အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း(၁၆၃)
နှင်းတွေ ဖုံးလွှမ်းနေတဲ့ လမ်းမကြီးပေါ်မှာ တော်တော်ကြာကြာ မောင်းနှင်ပြီးတဲ့ အဆုံးမှာတော့ ကားက ထိုးရပ်သွားခဲ့ပြီလေ။
“သွားကြမလား”
“ဟုတ်ကဲ့”
ယွန်ရင် က အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် နည်းပြဆရာမ ယန်မီဆို ရဲ့ အတွင်းရေးမှူးတစ်ယောက်လို ခံစားနေရတာမို့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဆင်မြန်းရင်း ဆေးရုံရဲ့ ဓာတ်လှေကားပေါ်ကို လှမ်းတက်လိုက်တာပေါ့။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့တွေ မာရူး ရှိနေတဲ့ အခန်းအရှေ့ကို ရောက်ရှိလာခဲ့ကြပြီလေ။
“အထဲကို ဝင်လိုက်လေ”
“နည်းပြဆရာမကော မဝင်ဘူးလားဟင်”
“တို့ ခဏလောက် အရေးကြီးတာလေးတစ်ခု စဉ်းစားဖို့ ရှိလို့ပါ”
“... ဟုတ်ကဲ့ပါ”
ဒါက နည်းနည်းတော့ ထူးဆန်းနေသလိုပဲလေ။ ဘာပဲဖြစ်ဖြစ် ယွန်ရင် လည်း လောလောဆယ်တော့ အထဲကို ခြေလှမ်းလှမ်း ဝင်လိုက်မိတာပေါ့၊ ကုတင်ပေါ်မှာတော့ မာရူးတစ်ယောက် စာအုပ်တစ်အုပ်ကို ကိုင်ပြီး ထိုင်နေခဲ့တာလေ။ အမှန်အတိုင်းပြောရရင် ကောင်လေးရဲ့ ဘေးနားမှာ ရှိနေရတာက စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာ အမှန်ပါပဲ။ ဒါပေမဲ့လည်း သူမ နှုတ်ဆက်ဖို့အတွက် မနည်း ပါးစပ်ဟလိုက်မိတော့တယ်။
“ငါ နင့်ကို တစ်ခုလောက်ပဲ မေးပါရစေ” မာရူး က ကြားထဲကနေ စကားဖြတ်ပြောလိုက်တာပေါ့။
ကောင်လေးက သူမကို တကယ့်ကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေတာမို့ သူတို့ချင်း အကြည့်ချင်း ဆုံမိသွားကြတယ်လေ။
“မီးရှို့ခဲ့တာ နင်လား”
ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ မေးခွန်းကြောင့် ယွန်ရင် ရဲ့ လည်ချောင်းဝကြီး တစ်ခုလုံး ဆို့နင့်ပြီး စကားလုံးတွေ လုံးဝ ထွက်မလာတော့ဘူးလေ။ သူ ဘာဖြစ်လို့ ဒါမျိုးကို လာမေးနေရတာပါလိမ့်။ ကြည့်ရတာ သူ တစ်ခုခုကို ကြိုပြီး သိနေတဲ့ ပုံစံမျိုး ဖြစ်နေတာပဲဥစ္စာ။ နေဦး... သူ တကယ်ကြီး သိသွားတာများလား။
ကောင်လေးက လက်ထဲက စာအုပ်ကို ဖြတ်ခနဲ အသံမြည်အောင် ပိတ်ပစ်လိုက်တော့တယ်။ စက္ကန့်နဲ့အမျှ မာရူး ရဲ့ အေးစက်ပြီး တည်ငြိမ်လှတဲ့ မျက်နှာပေးကြီးက ပိုပြီးတော့တောင် အေးစက်လို့ လာခဲ့ပြီလေ။ သူက တစ်ကိုယ်လုံးကို လွှမ်းခြုံထားတဲ့ စောင်ကို ကန်ထုတ်လိုက်ပြီး ခြေတစ်ဖက်တည်းနဲ့ပဲ ကုတင်ပေါ်ကနေ ထရပ်လိုက်တာပေါ့။ အခြေအနေတွေက တကယ့်ကို ထူးဆန်းလွန်းနေပြီး မာရူး က သူမရဲ့ ဘေးနားဆီကို တဖြည်းဖြည်း တိုးကပ်လာခဲ့ပြီလေ။ သူမ အသက်ရှူရတာ တောင် ကြပ်လာသလို ခံစားလိုက်ရတယ်။ မာရူး က သူမရဲ့ အပေါ်ကနေ စီးပြီး ငုံ့ကြည့်လိုက်တာမို့ သူမ လန့်ဖျတ်ပြီး နောက်ကို ခြေလှမ်းဆုတ်လိုက်မိတော့တာပေါ့။
“ဒါဆိုရင် အဲဒီလူက နင်ပေါ့”
“န-နင် ဘာတွေ လျှောက်ပြောနေတာလဲ။ မီးရှို့ခဲ့တာ နင်ကိုယ်တိုင်ပဲဟာကို”
“ငါလား”
“အေးလေ”
“ဘာဖြစ်လို့ အဲဒီလိုမျိုး တွေးရတာလဲ”
“အဲ-အဲဒါကတော့...”
သူမ ဘာပြန်ပြောရမလဲဆိုတာကို ဝေခွဲမရအောင် ဖြစ်သွားရပြီလေ။ မီးရှို့ခဲ့တဲ့ တရားခံက မာရူး မဟုတ်ဘူးဆိုတာကို သူမ ကိုယ်တိုင်လည်း အသိဆုံးမို့ စကားလုံးတွေက ဆွံ့အလို့ သွားရတာပေါ့။ သူမဘက်ကနေ အခြေအနေကို ထိန်းချုပ်ဖို့အတွက် စကားလုံးတွေကို အသည်းအသန် ရှာဖွေနေမိတော့တယ်။
“ငါ မီးရှို့နေတာကို နင် ကိုယ်တိုင် မြင်လိုက်လို့လား” မာရူး က မေးလိုက်တယ်။
“မမြင်ပါဘူး။ ဒါပေမဲ့ ငါ အောက်ကို ဆင်းလာတဲ့ အချိန်အထိ မီးလောင်တဲ့ အရိပ်အယောင် မရှိခဲ့ဘဲ နင် အပေါ်ကို တက်သွားပြီးမှ မီးလောင်မှု ဖြစ်ပွားခဲ့တာလေ။ အဲဒါကြောင့် ဒါက သေချာပေါက် နင်ပဲ ဖြစ်ရမယ်။ နင်ပဲ ဖြစ်ရမယ်”
“ငါက တကယ်ကြီး မီးရှို့ခဲ့တာလား”
“နင်ကိုယ်တိုင်တောင် မသိဘူးလား။ နင် ကော်ဘူးနဲ့ မီးရှို့ခဲ့တာပဲဟာ။ နည်းပြဆရာမကတောင် နင့်ကို သံသယဝင်နေပြီလေ။ အမှန်အတိုင်း ပြောစမ်းပါ။ အဲဒါ နင်မလား”
“ငါက ကော်နဲ့ မီးရှို့ခဲ့တာ ဟုတ်လား”
“အေးလေ။ နင် မီးရှို့ပြီးမှ လူတွေကို ဒီကို လှမ်းခေါ်လိုက်တာ မဟုတ်လား”
သူမ က မာရူး ကို ဒေါသတကြီးနဲ့ စိုက်ကြည့်ရင်း အော်ဟစ်လိုက်မိတော့တယ်။ သူက ဘယ်လို သတ္တိမျိုးနဲ့ သူမအပေါ်ကို သံသယ လာဝင်ရဲတာပါလိမ့်။ သူ့ဆီမှာ ဘာ သက်သေအထောက်အထားမှ မရှိဘဲနဲ့လေ။
“အင်း...”
မာရူး က တင်းမာနေတဲ့ မျက်နှာပေးကို လျှော့ချလိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်တော့တယ်။
“စိတ်မကောင်းပါဘူးကွာ”
“ဘာ”
“ငါ စိတ်ထဲမှာ တအား ဒေါသထွက်နေလို့ပါ။ တခြားလူအပေါ်ကို အပြစ်ပုံချဖို့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာ မဟုတ်ပါဘူး”
မာရူး က အားနာတဲ့ မျက်နှာပေးနဲ့ အောက်ကို ငုံ့ကြည့်လိုက်တယ်။ ယွန်ရင် လည်း ခဏလောက် စဉ်းစားခန်း ဝင်နေမိတော့တာပေါ့၊ ဒါဆိုရင် မာရူး အနေနဲ့ ဘာတစ်ခုမှ သိနေတာ မဟုတ်ဘူးပဲလေ။
“ဒါပေမဲ့ ဒါက ကျွန်မ မဟုတ်တာတော့ အမှန်ပဲမို့လို့... ကျေးဇူးပြုပြီး ယုံပေးပါနော်”
မာရူး က သက်ပြင်းတစ်ချက် ချလိုက်ရင်း သူ့နေရာသူ ပြန်သွားထိုင်လိုက်တာမို့ ကောင်လေးကို ကြည့်ရတာ ဘာဖြစ်လို့လဲမသိဘဲ တော်တော်လေး ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပြီလေ။
“ငါ ဒဏ်ရာရထားတာမို့လို့ စိတ်ထဲမှာ ရှုပ်ထွေးနေလို့ပါကွာ။ တောင်းပန်ပါတယ်၊ ငါ တအား စိတ်လှုပ်ရှားသွားလို့ပါ”
သူ့ပုံစံက တကယ့်ကို အပြစ်ရှိတဲ့ လူတစ်ယောက်လိုမျိုး တောင်းပန်နေတာမို့ ယွန်ရင် လည်း ရင်ထဲက အထိတ်တလန့် ဖြစ်နေရတဲ့ ခံစားချက်ကြီးက နည်းနည်းလေး လျော့ပါးသွားခဲ့ရတာပေါ့။
“အင်း... ရပါတယ်။ လက်ခံပေးပါ့မယ်။ ဒါပေမဲ့ နင် တကယ်ကြီး မီးမရှို့ခဲ့ဘူး တဲ့လား”
“အေးပါ။ ငါ့ကို ယုံပေးပါ”
“ဒါပေမဲ့ နည်းပြဆရာမ ယန်မီဆို ကတော့ နင့်အပေါ်မှာ သံသယဝင်နေတာလေ။ ငါကတော့ အဲဒီလိုမျိုး မတွေးပေမဲ့လည်း နင် အပေါ်ကို တက်သွားပြီးမှ မီးလောင်မှု ဖြစ်ပွားခဲ့တာဆိုတော့...”
