← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း(၁၆၇)

မာရူးကတော့ အတန်းထဲမှာ စာသေချာလိုက်မှတ်နေတယ်လို့ သူ့ကိုယ်သူ ထင်နေခဲ့တာ။ သူ့ဗလာစာအုပ်ပေါ်က သင်္ချာညီမျှခြင်းတွေကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ သူ့ရဲ့ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုက တိုးတက်လာတာ သေချာပေမဲ့ ဒီလိုဟာတွေမှာတော့ သူ ဘယ်လိုမှ အသုံးချလို့ မရဖြစ်နေတာလေ။

“မာရူး၊ တို့တွေ နေ့လယ်စာစားပြီးရင် ကလပ်အခန်းကို သွားကြမှာ မဟုတ်လား”

“ဒါပေါ့”

မာရူးက ဗလာစာအုပ်ကို ပိတ်လိုက်ပြီး ဒေးမြောင် ကို လှမ်းကြည့်လိုက်တယ်။ သူတို့တွေ ပဉ္စမအချိန်ကျရင် ကလပ်ကို ကြော်ငြာဖို့ စီစဉ်ထားကြတာလေ။ ဝူဆောင်းအထက်တန်းကျောင်းမှာ ဒီလိုမျိုး ကြော်ငြာခွင့်ရတဲ့ ကလပ်ဆိုလို့ လက်ချိုးရေလို့ရတဲ့ အနည်းငယ်ပဲ ရှိတာ။ အဲဒီကလပ်အများစုကလည်း နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ ဆုရထားတဲ့ အသင်းတွေပဲ ဖြစ်တယ်။ ပြဇာတ်ကလပ်ကလည်း အတိတ်က အောင်မြင်မှုတွေကြောင့်သာ အခုလို ကြော်ငြာခွင့်ရနေတာ ဖြစ်ပေမဲ့ ဒါက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူးလေ။

“ကွန်ပျူတာအတန်းရဲ့ ပဉ္စမအချိန်က ဟန်ဂျာအချိန်ပဲ။ တို့တွေ ဘယ်လိုလုပ်ကြမလဲ”

“အင်း၊ တို့တွေ ကြိုးစားကြည့်ရမှာပေါ့။ သူတို့က တို့ကို အဲဒီမှာ မရှိစေချင်ဘူးဆိုရင်လည်း ပြန်ထွက်လာခဲ့ရုံပဲလေ”

ဟန်ဂျာဆရာက ပြဇာတ်ကလပ်ကို အရင်ကလိုပဲ မုန်းတီးနေဆဲဆိုတော့ သူတို့တွေ အဲဒီကလပ်ကို ကြော်ငြာနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။

“ကဲ၊ ထမင်းသွားစားကြစို့” လို့ ဒိုဂျင် က နေရာကနေ ထရပ်ရင်း ပြောလိုက်တယ်။

ဒိုဝူး လည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ထရပ်လိုက်တယ်။ ဒီနေ့ သူ့ရဲ့ နေ့လယ်စာက ငါးဟင်းရည် ဖြစ်ပုံရတယ်။ ဒါမှမဟုတ် ငါးနံ့သင်းနေတဲ့ ဟင်းရည်တစ်မျိုးမျိုးလည်း ဖြစ်နိုင်တာပေါ့။ သူတို့တွေ ထမင်းစားဆောင်ဘက်ကို အတူတူ လမ်းလျှောက်သွားကြရင်း ဟိုဘက်ခြမ်းက လာတဲ့ ဒီဇိုင်းအတန်းက ကျောင်းသားတွေနဲ့ ဆုံခဲ့ကြတယ်။

“ကြည့်ရတာ အဆင်ပြေသားပဲ” လို့ ဒိုဂျင် က တိုးတိုးလေး ရေရွတ်လိုက်တယ်။

သူက မိန်းကလေးအုပ်စုထဲမှာ ပါလာတဲ့ ဂွန်ဆော့ ကို မြင်သွားလို့ ဖြစ်ရမယ်။

“ငါတို့ လျှပ်စစ်အင်ဂျင်နီယာ အတန်းကျမှ ဘာလို့ မိန်းကလေး တစ်ယောက်မှ မပါရတာလဲ”

“ဟေ့ကောင်၊ နာမည်ကိုသာ ကြည့်လိုက်စမ်းပါ၊ ယောက်ျားတွေချည်းပဲ ရှိမယ့် နာမည်ကြီးလေ”

မာရူး က ဒီဇိုင်းအတန်းက ကျောင်းသားတွေရဲ့ အနောက်မှာ ကပ်ပါသွားရင်း နောက်ပြောင်လိုက်တယ်။ တေဂျွန်း နဲ့ ဆိုယွန်း တို့လည်း အဲဒီမှာ ရှိနေကြတာကိုး။

“ဟေး တေဂျွန်း၊ မင်းက ငါတို့အုပ်စုထဲက မဟုတ်ဘူးလား” လို့ ဒိုဂျင် က မေးလိုက်တယ်။

“ငါက ထမင်းစားတဲ့ အချိန်ကျမှပဲ ဒီဇိုင်းအတန်းဘက် ရောက်သွားတာလေ။ မင်း မသိဘူးလား”

“ကျွတ် ကျွတ်၊ အဲဒါကြောင့် ကျောင်းတွေမှာ ရည်းစားထားတာကို ခွင့်မပြုသင့်တာ။ ဖြူစင်တဲ့ ပညာရေးမြေပြင်ပေါ်မှာ ဒီလို ရွံစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်နေရတယ်လို့”

ဒိုဂျင် တစ်ယောက် ဆိုယွန်း နဲ့ တေဂျွန်း ကြားထဲကို အတင်းတိုးဝင်ဖို့ ကြိုးစားနေတုန်းမှာပဲ တစ်ယောက်ယောက်က သူ့ရဲ့ ကော်လာကို လှမ်းဆွဲလိုက်တယ်။ အဲဒါက အီဆိုးလ် ပဲ။ သူတို့ မသိလိုက်ခင်မှာတင် သူမက တခြား ကွန်ပျူတာအတန်းက ကျောင်းသားတွေနဲ့အတူ ဒီနေရာကို ရောက်နေခဲ့တာလေ။

“ပျော်စရာကောင်းနေတာကို လာမဖျက်ဆီးစမ်းပါနဲ့”

“အို... အိုကေပါ”

ဒိုဂျင် လည်း အနေရခက်တဲ့ အပြုံးလေးနဲ့ ငြိမ်သွားတော့တယ်။ သူတို့နှစ်ယောက် အတူတူ ရှိနေတဲ့အချိန်ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလေးနဲ့ တူနေတာ။ တက်ကြွနေတဲ့ ဘုရင်မလေးနဲ့ သူ့ရဲ့ လူရွှင်တော်လေးလိုမျိုး မာရူး ရဲ့ ခေါင်းထဲမှာ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်ကို တွဲပြီး မြင်ယောင်ကြည့်လို့ ရနေပြီလေ။

“ဒီနေ့ ပြဇာတ်ကလပ် ကြော်ငြာမယ်ဆိုတာ ကြားတယ်နော်” လို့ အီဆိုးလ် က မေးလိုက်တယ်။

“အင်း၊ ငါတို့ ကောင်လေးသုံးယောက်နဲ့ပေါ့”

အီဆိုးလ် က လက်ပိုက်လိုက်ပြီး ခေါင်းညိတ်ပြတယ်။

“ဂွန်ဆော့ တစ်ယောက်တည်းအတွက်နဲ့တင် မိန်းကလေးတွေ အများကြီး လာကြမှာပါ။ ကံကောင်းပါစေ”

“ကြားရတာ ဝမ်းသာပါတယ်”

သူတို့မှာသာ အီဆိုးလ် ရှိနေရင် ယောက်ျားလေးတွေကို ဆွဲဆောင်ဖို့ လွယ်ကူမှာ ဖြစ်ပေမဲ့ ကလပ်ထဲမှာတောင် မရှိတော့တဲ့သူ တစ်ယောက်ဆီကနေ အကူအညီ တောင်းလို့လည်း မရဘူးလေ။

“အချက်အပြုတ် ကလပ်ကရော ဘယ်လိုနေလဲ။ ဒိုဂျင် ကတော့ တော်တော်လေး သဘောကျနေတာပဲ”

“တကယ် နောက်နေတာ မဟုတ်ဘူး။ စီနီယာတွေထဲက တစ်ယောက်ဆိုရင် မုန့်ဖုတ်လိုင်စင်တောင် ရထားပြီးပြီ။ နောက်တစ်ယောက်ကလည်း တရုတ်စားသောက်ဆိုင်မှာ အလုပ်ရနေပြီလေ။ တို့တွေ အများကြီး သင်ယူရမယ် ထင်တယ်။ တစ်လကို နှစ်ခါလောက်လည်း နာမည်ကြီး စားသောက်ဆိုင်တွေကို သွားလည်ကြဦးမှာ။ တကယ်ကို မိုက်မှာ”

