← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃) အချပ်ပို (၁) ရှောင်ဟိုင်ထန်၏ ခေါင်းကိုက်စရာကိစ္စ

သုံးနှစ်ကြာပြီးနောက်။

"အရှင်မင်းသား... နောက်ဆုံး… နောက်ဆုံးတစ်ယောက်ပါ အရှေ့နန်းဆောင်ထဲကနေ လူးလှိမ့်ပြီး ထွက်ပြေးသွားပါပြီ..."

အစောင့်သည် ခေါင်းငုံ့ကာ အိမ်ရှေ့စံ၏ အုံ့မှိုင်းနေသော မျက်နှာထားကို မကြည့်ရဲဘဲ သတင်းပို့လိုက်လေသည်။

"လူးလှိမ့်ပြီး ထွက်ပြေးသွားတယ် ဟုတ်လား..."

အိမ်ရှေ့စံသည် ခေါင်းမော့လိုက်ရာ သူ၏ ရင်ဘတ်ထဲတွင် ဒေါသတရားများ ဖြည်းညင်းစွာ မြင့်တက်လာပြီး အေးစက်စွာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

"အရှင်မင်းသား... သူက... သရဲခြောက်ခံရလို့ လန့်သွားတာပါ..."

အိမ်ရှေ့စံ….

သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သူသည် စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့၏။

ဖခင်မေတ္တာဆိုသည်မှာ ပြိုကျနေသော တောင်ကြီးတစ်လုံးကဲ့သို့ ချက်ချင်းပင် အပိုင်းပိုင်းအစစ အက်ကွဲသွားလေတော့သည်။

"နန်ကုန်းကျင်းလန်... မင်း ကလေးဆိုးလေး... အခုချက်ချင်း ရပ်လိုက်စမ်း..."

အိမ်ရှေ့စံသည် မျက်နှာပျက်နေလျက် လက်ထဲတွင် ကြက်မွေးတံမြက်စည်းကို ကိုင်ဆောင်ကာ သူ၏ ရှေ့ရှိ ပန်းရောင်ဖက်ထုပ်လေးနောက်သို့ လိုက်ဖမ်းနေလေသည်။

အစေခံများသည် နေ့စဉ်ဘဝ၏ ကမောက်ကမဖြစ်မှုများကို အသားကျနေပြီဖြစ်ရာ တိတ်ဆိတ်စွာ ခေါင်းငုံ့လျက် သူတို့၏ အလုပ်များကိုသာ ဆက်လက်လုပ်ဆောင်နေကြ၏။

လုံးလုံးကွေးကွေး ဖက်ထုပ်ငယ်လေးသည် သူမ၏ ဖခင် ဒေါသထွက်နေသည်ကို ခံစားမိသဖြင့် သူမ၏ ဖောင်းမို့နေသော မျက်နှာလေးတွင် အပြစ်ရှိသကဲ့သို့ ဖြစ်နေပြီး သူမ၏ ခြေတံတိုလေးများကို အပြင်းအထန် ရွှေ့လျားနေလေသည်။

"ဒုက္ခပါပဲ... ဒုက္ခပါပဲ… အဖေက နာမည်အပြည့်အစုံကိုတောင် အော်ခေါ်နေကြပြီ..."

ပန်းရောင်ဖက်ထုပ်လုံးလေးသည် နောက်သို့ တစ်ချက် ကြည့်လိုက်ရာ သူမ၏ ဖခင်က ဖမ်းမိတော့မည်ကို မြင်လိုက်ရသဖြင့် အိတ်ကပ်ထဲမှ အမြန်နှုန်းအဆောင်လက်ဖွဲ့တစ်ခုကို အမြန်ထုတ်ကာ ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားလိုက်လေသည်။

အမြန်နှုန်းမှာ ချက်ချင်းပင် တိုးတက်သွား၏။ အိမ်ရှေ့စံမှာ သူ၏ သွားများကို မှုန့်မှုန့်ညက်ညက် ဖြစ်သွားမတတ် ကြိတ်မိလိုက်လေသည်။

