← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း(၁၆၅)

ယွန်ရင်တစ်ယောက် အချိန်အတော်ကြာပြီးမှ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရတယ်။ နောက်ဆုံးတော့ ရက်အနည်းငယ်အတွင်းမှာ ဂွန်ဆော့ကို ထပ်တွေ့ရတော့မှာပါ။ ဖုန်းတော့ အကြိမ်ကြိမ် ခေါ်ဖြစ်ပေမဲ့ စကားပြောချိန်က တိုတိုလေးပါ။ ဖုန်းပြောနေတဲ့အချိန်မှာ ဂွန်ဆော့ဘေးနားမှာ ဘယ်သူရှိနေလဲဆိုတာကို သူ အတိအကျ သိနေတာကြောင့် ဂွန်ဆော့ကို အမြဲတမ်း ဖုန်းချပစ်လိုက်တတ်တယ်။

‘ဒါပေမဲ့ ဒီနေ့တော့ တွေ့ရတော့မှာပဲလေ’

သူမ ကျောင်းကို သွားတဲ့အခါ စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုနဲ့ ပျော်ရွှင်မှုတွေ ရောထွေးနေတယ်။ သတိမထားလိုက်မိဘဲ ပဉ္စမထပ်ကို တက်သွားမိရာ မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့လိုက်ရတယ်။ အဲ့ဒီနေရာက ပြင်ဆင်နေတာကို သူ မေ့သွားတာပါ။ ဘာမှ အများကြီး မတွေးတော့ဘဲ စတုတ္ထထပ်ကို ပြန်ဆင်းလာခဲ့လိုက်တယ်။ ပြဇာတ်ကလပ်ခန်းထဲမှာ ပစ္စည်းတွေက ပြည့်ကျပ်နေတာကြောင့် အခန်းက တော်တော်လေး ကျဉ်းနေသလို ခံစားရတယ်။

“ရောက်လာပြီလား”

သူမ ဆိုယွန်းဘက်ကို ခေါင်းညိတ်ပြလိုက်တယ်။ မီးလောင်တဲ့ကိစ္စဖြစ်ပြီးကတည်းက သူမ အရင်ကထက် အများကြီး ပိုကောင်းလာတာပါ။ ဆိုယွန်းအပေါ် အဲ့ဒီလောက်ကြီး နှစ်သက်တဲ့ခံစားချက် မရှိသေးပေမဲ့ အနည်းဆုံးတော့ နှုတ်ဆက်ရင် ပြန်ပြောနိုင်တဲ့အထိ ဖြစ်လာတယ်။

“အရမ်း ကျဉ်းနေတာပဲ။ အရင်ကတည်းက ဒီလောက် ကျဉ်းတာလား”

“အင်း... အရင်ကထက် ပိုသေးသွားသလိုပဲ”

“မကြာသေးခင်က သုံးခဲ့တဲ့ ပစ္စည်းတွေကြောင့် ဖြစ်မှာပါ။ စီနီယာတွေတောင် ဒီထဲကို ဝင်နိုင်မယ် မထင်ဘူး”

ဒိုဂျင်က နံရံကိုမှီရင်း ပြောလိုက်တယ်။ ကလပ်ခန်းထဲမှာ လက်ရှိ ဒိုဂျင်၊ ဒေးမြောင်၊ တေဂျွန်း၊ ဆိုယွန်းနဲ့ ယွန်းဂျုံပဲ ရှိနေတာတောင် အတော်လေး အသက်ရှူကျပ်နေပြီ။ ယွန်းဂျုံက ကြမ်းပြင်ပေါ်က လက်ဖက်ရည်နွေးအိုးကို တွန်းဖယ်လိုက်တယ်။ အထဲမှာ ပစ္စည်းတွေက တောင်ပုံယာပုံ ဖြစ်နေတာပါ။

“ဒါဆို ဒီနေ့တော့ ဒါတွေ အကုန်လုံးကို ရှင်းရတော့မှာပေါ့”

“အချိန်အကြာကြီး ကြာဦးမှာပဲ”

သူတို့အားလုံး သက်ပြင်းချလိုက်ကြတယ်။ အကုန်လုံးကို ဘယ်လိုရှင်းရမလဲဆိုပြီး စတင်ဆွေးနွေးနေတဲ့အချိန်မှာပဲ မီဆိုနဲ့ ဒုတိယနှစ်တွေ ရောက်လာတယ်။

“ကျဉ်းနေတာလား”

ဆရာမ မီဆိုက ပြောလိုက်တယ်။

“တကယ်တမ်းတော့ အမှိုက်တွေကို ရှင်းဖို့ အချိန်တန်နေပြီ ထင်တယ်”

ဒုတိယနှစ်တွေက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်ကြတယ်။

“မျှော်လင့်ထားတဲ့အတိုင်းပဲပေါ့နော်”

“နေစရာနေရာတောင် မရှိတော့ဘူးလေ။ သုံးလို့ရတာတွေကိုပဲ သိမ်းပြီး ဝတ်စုံတွေကိုတော့ ကျစ်ကျစ်လျစ်လျစ် ထုပ်ထားလိုက်ကြတာပေါ့။ စင်မြင့်ပစ္စည်းကြီးတွေကိုတော့ ဖျက်ဆီးပစ်ရတော့မယ် ထင်တယ်”

သန့်ရှင်းရေးလုပ်မယ့်နည်းလမ်းကို ဆရာမ မီဆိုကပဲ ဆုံးဖြတ်ပေးလိုက်ပြီး ဈေးကြီးတဲ့ ဝတ်စုံတွေကို အရင်ဆုံး စီစဉ်ခိုင်းလိုက်တယ်။ အခြေအနေကို ကြည့်ရသလောက်ဆိုရင် အခန်းထဲက ပစ္စည်းဝက်လောက်ကို ရှင်းထုတ်ရတော့မယ့်ပုံပါပဲ။

“ဆောရီး၊ နောက်ကျသွားတယ်”

အီဆိုးလ်နဲ့ ဂွန်ဆော့ နောက်ဆုံးမှ ရောက်လာသည်။ သူတို့ နောက်ကျတာတော့ မဟုတ်ပါဘူး။ ကလပ်ကို ၁၁ နာရီမှာ တွေ့ဖို့ ချိန်းထားတာဖြစ်ပြီး သူတို့က ၁၀ နာရီ ၅၀ မှာ ရောက်လာတာပါ။

“ကဲ... အကုန်လုံး အပြင်ကို အရင်ဆုံး ထုတ်ကြစို့။ အသက်အောင့်ထားကြနော်၊ အနံ့တွေက အတော်လေး နံနေမှာ”

ယောက်ျားလေးတွေက ပစ္စည်းတွေကို အပြင်ထုတ်ပြီး မိန်းကလေးတွေကတော့ စီစစ်တဲ့အလုပ်ကို လုပ်ကြသည်။ စင်မြင့်ပစ္စည်းတွေ ထုတ်တဲ့အချိန်မှာ အကုန်လုံး ဝိုင်းကူကြတာပါ။ မာရူး ရောက်လာတဲ့အချိန်မှာတော့ စင်္ကြံလမ်းတစ်ခုလုံး ပစ္စည်းတွေနဲ့ ပြည့်နှက်နေပါပြီ။

“ဟူး... ပစ္စည်းတွေကလည်း များလိုက်တာ”

“ဟေ့ မာရူး”

“ရောက်လာပြီလား”

ယွန်ရင်က မာရူးကို ခေါင်းညိတ်ပြလိုက်တယ်။ ကံကောင်းတာက သူ ကျန်းမာရေးကောင်းနေတာပါ။

“နောက်ကျနေတယ်နော်။ အလုပ်လုပ်စမ်း”

“ကျွန်တော့် ခြေထောက်က နာနေလို့ပါ ဆရာမ”

“အပိုတွေ မပြောနဲ့”

ကလပ်ခန်းထဲမှာ စွမ်းအင်တွေ ပြည့်နှက်နေတယ်။ ယွန်ရင်က အဲ့ဒီအားအင်တွေကို အသုံးချပြီး ဂွန်ဆော့နဲ့ စကားပြောဖို့ ကြိုးစားကြည့်တယ်။

“ဒါတွေကို ရှင်းဖို့ အချိန်အတော်ကြာဦးမှာ”

“ဖြစ်နိုင်ပါတယ်”

“အားလပ်ရက်မှာ လုပ်ဖို့တော့ မလိုဘူး ထင်တယ်”

“ဖြစ်နိုင်တာပေါ့”

“အာ... အဲ့ဒါ တို့တွေ အစတုန်းက သုံးခဲ့တာ မဟုတ်လား။ လအနည်းငယ်ပဲ ရှိသေးပေမဲ့ နှစ်နဲ့ချီပြီး ကြာသွားသလိုပဲ”

“မသိဘူး”

ဒါက သူတို့ပြောခဲ့တဲ့ စကားအကုန်ပါပဲ။ ယွန်ရင်က စကားပြောချိန်ကို တိုးမြှင့်ဖို့ ကြိုးစားပေမဲ့ ဂွန်ဆော့က စကားတစ်ခွန်းမှ မပြောခင်မှာပဲ ကလပ်ခန်းထဲကို ဝင်သွားသည်။ ဘာလို့ သူ ဒီလောက်အေးစက်နေရတာလဲ။ သူမ ဂွန်ဆော့ကို ကြည့်ပြီး နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။ သူတို့ အရင်လို အခြေအနေမျိုးကို ပြန်ရောက်အောင် လုပ်ရမယ်။ သူ သေချာပေါက် လုပ်နိုင်ရမယ်။

