ပင်ကိုယ်သိစိတ် (၁)
Vol. 61 Ch. 1026
တီ တီ တီ တီ။
“လင်းရှန် ကျွန်မတို့ရဲ့ အမှတ်အသားတွေ အကုန်ပျောက်သွားပြီ” အနန္တရထား၏ မောင်းနှင်ခန်းအတွင်း၌ ချန်ဆီရွှမ်သည် လေဟာနယ်လှိုင်းထနေသော ငွေနဂါးဆယ်ဆပန်းကို လှမ်းကြည့်ရင်း လင်းရှန်အားချက်ချင်းအသိပေးလိုက်သည်။
ထိုအချိန်တွင် လင်းရှန်သည် ချန်ဆီရွှမ်အား ရှုပ်ထွေးသောအမူအရာဖြင့်ကြည့်လိုက်ပြီးနောက် ကီကီ၊ တင်းကျန်းရီနှင့် ဗိုင်အိုလာတို့ကို ဝေ့ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာသည် ခဏမျှ တောင့်တင်းသွားခဲ့သည်။
ပြိုလဲပျက်စီးသွားသော စကြဝဠာငယ်လေးတစ်ခုကဲ့သို့ အနန္တရထား ရုတ်ချည်းပျက်စီးသွားသည့် ပုံရိပ်က လင်းရှန်၏ မျက်လုံးအိမ်အတွင်းရှိ တွင်းနက်ကြီးထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားပြီး သူ အသက်အောင့်လိုက်စဉ် နှလုံးသားကို ပြင်းထန်စွာတုန်လှုပ်သွားစေသည်။
ငွေနဂါးဆယ်ဆပန်း၏ ဒိုင်မေးရှင်းဒြပ်ထုသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အချိန်အတော်ကြာဖြုန်းတီးခဲ့မိသည်ကို လင်းရှန်သိသော်လည်း ၎င်းက သူ၏အတွေးများကို အတည်ပြုပေးခဲ့သည်။ ပေါက်ကွဲထွက်လာသော ငွေနဂါးဆယ်ဆပန်း၏ ဒိုင်မေးရှင်းဒြပ်ထုအတွင်း၌ သူသည် အချိန်ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရသည်။
ဤခံစားချက်ကို စာဖွဲ့၍မရနိုင်ချေ၊ အချိန်ဖြစ်စဥ်က ပြောင်းလဲမှုများကို ဖြစ်ပေါ်စေမည်လားဆိုသည်ကို လင်းရှန်မသိသော်လည်း ထိုအချိန်တွင် နောက်ထပ်ဘာဖြစ်လာတော့မည်ကို သူ အသေအချာသိနေခဲ့သည်။
အုန်းး
မီးတောင်ပေါက်ကွဲမှုနှင့် နျူကလီးယားပေါက်ကွဲမှုတို့မှ ထွက်ပေါ်လာသော ပြင်းထန်သည့် ရိုက်ခတ်လှိုင်းများက ရှေ့သို့ တိုးဝင်လာသော အရာဝတ္ထုတစ်ခုကဲ့သို့ ပင်လယ်ရေထုကို ဖိသိပ်ထားပြီး ပင်လယ်ရောက်အနက်ပိုင်းမှ ရေငုပ်သင်္ဘောနှစ်စင်းကို အဆက်မပြတ်ဖိခြေနေသဖြင့် ၎င်းတို့သည် ရေနက်ကမ်းပါးဆီသို့ ရမ်းခါလျက် လိမ့်ဆင်းသွားကာ ယာဉ်အတွင်း၌လည်း တဝီဝီမြည်သံများ ဆူညံနေခဲ့သည်။
“လင်းရှန် ကျွန်မတို့ အောက်ကိုအမြန်ဆင်းရမယ်”
လင်းရှန် ငေးငိုင်နေသည်ကို မြင်သောအခါ ချန်ဆီရွှမ်က အရေးတကြီး သတိပေးလိုက်သည်။
