← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း (၃၀၉) အချပ်ပို (၇) ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ (၃)

ကောင်းကင်ဘုံ ဖြစ်စဉ်က နံ့သာတိုင်တစ်ဝက် လောင်ကျွမ်းချိန်ခန့်သာ ကြာမြင့်ခဲ့လေသည်။

စည်ကားသိုက်မြိုက်လှသော မင်္ဂလာဧည့်ခံပွဲကြီးကို တရားဝင် စတင်လိုက်လေသည်။

မင်းသားစုအိမ်တော်အတွင်း၌ အရက်ရနံ့များ ပျံ့လွင့်နေပြီး ဧည့်သည်အားလုံးသည် ပျော်ရွှင်ဖွယ်ကောင်းသော လေထုထဲတွင် နစ်မြုပ်နေကြလေသည်။ လူတိုင်းက နန်ကုန်းယွမ်အား မူးယစ်သွားစေရန် ရည်ရွယ်ထားခဲ့သော်လည်း သူကသာ သူတို့အားလုံးကို မူးမေ့သွားစေခဲ့လေသည်။

ကလေးငယ်သုံးဦးသည် ရှောင်ဟွားဟွားနှင့်အတူ မနေဘဲ ဧည့်သည်များနှင့်အတူ ကစားနေကြလေသည်။ အလွန်အစွမ်းထက်သော ရှောင်ယွမ်ယွမ်နှင့်အတူရှိနေသဖြင့် နောက်ဆုံးတွင် သူတို့သည် လူသားတို့၏ အစားအစာများကို မြည်းစမ်းခွင့် ရရှိသွားကြလေသည်။

မင်္ဂလာအခန်းအသစ်ထဲတွင် ယွင်ဟွားသည် တစ်နေကုန် ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေလေသည်။ သူမသည် ခေါင်းဆောင်းပဝါကို ဖယ်ရှားချင်သော်လည်း အောင်သွယ်တော်ကမူ ငြင်းဆန်ခဲ့လေသည်။

"ကြင်ယာတော်... ဆက်ခံသူတစ်ပါးတည်းသာလျှင် ဒီခေါင်းဆောင်းပဝါကို ဖယ်ရှားနိုင်တယ်..."

ယွင်ဟွားသည် ဆက်၍ မသည်းခံနိုင်တော့ဘဲ သူမ၏ ရင်ထဲမှနေ၍ အော်ဟစ်လိုက်လေသည်။

“ရှောင်ယွမ်ယွမ်... မင်္ဂလာအခန်းအသစ်ဆီ အခုချက်ချင်း ပြန်လာခဲ့... ငါ အသားစားချင်တယ်…”

အရက်ခွက်မြှောက်၍ ဆုတောင်းပေးနေဆဲဖြစ်သော နန်ကုန်းယွမ်မှာ မှင်သက်သွားပြီး သူ၏ နှုတ်ခမ်းပေါ်တွင် ကျယ်ပြန့်သော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

ဇနီးသည်လေးက အသားစားချင်နေသည်ပေါ့လေ။

သူသည် တံခါးဝသို့ ချက်ချင်း အရောက်သွားပေးရမည်ပေါ့လေ။

နန်ကုန်းယွမ်က ထွက်ပြေးရန် ဆင်ခြေတစ်ခု ပေးလိုက်ရာ သတို့သားမှာ ဆက်၍ မစောင့်ဆိုင်းနိုင်တော့ကြောင်း လူတိုင်းက နားလည်သွားကြလေသည်။ သူတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ သူ၏ နောက်သို့ လိုက်သွားကြလေတော့သည်။

အခန်းတွင်း၌။

ဖယောင်းတိုင်မီးရောင်သည် တဖျပ်ဖျပ် တောက်ပနေပြီး အခန်းတွင်း၌ မွှေးရနံ့များ ပြည့်နှက်နေလေသည်။ အောင်သွယ်တော်က အနည်းငယ် ပြုံးလိုက်ပြီး လိမ္မာပါးနပ်စွာ ဆုတ်ခွာသွားလေသည်။

