← Chapters

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း (၃၀၄) အချပ်ပို(၂) ရှောင်ဖုန်းရှန်းနှင့် ရှောင်ဟိုင်ထန်

အိမ်ရှေ့စံခမျာ သူ့သမီးငယ်လေး၏ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်လိုက်လေသည်။

သူ့ရင်ထဲတွင် သွေးများ တစ်စက်ချင်း စီးကျနေသကဲ့သို့ ခံစားနေရ၏။

အိမ်ရှေ့စံက တုန်ယင်နေသော အသံဖြင့် သတိထားကာ မေးလိုက်သည်။

"သမီး... သမီးက အဖေ့ရဲ့ ဘဏ္ဍာတိုက်ကို ရှင်းထုတ်ပြီး ဟိုအတင်းအဖျင်းပြောတတ်တဲ့သူကို အကုန်ပေးလိုက်တယ်လို့ ပြောချင်တာလား..."

ထိုအချိန်တွင် ကောက်ညှင်းလုံးလေးက သူမဖခင်၏ မျက်နှာအမူအရာကို သတိမထားမိပေ။ သူမသည် ပျော်ရွှင်စွာဖြင့် ခေါင်းလေးကို မော့ကာ လက်လေးများဖြင့် ဟန်အမူအရာလုပ်ပြရင်း ပြောလိုက်လေသည်။

"ဟုတ်တယ်လေ... အဘိုးက ပြောတယ်... အမေဟွားဟွားက ဖေယွမ်ယွမ်နဲ့ လက်ထပ်တော့မှာဆိုတော့ သမီးလည်း လက်ဆောင်ပေးရမှာပေါ့..."

"အမေက တောက်ပတဲ့ ရွှေစလေးတွေကို သဘောကျတယ်လေ... သမီးမှာက မရှိဘူး... ဒါပေမဲ့ အဖေ့မှာတော့ သေချာပေါက် ရှိနေတယ်လေ... အဖေ့ရဲ့ သိုလှောင်ရုံထဲမှာ ရွှေစလေးတွေ သိပ်အများကြီး မရှိတာမို့လို့ သမီး အကုန်လုံးကို ပေးလိုက်တာ..."

"အဖေ... သမီးက တော်တယ် မဟုတ်လား..."

အိမ်ရှေ့စံခမျာ တုန်ယင်နေသော လက်များဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူ၏ သိုလှောင်ရုံကြီးပါတကား။

သူသည် တစ်ချိန်က သူ၏ အဘွားနှင့် ဖခင်တို့၏ ခေါင်းပုံဖြတ်ခြင်းကို ခံခဲ့ရပြီး ယခုအခါတွင်မူ သူ၏ သမီးအရင်းကပင် သူ့ကို ခေါင်းပုံဖြတ်နေလေပြီ။

"တော်တယ်... သိပ်တော်တယ်... ပိုက်ဆံဖြုန်းတဲ့ ကောင်မစုတ်လေး..."

"အဖေက သမီးကို သိပ်အလိုလိုက်ထားလို့ အရှေ့နန်းဆောင်ကို ဘယ်သူအုပ်ချုပ်နေလဲဆိုတာ သမီး မေ့နေတာဖြစ်မယ်..."

အိမ်ရှေ့စံက အံကြိတ်ကာ ပြောလိုက်၏။

ပန်းရောင်ဖက်ထုပ်လုံးလေးက မှင်တက်သွားရသည်။ သူမသည် အလျင်အမြန်ပင် အိမ်ရှေ့စံ၏ ပေါင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဖခင်ဖြစ်သူအား ကြောက်လန့်တကြား စိုက်ကြည့်နေလေသည်။

"အဖေ... သမီး အမှားကို ဝန်ခံရင် ခွင့်လွှတ်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား..."

"အဖေ ပြောတာ မှန်တယ်... သမီးက ဆရာတော်တော်များများကိုတောင် လန့်ပြေးအောင် လုပ်ခဲ့သေးတယ်..."