[သတ်မှတ်ထားသော ကိုဩဒိနိတ်များဆီသို့ အရှိန်မြှင့်ဆင်းသက်နေပါသည်]
အရေးပေါ်အခြေအနေများတွင် ဥာဏ်ရည်တု Aiသည် ကြိုတင်သတ်မှတ်ထားသော တာဝန်များကို ထမ်းဆောင်ရာ၌ အမြဲတမ်းအရှင်းလင်းဆုံးနှင့် အမျှော်အမြင်အရှိဆုံးဖြစ်တတ်သည်။
“ကမ်းပါးအမြင့်ကွာခြားချက် ၆၁၅၀ မီတာ”
ဟာလာဟင်းလင်းဖြစ်သွားသည်။
ထိုအချိန်တွင် အနန္တရထား၏ တွန်းကန်မှုစနစ်သည် ရုတ်တရက် အတင်းအကျပ်ထိန်းချုပ်ခံလိုက်ရပြီး ပြောင်းပြန်တွန်းကန်အား စတင်လုပ်ဆောင်သောကြောင့် လူတိုင်းအငိုက်မိသွားကြသည်။
လင်းရှန်၏ ယန္တရားနှလုံးသားသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး သူက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
“ရိုင်ယန်… ဗိုင်အိုလာ… ကမ်းပါးအပေါ်ဘက်ကို ဆုတ်ကြ မြန်မြန်”
တီ။
ဆိုနာရှာဖွေရေးကိရိယာက အနီရောင်မီးလင်းလာသည်။
အရာအားလုံးသည် အချိန်ဖြစ်စဥ်အတိုင်း ကွက်တိဖြစ်ပျက်နေခဲ့သည်။
လင်းရှန် တစ်ကိုယ်လုံးတင်းမာနေပြီး နှလုံးခုန်သံများ မြန်ဆန်နေခဲ့သည်။ သမုဒ္ဒရာနတ်ဘုရားကြီးသည် ချောက်ကမ်းပါးတွင်းနက်၏ အောက်တည့်တည့်တွင် ရှိနေသည်။
လင်းရှန်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကီကီ၊ ချန်ဆီရွှမ်နှင့် တင်းကျန်းရီတို့ ရှုပ်ထွေးသွားကြသော်လည်း ဗိုင်အိုလာကမူ လင်းရှန်၏ အမိန့်ကို မဆိုင်းမတွချက်ချင်းအကောင်အထည်ဖော်ကာ အနန္တရထား၏ ရေငုပ်ပုံစံကို ချိန်ညှိပြီး ကမ်းပါးအပေါ်သို့ အမြန်ဆင်းသက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အနန္တရထား၏ နောက်မှလိုက်လာသော ရေငုပ်သင်္ဘောပေါ်တွင် ရိုင်ယန်နှင့် သူ၏အဖွဲ့သည် အနန္တရထား ကမ်းပါးအပေါ်သို့ ဆုတ်ခွာသွားသည်ကို မြင်လျှင်မြင်ခြင်း အရေးပေါ်ဘရိတ်ကို ချက်ချင်းဖမ်းလိုက်ကြသည်။
“ဘာဖြစ်တာလဲ ငါတို့အပေါ်မှာ သတ္တဝါတွေ ရှိနေတာလေ… အခွင့်အရေးကိုအရယူပြီး ချက်ချင်းငုပ်လျှိုးဖို့ မဟုတ်ဘူးလား”
ရိုင်ယန်၏ နောက်မှ အဲရစ်ကာက ဝေခွဲမရစွာဖြင့် ပြောလိုက်သည်။
ဂေဒီကလည်း မျက်မှောင်ကြုတ်ကာ “ငါတို့တွေ အရမ်းနီးကပ်နေပြီ၊၊ သတ္တဝါတစ်ကောင်ကောင်ရဲ့ ပစ်မှတ်ထားတာကို ခံလိုက်ရရင် ဒုက္ခရောက်လိမ့်မယ်”
ရိုင်ယန်၏ မျက်နှာအမူအရာက တင်းမာနေပြီး ပေါ့ပျက်ပျက်အမူအရာလုံးဝမရှိဘဲ တည်ကြည်စွာဖြင့် ပြောလိုက်သည်။