“ကံကောင်းပါစေ။ သူ့ကိုလည်း ငါ့ကိုယ်စား သေချာ ဂရုစိုက်ပေးလိုက်ပါဦး”

အီဆိုးလ် က သူတို့နှစ်ယောက်ကို စိုးရိမ်တကြီးနဲ့ လှမ်းကြည့်နေတဲ့ ဒိုဂျင် ဘက်ကို မေးငေါ့ပြလိုက်တယ်။

“သူ ဘယ်လိုနေလဲဆိုတာ အပေါ်မှာတော့ မူတည်တာပေါ့” လို့ အီဆိုးလ် က ပြုံးဖြီးဖြီးနဲ့ ပြောတယ်။ “အာ... ဆရာမ ကိစ္စကရော ဘာဖြစ်သွားပြီလဲ။ ဆရာမ မီဆို ပြန်လာမှာလား”

“ဆရာ တေးဆစ် ကတော့ မေးကြည့်ပေးပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ ခက်လိမ့်မယ်”

“ဘာဖြစ်လို့လဲ”

“သူမက ပြဇာတ်တစ်ခုမှာ နေရာတစ်ခု ရသွားလို့လေ။ နောက်နှစ်လလောက်နေရင် စင်ပေါ်တက်ရတော့မှာဆိုတော့ သူမရဲ့ အချိန်ဇယားက ဘယ်လိုဖြစ်လာမလဲဆိုတာ မသေချာဘူးဖြစ်နေတာ”

“ဖြစ်နိုင်ပါတယ်။ သူမကလည်း သရုပ်ဆောင် တစ်ယောက်ပဲကိုး”

သူမက အရင်ကလိုမျိုး ကလပ်ကို အချိန်ပြည့် သင်ကြားပေးနိုင်တော့မှာ မဟုတ်လောက်ဘူး။ သူမမှာ ဝါသနာရှိပေမဲ့ အချိန်မရှိဘူး ဖြစ်နေတာလေ။

“ငါတို့ရဲ့ ရန်ပုံငွေတွေလည်း အဖြတ်ခံရမယ် ထင်တယ်”

“မီးလောင်ခဲ့လို့လား”

“သူတို့သာ ငါတို့ကို သဘောကျရင် အစကတည်းက ခန်းမထဲကနေ နှင်ထုတ်ခဲ့မှာ မဟုတ်ဘူးလေ။ ငါတို့တွေ တော်တော်များများ အဖြတ်ခံရဖို့ ရှိတယ်။ ဒါမှမဟုတ် ကလပ်ကို အပြီးတိုင် ဖျက်သိမ်းပစ်တာမျိုးတောင် ဖြစ်နိုင်တယ်”

“ဟူး၊ အခုမှပဲ အဆိုးဆုံးအချိန်ကျမှ ထွက်သွားခဲ့မိလို့ ငါ စိတ်မကောင်း ဖြစ်လာပြီ”

အီဆိုးလ် က ကြမ်းပြင်ကို စိတ်မကောင်းစွာနဲ့ ငုံ့ကြည့်နေတယ်။ သူမ အဲဒီလို ဝမ်းနည်းနေတာကို ကြည့်ရတာ အမြင်မလှပါဘူး။ မာရူး လည်း သူမကို အားပေးတဲ့အနေနဲ့ လက်မောင်းကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်တယ်။

“တို့တွေ အဆင်ပြေအောင် လုပ်ရမှာပေါ့။ ငါက ဂျူနီယာတွေအတွက်ကို ပိုပြီး စိတ်ပူနေတာ။ ကျောင်းသားသစ်တွေ တစ်ယောက်မှ မရခဲ့ရင် လူသုံးယောက်တည်းနဲ့ ဆက်သွားရတော့မှာလေ။ အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူတို့ အနေနဲ့ အနည်းဆုံး လူဆယ်ယောက်တော့ လိုအပ်တယ်။ အဲဒါက ကျောင်းကလပ်တွေရဲ့ စည်းကမ်းပဲလေ။ လိုအပ်တဲ့ လူဆယ်ယောက်ကို မပြည့်ဘူးဆိုရင် ကျောင်းက သူတို့ကို ကလပ်တစ်ခုအနေနဲ့ အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ သူတို့တွေ တော်တော်လေးကို အပြစ်ပေးခံရလိမ့်မယ်။ ဆိုလိုတာက သူတို့ရဲ့ ကလပ်ခန်းပါ ပျောက်ကွယ်သွားမှာကို ပြောတာ။

ကျောင်းမှာ ကိုယ်ပိုင်ကလပ်ခန်း ရှိတဲ့ ကလပ်ဆိုလို့ သိပ်များများစားစား မရှိပါဘူး။ ဂီတ၊ ပြဇာတ်၊ အချက်အပြုတ်နဲ့ ကိုရီးယား ရိုးရာတူရိယာ ကလပ်တွေလောက်ပဲ ရှိတာ။ တခြား ကလပ်တွေကတော့ စနေ၊ တနင်္ဂနွေတွေမှာ အလွတ်ဖြစ်နေတဲ့ စာသင်ခန်းတွေကိုပဲ သုံးကြရတယ်။ ဒီလို အခြေအနေမျိုးမှာ အမြဲတမ်း ကလပ်ခန်းတစ်ခု ရှိနေတာက ကျောင်းသားတွေအတွက် တကယ့်ကို ကြီးမားတဲ့ အားသာချက်တစ်ခုပဲ။ ဒါက သူတို့ရဲ့ အခြေချရာ နေရာလေးလေ။ ကလပ်ခန်းကို ဆုံးရှုံးလိုက်ရတာက ပြဇာတ်ကလပ်အတွက် နည်းလမ်းပေါင်းစုံနဲ့ အများကြီး ထိခိုက်နစ်နာစေလိမ့်မယ်။ အဲဒီထဲမှာမှ ပြဇာတ်ပစ္စည်းတွေက အကြီးမားဆုံး ပြဿနာပဲ။ အဲဒီပစ္စည်းတွေ အကုန်လုံးကို သိမ်းဆည်းဖို့ အနီးအနားမှာ နေရာက လုံးဝ မရှိဘူးလေ။

“တို့တွေ အနည်းဆုံး လူသုံးယောက်တော့ သေချာပေါက် လိုအပ်တယ်”

အရင် ဒုတိယနှစ်တွေက ကလပ်နဲ့အတူ ဆက်ပြီး အလုပ်မလုပ်ကြတော့ပေမဲ့ သူတို့ရဲ့ နာမည်တွေကတော့ စာရင်းထဲမှာ ရှိနေသေးတယ်။ ဂျောင်ဟော့ခ် ကတော့ သူတို့ရဲ့ အခြေအနေကို ကြားပြီးတဲ့နောက်မှာ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ကလပ်စာရင်းထဲမှာ ဒုတိယနှစ်... အာ မဟုတ်ဘူး၊ တတိယနှစ် လေးယောက် ရှိနေပြီး ဒုတိယနှစ် သုံးယောက် ရှိနေသေးတာပေါ့။ သတ်မှတ်ချက် ပြည့်မီဖို့အတွက် သူတို့ နောက်ထပ် ကျောင်းသား သုံးယောက် ထပ်လိုသေးတယ်။

“ငါတို့ သုံးယောက်တော့ ရမှာပါနော်” လို့ ဒေးမြောင် က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

မာရူး က ပခုံးတွန့်ပြလိုက်တယ်။

“အဲဒီလိုပဲ မျှော်လင့်ရတာပေါ့၊ ဒါပေမဲ့ ဘယ်သူက သိနိုင်မှာလဲ”

ဖြစ်လာနိုင်ခြေ အားလုံးကို ကြိုတွေးထားတာက အမြဲတမ်း ကောင်းပါတယ်။ မာရူး က သူ့အတန်းထဲက သူငယ်ချင်းအချို့ကို စဉ်းစားကြည့်လိုက်တယ်။ သူတို့တွေက ကလပ်တွေမှာ မပါဝင်ချင်ကြတဲ့ ကလေးတွေလေ။ သူတို့နာမည်ကိုသာ ကလပ်စာရင်းထဲ ထည့်ပေးမယ်ဆိုရင် ဂိမ်းဆိုင်သွားခွင့်ပေးမယ်လို့ သူက ပြောလိုက်ရင် သူတို့က စာရင်းထဲ နာမည်ထည့်ပေးကြမှာပဲ။ မာရူး အနေနဲ့ ဒါနဲ့ ပတ်သက်ပြီး ဆရာ တေးဆစ် နဲ့တော့ သေချာပေါက် ဆွေးနွေးရမှာ ဖြစ်ပေမဲ့ ဆရာကလည်း ခွင့်ပြုပေးလောက်ပါတယ်။ ဒါက ကျောင်းစည်းကမ်းနဲ့ မညီပေမဲ့ သူတို့ကလည်း အဲဒါတွေကို ဂရုစိုက်နေနိုင်တဲ့ အခြေအနေမှာမှ မရှိတော့တာ။