အတင်းအဖျင်းသမားပေးထားသော နောက်ထပ် ကိုယ်ပိုင်အကာအကွယ်ပစ္စည်းတစ်ခုပင် ဖြစ်သည်။

"အဖေ... ဖးအဖေ... ချစ်ရတဲ့ အဖေ... သမီးကို ထပ်ဖမ်းရင် မိုးကြိုးအဆောင်လက်ဖွဲ့နဲ့ ပစ်ပေါက်လိုက်မှာနော်..."

ပန်းရောင်ဖက်ထုပ်လုံးလေးက ဆက်လက်ပြေးလွှားနေရင်း နဖူးမှ ချွေးအေးများကို သုတ်ကာ သူမ၏ ဖောင်းမို့နေသော လက်လေးများဖြင့် မိုးကြိုးအဆောင်လက်ဖွဲ့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လေထဲတွင် ဝှေ့ယမ်းပြနေလေသည်။

ခြိမ်းခြောက်မှုက အလွန် ရှင်းလင်းနေလေသည်။ အိမ်ရှေ့စံမှာ ဤကလေးဆိုးလေးကြောင့် ရူးသွပ်သွားတော့မည့်အလား ဖြစ်နေပြီး အခြားတစ်ယောက်၏ အရိပ်အယောင်ကိုပါ ရေးရေးမျှ မြင်ယောင်လာလေသည်။

သူ နောင်တရမိလေသည်။ အစကတည်းက စိတ်ပြတ်သားစွာဖြင့် သူ၏ အဖိုးတန်သမီးလေးကို ထိုအတင်းအဖျင်းပြောတတ်သော မိန်းမကြီးများနှင့် အတူမနေစေရန် ငြင်းဆန်ခဲ့သင့်ပေသည်။ သူမသည် အသက်သုံးနှစ်သာ ရှိသေးသော်လည်း မြို့တော်ရှိ မိစ္ဆာပေါက်စလေး ဖြစ်နေပြီ ဖြစ်၏။

အတင်းအဖျင်းဘုရင်မ၏ နာမည်ပြောင်မှာ ခေါင်းခွဲမဖြစ်ပြီး သူမက သူမကိုယ်သူမ နာမည်ပြောင်တစ်ခုတောင် ပေးထားလိုက်သေးသည်…ယက္ခတဲ့လေ။

"ကလေးဆိုးလေး... မင်း တော်တော် သတ္တိကောင်းနေတာပဲ... အဆိုးလုပ်ထားတာတင် မကဘူး... မင်းရဲ့ အဖေအရင်းကိုတောင် မိုးကြိုးပစ်ခိုင်းချင်နေသေးတယ်ပေါ့လေ... ဒီနေ့ မင်းရဲ့ တင်ပါးကို ညိုမည်းသွားတဲ့အထိ မရိုက်ရရင် ငါ မင်းအဖေ မဟုတ်တော့ဘူးကွ.."

အိမ်ရှေ့စံသည် ဟိန်းဟောက်လိုက်ပြီး ဒန်တျန်ထဲမှ ခွန်အားများကို စုစည်းကာ ခြေဖျားများကို ညင်သာစွာ ထောက်လျက် သူမ၏ အင်္ကျီကော်လာနောက်ဘက်သို့ ဆွဲဖမ်းလိုက်လေသည်။

"ဒါဆိုရင်... ဒါဆိုရင် ပိုပြီး သဘောကောင်းတဲ့ ဖေတစ်ယောက်လောက် ရနိုင်မလား..."

အိမ်ရှေ့စံ….

"နန်ကုန်းကျင်းလန်..."