“ငါတို့ လင်းရှန်ရဲ့ ညွှန်ကြားချက်အတိုင်း လုံးဝလိုက်နာမယ်… အစီအစဉ်က သူ စီစဉ်ထားတာပဲ… ဒီလိုအခြေအနေမျိုးမှာ ကိုယ့်သဘောအတိုင်းလုပ်တာက မိုက်မဲမှုဆီကိုပဲ အလွယ်တကူဦးတည်သွားလိမ့်မယ်”
လူတိုင်း တိတ်ဆိတ်သွားကြပြီး ရေငုပ်သင်္ဘောသည် ယခုအခါ အရှိန်အပြည့်ဖြင့် ဆုတ်ခွာလျက် ဝရုန်းသုန်းကားဖြစ်နေသော ပင်လယ်ပြင်ရွှံ့နွံများထဲသို့ တိုးဝင်သွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ အနန္တရထား၏ အရှိန်ပြင်းသော ပြောင်းပြန်တွန်းကန်မှုကြောင့် ထိန်းချုပ်ခန်းအတွင်း၌ လေဆင်နှာမောင်းအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြီး လူများကို ဖျော်စက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားရစေကာ လူတိုင်း ဘာဖြစ်နေမှန်းမသိဘဲ ချာလပတ်လည်နေခဲ့သည်။ ထိုအချိန်တွင် လင်းရှန်နှင့် ဗိုင်အိုလာတို့သည် အနန္တရထားကို မောင်းနှင်ပြီး ရေယက်ပန်ကာဒလက်များကို ၎င်း၏ ကန့်သတ်ချက်အထိ တွန်းတင်လိုက်ကြသည်။
“ကီကီ ငါတို့ကို တစ်ချက်လောက် တွန်းပေးဦး”
တီ။
ဆိုနာရှာဖွေရေးကိယာက တစ်ဖန် ပြန်လည်လင်းလာပြီး မျက်နှာပြင်တစ်ခုလုံး အနီရောင်မီးများဖြင့် ပြည့်နှက်သွားသည်။ ကီကီသည် စကားတစ်လုံးမျှ မပြောဘဲမျက်လုံးများ တောက်ပလာကာ ပင်လယ်ရေတန်ချိန်သောင်းချီကို စိတ်စွမ်းအင်ဖြင့် ဖမ်းဆွဲပြီး ပေါက်ကွဲထွက်လာသော ရေမှုန်ရေမွှားများဖြင့် အနန္တရထားကို ကမ်းပါးအပေါ်သို့ အရှိန်မြှင့်တက်သွားစေရန် မြှားတစ်စင်းကဲ့သို့ တွန်းပို့ပေးလိုက်သည်။
“လင်း… အောက်မှာ မွန်းစတားတွေရှိနေတယ်”
ရှီဇီ၏ ထိတ်လန့်တုန်လှုပ်နေသော အသံက ပဲ့တင်ထပ်သွားသဖြင့် ဘေးအန္တရာယ်ကို လူတိုင်းသိရှိသွားကြသည်။
“ဆိုနာနဲ့တောင် ရှာမတွေ့နိုင်တဲ့ သတ္တဝါမျိုးက ဘာလဲ”
တွန်းကန်အားကို ကူညီပေးရင်း အံကြိတ်ထားသည့် ကီကီက တင်းမာစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
“အဲဒါက နောက်ထပ်မမြင်ရတဲ့ သတ္တဝါတစ်ကောင်ဖြစ်နိုင်မလား”
ချန်ဆီရွှမ်က ခန့်မှန်းလိုက်သည်။
“မဟုတ်ဘူး”
လင်းရှန် စကားမပြောနိုင်မီ တင်းကျန်းရီက တည်ငြိမ်စွာဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။