“နင်တို့နှစ်ယောက် ရန်ဖြစ်ထားတာလား”

နောက်ကနေ တစ်ယောက်ယောက်က ပြောလိုက်သဖြင့် သူမ တုန်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ မာရူးက အမှိုက်အိတ်ကြီးကို ကိုင်ပြီး ရပ်နေသည်။

“ဘာ... ဘာပြောလိုက်တာလဲ”

“ယောက်ျားလေးတွေက သူတို့သဘောကျတဲ့ မိန်းကလေးတွေနဲ့ စကားပြောရင် မျက်လုံးကို စိုက်ကြည့်လေ့ ရှိတယ်။ ဒါမှမဟုတ် ရှက်လို့ မျက်လုံးလွှဲတာမျိုးပေါ့။ ဒါပေမဲ့ ခုနက ဂွန်ဆော့ကတော့ စိတ်မဝင်စားတဲ့ပုံစံပဲ။ အဲ့ဒါဆိုရင် နှစ်ချက်ပဲ ရှိတယ်။ နင်တို့ ရန်ဖြစ်ထားတာ ဒါမှမဟုတ် သူ တကယ် စိတ်မဝင်စားတာပဲ”

ယွန်းဂျုံ မာရူးကို စိုက်ကြည့်လိုက်တယ်။

“စနောက်မနေနဲ့။ တို့တွေက ရင်းနှီးနေကျမို့လို့ပါ။ နင် တို့အကြောင်း ဘာမှ မသိပါဘူး”

“အဲ့ဒါဆိုရင်လည်း အကောင်းဆုံးပေါ့”

“နင်က တကယ်ကို ယုတ်မာတဲ့ကောင်လေးပဲနော်။ ဒီလိုမျိုး ဆက်ဆံရေးတွေကို ဖျက်ဆီးရတာ ပျော်နေတာလား”

“ငါလား”

“အေးလေ”

“မဟုတ်ပါဘူး။ ငါ အဲ့ဒါမျိုး မလုပ်တတ်ပါဘူး။ ဒါပေမဲ့ လိမ်ထားတာတွေကို ဖော်ထုတ်ဖို့တော့ တော်တော်လေး ကျွမ်းကျင်တယ်။ အော်... စိတ်ဝင်စားစရာ ကောင်းတာလေး ပြောပြရမလား။ ငါ့ရဲ့ လိမ်ညာမှု သိရှိစက်က အခုတလော ငါးကြီးတစ်ကောင်ကို ဖမ်းမိထားတယ်”

ဒီကောင်လေး ဘာတွေ လျှောက်ပြောနေတာလဲ။ ယွန်ရင် မာရူးရဲ့ ရုတ်တရက် ချဉ်းကပ်လာမှုကြောင့် ဝေဝါးသွားသည်။ မာရူးက သူမနဲ့ ဒီလိုမျိုး စကားမပြောဖူးပါ။ ဒါပေမဲ့ အခုတော့ မျက်လုံးတွေကို မှေးကျဉ်းပြီး သူမဆီ တိုးကပ်လာသည်။ ဒါက တကယ့်ကို အခြေအနေ မကောင်းဘူး။ သူမ ထွက်သွားဖို့ ကြိုးစားပေမဲ့ မာရူးရဲ့ နောက်စကားကြောင့် ရပ်တန့်သွားသည်။

“နင်တစ်ခုခု မေးချင်လို့ပါ”

“ဘာလဲ”

“မီးကို ဘာလို့ ရှို့တယ်လို့ ထင်လဲ။ အဲ့ဒီအတွက် ကျေနပ်စရာ အကြောင်းရင်းကို ငါ ရှာမတွေ့ဘူး”

ယွန်ရင်ရဲ့ လက်မောင်းမှာ ရှိတဲ့ အမွှေးတွေတောင် ထောင်လာသည်။ ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီး ပြောလာတာလဲ။ သူမ ကြောက်စိတ်ကို ဖုံးကွယ်ဖို့ အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။

“ငါ ဘယ်လိုလုပ် သိမလဲ”

“နင် မသိဘူးလား”

“ငါက ဘာလို့ သိရမှာလဲ”

“တကယ်လား။ အံ့သြစရာပဲ”

မာရူးက သူ့မျက်ခုံးကို ပွတ်လိုက်သည်။

“နင် သိမယ်လို့ သေချာနေတာကို”

ကောင်လေးက အတော်လေး ယုံကြည်ချက် ရှိနေသည်။ ယွန်ရင် သူ့နှလုံးခုန်သံတွေ ရပ်သွားတော့မလို ခံစားလိုက်ရသည်။ ကောင်လေးက တစ်ခုခုကို သေချာပေါက် သိနေတာပါ။ မဟုတ်ရင် ဒီလိုမျိုး ပြောလာစရာ အကြောင်း မရှိဘူးလေ။ သူမ လက်တွေက ချွေးတွေ ပျံပြီး ပါးစပ်ကလည်း ခြောက်ကပ်လာသည်။

“ငါ... ငါ ဘယ်လိုလုပ် သိမှာလဲ”

မာရူးက ခေါင်းကို စောင်းပြီး အပြုံးလေးတစ်ခုနဲ့ ကြည့်လိုက်သည်။

“အဲ့ဒီလောက် အံ့သြမနေပါနဲ့။ ငါက နင့်ဆီက ဝန်ခံချက်ကို အမြန်ကြီး မလိုချင်ပါဘူး”

“......”

သူမ စကားတောင် မပြောနိုင်တော့ဘူး။ ယွန်ရင် ယွန်းဂျုံ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူတို့ ပြဇာတ်ခန်းနဲ့ တော်တော် ဝေးနေတာကြောင့် ဘယ်သူမှ မကြားနိုင်ဘူး။

“နေရာပြောင်းပြီး စကားပြောကြမလား”

မာရူး လှေကားဆီကို ဆင်းသွားသည်။ ကောင်လေးက သူမကို လိုက်ခဲ့ဖို့ အတိအလင်း မပြောပေမဲ့ သူမ ကျန်ခဲ့ရင် ပိုဆိုးမယ်ဆိုတာ သိသည်။ ဒါပေမဲ့ သူမ သူ့နောက်ကို လိုက်သွားတဲ့အခါ ခေါင်းထဲမှာ မာရူးရဲ့ ခန့်မှန်းရခက်တဲ့ စကားတွေက ပဲ့တင်ထပ်နေသည်။ တတိယထပ်ကို ရောက်ခါနီးမှာ မာရူး ရပ်လိုက်သည်။

“တစ်ခါတလေ ဘဝမှာ လူတွေကို အနိုင်ယူဖို့ လိုတယ်။ နင်က ငါ့နောက်ကို မရပ်မနား လိုက်လာတယ်ဆိုရင် နင်ကိုယ်တိုင် မီးရှို့ခဲ့တာလို့ ကမ္ဘာကြီးကို ကြေညာနေသလိုပဲ”

“နင် ဘာတွေ ပြောနေတာလဲ။ ငါက နင် ပြောခိုင်းလို့ လိုက်လာတာလေ...”

“အဖြေက အားနည်းလိုက်တာ”

မာရူး အိတ်ကပ်ထဲကနေ အရှည်လိုက် ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ သူ့လက်မနဲ့ နှိပ်လိုက်တဲ့အခါ အသံတွေ ထွက်လာသည်။ အဲဒီနေ့က ဆေးရုံမှာ ပြောခဲ့တဲ့ စကားတွေပါ။ ယွန်ရင် အံ့သြလွန်းလို့ တုန်လှုပ်သွားသည်။ သူတို့စကားပြောတာကို မှတ်တမ်းတင်ထားတာလား။ သူမ ဘာမှ ပြန်မပြောနိုင်ပါ။ ဘာမှ လုပ်လို့လည်း မရဘူး။ ဒါပေမဲ့ မာရူးရဲ့ နောက်စကားက သူမရဲ့ ယုံကြည်ချက်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

“နင်က မီးကို ကော်ဘူးနဲ့ ရှို့ခဲ့တယ်ဆိုတာကို ဘယ်လိုလုပ် သိတာလဲ”

ယွန်ရင် ယွန်းဂျုံ အဲ့ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ ခြေထောက်တွေ အားနည်းသွားသည်။ ခေါင်းထဲမှာ တူနဲ့ အထုခံလိုက်ရသလိုပါပဲ။ သူမ နံရံကိုမှီပြီး ထိုင်ချလိုက်သည်။ မာရူးက သူမပုခုံးကို ကိုင်ထားသည်။

“စိတ်မပျက်ပါနဲ့။ ငါ မလုပ်တဲ့ကိစ္စအတွက်နဲ့ အပြစ်တင်ခံရတာမျိုး ထပ်မဖြစ်ချင်ဘူး”

ယွန်ရင် တုန်ယင်နေသည်။ သူမ တကယ်ပဲ လှေကားပေါ်က ပြုတ်ကျဖို့ ကြိုးစားခဲ့မိသည်။ မာရူး အကုန်လုံး သိနေတာပဲ။ သူမ မာရူးလက်ကို ဖယ်ထုတ်ဖို့ ကြိုးစားပေမဲ့ ကောင်လေးက အင်အား အရမ်းကောင်းသည်။ သူမ အော်ဖို့ ကြိုးစားပေမဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့်အရာတွေကို ကြောက်နေသည်။

အေးဆေးတည်ငြိမ်နေတဲ့ မျက်နှာက သူမကို စိုက်ကြည့်နေသည်။ အခုတော့ သူက သားကောင်ကို ဖမ်းမယ့် အမဲလိုက်သူလို ဖြစ်နေသည်။ သူမ ကြောက်သည်။ ဒီအတိုင်း ဆက်သွားရင် အမှန်တရားတွေ ပေါ်လာတော့မှာ။

ယွန်ရင်က မာရူးရဲ့ လက်မောင်းကို ပါးစပ်နဲ့ အားကုန်ကိုက်လိုက်သည်။ မာရူး အခုမှ သူမကို လွှတ်ပေးမှာပါ။ အဲ့ဒီအချိန်မှာ သူမ လှေကားပေါ်ကနေ လိမ့်ဆင်းသွားဖို့ ကြိုးစားမယ်။ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေါ့။ အဲ့ဒီလို ဆင်ခြေပေးလို့ ရတာပဲ။ ပါးစပ်ထဲမှာ သွေးအရသာတွေ ခံစားရသည်။ သူမ တကယ်ကို အားကုန် သုံးလိုက်တာပါ။

‘မကြာခင်...’