“သူတို့တွေ သေချာပေါက် လာကြမှာပါ” လို့ ဒိုဂျင် က သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့ ကြိုးစားရင်း ပြောလိုက်တယ်။

“ဒါက ဘာလဲ”

“ကြော်ငြာစာသားတွေလေ”

မာရူး က ဂွန်ဆော့ ကို စာရွက်တစ်ရွက် လှမ်းပေးလိုက်တယ်။ အဲဒီအပေါ်မှာ ဒေးမြောင် စဉ်းစားထားတဲ့ စာသားတွေ ပါနေတာပေါ့။ ဂွန်ဆော့ ကတော့ ဒါကို တော်တော်လေး ကလေးဆန်တယ်လို့ ထင်နေပုံရပေမဲ့လည်း အစအဆုံးတော့ လိုက်ဖတ်ကြည့်နေခဲ့တယ်။

“အနည်းဆုံး လူသုံးယောက်ပေါ့။ ပိုများရင်တော့ ပိုကောင်းတာပေါ့”

“သုံးယောက်ကတော့ အလွယ်လေး ရမှာပါ။ အကုန်လုံးကလည်း မိန်းကလေးတွေချည်းပဲ ဖြစ်ရမယ်”

ဂွန်ဆော့ က ယုံကြည်မှု အပြည့်နဲ့ ပြုံးနေတယ်။ ဒီကောင်လေး အနားမှာ ရှိနေတာက တော်တော်လေး စိတ်အေးရပါတယ်။ စရိုက်ကို ဘေးဖယ်ထားလိုက်ရင် သူက တကယ့်ကို ချောမောတဲ့သူလေ။

“ငါက ဒေးမြောင် နဲ့ လူရွှင်တော် တွဲလုပ်မယ်။ မင်းကတော့ ငါတို့ စကားတွေရဲ့ အနောက်မှာ အလေးအနက်ဖြစ်အောင် ဝင်ပြောပေးရမယ်”

ဂွန်ဆော့ က ခေါင်းညိတ်ပြလိုက်တော့ မာရူး က ဒေးမြောင် ဘက်ကို ပြုံးပြုံးလေး လှည့်ကြည့်လိုက်တယ်။ အဲဒီကောင်လေးက ဂွန်ဆော့ ရဲ့ စရိုက်ကို အသေအချာ သိထားပြီးသားမို့လို့ ဒီဇာတ်ညွှန်းကို ရေးထားတာကိုး။

“ကဲ၊ သွားကြစို့”

မနှစ်တုန်းကတော့ သူတို့တွေက ကလပ်ထဲကို ဖြားယောင်းသွေးဆောင်ပြီး အခေါ်ခံခဲ့ရတဲ့ သူတွေပေါ့။ ဒီနှစ်မှာတော့ သူတို့က ကလပ်ကို ကြော်ငြာပေးဖို့ ကျန်ရစ်ခဲ့တဲ့သူတွေ ဖြစ်နေပြီ။ သူတို့ အနေနဲ့ ပထမနှစ် ကျောင်းသားတွေကို တတ်နိုင်သလောက် အများကြီး ဆွဲသွင်းဖို့ လိုအပ်နေပြီး သူတို့ရဲ့ ပထမဆုံး ပစ်မှတ်ကတော့ စက်မှုအင်ဂျင်နီယာ အတန်းပဲ။ သူတို့က တံခါးကို ခပ်ဖွဖွလေး ခေါက်ပြီး ဖွင့်လိုက်တဲ့အခါ ဆရာက သူတို့ကို မှတ်မိသွားပြီး အထဲဝင်လာဖို့ လက်ဟန်ပြလိုက်တယ်။ ဆရာက လက်ပိုက်ပြီး ထိုင်နေတာကို မြင်တာနဲ့ တစ်ပြိုင်နက် မာရူး လည်း သူ့ရဲ့ အပြောတွေကို စတင်လိုက်တော့တယ်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်တို့ကတော့ ဝူဆောင်း အထက်တန်းကျောင်းရဲ့ မိုးပြာရောင် ပြဇာတ်ကလပ်က ဖြစ်ပါတယ်”

အစကတည်းက အားပါပါနဲ့ စတင်လိုက်တာက ပိုကောင်းတာပေါ့။

မာရူး က အနောက်က တံခါးကို ပိတ်လိုက်ရင်း မေးလိုက်တယ်။

“နောက်တစ်ခုကရော”

“ဒီဇိုင်း အတန်းလေ”

“ဟူး”

ဒေးမြောင် တစ်ယောက် စိုးရိမ်တကြီးနဲ့ ရေတစ်ငုံ သောက်လိုက်တယ်။ သူက အခုထက်ထိ မိန်းကလေးတွေနဲ့ ပတ်သက်လာရင် ခုခံနိုင်စွမ်း မရှိသေးဘူးလေ။ အခြားတစ်ဖက်မှာတော့ ဂွန်ဆော့ က ယုံကြည်မှုရှိတဲ့ အမူအရာနဲ့ အတန်းရှေ့ကို တက်လှမ်းသွားတယ်။ သူတို့တွေ အခုဆိုရင် အတန်း ခြောက်တန်းလောက်ကို လှည့်ပြီးသွားပြီ။ စက်မှု၊ လျှပ်စစ်၊ ကွန်ပျူတာ အင်ဂျင်နီယာ အတန်းတွေပေါ့။ အဲဒီအတန်းတွေ အကုန်လုံးက ယောက်ျားလေးတွေနဲ့ပဲ ပြည့်နေတာဆိုတော့ သူတို့ ရရှိခဲ့တဲ့ တုံ့ပြန်မှုတွေကလည်း လုံးဝကို စိတ်ဝင်စားစရာ မကောင်းခဲ့ဘူး။

ကျောင်းသားတစ်ယောက်က သူတို့ကို 'ချောချောလှလှ စီနီယာအစ်မတွေ ရှိလား' လို့ မေးတဲ့အခါ မာရူး ပြောနိုင်ခဲ့တာဆိုလို့ 'ချောမောလှပတဲ့ ဂျူနီယာလေးတွေ ဝင်လာတော့မှာပါ' ဆိုတာပဲ ရှိတာ။ အင်ဂျင်နီယာကျောင်းပီပီ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့ အနေနဲ့ မိန်းကလေးတွေ လိုအပ်နေတာလေ။ အခုမှပဲ ဟိုးအရင်တုန်းက ယွန်းဂျုံ နဲ့ ဒန်မီ တို့ ဘာလို့ ကလပ်ကို ကြော်ငြာခဲ့ရလဲဆိုတာကို မာရူး နားလည်သွားတော့တယ်။

'မိန်းကလေး တစ်ယောက်က ယောက်ျားလေး ရတာထက် ပိုကောင်းတယ်'

အဲဒါက တကယ့်အမှန်တရားပါပဲ၊ အနည်းဆုံးတော့ သာမန် အထက်တန်းကျောင်းသားလေး တစ်ယောက်အတွက်ပေါ့။

“တို့တွေ မိန်းကလေး ဝတ်စုံ ပြောင်းဝတ်ကြရအောင်”

“ဘာ… ဘာပြောတယ်”

“ငါ နောက်နေတာပါကွာ”

“အဲဒီလောက်ကြီး အတည်ပေါက်နဲ့ မပြောစမ်းပါနဲ့၊ ငါ တကယ် အဟုတ်မှတ်သွားတာ”

မာရူး က နောက်ထပ် အတန်းတံခါးကို မခေါက်ခင် ဒေးမြောင် ရဲ့ ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်တယ်။ အထူးသဖြင့် ဂွန်ဆော့ ရဲ့ ရုပ်ရည်နဲ့ စကားပြောစွမ်းရည်တွေကို ထည့်စဉ်းစားကြည့်ရင် ဒီနေရာမှာ သူ သေချာပေါက် ကောင်းကောင်း လုပ်နိုင်ဖို့ လိုအပ်တယ်။ ဒီခေတ်ကြီးမှာ ပြဇာတ်ကို စိတ်ဝင်စားတဲ့ ကျောင်းသား သိပ်မရှိတော့ဘူးဆိုတာကို ထည့်တွက်ရင် ဒါတွေကပဲ သူတို့ အားကိုးလို့ရတဲ့ တစ်ခုတည်းသော အရာနှစ်ခု ဖြစ်နေတာကိုး။

“အထဲဝင်လာခဲ့ကြ”

ဆရာ့စကားကြောင့် သူတို့ တံခါးကို ဖွင့်လိုက်တဲ့အခါ ပထမနှစ် ကျောင်းသားတွေ အကုန်လုံးက သူတို့သုံးယောက်ကို ကြောင်တောင်တောင်နဲ့ လှမ်းကြည့်လာကြတယ်။

'ဒီနှစ်မှာလည်း ဒီဇိုင်းအတန်းက ကောင်လေးတွေဟာ ကျွန်တွေ ဖြစ်ရဦးမှာပေါ့လေ'