“ဒါကတော့ ဟုတ်ပါတယ်လေ။ ဒါပေမဲ့ အကယ်၍ ငါသာ တကယ်ကြီး မီးရှို့ခဲ့တာဆိုရင် ကိုယ်တိုင် ဒဏ်ရာရမယ့်အဖြစ်မျိုးကို ဖန်တီးပြီး စင်မြင့်ကြီးကို အသည်းအသန် ကာကွယ်ဖို့ ကြိုးစားပါ့မလား။ ဒါက တကယ် ငါ မဟုတ်ပါဘူးကွာ။ ငါ့ကို ယုံပေးပါနော်”
မာရူး က လက်သီးတွေကို တင်းတင်းဆုပ်ထားတာမို့ အခုအချိန်မှာ ကောင်လေးရဲ့ ခံစားချက်တွေက ဘယ်လောက်အထိ ရှုပ်ထွေးပြီး ခံစားနေရမလဲဆိုတာ သိသာလွန်းလှတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် မလုပ်ခဲ့တဲ့ ကိစ္စရပ်တစ်ခုအတွက် အပြစ်တင် စွပ်စွဲခြင်း ခံနေရတာမို့ ဒါက သဘာဝကျပါတယ်လေ။ ဒါကြောင့်လည်း သူ လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းက ဒါမျိုး လုပ်ရပ်တွေကို လုပ်ခဲ့တာ ဖြစ်မှာပေါ့။
‘တော်သေးတာပေါ့။ သူ ဘာမှ သိမနေဘူးပဲ’
သူမ ဘာဆက်လုပ်ရပါ့မလဲ။ သူ့ကို ဒီထက်ပိုပြီး အတင်းအကျပ် ဖိအားပေးလိုက်ရင် ပိုကောင်းမလား။ မဟုတ်သေးပါဘူး။ သူမ လောလောဆယ်တော့ ဘေးကနေ ငြိမ်ပြီး ကြည့်နေဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်၊ ကောင်လေးတစ်ယောက် အတွေးပေါင်းစုံနဲ့ အသည်းအသန် ရုန်းကန်နေရတဲ့ ပုံစံမျိုးကို ကြည့်ရတာ ရင်ထဲမှာ တစ်မျိုးကြီး သက်သာရာရစေတာကိုး။ ဟုတ်တာပေါ့၊ နင်က အစကတည်းက အဲဒီမီးထဲကို ခုန်ဝင်ဖို့ စိတ်ကူးတောင် မယဉ်ခဲ့သင့်တာပဲဟာ။
“ငါ နည်းပြဆရာမ ယန်မီဆို ဆီကနေ ကြားခဲ့တာတော့ တို့တွေ ဒီကိစ္စကို ရဲစခန်းအထိ သယ်ဆောင်သွားမှာ မဟုတ်ဘူး တဲ့။ ကျောင်းဘက်ကလည်း ဒါကို ရိုးရိုး သာမန် မှားယွင်းမှုတစ်ခုအနေနဲ့ပဲ သတ်မှတ်ထားတာလေ”
“ဘာ... တကယ်ကြီးလား”
ယွန်ရင် ရဲ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ဖြူဝင်းပြီး တောက်ပလို့ သွားတော့တယ်။ အကယ်၍ ဆရာတွေ ဒါမှမဟုတ် ရဲတွေသာ ဒီကိစ္စရပ်ထဲမှာ ပါဝင်ပတ်သက်လာခဲ့ရင် ဘယ်လိုမျိုး ရှေ့ဆက်ရမလဲဆိုတာကို သူမ မနေ့ညက တစ်ညလုံး မအိပ်ဘဲ စိုးရိမ်ပူပန်နေခဲ့ရတာလေ၊ သူမ အဖမ်းမခံချင်ပါဘူး။ ဒါက သူမအတွက်တော့ သေတာထက်စာရင် ပိုပြီးတော့တောင် ဆိုးရွားလှတဲ့ ကံကြမ္မာဆိုးကြီး ဖြစ်နေမှာ အသေအချာပါပဲ။ ဒါပေမဲ့ လောကကြီးက ဒါကို ရိုးရိုး သာမန် မှားယွင်းမှုတစ်ခုအနေနဲ့ပဲ မြင်တယ် တဲ့လား။ ဒါဆိုရင် ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးလေ။
ရင်ထဲမှာ စူးစူးနစ်နစ်နဲ့ အသည်းအသန် ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နောင်တ တရားတွေအကုန်လုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရတာမို့ အခုမှပဲ ပြန်ပြီး အသက်ဝဝ ရှူနိုင်တော့မယ့် ခံစားချက်မျိုး ခံစားလိုက်ရတာကိုး။ မျက်စိအမြင်တွေကော ခေါင်းထဲကော လင်းပွင့်သွားသလို ဖြစ်သွားရပြီး ပတ်ဝန်းကျင်က အရာအားလုံးကို သတိထားမိလာခဲ့ရပြီ၊ ဥပမာအားဖြင့် မာရူး ရဲ့ ဘေးနားမှာ စုပုံနေတဲ့ သစ်သီးတောင်ပို့လေးလိုမျိုးပေါ့။ သူမရဲ့ ကမ္ဘာကြီးထဲမှာ အရောင်အသွေးတွေက တဖြည်းဖြည်းနဲ့ ပြန်ပြီး လှပလို့ လာခဲ့ပြီလေ။ အာ... ပြတင်းပေါက် အပြင်ဘက်က ဖြူဖွေးနေတဲ့ နှင်းကော မြင်ကွင်းကြီးက တကယ့်ကို လှပလွန်းနေတာကို အခုမှပဲ သူမ သေသေချာချာ သတိထားမိလိုက်တော့တယ်။ ယွန်ရင် က ပေါ့ပေါ့ပါးပါးပဲ ပြုံးပြလိုက်မိတာပေါ့။
“ငါလည်း ဒါက နင် မဟုတ်ဘူးဆိုတာကို ယုံကြည်ပါတယ်ကွာ။ တို့တွေထဲမှာ ဒါမျိုး ယုတ်မာတဲ့ အလုပ်မျိုးကို လုပ်မယ့်လူ ရှိနေမှာ မဟုတ်ပါဘူးဥစ္စာ”
“ကျေးဇူးပါပဲ”
မာရူး က စိတ်သက်သာရာရသွားတဲ့ ပုံစံနဲ့ သက်ပြင်းတစ်ချက် ချလိုက်တာမို့ စိတ်ထဲမှာ ပေါ့ပါးသွားတာနဲ့အမျှ ကောင်လေးအပေါ်မှာ ရှိနေခဲ့တဲ့ မုန်းတီးစိတ်တွေကလည်း နည်းနည်းလေး လျော့ပါးသွားခဲ့ရပြီလေ။ အကယ်၍ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေအကုန်လုံးက ဒီအတိုင်းပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားရင် တကယ့်ကို ကောင်းမှာပဲ... သူမ မာရူး လှမ်းပေးတဲ့ မရမ်းသီးဖျော်ရည်ကို တစ်ငုံ သောက်လိုက်ရင်း နေရာမှာ ဝင်ထိုင်လိုက်မိတယ်၊ အဲဒီအချိန်ကျမှ မာရူး ရဲ့ ဒဏ်ရာရထားတဲ့ ခြေထောက်ကို သေသေချာချာ သတိထားမိလိုက်တော့တာပေါ့။
“တအား နာနေသေးလားဟင်”
“အခုတော့ အဆင်ပြေသွားပါပြီ။ အရိုးအက်တာကလည်း တအား ပြင်းပြင်းထန်ထန် မဟုတ်ဘူးလေ”
“တော်သေးတာပေါ့။ ငါ တကယ်ကြီး စိုးရိမ်နေခဲ့တာ”
သူတို့နှစ်ယောက်ရဲ့ စကားစမြည် ပြောဆိုမှုက တဖြည်းဖြည်းနဲ့ ချောမွေ့လို့ လာခဲ့ပြီလေ။ မရမ်းသီးဖျော်ရည်က တကယ့်ကို ချိုမြိန်လွန်းလှတာပဲ။ သူမ ကိုယ်တိုင်လည်း ကောင်းကင်ပေါ်မှာ ပျံသန်းနေရသလိုမျိုး ခံစားလိုက်ရတာကိုး။ နောက်ဆုံးတော့ သူမ လွန်ခဲ့တဲ့ ရက်ပိုင်းတွေထက်စာရင် ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်ခြိုက်ခြိုက်နဲ့ သက်သောင့်သက်သာ အိပ်စက်နိုင်တော့မှာ ဖြစ်လို့ပါပဲ။ အဲဒီအချိန်မှာပဲ နည်းပြဆရာမ ယန်မီဆို က တံခါးကို တွန်းဖွင့်ပြီး အထဲကို လှမ်းဝင်လာခဲ့တော့တယ်။ အခုတော့ နည်းပြဆရာမကို ကြည့်လိုက်ရတဲ့ အချိန်မှာတင် သူမရဲ့ ရင်ထဲမှာ ဘာအပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုးမှ ရှိမနေတော့ဘူးလေ။
“ယွန်ရင်... တို့ကို ခဏလောက် အပြင်မှာ အချိန်ပေးလို့ ရမလား”
“ဟုတ်ကဲ့ပါ ဆရာမ”
သူမ ခန်းမကြီးရဲ့ အပြင်ဘက်ကို လှမ်းထွက်လာခဲ့လိုက်တယ်။ မာရူး ရဲ့ အမြင်ကနေ ကွယ်ပျောက်သွားတဲ့ အချိန်ကျမှ နည်းပြဆရာမ ယန်မီဆို က သူမကို မေးခွန်းတွေ စပြီး မေးမြန်းတော့တာပေါ့။
“ကောင်လေးရဲ့ အခြေအနေက ဘယ်လိုမျိုး ရှိလဲ”
“သူ့ကို ကြည့်ရတာ သံသယဖြစ်စရာကောင်းတယ်လို့ ထင်ရပေမဲ့ ဒါက သူ မဟုတ်ဘူးလို့ပဲ ကျွန်မ ထင်ပါတယ် ဆရာမ။ သူ့ခေါင်းထဲမှာ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့ ပုံစံမျိုး ဖြစ်နေတာမို့ ကျွန်မတောင် သူ့ကို သနားမိသွားရတယ်”
“တကယ်လား”