မကြာခင် မာရူး အော်ပြီး သူမကို တွန်းထုတ်လိမ့်မယ်။ အဲ့ဒီအခါ သူမရဲ့ အခွင့်အရေး ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့...

“အခုတော့ ငါ တကယ်ကို သိချင်လာပြီ။ ဘာက နင့်ကို ဒီလောက်အထိ တွန်းအားပေးလိုက်တာလဲ”

ကောင်လေးက အေးဆေးပဲ။ ယွန်ရင် ယွန်းဂျုံ အံ့သြပြီး ပါးစပ်ကို ပြန်ဖြည်လိုက်သည်။ မာရူးရဲ့ လက်မောင်းမှာ သွေးတွေ စီးကျနေပေမဲ့ ကောင်လေးကတော့ မအံ့သြသလိုပဲ။ သူက ပဝါလေးကို ထုတ်ပြီး သွေးတွေကို ဖြည်းဖြည်းချင်း သုတ်လိုက်သည်။

“......”

သူမ ထွက်ပြေးဖို့ ကြိုးစားသည်။ သူမ ဒီနေရာကနေ ထွက်သွားရမယ်။ နောက်တစ်ခါ ဘာဖြစ်လာမလဲဆိုတာတောင် မတွေးရဲတော့ဘူး။ မာရူးက သူမကို လွှတ်ပေးမလား။ သူက သူမရဲ့ ဘယ်ဘက်လက်ကို ဆွဲကိုင်လိုက်သည်။ ယွန်ရင် ယွန်းဂျုံ အော်ချင်ပေမဲ့ သူမ လုံးဝ မလှုပ်နိုင်တော့သလို ခံစားရသည်။ ခေါင်းထဲမှာ အတွေးပေါင်းစုံ ဝင်လာသည်။ အကုန်လုံးသာ သူမ မီးရှို့ခဲ့တာကို သိသွားရင်... လိမ်ခဲ့တာတွေကို သိသွားရင်... ပြဇာတ်ကလပ်က လူတွေက သူမကို ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်နေတာကို သူမ မြင်ယောင်နေမိသည်။ တစ်ချိန်တည်းမှာပဲ ဂွန်ဆော့ သူမကို လှည့်ထွက်သွားတာကိုလည်း မြင်နေရသည်။

“ငါ... ငါ တောင်းပန်ပါတယ်။ ငါ မှားသွားတယ်၊ ငါ ကြောက်နေလို့ပါ။ ငါ မလုပ်ခဲ့ပါဘူး၊ ငါ့ကို ခွင့်လွှတ်ပေးပါ။ နောက်တစ်ခါ မလုပ်တော့ဘူး၊ ဘယ်တော့မှ မလုပ်တော့ဘူး။ ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ။ တခြားသူတွေကို မပြောပါနဲ့၊ ငါ အမုန်းခံရလိမ့်မယ်။ ဂွန်ဆော့ ငါ့ကို ရွံသွားလိမ့်မယ်”

သူမ တုန်ယင်နေသည်။ သူမ ပခုံးတွေကို စုပြီး ကြမ်းပြင်မှာ ထိုင်ချလိုက်သည်။ ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး မာရူးကို မော့ကြည့်လိုက်သည်။

“နင် တခြားသူတွေကို ပြောရင်... ငါ သတ်သေလိုက်မှာ။ နင် ငါ့ကို သတ်လိုက်တာပဲ။ ငါ သတ်သေသွားလိမ့်မယ်ဆိုတာ နင် သိတယ်မလား”

သူမ တံတွေးမြိုချလိုက်သည်။ သူ ကြောက်သွားမလား။ ဒီနည်းနဲ့ သူမ ပြဿနာကို ဖြေရှင်းနိုင်မလား။

“သေဆုံးမှုနဲ့ ခြိမ်းခြောက်ပြီး ပြဿနာကို ဖြေရှင်းချင်ရင်တော့ မှားသွားပြီ။ နင် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ နင်နဲ့ငါက သူစိမ်းတွေလေ။ ငါ နည်းနည်းတော့ စိတ်မကောင်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာမှာလဲ။ ငါ နင့်ကိုပဲ တခြားသူတွေရဲ့ စကားဝိုင်းထဲမှာ ပြောစရာအကြောင်းအရာ တစ်ခုအဖြစ် သုံးလိုက်မယ်။ ‘ဟေ့... ဟိုမီးရှို့ပြီး သေသွားတဲ့ မိန်းကလေးကို မှတ်မိလား’ အဲ့ဒီအခါ ပြဇာတ်ကလပ်က လူတွေက နင့်ကို သေချာပေါက် မှတ်မိနေမှာပါ။ ဘာလို့လဲဆိုတော့ နင်က တကယ်ပဲ မီးရှို့ခဲ့တာကိုး”

မာရူးရဲ့ စကားတွေက ယွန်ရင် ယွန်းဂျုံရဲ့ ဦးခေါင်းကို တိုက်ရိုက် ထိုးဖောက်သွားသည်။ သူမ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။ မာရူးက သူမအတွက်တော့ တစ္ဆေတစ်ကောင်လိုပဲ။ သူမ လက်ရန်းတွေကို ဆုပ်ကိုင်ပြီး နောက်ဆုတ်သွားသည်။ ဘာမှ လုပ်လို့မရတော့ပါ။ မျက်ရည်တွေ စီးကျလာပြီး သွားတွေကလည်း တုန်ယင်နေသည်။

‘တစ်ယောက်ယောက် ကူညီပေးကြပါဦး။ တစ်ယောက်ယောက် ဒီလူကို ဖယ်ပေးကြပါဦး’

“နင် ဘာလို့ ပိုမြန်မြန် မတောင်းပန်ရတာလဲ။ တောင်းပန်ခြင်းမှာတောင် သက်တမ်းကုန်ဆုံးရက် ရှိတယ်လေ။ နင် ငါ့ကို ပေးတဲ့ အရာတွေက ရက်သတ္တပတ်တွေ အကြာကြီး ပုပ်သိုးနေတာနဲ့ တူနေတယ်”

“တောင်း... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်”

သူမ နောက်ထပ် ဘာမှ မပြောနိုင်တော့ပါ။ သူမ ကြောက်သည်။ သူမရှေ့က ကောင်လေးက အရမ်း ကြောက်စရာ ကောင်းနေသည်။ သူမ သူ့ကို ကြည့်လိုက်ရင်ပဲ မာရူးက သူမရဲ့ စိတ်ကို ဖတ်သွားမှာ။ အရှက်နဲ့ ကြောက်စိတ်တွေက သူမကို လည်ပင်းကနေ ညှစ်နေသလိုပဲ။

အဲ့ဒီအချိန်မှာ...

“...... တကယ်လား”

အပေါ်က အသံတစ်ခု ကြားလိုက်ရသည်။ ယွန်ရင် အံ့သြကြောက်ရွံ့စွာနဲ့ အပေါ်ကို မော့ကြည့်လိုက်သည်။ ဆိုယွန်းက သူမကို ကြောက်ရွံ့စွာနဲ့ ကြည့်နေသည်။

* * * * * * * * *

မီဆို မာရူးကို ဆိုဂျူး တစ်ခွက် ကမ်းပေးလိုက်သည်။

“ကျွန်တော်က ကျောင်းသားပါဗျာ”

“ဒါဆို နွားနို့ သောက်မလား”

“မလိုပါဘူး”

မာရူးက အကင်စင်ပေါ်က အသားကို လှန်လိုက်ရာ အသားကျက်တဲ့အသံက စားပွဲတစ်ခုလုံးကို ပြန့်သွားသည်။

“ဒါနဲ့... ယွန်ရင်နဲ့ ဘာဖြစ်သွားလဲ”

“ကျွန်တော် သူတို့ မိဘတွေနဲ့ အရင်ဆုံး တွေ့ခဲ့တယ်”

“နင် သူ့ကို မြေမြှုပ်လိုက်တော့မလို့ ထင်နေတာ”

“စတုန်းကတော့ အဲ့လို လုပ်မလို့ပဲ၊ ဒါပေမဲ့ ကောင်းကောင်း ပြစ်ဒဏ်ပေးဖို့ နည်းလမ်း မတွေ့မိဘူး။ သူက အသက်မပြည့်သေးတော့ ဥပဒေအရ ပြစ်ဒဏ်ပေးလို့လည်း မရဘူးလေ”

“နင်လုပ်ချင်ရင် လုပ်လို့ရတာပဲ၊ နင် ရှေ့နေတစ်ယောက် ငှားခဲ့ဖူးတယ်လို့ ဂျွန်မင်းဆီက ကြားဖူးတယ်”