မိန်းကလေးနဲ့ ယောက်ျားလေး အချိုးက ရှစ်ဆ၊ နှစ်ဆ ဖြစ်နေတာ။ ဒီလို အခြေအနေမျိုးတွေမှာဆိုရင် ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ လက်အောက်မှာ ငုံ့ခံကြရတာချည်းပဲ။ ကောင်လေးတွေအနေနဲ့ မိန်းကလေးတွေ ကြားထဲက နိုင်ငံရေးကို သေချာ နားမလည်ထားဘူးဆိုရင် သူတို့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ အသေအလဲ အနင်းခံရတတ်တယ်။ ဒီထဲက လက်ရွေးစင် ကောင်လေး အနည်းငယ်လောက်ကပဲ မိန်းကလေးတွေ ဝန်းရံလျက်နဲ့ ပျော်စရာကောင်းတဲ့ အထက်တန်းကျောင်းသား ဘဝကို ဖြတ်သန်းနိုင်ကြမှာ။ ကျန်တဲ့သူတွေကတော့ အစက ပြောခဲ့သလိုပဲ ကျွန်တွေပေါ့။

မာရူး က ဂွန်ဆော့ ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ မိန်းကလေး အများစုက အဲဒီကောင်လေးကို ဝိုင်းကြည့်နေကြပြီလေ။

“မင်္ဂလာပါ ညီလေး၊ ညီမလေးတို့”

ဂွန်ဆော့ က နှုတ်ဆက်ရင်း ရှေ့ကို တက်သွားတော့ မာရူး နဲ့ ဒေးမြောင် လည်း သူ့အနောက်ကနေ ကပ်ပါသွားကြတယ်။ အမှားတစ်ခုခုတော့ မလုပ်မိပါစေနဲ့၊ အမှားမလုပ်မိပါစေနဲ့။ ဒီနေရာမှာ ဒေးမြောင် ရဲ့ အစီအစဉ်က တကယ့်ကို ရိုးရှင်းပါတယ်။ ချောမောတဲ့ ကောင်လေးတစ်ယောက်နဲ့ ငတုံး၊ ငအ နှစ်ယောက်ပေါ့။ ဂွန်ဆော့ က သူတို့ရှေ့မှာ စကားပြောနေတုန်းမှာ သူတို့က ရူးကြောင်ကြောင် မျက်နှာပေးနဲ့ စည်းချက်ကျကျ ကခုန်ပြနေကြတာ။ ကံကောင်းထောက်မစွာနဲ့ပဲ တုံ့ပြန်မှု ကောင်းကောင်း ရခဲ့တယ်။ မိန်းကလေးတွေ အကုန်လုံးက ပြုံးနေကြတာကိုး။

“ကျွန်တော့် အနောက်က လူတွေအတွက်တော့ စိတ်မပူပါနဲ့။ သူတို့က ကလပ်ရဲ့ ဆိုင်းဘုတ်တွေလိုမျိုး ဖြစ်နေလို့ပါ”

ဂွန်ဆော့ က ဒေးမြောင် ရဲ့ ဇာတ်ညွှန်းအတိုင်း ဆက်ပြောသွားတယ်။ သူက တကယ့်ကို သေသပ်တာပဲ။ နောက်ဆုံးမှာတော့ ဒါကလည်း သရုပ်ဆောင်တာ တစ်မျိုးပါပဲလေ။ သူက တည်ငြိမ်တဲ့ အသံနဲ့ လူတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်တယ်။ အခုဆိုရင် အတန်းတစ်ခုလုံးရဲ့ အာရုံက သူတို့ဆီကို ရောက်နေပြီဆိုတာကို သတိထားမိလိုက်တော့ မာရူး လည်း ဒေးမြောင် ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့ ရူးကြောင်ကြောင် မျက်နှာပေးတွေက လေထုကို ပေါ့ပါးသွားစေဖို့ သက်သက်သာ ဖြစ်ပြီး အခုချိန်မှာတော့ ဒါတွေက သိပ်ပြီး မလိုအပ်တော့ဘူးလေ။

သူတို့နှစ်ယောက်လုံးက အတည်ပေါက် မျက်နှာပေးတွေဆီကို ပြန်ပြောင်းသွားကြတယ်။ ဂွန်ဆော့ က ပြဇာတ်ကလပ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို စတင် ရှင်းပြတယ်။ ကလပ်မှာ အလုပ်လုပ်ရတာ ခက်ခဲလိမ့်မယ်ဆိုတာကို ကြားတော့ ကျောင်းသားတချို့က မျက်မှောင်ကြုတ်သွားကြပေမဲ့ ဒါကလည်း နားလည်ပေးလို့ ရပါတယ်။ ဘယ်သူကမှ ခက်ခဲတဲ့ အရာတစ်ခုအတွက် အချိန်နဲ့ ခွန်အားတွေကို အကုန်မခံချင်ကြဘူးလေ။

“ဒါပေမဲ့ စင်ပေါ်မှာ လက်ခုပ်တီး အားပေးခံရတဲ့ အချိန်မှာ ရရှိလာတဲ့ ပျော်ရွှင်မှုကိုတော့ တခြား ဘယ်အရာနဲ့မှ လဲလှယ်လို့ မရနိုင်ပါဘူး။ စိတ်ခံစားမှု ပေါက်ကွဲထွက်ခြင်း ဆိုတဲ့ စကားလုံးကို သိကြတယ် မဟုတ်လား။ အဲဒီအချိန်မှာ ခံစားရတဲ့ ခံစားချက်က ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့ အရာပဲ။ အဲဒါကို ဘယ်အရာနဲ့မှ လဲလို့ မရဘူး။ ပြဇာတ်ကလပ်က တကယ်ကို ခက်ခဲတာ အမှန်ပါပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီတစ်ခုကို ကျွန်တော် အာမခံနိုင်ပါတယ်။ ကျွန်တော်တို့ ကလပ်မှာ ဖြတ်သန်းရမယ့် မင်းတို့ရဲ့ တစ်နှစ်တာ အချိန်လေးဟာ အထက်တန်းကျောင်းရဲ့ တခြား အရာအားလုံးထက်ကို ပိုပြီး လွှမ်းမိုးသွားလိမ့်မယ် ဆိုတာကိုပါပဲ”

ဂွန်ဆော့ က အသက်ရှူဖို့အတွက် နောက်ကို တစ်လှမ်း ဆုတ်လိုက်တယ်။ မာရူး မျှော်လင့်ထားတဲ့အတိုင်းပဲ ဂွန်ဆော့ ရဲ့ အပိုင်းက ဒီမှာတင် ပြီးဆုံးသွားပြီ။ အတန်းထဲက စိုးရိမ်တကြီး ဖြစ်နေတဲ့ လေထုကတော့ ရှိနေဆဲပါပဲ။ မာရူး က ဒေးမြောင် ကို လှမ်းကြည့်လိုက်တော့ ကောင်လေးက တော်တော်လေး ကျေနပ်နေပုံရတယ်။

“အဓိကအချက်ကတော့ မင်းတို့တွေ ပြဇာတ်အပေါ်မှာ အလေးအနက်ထားသရွေ့ ဘာတစ်ခုမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူးဆိုတာပါပဲ။ ပြဇာတ်ကလပ်ရဲ့ ကလပ်ခန်းက လေးထပ်မှာ ရှိပြီး ဗဟိုလှေကားရဲ့ ဘယ်ဘက်တည့်တည့်မှာပါ။ စနေနေ့အထိ စာရင်းလာပေးလို့ ရတာမို့လို့ ကျေးဇူးပြုပြီး လာလည်ကြပါဦးနော်”

တကယ့်ကို သပ်ရပ်လှတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ဂွန်ဆော့ က ဒီလို ကိစ္စမျိုးတွေမှာတော့ ယုံကြည်ရတဲ့သူပါ။ ဒေးမြောင် ကလည်း ကလပ်နဲ့ ပတ်သက်တဲ့ စာရွက်တွေကို စတင် ဝေငှပေးနေပြီ။

“ကျေးဇူးပြုပြီး တစ်ချက်လောက် ဖတ်ကြည့်ပေးကြပါ၊ စိတ်ဝင်စားတယ်ဆိုရင်လည်း လာခဲ့ကြပါဦး။ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် လှပနေဖို့ မလိုပါဘူး။ စိတ်ဝင်စားမှု ရှိနေသရွေ့ အားလုံး အဆင်ပြေပါတယ်။ ပြောချင်တာက ကျွန်တော့်ကိုပဲ ကြည့်လိုက်လေ”

ဒေးမြောင် က သူ့ရဲ့ နောက်ဆုံးစကားကို မပြောခင် ပြုံးလိုက်တယ်။

“တို့တွေ အတူတူ ပြဇာတ်တစ်ခု ဖန်တီးကြရအောင်လေ”