အဲဒီအချိန်မှာပဲ နည်းပြဆရာမ ယန်မီဆို က သူမရဲ့ ဖုန်းကို ထုတ်လိုက်တော့တယ်။ စာတစ်စောင် ဝင်လာတာ ဖြစ်ရမယ်, သူမ ယွန်ရင် ကို ခဏလောက် စောင့်ဆိုင်းနေဖို့ ပြောပြီး ဖုန်းကို စစ်ဆေးကြည့်လိုက်တာပေါ့။ စာကို ဖတ်ပြီးတဲ့ အချိန်မှာတော့ သူမ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်တော့တယ်။
“ဟူး... ဒါဆိုရင်လည်း ကလပ်ထဲကလူ မဟုတ်ဘူးပေါ့ လေ”
ယွန်ရင် လည်း လောလောဆယ်တော့ ခေါင်းကိုပဲ ငြိတ်ပြလိုက်မိတာပေါ့။ နည်းပြဆရာမ ယန်မီဆို အနေနဲ့ ဒီထက်ပိုပြီး စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဖြစ်စေရန်အတွက် အကြောင်းပြချက်မှန်သမျှကို သူမဘက်ကနေ အပြတ်ရှင်းပစ်ရမှာ ဖြစ်လို့ပါပဲ။
“ကောင်းပါပြီလေ။ မင်းတို့အားလုံးက တကယ့် ကလေးကောင်းလေးတွေမို့လို့ တို့ ယုံကြည်ပါတယ်။ ဒါကို ကိုယ့်ရဲ့ ကံမကောင်း အကြောင်းမလှမှုတစ်ခုအနေနဲ့ပဲ သတ်မှတ်ထားလိုက်ရုံပေါ့”
“ဟုတ်ကဲ့ပါ ဆရာမ၊ ဒါက အကောင်းဆုံး ဖြစ်မှာပါ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေအပေါ်မှာ ဒါမျိုး သံသယ ဝင်နေရတာက စိတ်ထဲမှာ တကယ်ကြီး မကောင်းဘူးလေ”
“မင်းက တကယ့် ကလေးကောင်းလေးပဲ”
ဆရာမ ယန်မီဆို က သူမရဲ့ ပုခုံးကို ကြင်ကြင်နာနာနဲ့ ပုတ်ပေးလိုက်တော့တယ်။ ယွန်ရင် အနေနဲ့ တစ်ကိုယ်လုံးကို တုပ်နှောင်ထားတဲ့ သံခြေကျင်းကြီးတွေအကုန်လုံး လွတ်မြောက်သွားသလိုမျိုး ခံစားလိုက်ရတာကြောင့် မျက်နှာပေါ်မှာ ပေါ်လာတော့မယ့် အပြုံးကြီးကို မနည်း အတင်း ထိန်းချုပ်ထားလိုက်ရတာပေါ့။
“ယွန်ရင်... တို့ ပြောရတာ အားနာပေမဲ့ မင်း ကိုယ့်ဘာသာပဲ ပြန်နှင့်လို့ ရမလားဟင်။ တို့ မာရူး နဲ့ စကားအချို့ ဆက်ပြီး ပြောချင်သေးလို့ပါ”
“ဟုတ်ကဲ့ ရပါတယ် ဆရာမ၊ အဆင်ပြေပါတယ်”
“ရော့... ဒါက တက္ကစီခပါကွယ်။ ပင်ပန်းသွားပြီနော်။ နောက်ထပ် နှစ်ရက်နေမှ ပြန်ပြီး ဆုံကြတာပေါ့”
“ဟုတ်ကဲ့ပါ ဆရာမ”
ဒီနေ့က တကယ့်ကို ကောင်းမွန်လှတဲ့ နေ့တစ်နေ့ပါပဲလား။ ယွန်ရင် အနေနဲ့ ရင်ထဲက စိုးရိမ်ပူပန်မှုတွေအကုန်လုံးကို လွှင့်ပစ်လိုက်ပြီး အပြင်ဘက်ကို ပေါ့ပေါ့ပါးပါးလေး ခြေလှမ်းလှမ်း ထွက်ခွာလာခဲ့တော့တယ်။
* * * * * * * * *
မာရူး က ပျင်းပျင်းရိရိနဲ့ တစ်ကိုယ်လုံးကို အကြောဆန့်လိုက်မိတယ်၊ တအားကြာကြာ ထိုင်နေခဲ့ရတာကြောင့် တင်ပါးတွေပါ နာကျင်လာရတာမို့ ခါးကို ဟိုဘက်ဒီဘက် လှည့်ပတ်ပြီး အကြောလျှော့လိုက်တာပေါ့။
“သူမ ထွက်သွားပြီလေ”
ဆရာမ ယန်မီဆို အခန်းထဲကို လှမ်းဝင်လာခဲ့တယ်။ မာရူး ကလည်း သူမဆီကို မရမ်းသီးဖျော်ရည်တစ်ပုလင်း လှမ်းပေးလိုက်တာပေါ့။
“ရော့ ဆရာမ၊ ဒါ တကယ် ကောင်းတယ်နော်”
“မင်းရဲ့ စကားလုံးတွေက ကြားရတာ လူလိမ်တစ်ဦး ပြောနေတဲ့ ပုံစံမျိုး ဖြစ်နေတာပဲဥစ္စာ”
ဟုတ်ပါတယ်၊ သူ တကယ်ကြီး လိမ်ညာနေတာ ဖြစ်လို့ပါပဲ။ အမှန်အတိုင်းပြောရရင် ဒါက သူ့ရဲ့ အရသာနဲ့ ကြည့်မယ်ဆိုရင် တအားကို ချိုလွန်းနေတာမို့ သူ့ဆီကို လာပြီး လူနာမေးမယ့်လူမှန်သမျှကို အကုန်လုံးကို အတင်း လိုက်ပြီး ကျွေးမွေးနေခဲ့တာလေ။
အဲဒီလို လုပ်ဆောင်နေခဲ့တာတောင်မှ သူ့ဆီမှာ ရှစ်ပုလင်းလောက် ကျန်ရှိနေသေးတာကိုး။ ဒါတွေကို ဘယ်အချိန်ကျမှ အကုန်လုံး ရှင်းလင်းပစ်နိုင်ပါ့မလဲ။ သူ ကိုယ့်ဘာသာ သောက်ဖို့အတွက် လိမ္မော်ရည်တစ်ပုလင်းကို လှမ်းဖွင့်လိုက်တဲ့ အချိန်မှာတင် ဆရာမ ယန်မီဆို က သူ့လက်ထဲက ပုလင်းကို ချက်ချင်း လှမ်းလုယူလိုက်ပြီး မရန်းသီးဖျော်ရည်နဲ့ ပြောင်းလဲပစ်လိုက်တော့တယ်။
“မရန်းသီးက ကျန်းမာရေးအတွက် တကယ့်ကို ကောင်းမွန်တဲ့အရာလေ”
“ဟူး...”
“သက်ပြင်း မချပါနဲ့ဦးကွယ်၊ မင်းက အခုထိ ငယ်ငယ်လေး ရှိသေးတာကိုး”
ဆရာမ ယန်မီဆို က လက်ထဲက ဖျော်ရည်ပုလင်းကို တစ်ကျိုက်တည်းနဲ့ အကုန် မော့သောက်လိုက်တော့တယ်။ သူမရဲ့ အတွင်းစိတ်ထဲမှာတော့ တကယ့်ကို မအီမသာ ဖြစ်နေမှာ အသေအချာပါပဲ။ ဘာပဲဖြစ်ဖြစ် ကလပ်ထဲမှာ ဒါမျိုး ရာဇဝတ်သားတစ်ဦး ပေါ်ထွက်လာလိမ့်မယ်လို့ သူမ လုံးဝ တွေးထားခဲ့တာ မဟုတ်သလို အဲဒီထဲမှာ ရှိနေမှာ မဟုတ်ဘူးလို့ ယုံကြည်ထားခဲ့တာကိုး။ ဆရာမ ယန်မီဆို က စိတ်တိုလွန်းလှတဲ့ မျက်နှာပေးမျိုးနဲ့ မျက်မှောင်ကြီး ကုပ်ထားလိုက်မိတော့တယ်။
“ကဲ... ထားပါတော့။ ယွန်ရင် က တရားခံ ဖြစ်နေရတာကော ဘယ်လိုမျိုးလဲ။ ပြီးတော့ ဘာဖြစ်လို့ သူမကို ဒီအတိုင်းပဲ ပြန်လွှတ်လိုက်ရတာပါလိမ့်”
ဆရာမ ယန်မီဆို က မာရူး ဆီကနေ ဝင်လာခဲ့တဲ့ စာသားလေးကို ဖွင့်ရင်း စကားပြောလိုက်တော့တယ်။
“ကျွန်တော် ထင်တာတော့ ယွန်ရင် လုပ်ခဲ့တာ ဖြစ်ရမယ်။ လောလောလတ်လတ်တော့ သူမကို ကျေးဇူးတင်စကား ပြောပြီး ပြန်လွှတ်လိုက်ပါဦး”
မာရူး က ဘောင်းဘီအိတ်ထဲကနေ အသံဖမ်းစက်လေးတစ်ခုကို ထုတ်လိုက်တယ်။
“ဒါက ဘာလဲ”
“အသံဖမ်းစက်ပါ”
“ဘာ...”
သူက ဘာစကားမှ ဆက်မပြောဘဲ အသံဖမ်းစက်ထဲက အသံကို ဖွင့်ပြလိုက်တော့တယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းက ယွန်ရင် နဲ့ သူ ပြောဆိုခဲ့တဲ့ စကားသံတွေအကုန်လုံးက ပဲ့တင်ထပ်လို့ ထွက်ပေါ်လာခဲ့ပြီလေ။
“......”
ဆရာမ ယန်မီဆို ရဲ့ မျက်မှောင်ကုပ်ထားတဲ့ အမူအရာက ပိုပြီးတော့တောင် ကြီးမားလို့ လာခဲ့ရပြီ။
“မင်း ကလပ်အဖွဲ့ဝင်တွေကို ကော်အကြောင်း ထုတ်ပြောခဲ့တာမျိုး မရှိဘူး မဟုတ်လား”
“သေချာတာပေါ့ ဆရာမ။ ကျွန်တော် ဒါကို ဘယ်သူ့ကိုမှ ထုတ်ပြောဖို့ စိတ်ကူးမရှိပါဘူး”
ဆရာမ ယန်မီဆို က အသံဖမ်းစက်ထဲက အသံကို အကြိမ်ကြိမ် ပြန်လည် ဖွင့်လှစ်ပြီး နားထောင်နေတာကြောင့် မာရူး လည်း သူမကို ကြည့်ပြီး ခါးခါးသီးသီး ပြုံးပြလိုက်မိတော့တယ်။ ဒီအမျိုးသမီးက လူသားတွေအပေါ်မှာ တကယ့်ကို ယုံကြည်ချက် ကြီးမားလွန်းလှတဲ့ လူစားမျိုးမို့ အခုလို ကိစ္စရပ်မျိုးက သူမအတွက်တော့ တကယ့်ကို ကြီးမားလှတဲ့ တုန်လှုပ်မှုကြီး ဖြစ်နေမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ ကျောင်းသူတစ်ယောက်က ကိုယ့်ကို လှည့်စားဖို့ ကြိုးစားခဲ့ပြီး အပြစ်အားလုံးကို မာရူး အပေါ်ကို ပုံချဖို့အထိ လုပ်ဆောင်ခဲ့တာကိုး...