“အင်း... တကယ်တော့ ကလေးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပစ်ဖို့ အကြောင်းရင်း မရှိပါဘူး။ ကျွန်တော် နည်းနည်း ဖိအားပေးလိုက်တဲ့အခါမှာပဲ သူက အရုပ်တစ်ရုပ်လို ပြိုလဲသွားတာပဲ”

သူသာ တကယ်လုပ်ချင်ရင် လူမှုရေးလုပ်အားပေး နာရီအနည်းငယ်လောက်တော့ လုပ်ခိုင်းလို့ရမှာပါ။ ဒါပေမဲ့ သူမ တုန်ယင်ပြီး ငိုနေတဲ့ မျက်နှာကို ကြည့်ရတော့... တောက်၊ သူလည်း ကိုယ့်သမီးကိုပဲ တွေးမိသွားတာလေ။ မာရူး အရက်ကို တစ်ခွက်ချင်း မော့သောက်လိုက်သည်။ ယွန်ရင်ရဲ့ မျက်နှာကို သူ့သမီးနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ ကလေးတစ်ယောက်ကို သူ ဘာတွေ လုပ်နေမိတာလဲဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်ရသည်။

“ဖျက်ဆီးပစ်တာ ဟုတ်လား၊ စကားလုံးကလည်း လှချက်”

“ကျွန်တော်က စာတတ်ပေတတ်ဆိုတော့လေ”

“နင် မူးနေတာလား”

“မူးချင်တာပေါ့”

သူ့သမီးက ယွန်ရင် အရွယ်လောက် ရှိမှာပါ။ ဒေါသထက် မာရူးက မီးရှို့ရတဲ့ အကြောင်းရင်းကို ပိုပြီး သိချင်နေမိသည်။ ဒါပေမဲ့ စကားနဲ့ပဲ ဖြေရှင်းလို့ ရမယ့် ကိစ္စမျိုးလည်း မဟုတ်ဘူးလေ။ အဲ့ဒီတော့ သူ ကလေးရဲ့ မိဘတွေနဲ့ပဲ တွေ့လိုက်တယ်။ သူတို့သာ ကလေးကို ဘာမှမဖြစ်ဘူးလို့ အငြင်းပွားနေရင် ရဲစခန်း တည့်တည့်သွားမှာ။ ကံကောင်းချင်တော့ သူတို့က အရမ်းကို ယဉ်ကျေးပြီး တည်ငြိမ်ကြပါတယ်။

“ယွန်ရင်ရဲ့ မိဘတွေက ဘာပြောလဲ”

“ကုသမှု”

“လွယ်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူးနော်”

“သူမမှာ အရင်ကလည်း အဲ့လိုမျိုး အတွေ့အကြုံ ရှိဖူးတယ်တဲ့”

“အင်း... အဲ့ဒီအကြောင်းကိုတော့ ငါလည်း မသိချင်ပါဘူး”

“ကျွန်တော်လည်း မိဘတွေကို အဲ့ဒီအကြောင်း ထပ်မမေးတော့ပါဘူး၊ အကြောင်းရင်းကတော့ အတူတူပဲပေါ့”

မာရူးက ယွန်ရင် ရဲ့ ဇာတ်လမ်းကို သိချင်တာ မဟုတ်ပါဘူး၊ မီးရှို့ရတဲ့ အကြောင်းရင်းကိုပဲ သိချင်တာ။ ယွန်ရင် ကတော့ သူမ ဂွန်ဆော့နဲ့ ပိုရင်းနှီးချင်လို့ မီးရှို့ခဲ့တာပါတဲ့၊ အဲ့ဒီအကြောင်းရင်းက မာရူးကို ရယ်ချင်စိတ်တောင် ပေါက်လာစေသည်။ ဒီအိုင်ဒီယာကို ဘယ်ကနေ ရလာတာလဲ။

“လူတိုင်းကတော့ အချစ်ကြောင့် မျက်ကန်းဖြစ်ကြတာပဲ”

“အဘိုးကြီးလို မပြောပါနဲ့တော့ကွာ။ နင် စကားပြောရင် ကြက်သီးထတယ်ဆိုတာ သိရဲ့လား”

“အရက်သောက်နေလို့လေ”

“ဆိုယွန်းအကြောင်းကိုတော့ အံ့သြမိတယ်”

“အေးလေ။ သူက တကယ်ကို ကြင်နာတတ်တဲ့ ကလေးပါ”

“ယွန်ရင် ကို ဂရုစိုက်ပေးတဲ့သူ တစ်ယောက် ရှိနေတာတော့ ဝမ်းသာပါတယ်”

“မသိဘူး။ ယွန်ရင်က ဆိုယွန်းနဲ့ ထပ်ပြီး မတွဲမိစေဖို့ပဲ ဆုတောင်းနေမိတယ်”

“သူတို့တွေ ထပ်ပြီး မတွဲဖြစ်တော့မှာပါ”

“အာ... ဟုတ်သားပဲ”

“ဂျယ်ဂျူကျွန်းက ကျောင်းတစ်ကျောင်း မဟုတ်လား”

“ဟုတ်တယ်”

“မိသားစု အဆင်ပြေတဲ့သူဆိုတော့လည်း ကောင်းတာပေါ့”

“အေးလေ၊ ချမ်းသာတဲ့သူတွေက အမြဲတမ်း ပြဿနာကို အလွယ်လေး ဖြေရှင်းကြတာပဲလေ”

မာရူး ယွန်ရင်ရဲ့ ဖခင်ဆီက ဖုန်းလက်ခံရရှိလိုက်သည်။ မိသားစုက ဂျယ်ဂျူကျွန်းကို ပြောင်းသွားတော့မှာတဲ့။ သူတို့ဆီက တောင်းပန်စကားတွေ အများကြီး ကြားလိုက်ရတော့ မာရူးလည်း သူတို့ကို နှစ်သိမ့်ပေးလိုက်ရသည်။ သူလည်း ဖခင်တစ်ယောက်အနေနဲ့ သူတို့ကို စာနာမိတာပါ။

“ကဲ... အခုတော့ ကလပ်က ဘယ်လိုလုပ်မလဲ”

“မသိဘူး”

“‘မသိဘူး’ ဟုတ်လား”

“နင် အရမ်း စိတ်ပူနေရင် လူသစ်တွေ ခေါ်လိုက်ပါလား။ ဒီအတိုင်းဆိုရင် ကလပ်က ပျက်သွားတော့မှာနော်”

မာရူး ပခုံးတွန့်လိုက်သည်။ ကျောင်းကလည်း စတော့မှာပါ။ ဒုတိယနှစ်တွေလည်း မရှိတော့ဘဲ ပထမနှစ်တွေ ဘယ်နှစ်ယောက် ကျန်မလဲဆိုတာ ဘယ်သူသိမှာလဲ။

“လေ့ကျင့်ဖို့ နေရာလည်း မရှိသလို ကလပ်ခန်းကလည်း ကျဉ်းတယ်လေ”

“ဆရာမက နည်းပြလုပ်ပေးဦးမှာမို့လို့ လာခဲ့ပါဦး”

“အသင်းဝင် ၁၀ ယောက် ပြည့်ရင်တော့ လာခဲ့မယ်”

“ဟာ...”

“သက်ပြင်းချမနေနဲ့လေ။ ငါပဲ ငိုချင်နေတာ”

မီဆို အရက်ကို တစ်ခွက် မော့သောက်လိုက်သည်။ သူမ ပြောတာ မှန်ပါတယ်။ သူမရဲ့ အိပ်မက်တွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကလပ်က အခုဆိုရင် အစုတ်ပလုတ် ဖြစ်နေပြီ။

“ဖြည်းဖြည်းချင်း သောက်ပါ” မာရူးက နောက်ထပ် တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။

* * * * * * * * *

အခန်း(၁၆၆)

ဆည်းဆာအချိန် ရုန်းကန်မှုများတဲ့။ နာမည် ကြည့်လိုက်ရုံနဲ့တင် ဇာတ်လမ်းက ဘာလဲဆိုတာ အကုန် သိသာစေတဲ့ စာအုပ်တစ်အုပ်ပေါ့၊ အပယ်ခံ အဘိုးအိုတစ်ယောက်ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်ပွဲကြီးအကြောင်းကို ရေးသားထားတာလေ။

မာရူးက အခန်းထဲမှာ ပြတင်းပေါက်ကို ဖွင့်ပြီး ကုတင်ပေါ် လှဲရင်းနဲ့ အဲဒီစာအုပ်ကို ဖတ်နေခဲ့တာပေါ့။ အခုက ဖေဖော်ဝါရီလ ရောက်နေပြီဆိုတော့ ဇန်နဝါရီလတုန်းက ဖြူဖွေးနေတဲ့ နှင်းတွေက လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ပြီး အေးစိမ့်လှတဲ့ လေပြင်းတွေပဲ ကျန်ရှိနေခဲ့တာလေ။ နောက်ဆုံးတော့ မာရူးလည်း ပြတင်းပေါက်ကို ပြန်ပိတ်ပစ်လိုက်ရတော့တယ်။ သူ့စိတ်ကြိုက်နဲ့ ယှဉ်ရင်တော့ ရာသီဥတုက တအား အေးလွန်းနေတာကိုး။

“နွေဦးက ဘယ်တော့မှ ရောက်လာမှာပါလိမ့်”