အိမ်ရှေ့စံသည် ထပ်မံ ဟိန်းဟောက်လိုက်သဖြင့် ပန်းရောင်ဖက်ထုပ်လုံးလေးမှာ လန့်ဖျပ်သွားလေသည်။ သူမသည် နောက်ထပ် အမြန်နှုန်းမြှင့်တင်ရေး အဆောင်လက်ဖွဲ့တစ်ခုကို ထပ်ကပ်လိုက်ပြီး ချက်ချင်းပင် ပြန်လည်ချေပလိုက်၏။

"အမေဟွားဟွားက တစ်ခါတုန်းက အမေ့အတွက် သုံးယောက်ရှာပေးမယ်လို့ ပြောဖူးတယ်... သမီးက လောဘမကြီးပါဘူး... တစ်ယောက်လောက်ပဲ ပြောင်းလဲချင်တာပါ..."

"အဖေက စေတနာကို နားမလည်တာပဲ..."

"ပြီးတော့ သမီးက အရမ်းလိမ္မာပြီး ဘာအဆိုးမှ မလုပ်ထားပါဘူးနော်..."

အိမ်ရှေ့စံခမျာ အလွန်အမင်း ဒေါသထွက်သွားလေသည်။ ဤကျစ်ဆံမြီးလေးအား ဤနေ့ ပန်းတွေ ဘာကြောင့် ဤမျှ နီရဲနေသလဲဆိုသည်ကို သင်ခန်းစာရအောင် လုပ်ပေးရတော့မည် ဖြစ်၏။

အမြန်နှုန်းမြှင့်တင်ရေး အဆောင်လက်ဖွဲ့သည် မိမိ၏ ကိုယ်ပိုင်စွမ်းရည်အပေါ် အခြေခံ၍ အမြန်နှုန်းကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။ ပန်းရောင်ဖက်ထုပ်လုံးလေးမှာ သေးငယ်နေသေးပြီး ခြေတံတိုကာ တိုက်ခိုက်ရေးစွမ်းအားလည်း အားနည်းလှလေသည်။ များမကြာမီမှာပင် အိမ်ရှေ့စံသည် သူမ၏ အင်္ကျီကော်လာနောက်မှ ဆွဲကိုင်ကာ မလိုက်ပြီး ပြောလိုက်၏။

"နန်ကုန်းကျင်းလန်... မင်း မှားတယ်ဆိုတာကို သိရဲ့လား..."

"ဝါး..."

"အဖေ... အဖေ... သမီးတို့က သားအဖတွေလေ... ရန်သူတွေမှ မဟုတ်တာ..."

ပန်းရောင်ဖက်ထုပ်လုံးလေးမှာ အဖမ်းခံလိုက်ရပြီး သူမ၏ ခြေလက်များမှာ လေထဲတွင် အပြင်းအထန် ကန်ကျောက်နေလေသည်။ အမြင့်သို့ မြှောက်ထားသော ကြက်မွေးတံမြက်စည်းကို မြင်လိုက်ရသဖြင့် သူမမှာ ထိတ်လန့်သွားပြီး မိုးကြိုးအဆောင်လက်ဖွဲ့ကို မတော်တဆ ပစ်ပေါက်လိုက်မိ၏။

"ဘုန်း" ဟူသော အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာလေသည်။ ကောင်းကင်ယံမှ ငွေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး အိမ်ရှေ့စံ၏ ခေါင်းပေါ်သို့ တည့်မတ်စွာ ကျရောက်သွားရာ အသံမြည်လာပြီး အမည်းရောင် မီးခိုးများ ထွက်ပေါ်လာလေသည်။

အိမ်ရှေ့စံ….

ပန်းရောင်လုံးလေး….

"ငါ့ဘဝတော့ ပြီးဆုံးသွားပြီ..."

