဲကြီးတစ်ကောင်ကဲ့သို့ ရုတ်တရက် မှောင်မိုက်သွားပြီး အားပြင်းသော ဖိအားများကို သယ်ဆောင်လာရာ လူတိုင်းပင် အသက်ရှူရန် ကြောက်ရွံ့နေကြလေသည်။
နန်ကုန်းယွမ်၏ ရင်ထဲတွင် အလွန်တရာ စိုးရိမ်ပူပန်နေပြီး အားယူထားရသဖြင့် သူ၏ လက်ချောင်းများပင် ဖြူဖျော့နေကာ သူ၏ မျက်လုံးများသည် ကောင်းကင်ယံရှိ ဖိအားပေးနေသော တိမ်တိုက်များဆီသို့ စူးစိုက်ကြည့်နေလေသည်။
"ဝုန်း..."
“ဂျလိန်း..."
မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် မျက်စိကျိန်းမတတ် လင်းလက်နေသော မိုးကြိုးတစ်စင်းသည် ယွင်ဟွား၏ ခေါင်းပေါ်သို့ တည့်မတ်စွာ ပစ်ချလာလေသည်။
"သူတို့ ရောက်လာပြီ..."
ယွင်ဟွားသည် သူမ၏ စွမ်းအားကို ဆက်လက် ဖိနှိပ်မထားတော့ဘဲ ပထမဆုံး ကောင်းကင်မိုးကြိုးအချက်ကို အင်အားသုံး၍ ခံယူလိုက်လေသည်။
သူမ၏ ဆံပင်များမှာ ချက်ချင်းပင် ရှုပ်ပွသွားတော့၏။
"နည်းနည်းလေးတောင် မနာဘူး ဟားဟားဟား..."
ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ခံစားချက်က ယွင်ဟွားကို အလွန်အမင်း လန်းဆန်းသွားစေလေသည်။
သူမက အထင်သေးနေသည်ကို ခံစားမိသည့်အလား ကောင်းကင်တာအိုသည် ဒုတိယမြောက် ကောင်းကင်မိုးကြိုးကို ထပ်မံပစ်ချလိုက်လေသည်။
ယွင်ဟွား၏ မျက်လုံးများ စူးရှသွားပြီး သူမသည် ရှီဆိုင်ဘက်သို့ ပြေးထွက်သွားလေသည်။
မိုးကြိုးသည် ယွင်ဟွားကို မထိမှန်ခဲ့သော်လည်း သူမ ရပ်နေခဲ့သည့် နေရာကိုမူ ပြားချပ်သွားစေခဲ့လေသည်။
ယွင်ဟွားသည် ထိုနေရာကို တစ်ချက်ကြည့်လိုက်ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားသွားလေသည်။
ကောင်းကင်တာအိုက ဒေါသထွက်သွားလေသည်။
ဤအကောင်ပေါက်လေးက တကယ့်ကို ထွက်ပြေးရဲသည်တဲ့လား။
ချက်ချင်းပင် တတိယမြောက်၊ စတုတ္ထမြောက် မိုးကြိုးများက သူမအပေါ်သို့ အဆက်မပြတ် ကျရောက်လာလေတော့သည်။
သေခြင်းရှင်ခြင်းစာအုပ်၊ တရားသူကြီးစုတ်တံနှင့် ငရဲလကျောက်... ကလေးသုံးဦးသည် တိတ်ဆိတ်စွာ အချင်းချင်း ကြည့်လိုက်ကြလေသည်။
ထို့နောက်…
သူတို့သည် ယခင်က ခွေးစနစ်ဆီမှ ခိုးယူထားခဲ့သော သေနတ်များကို သိုလှောင်နယ်မြေထဲမှ ဆွဲထုတ်လိုက်ကြလေသည်။
သူတို့ထဲမှ တစ်ဦးသည် 'ဒက်ဒက်ဒက်သေနတ်' ဟုခေါ်သော အရာတစ်ခုကို ကျောတွင်လွယ်ထားပြီး ယွင်ဟွားဆီသို့လည်း တစ်လက် ပစ်ပေးလိုက်လေသည်။
ယွင်ဟွား - "..."
လူတိုင်း : ... သူမက မိုးကြိုးကပ်ဘေးကို ရှောင်တိမ်းနေရဆဲ မဟုတ်ပါလား
*ငါတို့က လုပ်သင့်လို့လား…*
*စိတ်လှုပ်ရှားစရာပဲ*
“ပန်းကလေး... တိုက်ခိုက်... လူရိုင်းတွေကို အနိုင်ယူကြစို့..”