သူက နွေရာသီ ရောက်ရင် ဆောင်းရာသီကို လွမ်းတတ်ပြီး၊ ဆောင်းရာသီ ရောက်ပြန်ရင်လည်း နွေရာသီကို တမ်းတတတ်တဲ့ လူစားမျိုးလေ။ တစ်နှစ်ပတ်လုံး နွေဦးနဲ့ ဆောင်းဦး ရာသီပဲ ရှိနေရင် ကောင်းမှာပဲလို့ တွေးမိပေမဲ့ အဲဒီလိုမျိုး ဖြစ်လာခဲ့ရင်လည်း ရိုးအီစရာကောင်းတဲ့ ရာသီဥတုကြီးဆိုပြီး ပြန်ပြီး ညည်းညူနေဦးမှာ အသေအချာပါပဲ။ လူသားတွေဆိုတာ ဘယ်တော့မှ အချိန်အကြာကြီး မရောင့်ရဲနိုင်ကြဘူးလေ။

‘...ဒီစာအုပ်ကြောင့်များလား’

ဒီစာအုပ်က လူသားတွေအပေါ်မှာ မုန်းတီးစိတ်တွေ တအားများပြားအောင် တွန်းပို့နေတာ သိသာလှတာမို့ သူ အခုဆိုရင် ဒါကို ငါးကြိမ်မြောက်အဖြစ် ပြန်ဖတ်နေခဲ့တာလေ။ ဆေးရုံမှ ရှိနေခဲ့တဲ့ အချိန်ကတည်းက သူ ဒီစာအုပ်ကိုပဲ မပြတ် ဖတ်ရှုနေခဲ့တာ ဖြစ်ပြီး ဖတ်တဲ့ အကြိမ်ရေ များလာလေလေ ပြီးဖို့ အချိန် ပိုကြာလာလေလေ ဖြစ်နေတဲ့ ထူးထူးဆန်းဆန်း စာအုပ်တစ်အုပ်ပါပဲ။

‘ဆည်းဆာချိန် ရုန်းကန်လှုပ်ရှားမှုများ’ ရဲ့ အဓိက ဇာတ်ကောင်က သူ့ရဲ့ သားသမီးတွေရဲ့ ပစ်ပယ်ခြင်းကို ခံထားရတဲ့ အသက် ၆၀ ကျော် အဘိုးအိုတစ်ယောက်မို့လို့ အဲဒီအသက်အရွယ်ကို ကြားလိုက်တာနဲ့ မာရူးရဲ့ ခေါင်းထဲမှာ မွန်ဂျောင် ကို ချက်ချင်း ပြေးမြင်မိသွားရတာပေါ့။

အဲဒီ ဇာတ်ကောင် အဘိုးအိုက ပုံမှန် သာမန် အဘိုးကြီးတွေလိုပဲ သူ့ရဲ့ စက်ဘီးလေးနဲ့ တစ်မြို့လုံးကို လှည့်ပတ်ပြီး ပိုက်ဆံရဖို့အတွက် စက္ကူစုတ်တွေ လိုက်ကောက်တဲ့ ဘဝနဲ့ ရှင်သန်နေတာလေ။ စက္ကူစုတ်တွေကို တတ်နိုင်သလောက် အများကြီး ရရှိဖို့အတွက် မနက်စောစော ထရတာမို့ မနက် ၅ နာရီဆိုရင် အလိုလို နိုးလာတတ်တဲ့ အလေ့အကျင့်ကြီး ဖြစ်နေခဲ့တာပေါ့။

နေ့လယ်စာကိုတော့ အိမ်မှာပဲ ထမင်းအေးကို ရေလောင်းပြီး စားသောက်လေ့ ရှိကာ စားပြီးတာနဲ့ စက္ကူစုတ်တွေ ထပ်ကောက်ဖို့အတွက် ပြန်ထွက်တယ်။ ညဘက် ရောက်ရင်တော့ အိမ်ပြန်လာပြီး ပျက်နေတဲ့ တီဗွီကြီးကို ဖွင့်ထားလျက်နဲ့ပဲ အိပ်ပျော်သွားတတ်တယ်။ ဒီစာအုပ်က အဲဒီအဘိုးအိုရဲ့ ပျင်းစရာကောင်းလှတဲ့ နေ့စဉ်ဘဝကို တကယ့်ကို အသေးစိတ် ကျကျ ရေးသားထားတာ ဖြစ်ပြီး သူ့ရဲ့ ခံစားချက်တွေကနေစလို့ သူ့ရဲ့ အခန်းက ဘယ်လို ပုံစံမျိုး ရှိလဲဆိုတာအထိ အကုန်လုံးကို သရုပ်ဖော်ထားတာလေ။

ဒါပေမဲ့ အဲဒီအဘိုးအိုရဲ့ ဘဝထဲကို အပြောင်းအလဲတစ်ခု ဝင်ရောက်လာခဲ့ရတယ်၊ တစ်စုံတစ်ယောက်က သူ့ရဲ့ စက်ဘီးလေးကို ခိုးယူသွားခဲ့လို့ပဲလေ။ စက်ဘီး မရှိတော့တာမို့ အဘိုးအိုခမျာ တစ်မြို့လုံးကို သူ့ရဲ့ ကန်ဘတ်ဖိနပ် အစုတ်လေးနဲ့ တစ်နေ့လုံး လှည့်ပတ်လမ်းလျှောက်နေခဲ့ရတယ်။ ညဉ့်နက်ပိုင်း ရောက်မှပဲ သူ့ရဲ့ စက်ဘီးလေးကို ပြန်ရှာတွေ့ခဲ့ရပြီး တရားခံကတော့ စက္ကူစုတ်လိုက်ကောက်နေတဲ့ တခြား အဘိုးကြီးတစ်ယောက် ဖြစ်နေခဲ့တယ်။ သူတို့နှစ်ယောက် ရန်ဖြစ်ကြပြီး နောက်ဆုံးတော့ ရဲစခန်းအထိ ရောက်ရှိသွားခဲ့ကြရတယ်။ အဓိက ဇာတ်ကောင် အဘိုးအိုက ဒေါသတကြီးနဲ့ အဲဒီသူခိုးကြီးကို တွန်းပစ်လိုက်မိတာကြောင့် သူခိုးကြီးက သူ့ရဲ့ သားသမီးတွေကို လက်စားချေဖို့အတွက် လှမ်းခေါ်လိုက်တယ်။

ကိုယ့်ထက် ငယ်ရွယ်တဲ့သူတွေရဲ့ အနိုင်ကျင့် နှိပ်စက်မှုကို ခံလိုက်ရတာမို့ အဘိုးအိုလည်း ရင်ထဲက ဒေါသတွေကြောင့် သူ့ရဲ့ သားသမီးတွေကို ဖုန်းလှမ်းခေါ်လိုက်မိတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ သားသမီးတွေကတော့ ရောက်မလာခဲ့ကြဘဲ နောက်ဆုံးမှာ ရဲတွေရဲ့ ပါဝင်ပတ်သက်မှုကြောင့်သာ သူ့ရဲ့ စက်ဘီးလေးကို ပြန်လည် ရရှိခဲ့ရတာလေ။

အိမ်အပြန်လမ်းမှာတော့ အဘိုးအိုခမျာ ဒေါသတွေနဲ့ ရင်နာလွန်းတာမို့ သူ့ရဲ့ သားသမီးတွေဆီကို ဖုန်းတွေ အကြိမ်ကြိမ် ဆက်နေခဲ့မိတာပေါ့။ ဒါပေမဲ့ ဖုန်းတစ်ခေါ်မှ ဝင်မသွားတာကြောင့် သူက သူ့ရဲ့ သားကြီးရဲ့ အိမ်ရှိရာဆီအထိ လမ်းလျှောက်ပြီး သွားခဲ့မိတယ်။ အဲဒီနေရာ ရောက်မှပဲ သူ့ရဲ့ သားကြီးက သူ့ရဲ့ ဖုန်းတွေကို တမင်တကာ မသိချင်ယောင်ဆောင်ပြီး ပိတ်ထားခဲ့တာဆိုတာကို သဘောပေါက်လိုက်တော့တယ်။ သူက အသည်းအသန် ခံစားရတာမို့ သူ့ရဲ့ သမီးလတ်နဲ့ သားငယ်လေးဆီကိုပါ သွားရောက် တွေ့ဆုံခဲ့မိပြန်တယ်။ ဒါပေမဲ့ အဲဒီနေရာမှာလည်း သူတို့တွေက သူ့ကို ထပ်ပြီး မထောက်ပံ့ချင်တော့ဘူးဆိုတဲ့ အကြောင်းနဲ့ သူတို့ဆီကို ထပ်ပြီး ဖုန်းမဆက်ဖို့ကိုပါ ထုတ်ပြောလာခဲ့ကြတာလေ။

အဘိုးအိုလည်း အိမ်အပြန်လမ်းမှာ ဆိုဂျူးအချို့ကို ဝယ်ယူပြီး သောက်စားမိတော့တယ်။ သူက သူ့ရဲ့ လူငယ်ဘဝကို သားသမီးတွေအတွက်ပဲ စွန့်လွှတ် အနစ်နာခံခဲ့တာ ဖြစ်ပေမဲ့ ပြန်လည် ရရှိခဲ့တဲ့ ရလဒ်ကတော့ အေးစက်စက် ရက်စက်မှုတွေပဲ ဖြစ်နေခဲ့တာကိုး။