သူတို့တွေ လှည့်ပတ် ကြည့်ရှုလို့ ပြီးသွားတဲ့ အချိန်မှာတော့ ပဉ္စမအချိန်က ပြီးလုနီးပါး ဖြစ်နေပြီ။ မာရူး လည်း သူ့ရဲ့ လည်ပင်းကို ဘယ်ညာ ချိုးလိုက်ရင်း အတန်းထဲက သူ့နေရာကို ပြန်ရောက်လာခဲ့တယ်။

“ဘယ်လိုနေလဲ” လို့ ဒိုဂျင် က မေးလိုက်တယ်။

မာရူး က လက်မ ထောင်ပြလိုက်တယ်။

“လောလောဆယ်တော့ ငါ ကျေနပ်ပါတယ်။ သူတို့ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကိုတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ ဒေးမြောင် ကတော့ အခြေအနေတွေကို တကယ့်ကို ကောင်းကောင်း ဖန်တီးနိုင်ခဲ့တယ်။ ဂွန်ဆော့ ကလည်း သေသေချာချာ လုပ်နိုင်ခဲ့တာပဲ”

“ငါက သိပ်ပြီး အများကြီး မလုပ်ခဲ့ပါဘူး” လို့ ဒေးမြောင် က ရှက်ကိုးရှက်ကန်း ပြုံးရင်း ပြောတယ်။

“ဒါနဲ့ သူတို့ကရော ဘယ်လိုနေလဲ”

“ဘယ်သူတွေလဲ”

“ပထမနှစ်တွေလေ။ သူတို့တွေ ချောရဲ့လား”

မာရူး က ဒိုဂျင် ကို ခဏလောက် ကြည့်နေပြီးမှ အီဆိုးလ် ဆီကို စာပို့လိုက်တယ်။ အတိအကျ တစ်မိနစ်အကြာမှာပဲ ကောင်မလေးက အတန်းထဲကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရောက်လာခဲ့တာပေါ့။ ဒိုဂျင် ကို ရှင်းလင်းပြီးတဲ့နောက်မှာ မာရူးက နာရီကို လှမ်းကြည့်လိုက်တယ်၊ ငါးနာရီ ထိုးဖို့အတွက် သုံးနာရီ အချိန်လိုပါသေးတယ်။ ကျောင်းဆင်းရင် ကျောင်းသား ဘယ်နှစ်ယောက်လောက် သူတို့ဆီ လာလည်ကြမှာပါလိမ့်

“မင်းကတော့ တကယ့် အရူးပဲ၊ ကိုယ့်ဘာသာ အလုပ်ရှုပ်အောင် လုပ်ရတာကို တအား သဘောကျနေတာ မဟုတ်လား” လို့ ဒိုဝူး က သူ့စားပွဲပေါ်ကို မှောက်ချလိုက်ရင်း ပြောလိုက်တယ်။

မာရူး လည်း အဲဒီကောင်လေးဆီကို ဘောပင်တစ်ချောင်း လှမ်းပေါက်လိုက်တယ်။

“လူဘယ်နှစ်ယောက်လောက်များ လာကြမလဲ မသိဘူးနော်” လို့ ဒေးမြောင် က စိုးရိမ်တကြီးနဲ့ ပြောတယ်။

“တကယ် စိတ်ဝင်စားတဲ့သူ လေးငါးယောက်လောက်တော့ ရှိတယ်ဆိုတော့ သုံးယောက်လောက်တော့ လာမယ် ထင်တာပဲ”

သူတို့တွေ ဒီဇိုင်းနဲ့ ဓာတုအင်ဂျင်နီယာ အတန်းတွေကနေ တုံ့ပြန်မှု ကောင်းကောင်း ရခဲ့တာလေ။ သူတို့ သုံးယောက်တော့ ရလောက်မှာပါ။ အဲဒီလိုပဲ မျှော်လင့်ရတာပေါ့။

အခန်း(၁၆၈)

“ပြဇာတ်အသင်းလေ”

“ရှေ့က စီနီယာက တကယ်ချောတာ”

“အရပ်ကလည်း ရှည်တယ်”

“ပျော်စရာကောင်းမလား”

“မသိဘူးလေ ဒါပေမဲ့ ဒါက ခက်တယ်လို့ ပြောကြတယ် မဟုတ်လား အရမ်းအချိန်ပေးရတဲ့ ကလပ်လေ”

“အင်း... ဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါး တစ်ခုခုပဲ ရွေးလိုက်ရင် ကောင်းမလား”

“ဖြစ်နိုင်တာပေါ့”

“မင်းတို့တွေကော သွားကြည့်ဦးမှာလား ပြဇာတ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်ထင်တယ်”

“သွားကြမလား”

ကျောင်းဆင်းတဲ့အခါ အဲဒီမိန်းကလေးတွေက ပြဇာတ်အသင်းကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့က အသင်းဝင်ချင်တာမျိုးတော့ မဟုတ်ဘူး ဒါပေမဲ့ စိတ်ဝင်စားလို့ တစ်ချက်သွားကြည့်ချင်နေတာပါ။ ပြဇာတ်... သူတို့တွေက ဒါက ဘာလဲဆိုတာကို သိချင်နေကြတာ။

“လီဂျီယွန်း... လိုက်မလား”

သူတို့တွေက ပြတင်းပေါက်နားမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဂျီယွန်း ဆီကို လှည့်ကြည့်လိုက်တယ်။ သူတို့တွေက တစ်ပတ်လုံး အတူရှိနေခဲ့ကြတာမို့ တစ်ယောက်နဲ့တစ်ယောက် အတော်လေး ရင်းနှီးနေကြပြီလေ။ အခုဆိုရင် တစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာကို အားလုံးက သိနေကြပြီ။ ယောက်ျားလေးဆန်တဲ့သူ၊ စကားများတဲ့သူ၊ တခြားသူတွေအကြောင်း နောက်ကွယ်ကနေ ပြောရတာ ဝါသနာပါတဲ့သူတွေပေါ့။ အဲဒီအထဲမှာ ဂျီယွန်း ကတော့ 'ငြိမ်တဲ့ကောင်မလေး' အဖြစ် သတ်မှတ်ခံထားရတာ။

“ငါလည်းလား” ဂျီယွန်း က တိုးတိုးလေး မေးလိုက်တယ်။

မိန်းကလေးတွေက သူ့ကို ဝိုင်းထားပြီး ပြုံးပြလိုက်ကြတော့ ဂျီယွန်း က အံ့ဩသွားပြီး မျက်လုံးအဝိုင်းသားလေး ဖြစ်သွားတယ်။ သူမက အခုဆိုရင် အထက်တန်းကျောင်းသူတစ်ယောက်ထက်တောင် ကလေးတစ်ယောက်နဲ့ ပိုတူနေသေးတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်း၊ ပြီးတော့ အရပ်သေးသေးလေးနဲ့ ဆံပင်တိုတိုလေးဆိုတော့ အတန်းထဲမှာ 'လုံးလုံးလေး' လို့တောင် ခေါ်နေကြတာ။

“အေးလေ မင်းပဲပေါ့ မင်း အလုပ်ရှုပ်နေလို့လား”

“မရှုပ်ပါဘူး”

ဂျီယွန်း က ခေါင်းခါပြလိုက်တယ်။

“ဒါဆို သွားကြမယ်လေ”

ဒီကလေးမလေးက တကယ်ကို ချစ်ဖို့ကောင်းတယ် သူကတော့ ဘယ်သူမဆို ဂရုစိုက်ချင်အောင် လုပ်ထားတဲ့သူမျိုးပဲ။

“ငါ့မှာ ဂျီယွန်း လို ညီမလေးမျိုး ရှိရင် ကောင်းမှာပဲ”

“အဝတ်အစားတွေ ဝယ်သွားလို့ရအောင်လေ”

“ဟေ့ ဟေ့ ရပ်စမ်းပါ ညီအစ်မတွေဆိုတာ မွေးကတည်းက ရန်သူတွေပဲလေ ငါဆိုရင်တော့ ဂျီယွန်းလို သမီးလေးပဲ လိုချင်တယ်”

မိန်းကလေးတွေက ရယ်မောနေကြတဲ့အခါ ဂျီယွန်း က ရှက်သွားပုံရပြီး ခေါင်းငုံ့သွားတယ်။

“ဟေ့ ဂျီယွန်း... အမေက သဘောကောင်းပါတယ် အမေ့သမီး လုပ်မလား”

ဂျီယွန်း က ခေါင်းခါပြလိုက်တော့ မိန်းကလေးတွေအားလုံး တဟားဟားနဲ့ ရယ်မောလိုက်ကြတယ်။

“အော်... အတန်းချိန် စတော့မှာပဲ”