အိမ်ရှေ့စံသည် ညာဘက်လက်ဖြင့် ကြက်မွေးတံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး သူ၏ သမီးငယ်လေးနောက်သို့ လိုက်လေတော့သည်။

ပန်းရောင်ဖက်ထုပ်လုံးလေးခမျာ ငိုယိုအော်ဟစ်နေရင်း မရည်ရွယ်ဘဲ ဝန်ခံလိုက်လေသည်။

"ဝါး... အဖေက တရားမျှတမှုမရှိဘူး..."

အရှေ့နန်းဆောင်သည် နောက်ထပ် လိုက်တမ်းပြေးတမ်း ကစားပွဲအသစ်တစ်ခုသို့ ဝင်ရောက်လာတော့မည်ဖြစ်သည်။

စာသင်ခန်းမှ ပြန်ရောက်လာသည်နှင့် သူ၏ ညီမလေးအား ဖခင်ဖြစ်သူ အိမ်ရှေ့စံက ခြံဝင်းတစ်ခုလုံး အနှံ့ လိုက်ဖမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။

"အစ်ကို... အစ်ကို... ကယ်ပါဦး... သမီးကို ကယ်ပါဦး..."

ပန်းရောင်ဖက်ထုပ်လုံးလေးက သူမ၏ ကယ်တင်ရှင်ကြီးဖြစ်သော အစ်ကိုဖြစ်သူ ပြန်လာသည်ကို မြင်လိုက်ရသောအခါ မဆိုင်းမတွပင် သူ၏ အနီးသို့ ပြေးသွားလေသည်။

ရှောင်ဖုန်းရှန်းသည် သက်ပြင်းချလိုက်ပြီး သူ၏ ညီမလေးကို အနောက်တွင် ကွယ်ကာထားလိုက်သည်။

"ရှောင်ဖုန်းရှန်း... ဘေးဖယ်နေ... ဒီတစ်ကြိမ် သူ ဘာလုပ်ခဲ့လဲဆိုတာ မင်း သိရဲ့လား..."

အိမ်ရှေ့စံသည် သူ၏ တည်ငြိမ်သော သားတော်ကို ကြည့်လိုက်ရာ အနည်းငယ် စိတ်သက်သာရာရသွားပြီး သူ၏ လေသံမှာလည်း နူးညံ့သွားလေသည်။

ရှောင်ဖုန်းရှန်းသည် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်ရာ အိမ်ရှေ့စံနှင့် တူညီသော သူ၏ မျက်နှာလေးမှာ ချက်ချင်းပင် ညှိုးနွမ်းသွားလေသည်။

"ကျွန်တော့်ကို ရှောင်ဖုန်းရှန်းလို့ မခေါ်ပါနဲ့... ကျွန်တော့်မှာ တကယ့်နာမည် ရှိပါတယ်..."

ကျောင်းတွင် သူ၏ နာမည်ပြောင်ကို အခြားကလေးများက ရက်ပေါင်းများစွာ လှောင်ပြောင်ခဲ့ကြပြီး နောက်ဆုံးတွင် ထိုကိစ္စကို ဖြေရှင်းရန်အတွက် သူက ထိုကလေးများနှင့် ရန်ဖြစ်ခဲ့ရသည်။

အိမ်ရှေ့စံသည် အံ့သြသွားပြီးနောက် သဘောကျစွာ ရယ်မောလိုက်လေသည်။

"မင်းရဲ့ တရားဝင်နာမည် ဟုတ်လား... အဲ့အချိန်တုန်းကသာ အဖေသာ မတားခဲ့ဘူးဆိုရင် မင်းရဲ့ တရားဝင်နာမည်က မင်းရဲ့ ချစ်လှစွာသော အမေဟွားဟွား ပေးထားတဲ့ နန်ကုန်းဖုန်းရှန်း ဖြစ်နေလောက်ပြီ..."

ရှောင်ဖုန်းရှန်းသည် အခိုက်အတန့်မျှ တုံ့ဆိုင်းသွားပြီး သူ၏ စိတ်ထဲတွင် အမေဟွားဟွား၏ အလိုလိုက်ထားသော မျက်နှာထားများဖြင့် ပြည့်နှက်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ရုတ်တရက် ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း... အမေဟွားဟွားခေါ်တဲ့ အသံလေးကပဲ နားထောင်လို့ ကောင်းတာ..."

အိမ်ရှေ့စံ …..