သူက အအေးဒဏ်ကြားမှာ စတင်ပြီး အိပ်ပျော်လုနီးပါး ဖြစ်နေတဲ့ အချိန်မှာပဲ လူငယ်အချို့က သူ့ရဲ့ ခန္ဓာကိုယ်ကို လာပြီး နှောင့်ယှက်နေကြတာကို ခံစားလိုက်ရတာပေါ့။ သူ့စိတ်ထဲမှာတော့ သူ့ကို လာပြီး ဂရုစိုက် စောင့်ရှောက်ပေးမယ့်သူတွေ ရှိနေသေးတယ်ဆိုပြီး တွေးမိခဲ့တာလေ။ ဒါပေမဲ့လည်း အဲဒီလူငယ်တွေက သူ့ကို ရိုက်နှက်ပြီး သူ့ဆီမှာ ရှိတဲ့ ပိုက်ဆံအနည်းငယ်လေးကို လုယူပြီး ထွက်ပြေးသွားခဲ့ကြတာမို့ သူ့ရဲ့ မျှော်လင့်ချက်တွေ ချက်ချင်း ပျက်စီးသွားခဲ့ရရုံတင်ပါပဲ။

အဲဒီအချိန်မှာတင် အဲဒီလူငယ်တွေရဲ့ မျက်နှာတွေက သူ့ရဲ့ သားသမီးတွေရဲ့ မျက်နှာတွေနဲ့ ထပ်တူကျလို့ သွားခဲ့ရပြီလေ။ ရင်ထဲမှာ ဒေါသမီးတောက်ကြီးက ချက်ချင်းဆိုသလို အရှိန်အဟုန်နဲ့ လောင်မြိုက်လို့ လာခဲ့ရတော့တယ်။ ဒါ့အပြင် ထွက်ပြေးသွားတဲ့ လူငယ်တစ်ယောက် ပြောသွားခဲ့တဲ့ စကားလုံးတွေက သူ့ရဲ့ ရင်ဘတ်ကို တိုက်ရိုက်ကြီး ထိုးနှက်သွားခဲ့ပြန်တယ်လေ။

‘အဲဒီအသက်အရွယ်အထိ ဘာတစ်ခုမှ မရှိဘဲ တစ်ယောက်တည်း ဖြစ်နေရတာက တကယ့်ကို အရူးပဲ ဖြစ်ရမယ်’

အဘိုးအိုက အိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ သားသမီးတွေဆီကို စာတစ်စောင် ချန်ထားခဲ့မိတာပေါ့။ သူ တအား အထီးကျန်နေခဲ့လို့ စကားပြောချင်မိတာပါတဲ့။ ဒါပေမဲ့ ပြန်လည် ရရှိခဲ့တာကတော့ တိတ်ဆိတ်မှုတွေပဲ ဖြစ်နေခဲ့တာကိုး။

အဘိုးအိုက သူ့ရဲ့ နေရာမှာတင် ထိုင်ပြီး သူ့ရဲ့ ဘဝကို ပြန်လည် သုံးသပ်နေမိတော့တယ်။ သူ့ရဲ့ ဇနီးသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားခဲ့တဲ့ အချိန်ကတည်းက ဘဝတစ်ခုလုံးကို အလုပ်ထဲမှာပဲ နှစ်မြှုပ် ဖြတ်သန်းခဲ့ရတာလေ။ အသက် ၅၀ အရွယ်မှာတော့ ကုမ္ပဏီကနေ အနားယူခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီအသေးစားတစ်ခုရဲ့ အမှုဆောင်ချုပ်အဖြစ် ၅ နှစ်လောက် လုပ်ကိုင်ခဲ့ရပြီး ကျန်ရှိတဲ့ အချိန်တွေကိုတော့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ပြီး ဖြတ်သန်းခဲ့တာလေ။

သူ့ရဲ့ သားငယ်လေးကို အိမ်ထောင်ချပေးပြီးတဲ့ အချိန်မှာတော့ သူ့ဆီမှာ သေးငယ်လှတဲ့ အခန်းလေးတစ်ခန်းနဲ့ ပျက်စီးနေတဲ့ စက်ဘီးအစုတ်လေးတစ်စီးပဲ ကျန်ရှိနေခဲ့တော့တာပေါ့။ ကိုယ့်ရဲ့ သားသမီးတွေကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ဘာသာ နှစ်သိမ့်ပြီး ရှင်သန်နေခဲ့ရတာလေ။ ပြန်ပြီး စဉ်းစားကြည့်တော့လည်း သူက အဲဒီလူငယ် ပြောသွားခဲ့သလို တကယ့် အရူးတစ်ယောက် ဖြစ်နေခဲ့တာ သေချာလှတာပဲ။

သူ့ရဲ့ သားသမီးတွေအတွက် ကောလိပ်ကျောင်းလခတွေ၊ အိမ်တွေ၊ အိမ်ထောင်ပြုဖို့ ပိုက်ဆံတွေ အကုန်လုံးကို ရှာဖွေ ပေးအပ်ခဲ့တာလေ။ ဒါကိုပဲ အချစ်လို့ တွေးမိခဲ့ပြီး အချိန်တန်ရင် ဒီအချစ်တွေက သူ့ဆီကို ပြန်လည် ရောက်ရှိလာလိမ့်မယ်လို့ တွေးထားခဲ့မိတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာတစ်ခုမှ ရမလာခဲ့ပါဘူး။ အဲဒီအချိန်ကျမှ သူ့ရဲ့ သားသမီးတွေက လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သူ့ဆီကို ဖုန်းတစ်ခေါ်မှ မဆက်ခဲ့ကြဘဲ ဘာတစ်ခုမှ ပြန်မပေးခဲ့ကြဘူးဆိုတာကို သဘောပေါက်လိုက်ရတာလေ။ သူက တစ်ညလုံး အတွေးပေါင်းစုံနဲ့ ထိုင်ပြီး စဉ်းစားနေခဲ့မိပြီး မနက်ခင်း ရောက်တဲ့ အချိန်မှာတော့ သူ့ရဲ့ လက်ထဲမှာ တူတစ်ချောင်းကို ကိုင်ဆွဲထားခဲ့ပြီ ဖြစ်ရမယ်။

ဇာတ်လမ်းက အဲဒီနောက်ပိုင်းမှာတော့ တအားကို မြန်ဆန်လို့ သွားခဲ့ရပြီလေ၊ အဘိုးအိုရဲ့ သက်ပြင်းချသံတွေက ချက်ချင်းဆိုသလို ရူးသွပ်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့ရပြီး စာအုပ်ရဲ့ ကျန်ရှိတဲ့ စာမျက်နှာတွေအကုန်လုံးက သွေးစွန်းနေတဲ့ လူသတ်ပွဲကြီးတွေနဲ့ နီရဲလို့ သွားခဲ့ရတော့တယ်။ မာရူးအနေနဲ့ စာအုပ်ရဲ့ အဆုံးသတ်မှာ သေခါနီး အဘိုးအို ပြောသွားခဲ့တဲ့ နောက်ဆုံး စကားလုံးတွေကို အခုထိ မေ့ဖျောက်လို့ မရသေးပါဘူး။

‘နောက်ဆုံးတော့ ငါ့ကိုယ်ငါ ပြန်မြင်ရပြီ’

မာရူးက ဒီမြင်ကွင်းကြီးကို မွန်ဂျောင် နဲ့ အစားထိုးပြီး မြင်ယောင်ကြည့်ဖို့ ကြိုးစားနေမိတာပေါ့။ အမြဲတမ်း တကယ့်ကို ကြင်နာတတ်ပြီး သဘောကောင်းလှချည်ရဲ့ဆိုတဲ့ အဘိုးကြီးက ရူးသွပ်နေတဲ့ လူသတ်သမားကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ် ဟုတ်လား။ သူ ဘယ်လိုမှ မြင်ယောင်လို့ မရနိုင်တော့ဘူးလေ။

“ကိုယ့်ရဲ့ ဘဝကို သုံးပြီးတော့ တောခွေးတွေကို ပညာပေးရတာက ဘာတွေများ မှားယွင်းနေလို့လဲ”

မာရူးက စာအုပ်ထဲက စကားလုံးတွေကို ရွတ်ဆိုရင်း ကုတင်ပေါ်မှာ ဟိုဘက်ဒီဘက် လူးလိမ့်နေမိတတယ်၊ သူကိုယ်တိုင်လည်း ဖခင်တစ်ယောက် ဖြစ်ဖူးတာမို့ အဓိက ဇာတ်ကောင်ရဲ့ နေရာမှာ အများကြီး ပိုပြီး ခံစားချက် ဝင်နေမိခဲ့တာလေ။

အကယ်၍ သူသာ အတိတ်ကို ပြန်မရောက်ဘဲ ဒီအတိုင်း ရှိနေဦးမှာဆိုရင် သူ့ရဲ့ သမီးလေးကို အိမ်ထောင်ချပေးပြီးတဲ့ အဆုံးမှာ သူ့ဇနီးသည်နဲ့အတူ ဖြည်းဖြည်းချင်း အိုမင်း သွားကြရမှာပေါ့။ သူ့ရဲ့ ဘဝ ဆည်းဆာချိန် ရောက်လာတဲ့ အခါကျရင် သူ့သမီးလေးကော ဘယ်လိုမျိုး ရှိနေပါ့မလဲဆိုတာကိုလည်း တွေးမိနေခဲ့တာလေ။

သေချာတာကတော့ သူ့သမီးလေးက ဒီလောက်အထိ ရက်ရက်စက်စက် အေးစက်နေမှာ မဟုတ်ပေမဲ့လည်း ရင်ထဲမှာ စိုးရိမ်စိတ်အချို့ကတော့ ရှိနေဆဲပါပဲ။ ဒီစာအုပ်က တကယ့် အမှောင်ဘက်ခြမ်းတွေကိုပဲ အရောင်ဆိုးထားတာကိုး။

ဥပဒေအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အဓိက ဇာတ်ကောင်က တကယ့် မိစ္ဆာတစ်ကောင်ပါပဲ။ ဒါပေမဲ့ ခံစားချက် အမြင်နဲ့ ကြည့်ပြန်ရင်တော့ ‘ငါတို့အဖေက အခုထိ မသေသေးဘူးလား’ ဆိုပြီး ပြောဆိုနေကြတဲ့ သားသမီးတွေကသာ တကယ့် မိစ္ဆာအစစ်တွေ ဖြစ်နေတာပဲ။

အဘိုးအိုက သူ့ရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ ပျက်ပြားနေတဲ့ ကိုယ်ကျင့်တရားတွေကို သုံးစွဲပြီး မိစ္ဆာတစ်ကောင်လို ယုတ်မာမှုတွေကို ဖော်ထုတ်ပြသခဲ့တာလေ။ ဒါပေမဲ့လည်း အဲဒီအဘိုးကြီးရဲ့ တစ်နေရာရာမှာတော့ တို့တွေ ကိုယ်ချင်းစာလို့ ရနိုင်ဦးမယ့် လူသားဆန်မှု အရိပ်အယောင်လေးကို တွေ့မြင်နေရဆဲပါပဲ။ ဒီစာအုပ်ကတော့ သေချာပေါက် အောင်မြင်မှုတွေ ရရှိမှာ အသေအချာပါပဲလား။

သူ့အနေနဲ့ ဒီရုပ်ရှင်ကြီးရဲ့ အောင်မြင်မှုအပေါ်မှာ ဘယ်လို ခံစားရလဲဆိုတာကိုတော့ ဝေခွဲမရသေးပါဘူး။ ဒါက မိသားစု ရုပ်ရှင်မျိုးလည်း မဟုတ်သလို လူတွေကို တကယ့်ကို ကြီးမားလှတဲ့ ကြောက်ရွံ့ တုန်လှုပ်မှုတွေကို ပေးအပ်မယ့် ရုပ်ရှင်မျိုး ဖြစ်နေလို့ပါပဲ။

‘ဒါက ခန့်မှန်းချက်တစ်ခုတင်ပဲ ဆိုပေမဲ့လည်း... ’

အကယ်၍ ဒီရုပ်ရှင်ကြီးက တကယ့်ကို ဟိုးဟိုးကျော်အောင်အထိ အောင်မြင်သွားခဲ့ရင် တစ်ခုခု ပေါ်ထွက်လာနိုင်စရာ ရှိနေတာပဲလေ၊ ရုပ်ရှင်အကြောင်း ကောလာဟလတွေ ပြန့်နှံ့သွားတာနဲ့တင် သူတို့တွေ အောင်မြင်မှု ရရှိသွားနိုင်တာကိုး။

“အစ်ကို... ထမင်းစားရအောင် လာခဲ့တော့”

အိမ်ထဲကို လှမ်းဝင်လာရင်းနဲ့ ဘာဒါ က လှမ်းအော်လိုက်တာမို့ မာရူးလည်း လက်ထဲက စာအုပ်ကို ပိတ်ပစ်လိုက်ပြီး နေရာကနေ ထရပ်လိုက်တော့တယ်။ ကျောင်းပြန်ဖွင့်ဖို့အတွက် သုံးရက်ပဲ ကျန်ရှိတော့တာပဲလေ။ အဲဒီအချိန် မတိုင်ခင်အထိတော့ ဒါကို နောက်ထပ် တစ်ခေါက်လောက် ထပ်ပြီး ဖတ်ရှုနိုင်ဦးမှာ ဖြစ်လို့ပါပဲ။

* * * * * * * * *

မတ်လ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေမဲ့လည်း တိုက်ခတ်နေတဲ့ လေပြင်းတွေကတော့ အမြဲတမ်းလိုပဲ တအားကို အေးစက်လွန်းနေဆဲပါပဲ။ ကျောင်းကြီးကတော့ အမြဲတမ်းလိုပဲ လေးထောင့်စတုရန်းပုံစံအတိုင်း ရှိနေဆဲ ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး ဆရာကလည်း အပြင်ဘက်မှာ နောက်ကျတဲ့ ကလေးတွေကို အသည်းအသန် ပညာပေးနေဆဲပါပဲလား။

ဒါကြောင့်လည်း ကျောင်းအဝင်ဝမှာ ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေက အစီအစဉ်တကျ တန်းစီနေခဲ့ကြရတာပေါ့။ ဒုတိယနှစ် ဘဝကို စတင်လိုက်ရတာ ဖြစ်ပေမဲ့လည်း ဘာတစ်ခုမှ ပြောင်းလဲသွားတာမျိုး မရှိသေးပါဘူး။ နေဦး... သူတို့တွေ အတန်းတက်ဖို့အတွက် လှေကားတစ်ထစ် ပိုပြီး တက်လှမ်းရမယ်ဆိုတဲ့ အချက်ကလွဲရင်ပေါ့။

“ဟူး... တအား အေးတာပဲ”

သူ့အနောက်ကနေ ဒိုဂျင် က လှေကားတွေကို တက်လှမ်းရင်း ညည်းညူလိုက်မိသလို ဘေးနားမှာ ဒေးမြောင် လည်း ပါလာခဲ့တာလေ။ သူတို့တွေ ဒုတိယနှစ် ရောက်ရှိလာခဲ့ကြပေမဲ့ အတန်းတွေ ကွဲကွာသွားတာမျိုး မရှိဘဲ အတူတူပဲ တက်ခွင့် ရရှိခဲ့ကြတယ်။ စာသင်ခန်းရဲ့ အတွင်းထဲက လေထုကတော့ တကယ့်ကို နွေးထွေးလွန်းလှတာပဲ။ မာရူးရဲ့ နေရာကတော့ အမြဲတမ်းလိုပဲ အနောက်ဘက် တံခါးကြီးရဲ့ ဘေးနားမှာ ဖြစ်ပြီး ဒိုဂျင်ကတော့ သူ့ဘေးမှာ ဝင်ထိုင်လိုက်တာပေါ့။ ပြောင်းလဲသွားတဲ့ အချက်တစ်ခုတည်းကတော့ ဒေးမြောင် က အခု မာရူးရဲ့ အရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်လိုက်တာပဲ ဖြစ်လို့ပါပဲ။

“ငါကတော့ မင်းတို့ ရူးကြောင်ကြောင်တွေနဲ့ ဘယ်လိုမှ ကွဲကွာလို့ မရတော့ဘူး ထင်တယ်နော်၊ ဟုတ်တယ်မလား” ဒိုဂျင် က ရယ်မောရင်း စကားပြောလိုက်တယ်။

အဲဒီ ရူးကြောင်ကြောင်တွေထဲမှာ ဒိုဝူးလည်း ပါဝင်နေခဲ့တာ ဖြစ်ပြီး သူကတော့ မျက်မှောင်ကြီး ကုပ်ထားလျက်နဲ့ပဲ ဒိုဂျင်ရဲ့ အရှေ့က ခုံမှာ ဝင်ထိုင်လိုက်တာလေ။ သူတို့တွေ ပထမနှစ် စဖွင့်ခါစတုန်းကတော့ တကယ့် ရန်သူတော်ကြီးတွေလိုမျိုး ဖြစ်ခဲ့ကြဖူးပေမဲ့ အခုအချိန်မှာတော့ တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေခဲ့ကြပြီလေ။ သူတို့ရဲ့ ရုပ်ရည်တွေနဲ့ ပင်ကိုယ်စရိုက်တွေကို ကြည့်မယ်ဆိုရင်တော့ ဒါက တကယ့်ကို သဘာဝကျကျနဲ့ အဆင်ပြေလွန်းနေခဲ့တယ်။

မာရူးက ရှေ့ကို လှမ်းကြည့်လိုက်ရင်း ဒိုဂျင်ရဲ့ သကြားလုံးတစ်လုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်မိတယ်။ ကျောက်သင်ပုန်းကြီးပေါ်မှာတော့ ကလပ်တစ်ခုခုကို သေချာပေါက် ဝင်ရောက်ရမည် ဆိုတဲ့ စကားလုံးတွေကို အထင်အရှား ရေးသားထားခဲ့တာလေ။

“ပြန်စဉ်းစားကြည့်တော့လည်း ဒါက ဒီနေ့ပဲကိုး”

“ဘာကလဲ”

“ကလပ်လူသစ်ခေါ်ပွဲလေ”

“လူသစ်ခေါ်ပွဲ ဟုတ်လား”

ဒေးမြောင် က ဇဝေဇဝါ မျက်နှာပေးနဲ့ ပြန်မေးတာမို့ မာရူးက ကြမ်းပြင်ဆီကို လက်ညှိုးလှမ်းထိုးပြလိုက်တော့တယ်။ အဲဒီအချိန်ကျမှ အဲဒီကောင်လေးက သဘောပေါက်သွားတဲ့ ပုံစံနဲ့ ခေါင်းကို ညိတ်ပြလိုက်တာပေါ့။

“တို့တွေ သွားကြရအောင်လေ”

“မင်းရယ်၊ ငါရယ်၊ ဂွန်ဆော့ ရယ် ပေါ့၊ ဟုတ်တယ်မလား”

“အေးလေ”

မာရူးက ပါးစပ်ထဲက သကြားလုံးကို ဝါးစားလိုက်ရင်းနဲ့ ဒိုဂျင်ဘက်ကို လှည့်ကြည့်လိုက်မိတော့ ကောင်လေးက စိတ်မကောင်း ဖြစ်နေတဲ့ မျက်နှာပေးနဲ့ အောက်ကို ကြည့်နေခဲ့တာလေ။

