အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း (၃၀၈) အချပ်ပို (၆) ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ (၂)
ယွင်ရှောင်ထျန်းမှာ တကယ့်ကို မျက်နှာပျက်သွားရလေသည်။
ဧည့်သည်များက သူ့အား သားကောင်တစ်ကောင်လို စူးစိုက်ကြည့်နေကြသည်ကို မြင်သောအခါ သူက လက်ကိုင်ပဝါကို ခါထုတ်လိုက်ပြီး သမက်ဖြစ်သူအား ပြောလိုက်လေသည်။
"သွား... မင်းရဲ့ သတို့သမီးလေးကို သွားကြိုလိုက်တော့..."
သူသည် အဘယ်ကြောင့် ဤမျှ အရှက်ခွဲခံနေရသနည်း။
ဤလူများထဲတွင် မည်သူတစ်ဦးမျှ လူကောင်းများ မဟုတ်ကြပေ။
နန်ကုန်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ယောက္ခမကြီးကို ကျေးဇူးတင်ပါတယ်..."
ထို့နောက် လူအုပ်ကြီး၏ ဦးဆောင်မှုဖြင့် သူသည် ယွင်ဟွား၏ အခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့ရာ သူ၏ လက်များမှာ အလိုအလျောက် ဆုပ်ကိုင်မိလျက်သား ဖြစ်နေပြီး သူ၏ အသံမှာ ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
"ဟွားအာလေး... ကိုယ် မင်းကို လာကြိုပြီ..."
အခန်းထဲတွင်မူ…
နန်ကုန်းယွမ်၏ အသံကို ကြားသောအခါ ယွင်ဟွားသည် ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားချင်စိတ် ပေါက်သွားလေသည်။
သူမသည် ချစ်မြတ်နိုးရသော ခင်ပွန်းဖြစ်သူကို သုံးရက်တိုင်တိုင် မတွေ့ရသဖြင့် အလွန်အမင်း လွမ်းဆွတ်နေခဲ့သော်လည်း သူမ၏ ဒုတိယအစ်မနှင့် တတိယအစ်မတို့က သူမကို တင်းကျပ်စွာ ဆွဲထားကြလေသည်။
"ဘာတွေ လောနေတာလဲ... အနီရောင် ခေါင်းဆောင်းပဝါတောင် မဆောင်းရသေးဘူးလေ..."
ယွင်ယာသည် အောင်သွယ်တော်အား ခေါင်းဆောင်းပဝါကို ယူဆောင်လာရန် ညွှန်ကြားလိုက်ပြီး သူမ၏ ညီမငယ်လေး၏ ဝတ်စုံတွင် တစ်ခုခု လိုအပ်နေခြင်း ရှိမရှိကို ထပ်မံစစ်ဆေးနေစဉ် ယွင်ဟွား၏ အလောတကြီး အော်ဟစ်သံကို ကြားလိုက်ရလေသည်။
"ရှောင်ယွမ်ယွမ်... ငါ့ကို စောင့်ပါဦး... ငါ့ကို စောင့်ဦး... ငါ အခုချက်ချင်း ထွက်လာခဲ့မယ်..."
အခန်းတွင်းနှင့် အပြင်ဘက်တွင် ရယ်မောသံများ ပေါက်ကွဲထွက်ပေါ်လာလေသည်။ ယွင်ဝေက သူမကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"နင်က မိန်းကလေးတစ်ယောက်ပါနော်... ဘယ်လို ဣန္ဒြေရရ နေရမယ်ဆိုတာကို သိသင့်တယ်... နင် ဘယ်လောက်တောင် စိတ်မရှည်ဖြစ်နေလဲဆိုတာ ကြည့်လိုက်စမ်းပါဦး..."
"သေချာပေါက် အလောတကြီး ဖြစ်နေတာပေါ့..."
"ငါ့ရဲ့ အစ်မကြီးနှစ်ယောက်ရယ်... ငါ သည်းခံလာခဲ့တာ သုံးနှစ်တောင် ရှိပြီနော်..."
ယွင်ဟွားသည် လက်ချောင်းသုံးချောင်းကို ထောင်ပြလိုက်လေသည်။ မူလက ဤခန္ဓာကိုယ်မှာ သေးငယ်နေသော်လည်း သူမ၏ အမှန်တကယ် အသက်အရွယ်နှင့်တော့ မလိုက်ဖက်နိုင်ပေ။ အထူးသဖြင့် သူမ နတ်ဘုရားအဖြစ်သို့ တက်လှမ်းခြင်း ပြုသည့်နေ့တွင် သူမ၏ သွေးကြောများကို သန့်စင်ခဲ့ပြီး သာမန်လူသားတစ်ဦး မဟုတ်တော့ပေ။
"ဒါ့အပြင် အလှတရားက နင့်ရဲ့ မျက်စိရှေ့မှာ ရှိနေပေမယ့် ထိလို့ပဲရပြီး စားလို့မရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကို နင်တို့ သိကြရဲ့လား..."
လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
ဖီးနစ်ခေါင်းဆောင်းနှင့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော ယွင်ဟွားသည် ယွင်ယာနှင့် ယွင်ဝေတို့က သူမကို မကူညီနိုင်မီမှာပင် သူမ၏ အခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့လေသည်။
ယွင်ရှောင်ထျန်းသည် ရှေ့သို့ လျှောက်လာခဲ့ရာ သူ၏ မျက်လုံးများမှာ နီရဲနေပြီး သူ ဆယ်နှစ်ကျော်ကြာ ပြုစုပျိုးထောင်လာခဲ့သည့် ဂေါ်ဖီထုပ်လေးအား ဆွဲယူကာ ပြောလိုက်လေသည်။
“ဟွားအာ... အခု သမီးက အိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့ အရင်လို ဆင်ခြင်တုံတရားမဲ့စွာ ပြုမူလို့ မရတော့ဘူး... ဒါပေမယ့် မှတ်ထားပါ... ငါတို့ ယွင်မိသားစုက အမြဲတမ်း သမီးရဲ့ ကျောထောက်နောက်ခံ ဖြစ်နေမှာပါ..."
"အဖေ... သမီးကလည်း အဖေ့ရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံပါပဲ..."
ဤဘဝတွင် သူမသည် သူမ၏ မိသားစုကို အမြဲတမ်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။
သူ၏ သမီးငယ်လေး၏ အဖြေကို ကြားသောအခါ ယွင်ရှောင်ထျန်းက မျက်ထောင့်မှ မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး သူမ၏ လက်ကို နန်ကုန်းယွမ်၏ လက်ထဲသို့ ထည့်ပေးကာ လေးနက်စွာ ပြောလိုက်လေသည်။
"သမက်လေး... ဟွားအာကို မင်းဆီ အပ်ပါတယ်... မင်းက သူမကို ကာကွယ်ပေးပြီး သူမရဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်အောင် ထားပေးမယ်လို့ မျှော်လင့်ပါတယ်..."
"ဟုတ်ကဲ့ပါ ယောက္ခမကြီး..."
နန်ကုန်းယွမ်သည် ယွင်ဟွား၏ လက်ကို ဆုပ်ကိုင်ထားလိုက်လေသည်။ နောက်ဆုံးတွင် သူသည် ဘဝ၏ အချစ်ဆုံးသူကို လက်ထပ်နိုင်ခဲ့ပြီဖြစ်သည်။
ထိုခဏ၌…
ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့ နှစ်ဦးစလုံးသည် အချင်းချင်း၏ လက်ဖဝါးများအတွင်းမှ အပူငွေ့နှင့် တင်းမာမှုတို့အပြင် အနည်းငယ်သော စိတ်လှုပ်ရှားမှုကိုပါ ခံစားလိုက်ကြရလေသည်။
လူတိုင်း၏ ကောင်းချီးမင်္ဂလာများကြားတွင် တေးဂီတနှင့် ကြွေးကြော်သံများ လိုက်ပါလာသော မင်္ဂလာယာဉ်တန်းကြီးသည် မင်းသားစုအိမ်တော်ဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။
ယွင်ရှောင်ထျန်းသည် နောက်ဆုံးတွင် ဆက်၍ မထိန်းထားနိုင်တော့ဘဲ သူ၏ ဇနီးသည်ကို ဖက်ကာ ငိုကြွေးလေတော့သည်။
"တော်လောက်ပြီ..."
ချွေ့ဝမ်ရှင်းသည် သူ့ကို သည်းမခံနိုင်တော့ပေ။ ဤကဲ့သို့သော ဝမ်းမြောက်စရာ အခါသမယတွင် သူက မည်သို့ ဤသို့ ပြုမူနိုင်ရသနည်း။
“မငိုပါနဲ့တော့... ဟွားအာက တခြားနေရာတစ်ခုကို ပြောင်းသွားရုံလေးပါ... ရှင် သူမကို လွမ်းရင် မင်းသားအိမ်တော်ကို သွားပေါ့... ရှင့်ရဲ့ သမီးက ရှင့်ကို မောင်းထုတ်မှာ မဟုတ်ပါဘူး..."
သူမ စကားပင် မဆုံးသေးမီ ယွင်ရှောင်ထျန်း၏ စိတ်လှုပ်ရှားစွာ ရယ်မောသံကို ကြားလိုက်ရလေသည်။
"ဟားဟားဟား... မိန်းမရေ... အဲ့ပြဿနာကောင်မလေးက နောက်ဆုံးတော့ တခြားလူတွေဆီကို ကံဆိုးမှုတွေ ယူဆောင်သွားတော့မယ်ကွ..."