အမေဟွားဟွားက သူမအား မိုးကြိုးအဆောင်လက်ဖွဲ့ နှစ်မျိုး ပေးထားခဲ့သည်။ တစ်မျိုးမှာ လူကို သေစေနိုင်ပြီး အခြားတစ်မျိုးမှာမူ လူကို ထိတ်လန့်စေနိုင်သည်။

ပန်းရောင်ဖက်ထုပ်လုံးလေးသည် ရုန်းကန်ခြင်း မပြုတော့ပေ။ ထိုအစား သူမ၏ သေးငယ်သော လက်လေးများဖြင့် အသည်းပုံလေးများ လုပ်ပြကာ သူမ၏ ဝိုင်းစက်နေသော မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ရင်း ကရုဏာသက်ရန် တောင်းပန်လာတော့၏။

"ချောမောတဲ့ အဖေ... ရှောင်ဟိုင်ထန်က တမင်တကာ လုပ်တာ မဟုတ်ပါဘူး... အဖေ ယုံရဲ့လား..."

အိမ်ရှေ့စံသည် သူ၏ လက်မောင်းထဲရှိ သမီးငယ်လေးကို စူးစိုက်ကြည့်လိုက်ပြီး စိတ်ကို ခိုင်မာအောင်ထားကာ သူမကို သူ၏ ပေါင်ပေါ်သို့ ဖိချလိုက်ပြီး မှောက်လျက်အနေအထားဖြင့် ထားကာ သူ၏ လက်ဝါးကြီးကို သူမ၏ တင်ပါးလေးပေါ်သို့ တင်လိုက်လေသည်။

ဖြန်း…ဖြန်း….

သူ့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏သား ရှောင်ဖုန်းရှန်းမှာ ပို၍ ရင့်ကျက်သော်လည်း သူမ၏ သမီးမှာမူ အတင်းအဖျင်းကျွမ်းကျင်သူထက်ပင် ပို၍ ဒုက္ခပေးတတ်လေသည်။

လူတိုင်းက သူမကို အလိုလိုက်ကြပြီး အထူးသဖြင့် အတင်းအဖျင်းသမားနှင့် သူမ၏ ဝိညာဉ်သတ္တဝါလေးက သူမကို ပျက်ယွင်းဖြစ်သည်အထိ အလိုလိုက်ထားကြလေသည်။

သူတို့ မွေးဖွားလာချိန်တွင် ထိုကျိန်စာသင့် တရားသူကြီးစုတ်တံက ကလေးငယ်နှစ်ဦးအတွက် ကိုယ်ရံတော်ဖြစ်စေရန် သရဲနှစ်ကောင်ကို အမှန်တကယ်ပင် ဖမ်းဆီးလာခဲ့လေသည်။

ထို့နောက်... သူတို့မှာ တကယ့်ကို ထိတ်လန့်သွားခဲ့ကြရသည်။ အဆုံးတွင် ထိုအတင်းအဖျင်းဝိညာဉ်က သူတို့ထံမှ သရဲအငွေ့အသက်များကို မည်သို့ ဖယ်ရှားလိုက်သည်ကို မည်သူမျှ မသိလိုက်ကြဘဲ ကလေးငယ်နှစ်ဦးကို ကာကွယ်ရန်အတွက် စာချုပ်ချုပ်ဆိုလိုက်လေတော့သည်။

ဤသည်မှာ ကိုယ်ရံတော်များ မဟုတ်ဘဲ သူတို့၏ လူမိုက်များသာ ဖြစ်နေလေသည်။ ထိတ်လန့်စရာကောင်းသော နည်းလမ်းများပင်။

သူမသည် အသက်သုံးနှစ်သာ ရှိသေးသော်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖန်တီးနေပြီ ဖြစ်သည်။ အိမ်ရှေ့စံက သူမကို သေချာစောင့်ကြည့်မထားပါက နောင်တွင် ပို၍ ခေါင်းကိုက်ရလိမ့်မည်ဟု တွေးတောမိသဖြင့် သူမအပေါ် ဖိအားပေးမှုကို လျှော့ချခြင်း မပြုခဲ့ပေ။