နာရီကို ကြည့်လိုက်ကြပြီးနောက် သူတို့အားလုံး ခုံတွေဆီ ပြန်သွားကြတယ်။

* * * * * * * * *

ဂျီယွန်း က စာရွက်ကို စားပွဲပေါ်ချလိုက်ပြီး ပြဇာတ်အသင်းဆိုတဲ့ စာလုံးတွေကို သေချာလေး ပွတ်သပ်ကြည့်လိုက်တယ်။ စက္ကူရဲ့ အထိအတွေ့ကို သူမရဲ့ လက်ချောင်းလေးတွေနဲ့ ခံစားမိနေတယ်။

'ဒါက... အဲဒီပြဇာတ်အသင်းပဲ'

ဂျီယွန်း က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သူငယ်ချင်းတွေနဲ့ အန်ယန်းက ပြည်သူ့ခန်းမမှာ ပြဇာတ်တစ်ခု သွားကြည့်ဖူးတယ်။ သူမက ပြဇာတ်ကို စိတ်မဝင်စားပါဘူး သူငယ်ချင်းရဲ့ အစ်မက ပါဝင်သရုပ်ဆောင်တာမို့ သူငယ်ချင်းရဲ့ အကူအညီတောင်းမှုကို ငြင်းလို့မရလို့သာ သွားကြည့်ခဲ့တာပါ။

ရာသီဥတုက အတော်လေး အေးတယ်လို့ သူမ မှတ်မိနေတယ်။

* * * * * * * * *

သူငယ်ချင်းကလည်း တခြားသူငယ်ချင်းတွေကို အများကြီး ခေါ်လာတာမို့ ဂျီယွန်း ကတော့ ဆူညံသံတွေကို သိပ်မကြိုက်ပါဘူး။ သူငယ်ချင်းက ကြည့်ခိုင်းလို့သာ သူမက နောက်ဆုံးမှာ ထိုင်စောင့်နေခဲ့တာပါ။ ကံကောင်းတာက သူငယ်ချင်းရဲ့ အစ်မရဲ့ ပြဇာတ်က ပထမဆုံး အစီအစဉ်ဖြစ်နေလို့ အကြာကြီး စောင့်စရာ မလိုခဲ့ဘူး။

“လူတွေ အများကြီးပဲ”

“ဟယ် ငါ အဲဒီလူကို သိတယ် ရုပ်မြင်သံကြားထဲမှာ တွေ့ဖူးတယ်”

“ငါလည်း တွေ့ဖူးတယ်”

အဲဒါက ထူးဆန်းတဲ့ ခံစားချက်မျိုးပဲ။ အထက်တန်းကျောင်း ပြိုင်ပွဲလို့ ကြားပေမဲ့ လူတွေက အများကြီးပဲ။ အဲဒီလိုပဲ ဖြစ်နေကြတာလား။ ပြဇာတ်စတော့ ဂျီယွန်းက အသက်ရှူရတာတောင် ရပ်သွားတယ်။ သူမက နောက်ဆုံးခုံမှာ ထိုင်နေရလို့ သရုပ်ဆောင်တွေရဲ့ မျက်နှာကို မမြင်ရပေမဲ့ အဆုံးမှာတော့ အဲဒါက သူမအတွက် အရေးမကြီးတော့ပါဘူး။ စင်ပေါ်မှာ လူတွေ ဟိုဟိုဒီဒီ သွားလာနေတာကို ကြည့်ပြီး သူမထက် အသက်မကြီးတဲ့ လူတွေက အဲဒီလိုမျိုး သရုပ်ဆောင်နေတာကို ကြည့်ရတာ တကယ့်ကို အံ့ဩဖို့ကောင်းတာပါ။

မီးတွေ ပိတ်လိုက်ပြီး ဂီတသံတွေ ပြောင်းသွားတိုင်း စင်ပေါ်မှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဂျီယွန်း ကတော့ အဲဒီအချိန်တိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ ရုပ်ရှင်ကြည့်ရတာနဲ့ လုံးဝ မတူဘူး။ သူမက စင်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေမိတယ်။ ဇာတ်ဝင်ခန်းတစ်ခု အဆင်ပြေသွားရင် ဝမ်းသာအားရနဲ့ လက်ခုပ်တီးမိပြီး သရုပ်ဆောင်တွေ မှားလိုက်တိုင်းမှာလည်း လက်သီးကို တင်းတင်းဆုပ်ထားမိတယ်။ ပြဇာတ်ပြီးသွားတဲ့အချိန်မှာတော့ သူမ တကယ်ကို ပင်ပန်းသွားတယ်။

“တော်သေးတာပေါ့ ပြဇာတ်ပြီးသွားပြီ သွားရအောင်ကွာ ငါ တစ်ခုခု ဝယ်ကျွေးမယ်”

ဂျီယွန်း ရဲ့ သူငယ်ချင်းတွေ ထွက်သွားတဲ့အခါ ဂျီယွန်း ကတော့ အထဲကို ပြန်ဝင်သွားတယ်။ သူတို့တွေ သူမကို မေ့သွားကြလိမ့်မယ်လို့ သူမ ထင်လိုက်တယ်။ ပြီးတော့ သူမ ရင်ထဲက ဒီစိတ်လှုပ်ရှားမှုတွေကို ထွက်သွားစေချင်ဘူး။ သူမက ပြဇာတ်ရုံရဲ့ နောက်ဆုံးခုံမှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။ ရှေ့ကို သွားချင်ပေမဲ့ ထိုင်ခုံတွေက ပြည့်နေတယ်။ မီးတွေ မြန်မြန် ပိတ်သွားပြီး နောက်ထပ် ပြဇာတ်စတယ်။ နောက်ထပ် ပြဇာတ်က ဘာလဲ။ သူမ စင်ကို ကြည့်လိုက်တော့ ဝူဆောင်းအင်ဂျင်နီယာအထက်တန်းကျောင်းဆိုတဲ့ နာမည်ကို မြင်လိုက်ရတယ်။ သူမ အံ့ဩသွားတယ် အဲဒါက သူမ တက်ရမယ့် ကျောင်းလေ။ သူမ စိတ်လှုပ်ရှားပြီး ထိုင်နေတုန်း နောက်မှာ အဘိုးအို နှစ်ယောက်ကို တွေ့လိုက်ရတယ်။ ထိုင်ခုံ လွတ်နေတာကို မြင်ပေမဲ့ သူတို့ကို နေရာပေးသင့်မပေးသင့် သူမ မေးလိုက်တယ်။

“ရပါတယ်”

အဘိုးအိုက သဘောကောင်းတဲ့ လေသံနဲ့ ပြောလိုက်တော့ ဂျီယွန်း က ခေါင်းညိတ်ပြီး ရှေ့ကို ကြည့်လိုက်တယ်။ ပြဇာတ်စတော့မယ်။ အစကတည်းက သူမကို ရယ်မောစေတယ်။ သူမကတော့ ကြေကွဲစရာတွေထက် ဟာသတွေကို ပိုကြိုက်တာကိုး။

'တော်လိုက်တာ'

သူတို့တွေ မတုန်လှုပ်ကြဘူးလား။ လူတွေ အများကြီး ကြည့်နေတာလေ။ သရုပ်ဆောင်တွေက လူတွေရဲ့ အကြည့်အောက်မှာ ဘာအမှားမှ မလုပ်ဘူး ဂျီယွန်း က စင်ပေါ်မှာ သူမကိုယ်သူမ ရုတ်တရက် မြင်ယောင်ကြည့်လိုက်မိတော့ လန့်သွားတယ်။ စိတ်ကူးကြည့်ရုံနဲ့တင် ဒီလောက် ခက်ခဲနေတာ အစစ်အမှန် စင်ပေါ်မှာဆိုရင် ဘယ်လောက်တောင် ခက်ခဲမလဲ။ တော်လိုက်တာ။ သူမ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြဇာတ်ကို ကြည့်နေမိတယ် ပြဇာတ်က ဒီလောက်တောင် ပျော်စရာကောင်းမယ်လို့ သူမ မထင်ထားခဲ့ဘူး။ အရမ်းကို ရင်ခုန်ဖို့ကောင်းတာမို့ သူမ တစ်ခါတုန်းက အသက်ရှူဖို့တောင် မေ့သွားတဲ့အထိ ပြဇာတ်ကို ကြည့်နေမိတယ်။

အဲဒီအချိန်မှာ မီးတွေက ရုတ်တရက် အပြာရောင် ပြောင်းသွားတယ်။ ဇာတ်ကောင်အသစ်တစ်ယောက် ထွက်လာတယ် သူက ရုတ်တရက်ကြီး ထွက်လာတာပါ။ အဲဒီလူက စင်အလယ်ကို ခုန်တက်ပြီး ဦးထုပ်ကို ပစ်မြှောက်လိုက်၊ ဖမ်းလိုက်လုပ်ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူ ဘာလုပ်မလဲဆိုတာကို သူမ စိတ်ဝင်တစား ကြည့်နေမိတယ်။ သူက ပရိသတ်ကို တည့်တည့်ကြည့်ပြီး စကားပြောနေတာကို တွေ့လိုက်ရတော့ သူမ အံ့ဩသွားတယ်။