ဤကလေးက အလွန် ဟန်ဆောင်ကောင်းသူပင် ဖြစ်သည်။

"ကောင်းပြီလေ... အမေဟွားဟွားပေါ့... မင်းတို့ မောင်နှမနှစ်ယောက်စလုံးက ဟိုအတင်းအဖျင်းပြောတတ်တဲ့သူကိုပဲ အရေးစိုက်တော့တာကိုး..."

အိမ်ရှေ့စံက သားတစ်ယောက်နှင့် သမီးတစ်ယောက် ရထားသော်လည်း ထိုကလေးများမှာ ထိုအတင်းအဖျင်းပြောတတ်သူအတွက်သာ မွေးဖွားလာသကဲ့သို့ ဖြစ်နေကြောင်းကို မနာလိုစွာဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။

"သူ့ကို အတင်းအဖျင်းပြောတတ်တဲ့သူလို့ မခေါ်ပါနဲ့... အဖေက အိမ်ရှေ့စံလေ... အဖေ့ရဲ့ စကားတိုင်း လုပ်ရပ်တိုင်းက တော်ဝင်မိသားစုကို ကိုယ်စားပြုတယ်... ပြီးတော့ အမေဟွားဟွားကိုလည်း လေးလေးစားစား ဆက်ဆံပါဦး..."

ရှောင်ဖုန်းရှန်း၏ အသံမှာ ကျယ်လောင်ကာ ပြတ်သားနေလေသည်။

အိမ်ရှေ့စံ၏ လျှံကျနေသော ဖခင်မေတ္တာတရားများကိုကား… ထားလိုက်ပါတော့လေ။ သူ ထိန်းချုပ်လိုက်ရသည်။

"မင်းရဲ့ စာကြည့်ဆောင်ကို ပြန်သွားတော့... မင်း ညီမကို ထပ်ပြီး ကာကွယ်ပေးခွင့် မရှိဘူး..."

ယနေ့တွင် သူမကို မည်သူမျှ ကယ်တင်နိုင်မည် မဟုတ်ပေ။

ဖက်ထုပ်လုံးလေးသည် အိမ်ရှေ့စံကို စဉ်းစားဟန်ဖြင့် စိုက်ကြည့်နေသည်။ ယနေ့တွင် သူမ၏ ဖခင်သည် ပုံမှန် အသံသာကျယ်ပြီး အလုပ်မဖြစ်သော အခြေအနေနှင့် အလွန်ကွာခြားနေလေသည်။ ရှောင်ဖုန်းရှန်းက သူ၏ ခေါင်းလေးကို စောင်းကာ ပန်းရောင်ဖက်ထုပ်လေးအား တိုးတိုးလေး မေးလိုက်သည်။

"နင် အတိအကျ ဘာလုပ်လိုက်တာလဲ..."

ပန်းရောင်ဖက်ထုပ်လေးက သူမ၏ လက်လေးများကို လှည့်ကာ ချိုသာနူးညံ့သော အသံလေးဖြင့် ပြောလိုက်လေသည်။

"အဖေ့ရဲ့ သိုလှောင်ရုံကို ရှင်းထုတ်ပြီး အမေဟွားဟွားကို အကုန်ပေးလိုက်တာလေ..."

ရှောင်ဖုန်းရှန်းသည် ကြယ်ပွင့်လေးများကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် သူ၏ ညီမလေးကို စိုက်ကြည့်လိုက်သည်။

သိပ်တော်တယ်။

အမေဟွားဟွားက သူတို့ကို ရတနာများစွာ ပေးခဲ့ဖူးရာ ဤလောကရှိ ကောင်းမွန်သောအရာအားလုံးကို သူမအား ပေးချင်မိသည်။

ရှောင်ဖုန်းရှန်းက ဖြည်းညင်းစွာ ချောင်းဟန့်လိုက်ပြီး ဖခင်ဖြစ်သူအား တည်ငြိမ်စွာ ဆုံးမလိုက်လေသည်။

"အဖေ... ဒါက အဖေ့ရဲ့ အမှားပဲ... အမေဟွားဟွားက ကျွန်တော်တို့အပေါ် သိပ်ကောင်းပြီး တုံလင်နိုင်ငံကိုလည်း ကာကွယ်ပေးတယ်လေ... အဖေ အဲ့လောက် ကပ်စေးမနဲသင့်ဘူး..."