အချက်အနည်းငယ် အရိုက်ခံရပြီးနောက် ပန်းရောင်ဖက်ထုပ်လုံးလေးမှာ ပထမတွင် ကြက်သေသေသွားပြီး ထို့နောက် ချက်ချင်းပင် ငိုကြွေးလေတော့သည်။

သူမလို မိစ္ဆာလေးမှာတောင် ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိသေးသည်လေ။

"ဝါး... အနံ့ဆိုးတဲ့ အဖေကြီး... သမီးက အဖေ့သမီး ဟုတ်သေးရဲ့လား... သမီးရဲ့ တင်ပါးလေးတော့ ကွဲထွက်တော့မယ်... သမီးကို ထပ်ရိုက်ရင် အိမ်ကနေ ထွက်ပြေးပြီး အဖေ့ရဲ့ ချစ်စရာကောင်းတဲ့ အသည်းကျော်လေးကို ဆုံးရှုံးသွားအောင် လုပ်ပစ်မယ်.."

"ဝါး..."

ပန်းရောင်ဖက်ထုပ်လုံးလေးသည် အိမ်ရှေ့စံ၏ ပေါင်ပေါ်တွင် အပြင်းအထန် ရုန်းကန်ရင်း ငိုယိုအော်ဟစ်နေလေသည်။

“အဖေက ပထွေးပဲ... ပထွေးတွေကပဲ ကလေးတွေကို ရိုက်တာ... ဝါး... သမီးရဲ့ အဖေအရင်းကို သွားရှာမယ်... သမီးရဲ့ အဖေအရင်းကြီး ဘယ်မှာလဲ..."

"တောင်းပန်ပါတယ်... ငါက မင်းရဲ့ ပထွေးရော အဖေအရင်းရောပဲ... နန်ကုန်းကျင်းလန်... မင်း ဘာတွေလုပ်ခဲ့သလဲဆိုတာကို ရိုးသားစွာ ဝန်ခံလိုက်စမ်း..."

လွန်ခဲ့သော နှစ်ပတ်ခန့်က။

ကျင်းရွှိုနှင့် ကျင်းလန်တို့သည် တစ်ပြိုင်နက်တည်း ကျောင်းဝင်ခဲ့ကြရာ တစ်ရက်တည်းအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့၏။

တစ်ရက်တည်းမျှသာ ဖြစ်လေသည်။

တော်ဝင်ဆရာကြီးနင်းခမျာ ငိုမတတ် မျက်နှာထားဖြင့် သူ၏ အငယ်ဆုံးသမီးလေးကို သူ၏ ရှေ့သို့ အနေခက်စွာ ခေါ်ဆောင်လာပြီး တောင်းပန်လာလေသည်။

"အရှင်မင်းသား... ကျွန်တော်မျိုး အသက်ရှင်ဖို့ နှစ်သိပ်မကျန်တော့ပါဘူး... ယုံအန်းမင်းသမီး ကျောင်းမတက်တော့လို့ စိတ်အေးရုံရှိသေးတယ်... ကျွန်တော်မျိုးကို ချမ်းသာပေးပါ..."

"မင်းသမီးလေးက ငယ်ရွယ်သေးပြီး ရင့်ကျက်မှု မရှိသေးပါဘူး... သူမရဲ့ ကျောင်းဆရာကို အရင်ဆုံး ကိုယ်ပိုင်သင်ကြားပြသပေးဖို့ တောင်းဆိုနိုင်တယ်... မှတ်ထားပါ... ယုံအန်းမင်းသမီးကိုတော့ သူမကို လုံးဝ စောင့်ရှောက်ခွင့် မပေးပါနဲ့..."