ယွန်ရင် အခန်းထဲကို စတင် ခြေလှမ်းလှမ်း ဝင်လာခဲ့တဲ့ အချိန်ကတည်းက မာရူး အနေနဲ့ ဒါကို သူမ လုပ်ခဲ့တာဆိုတာကို ချက်ချင်း သဘောပေါက်လိုက်ရတာလေ။ သူတို့ချင်း အကြည့်ချင်း ဆုံမိလိုက်တဲ့ အချိန်မှာတင် သူမရဲ့ ခေါင်းပေါ်မှာ ကြီးမားလှတဲ့ စကားပြောပူဖောင်းကြီးတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့တာ ဖြစ်လို့ပါပဲ။
အဲဒီ စကားပြောပူဖောင်းကြီးက တုန်တုန်ရင်ရင်နဲ့ စူးစူးရှရှ ဖြစ်နေခဲ့ပြီး သူမရဲ့ လောလောလတ်လတ် စိတ်ခံစားချက်တွေကို အထင်အရှား ပြသနေခဲ့တာကိုး။ အဆိုးဆုံးကတော့ အဲဒီထဲမှာ [[သူ တစ်ခုခု သက်သေအထောက်အထား ရှာတွေ့သွားခဲ့လို့ပါလိမ့်မလား]] ဆိုတဲ့ စကားလုံးတွေက အထင်အရှား ရေးသားထားခဲ့တာ ဖြစ်လို့ပါပဲ။ ဒါပေမဲ့လည်း ဒါက သက်သေအထောက်အထားအနေနဲ့ သုံးဖို့ကျတော့ မပြည့်စုံသေးတာမို့ သူ အသံဖမ်းစက်ကို သုံးစွဲခဲ့ရတာကိုး။
“သူမ ဘာဖြစ်လို့ ဒါမျိုး လုပ်ခဲ့ရတာပါလိမ့်” ဆရာမ ယန်မီဆို က သက်ပြင်းတစ်ချက် ချလိုက်မိတယ်။
“ယွန်ရင် ကိုယ်တိုင်ပဲ အဲဒီအဖြေကို အသိဆုံး ဖြစ်မှာပါ ဆရာမ”
“ဟူး... ငါ သူမကို သွားပြီး မေးမြန်းရမယ်”
ဆရာမ ယန်မီဆို ရဲ့ မျက်လုံးတွေက သိန်းငှက်တစ်ကောင်လိုမျိုး စူးရှလို့ သွားတော့တယ်။ မာရူး က ခေါင်းကို ခါပြလိုက်ရင်း သူမရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်တာပေါ့။
“ဘာလဲ”
“သူမကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါဦး”
“ဘာ... သူမကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ရမယ် ဟုတ်လား”
ဆရာမ ယန်မီဆို က ဝေခွဲမရအောင် ဖြစ်သွားရတဲ့ မျက်နှာပေးမျိုးနဲ့ မာရူး ရဲ့ လက်ကို ချက်ချင်း တွန်းဖယ်ပစ်လိုက်မိတော့တယ် ။
* * * * * * * * *
“မင်း သူမအပေါ်ကို စိတ်ပူပေးနေတာကိုတော့ တို့ နားလည်ပါတယ်ကွယ်။ ဒါပေမဲ့ တို့တွေ ဒါကို ဒီအတိုင်းပဲ လွှတ်ထားလိုက်လို့ မရဘူးလေ။ သူမက မီးရှို့ခဲ့တာ။ တစ်စုံတစ်ယောက်လည်း ဒဏ်ရာရခဲ့ပြီးပြီ။ မင်းဘက်က ဒါကို လွယ်လွယ်လေးနဲ့ ခွင့်လွှတ်ပေးလိုက်လို့...”
ဆရာမ ယန်မီဆို က စကားလုံးတွေကို အဆုံးအထိတောင် ရေရေရာရာ ထွက်မလာတော့ပါဘူးလေ။ ကလပ်ထဲမှာ တကယ့်ကို အေးအေးဆေးဆေးနဲ့ ငြိမ်လှချည်ရဲ့ဆိုတဲ့ မိန်းကလေးက မီးရှို့မှုကြီးကို ဖန်တီးခဲ့တာဥစ္စာ။ ဒါပေမဲ့ မာရူး ကတော့ သူမကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ဖို့ ပြောနေတာမို့ ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စရပ်ကြီး မဟုတ်လား။
“ဘယ်သူက သူမကို ခွင့်လွှတ်ပေးမယ်လို့ ပြောခဲ့လို့လဲ ဆရာမ”
မာရူး ရဲ့ မျက်နှာပေးက အမြဲတမ်းလိုပဲ တကယ့်ကို တည်ငြိမ်လွန်းနေခဲ့တာလေ။ ခံစားချက် ကင်းမဲ့နေသလိုမျိုး တကယ့် အမှန်တရားကြီးအတိုင်းပေါ့။
“အကယ်၍ ကိုယ်က ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့ရင် ပြစ်ဒဏ်ဆိုတာက နောက်ကနေ အမြဲတမ်း လိုက်ပါလာတတ်တာ သဘာဝပဲလေ။ ဒါကြောင့်လည်း ဥပဒေတွေနဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေကြတာ မဟုတ်လား”
“ဒါဆိုရင် ဘာဖြစ်လို့ တို့ကို သူမကို ဒီအတိုင်း လွှတ်ထားလိုက်ဖို့ ပြောနေရတာလဲ”
မာရူး က လက်ထဲက စာအုပ်ကို ဘေးတစ်ဖက်ဆီကို တွန်းဖယ်ပစ်လိုက်တော့တယ်။
“ဆရာမလည်း သိတဲ့အတိုင်းပဲ၊ ကျွန်တော် ဆရာ ဂျွန်မင်း ဆီကို ရလဒ်အချို့ ပြသဖို့ လိုအပ်နေခဲ့တာလေ။ စိတ်မကောင်းစရာကတော့ ကျွန်တော် အခုလို ဒဏ်ရာရရှိခဲ့တာကြောင့် တစ်နိုင်ငံလုံး အဆင့် ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကယ်၍ တို့အဖွဲ့က ကျွန်တော် မပါဘဲနဲ့ ဆုရရှိခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အဲဒီအဖွဲ့ရဲ့ အောက်မှာ ကျွန်တော့်ရဲ့ နာမည်ကို ထည့်သွင်းထားလို့ ရတာပေါ့”
သူ့ရဲ့ စကားပြောသံက တကယ့်ကို ဖြည်းဖြည်းချင်းနဲ့ အေးစက်လွန်းနေခဲ့တာလေ။ ခံစားချက် လုံးဝ မပါဝင်ဘဲနဲ့ပေါ့။ ဒီပြိုင်ပွဲနဲ့ မီးလောင်တဲ့ ကိစ္စရပ်က တကယ့်ကို သီးသန့် အကြောင်းအရာ နှစ်ခုလိုမျိုး ခွဲခြားထားသလိုပဲဥစ္စာ။
“အခုအချိန်မှာ ယွန်ရင် ကို သွားပြီး ပြဿနာရှာလို့ ကောင်းမွန်တဲ့ ရလဒ်တစ်ခုမှ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး ဆရာမ။ သူမက ခွင့်လွှတ်ပေးဖို့ အသည်းအသန် တောင်းပန်တာမျိုး ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဆုံးအထိ ဘာမှမသိသလိုမျိုး ဟန်ဆောင်နေတာမျိုး ဖြစ်ဖြစ် လုပ်ဆောင်လာမှာ ဖြစ်ရမယ်။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် ဒါက ပြဇာတ်အတွက်တော့ အထောက်အကူ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါက တကယ့်ကို ဆိုးရွားလှတဲ့အရာလေ။ ယွန်ရင် အနေနဲ့ ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်အထိ သူမရဲ့ အကောင်းဆုံး အခြေအနေမျိုးနဲ့ ပါဝင် သရုပ်ဆောင်ပေးဖို့ လိုအပ်နေခဲ့တာကိုး”
မာရူး က ခေါင်းကို တစ်ချက် စောင်းလိုက်မိရင်း ကျေနပ်အားရတဲ့ ပုံစံနဲ့ သေးငယ်လှတဲ့ အပြုံးလေးတစ်ခု ပြုံးလိုက်တာပေါ့။
“ကျွန်တော့်အနေနဲ့ ကိုယ့်နဲ့ နီးစပ်တဲ့လူတွေကို သဘောကျပြီး လေးစားမိတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်က လူသားအားလုံးကို လိုက်ပြီး ကူညီစောင့်ရှောက်ပေးမယ့် ပရဟိတသမားတစ်ဦးတော့ မဟုတ်ပါဘူးလေ။ အမှန်အတိုင်းပြောရရင် ကျွန်တော်က တော်တော်လေးကို အတ္တကြီးပြီး လောဘရမ္မက် ကြီးမားတဲ့ လူစားမျိုးပါ။ ကိုယ့်အတွက် အကျိုးရှိမယ့် အရာမှန်သမျှကို အစွမ်းကုန် ရယူတတ်ပြီး ကိုယ့်အတွက် အသုံးမဝင်တဲ့ အရာတွေကိုတော့ အလွယ်တကူပဲ စွန့်ပစ်တတ်တာကိုး။ အဲဒီလို အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ယွန်ရင် က အခုထိ အသုံးဝင်မယ့် တန်ဖိုးတစ်ခု ရှိနေသေးတာပဲဥစ္စာ။ ဒါကြောင့်လည်း စိတ်မကောင်းစရာ ဖြစ်ပေမဲ့ နောက်ဆုံး ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်အထိတော့ မသိချင်ယောင် ဆောင်ပေးထားဖို့ နည်းပြဆရာမကို တောင်းဆိုရတာ ဖြစ်ပါတယ်”
မာရူး ရဲ့ မျက်လုံးတွေက တကယ့်ကို အေးစက်လွန်းလှတာပဲ။ ကြည့်ရတာ တစ်မျိုးကြီး ထူးဆန်းနေသလို ဖြစ်နေပေမဲ့လည်း ဒါက ကောင်လေးရဲ့ တကယ့် ပင်ကိုယ်စရိုက် အမှန်တရားကြီး ဖြစ်နေနိုင်တာပဲလို့ သူမ တွေးမိလိုက်တာပေါ့။ ဒီကောင်လေးက ကိုယ့်ရဲ့ အလိုအလျောက် ဆုံးဖြတ်ချက်တွေကြောင့် ထိခိုက်နစ်နာရတဲ့ အခြေအနေမျိုးဆီ ရောက်လာရင်တော့ တကယ့်ကို ရက်ရောတတ်လွန်းတဲ့ လူစားမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် စနစ်တကျ စွန့်လွှတ် အနစ်နာခံဖို့အတွက် အများကြီး မစဉ်းစားတတ်ပေမဲ့ တခြားလူတွေရဲ့ လုပ်ရပ်ကြောင့် ကိုယ့်ဘက်ကနေ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာရရင်တော့ ဘယ်လိုမှ ညှာတာ ထောက်ထားတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူးလေ။
ဆရာမ ယန်မီဆို အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ဆရာ တေးဆစ် ပြောပြခဲ့ဖူးတဲ့ စကားလုံးအချို့ကို ပြန်ပြီး သတိရမိသွားရတယ်၊ အဲဒီတုန်းက ကျောင်းတွင်း အကြမ်းဖက်မှု ကိစ္စရပ်တွေကြောင့် ကျောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့တာလေ။ ဆရာ တေးဆစ် က အဲဒီအချိန်တုန်းက ကောင်လေးရဲ့ အပြုအမူတွေကို ‘ဟမ်မူရာဘီ ဥပဒေကျမ်းကြီးအတိုင်းပဲ’ လို့ တင်စားပြီး ပြောပြခဲ့တာမို့ သူမ အခုမှပဲ အဲဒီအဓိပ္ပာယ်ကို သေသေချာချာ သဘောပေါက်လိုက်ရတော့တာပေါ့။
“တို့တွေ နောက်ဆုံး ဗိုလ်လုပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်အထိတော့ ပြုံးပြုံးလေးပဲ ဖြတ်သန်းကြရအောင်လေ။ ယွန်ရင်တစ်ယောက် စိတ်ဓာတ်တွေ တအား လှုပ်ခတ်မသွားစေရအောင်လို့ပါ”
ဒါက အကောင်းဆုံး နည်းလမ်း ဖြစ်မှာ သေချာတာမို့ လူတိုင်းအတွက် အကျိုးရှိစေမယ့် ရလဒ်တစ်ခု ဖြစ်လာမှာကိုး။ ဒါပေမဲ့ မာရူး ကိုယ်တိုင်ရဲ့ ရင်ထဲက ခံစားချက်ကော ဘယ်လိုမျိုး ရှိနေပါ့မလဲ။
“မင်း စိတ်ထဲမှာ တအား ဒေါသ မထွက်ဘူးလားကွယ်။ ဒါကို မင်းဘက်က တကယ် တောင့်ခံနိုင်ပါ့မလား”