သူက အရမ်းသဘာဝကျလွန်းတာမို့ ဂျီယွန်း က ပြဇာတ်ပြီးသွားပြီလို့ ထင်သွားတယ် ဒါပေမဲ့ မပြီးသေးဘူး။ စင်ပေါ်က လူက တခြားသရုပ်ဆောင်တွေကို ပျော်စရာကောင်းတဲ့ လေသံနဲ့ ဝေဖန်နေတယ်။ ဂျီယွန်း က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကြည့်ခဲ့တဲ့ ကလေးပြဇာတ်ကို ပြန်တွေးမိသွားတယ်။ ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ဘီလူးတစ်ယောက်နဲ့ မိုက်ခရိုဖုန်းကိုင်ထားတဲ့ အမျိုးသမီးလှလှလေး တစ်ယောက် ထွက်လာခဲ့တယ်။

“ကလေးတို့ အဲဒီဆိုးတဲ့ ဘီလူးကို အနိုင်ယူဖို့အတွက် ကလေးတို့ရဲ့ ခွန်အားတွေ လိုအပ်တယ် ဒီမင်းသမီးလေးကို ကယ်နိုင်မယ့် သူရဲကောင်းတစ်ယောက်ကို ခေါ်ကြရအောင်”

သူမက သူရဲကောင်းကို ရှာရင်းနဲ့ ငိုခဲ့တာ အဲဒီအချိန်ကို သူမ အခုထိ မှတ်မိနေသေးတယ် သူမရဲ့ အမေက အမြဲတမ်း နောက်ပြောင်နေလို့လေ။

အခု စင်ပေါ်မှာ ရှိနေတဲ့လူကို ကြည့်ပြီး အဲဒီအချိန်က အမျိုးသမီးကို ပြန်သတိရသွားတယ်။ ပြဇာတ်ထဲမှာလည်း ပါတယ် ပြဇာတ်ထဲမှာ မဟုတ်တဲ့သူလည်း ဖြစ်နေတယ်။ သူ့မျက်နှာကို မမြင်ရပေမဲ့ သူ ပြုံးနေမှာ သေချာတယ်လို့ သူမ ထင်လိုက်တယ်။

ရှေ့ကနေသာ မြင်ရရင် ကောင်းမှာ...

ခဏလေးနဲ့ပဲ အဲဒီလူက ကုလားကာ နောက်ကို ပျောက်ကွယ်သွားတယ်။ ဇာတ်လမ်းက လူတွေဆီ ပြန်ရောက်သွားတယ်။ ဇာတ်လမ်းက ရပ်သွားသလိုမျိုးပဲ သဘာဝကျကျ ဆက်ဖြစ်နေတယ်။

“ပါရမီရှိတဲ့ ကလေးပဲ”

နောက်က အဘိုးအိုတစ်ယောက် ပြောတာကို သူမ ကြားလိုက်ရတယ်။ သူတို့ကို သေချာ မမြင်ရပေမဲ့ မုတ်ဆိတ်မွေးနဲ့ အဘိုးအိုက ပြောတာ ဖြစ်မှာပါ။ သူတို့တွေက နောက်ကနေ တိုးတိုးလေး ပြောနေကြတာမို့ နာမည်တွေကိုတောင် မနည်းကြားလိုက်ရတယ်။ ချောမင်းနဲ့ မွန်ဂျောင်တဲ့။ ဘာပဲဖြစ်ဖြစ် ဂျီယွန်း ကတော့ အဲဒီအဘိုးအိုရဲ့ စကားကို သဘောတူလိုက်တယ်။ ဘယ်လို ပြောရမှန်း မသိပေမဲ့ စင်ပေါ်ကလူက တကယ်ကို စွမ်းအင်ရှိတာပါ။

* * * * * * * * *

“ဟေ့ စာအုပ်တွေကို ဖွင့်ကြစမ်း”

ဂျီယွန်း က ခေါင်းကို ရုတ်တရက် မော့လိုက်တယ်။ ဆရာက ဘယ်အချိန်ကတည်းက အထဲရောက်နေတာလဲ သူမ စားပွဲပေါ်ကနေ စာအုပ်ကို အမြန်ထုတ်လိုက်တယ်။ ဆဌမချိန်က ဟန်ဂျာ လေ။

“ဘာလို့ အဲဒီဆရာက ပင်ပန်းနေသလို ဖြစ်နေတာလဲ”

“နေမကောင်းလို့ ခွင့်ယူထားတာ အခုမှ ပြန်ရောက်တာတဲ့”

“တကယ်လား နေမကောင်းတာလား”

သူမဘေးက သူငယ်ချင်းတွေ ပြောနေတာကို သူမ ကြားလိုက်ရတယ်။ အဲဒါကို ကြားတော့ ဟန်ဂျာ ဆရာ့အတွက် သူမ နည်းနည်း စိတ်မကောင်း ဖြစ်သွားတယ်။ သူ တကယ် နေမကောင်းတာလား။

“ဟူး”

သူ့လည်ချောင်းလည်း နာနေပုံပဲ။ အို... ဘာလုပ်ရမလဲ သူမ အရမ်း စိတ်ပူသွားတယ်။

“မဟုတ်ပါဘူး စီနီယာတွေဆီက ကြားတာတော့ သူက ကျောင်းရေးရာမှာ အမှားလုပ်မိလို့တဲ့”

“ရေးရာလား”

“အင်း ငါလည်း သေချာတော့ မသိဘူး သူက အရည်အချင်း မရှိတဲ့ ဆရာတဲ့ စီနီယာက ပြောတယ် သူ အလုပ်ပြုတ်ရင်တောင် မအံ့ဩဘူးတဲ့”

“တကယ်လား”

အဲဒီအချိန်မှာ ဟန်ဂျာ ဆရာက လှည့်ကြည့်ပြီး စကားပြောနေတဲ့ ကလေးတွေဆီကို စာအုပ်နဲ့ ပစ်ပေါက်လိုက်တယ်။ စာအုပ်က စားပွဲပေါ်ကနေ ဘောင်ချော်သွားပြီး တစ်ယောက်ယောက်ဆီ ထိသွားတယ်။ ပြဿနာက အဲဒီစာအုပ်က ဂျီယွန်း ဆီကို လွင့်လာတာပါ။

“အတန်းထဲမှာ စကားပြောရတာ ဘယ်သူ့အကြံလဲ”

ဆရာက ကြောက်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ အော်လိုက်တော့ ဂျီယွန်း က လန့်ပြီး တံတွေးကို အမြန် မြိုချလိုက်တယ်။ ဆရာက ကြောက်စရာကောင်းနေတာ။

“ဒီနေ့ခေတ် ကလေးတွေကတော့...”

ဆရာက သူမဆီကို လျှောက်လာတော့ ဂျီယွန်း က အဲဒီနေရာမှာတင် ရပ်တန့်သွားတယ်။ ဆရာက သူမစားပွဲကို မျက်နှာပျက်ပျက်နဲ့ ကန်လိုက်တယ်။

“ကောက်လိုက်လေ မကောက်ချင်ဘူးလား ဟုတ်လား”

“အာ ဟုတ်ကဲ့”

ဂျီယွန်း က စာအုပ်ကို ကောက်ပြီး ဟန်ဂျာ ဆရာ့ကို ပေးလိုက်တယ်။ ဆရာက လျှာသပ်လိုက်ပြီး ဂျီယွန်း ရဲ့ ခေါင်းကို စာအုပ်နဲ့ ရိုက်လိုက်တယ်။

“ဒီနေ့ခေတ် ကလေးတွေတော့ ဆရာတွေကို လေးစားမှု မရှိဘူး ဆရာတွေရဲ့ စေတနာကို အမြဲတမ်း မကောင်းတဲ့ဘက်ကိုပဲ တွေးနေကြတာ မင်းတို့ကြောင့်ပဲ...”

ဂျီယွန်း က မျက်လုံးကို တင်းတင်း မှိတ်ထားလိုက်တယ်။ စာအုပ်က နောက်တစ်ခါ လွင့်လာပြန်တယ်။ အား... နည်းနည်း နာတယ်။

“ထိုင်”

“... ဟုတ်ကဲ့”

“အကြမ်းဖက်မှုအတွက် တိုင်ချင်ရင် တိုင်လိုက်လေ”

ဟန်ဂျာ ဆရာက ကျောက်သင်ပုန်းဆီကို ပြန်သွားတယ်။ ဂျီယွန်း က သူမရဲ့ တုန်ယင်နေတဲ့ လက်တွေကို စားပွဲအောက်မှာ ဝှက်ထားလိုက်ပြီး ငိုတော့မလို ဖြစ်သွားတယ်။

“ဟေ့”

သူမ စိတ်ငြိမ်အောင် လုပ်နေတုန်း အသံတစ်သံ ကြားလိုက်ရလို့ ဂျီယွန်း က အံ့ဩသွားပြီး ခေါင်းမော့လိုက်တယ်။ ဆရာက သူမကို ထပ်ပြီး စိုက်ကြည့်နေတယ်။

“အာရုံစိုက်လိုက်စမ်း လျှောက်မကြည့်နဲ့လေ”

ဂျီယွန်း က စိတ်လှုပ်ရှားပြီး တင်းကျပ်နေတယ်။ သတ္တိသာ ရှိရင်... သူမ စကားပြောတာ မဟုတ်ဘူးဆိုတာကိုသာ ပြောနိုင်ခဲ့ရင်...