သေခြင်းရှင်ခြင်းစာအုပ်က ဟိန်းဟောက်လိုက်ရာ သူ၏ အတောင်ပံများသည် မြန်ဆန်လွန်းသဖြင့် ပုံရိပ်ယောင်များပင် ကျန်ရစ်နေခဲ့လေသည်။
“သတ်... ဒီလူရိုင်းမိစ္ဆာလေးတွေကို သတ်ပစ်... သူတို့က ငါ့ရဲ့ အရှေ့ဘက်နယ်စပ်ကို ကျူးကျော်လာခဲ့တာမို့ တစ်ယောက်ကိုမှ အလွတ်မပေးဘူး…”
တရားသူကြီးစုတ်တံ၏ မျက်လုံးများတွင် ပြင်းထန်သော မီးတောက်များ တောက်ပနေပြီး သူ၏ ပါးစပ်ကလည်း မနားတမ်း ဆဲဆိုနေလေသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဆီပူအိုးကို ခေါင်းပေါ်တွင် တင်ကာ ပျံသန်းသွားပြီး တွေ့သမျှလူကို သတ်ဖြတ်ကြော်လှော်ကာ ယနေ့တွင် ကောင်းကောင်း စားသောက်ရန် ဆုံးဖြတ်ထားကြလေသည်။
သူတို့သည် တစ္ဆေဖြစ်ရန်ပင် အခွင့်အရေး ရရှိကြမည် မဟုတ်ပေ။
နောက်ဆုံးတွင် ငရဲလကျောက်သည် 'ဒက်ဒက်ဒက်သေနတ်' ကို အမြောက်ဖြင့် အစားထိုးလိုက်သော်လည်း ၎င်း၏ အမြန်နှုန်းကို လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။
“သောက်ကျိုးနည်း... စစ်သူကြီး... ကောင်းကင်မိုးကြိုးတွေ ငါတို့ကို လာပစ်နေတယ်..."
ရှီဆိုင်မှ စစ်သားငယ်လေးများသည် သူတို့ဆီသို့ ဦးတည်လာနေသော မိုးကြိုးများကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လက်ညှိုးထိုးပြလိုက်ကြရာ လူတိုင်းသည် ခြေထောက်များပင် ခွေယိုင်သွားမတတ် ကြောက်လန့်နေကြလေသည်။
ဝူလင်ပါ့ထဲ့၏ မျက်နှာသွင်ပြင်သည် ချက်ချင်းပင် ဆိုးရွားစွာ ပြောင်းလဲသွားလေသည်။
ဤမိုးကြိုးသည် အလွန်... အလွန် ထူးဆန်းနေလေသည်။
"ပြေးကြ... ပြေးကြ..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ စစ်စခန်းတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပြီး စစ်သားများသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေတော့သည်။
"ဟေး ရှီဆိုင်က လူမိုက်လေးတွေ... အစ်မဟွား ရောက်လာပြီ..."
မျက်လုံးများ ပါရှိသည့်အလား ယွင်ဟွားအား လိုက်လံပစ်ခတ်နေသော မိုးကြိုးတစ်စင်း ကျရောက်လာခါနီးတွင် သူမသည် 'ဒက်ဒက်ဒက်သေနတ်' ကို ကိုင်ဆောင်ကာ ရှီဆိုင်တပ်စခန်းအတွင်းသို့ လျှပ်တပြက် ဝင်ရောက်သွားလေသည်။
လူရိုင်းလေးများ : "..."
သူတို့သည် ရုတ်တရက် ပေါ်လာသော ယွင်ဟွားကို ကြက်သေသေကာ စိုက်ကြည့်နေကြလေသည်။
နောက်တစ်စက္ကန့်တွင်။
နားကွဲမတတ် ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲသွားလေတော့သည်။
ကောင်းကင်တာအို "..."
*ကျက်သရေမရှိလိုက်တာ…သူမက ငါ့ကို လှည့်စားသွားတယ်*
တရားသူကြီးစုတ်တံသည် ဆီပူအိုးကို ခေါင်းပေါ်တင်ကာ ပြေးလာခဲ့ပြီး သွားရည်များ မြေပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေကာ သူ၏ လက်သေးသေးလေးသည် သူ၏ ဗိုက်ထဲသို့ နှိုက်၍ အလိုအလျောက် ဝိညာဉ်ချည်နှောင်အိတ်ကို ဆွဲထုတ်လိုက်လေသည်။
သူမသည် 'ဒက်ဒက်ဒက်သေနတ်' ကို ကိုင်ဆောင်ကာ ထွက်ပြေးနေသော လူရိုင်းများ၏ အသက်ကို ရိတ်သိမ်းနေရင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်နေလေသည်။
“ဒယ်အိုးက သေးငယ်လွန်းတယ်... ဒယ်အိုးက သေးငယ်လွန်းတယ်…”