သူက မီးလောင်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာမို့ ပိုပြီးတော့တောင် ဆိုးရွားလှတဲ့ ဒဏ်ရာတွေ ရရှိသွားနိုင်တာလေ။ ပြီးတော့ တစ်နိုင်ငံလုံး အဆင့် ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေးကြီးကိုလည်း ဆုံးရှုံးခဲ့ရတာမို့ အဲဒီနေရာကနေတစ်ဆင့် ပြင်ပ လုပ်ငန်းခွင်က ပညာရှင်တွေရဲ့ စိတ်ဝင်စားမှုကို အများကြီး ရရှိနိုင်တဲ့ အခွင့်အရေးကြီး မဟုတ်လား။ ယွန်ရင် ရဲ့ မိုက်မဲလှတဲ့ လုပ်ရပ်ကြောင့်တင် သူ ကြီးမားလှတဲ့ အခွင့်အရေးကြီးတစ်ခုကို ဆုံးရှုံးခဲ့ရတာလေဥစ္စာ။
“သေချာတာပေါ့ ဆရာမ၊ ကျွန်တော် တအား ဒေါသထွက်တာပေါ့။ ဒါပေမဲ့ ခဏလောက် အချိန်တစ်ခုအထိ စိတ်ရှည်သည်းခံလိုက်ရုံနဲ့တင် ကျွန်တော့်ဘက်ကနေ အများကြီး ပိုပြီး ရရှိနိုင်မယ့် အရာတွေ ရှိနေတာပဲဟာ။ အကျိုးအမြတ်က အမြဲတမ်း ပထမဆုံးအဆင့်မှာ ရှိနေပြီး ခံစားချက်တွေကိုတော့ နောက်မှပဲ အပြင်ကို ထုတ်ပြလို့ ရတာကိုး”
သူက တကယ့်ကို တော်လွန်းလှတဲ့ ကောင်လေးပါပဲလား။ လူ့အဖွဲ့အစည်းရဲ့ ကြမ်းတမ်းလှတဲ့ လောကဓံကြားမှာ နှစ်ပေါင်းများစွာ ရှင်သန် ဖြတ်သန်းခဲ့ရဖူးတဲ့ လူကြီးတစ်ယောက်ရဲ့ အတွေးအခေါ်မျိုး ရှိနေတာပဲဥစ္စာ။ ဒီလို ကလေးမျိုးက ဘယ်နေရာကနေ စတင်ပြီး ပေါ်ထွက်လာခဲ့ရတာပါလိမ့်။
“မင်းက သရုပ်ဆောင်လုပ်မယ့်အစား ကုမ္ပဏီတစ်ခုခု တည်ထောင်လိုက်ရင် ပိုပြီး အဆင်ပြေဦးမှာပါ။ မဟုတ်သေးပါဘူး၊ ဂိုဏ်းတစ်ခုခုရဲ့ ခေါင်းဆောင် လုပ်လိုက်ရင်တောင် သေချာပေါက် အောင်မြင်ဦးမှာ ဖြစ်ရမယ်”
“ကျွန်တော်လည်း ဒါမျိုးကို တွေးဖူးပါတယ် ဆရာမ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရုပ်ရည်က ကြည့်ရတာ တအား ကြင်နာတတ်ပြီး နူးညံ့ပျော့ပြောင်းတဲ့ ပုံစံမျိုး ဖြစ်မနေလို့ပါလေ”
မာရူး က တောက်ပစွာနဲ့ ပြုံးပြလိုက်တာကြောင့် အခန်းထဲက တင်းမာနေတဲ့ လေထုကြီးက ချက်ချင်းဆိုသလို ပေါ့ပါးလို့ သွားတော့တယ်။ တကယ့်ကို ထူးဆန်းလှတဲ့ ကလေးမပါပဲလား။
“ကောင်းပါပြီလေ။ တို့ လောလောလတ်လတ်တော့ မင်းရဲ့ အစီအစဉ်အတိုင်းပဲ အလိုက်သင့်လေး ဝင်ပါပေးပါ့မယ်။ ဒါပေမဲ့ ပြိုင်ပွဲကြီး ပြီးသွားတဲ့ အချိန်ကျရင်ရော မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
“ကျွန်တော် သူမကို ဘာဖြစ်လို့ ဒါမျိုး လုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပြချက်ကို သွားပြီး မေးမြန်းရမှာပေါ့ ဆရာမ။ ကျွန်တော့်ရဲ့ သိချင်စိတ် ပြည့်ဝသွားတဲ့ အချိန်ကျမှပဲ ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားကြတာပေါ့။ သူမကို ဘယ်လို အရာမျိုးက ဒါမျိုး လုပ်ရပ်အထိ လုပ်ဆောင်လာအောင် တွန်းအားပေးခဲ့လဲဆိုတာကို ကျွန်တော် တကယ် သိချင်မိလို့ပါ”
ဆရာမ ယန်မီဆို က ခေါင်းညိတ်ပြလိုက်ရင်း နေရာကနေ ထရပ်လိုက်တော့တယ်။ အခြေအနေတွေက ဒီလိုမျိုး ဖြစ်ပျက်သွားခဲ့ပြီဆိုတော့ သူမ ကလပ်ရဲ့ အရေးကိစ္စတွေကို သေသေချာချာ သွားရောက် ကိုင်တွယ်ရမှာ ဖြစ်လို့ပါပဲ။ လောလောလတ်လတ်တော့ ကလပ်အဖွဲ့ဝင်တွေကို ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ရိုးရိုး သာမန် အထင်အမြင်လွဲမှားမှုတစ်ခုအနေနဲ့ပဲ သွားရောက် ထုတ်ပြောရမှာ ဖြစ်လို့ပါပဲ။ သူတို့အားလုံးက သူမအပေါ်ကို ခဏလောက်တော့ အမြင်မကြည်ဘဲ မုန်းတီးနေကြမှာ ဖြစ်ပေမဲ့လည်း ဘာဖြစ်လဲ။ သူမက လူကြီးတစ်ယောက်ပဲဟာ။
“အာ... အကယ်၍ သူမဘက်ကနေ တကယ့်ကို ခိုင်လုံလှတဲ့ အကြောင်းပြချက်တစ်ခုခုကြောင့် ဒါမျိုး လုပ်ခဲ့တာဆိုရင်ရော”
သူမ အပြင်ကို မထွက်သွားခင်မှာပဲ လှည့်ပြီး မေးခွန်းတစ်ခု ထပ်မံ မေးမြန်းလိုက်သေးတာပေါ့။ သေချာတာကတော့ အဲဒီမိန်းကလေးမှာ မီးရှို့မှုကြီးကို ဖန်တီးရလောက်အောင်အထိ ကောင်းမွန်တဲ့ အကြောင်းပြချက်မျိုး ရှိနေမှာ မဟုတ်တာ သေချာပေမဲ့လည်း မာရူး ရဲ့ နှုတ်ကနေ ဘယ်လို စကားလုံးမျိုး ထွက်ပေါ်လာမလဲဆိုတာကို သူမ သိချင်မိတာ ဖြစ်လို့ပါပဲ။
“ခိုင်လုံလှတဲ့ အကြောင်းပြချက် ဟုတ်လား။ ဒါက စိတ်မကောင်းစရာ ဖြစ်ပေမဲ့လည်း ဘာအမှန်တရားကြီးကိုမှ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး ဆရာမ။ အကြောင်းပြချက်တွေဆိုတာက ကိုယ်ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်မယ့် အရာတစ်ခု မဟုတ်ဘူးလေ။ လူတိုင်းက ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေအတွက် အမြဲတမ်း အဆင်သင့် ပြင်ဆင်ထားကြရမှာ ဖြစ်လို့ပါပဲ”
ကောင်လေးရဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ စကားလုံးတွေကြောင့် ဆရာမ ယန်မီဆို ရဲ့ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးစက်သွားသလိုမျိုး ခံစားလိုက်ရတယ် ။ သူမ ခေါင်းညိတ်ပြလိုက်ရင်း သူမနောက်က တံခါးကြီးကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လည် ပိတ်ပစ်လိုက်မိတော့တယ်။
* * * * * * * * *
အခန်း(၁၆၄)
ဆရာမ ယန်မီဆို အပြင်ကို လှမ်းထွက်သွားခဲ့တယ်။ အခန်းထဲကနေ မထွက်ခင် သူမ ပြုံးပြလိုက်တဲ့ အပြုံးက အရမ်းကို အေးစက်နေသလိုပဲ၊ ဒီကိစ္စကို ချက်ချင်း မဖြေရှင်းနိုင်ခဲ့တဲ့အတွက် သူမ စိတ်ပျက်နေပုံရတယ်။ လီယွန်ရင် ကို ဝန်ခံခိုင်းဖို့က လွယ်သလို၊ အဲဒီကောင်မလေးကို ကြောက်လန့်တကြား တုန်ရီနေအောင် လုပ်ဖို့လည်း မခက်ပါဘူး။ ဒါပေမဲ့ ပြဿနာက အဲဒါမဟုတ်ဘူး၊ နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲက တစ်ပတ်ပဲ လိုတော့တာလေ။ အဲဒီအချိန်ထိ လီယွန်ရင် ကို စိတ်ဓာတ်တက်ကြွနေအောင် ထားပေးဖို့ လိုတယ်၊ သူရော၊ ကလပ်အတွက်ရောပေါ့။
"ဒါပေမဲ့ သူ ဘာလို့ မီးရှို့တာလဲ"
ယွန်ရင် ရဲ့ ရည်ရွယ်ချက်က သူနဲ့တော့ ဝေးကွာနေဆဲပါပဲ။ ဘာက သူမကို မီးရှို့ဖို့အထိ တွန်းအားပေးလိုက်တာလဲ။ အထောက်အထား ဘာမှမရှိဘဲနဲ့တော့ သူ ဘာမှ နားမလည်နိုင်ပါဘူး။ သူမရဲ့ အစီအစဉ်တွေက ရိုးရိုးမှားယွင်းမှုတစ်ခုလို့ ပြောဖို့အထိကို အသေးစိတ်လွန်းနေတယ်။ သူမ မီးရှို့ဖို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ လုပ်လည်း လုပ်လိုက်တယ်။ ဘာလို့လဲ။
ပြတင်းပေါက်ကနေ လေအေးတွေက တိုးဝင်လာတယ်။ နှင်းကျပြီး နောက်တစ်ရက်ဆို နည်းနည်း ပိုနွေးတယ်လို့ လူတွေ ပြောလေ့ရှိကြပေမဲ့ သူကတော့ သဘောမတူဘူး။ လေက သူ့ကို ကြက်သီးထစေလောက်အောင် အေးစက်နေပေမဲ့ သူကတော့ ပြတင်းပေါက်ကို ဖွင့်ထားဖို့ပဲ ရွေးချယ်လိုက်တယ်။
'ဒီအကြောင်းတွေ မတွေးနဲ့တော့။ တခြားသူတွေ ဘာတွေးနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး'
မာရူး ကတော့ အခုကစပြီး ဘာလုပ်မလဲဆိုတာပဲ တွေးဖို့ ဆုံးဖြတ်လိုက်တယ်၊ သူက သူ့ညီမလေးကို ဇာတ်ညွှန်းအချို့ ယူလာခိုင်းထားတာလေ။ အဲဒါတွေကို အခု ကြည့်လိုက်တဲ့အခါ သူ ပြုံးမိသွားတယ်။ အခုတော့ အဲဒါတွေက သူ့အတွက် ဘာမှ အသုံးမဝင်တော့ဘူး။ နောက်ရက်အနည်းငယ်ဆိုရင် သူ လပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ ပြဇာတ်နှစ်ခုက ပြီးဆုံးသွားတော့မှာ။ သူ စင်ပေါ်ကို မတက်နိုင်တော့ပေမဲ့ အနည်းဆုံးတော့ ကြည့်ဖို့တော့ ဖြစ်နိုင်ဦးမှာပါ။
သူ တကယ်ကို စိတ်ပျက်မိပါတယ်။ လပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ အရာတစ်ခုကို ဖျော်ဖြေခွင့် မရတော့ဘဲနဲ့ စိတ်မပျက်ဘူးဆိုရင် သူ လူသားစင်စစ် မဟုတ်တော့လောက်ပါဘူး။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေကိုတော့ သူ အလွယ်တကူပဲ လက်ခံနိုင်ခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးတွေက ဖြစ်လာတတ်တာပါပဲ၊ ကံတရားပဲ ဖြစ်မှာပေါ့။ သူက အတိတ်တုန်းကတော့ ဒီလိုအရာတွေကို မယုံကြည်ခဲ့ပေမဲ့ ဘုရားသခင်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့... အင်း၊ အရင်ကထက် ယုံဖို့ အများကြီး ပိုလွယ်သွားတာပေါ့။
'ညည်းညူချင်မိသေးတာပဲ။'
တကယ်ပဲ ဒီလိုလုပ်ဖို့ လိုလို့လား ဘုရားသခင်။ နောက်ဆုံးတော့ သူက မီးထဲကို ခုန်ဝင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ကိုယ်တိုင်ပဲလေ။ ဒါပေမဲ့ ဘုရားသခင်ကသာ သူ အပြင်ထွက်တဲ့အချိန်မှာ ဖုန်းပါအောင် ယူဖို့ သတိပေးလိုက်ရင်ရော။ ဘုရားသခင်ကသာ လီယွန်ရင် မီးမရှို့အောင် တားဆီးပေးလိုက်ရင်ရော။
"ဟူး..."