"အဘိုးဧကရာဇ်ဆိုရင် အမေဟွားဟွားအတွက် ရတနာအသစ်တွေ လုပ်ပေးဖို့ နဂါးပလ္လင်ကိုတောင် အရည်ကျိုပစ်ခဲ့သေးတယ်... အဖေ့ရဲ့ အမြင်က ကျယ်ပြန့်မှု မရှိသေးဘူး... အကယ်၍ အမေဟွားဟွားသာ ထီးနန်းကို စိတ်မဝင်စားတာမျိုး မဟုတ်ခဲ့ရင် အဖေ့ရဲ့ အိမ်ရှေ့စံရာထူးကို အမေဟွားဟွားဆီ ပေးလိုက်ဖို့ ကျွန်တော် အကြံပေးမိမှာပဲ..."

"ဒါကြောင့် ညီမလေးလုပ်တာ မှန်တယ်... အဖေ သူ့ကို အပြစ်ပေးလို့ မရဘူး..."

ကလေးငယ်က အံ့သြဖွယ်ကောင်းလောက်အောင် ကျယ်လောင်သော အသံဖြင့် ပြောဆိုနေလေသည်။

အိမ်ရှေ့စံခမျာ သူ၏ လည်ချောင်းထဲတွင် တစ်စို့နေသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် ရှောင်ဖုန်းရှန်းသည် ပန်းရောင်ဖက်ထုပ်လေး၏ လက်ကို ကိုင်ကာ လှည့်ပြီး နန်းဆောင်ဆီသို့ လျှောက်သွားရင်း စိတ်ရှည်လက်ရှည်ဖြင့် လမ်းညွှန်ပြသလိုက်သည်။

"နင်ကလည်း တုံးလိုက်တာ... အင်အားမသုံးနိုင်ရင် ဦးနှောက်ကို သုံးရမယ်လို့ ဦးလေးပေပေ့နဲ့ အဒေါ်ရှူးရှူးက သင်ပေးထားတယ် မဟုတ်လား... ပထမဆုံး ကိုယ့်ရဲ့ အားနည်းချက်ကို ဝန်ခံရမယ်... ပြီးမှ အပြင်က အကူအညီကို ရှာရမယ်လေ..."

ပန်းရောင်ဖက်ထုပ်လေးက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

"ငါ အလျှော့ပေးခဲ့ပါတယ်... ဒါပေမဲ့ အဖေက ငါ့ကို ရိုက်ချင်နေတုန်းပဲလေ..."

ရှောင်ဖုန်းရှန်းက ထပ်မံ၍ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"သွားကြစို့... စိတ်ပြေလက်ပျောက်ဖြစ်မယ့် နေရာတစ်ခုကို ငါ ခေါ်သွားပေးမယ်..."

"ဒါပေမဲ့... ဒါပေမဲ့ အစ်ကို... အမေဟွားဟွားက မကြာခင် လက်ထပ်တော့မှာဆိုတော့ လူကြီးတွေအကုန်လုံး အလုပ်ရှုပ်နေကြပြီး ငါတို့ကို ဂရုမစိုက်နိုင်ကြဘူးလေ... အဒေါ်ရှူးရှူး၊ ဦးလေးပေပေ့နဲ့ ဦးလေးယိုယိုတောင်မှ ဒီနေရာမှာ မရှိဘူး... ငါတို့ကို ကူညီပေးမယ့်သူ ဘယ်သူမှမရှိဘူး..."

ပန်းရောင်ဖက်ထုပ်လေးက အလွန် ဝမ်းနည်းကြေကွဲနေလေသည်။

ပြီးခဲ့သည့်အကြိမ်က ဦးလေးယိုယိုသည် သူမနှင့် သူမ၏ အစ်ကိုဖြစ်သူအား ငရဲပြည်သို့ လျှို့ဝှက်စွာ ခေါ်သွားခဲ့သော်လည်း အဖေယွမ်ယွမ်၏ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ အဖေယွမ်ယွမ်တွင် လျှို့ဝှက်ထားသော နောက်ခံလက္ခဏာတစ်ခု ရှိနေကြောင်းကို သူတို့ သိရှိသွားခဲ့သည်။