“လှုပ်ရှားနေပေမဲ့ ဆိုနာရှာဖွေရေးအတိုင်းအတာကို လုံးဝကျော်လွန်နေတဲ့ သက်ရှိတစ်ကောင်က ဒီလိုဖြစ်စဉ်မျိုးကိုဖြစ်ပေါ်စေနိုင်တယ်”
လူတိုင်းသည် ဆက်သွယ်ရေးလိုင်းများမှတစ်ဆင့် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြသည်။
“အမြန်ဆုတ်”
တွဲခေါင်း ၅ တွင် ရူဂျီသည် သူ၏စွမ်းအားကို အသက်သွင်းပြီး အနန္တရထားကို တစ်ဖန်ပြန်၍ အရှိန်မြှင့်နိုင်ရန် ကူညီပေးလိုက်သည်။
ထိုအချိန်တွင် အနန္တရထားသည် အဆုံးမဲ့တွင်းနက်ကြီးထဲမှ ပိုးကောင်ငယ်လေးတစ်ကောင်ကဲ့သို့ ကမ်းပါးကြီးဆီသို့ ပြေးဝင်သွားရာ အောက်ဘက်ရှိ တွင်းနက်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ရွှံ့နွံများသည် ငရဲပြည်ပေါ်တက်လာသကဲ့သို့ မြင့်တက်လာကာ ပင်လယ်ပြင်ဧရိယာတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ အနန္တရထားနှင့် ရေငုပ်သင်္ဘောနှစ်စင်းလုံး၏ ပြတင်းပေါက်များသည် လုံးဝပိတ်ဆို့သွားပြီး ၎င်းတို့ကို ရေနက်ပိုင်း ဖရိုဖရဲအခြေအနေထဲသို့ ကျရောက်သွားစေသည်။
“လာပြီ”
ထိန်းချုပ်ခန်းအတွင်းရှိ လေထုသည် အလွန်တင်းမာသွားပြီး လင်းရှန်သည် ဆိုနာကိရိယာပေါ်ရှိ ကမ်းပါး၏ မြေမျက်နှာသွင်ပြင်မြေပုံကို စူးစိုက်ကြည့်နေခဲ့သည်၊၊ အောက်သို့ကျရန် နောက်ထပ် အနည်းငယ်သာ လိုတော့သည်။
ဝုန်း ဝုန်း ဝေါ။
ပင်လယ်ရေများ တုန်ခါနေသည်။
ကျွီ ကျွီ ကလန်။
အနန္တရထားအတွင်းရှိ သတ္တုတည်ဆောက်ပုံသည် ပြင်းထန်စွာ တုန်ခါသွားပြီး အသားကြိတ်စက်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် ထိန်းချုပ်ခန်းအတွင်း ပြည့်နှက်သွားကာ ထူးခြားသော မသက်မသာဖြစ်မှုကို ဖြစ်ပေါ်စေသည်။
လင်းရှန်သည် အနန္တရထား၏ ထိန်းချုပ်ခုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏နောက်တွင် စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းသုံးခု လင်းထိန်လာကာ ယန္တရားနှလုံးသားကို အရှိန်အပြည့်ဖြင့် လည်ပတ်စေလျက် ရထားကို နောက်ဆုတ်စေခဲ့သည်။
နောက်တစ်ခဏတွင် အနန္တရထားသည် ပြင်းထန်သော အပေါ်ဘက်သို့ တက်လာသည့် ပင်လယ်ရေစီးကြောင်းဖြင့် တိုက်ခိုက်ခံရပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော ဝဲဂယက်ထဲသို့ လွှင့်ပစ်ခြင်းခံလိုက်ရကာ မြင့်မားသောအရှိန်ဖြင့် လည်ပတ်သွားသဖြင့် လူတိုင်းအငိုက်မိသွားပြီး လိမ့်ဆင်းသွားသော ရိုက်ခတ်မှုထဲသို့ ပါဝင်သွားခဲ့ကြသည်။