အခန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေတဲ့သူတွေက နှစ်မျိုးပဲ ဖြစ်လာတတ်ကြတယ်၊ တစ်ယောက်က နားလည်မှု ရသွားတတ်သလို၊ နောက်တစ်ယောက်ကတော့ ရူးသွားတတ်ကြတယ်။ နောက်ဆုံးတော့ တစ်ယောက်တည်း ရှိနေချိန်မှာ လုပ်နိုင်တာက တွေးဖို့ပဲလေ။ အမှန်တော့ အိပ်မက်တွေ မက်နေတာပါပဲ။ ပြဇာတ်က ပြီးသွားပြီ၊ မီးတွေလည်း ပိတ်လိုက်ပြီ။ သရုပ်ဆောင်အလုပ်ပြီးပြီဆိုတော့ သူ ရှေ့ဆက်ဖို့ လိုတယ်။ သူ လီယွန်ရင် ရဲ့ ရည်ရွယ်ချက်တွေကို ပိုကြိုးစားပြီး ရှာဖွေရမလား။ မဟုတ်ပါဘူး၊ မလိုပါဘူး၊ သူက ကောက်ရိုးပုံထဲက အပ်ကို လိုက်ရှာဖို့ ဝါသနာပါတဲ့သူမှ မဟုတ်တာ။ သူ ဖတ်လက်စ စာအုပ်လည်း ပြီးသွားပြီ၊ တီဗီကလည်း ပျင်းစရာကောင်းတယ်။ အဲဒီတော့...
"အိပ်လိုက်တော့မယ်"
တကယ်ကို သင့်တော်တဲ့ ရွေးချယ်မှုပဲ။ ဆေးရုံကုတင်က သူ့အတွက် ပုံမှန်ထက် နည်းနည်း ပိုမာနေပေမဲ့ အဆင်ပြေပါတယ်။ သူက သစ်သားကြမ်းပြင်ပေါ်မှာ အိပ်ရတာကိုပဲ ကျင့်သားရနေခဲ့တာလေ။ ဒီကိစ္စပြီးရင် ဘာဆက်လုပ်မလဲဆိုတာ တွေးမိတိုင်း သူ သက်ပြင်းချနိုင်ရုံပဲ ရှိတော့တယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ သူ အဲဒီအကြောင်း မတွေးဖို့ ဆုံးဖြတ်လိုက်တယ်။ မျက်လုံးကို အသာလေး မှိတ်လိုက်တဲ့အချိန်မှာပဲ အခန်းတံခါး ပွင့်လာတယ်။ သူ မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်တယ်။ ဝင်လာတဲ့သူကို မြင်လိုက်တာနဲ့ သူ ချက်ချင်း ပြန်ထိုင်လိုက်တယ်။
"ဆရာ"
ယွန်းမွန်ဂျောင် ပါ။ သူက ဖက်ဒိုရာဦးထုပ်နဲ့ ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ထားတာ အရမ်းကို စတိုင်ကျနေတာပဲ။
"ထစရာ မလိုပါဘူး"
"ကျွန်တော် အဲလောက်ကြီး မနာပါဘူး ဆရာ"
မာရူး ကုတင်ပေါ် ထထိုင်လိုက်တယ်။
"မျက်နှာကတော့ ကျန်းမာရေးကောင်းနေပုံပဲ၊ တော်ပါသေးတယ်။ အနာတွေက ရော ပျောက်ကင်းလာပြီလား"
"ဟုတ်ကဲ့။ နှစ်ပတ်လောက် နေရမယ်လို့ ပြောပေမဲ့ အဲဒီမတိုင်ခင် ဆေးရုံဆင်းနိုင်မယ်လို့ ထင်ပါတယ်"
"ကောင်းကင်ဘုံက ကူညီလို့ပေါ့။ လီဂျွန်မင်း ဆီက သတင်းကြားတုန်းကတော့ မင်း ရူးသွားပြီလို့တောင် ထင်လိုက်တာ။ မီးထဲကို ခုန်ဝင်သွားတယ်ဆိုတော့..."
"အခြေအနေကို မသိရင်တော့ ရူးတယ်လို့ ထင်ရမှာပါ"
"ဟားဟား"
မာရူးက သူ့ကို ထိုင်ဖို့ နေရာပေးလိုက်ပြီး သောက်စရာ တစ်ခု ထုတ်လိုက်တယ်။
"ဖျော်ရည်သောက်ပါ ဆရာ"
မာရူးက သူ သိမ်းထားတဲ့ သောက်စရာ တစ်ခုကို သူ့ကို ပေးလိုက်တယ်။ တစ်ငုံ သောက်ပြီးတဲ့နောက် ယွန်းမွန်ဂျောင် စကားစလိုက်တယ်။
"ပြဇာတ်အတွက် မင်း ကြိုးစားထားသမျှတွေအတွက် စိတ်မကောင်းဖြစ်ရမှာပဲ"
"မတတ်နိုင်ဘူးလေ။ ဘာမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်တော့ တတ်နိုင်သလောက် ရှေ့ဆက်ဖို့ ကြိုးစားနေပါတယ်"
"မင်းပြောတာ မှန်ပါတယ်။ စိတ်ပျက်နေတာက ဘာမှ အကျိုးမရှိပါဘူး"
ယွန်းမွန်ဂျောင် ခေါင်းညိတ်လိုက်တယ်။
"ဒါဆို အခု ဘာဆက်လုပ်မလဲ"
"တကယ်တော့ အိပ်ဖို့ပဲ ပြင်နေတာပါ။ ဒီမှာက လုပ်စရာ သိပ်မရှိဘူးလေ။ အကျင့်ပါလို့ ဇာတ်ညွှန်းနည်းနည်း ယူလာပေမဲ့ အခုတော့ လေ့ကျင့်ဖို့ အကြောင်းပြချက် မရှိတော့ပါဘူး"
မာရူးက သူ့ဘေးက ဇာတ်ညွှန်းကို လှည့်ကြည့်လိုက်တော့ ယွန်းမွန်ဂျောင် အဲဒါကို လှမ်းယူလိုက်တယ်။
"ကြည့်လို့ ရမလား"
"ရပါတယ် ဆရာ"
ယွန်းမွန်ဂျောင် ဇာတ်ညွှန်းကို တော်တော်ကြာအောင် ကြည့်နေတယ်။
"မင်း မင်းရဲ့ ဇာတ်ကောင်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ အများကြီး ကြိုးစားထားတာပဲ"
"သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်မသိတော့ ကျွန်တော် အကောင်းဆုံး သိတဲ့ တစ်ခုတည်းသော အရာကိုပဲ အကုန်လုပ်ခဲ့တာပါ"
"ဘယ်လိုလဲ"
"အစတုန်းကတော့ လွယ်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကောင်က ဘယ်လိုလူမျိုးလဲဆိုတာပဲ စဉ်းစားဖို့ လိုတာလေ"
"ပြီးတော့ရော"
"ပိုနက်နဲလာလေ ပိုခက်လာလေပဲ။ အဲဒီကျမှပဲ ရှုပ်ထွေးတဲ့ ဇာတ်ကောင်တွေကို တစ်ညတည်းနဲ့ ဖန်တီးလို့ မရဘူးဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့တင် စာအုပ်တစ်အုပ်တောင် ရေးလို့ ရသလိုပဲ"
အဲဒီအချိန်မှာပဲ မာရူး ဒီအလုပ်က အဆုံးသတ်မရှိဘူးဆိုတာကို တကယ် ခံစားလိုက်ရတယ်။ အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကောင်တစ်ခုကို ဖန်တီးဖို့ ကြိုးစားတဲ့အချိန်မှာပဲ ရှာဖွေရမယ့် ကမ္ဘာသစ်ကြီးတစ်ခုလုံးက သူ့ရှေ့မှာ ပွင့်လာသလိုပဲ။ မာရူးက သူ့ရှေ့က ကမ္ဘာတွေကို လှည့်လည်ကြည့်ရှုရတာ တော်တော်လေး ပျော်နေခဲ့တာပါ။
"ဇာတ်ကောင်တွေအကြောင်း တွေးရတာ တော်တော် ပျော်ဖို့ကောင်းတာပဲ" ယွန်းမွန်ဂျောင် ပြုံးပြုံးလေးနဲ့ ဇာတ်ညွှန်းကို ချလိုက်တယ်။ "ဒါပေမဲ့ အဲဒီလောက်ထိ နက်နက်နဲနဲ မတွေးပါနဲ့ဦး"
"ဘာလို့လဲ"
"လူတွေက စက်တွေ မဟုတ်လို့ပဲ။ ငါတို့ သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေက တကယ့်ဘဝမှာ ရှိဖို့ မဖြစ်နိုင်လောက်အောင်ကို ပြဇာတ်ဆန်နေတတ်ကြတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့လည်း လူသားတွေပါပဲ။ သူတို့ မွေးဖွားလာတဲ့ နေရာ၊ တွေ့ဆုံခဲ့တဲ့ လူတွေ၊ သူတို့ ကြိုက်တဲ့ အရာတွေအကြောင်း တွေးတာက လေ့လာဖို့အတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ စင်ပေါ်မှာတော့ အဲဒီအရာတွေက ဘာမှ အရေးမပါတော့ပါဘူး။ ကျန်ခဲ့မှာက ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်ကောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပြဇာတ်ကို မောင်းနှင်ပေးမယ့် ဇာတ်ကောင်ရဲ့ အလိုဆန္ဒပဲ။ ဒါပဲလေ။ နောက်ဆုံးတော့ ဇာတ်ကောင် တစ်ခုရဲ့ အရာအားလုံးက သူတို့ရဲ့ အလိုဆန္ဒကိုပဲ ညွှန်ပြနေတာမို့လို့ပါ။ ဇာတ်ကောင် ခွဲခြမ်းစိတ်ဖြာခြင်းရဲ့ အဆုံးသတ်ကတော့ ဇာတ်ကောင်ရဲ့ အလိုဆန္ဒကို ပရိသတ်တွေကို အံ့အားသင့်စေမယ့် နည်းလမ်းနဲ့ အသုံးပြုဖို့ပါပဲ။ အနည်းဆုံးတော့ ဒါက ငါ့အမြင်ပါ"
"အလိုဆန္ဒ ..."