ကံမကောင်းစွာဖြင့် အဖေယွမ်ယွမ်သည် ကပ်စေးနဲပြီး သူတို့အပေါ် ကန့်သတ်ချက်တစ်ခု ပြုလုပ်ထားရာ သူ၏ အမှတ်အသားကို ထုတ်ဖော်ပြောဆိုခွင့် မပေးခဲ့ပေ။

ဟူး... သနားစရာကောင်းလိုက်လေခြင်း။

သူမသည် အာဏာကို အားကိုး၍ အခြားသူများအပေါ် အနိုင်ကျင့်ခြင်းမျိုး မလုပ်နိုင်တော့ပေ။

"ဘယ်သူက ပြောလဲ..."

ရှောင်ဖုန်းရှန်းသည် သူမ၏ ခေါင်းလေးကို လေးနက်စွာဖြင့် ပုတ်လိုက်လေသည်။

"အမေဟွားဟွားက ငါတို့ကို လှည့်ကွက်တစ်ခု သင်ပေးထားသေးတယ်လေ... အဲ့တာက ဘိုးဘွားတွေကို အကူအညီတောင်းဖို့ပဲ... အခု တော်ဝင်ဘိုးဘေးခန်းမကို သွားပြီး တိုင်ကြစို့..."

"အစ်ကို... အကယ်၍ အဆင်မပြေသေးရင် ဘယ်လိုလုပ်မလဲ..."

ရှောင်ဖုန်းရှန်းက အခိုက်အတန့်မျှ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်၏။

"ခြိမ်းခြောက်ရမှာပေါ့... အဖေ့ရဲ့ အားနည်းချက်က အမေပဲ... အမေက အမေဟွားဟွားနဲ့အတူ ထွက်ပြေးသွားမှာကို သူ အကြောက်ဆုံးပဲလေ... ဒါကြောင့် အမေဟွားဟွားရဲ့ မိန်းမဖော်အဖြစ် လိုက်သွားဖို့ အမေ့ကို တိုက်တွန်းကြရအောင်..."

အိမ်ရှေ့စံခမျာ ကလေးနှစ်ဦး၏ စကားဝိုင်းကို နားထောင်နေရင်း သူ၏ ရင်ထဲတွင် လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။

ကြည့်စမ်း။ ဤသည်မှာ သူ၏ သားပင်ဖြစ်သည်။ အသုံးမကျသော သူ၏ သားပါတကား။

အိမ်ရှေ့စံမချာ ငိုလုနီးပါးဖြစ်နေပြီး နှစ်သိမ့်မှုရရန်အတွက် သူ၏ ချစ်လှစွာသော ဇနီးသည်ထံသို့ လှည့်သွားလေသည်။

သူသည် ကလေးနောက်တစ်ယောက် ထပ်ယူချင်နေလေပြီ။

ယခုမှစ၍ ထိုအတင်းအဖျင်းပြောတတ်သူများကို ကလေးထိန်းခွင့် ဘယ်တော့မှ ပေးတော့မည် မဟုတ်ပေ။

အိမ်ရှေ့စံကြင်ယာတော်သည် ဤကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိကြောင်းကို သူ မသိခဲ့ပေ။ သူမသည် သူမ၏ သူငယ်ချင်းအတွက် မင်္ဂလာလက်ဆောင်များ ပြင်ဆင်ရန် အလုပ်ရှုပ်နေလေသည်။

လောကရှိ လူတိုင်းသည် ယွင်ဟွား၏ မင်္ဂလာပွဲအတွက် အလွန် အလုပ်ရှုပ်နေကြသည်။

တစ်ချိန်တည်းမှာပင် လူသုံးယောက်၏ ရုတ်တရက် ပြန်လည်ရောက်ရှိလာမှုကြောင့် ငရဲပြည်သည် အမှန်တကယ်ပင် အကျပ်ရိုက်နေလေပြီ။ ဩဇာကြီးမားသူများဖြစ်စေ၊ တစ္ဆေသံတမန်များဖြစ်စေ အားလုံးသည် ပြင်းပြင်းထန်ထန် ညည်းညူနေကြလေတော့သည်။

All Chapters