အဲဒီအချိန်မှာ စာရွက်တစ်ရွက် သူမရှေ့ကို လွင့်လာတယ်။ သူမဘေးကို လှည့်ကြည့်လိုက်တော့ စောစောက စကားပြောနေတဲ့သူငယ်ချင်းက သူမကို စိတ်ပူနေပုံနဲ့ ကြည့်နေတယ်။ သူမက စာရွက်ကို ဖွင့်ကြည့်လိုက်တော့ 'တောင်းပန်ပါတယ်' လို့ ရေးထားတယ်။ ဂျီယွန်း က ခေါင်းခါပြလိုက်တယ်။ သူတို့ ဘာမှ မမှားပါဘူး။ သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုဖို့ သတ္တိမရှိတာကိုပဲ စိတ်တိုနေတာ။

“ရုပ်ပုံအခြေပြုစာလုံးများ ဆိုတာ...”

ဟန်ဂျာ ဆရာရဲ့ သင်ခန်းစာ ပြန်စသွားတယ်။ ဂျီယွန်း က မျက်ရည်တွေ ဝဲနေတဲ့ မျက်လုံးတွေနဲ့ ကျောက်သင်ပုန်းကို ကြည့်နေလိုက်တယ်။

* * * * * * * * *

“အာ... တကယ် စိတ်တိုဖို့ကောင်းတယ်”

“အဲဒါကို ဆရာလို့ ခေါ်လို့ရမလား”

ဂျီယွန်း က သူမသူငယ်ချင်းတွေကို ပြုံးပြပြီး ရပ်ခိုင်းလိုက်တယ်။ ပြီးသွားပြီလေ သူမက အဲဒီအကြောင်းတွေကို မတွေးချင်တော့ဘူး။ ပြီးတော့ ဒါတွေကို ဆက်ပြောနေရင် သူမရဲ့ အဖြစ်မရှိမှုအတွက်ပဲ ရှက်စရာ ကောင်းလာမှာပါ။

'နည်းနည်းလောက်သာ သတ္တိရှိခဲ့ရင်...'

လုံးလုံးလေး၊ သဘောကောင်းတယ်၊ အဲဒီစကားတွေကို သူမ ငယ်ငယ်ကတည်းက ကြားလာခဲ့တာ သူမက ကြားရတာကို သိပ်မကြိုက်ဘူး။ သူမရဲ့ ဝမ်းကွဲက အရုပ်ကို တောင်းတော့ သူမက မပေးချင်ပေမဲ့ ပေးလိုက်ခဲ့တယ်။ လူကြီးတွေ ဘာပြောမလဲဆိုတာ ကြောက်လို့လေ။ အရုပ်ကို ပေးလိုက်ပြီးနောက်မှာ ကြားလိုက်ရတာက ဂျီယွန်းက အရမ်း စိတ်သဘောကောင်းတာပဲ' တဲ့။ အဲဒါကိုလည်း သူမ ကြားရတာ မကြိုက်ဘူး။

“အေးပါ ကြိုက်ပြီ ဂျီယွန်း အတွက် တော့ပုကီဝယ်ကျွေးမယ်”

“တကယ်လား”

“ဂျီယွန်း အတွက်ပဲနော် ကျန်တဲ့သူတွေက ကိုယ့်ဟာကိုယ် ဝယ်စား”

“အာ... ဒီကပ်စေးနည်းတဲ့သူကတော့”

ကံကောင်းတာက သူငယ်ချင်းတွေဘေးမှာ သူမ နည်းနည်းတော့ စိတ်သက်သာရာ ရသွားတယ်။ သူတို့တွေက လှေကားကနေ စတုတ္ထထပ်ကို တက်သွားကြတယ်။ ဘယ်ဘက်ကို လှည့်လိုက်တဲ့အခါမှာတော့ လူအများကြီးကို တွေ့လိုက်ရတယ်။ လှေကားနားက အတန်းထဲမှာ 'ပြဇာတ်အသင်း' လို့ ရေးထားတယ်။

'ဒီနေရာပေါ့'

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြဇာတ်ကို ပြန်သတိရသွားပြီး သူမ သူငယ်ချင်းတွေထက် အရင် ကလပ်ဆီကို သွားဖို့ ကြိုးစားလိုက်တယ်။

“ဘာလုပ်နေတာလဲ လမ်းပိတ်နေတယ်လေ”

ဂျီယွန်းက နောက်ကို လန့်ပြီး ဆုတ်လိုက်တယ် ဟန်ဂျာဆရာက စိတ်တိုတဲ့ မျက်နှာနဲ့ လျှောက်လာတယ်။ သူက ကြိမ်လုံးကို ထုတ်လိုက်တာနဲ့ ကလပ်ရှေ့မှာ ရှိနေတဲ့သူတွေအားလုံး ပျောက်သွားကြတယ်။ ဂျီယွန်း က ကြောက်ပြီး နှေးနှေးလေး ရွေ့လိုက်တာမို့ ဟန်ဂျာ ဆရာအတွက်ကတော့ စိတ်တိုဖို့ ကောင်းနေမှာပေါ့။

“မင်း... မနက်က တစ်ယောက် မဟုတ်လား”

အို... ဘုရားရေ ဂျီယွန်း ဘာလုပ်ရမှန်း မသိတော့ဘူး သူ့သူငယ်ချင်းတွေကလည်း စိတ်ပူနေကြတယ်။ သူတို့သူငယ်ချင်းတွေက သူမကို ကူမပြောပေးလို့ စိတ်မတိုပါဘူး ဟန်ဂျာ ဆရာက အရမ်း ကြောက်စရာကောင်းတာကိုး။

“ပြဇာတ်အသင်း... လူပေလူတေတွေပဲ ဝင်ချင်လို့လား ငါ သိသားပဲ မင်းက လူဆိုးတစ်ယောက်လိုပဲ”

ဆရာက သူ့လက်နက်ကို ကိုင်ပြီး လျှောက်လာတယ်။ ဂျီယွန်း ကတောင် ရွေ့လို့ မရတော့ဘူး။ ဆရာက နီးလာတော့ သူမက ကြောက်ပြီး ရပ်နေလိုက်တယ်။

ကြိမ်လုံးသံက အရမ်းနီးလာတဲ့အချိန်မှာ...

ပြဇာတ်အသင်း တံခါးပွင့်လာပြီး ကောင်လေးတစ်ယောက် ထွက်လာတယ်။ ဟန်ဂျာ ဆရာကို တစ်ချက်ကြည့်ပြီး သူမဘက်ကို လှည့်ကာ မျက်ခုံးကို ကုတ်လိုက်တယ်။ ဂျီယွန်း က ဒီလူကို မှတ်မိတယ် မနက်က ကောင်လေး သုံးယောက်ထဲက တစ်ယောက်လေ ငြိမ်ငြိမ်လေး နေတဲ့သူ။

ဟန်ဂျာ ဆရာ ဘာမှ မပြောခင်မှာတင် ကောင်လေးက ဆရာ့နားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ အရမ်း နီးနေတာမို့ ဂျီယွန်း ကြားလိုက်ရတယ်။ ကောင်လေးက အတိုလေးပဲ ပြောသွားတယ်။ ရှေ့နေပတ်ဆိုတဲ့ စကားလုံး ပါသွားတယ်။ ဟန်ဂျာ ဆရာရဲ့ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး ကြောက်စရာကောင်းတဲ့သူကနေ ကြောက်နေတဲ့သူ ဖြစ်သွားတယ်။

“ဘ-ဘယ်လိုလုပ်ပြီး...”

“အေးအေးဆေးဆေးနဲ့ပဲ နေကြရအောင်လေ မဟုတ်လို့ရှိရင် အငြိမ်းစားယူခွင့် ဆုံးရှုံးသွားလိမ့်မယ်နော်”

အဲဒီနောက်ဆုံးစကားကို သူမ သေချာ ကြားလိုက်ရတယ်။ ဟန်ဂျာဆရာက နောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး လှေကားဆီကို ပြေးသွားတော့တယ်။ အရင်က ထွက်သွားတဲ့ ကျောင်းသားတွေလည်း စိတ်ဝင်တစားနဲ့ ပြန်လာကြတယ်။

“အင်း... မင်းတို့တွေ ဝင်ချင်လို့လား တကယ်ဝင်ရင်တော့ ကောင်းမှာပဲ”

စီနီယာက ဘာမှ မဖြစ်သလို ပြောလိုက်တယ်။

* * * * * * * * *

All Chapters