"ဒါက ငါ့အမြင်သက်သက်ပါပဲ။ တခြားသူတွေကတော့ ဒီလို မတွေးကြဘူး ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင်ကောက်ချက်ကို ချလိုက်ပါ"
ယွန်းမွန်ဂျောင် ရယ်မောလိုက်ပြီး စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။
"ရော့၊ ဒါလေး ဖတ်ကြည့်ပါ"
အဲဒါက အဖြူရောင် အဖုံးနဲ့ ဆည်းဆာအချိန် ရုန်းကန်မှုများ ဆိုတဲ့ စာအုပ်ပါ။
"ဒါက..."
"ငါ မကြာခင် ရုပ်ရှင်တစ်ခုမှာ ပါဝင်ဖို့ ရှိတယ်၊ ဒါက အရင်းအမြစ်ပဲ"
စာအုပ်တွေကနေ ရုပ်ရှင်တွေ အများကြီး ပြောင်းလဲဖန်တီးတာမို့လို့ ဒါက သူ့အတွက် ထူးဆန်းမနေပါဘူး။ ဒါပေမဲ့ မာရူးက ဘာလို့ သူ့ကို ဒါပေးတာလဲဆိုတာကိုတော့ စိတ်ဝင်စားနေမိတယ်။
"ငါတို့ သရုပ်ဆောင် တစ်ယောက် လိုနေတယ်"
"ဗျာ"
"ဇာတ်ပို့ တစ်ယောက်ပါ။ တည်းဖြတ်လုပ်တဲ့အချိန်မှာ ပျောက်သွားနိုင်တဲ့ ဇာတ်ကောင်မျိုးပေါ့"
"ဆိုလိုတာက..."
"မင်း သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် လက်တွေ့ အတွေ့အကြုံ ရတာက ကောင်းမှာပါ။ သေချာတာပေါ့၊ အော်ဒီရှင်းတော့ ရှိမှာပဲ။ ထုတ်လုပ်ရေးအဖွဲ့ စုစည်းတဲ့အချိန်ကျရင် ဖြစ်လာမှာပါ။ သူတို့နာမည်က ယောင်းဆူ ပါ။ မင်း ကြိုက်မကြိုက် ကြည့်လိုက်ပါ"
ယွန်းမွန်ဂျောင် သူ့နေရာကနေ ထလိုက်တယ်။
"ဆရာ ပြန်တော့မလို့လား"
"ဒါလေး ပေးဖို့ပဲ ခဏဝင်လာတာပါ။ မင်း ကျန်းမာနေတာ မြင်ရတော့ ငါ ဆက်နေစရာ မလိုတော့ပါဘူး။ အသက်ကြီးလာရင် မပင်ပန်းချင်ရင် ပိုပြီး သတိထားဖို့ ကြိုးစားပါဦး"
ယွန်းမွန်ဂျောင် အနည်းငယ် ပြုံးပြပြီး နောက်ပြန်ဆုတ်လိုက်တယ်။ မာရူး ထဖို့ ကြိုးစားပေမဲ့ သူက သူ့ပခုံးကို ဖိထားလိုက်တယ်။
"ငါ သွားတော့မယ်"
"နောက်တစ်ခါ တွေ့မယ်နော် ဆရာ"
"သေချာတာပေါ့"
သူက အပြင်ထွက်သွားရင်း နောက်ဆုံး စကားလုံးကို ပြောလိုက်တယ်။
"မင်းနဲ့အတူ အလုပ်လုပ်ရတာ ပျော်စရာ ကောင်းမှာပါ။ ရုပ်ရှင်လောကမှာလည်း သူ့ရဲ့ ဆွဲဆောင်မှုတွေ ရှိတာပဲ။ အဲဒီလောက်လည်း ခါးသီးတာတော့ မဟုတ်ပါဘူးလေ"
မာရူးက တံခါးကို ငေးကြည့်ရင်း စာအုပ်အသစ်ကို လက်မှာ ကိုင်ထားလိုက်တယ်။
"အလုပ်မရှိလို့ အရမ်း ညည်းညူနေမိလို့ ဒါလေး ပစ်ပေးလိုက်တာလား" မာရူးက ပြတင်းပေါက်ကို ကြည့်ရင်း ပြောလိုက်တယ်။
ကံတရားရဲ့ နတ်ဘုရားက သူ့ကို မျက်စိမှိတ်ပြနေသလိုပဲ။ သူ သူ့ရှေ့က စာအုပ်ကို ဖွင့်လိုက်တယ်။ ပထမဆုံး စာမျက်နှာမှာ ရေးထားတဲ့ စာရေးဆရာ နာမည်ကို မြင်လိုက်တဲ့အချိန်မှာပဲ မာရူး အံ့အားသင့်ပြီး အသက်ရှူမှားသွားတယ်။ သူ ဒီစာအုပ်ရဲ့ စာရေးဆရာကို သိတယ်။ သူနဲ့တော့ ရင်းနှီးတာ မဟုတ်ပါဘူး။ ဒီနာမည်နဲ့ ရုပ်ရှင်က ရုံတင်တဲ့အချိန်မှာ အောင်မြင်ခဲ့တယ်ဆိုတာကိုပဲ မှတ်မိနေတာပါ။ ဒါက သူ အသက် ၃၀ ကျော်မှ ဖြစ်ခဲ့တာမို့လို့ နောက်ထပ် အချိန်အများကြီး လိုဦးမှာပါ။
"ဘာလို့များ ထီပေါက်တဲ့ နံပါတ်တွေကိုပဲ မမှတ်မိခိုင်းလိုက်တာလဲ"
ဒါမှမဟုတ် ရှယ်ယာတွေ တက်လာမယ့် ကုမ္ပဏီတစ်ခုခုပေါ့။ မာရူး သူ ပိုင်ဆိုင်တဲ့ ဝမ်သန်း ၃၀၀ ကို တွေးလိုက်မိတယ်။ ဒါကို တွေးလိုက်တော့ ပျော်ပေမဲ့ နည်းနည်းတော့ ကြောက်သလိုပဲ ခံစားရတယ်။ သူ ရင်းနှီးမြှုပ်နှံမှုအတွက် အိမ်ခြံမြေ လုပ်ငန်းကို ကြည့်လိုက်တယ်။ သူ အဲဒါကို စိတ်ဝင်စားလို့ ကြည့်လိုက်တာပါ၊ ဘာလို့လဲဆိုတော့ သူ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် လူကြီးတစ်ယောက် ဖြစ်ဖို့ လိုတာကိုး၊ ဒါပေမဲ့... အိမ်ခြံမြေ လုပ်ငန်းက ကြမ်းပြင်ကို ထိုးကျသွားတယ်။ အဲဒီတော့ သူ သူ့ပိုက်ဆံနည်းနည်းနဲ့ ငွေကြေးစီမံခန့်ခွဲမှု ဝန်ဆောင်မှု အကောင့်တစ်ခု ဖွင့်ပြီး ကစားကြည့်လိုက်ပေမဲ့ သူ အကောင့်ဖွင့်တဲ့ဘဏ်က ရုတ်တရက် ပိတ်သွားတယ်။ သတင်းဌာနတွေက အဲဒီသတင်းတွေနဲ့ တက်ကြွနေတုန်းပဲ။ အဲဒီတော့ သူ သူ့ပိုက်ဆံတွေကို စုငွေအကောင့်ထဲမှာပဲ ထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ အဖြစ်အပျက် နှစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှုက သူ့အတွက် မဟုတ်ဘူးဆိုတဲ့ ဘုရားသခင်ရဲ့ သတိပေးချက် ဖြစ်မှာပါ။
သေချာတာပေါ့၊ ဒါက တိုက်ဆိုင်မှုပဲ ဖြစ်နိုင်ပါတယ်။ သူ အသက်ကြီးလာရင် ရင်းနှီးမြှုပ်နှံဖို့ တွေးနေတုန်းပဲ၊ ဒါပေမဲ့ အခုတော့ သူ့ငယ်ရွယ်တဲ့ ဘဝအတွက်တော့ စိုးရိမ်စရာ မဟုတ်ပါဘူး။ သူ အသက် ၄၅ နှစ် ရောက်ရင် ဒါကို လုပ်ဖို့ တွေးထားလိုက်တော့မယ်။
'ဒါပေမဲ့ ရုပ်ရှင်တဲ့လား'
သူမ ကြောင့် သရုပ်ဆောင် စလုပ်ခဲ့တာ။ အခုတော့ သူမ မရှိတော့ပေမဲ့လည်း သရုပ်ဆောင်ရတာကို ပျော်နေမိတယ်။ ရုပ်ရှင်တွေက ပြဇာတ်တွေနဲ့ မတူဘူး၊ အဲဒါက သူ့ကို စိတ်ဝင်စားမှု နည်းနည်းတော့ ရှိစေတယ်။ အော်ဒီရှင်းကို အရင်ဆုံး အောင်ဖို့ လိုတာတော့ သေချာတာပေါ့၊ အနည်းဆုံးတော့ သူ ပြင်ဆင်ဖို့ အချိန် အများကြီး ရပါသေးတယ်။ မာရူး သူ့စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်တယ်၊ ဒီစာအုပ်က ဘာအကြောင်းလဲဆိုတာကို သိဖို့ လိုတာပေါ့။
* * * * * * * * *
ငါးထပ်က ပြဇာတ်ရုံက အခုတော့ အသုံးမပြုတော့တဲ့ နေရာ ဖြစ်သွားပြီ၊ ဒါကတော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ အဲဒီနေရာကို ပြန်မသွားနိုင်တော့ဘူးဆိုတာ တွေးလိုက်ရင်တော့ စိတ်မကောင်းစရာပါပဲ။ ဒေးမြောင် က ပြက္ခဒိန်ကို ကြည့်လိုက်တယ်။ တစ်နိုင်ငံလုံးအဆင့် ပြိုင်ပွဲက နောက်တစ်ရက်ပဲ လိုတော့တယ်။ ယန်မီဆို က ပြစ်မှုကျူးလွန်သူက ကလပ်ထဲမှာ မဟုတ်ဘူးလို့ ကောက်ချက်ချလိုက်တယ်။