အိမ်ရှေ့စံ၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တွန့်လိမ်သွားလေသည်။

သူသည် မိုက်မဲသူမဟုတ်ရာ တော်ဝင်ဆရာကြီးနင်း ဘာကိုဆိုလိုသလဲဆိုသည်ကို သဘာဝကျကျပင် နားလည်ထားလေသည်။

ပန်းရောင်ဖက်ထုပ်လုံးလေးမှာ အသက်ရှူမဝသည်အထိ အပြင်းအထန် ငိုကြွေးနေသဖြင့် အရှေ့နန်းဆောင်မှ အစေခံများသည် နှလုံးနာကျင်ရပြီး နူးညံ့ကာ ချစ်စရာကောင်းလှသော မင်းသမီးလေးကို ဆွဲလုယူသွားချင်စိတ်များ ပေါ်ပေါက်လာကြလေသည်။

သူ၏ သမီးငယ်လေး၏ ရှိုက်ငိုသံများကို ကြားလိုက်ရသဖြင့် အိမ်ရှေ့စံ၏ ခိုင်မာနေသော နှလုံးသားမှာ ချက်ချင်းပင် အရည်ပျော်ကျသွားလေသည်။ သူသည် ပန်းရောင်ဖက်ထုပ်လုံးလေးကို လှန်လိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။

"ရှောင်ဟိုင်ထန်... သမီး ဘာအမှားလုပ်ခဲ့သလဲဆိုတာ အခု သိပြီလား..."

ပန်းရောင်ဖက်ထုပ်လုံးလေးသည် သူမ၏ နှာခေါင်းကို ရှုံ့လိုက်ပြီး ဝမ်းနည်းစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အရာများစွာကို လုပ်ဆောင်ခဲ့သော်လည်း သူမ၏ ဖခင်ကို ဤမျှ ဒေါသထွက်စေနိုင်သောအရာမှာ တစ်ခုတည်းသာ ရှိပေသည်။

"အဖေ... သမီး မှားမှန်း သိပါပြီ... တောင်းပန်ပါတယ်နော်..."

ပန်းရောင်ဖက်ထုပ်လုံးလေးသည် အိမ်ရှေ့စံကို တောင်းပန်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူမ၏ ဖခင်၏ မျက်နှာကို ဖက်ကာ နမ်းလိုက်လေသည်။

အမေဟွားဟွားက တစ်ခါက ပြောဖူးသည်မှာ၊ တစ်ယောက်ယောက်ကို အနိုင်မယူနိုင်ပါက အရင်ဆုံး အရှုံးပေးလိုက်ပြီးနောက်မှ လက်စားချေရမည်ဟုပင် ဖြစ်သည်။

ထိုခဏ၌။

အိမ်ရှေ့စံ၏ နှလုံးသားမှာ လုံးဝ အရည်ပျော်သွားလေတော့သည်။

"သမီးရဲ့ တင်ပါးလေး နာနေသေးလား... အဖေ သမီးကို အရမ်းပြင်းပြင်း ရိုက်လိုက်မိသလား..."

"မနာပါဘူး... သမီးက အဖေ့ကို ဒေါသထွက်အောင် လုပ်မိလို့ပါ..."

သူမသည် အမှားကို ရိုးသားစွာ ဝန်ခံနေသည်ကို မြင်လိုက်ရသဖြင့် အိမ်ရှေ့စံသည် မိန်းကလေးငယ်အား ဆူပူခြင်းကို ရပ်တန့်လိုက်လေသည်။ နောင်တွင် သူမ၏ ဆရာကို မစနောက်ရန် သင်ခန်းစာပေးရန် ပြင်ဆင်နေစဉ်မှာပင် မိန်းကလေးငယ်၏ စကားကြောင့် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

"အဖေ... သမီးက အဖေ့ရဲ့ သိုလှောင်ရုံထဲက ပစ္စည်းတွေအကုန်လုံးကို အမေဟွားဟွားဆီ မင်္ဂလာလက်ဆောင်အဖြစ်ပေးဖို့ ခိုးယူသွားတာကို ခွင့်လွှတ်ပေးမှာလားဟင်..."

အိမ်ရှေ့စံ…..

All Chapters