“အား”
ထိန်းချုပ်ခန်း၏ အနောက်ဘက်တွင် အော်ဟစ်သံများ ပြည့်နှက်သွားခဲ့ပြီး စွမ်းအားဝတ်စုံဝတ်ဆင်ထားသော လူအများအပြားသည် သူတို့၏ ဟန်ချက်ကို ထိန်းသိမ်းရန် ရုန်းကန်နေကြရကာ ရေနက်ပိုင်းတွင် လိမ့်နေသော ရထားနှင့်အတူ ဆွဲခေါ်ခံရပြီး တိုက်မိကုန်ကြသည်၊၊ သူတို့၏နားထဲတွင်မူ ဖိအားကန့်သတ်ချက်ကြောင့် သတ္တုများ စုတ်ပြဲသွားသည့် ဆူညံသံများသာ ဟိန်းထွက်နေခဲ့သည်။
လက်ရှိအချိန်တွင် စိတ်စွမ်းအားသုံးနိုင်သူ နှစ်ဦးဖြစ်သည့် ရူဂျီနှင့် ကီကီတို့သာလျှင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အနန္တရထားကို ကာကွယ်ရန် ကြိုးစားရင်း ဘေးပတ်ပတ်လည်ရှိ ရထားတွဲများထဲမှ အဖွဲ့ဝင်များကို အင်အားရှိသမျှ သုံး၍ အကာအကွယ်ပေးထားကြသည်။
[ရေနက်ပိုင်းသုံး မော်ဂျူး၏ ဖိအားခံကိုယ်ထည်သည် ခံနိုင်ရည်ကန့်သတ်ချက်ထက် ကျော်လွန်နေပါသည်၊၊ အချို့သော တည်ဆောက်ပုံများ ပုံပျက်သွားပါသဖြင့် ယိုစိမ့်မှုအန္တရာယ် ရှိနိုင်ကြောင်း သတိပေးအပ်ပါသည်]
အနန္တရထားပေါ်တွင် အချက်ပေးသံများ ဆက်တိုက်လင်းလက်နေခဲ့သည်။
မြင့်တက်လာသော ရေစီးကြောင်း၏ ဝါးမျိုမှုကြောင့် အနန္တရထားသည် ပင်လယ်ကြမ်းပြင်ရှိ ကျောက်ဆောင်များကို ဝင်တိုက်လုနီးပါးဖြစ်သွားစဉ် ကီကီနှင့် ရူဂျီတို့က ၎င်း၏ တည်ငြိမ်မှုကို ထိန်းချုပ်ပေးနိုင်ခဲ့သည်။ ချောမွေ့စွာ ရပ်တန့်သွားပြီးနောက် တွဲများအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။
လင်းရှန်သည် နှလုံးခုန်နှုန်းများ မြန်ဆန်လျက် အသက်ကို ပြင်းပြင်းရှူနေရသည်။ ထိုပြင်းထန်သော အပေါ်ဘက်သို့ တက်လာသည့် ရေစီးကြောင်းသည် ပင်လယ်သမုဒ္ဒရာနတ်ဘုရား ရေမျက်နှာပြင်သို့ တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်မြင်ကွင်းဖြစ်ကြောင်း သူ သိနေခဲ့သည်။ သူသည် အနန္တရထား၏ အခြေအနေကို စကင်ဖတ်ရန် ယန္တရားနှလုံးသားကို ချက်ချင်းလည်ပတ်လိုက်သည်။ ကြီးကြီးမားမားပျက်စီးမှုမရှိသည်ကို အတည်ပြုပြီးနောက်မှသာ သူ စိတ်အေးသွားခဲ့ရသည်။