ကျန်တဲ့ ကလပ်အဖွဲ့ဝင်တွေက ယန်မီဆို ကို နောက်ကွယ်မှာ အဆိုးမြင်စကားတွေ ပြောနေတာကို ကြားလိုက်ရတဲ့အခါ ဒေးမြောင် ရင်ထဲမှာ နည်းနည်းတော့ နာကျင်မိတယ်။ ကံကောင်းတာက ယွန်းဂျုံ က ယန်မီဆို ဆရာမက သူ လုပ်ရမယ့် တာဝန်ကို လုပ်နေတာလို့ ပြောပြီး အခြေအနေကို ထိန်းချုပ်လိုက်တာပါ။ တစ်နိုင်ငံလုံးအဆင့် ပြိုင်ပွဲကလည်း နီးကပ်နေတော့ ကလပ်အလုပ်တွေ ပိနေတာနဲ့တင် အခြေအနေက ပုံမှန် ပြန်ဖြစ်သွားတာပေါ့။
'ယန်မီဆို နဲ့ မာရူး က ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲ။'
မာရူးက အချိန်မတန်သေးဘူးလို့ ပြောတိုင်း ဒေးမြောင် က ဘာမှ ထပ်မမေးတော့ပါဘူး။ သူ မာရူး တစ်ခုခု သိနေပြီးသားဆိုတာ သိပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ မပြောပြတာပါ။ ဒီကိစ္စတွေ အားလုံးပြီးသွားတဲ့အခါ သူ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပြမယ်လို့ မာရူး ကတိပေးထားတာမို့ ဒေးမြောင် လည်း အဲဒါနဲ့တင် ကျေနပ်နေပါတယ်။
"ဒါဆို မနက်ဖြန်ပေါ့"
သူ ဘာလို့ စိတ်လှုပ်ရှားမနေတာလဲ။ ပြဇာတ်တွေ အကြိမ်ကြိမ် ကပြဖူးလို့လား။ အခုသာ စင်မြင့်ပေါ် တက်ရမယ်ဆိုရင် ဘာမှားယွင်းမှုမှ မရှိဘဲနဲ့ အပြီးသတ်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ အိပ်ရာမဝင်ခင် ကလပ်အဖွဲ့ဝင်တွေနဲ့ မာရူး ဆီကနေ ဖုန်းတွေ ရောက်လာတယ်။ သူတို့အားလုံးက ကြိုးစားဖို့ မှာလိုက်ကြတာပါ။ မာရူး ကို သူ 'မာရူးအတွက် ပိုကြိုးစားပေးမယ်' လို့ ကတိပေးလိုက်တဲ့အခါ သူက ရယ်မောရင်း အမှားမလုပ်မိဖို့ပဲ မှာလိုက်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူက အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ အမြဲလိုလိုပဲ ဒေးမြောင် က ည ၁၂ နာရီမှာ အိပ်ရာဝင်ပါတယ်။ သူ မြန်မြန်ပဲ အိပ်ပျော်သွားတယ်။
* * * * * * * * *
"ဒီ အမာရွတ်တွေက ပျောက်သွားမှာ မဟုတ်ဘူး" မာရူး က မှန်ရှေ့မှာရပ်ပြီး အာမေဋိတ်သံနဲ့ ပြောလိုက်တယ်။
သူ့နဖူးပေါ်မှာ အမာရွတ်လေး ရှိနေတယ်။ မျက်လုံး ဘယ်ဘက်အပေါ်ကနေ ဖြတ်သန်းသွားတဲ့ မှုန်ဝါးဝါး မျဉ်းကြောင်းလေးပေါ့။ ကံကောင်းတာက သူ့ဆံပင်နဲ့ အလွယ်တကူ ဖုံးထားလို့ ရနေတာပါ။
"သွားကြစို့ အစ်ကို"
"ဟုတ်ပြီ"
နောက်ဆုံးတော့ ဆေးရုံဆင်းရမယ့်နေ့ ရောက်လာပြီ။ မာရူးက သူ နေခဲ့တဲ့ အခန်းကို နောက်ဆုံးတစ်ခေါက် ကြည့်ပြီး အိမ်ကို ပြန်ခဲ့တယ်။ သစ်သားကြမ်းပြင်ပေါ်မှာ လှဲအိပ်ရင်း မာရူး တွေးနေမိတယ်။
'အိမ်က အကောင်းဆုံးပဲ'
သူ့ခြေထောက်တွေက ပုံမှန်အတိုင်းပဲ၊ ကောင်းကောင်း ပြန်ကောင်းလာပြီ။ တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ ပတ်တီးစတွေကို သူ သိမ်းထားဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒီပေါ်မှာ ရေးထားတဲ့ စာတွေကို ဖျက်ပစ်ရတာ နှမြောစရာကောင်းလို့ပါ။ အသက်ကြီးလာရင် ဒီလိုမျိုး သာမန်ကိစ္စလေးတွေနဲ့တင် စိတ်လှုပ်ရှားတတ်တာမျိုးကို သူ အခုမှပဲ နားလည်တော့တယ်။
သူ နံရံက ပြက္ခဒိန်ကို ကြည့်လိုက်တယ်။ အဲဒီမှာ အနီရောင် ဝိုင်းထားတဲ့ ရက်နှစ်ခု ရှိနေတယ်။ မွေးနေ့တွေ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးအဆင့် ပြိုင်ပွဲနဲ့ အပျော်တမ်း ပြဇာတ်ကလပ်ရဲ့ ဖျော်ဖြေပွဲနေ့တွေပါ။ နှစ်ခုလုံးက ဇန်နဝါရီလ အစောပိုင်းမှာ ပြီးသွားမှာပါ။ သူ ပါဝင်ခွင့် မရလိုက်ပေမဲ့ ကြည့်ခွင့်ရလိုက်တာကတော့ တကယ့်ကို ပျော်စရာကောင်းပါတယ်။ သူတို့အားလုံး အရမ်းတော်ကြတာပါ။ သူ မရှိတာကိုတောင် မသိသာအောင် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့ကြတာပါ။
"တတိယနေရာ"
နောက်ဆုံးမှာတော့ ပထမ ဒါမှမဟုတ် ဒုတိယနေရာ မရခဲ့ကြဘူး။ အမြဲလိုလိုပဲ မြောင်ဟွာ အထက်တန်းကျောင်းက ပထမနေရာ ရသွားတယ်။ ဒုတိယနေရာကိုတော့ ယိုဂျင် တို့ရဲ့ ဘိုဆောင်း အထက်တန်းကျောင်း က ရသွားတာပေါ့။
'မရတာထက်စာရင် ရှိတာက ပိုကောင်းပါတယ်'
ဝူဆောင်း အထက်တန်းကျောင်း အတွက် ဆုတစ်ခု ရတာကတင် တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ၊ ယန်မီဆို ကတော့ ဒီဆုအတွက် စိတ်ဆိုးပြီး စိတ်ပျက်နေခဲ့ပေမဲ့ပေါ့။ အပျော်တမ်း ပြဇာတ်သင်တန်းက ဖျော်ဖြေပွဲလည်း ကောင်းကောင်း ပြီးဆုံးသွားပါတယ်။ သင်တန်းက ကျောင်းသား အများအပြားလည်း လုပ်ငန်းခွင်က ပညာရှင်တွေရဲ့ သတိထားမှုကို ခံခဲ့ရပါတယ်။ တကယ်တော့ ဘက်ဂျွန် ဆိုရင် ရုပ်ရှင်တစ်ခုမှာ ချက်ချင်း အရွေးခံလိုက်ရတာ။ ဇာတ်ပို့နေရာလောက်ပါပဲ၊ ဒါပေမဲ့ ဂုဏ်ယူစရာ ကိစ္စတစ်ခုပါပဲ။ ယိုဂျင် ကလည်း အေဂျင်စီတစ်ခုနဲ့ စာချုပ် ချုပ်ရတော့မလို ဖြစ်နေပြီ။
"ဒါဆို အခုတော့ အကုန် ပြီးသွားပြီပေါ့"
သူ ကောင်းကောင်း ပြင်ဆင်ထားခဲ့ပေမဲ့ ဘာမှ ပါဝင်ခွင့် မရခဲ့ပါဘူး။ သူ အေးဆေးပဲ နေနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ စိတ်ပျက်မှုကတော့ ကျန်ရစ်နေဆဲပါပဲ။
"အစ်ကို ညစာစားဖို့ လာခဲ့တော့"
"ဟုတ်ပြီ"
သူ အရင်စားမှ ဖြစ်မယ်။ မာရူး က သူ့အိတ်ထဲက အသံဖမ်းစက်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ ပွဲတော်က ပြီးသွားပြီ၊ အခုတော့ ကြွေးမြီတွေကို ပြန်တောင်းရမယ့် အချိန်ပေါ့။
"သူမ ဘယ်လို တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားလိုက်တာ"
လူတစ်ယောက်ရဲ့ စကားလုံးတွေက သူတို့ရဲ့ ကြွေးမြီတွေကို ပြေပျောက်သွားစေနိုင်သလို နောက်ထပ် သန်းပေါင်းများစွာ တိုးလာအောင်လည်း လုပ်နိုင်ပါတယ်။ ယွန်ရင် ရဲ့ ကံကြမ္မာက သူမရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်နေမှာပါ။ ဒါပေမဲ့ သူမ ကို အပြည့်အဝ ခွင့်လွှတ်ပေးဖို့တော့ ဘာအကြောင်းရင်းမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အရာအားလုံးကို ခြုံငုံကြည့်ရင် မာရူး က ဆေးရုံပေါ်မှာ နှစ်ပတ်လောက် အချိန်ဖြုန်းခဲ့ရတဲ့အတွက် တကယ်ကို စိတ်ပျက်နေခဲ့ရတာကိုး။
* * * * * * * * *