နန်ကုန်းယွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ယွင်ဟွား၏ အနီရောင် ခေါင်းဆောင်းပဝါကို ညင်သာစွာ ဖယ်ရှားလိုက်လေသည်။

ထိုခဏ၌ပင်။

သူသည် မျက်နှာချင်းဆိုင်ရှိ မိန်းကလေးအား စူးစိုက်ကြည့်နေမိလေသည်။

သူမ၏ မင်္ဂလာဝတ်စုံသည် မီးတောက်များကဲ့သို့ နီရဲနေပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် ယွင်ဟွားမှာ အသက်ရှူမှားလောက်အောင် လှပနေလေသည်။

"ဟွား... ဟွားအာ..."

နန်ကုန်းယွမ်သည် တံတွေးမြိုချလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ချစ်မြတ်နိုးမှုများ ပြည့်နှက်နေလေသည်။

ယွင်ဟွားမှာ ဗိုက်ဆာလွန်းသဖြင့် ခေါင်းမူးနေလေပြီ။ အနီရောင် ခေါင်းဆောင်းပဝါ မရှိတော့ချိန်တွင် သူမအား ချည်နှောင်ထားသော သံကြိုးများကို ဖယ်ရှားလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

"ရှောင်ယွမ်ယွမ်..."

သူမက အော်ခေါ်လိုက်ပြီး သူမ၏ မျက်လုံးများသည် စားပွဲပေါ်ရှိ အစားအစာများပေါ်တွင် ကျရောက်နေလျက် ပြောလိုက်လေသည်။

“ငါ အခု နင်နဲ့ စကားမပြောနိုင်သေးဘူး... ဗိုက်ဆာလွန်းလို့ သေတော့မယ်..."

ယွင်ဟွားသည် အားပါးတရ စားသောက်နေပြီး စားနေရင်းကြားမှ ပြောလိုက်လေသည်။

"ရှောင်ယွမ်ယွမ်... နင် သိရဲ့လား... ဒီဝက်သားနီနှပ်ရဲ့ ရနံ့က တစ်ညလုံး ငါ့နှာခေါင်းထဲ ဝင်နေတာ... ဒါပေမယ့် အောင်သွယ်တော်က ငါ့ကို ဘာမှ စားခွင့်မပေးဘဲ ကိတ်မုန့်တုံး သေးသေးလေးတွေပဲ စားခွင့်ပြုတယ်..."

"ဒီနေ့က ငါတို့ရဲ့ မင်္ဂလာဆောင်နေ့ မဟုတ်ဘူးဆိုရင် ငါ သူမကို သတိလစ်သွားအောင် ရိုက်ပစ်လိုက်ပြီ..."

နန်ကုန်းယွမ်မှာ တစ်ခဏမျှ မှင်သက်သွားပြီး ရေရွတ်လိုက်လေသည်။

"အသား... အသားစားချင်တယ်ဆိုတာ..."

*သူမ တကယ်ပဲ အသားစားချင်နေခဲ့တာကိုး*

သူ အလကားသက်သက် ပျော်သွားခဲ့ရသည်။

နန်ကုန်းယွမ်ခမျာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူမ၏ ဘေးတွင် ထိုင်ကာ သူမကို စိတ်ရှည်လက်ရှည် ခွံ့ကျွေးနေလေသည်။

*အရင်ဆုံး မင်းကို ဗိုက်ဝအောင် ကျွေးပြီးမှ ကိုယ် အဝစားတော့မယ်*

ယွင်ဟွားက မျက်တောင်ခတ်လိုက်ပြီး ယနေ့ညတွင် ရှောင်ယွမ်ယွမ်သည် တကယ်ကို ကြည့်ကောင်းနေကြောင်း သေချာစွာ သတိပြုမိသွားလေသည်။

သူသည် အေးစက်တည်ငြိမ်သော်လည်း နူးညံ့သိမ်မွေ့ကာ သူ၏ မည်းနက်သော မျက်လုံးများမှာ နေမင်းကြီးကဲ့သို့ တောက်ပနေပြီး သူမ၏ နှလုံးသားကို ဖြည်းညင်းစွာ လောင်ကျွမ်းစေလေသည်။

သူမသည် သူ၏ ရုပ်ရည်သွင်ပြင်ကြောင့် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရပြီးနောက် ဆီပေနေသော သူမ၏ လက်များဖြင့် သူ၏ မျက်နှာကို ဆုပ်ကိုင်ကာ သူ၏ နှုတ်ခမ်းများကို ညင်သာစွာ ထိတွေ့လိုက်ပြီး လည်ချောင်းဟန့်၍ ပြောလိုက်လေသည်။

"ရှောင်ယွမ်ယွမ်... မင်္ဂလာအခန်းအသစ်ထဲ သွားကြစို့..."