"ငါ လွတ်လပ်သွားပြီကွ... အရင်တုန်းကဆို မင်းသားစုက ငါ့ကို နေ့တိုင်း လှောင်ပြောင်ခဲ့တာလေ... အခုကစပြီး ငါက ဖရဲစေ့လေးတွေကိုင်ပြီး မင်းသားစုအိမ်တော်မှာ ဖြစ်ပျက်လာမယ့် ဇာတ်လမ်းတွေကို နေ့တိုင်း ထိုင်ကြည့်နိုင်ပြီ... ဟားဟားဟား..."
ချွေ့ဝမ်ရှင်း "..."
မင်းသားစုအိမ်တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် မင်္ဂလာအချိန်အခါသို့ ရောက်ရှိနေပြီဖြစ်သည်။
ဧည့်သည်များသည်လည်း နေရာယူထားကြပြီးဖြစ်ကာ ရယ်မောသံများက လေထုထဲတွင် ပျံ့နှံ့နေလေသည်။
မင်းသားစုနှင့် ကြင်ယာတော်စုတို့သည် မင်္ဂလာမောင်နှံနှစ်ဦး လက်ချင်းချိတ်ကာ မင်္ဂလာခန်းမထဲသို့ လျှောက်လှမ်းလာကြသည်ကို ကြည့်ရင်း အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေသည်။
"ကောင်းကင်နှင့် မြေကြီးကို ကန်တော့ပါ..."
အခမ်းအနားမှူးက ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့သည် နက်ရှိုင်းစွာ အရိုအသေပေးလိုက်ကြလေသည်။ သူတို့သည် သူတို့၏ နတ်ဘုရား အဆင့်အတန်းများကို ချိတ်ပိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်ပြီး သာမန်လူသားတို့၏ မင်္ဂလာပွဲကိုသာ တွေ့ကြုံခံစားလိုကြခြင်းဖြစ်သည်။
"မိဘများကို ဒုတိယအကြိမ် ကန်တော့ပါ..."
"ဇနီးမောင်နှံ အချင်းချင်း ကန်တော့ပါ..."
ယွင်ဟွားသည် နန်ကုန်းယွမ်အား နောက်ပြောင်သောဟန်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး သူတို့နှစ်ဦးသည် အရိုအသေပေးလိုက်ကြကာ ဤအရေးကြီးဆုံးသော ကန်တော့ခြင်းကို ပြီးမြောက်သွားစေလေသည်။
"အခမ်းအနား ပြီးမြောက်ပါပြီ..."
အရာရှိက စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်လေသည်။
“မြန်မြန်... ကြည့်ကြစမ်း... ကောင်းကင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နေတယ်..."
ဧည့်သည်များသည် ခြံဝင်း၏ အလယ်ဗဟိုသို့ အလျင်စလို သွားရောက်ကြရာ အရောင်အသွေးစုံလင်သော အလင်းတန်းများသည် အချင်းချင်း ယှက်နွှယ်နေပြီး စီးဆင်းနေသော ပန်းချီကားချပ်များကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေလေသည်။
လူတိုင်းမှာ အံ့ဩမှင်သက်သွားကြလေသည်။
သူတို့သည် အသက်ရှူမှားလောက်သော မြင်ကွင်းကြောင့် စွဲမက်နေဆဲဖြစ်ပြီး ကောင်းကင်ယံတွင် ငှက်များ၏ ကြည်လင်သော အော်သံများကို ကြားလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။ ထိုအထဲမှ တစ်ဦးက ပန်းရောင်ရောင်ခြည်များထဲရှိ အရိပ်များကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်လေသည်။
"ကြည့်ကြစမ်း…မရေမတွက်နိုင်တဲ့ အရိပ်တွေက ကြိုးကြာငှက်တွေနဲ့ မတူဘူးလား..."
“ဒါက...ဒါက မင်္ဂလာရှိတဲ့ နိမိတ်လက္ခဏာပဲ… ဒါက အရမ်းကို ကောင်းမွန်တဲ့ နိမိတ်လက္ခဏာပဲ..."
"ဘုရားရေ...ဒါက တကယ့်ကို မင်္ဂလာရှိတဲ့ လက္ခဏာပဲ..."
"ဟားဟားဟား... ငါ့ဘဝမှာ ခုလို ကောင်းကင်ဘုံ ဖြစ်စဉ်မျိုးကို မျက်မြင်တွေ့ရတာမို့ ဒီခရီးက တကယ့်ကို တန်ပါတယ်..."
လူတိုင်းက ကိုယ်ပိုင်အမြင်များဖြင့် ဝင်ရောက်ပြောဆိုနေကြသော်လည်း ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့သာလျှင် ဤသည်မှာ ကောင်းကင်တာအိုမှ သူတို့ထံသို့ ပေးပို့လိုက်သော မင်္ဂလာကောင်းချီးတစ်ခုဖြစ်ကြောင်း သိရှိကြလေသည်။
လူအုပ်ကြီးထဲတွင်...
ကလေးငယ်နှစ်ဦးက လက်ချင်းဆွဲကာ မင်္ဂလာအခန်းအသစ်ထဲသို့ တွားသွားဝင်ရောက်သွားကြလေသည်။