“အခုတော့ လူသုံးယောက်တည်း ကျန်တော့တာပေါ့”

“ဆ-ဆောရီးပါကွာ”

“မင်း တကယ် စိတ်မကောင်း ဖြစ်နေတယ်ဆိုရင် တို့တွေကို လူသစ်ခေါ်တဲ့ နေရာမှာ ဝိုင်းပြီး ကူညီပေးလေ။ ဂွန်ဆော့က ကြည့်ရတာ တကယ့်ကို ခန့်ညားပြီး ချောမောလှပေမဲ့လည်း ဒီလို ကိစ္စရပ်တွေကျရင် တအား အေးစက်လွန်းနေတတ်တာ။ အဲဒါကြောင့် တို့တွေဘက်က လူတွေကို ဆွဲဆောင်ဖို့အတွက် မင်းရဲ့ ရိုးသားပြီး ဖော်ရွေတဲ့ မျက်နှာပေးမျိုး လိုအပ်တယ်ဟ”

“…… ”

ဒိုဂျင် က ဘာပြန်ပြောရမလဲဆိုတာကို မသိသလို ဖြစ်နေတာမို့ မာရူးလည်း ကောင်လေးကို ထပ်ပြီး မစနောက်တော့ဖို့ ဆုံးဖြတ်လိုက်မိတော့တယ်။

“နောက်တာပါကွာ။ အချက်အပြုတ်ကလပ်မှာ ပျော်ပျော်ပါးပါး ဖြတ်သန်းပါဦး။ အီဆိုးလ် နဲ့ အတူတူ ဝင်ရောက်ခဲ့ကြတာ မဟုတ်လား”

“အင်းလေ။ သူတို့အားလုံးက တကယ့်ကို သဘောကောင်းတဲ့လူတွေမို့လို့ ငါ သဘောကျမိပါတယ်”

“ကြားဖူးတာတော့ မိန်းမဘက်က မိသားစုထဲကို ဝင်ရောက်ရတာက တကယ့်ကို ခက်ခဲလွန်းလှတယ် တဲ့”

“နင် ဘာတွေ လျှောက်ပြောနေတာလဲဟ”

“ကံကောင်းပါစေကွာ။ နောက်ပိုင်းကျရင် နင် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို ငါ့ကို နည်းနည်းလောက် မြည်းစမ်းခွင့် ပေးဦးနော်”

နောက်ဆုံးတော့ ပြဇာတ်ကလပ်ထဲမှာ အဖွဲ့ဝင် သုံးယောက်တည်းပဲ ကျန်ရှိနေခဲ့တော့တယ်။ သရုပ်ဆောင်ခြင်းကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအနေနဲ့ လုပ်ကိုင်ချင်ကြတဲ့လူတွေကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံးက တခြား ကလပ်တွေဆီကို ပြောင်းရွှေ့သွားခဲ့ကြပြီလေ။ ဒိုဂျင်နဲ့ အီဆိုးလ်ကတော့ အချက်အပြုတ်ကလပ်ဆီကို သွားခဲ့ကြပြီး ထယ်ဂျွန်နဲ့ ဆိုယွန်းကတော့ ရုပ်ရှင်ကြည့်ကလပ်ဆီကို ဝင်ရောက်ခဲ့ကြတယ်။ ထယ်ဂျွန်ကတော့ ကလပ်ထဲမှာပဲ ဆက်ပြီး ရှိနေချင်တဲ့ ပုံစံမျိုး ရှိနေခဲ့ပေမဲ့လည်း ဆိုယွန်းက ကလပ်ကနေ ထွက်ခွာသွားမယ်လို့ ပြောလိုက်တဲ့ အချိန်မှာတင် သူလည်းပဲ စိတ်ကူးပြောင်းလဲသွားခဲ့တာလေ။ သူတို့အားလုံးက စိတ်မကောင်း ဖြစ်ပြီး တောင်းပန်စကားတွေ ပြောခဲ့ကြပေမဲ့ မာရူးကတော့ အရမ်းကြီး စိတ်ထဲမထားဖို့ပဲ ပြန်ပြောပေးခဲ့လိုက်တယ်။

ကိုယ့်ရဲ့ တာဝန်သိစိတ် တစ်ခုတည်းနဲ့တင် ကလပ်အဖွဲ့ဝင်တွေကို အတင်းအကျပ် ဆွဲထားဖို့ စိတ်ကူးမရှိလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့အားလုံးအတွက် ကိုယ်ကျိုက်နှစ်သက်ရာကို လုပ်ဆောင်ခွင့် ရရှိမယ့် နောက်ဆုံး အခွင့်အရေးကြီး မဟုတ်လား။ တခြားသော တတိယနှစ် အဖွဲ့ဝင်တွေအကုန်လုံးကလည်း လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ပြောပြခဲ့ဖူးတဲ့အတိုင်းပဲ ကလပ်ကနေ ထွက်ခွာသွားခဲ့ကြပြီလေ။

သူတို့တွေအားလုံးက အလုပ်အကိုင် ရှာဖွေရေး ကိစ္စရပ်တွေအတွက်ပဲ အချိန်ပြည့် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ကြလို့ပါပဲ။ ဒါပေမဲ့လည်း လိုအပ်တဲ့ အချိန်ကျရင်တော့ လာရောက် ဝိုင်းဝန်း ကူညီပေးမယ်လို့ ပြောသွားခဲ့ကြတာမို့ ဒါက တကယ့်ကို ကောင်းမွန်လှတဲ့အရာပါပဲ။

၅ ထပ်မှာ ရှိတဲ့ ခန်းမကြီးကတော့ တကယ့်ကို ခန့်ညားလှတဲ့ အားကစားခန်းမကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး အထဲမှာလည်း အားကစားပစ္စည်းသစ်တွေနဲ့ ပြည့်နှက်လို့ နေတဲ့မြင်ကွင်းကြီးကို ကြည့်လိုက်ရတာမို့ မာရူးရဲ့ ရင်ထဲမှာတော့ တစ်မျိုးကြီး ဗလာကျင်းနေသလို ခံစားလိုက်ရတယ်။ သူ ဒီနေရာမှာ ဖြတ်သန်းခဲ့ရဖူးတဲ့ ရက်ပေါင်းများစွာက တကယ့် အတုအယောင်ကြီးတစ်ခုလိုမျိုး ခံစားလိုက်ရလို့ပါပဲ။

“ဒါက ပြောရမယ့်စာသားလေးပါ”

ဒေးမြောင် က မာရူးဆီကို စာရွက်အချို့ လှမ်းပေးလိုက်တာ ဖြစ်ပြီး ဒါက ဒီနေ့ လူသစ်ခေါ်ပွဲ မှာ အသုံးပြုမယ့်အရာလေး ဖြစ်ရမယ်။ ပထမနှစ် ကျောင်းသားသစ်တွေကို ကလပ်ထဲ ဝင်လာအောင် ဆွဲဆောင်ဖို့အတွက် သေးငယ်လှတဲ့ လုပ်ဆောင်ချက်လေးတစ်ခု ဖြစ်လို့ပါပဲ။

“...ငါ လည်း ပထမနှစ် ညီမလေးတွေကို ကလပ်ထဲ ခေါ်ယူနိုင်ပါ့မလား မသိဘူးနော်”

“ဟားဟား”

ဒေးမြောင် က အူကြောင်ကြောင် အပြုံးမျိုးနဲ့ လက်ကို ခါယမ်းရင်း နောက်ပြောင်လိုက်တာ ဖြစ်ပေမဲ့လည်း မာရူးကတော့ အဲဒီကောင်လေးရဲ့ မျက်လုံးတွေထဲက တကယ့် အတည်ပေါက် ဖြစ်နေတဲ့ အရိပ်အယောင်လေးကို ရိပ်မိလိုက်တာပေါ့။

“ကဲ... အခုတော့ အားလုံးပဲ နေရာမှာ ဝင်ထိုင်လိုက်ကြရအောင်လေ”

ဆရာက စာသင်ခန်းထဲကို တည်ငြိမ်စွာနဲ့ လှမ်းဝင်လာခဲ့တာမို့ မာရူးလည်း ထိုလူ့ဆီကို သေးငယ်လှတဲ့ အပြုံးလေးတစ်ခု ပြုံးပြလိုက်မိတော့တယ်။ သူက သူတို့ရဲ့ အတန်းပိုင်ဆရာ ဖြစ်တဲ့ ဆရာတေးဆစ် ပါပဲ။

“ဒီနေ့က ကိုယ်တို့တွေ ကလပ်အသင်းတွေကို ရွေးချယ်ရမယ့်နေ့ ဖြစ်တာမို့ သေသေချာချာ စဉ်းစားခန်း ဝင်ကြပါဦး။ ကျောင်းမှာ တကယ့်ကို ကြိုးကြိုးစားစားနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် ကလပ်အသင်းတွေ အများကြီး ရှိနေတာလေ။ ဥပမာအားဖြင့်... ပြဇာတ်ကလပ် လိုမျိုး ပေါ့ကွယ်”

ဆရာ တေးဆစ် က မျက်နှာပေါ်မှာ အပြုံးတစ်ခု ဆင်မြန်းရင်း စကားပြောဆိုနေတာမို့ မာရူးလည်း သူ့ကို ကြည့်ပြီး ခေါင်းကိုပဲ ရမ်းပြလိုက်မိတော့တယ်။

* * * * * * * * *

All Chapters