ယွင်ဟွား၏ ပွင့်လင်းလွန်းသော စကားများကြောင့် နန်ကုန်းယွမ်မှာ မှင်သက်သွားလေသည်။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သိမ်မွေ့သည့် ရနံ့လေးက သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသောအခါ သူ၏ အတွင်းပိုင်းတွင် တစ်ခုခု လှုပ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"မင်းရဲ့ ဆန္ဒအတိုင်းပါပဲ..."

နန်ကုန်းယွမ်၏ အကြည့်များမှာ စိတ်အားထက်သန်မှုများဖြင့် ပေါက်ကွဲထွက်မတတ်ဖြစ်နေပြီး ယွင်ဟွားအား သူ၏ ရင်ခွင်ထဲသို့ ပွေ့ချီကာ ကုတင်ဘေးသို့ သယ်ဆောင်သွားပြီးနောက် သူမ၏ အပေါ်သို့ ဖိချလိုက်လေသည်။

"ဟွားအာလေး... အခုကစပြီး ကိုယ်တို့က ဇနီးမောင်နှံတွေ ဖြစ်သွားပြီ... တစ်သက်လုံး လက်တွဲသွားကြမယ်..."

သူက သူမ၏ နားထဲသို့ တိုးညှင်းစွာ ပြောလိုက်လေသည်။ သူ၏ အသံမှာ အက်ကွဲနေပြီး မနေ့ညက သူကြည့်ခဲ့သော ရုပ်ပြစာအုပ်ကို တွေးမိကာ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ပူနွေးလာသည်ကို ခံစားလိုက်ရလေသည်။

"ဟုတ်တယ်... ငါတို့က ဇနီးမောင်နှံတွေပဲ... ဘယ်တော့မှ ခွဲခွာမှာ မဟုတ်ဘူး..."

ယွင်ဟွားသည် နန်ကုန်းယွမ်ကို စူးစိုက်ကြည့်နေပြီး သူမ၏ လက်များက သူ၏ လည်ပင်းပေါ်သို့ ရစ်သိုင်းသွားလေသည်။

သူတို့၏ အသက်ရှူသံများ ရောယှက်သွားပြီး ရှက်သွေးဖြာနေသော ယွင်ဟွား၏ ပါးပြင်ပေါ်သို့ ပန်းရောင်သမ်းလာကာ ဖူးပွင့်စ မက်မွန်ပန်းလေးကဲ့သို့ ဖြစ်နေသဖြင့် လေထုကို ပို၍ ရင်ခုန်ဖွယ် ကောင်းသွားစေလေသည်။

နန်ကုန်းယွမ်၏ အနမ်းများသည် ယွင်ဟွား၏ နဖူး၊ မျက်ခုံးများနှင့် မျက်လုံးများဆီသို့ ရွေ့လျားသွားပြီး သူ၏ လက်ချောင်းထိပ်များက သူမ၏ ခါးဆီသို့ လျှောဆင်းသွားကာ သူမအား ချည်နှောင်ထားသော ခါးပတ်ကို ညင်သာစွာ ဖြည်ချလိုက်လေသည်။

သူ၏ အနမ်းများမှာ ယစ်မူးဖွယ်ကောင်းပြီး စိတ်အားထက်သန်လှရာ ယွင်ဟွားမှာ လျင်မြန်စွာပင် အညံ့ခံသွားရလေသည်။ သူတို့၏ စိတ်ဆန္ဒများ ပြင်းပြနေစဉ် ကုတင်အောက်မှ တိုးညှင်းသော လှုပ်ရှားသံ နှစ်ခု ထွက်ပေါ်လာလေသည်။

"အစ်ကို... အစ်ကို... ထပါဦး... အမေဟွားဟွားနဲ့ အဖေယွမ်ယွမ်တို့ရဲ့ အသံတွေကို ကြားနေရတယ်..."

"ရှောင်ဟိုင်ထန်... သိပ်မလှုပ်နဲ့... တိုးတိုးနေ... မဟုတ်ရင် တစ်ယောက်ယောက် ကြားသွားလိမ့်မယ်..."

ထိုခဏ၌။

သူတို့နှစ်ဦးသား ချက်ချင်း ခွာလိုက်ကြလေသည်။

နန်ကုန်းယွမ်မှာ မှင်သက်သွားပြီး သူ၏ မျက်နှာမှာ မင်ရည်ကဲ့သို့ မည်းမှောင်သွားလေသည်။

ယွင်ဟွားသည် ကုတင်ပေါ်မှ လှိမ့်ဆင်းလာပြီး ကုတင်အောက်သို့ ထိတ်လန့်တကြား ကြည့်လိုက်လေသည်။ နူးညံ့သော မျက်နှာလေးနှစ်ခုက သူမကို ပြုံးဖြီးဖြီး ကြည့်နေကြလေသည်။

ယွင်ဟွား "..."

နန်ကုန်းယွမ်သည် ကလေးငယ်နှစ်ဦးကို ဆွဲထုတ်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ သူ၏ မင်္ဂလာဦးညတွင် ဤမျှကြီးမားသော အံ့အားသင့်စရာမျိုး ရှိနေမည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

"ပြောစမ်း... မင်းတို့က ငါတို့အခန်းထဲမှာ ဘာလာလုပ်နေကြတာလဲ..."

ရှောင်ဟိုင်ထန်သည် ယွင်ဟွား၏ စရိုက်လက္ခဏာကို အမွေရထားသဖြင့် နန်ကုန်းယွမ်အား အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ သူမသည် ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

“သမီးနဲ့ အစ်ကိုက အမေ့ရဲ့ ခန်းဝင်ပစ္စည်းတွေထဲမှာ ပါပါတယ်... အမေဟွားဟွား ရှိတဲ့နေရာတိုင်းမှာ သမီးတို့ ရှိနေမှာပါ..."

"ဟုတ်ပါတယ်... အဖေယွမ်ယွမ်... သားတို့ ကိုယ်ပိုင်ပစ္စည်းတွေတောင် ယူလာခဲ့ပါသေးတယ်..."

ရှောင်ဖုန်းရှန်းက အထုပ်ကို ထုတ်ယူလိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။

"အမေဟွားဟွား... စိတ်မပူပါနဲ့... သားတို့က မယ်တော်ကိုပါ သားတို့ဘက် ပါအောင် ဆွဲဆောင်ထားပြီးပါပြီ... သားတို့က ရှေ့ကနေ အရင်လမ်းစူးစမ်းပေးမယ်... သုံးရက်နေရင် မယ်တော်က သူမရဲ့ အထုပ်အပိုးတွေနဲ့အတူ သားတို့ကို လာရှာပါလိမ့်မယ်..."

နန်ကုန်းယွမ် "..."

*ကျေးဇူးပါပဲ….သူ မလိုအပ်ပါဘူး*

ကလေးငယ်နှစ်ဦးမှာ များသောအားဖြင့် စောစောအိပ်လေ့ရှိရာ ဤမျှနောက်ကျသည်အထိနေရန် တကယ့်ကို ခက်ခဲလေသည်။ ရှောင်ဟိုင်ထန်သည် သမ်းဝေလိုက်ပြီး မျက်လုံးများကို ပွတ်သပ်ကာ ယွင်ဟွား၏ ကိုယ်ပေါ်သို့ တက်လိုက်လေသည်။

"အမေ... ရှောင်ဟိုင်ထန် အရမ်းအိပ်ချင်နေပြီ... အိပ်ချင်တယ်..."

သူမ၏ နေရာကို ညီမငယ်လေးက ယူသွားသည်ကို မြင်သောအခါ ရှောင်ဖုန်းရှန်းသည် သူ၏ အဖေယွမ်ယွမ် ဘေးတွင် ရပ်နေသည်ကို ဂရုမစိုက်ဘဲ သူ၏ အပေါ်သို့ ခုန်တက်လိုက်လေသည်။

“အိုး..."

နန်ကုန်းယွမ်မှာ အသက်ရှူမှားသွားလေသည်။

ရှောင်ဖုန်းရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"အဖေယွမ်ယွမ့်မှာ ချွန်ထက်တဲ့အရာတစ်ခု ရှိနေတယ်..."

ယွင်ဟွားသည် အနေရခက်စွာဖြင့် နှစ်ချက်မျှ ချောင်းဟန့်လိုက်ရာ နန်ကုန်းယွမ်၏ ဦးရေပြားကို ကျိန်းစပ်သွားစေလေသည်။ သူသည် ဤပြဿနာကောင်လေး နှစ်ယောက်ကို အပြင်သို့ ပစ်ထုတ်ချင်စိတ်များ ပေါက်သွားလေသည်။

ထိုစဉ်တံခါးဝမှ တိုးညှင်းသော လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာလေသည်။

ခန့်မှန်းနေစရာမလိုဘဲ သူတို့အားလုံးမှာ ပြဇာတ်လာကြည့်သော သူများသာ ဖြစ်ကြလေသည်။

နန်ကုန်းယွမ်သည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်လေသည်။ ဤသည်မှာ သူ၏ မင်္ဂလာဦးည... သူ၏ မင်္ဂလာအခန်းအသစ်ထဲမှ ညတစ်ညဖြစ်သည်လေ။

ကလေးငယ်နှစ်ဦးမှာ လျင်မြန်စွာပင် အိပ်ပျော်သွားကြလေသည်။ ယွင်ဟွားက သူတို့ကို ကုတင်ပေါ်တွင် သိပ်လိုက်ပြီး နန်ကုန်းယွမ်ကမူ တစ်စုံတစ်ယောက်က သူ၏ ကောင်းမွန်သော အချိန်လေးကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သဖြင့် ယွင်ဟွား၏ လက်ကိုဆွဲကာ အခန်းတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

ကောင်းကင်ယံထက်တွင်။

နန်ကုန်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မူလက နူးညံ့နေသော တိမ်ဖြူများမှာ အလျင်အမြန် စုဝေးကာ ထူထပ်လာကြလေသည်။

သူတို့နှစ်ဦးသည် ၎င်းအပေါ်တွင် လှဲလျောင်းလိုက်ကြပြီး အချင်းချင်းကြည့်ကာ ပြုံးနေကြလေသည်။

"ဟွားအာလေး... ဆက်ကြရအောင်..."

"ရှောင်ယွမ်ယွမ်... ဒီတစ်ကြိမ်တော့ ငါ့အလှည့်ပဲ..."

ယွင်ဟွား၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်ဝဲလာပြီး သူမက လှည့်ကာ သူ့ကို ဖက်လိုက်ရာ သူမ၏ နွေးထွေးသော အသက်ရှူငွေ့လေးက နန်ကုန်းယွမ်၏ နားရွက်ကို ပွတ်တိုက်သွားလေသည်။ သူမက ပြောလိုက်လေသည်။

"ရှောင်ယွမ်ယွမ်... ဒီဘဝမှာ နင်နဲ့ တွေ့ဆုံခွင့်ရတာ အရမ်းကောင်းတာပဲ..."

"ကိုယ်လည်း ထိုနည်းတူပါပဲ..."

အလှတရားအားလုံးသည် တိမ်တိုက်များ၏ ဝါးမျိုခြင်းကို ချက်ချင်း ခံလိုက်ရလေသည်။ အရိပ်နှစ်ခုသည် အချင်းချင်း ယှက်နွှယ်နေကြပြီး လမင်းနှင့် ကြယ်ပွင့်များသည်လည်း ပုန်းကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဤအချိန်တွင် မည်သူကမျှ သူတို့ကို အနှောင့်အယှက် မပေးတော့ပေ။

All Chapters